တောင်ကြားထဲရှိ စမ်းချောင်း ဘေးနား၌ ဇူယွမ်က စမ်းချောင်းထဲမှ ရေအနည်းငယ်ကို ပါးစပ်အပြည့် နှစ်ကျိုက်ခန့် သောက်လိုက်သည်။ ခုဆိုရင် သူက ဝူဟောင်ဖြင့် တွေ့ဆုံခဲ့သည်မှာ နေ့တစ်ဝက်ခန့် ရှိပြီ ဖြစ်သည်။ သူက အသက်တစ်ချက် ရှူစာလောက်ပင် ရပ်နားခြင်းမရှိဘဲ အမြန်ဆုံး အရှိန်ဖြင့် ပြေးထွက် လာခြင်းပင်။
ထိုသို့သော အမြန်နှုန်းဖြင့် သွားခြင်းက ဇူယွမ်အတွက် ထိန်းချုပ်နိုင်ရန် ခက်ခဲလေသည်။ သူက နှုတ်ခမ်းထောင့်တွင် ပေနေသော ရေများကို အင်္ကျီလက်ဖြင့် သုတ်လိုက်ကာ သူ့မျက်လုံးက ကျဉ်းမြောင်း သွားပြီး ခက်ထန်သော အရိပ်အယောင်များ ဖြတ်ပြေးလို့ သွားသည်။
“အခုတော့ ငါ လွတ်မြောက် လာနိုင်ပြီပေါ့…”
သူက ဝူဟောင်ထံမှ ထွက်ပြေး လာရခြင်းအတွက် အရှက်ရသည့် ခံစားချက် မရှိပေ။ သူက ဝူဟောင်ကို လုံးဝ မယှဉ်နိုင်ရသေးသည့် အကြောင်းများစွာ ရှိ၏။
အခု ဇူယွမ်က သူတို့ နှစ်ယောက်ကြား ကွာဟမှုကို လျှော့ချရန်သာ ကြိုးစားရန် လိုသည်။ သူက ဝူဟောင်ကို မယှဉ်နိုင်ဘဲ သိသိနှင့် အသေခံစရာ မလိုပေ။ အခုချိန်မှာ ဝူဟောင်နှင့် ထိပ်တိုက် ရင်ဆိုင်ရခြင်းက ရဲရင့်ခြင်း မဟုတ်ဘဲ ရူးမိုက်ခြင်းသာ ဖြစ်လိမ့်မည်။
တစ်စုံတစ်ယောက်၏ ကျင့်ကြံမှု လမ်းကြောင်းက အမြဲတမ်း ချောမွတ် မနေနိုင်ပေ။ ခက်ခဲသည့် အခြေအနေက မဖြစ်မနေ ပေါ်လာလိမ့်မည် ဖြစ်သည်။ ထိုအရာက အားနည်းခြင်း မဟုတ်သလို ကြောက်ရွံ့မှုကြောင့် ထွက်ပြေးခြင်းလည်း မဟုတ်ပေ။ အသန်မာဆုံး ပွဲသိမ်းတိုက်ချက် တစ်ခုအတွက် ကြိုတင် ပြင်ဆင်ခြင်းပင် ဖြစ်သည်။
ကြီးမား ကျယ်ပြန့်သည့် သူတော်စင် အကြွင်းအကျန် နယ်မြေက အခွင့်အရေးများ ပြည့်နေကာ ဇူယွမ်ကလည်း ထိုနေရာ၌ ရှိနေသည်။ သူက သည်အခွင့်အရေးများကို ဖမ်းဆုပ်ပြီး သူ့ကိုယ်သူ ဝူဟောင်ဖြင့် ယှဉ်နိုင်ရန် သန်မာလာအောင် လုပ်နိုင်ရန် လိုသည်။
ထိုအချိန် ရောက်လာလျှင် ဇူယွမ်က ဝူဟောင်ကို ပြန်လည် လက်စားချေကာ အနည်းငယ်ပင် ခွင့်လွှတ်ပေးမည် မဟုတ်ပေ။
