Switch Mode

Chapter 181

သွေးစွန်းတိုက်ပွဲ၏ နိဒါန်း

ယဲ့ဖန်အိမ်ဝန်းရှိ လေထုသည် အလွန် ညှိုးငယ် ထိုင်းမှိုင်းလို့နေသည်။ အန်းရှီ၊ ညအဖွဲ့မှ အရှင်သခင် သုံးယောက်နှင့် အခြားသူများ အားလုံး ယဲ့ဖန်၏ ဧည့်ခန်းတွင် ဝမ်းနည်း ပူဆွေးနေသော မျက်နှာများဖြင့် ထိုင်နေကြသည်။

“သတင်းထူး…”

ထိုစဉ် ညအဖွဲ့သားတစ်ယောက် သုတ်သီးသုတ်ပျာနှင့် အခန်းထဲ ဝင်လာသည်။

“အခြေအနေ ဘယ်လိုရှိလဲ”

ကျားငါးမန်း သခင်က ထိုင်ခုံမှ ထကာ ပင်ပန်းနေသော မျက်နှာဖြင့် မေးလိုက်သည်။

ညအဖွဲ့သားက အသည်းအသန် ပြန်ပြောလာသည်။

“ရှန့်ကျန်းအင်အားစုက တိုက်ပွဲဝင် ဝင်္ကပါရဲ့ ပထမအဆင့်ကို ချိုးဖောက်သွားပါပြီ”

သူ့စကားက အခန်းထဲ ပဲ့တင်ထပ်သွားပြီးနောက် အခန်းထဲရှိ လေထုက ပို၍ ထိုင်းမှိုင်း လာသည်။

သို့သော် ဤသည်ကား အစသာ ရှိချေသေးသည်။ ငါးမိနစ်ခန့် ကြာသောအခါ…

နောက်ထပ် အဖွဲ့သား တစ်ယောက်က အခန်းထဲ ပြေးဝင်လာကာ အလေးအနက် မျက်နှာထားဖြင့် “သတင်းသစ် … တိုက်ပွဲဝင် ဝင်္ကပါရဲ့ ဒုတိယအဆင့်က လီကျိုးယောင်ကြောင့် ပျက်စီးသွားပါပြီ”

ထို့နောက် သိပ်မကြာခင်တွင်…

“သတင်းသစ် … တိုက်ပွဲဝင် ဝင်္ကပါရဲ့ တတိယအဆင့်က ဆရာသခင် တစ်ပိုင်းအဆင့် ခြောက်ယောက်ကြောင့် ပျက်စီးသွားပါပြီ”

“သတင်းသစ် … တိုက်ပွဲဝင် ဝင်္ကပါရဲ့ စတုတ္ထအဆင့်က လီကျိုးယောင်ကြောင့် ပျက်စီးသွားပါပြီ”

သတင်းဆိုးများက တစ်ခုပြီးတစ်ခု ဝင်ရောက်လာသည်။ သတင်းများ ဆက်တိုက် ရောက်လာသည်နှင့် ဧည့်ခန်းမတွင်းရှိ လေထုသည် ပို၍ လက်မှိုင်ကျကာ ထိုင်းမှိုင်းလာသည်။

မိနစ်အနည်းငယ်ခန့် ကြာပြီးနောက်တွင် သူတို့ နောက်ထပ် သတင်းသစ်ကို ရရှိလိုက်ကြသည်။

“သတင်းသစ် … ရှန့်ကျန်းအင်အားစုက တိုက်ပွဲဝင် ဝင်္ကပါရဲ့ နဝမအဆင့်ကို ဖျက်ဆီးနေပါပြီ … တိုက်ပွဲဝင် ဝင်္ကပါက ပျက်စီးခါ နီးလာပါပြီ”

….