“ယောင်ယောင်နဲ့ အခြားလူတွေ ဘယ်ရောက် ကုန်ကြလဲ ငါ သိချင်လိုက်တာ…” ဇူယွမ်က မတ်တတ် ရပ်လိုက်ပြီး သူ့ပတ်ဝန်းကျင်ကို သေချာ စူးစမ်း လိုက်သည်။ သူတော်စင် အကြွင်းအကျန် နယ်မြေက ကြီးမား လှသည့်အတွက် သူက သူတို့ကို မည်သို့ ရှာဖွေရမလဲ မသိချေ။
ပတ်ဝန်းကျင်ကို သေချာ ကြည့်နေစဉ်မှာပင် ဇူယွမ်က ရုတ်တရက် မျက်မှောင်ကြုတ် လိုက်သည်။ သူက တောထဲမှ သူရှိရာသို့ လှမ်းလာနေသည့် အနက်ရောင် သားရဲကြီး တစ်ကောင်ကို တွေ့လိုက်ရပြီး ထိုသားရဲကြီးက သူ့ကို မခွာတမ်း ကြည့်နေသည်။ ၎င်း သားရဲနက်ကြီးက ခြင်္သေ့ပုံစံရှိပြီး သူ့အမြီးနှင့် ပါးစပ်မှလည်း မီးတောက်များ ထွက်ပေါ်လျက် ရှိ၏။
ကောင်းကင်တံခါး အလယ်အလတ် အဆင့် ခွန်အား…။ ဇူယွမ်က ထို ခြင်္သေ့နက်ကြီးကို ကြည့်ပြီး အနည်းငယ် အံ့အားသင့် မိသည်။ သူတော်စင် အကြွင်းအကျန် နယ်မြေရှိ သားရဲများကလည်း အလွန် သန်မာလွန်း နေခြင်းကြောင့်ပင်…။
“ငါတစ်ခါ ထပ်ပြီး ဆုတောင်း ရတော့မယ် ထင်တယ်…”
ဇူယွမ်က သူ့ကောင်းကင်ဘုံ ယွမ်စုတ်တံကို ထုတ်လိုက်၏။ ထိုစုတ်တံက မြန်ဆန်စွာ ရှည်လာပြီး စုတ်တံထိပ်ရှိ နှင်းကဲ့သို့ ဖြူဆွတ်နေသည့် အမျှင်များက ထက်ရှသော လှံတစ်ချောင်းလို ဖြစ်နေသည်။
သူက စုတ်တံကို မြှောက်လိုက်ပြီး မီးခြင်္သေ့နက်ထံ ချိန်လိုက်သည်။
“အချိန် အကြာကြီး ထွက်ပြေး လာရတဲ့အတွက် ငါ့ရဲ့မကျေမနပ် ဖြစ်မှုတွေကို ထွက်ပေါက်ပေးဖို့ မင်းကို အသုံးပြုရတာ ပျော်ဖို့ ကောင်းမှာပါ…”
ဝေါင်း…။
ဇူယွမ်၏ ရန်စမှုကို မီးခြင်္သေ့နက်က တုံ့ပြန်ကာ ကျယ်လောင်စွာ ဟိန်းလိုက်သည်။ မီးခြင်္သေ့က လျင်မြန်စွာပင် သူ့ချွန်ထက်သည့် လက်သည်းများဖြင့် ဇူယွမ်ကို လှမ်းကုတ် လိုက်သည်။
ဇူယွမ်၏ ကိုယ်မှလည်း ရွှေရောင်ရင့်ရင့် ချီများက ပေါက်ထွက်လာပြီး ယွမ်စုတ်တံကလည်း အနည်းငယ် တုန်ခါလို့ လာသည်။ အစိမ်းရင့်ရောင် အလင်းများက စုတ်တံထိပ်တွင် စုဝေးလျက် ရှိပြီး အလွန် ထက်ရှမှုကို ပေးသည်။
“အလင်းဖြာ နည်းလမ်း…”
ဇူယွမ်က သူ့ခြေထောက်များကို မြေကြီးပေါ် ဆောင့်ချလိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုး တက်လိုက်သည်။ စမ်းချောင်း အထက်၌ ပုံရိပ်နှစ်ခုက ကြက်ခြေခတ် အနေထား ဖြစ်သွားသည်။