ဧည့်ခန်းမတွင်းရှိ လူများ တိုက်ပွဲ လာတော့မည်ကို သိနေသဖြင့် ဂနာမငြိမ် ဖြစ်လာကြသည်။

အန်းရှီ၏ လှပသော မျက်ဝန်းလေးများက အေးစက်လာကာ အခြားသူများကို တစ်ချက် ဝေ့ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။

“အားလုံး နားထောင်ကြပါ …. ဖန်က အခုထိ ကိုမာ ဝင်နေသေးပင်မယ့် ရန်သူတွေကတော့ ရောက်လာပြီ … ဒါကြောင့် ကျွန်မတို့ အသက်နဲ့ ရင်းပြီး တိုက်ခိုက်မှ ဖြစ်မယ်”

အန်းရှီ၏ စကားအဆုံးတွင် ကျားငါးမန်းသခင်က နောက်တစ်ကြိမ် ထပ်၍ မတ်တပ်ရပ်ကာ ပြောလိုက်သည်။

“မမလေး အန်းရှီ … ခင်ဗျား ပြောတာ မှန်ပါတယ်”

“ကျုပ်တို့ရဲ့ သခင်ကြီးက ကျုပ်တို့ရဲ့ ယုံကြည်ရာနဲ့ ကျုပ်တို့ရဲ့ နတ်ဘုရားပါ … ကျုပ်တို့က နတ်ဆိုးတွေပဲ … ကျုပ်တို့ရဲ့ ရန်သူတွေက နတ်ဘုရားဖြစ်ဖြစ် … အင်မော်တယ် ဖြစ်ဖြစ် ဒါမှမဟုတ် ဘုရားဖြစ်ဖြစ် ကျုပ်တို့ သတ်မှာပဲ”

ထို့နောက် ကျားငါးမန်း သခင်က အခန်းတွင်း တစ်ချက်ဝေ့ကြည့်ကာ ဆထက် တိုးလာသော အေးစက်စက် အကြည့်များဖြင့် ထပ်ပြောလိုက်သည်။

“ရှန့်ကျန်း အင်အားစုက ကျုပ်တို့ရဲ့ ယုံကြည်ရာကို ဖျက်ဆီးချင်တယ်ဆိုတော့ ကျုပ်တို့ ဘာလုပ်ရမလဲ”

“တိုက်ရမယ်”

“သူတို့က ငါတို့ နတ်ဘုရားကို သတ်ချင်နေတယ် ငါတို့ ဘာလုပ်ကြမလဲ”

“တိုက်ရမယ်”

“သူတို့က ငါတို့လို နတ်ဆိုးတွေကို ရှင်းလင်းချင်နေတယ် … ငါတို့ ဘာလုပ်ကြမလဲ”

“တိုက်ရမယ်…တိုက်ရမယ်…တိုက်ရမယ်”

ထိုစဉ် ယဲ့ဖန်အခန်းတွင်း ရှိနေသည့် သူများအားလုံးက သူတို့၏ ဒေါသထွက်နေသော ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ကြသည်။

သူတို့သည် သွေးပွက်ပွက်ဆူက ဒေါသတကြီးနှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။

သူတို့၏ ယုံကြည်ရာနှင့် သူတို့၏ နတ်ဘုရားအတွက် သူတို့ တိုက်ခိုက်ရန် အဆင်သင့်ပင်။

ထို့နောက် အန်းရှီနှင့် အခြားသူများက ကုတင်ပေါ်တွင် ကိုမာဝင်ကာ လှဲနေသော ယဲ့ဖန်အား စိုက်ကြည့်လိုက်သည်။

အားလုံး ဒူးတစ်ဘက် ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ အရိုအသေ ပေးလိုက်ကြသည်။

“ဖန်….ရန်သူတွေ လာနေပြီ … ကျွန်မတို့ သူတို့နဲ့ သေတဲ့အထိ တိုက်ခိုက်ရလိမ့်မယ်”

ကုတင်ပေါ် လှဲလျောင်းနေသည့် ယဲ့ဖန်ကို ကြည့်ပြီး အန်းရှီ၏ လှပသော မျက်လုံးလေးက ရဲရင့် ပြတ်သားလာကာ ရှန့်ကျန်းအင်အားစုနှင့် သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။

“အကယ်၍များ ဒီနေ့ ကျွန်မတို့ တိုက်ခိုက်ရင်း သေသွားခဲ့ရင် ကျွန်မတို့ နောင်ဘဝမှ တစ်ယောက်နဲ့တစ်ယောက် ပြန်ဆုံကြတာပေါ့”