မီးခြင်္သေ့နက်၏ လက်သည်းများက ဇူယွမ်ပခုံးကို ထိမှန်၏။ သို့သော် အစိမ်းရောင် ကြေးခွံများက သူ့အရေပြားပေါ်တွင် ပေါ်လာသည့်အတွက် သွေးမထွက်ဘဲ ကြေးခွံနှင့် လက်သည်း ထိမိသည့်အတွက် မီးပွင့် သွားသည်။
မီးခြင်္သေ့က ဇူယွမ်ပခုံးကို လက်သည်းဖြင့် လှမ်းခြစ် ကုတ်လိုက်စဉ်မှာပင် ယွမ်စုတ်တံက ၎င်းလည်မျိုကို ဖောက်ထွက်လို့ သွားတော့သည်။ သွေးများက ပန်းထွက် လာသည်။
ဇူယွမ်နှင့် မီးခြင်္သေ့က နေရာချင်း လဲသွားပြီး ကြီးမားသည့် ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ကျယ်လောင်စွာ ဘုန်းခနဲ ပြုတ်ကျတော့သည်။
ဇူယွမ်က ပြန်လှည့်လာပြီး သေနေသော မီးခြင်္သေ့ကို ကြည့်လိုက်သည့်အခါ ကြက်သေသေ သွားမိသည်။ သူက မီးခြင်္သေ့အလောင်းမှ အဖြူရောင် ချီဖျော့ဖျော့လေး ထွက်ပေါ် လာသည်ကို တွေ့လိုက် ရသောကြောင့်ပင်။ အဖြူရောင် ချီအမျှင်တန်းလေးက ဇူယွမ်ထံ ရောက်လာပြီး နှစ်ခု ကွဲသွားသည်။ တစ်ခုက သူရှိရာသို့ လာပြီး နောက်တစ်ခုက သူ့လက်ထဲရှိ ကောင်းကင်ဘုံ ယွမ်စုတ်တံ ထံသို့ ရောက်ရှိ သွား၏။
ဇူယွမ်က ထိုအဖြူရောင် ချီအမျှင်တန်းကို သိချင်စိတ်ဖြင့် လေ့လာ ကြည့်လိုက်သည်။ သူ့စိတ်ဝိညာဉ်က ထိုအရာသည် အန္တရာယ် မရှိကြောင်း အာရုံခံမိသည်။ သူက ၎င်းအထဲတွင် သန့်စင်သောချီများ ပါဝင် နေသည်ကိုလည်း ခံစားမိ၏။ ထိုအဖြူရောင်ချီက သည်နေရာတွင် ရှိသည့် မူလ ချီများထက်ပင် ပိုမို သန့်စင် နေသေးသည်။
“ဘယ်လို ဖြစ်တာလဲ…” ဇူယွမ်က စိတ်ရှုပ်ထွေး မိသွားသည်။ သူက ထိုသန့်စင်သော မူလချီ အမျှင်တန်းကို ဂရုတစိုက် မစုပ်ယူခင် ခဏကြာ တုံ့ဆိုင်း မိသွားသည်။
ထို ချီအမျှင်တန်းက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သွေးကြောရှစ်ခုကို ဖြတ်သွားသည်။ ထိုချီများက သူ၏ ချီသိုလှောင်ခန်းသို့ မရောက်ခင် အလုံးစုံ စပါးအုံးငွေရောင် ချီအဖြစ် ပြောင်းလဲ သွားသည်။ သည်ဖြစ်စဉ်က လုံးဝ ချောမွတ်နေပြီး သေးငယ်သော အခက်အခဲ၊ အတားအဆီးလေးပင် မရှိချေ။ သူပုံမှန် လေ့ကျင့်သည်ထက်ပင် ထိုအရာက ချောမွတ်လို့ နေသေးသည်။ ၎င်းက ပို၍ပင် အကျိုး သက်ရောက်မှုပင် ရှိလေ၏။ စောနက စုပ်ယူလိုက်သော အမျှင်တန်းလေး တစ်ခုက နှစ်နာရီကြာ လေ့ကျင့်ခြင်းဖြင့်ပင် တူညီ နေသေးသည်။