ထိုသို့ပြောပြီး လူတိုင်းက ယဲ့ဖန်အား အရိုအသေပေးလိုက်ကြသည်။ ထို့နောက် မတ်တပ်ရပ်ကာ ခြံဝန်းထဲသို့ လျှောက်သွားကြသည်။

သို့သော် သူတို့ အခန်းထဲမှ ထွက်သွားစဉ်တွင် ယဲ့ဖန်၏ လက်ချောင်းများ လှုပ်စပြုလာသည်ကို ဘယ်သူမှ သတိမထားမိလိုက်ကြပါ။

စက္ကန့်ပိုင်း အတွင်းမှာပင် အိပ်ခန်းထဲရှိ အပူချိန်သည် ရေခဲမှတ်သို့ ထိုးကျသွားလေတော့သည်။ တစ်ခန်းလုံး လုံးဝ အေးစက်သွားလေ၏။

….

ခြံဝန်းထဲသို့ သူတို့ ရောက်သည်နှင့် ဘုန်းခနဲ အသံကျယ်ကြီးကို ကြားလိုက်ကြသည်။

ဘန်း!

ခြံဝန်းကို ဝန်းရံထားသည့် တိုက်ပွဲဝင် ဝင်္ကပါသည် လျင်မြန်စွာ ပျောက်ကွယ် သွားလေတော့သည်။

ထို့နောက် များစွာသော သွေးများစွန်းပေနေကာ အရှက်တကွဲ ဖြစ်နေသည့် သူများ ပြေးဝင်လာသည်။

သူတို့သည် လီကျိုးယောင် ဦးဆောင်လာသည့် ရှန့်ကျန်းအင်အားစုပင် ဖြစ်သည်။ သို့သော် ရှန့်ကျန်းအင်အားစု၏ အဓိကသူများ ပျောက်ဆုံးနေသည်။

ထူးဆန်းသည့် ကြယ်နှစ်လုံး အဆင့် အယောက်တစ်ရာတွင် လူနှစ်ဆယ် ဝန်းကျင်သာ ကျန်တော့သည်။ သို့သော် သူတို့သည် သေလုမြောပါး ဒဏ်ရာများ ရထားကြသည်။

ကြယ်သုံးလုံး အဆင့် အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့်တွင် လူ ဆယ်ယောက်ထက် နည်းသော ပမာဏသာ ကျန်ရှိတော့သည်။

ဆရာသခင် တစ်ပိုင်းအဆင့် ခြောက်ယောက်တွင် တစ်ယောက် သေသွားပြီး တစ်ယောက် ဒဏ်ရာ ရထားသည်။ လေးယောက်သာ ခလုတ်မထိ ဆူးမညိဘဲ အကောင်းပတိ ရှိနေသည်။

ရှန့်ကျန်းအင်အားစု အားလုံးတွင် လီကျိုးယောင်သာ အသပ်ရပ်ဆုံးနှင့် အသန့်ရှင်းဆုံး ဖြစ်နေသည်။

သူ့အဝတ်အစားတွင် မည်သည့်သွေးမှ စွန်းထင်းမနေပါ။ သို့သော် သူ၏ မျက်လုံးများ တွင်တော့ ဒေါသမီးများနှင့် တောက်လောင်နေကာ ကြည့်ရဆိုးလှသည်။

ထိုစဉ် ရှန့်ကျန်း အင်အားစုများ ကိုးဆင့်သွေးဝင်္ကပါအား ဖျက်ဆီး ဝင်ရောက် လာပြီးနောက် ရှန့်ကျန်းတစ်မြို့လုံး ထိတ်လန့်သွားကြသည်။

“ဘုရားရေ … ကြယ်နှစ်လုံးအဆင့် သိုင်းပညာရှင် အယောက် ရှစ်ဆယ်ကျော်၊ ကြယ်သုံးလုံးအဆင့် သိုင်းပညာရှင် အယောက် နှစ်ဆယ်ကျော်နဲ့ ဆရာသခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်က သွေးဝင်္ကပါအတွင်း အသတ်ခံလိုက်ရတယ် … အဲ့ဒါ … ဘယ်လိုဟာကြီးလဲဟ … ဘာလို့ ဒီလောက် အဖျက်စွမ်းအား ရှိရတာလဲ”