ဇူယွမ်က သူ့ကိုယ်သူ တိုးတိုး ပြောလိုက်သည်။ “သူတော်စင် အကြွင်းအကျန် နယ်မြေမှာရှိတဲ့ မူလ သားရဲတွေက အခုလို သန့်စင်တဲ့ မူလ ချီမျိုးကို ပိုင်ဆိုင် နေရတာလဲ…”
သူက အတွေးထဲ နစ်မြုပ်သွားမိ၏။ အချိန်တစ်ခု ကြာတော့ သူက ကောက်ချက်တစ်ခု ချလိုက်နိုင်သည်။
“သူတော်စင် အကြွင်းအကျန် နယ်မြေက သူတော်စင်ရဲ့ သွေးက ဖြစ်တည် လာတာပဲ…။ မူလ သားရဲတွေကလည်း အတူတူပဲ ဖြစ်လိမ့်မယ်…။ ဒါကြောင့် သူတို့က သန့်စင်သော ချီတွေကို ပိုင်ဆိုင် ထားခြင်း ဖြစ်ပြီး ဒီမူလချီတွေကလည်း သူတော်စင် သေဆုံးပြီး ဖြစ်လာတာပဲ…”
ထိုမူလချီ အမျှင်တန်းလေးများက သူ့ကျင့်ကြံမှုအတွက် ကြီးမားသော သက်ရောက်မှု ရှိပေသည်။
ဇူယွမ် မျက်လုံးများက ချက်ချင်း တောက်ပလို့ လာသည်။ ဤ ထင်မြင်ချက်သာ မှန်လျှင် သူတော်စင် အကြွင်းအကျန် နယ်မြေရှိ မူလ သားရဲများကို အမဲလိုက်ခြင်းသည် အကောင်းဆုံး လေ့ကျင့်မှု ဖြစ်လာ ပေလိမ့်မည်။
ဇူယွမ်က ခေါင်းငုံ့ကာ သူ့လက်ထဲရှိ ကောင်းကင်ဘုံ ယွမ်စုတ်တံကို ကြည့်လိုက်မိသည်။ မူလချီ အမျှင်တန်းကို စုပ်ယူပြီးနောက် တတိယ ရှေးဟောင်း မူလမှော်စာလုံးက ပိုမို တောက်ပလို့ လာ၏။ အဖြူရောင်ချီ အမျှင်တန်းကို စုပ်ယူခြင်းက ကောင်းကင်ဘုံ ယွမ်စုတ်တံ ကိုလည်း အကျိုးရှိစေ ပြန်သည်။
ဒီအချိန် မတိုင်ခင်တုန်းက တတိယ မှော်စာလုံးက လုံးဝ မပေါ်လာခဲ့ပေ။ ထိုကြောင့် ဤအရာက ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပြီး ၎င်းက အဆင့်မြင့် အနက်ရောင် လက်နက်သို့ပင် ရောက်သွား ပေလိမ့်မည်။ ထိုသို့ ယွမ်စုတ်တံ ပြောင်းလဲသွားမှုက ဇူယွမ်အတွက် စွမ်းအား ပြည့်သော ထောက်ပံ့မှု သေချာပေါက် ဖြစ်လာလိမ့်မည်။
ဇူယွမ်က ဝူဟောင်ကို ဆန့်ကျင်နိုင်ရန် အတွက် အခုလက်ရှိမှာ ဖြစ်နိုင်သည့် လမ်းကြောင်း မှန်သမျှကနေ သူ့တိုက်ပွဲဝင် စွမ်းအားကို မြှင့်တင်နိုင်ရန် လိုပေသည်။
သူတော်စင် အကြွင်းအကျန် နယ်မြေက ထင်ထားတဲ့ အတိုင်းပဲ…။
ဇူယွမ်၏ အကြည့်ထဲ၌ စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်များဖြင့် ပြည့်နေတော့သည်။ သူတော်စင် အကြွင်းအကျန် နယ်မြေကို ဝင်ရောက်လာသည့် အခြား ပါရမီရှင်များ ကလည်း ထိုအကြောင်းအား မကြာခင် သိလာလိမ့်မည်ကို ဇူယွမ်က သဘောပေါက် မိပါသည်။ ထိုသို့ ဖြစ်ပြီးနောက် ပြိုင်ပွဲက အမှန်ပင် ကြမ်းတမ်း လာပေတော့မည်။
ဇူယွမ်က ယွမ်စုတ်တံကို ပြန်သိမ်းလိုက်ပြီး သူ့ရှေ့ရှိ တောင်တန်းများကို ကြည့်လိုက်သည်။ ထိုနေရာမှ သားရဲအော်သံများကို သူက ကြားလိုက် မိသည်။ ထိုအခါ အချိန်ဆွဲခြင်း မရှိတော့ဘဲ ဇူယွမ်က အရိပ်တစ်ခုလို ရှေ့သို့ တစ်ဟုန်ထိုး ထွက်သွားတော့သည်။
ဇူယွမ်က တောင်ကြားထဲသို့ ဝင်ရောက် လာသည်။ မူလ သားရဲအများစုက အဆင့်သုံး သားရဲများဖြစ်ကာ ထိုအဆင့်က ကောင်းကင်တံခါး ကျင့်ကြံမှု အဆင့်နှင့် အတူတူပင် ဖြစ်နေခြင်းက သူ့အတွက် အလွန်ပင် သင့်တော်လှ၏။
ဇူယွမ်က တောင်တန်း အနက်ပိုင်းထဲသို့ ရောက်နေသည်မှာ တစ်ရက်ခန့်ရှိပြီ ဖြစ်သည်။ သူက ထိုနေရာ၌ သားရဲအချို့၏ တိုက်ခိုက်မှုများကို ကြုံရလေသည်။
တောင်၏ အတွင်း နက်ရှိုင်းသော နေရာ၌ …
ဇူယွမ်၏ မျက်လုံးများက သူ့ရှေ့ရှိ ဆယ်ပေခန့်ရှိသော ရွှေမျောက်ဝံကြီး တစ်ကောင်ကို စူးစိုက်ကြည့်နေပြီး ထိုရွှေမျောက်ဝံကြီးကလည်း ကြောက်မက်ဖွယ် ကောင်းအောင် မာန်ဖီလိုက်သည်။ သူက ထိုသားရဲကြီးကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ ထူးဆန်းသည့် အရိပ်အယောင်များ ဖြတ်ပြေး သွားသည်။
ထိုသားရဲကြီးက အဆင့်သုံး ထိပ်ဆုံး အဆင့်သို့ ရောက်ရှိနေပြီး ကောင်းကင်တံခါး ထိပ်ဆုံး အဆင့်ဖြင့်ပင် ယှဉ်နိုင်လေ၏။
သို့သော် ဇူယွမ်က ရွှေမျောက်ဝံကြီး၏ ခွန်အားကို ပဟေဠိဖြစ်ခြင်း မဟုတ်ဘဲ ၎င်းက မူလ ကျင့်စဉ်ကို သိရှိနေသောကြောင့်ပင် အံ့ဩ မိနေခြင်း ဖြစ်သည်။
သူမြင်ဖူးသည့် မူလကျင့်စဉ် အသုံးပြုနိုင်သည့် သားရဲမှာ ထန်ထန်သာ ရှိ၏။ သို့သော် ထန်ထန်က သာမန် တည်ရှိမှု မဟုတ်ပေ။ “ဖြစ်နိုင်လား…။ ဒီရွှေရောင် မျောက်ဝံကြီးကကော ထန်ထန်လိုမျိုး အထူး သွေးမျိုးဆက် ပိုင်ဆိုင်နေခြင်း များလား…”