“အံ့ဩစရာပဲ … ဒါ ရှန့်ကျန်းမြို့ သိုင်းပညာ အသိုင်းအဝိုင်းရဲ့ သမိုင်းတစ်လျှောက်မှာ အကြီးအကျယ် ဆုံးရှုံးမှုပဲ”

“ဒီလောက် ရက်စက်တဲ့ သွေးဝင်္ကပါက ကျန်းရှီမြို့မှာ ရှိနေရတာလဲ … ဒါကို ဘယ်သူလုပ်တာလဲ”

….

ရှန့်ကျန်း အင်အားစုများနှင့် မလှမ်းမကမ်းမှ ကြည့်ရှုနေကြသော သူများသည် အထင်သေးသော အကြည့်များနှင့် ဂုဏ်ယူဝင့်ကြွားသော အပြုံးများ ပျောက်ကွယ်ကုန်ကာ သူတို့ မြင်လိုက်ရသည့် အရာကြောင့် တအံ့တဩ ဖြစ်သွားကြသည်။

ကင်မရာများက အန်းရှီနှင့် အခြားသူများကို ချိန်ထိုးလိုက်သည့် အခါတွင် ရှန့်ကျန်းမြို့သူ မြို့သားများ အားလုံးကြားတွင် ပွက်လောရိုက်သွားကြသည်။

“ဟာ …. မဖြစ်နိုင်လိုက်တာ”

“ဘုရားရေ … ခေါင်းဆောင်က ကြယ်သုံးလုံး အဆင့် မိန်းကလေးကွ … သူမက ဘယ်လိုလုပ် ဒီလောက်ထိ လှနေရတာလဲ … သူမက နတ်သက်ကြွေလာတဲ့ နတ်သမီးလေးလိုပဲ”

“ကြည့်စမ်း … သူမနောက်မှာ ဆရာသခင် အဆင့် လေးယောက် ၊ ကြယ်သုံးလုံး အဆင့် သိုင်းပညာရှင် ကိုးယောက်နဲ့ ကြယ်နှစ်လုံးအဆင့် သိုင်းပညာရှင်တွေ အများကြီးပဲကွ”

“မြတ်စွာဘုရား … ကျန်းရှီမြို့မှာ ဒီလောက် အင်အားကြီးတဲ့ သူတွေ ရှိနေရတာလဲ … ဒါ ကျန်းနန် စီရင်စုဒေသရဲ့ အကြီးဆုံး တိုက်ပွဲအင်အားစုများလား”

ရှန့်ကျန်းမြို့မှ မြို့သူမြို့သားများ အားလုံး ကိုယ့်မျက်လုံး ကိုယ် မယုံနိုင်ကြချေ။

စီရင်စုဒေသတစ်ခုတွင် ဆရာသခင်တစ်ပိုင်းအဆင့် တစ်ယောက် ရှိနေရင်ကို အံ့ဩဖို့ ကောင်းလှနေပြီ ဖြစ်သည်၊ တစ်မြို့ထဲတွင် ဆရာသခင် တစ်ပိုင်းအဆင့် လေးယောက် ရှိနေတာက ပြောနေစရာတောင် မလိုတော့ပေ။

ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်က အဖွဲ့၏ အင်အားအကြီးဆုံးသူ ကြယ်သုံးလုံးအဆင့် မိန်းမလှလေးပင်။

သူမနှင့် ကျန်အင်အားစုများကို ကြည့်ပြီး ရှန့်ကျန်း အင်အားစုနှင့် ရှန့်ကျန်းမြို့၌ ရှိနေသည့် မြို့သူမြို့သားများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

“ယဲ့ဖန် ဘယ်မှာလဲ … ငါ သူ့ကို မမြင်မိပါလား”

ရုပ်မြင်သံကြားမှ ကြည့်နေသူများက လူအုပ်ထဲ အသည်းအသန် လိုက်ရှာသော်လည်း ယဲ့ဖန်ကို အရိပ်လေးတောင် မတွေ့မိကြ။

ဆရာသခင်အဆင့် လူငယ်လေးက ဧည့်ခန်းမထဲ၌ ပုန်းအောင်းနေပုံ ရသည်။ ထိုစဉ် ရှန့်ကျန်းမြို့မှ ကြည့်နေသူများသာမက ရှန့်ကျန်း အင်အားစုများပင် ဒေါသထွက်ကာ တုန်ယင်လာကြသည်။

မာစတာလီသည်လည်း သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ဒေါသထွက်ကာ မျက်နှာကြီး နီရဲလာသည်။

နတ်ဆိုး အလောင်းကောင် အားစစ်အား သူ မယုံနိုင်သလို ကြည့်ကာ တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

“မင်း….မင်းက ရှောင်စစ်မလား”

သို့သော် ချက်ချင်းဆိုသလို သူ အလွန်စိုးရိမ်သွားကာ မျက်နှာငုံ့သွားသည်။

“မဟုတ်ဘူး … မင်းက ရှောင်စစ် မဟုတ်ဘူး … မင်းရဲ့ ချီ၊ အကြည့်နဲ့ လှုပ်ရှားမှုတွေက ရှောင်စစ်နဲ့ လုံးဝ မတူဘူး … မင်းက ဘာကောင်လဲ … ဘာလို့ မင်းက ရှောင်စစ်နဲ့ တူနေရတာလဲ”

လီကျိုးယောင်၏ စကားကြောင့် သတင်းထောက်များနှင့် အွန်လိုင်းဆယ်လီများ မှင်တက်သွားကြသည်။

ရုတ်တရက် တစ်စုံတစ်ခုက ကျန်းရှီမြို့တစ်ဝိုက် လွှမ်းခြုံလာသည်ကို သူတို့ ခံစားလိုက် မိသည်။ ဘာလဲဆိုတာကိုတော့ မည်သူမျှ ရေရေရာရာ မမြင်မိကြပါ။

“လောင်စစ်က သေသွားပြီ … ကျုပ်က သူ့ခန္ဓာကိုယ်ကို သုံးနေတာ”

နတ်ဆိုးအလောင်းကောင် အားစစ်သည် လီကျိုးယောင်အား မကောင်းဆိုးဝါး အပြုံးမျိုးနှင့် အားပါးတရ ပြုံးကာ ပြန်ပြောလိုက်သည်။

အားစစ်၏ စကားကြောင့် လီကျိုးယောင် အလွန် ဒေါသထွက်သွားသည်။ သူ သဘောအကျဆုံး တပည့်က သေသွားတာတောင် ငြိမ်းငြိမ်းချမ်းချမ်း အနားမယူရ လိမ့်မည်ဟု သူ ထင်မှတ်မထားမိပါ။

“ကောင်းတယ် … ဒါ ကျန်းရှီမြို့ရဲ့ လုပ်ရပ်ပေါ့လေ … ယဲ့ဖန်က ဒါကို လုပ်လိုက်တာပေါ့”

လီကျိုးယောင် ဒေါသူပုန်ထနေသည်။ သူက အန်းရှီနှင့် သူမအနောက်မှ အခြားသူများကို ကြည့်နေရင်း တစ်ဟုန်ထိုး တိုးပွားလာသော ချီဓာတ်များကို ထုတ်လွှင့်လိုက်သည်။

“ဒီလိုဆိုမှတော့ မင်းတို့အားလုံး သေရမယ် … မင်းတို့ လင်းပြောင်နဲ့ ရှောင်စစ်တို့ရဲ့ သေဆုံးမှုအတွက် ပြန်ပေးဆပ်ရမယ်”

ထိုသို့ပြောပြီး လီကျိုးယောင်နှင့် ယဲ့ဖန်၏ နောက်လိုက်များထံသို့ ပြေးဝင်သွားသည်။

ရှန့်ကျန်းမြို့မှ အင်အားစုများသည်လည်း သန်မာ ပြင်းထန်သော ချီဓာတ်များကို ထုတ်လွှတ်ရင်း ပြေးဝင်လာကြသည်။

ဘုန်း!

နောက်ဆုံးမှာတော့ သွေးစွန်းတိုက်ပွဲကား စတင်လာချေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset