ဝမ်ပေါင်လဲ့နှင့် ပဉ္စမမြောက် အကြီးအကဲကြီးတို့ သွားနေသည့် ဂြိုဟ်မှာ ထာဝရကြယ် ရှိနေသည့်နေရာမှ စ၍ ရေတွက်ပါက နံပါတ်သုံးနေရာတွင် ရှိနေ၏။ ၎င်း၏ အရွယ်အစားမှာ ကမ္ဘာဂြိုဟ်နှင့် ဆင်တူပြီး ယခင်တုန်းက ၎င်းမှာ သက်ရှိများဖြင့် ပြည့်နှက်နေခဲ့သည့် ဂြိုဟ်တစ်လုံးဖြစ်ကြောင်း သိနိုင်ပေသည်။ ထိုဂြိုဟ်၏ မျက်နှာပြင်အား ခပ်ရေးရေးခန့် ဖုံးလွှမ်းနေသည့် အစိမ်းရောင် သစ်ပင်ပန်းမန်လေးများကိုပင် မြင်နိုင်ပေသည်။
သို့သော် ၎င်းမှာ အပေါ်ယံမျှသာဖြစ်သည်။ လက်တွေ့တွင်မူ ထိုဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် ချိုင့်ခွက်ပေါင်း သိန်းပေါင်းများစွာဖြင့် ပြည့်နှက်နေ၏။ အသေးစား ချိုင့်ခွက်တစ်ခုမှာ အနည်းဆုံး ပေတစ်သိန်းခန့် ကျယ်ဝန်းပြီး ချိုင့်ခွက်ကြီးများမှာဆိုလျှင် မြို့တစ်မြို့နီးပါး ကြီးမားနေ၏။
သို့ဖြစ်ရာ ထို ချိုင့်ခွက်များမှာ ဥက္ကာပျံများကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟု လူအများက ထင်နိုင်ပေသည်။ သို့သော် သူတို့ ထိုဂြိုဟ်ကြီး၏ အနီးသို့ ရောက်ရှိသွားသောအခါ ဝမ်ပေါင်လဲ့နှင့် ပဉ္စမမြောက် အကြီးအကဲကြီးတို့မှာ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။ သူတို့မှာ ထို ချိုင့်ခွက်များထဲတွင် သွေးစများနှင့် အသားစများ ပုံနေကြသည်ကို မြင်လိုက်ရခြင်းဖြစ်သည်။
ထို အသားစများနှင့် သွေးစများမှာ ရုပ်အလောင်းများနှင့် တူနေကြသည်။ အချို့မှာဆိုလျှင် ပျစ်ချွဲချွဲဖြစ်ကာ သွေးရောင် ရွှံ့ဗွက်အိုင်များအဖြစ်သို့ ပြောင်းလဲနေကြပြီဖြစ်သည်။ ထို ရွှံ့ဗွက်အိုင်များပေါ်တွင် ပေါလောပေါ်နေသည့် ခြေပြတ်လက်ပြတ်များကို ကြည့်လျှင် ထို ရုပ်အလောင်းများထဲမှ အချို့မှာ လူသားများနှင့် ဆင်တူသည့် သက်ရှိများ ဖြစ်ကြပြီး အချို့မှာ သားရဲတိရစ္ဆာန်များ ဖြစ်ကြကြောင်း သိနိုင်ပေသည်။ ထို့အပြင် အခြားလူမှုအဖွဲ့စည်းမှ ရောက်လာကြသည့် သက်ရှိများနှင့်တူသော ရုပ်အလောင်းအချို့လည်း ရှိနေသေးသည်။ ထိုမျှသာမက သူတို့မှာ ခေါင်းပြတ်ကြီးများ မကြာခဏဆိုသလို မျောပါလာသည်ကိုလည်း မြင်နေရသေးသည်။ ၎င်းတို့၏ မျက်နှာအမူအရာများမှာ စိတ်မချမ်းမြေ့စရာပင်။ သို့ဖြစ်ရာ သူတို့မှာ အသက်ရှင်လျက် ရှိနေခဲ့စဉ်တုန်းက စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် ဆိုးသွမ်းသည့် ဖြစ်ရပ်ကြီးတစ်ခုနှင့် ကြုံခဲ့ရခြင်းဖြစ်ရပေမည်။
ထိုမျှလောက်သာ ဆိုပါက ဝမ်ပေါင်လဲ့နှင့် ပဉ္စမမြောက် အကြီးအကဲကြီးတို့မှာ ယခုလောက် အံ့သြတုန်လှုပ်နေကြမည် မဟုတ်ပေ။ သို့သော် ထို ချိုင့်ခွက်များထဲရှိ သွေးအိုင်များထဲတွင် တုတ်ခိုင်သော ခရမ်းရောင် သွေးကြောကြီးများ ရှိနေကြ၏။
ထို သွေးကြောကြီးများမှာ ချိုင့်ခွက်ထဲရှိ သွေးအိုင်ထဲမှ အာဟာရဓာတ်များကို စုပ်ယူနေသည့်ပုံပင်။ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်ကာ ဂြိုဟ်ပေါ်ရှိ အခြား ချိုင့်ခွက်ကြီးများအားလုံးနှင့် ချိတ်ဆက်နေကြသဖြင့် ခရမ်းရောင် ဧရာမ ကွန်ရက်ကြီးတစ်ခုကို ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေသည်။ ထို ခရမ်းရောင်သွေးကြော ကွန်ရက်ထဲတွင် အသားပိုကြီးများ ပေါက်နေကြသည့် နေရာပေါင်း သန်းပေါင်းများစွာ ရှိနေကြသည်။
ထို အသားပိုများထဲမှ အချို့မှာ လူးလွန့်နေကြပြီး အချို့မှာ ငြိမ်သက်နေကြသည့်ပုံပင်။ အချို့မှာမူ ဝမ်ပေါင်လဲ့နှင့် ပဉ္စမမြောက် အကြီးအကဲကြီးတို့ ကြည့်နေစဉ်မှာပင် ပေါက်ကွဲသွားကြကာ ၎င်းတို့ထဲမှ လူသားများနှင့် ဆင်တူပြီး ခြေထောက်များစွာ ပါသော ကြောက်မက်ဖွယ်ရာ သက်ရှိများ ပေါ်ထွက်လာကြတော့သည်။
ထို သက်ရှိများမှာ အနက်ရောင် ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြပြီး ကင်းခြေများနှင့် တူပေသည်။ ၎င်းတို့မှာ စူးရှစွာ အော်ဟစ်မြည်တမ်းကာ အသားပိုများထဲမှ ထိုးထွက်လာကြပြီး အနီးဆုံးရှိ ချိုင့်ခွက်ကြီးဆီသို့ ဦးတည်သွားကြ၏။ ၎င်းတို့မှာ ချိုင့်ခွက်တစ်ခု၏ အနီးသို့ ရောက်ရှိသွားသောအခါ ထို ချိုင့်ခွက်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားပြီး ပါးစပ်များဟကာ ဆက်လက် စုပ်ယူနေလိုက်တော့သည်။ ၎င်းတို့ ထိုသို့စုပ်ယူနေရင်း ၎င်းတို့၏ သက်စောင့်စွမ်းအားများမှာလည်း သိသိသာသာ တိုးတက်လာ၏။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့၏ နောက်တွင် ရှိနေသော မဟာတောင်ထိပ်ဂိုဏ်းသားများမှာ ဦးရေခွံများ ထုံကျဉ်သွားရ၏။ ပဉ္စမမြောက် အကြီးအကဲကြီးမှာမူ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ဝမ်ပေါင်လဲ့၏ ဘေးတွင်ရပ်ကာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်တော့သည်။
” ဒါ ဒေသခံ သန္ဓေပြောင်း လူမှုအဖွဲ့အစည်းတစ်ခု မဟုတ်ဘူးပဲ။ သူတို့က တခြား လူမှုအဖွဲ့အစည်းတွေထဲကနေ ရောက်လာတဲ့ သန္ဓေပြောင်း သတ္တဝါတွေပဲကွ ”
” တခြား လူမှုအဖွဲ့အစည်းထဲက သန္ဓေပြောင်းသတ္တဝါတွေ ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ ဂြိုဟ်မျက်နှာပြင်ပေါ်ရှိ ခရမ်းရောင်ကွန်ရက်ကြီးအား ငေးကြည့်ရင်း မျက်လုံးများ မှေးသွားပြီး မေးမိလိုက်၏။
” ပုံမှန်ဆိုရင် တခြား သန္ဓေပြောင်း လူမှုအဖွဲ့အစည်းတစ်ခုခုရဲ့ ကျူးကျော်ခြင်းကို ခံရတာနဲ့ အဲဒီကျူးကျော်မှုကို ကပ်ဘေးတစ်ခုလို့ သတ်မှတ်လိုက်ကြတာ။ ပြီးရင် ဘေးနားတစ်ဝိုက်က ကြယ်အဖွဲ့စည်းတွေကိုလည်း ချက်ချင်း သတိပေးကြတယ်လေ။ တကယ်လို့ သူတို့က အဲဒီ ကျူးကျော်မှုကို တားဆီးနိုင်မယ်ဆိုရင် အစွမ်းကုန်ကြိုးစားပြီးတော့ ရန်သူကို နှိမ်နင်းကြမှာ။ ဒါပေမဲ့ အဲလို မတားဆီးနိုင်ဘူးဆိုရင်တော့ သူတို့က အနီးနားတစ်ဝိုက်က တခြား ကြယ်ဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီးတော့ ရန်သူကို ဖိနှိပ်ချုပ်တည်းနိုင်ဖို့ ကြိုးစားကြတာ ”
လူမှုအဖွဲ့အစည်းများ၏ အာရုံခံနိုင်စွမ်း အဆင့်အတန်းအပေါ် မူတည်၍ ၎င်းတို့၏ ကျူးကျော်မှုနည်းလမ်းများမှာလည်း ကွဲပြားကြပေသည်။ အကယ်၍ ထို လူမှုအဖွဲ့အစည်းမှာ အာရုံခံနိုင်စွမ်း မြင့်မားပါက သူတို့မှာ အစာကိုယ်တိုင် ထွက်ရှာနိုင်စွမ်း ရှိပေသည်။ သို့သော် အာရုံခံနိုင်စွမ်း နိမ့်ကျသည့် သတ္တဝါများမှာမူ ၎င်းတို့၏ သားကောင်ပေါက်လေးများအား ဥက္ကာပျံများထဲ၌ ဖွက်ထားလေ့ ရှိကြ၏။ သို့မဟုတ် ၎င်းတို့မှာ အခြားသော သတ္တဝါများ၏ ခန္ဓာကိုယ်များထဲတွင် ကပ်ပါးကောင်များအဖြစ် ခိုအောင်းနေထိုင်လေ့ ရှိကြပေသည်။ ထိုသို့ဖြင့် ၎င်းတို့မှာ အခြား ကြယ်အဖွဲ့အစည်းများဆီသို့ သွားရောက်ကြခြင်း ဖြစ်၏။
ပုံမှန်ဆိုလျှင် ၎င်းတို့မှာ အုပ်စုဖွဲ့ လှုပ်ရှားတတ်ကြပေသည်။ ဥက္ကာပျံတစ်လုံး လူမှုအဖွဲ့အစည်းတစ်ခုထဲသို့ ကျရောက်လာချိန်တွင် ၎င်းတို့မှာ ထိုဂြိုဟ်ပေါ်ရှိ ကပ်ပါးကောင်များအဖြစ် ပြောင်းလဲသွားကြပြီး အာဟာရဓာတ်များကို စတင်စုပ်ယူကြ၏။ ထို့နောက် ၎င်းတို့မှာ ထို လူမှုအဖွဲ့အစည်းထဲရှိ သက်ရှိများအားလုံးကို သတ်ဖြတ်ကာ ၎င်းတို့အား စားသုံး၍ ရှင်သန်ကြီးထွားကြခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုရှင်းပြချက်များကို နားထောင်ရင်း မျက်ဝန်းများအရောင်လက်သွား၏။ သူ၏ဘေးတွင်ရှိနေသည့် ပဉ္စမမြောက် အကြီးအကဲကြီးမှာ သူတို့၏ အောက်၌ရှိနေသော ဂြိုဟ်ကြီးအပေါ် အာရုံရောက်နေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများ အရောင်လက်သွားသည်ကို သတိမထားမိလိုက်ပေ။ သူသည် ကင်းခြေများနှင့်တူသည့် ထို သန္ဓေပြောင်းသတ္တဝါများကို မြင်လိုက်ရသောအခါ သူ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းနိုင်စွမ်းမရှိတော့ပေ။
” ဒီ ကြယ်အဖွဲ့အစည်းထဲက လူမှုအဖွဲ့အစည်းက ဒီ သန္ဓေပြောင်း အကောင်ပေါက်လေးတွေပါတဲ့ ဥက္ကာပျံတွေ ဝင်တိုက်တာကို ခံခဲ့ရလို့ မျိုးသုဉ်းပျောက်ကွယ်သွားကြတာပဲဖြစ်မှာ။ ဒါပေမဲ့ ဒါက ငါတို့အတွက်တော့ သတင်းကောင်းတစ်ခုပဲ ”
” သူတို့ရဲ့ ကနဦး အငွေ့အသက်တွေက ချီအားဖြည့်ခြင်းအဆင့်မှာပဲ ရှိသေးတာ။ ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင် ဒီ အာရုံခံနိုင်စွမ်း အဆင့်အတန်းမှာရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေက ဂြိုဟ်အဆင့်ထက် ပိုပြီးတော့မြင့်တဲ့ ကျင့်ကြံခြင်းအဆင့်တွေဆီကို တက်လှမ်းနိုင်စွမ်းမရှိဘူး။ ပြီးတော့ သူတို့က မွေးကင်းစ အချိန်မှာလည်း ဉာဏ်ရည်သိပ်မမြင့်ကြဘူး။ လုံနန်ကျစ်ရေ။ ဒီတစ်ခေါက်တော့ ငါတို့တွေ တော်တော်လေးကို ကံကောင်းသွားပြီကွ ” ပဉ္စမမြောက် အကြီးအကဲကြီးမှာ ထိုသို့ဆိုရင်း စတင်ရယ်မောလိုက်တော့သည်။ သူသည် သူ၏ ညာဘက်လက်ကိုမြောက်က သူ၏အောက်ရှိ ဂြိုဟ်ကြီးအား လက်ညှိုးထိုးရင်း ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။
” သူတို့က ဉာဏ်ရည်ကလည်း နိမ့်တဲ့အပြင် အသွေးအသားတွေကိုပဲ စားသုံးကြတာ။ ဒီလို သန္ဓေပြောင်း သတ္တဝါတွေက အသွေးအသားတွေကိုပဲ စိတ်ဝင်စားတာမလို့ ဝိညာဉ်ကျောက်တုံးတွေ ဒါမှမဟုတ် သန့်စင်တဲ့နေရာမှာ သုံးတဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဂရုစိုက်နေမှာမဟုတ်ဘူး။ အဲတာကြောင့်မလို့ ဒီ ကြယ်အဖွဲ့အစည်းက ငါတို့အတွက်တော့ ရတနာသိုက်တစ်ခုလိုပဲ ”
” ဂြိုဟ်ကြီးပေါ် ရောက်တဲ့အချိန်ကျရင် လူစုခွဲကြတာပေါ့။ သူတို့ စားသောက်နေတာကို မနှောင့်ယှက်မိစေဖို့သာ သတိထား။ ငါတို့တွေ လိုချင်တဲ့အရာတွေက သူတို့နဲ့ မတူကြဘူးဆိုတော့ ငါတို့ဘက်က သတိကြီးကြီး ထားနေသရွေ့ ဘာ ပဋိပက္ခမှ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ ပြီးရင် ငါတို့နှစ်ယောက် ဒီ သန္ဓေပြောင်း လူမှုအဖွဲ့အစည်းထဲက အကောင်ပေါက်လေးတွေ တချို့ကို ယူသွားဖို့လည်း အကြံပေးချင်တယ်။ သူတို့ကို အားနည်းတဲ့ တခြား လူမှုအဖွဲ့အစည်းတွေပေါ်မှာ အသုံးပြုနိုင်မယ်ဆိုရင် နတ်ဘုရားလက်နက်တစ်ခုကို ထိန်းချုပ်နိုင်စွမ်းရှိနေသလို ဖြစ်နေမှာ ” ပဉ္စမမြောက် အကြီးအကဲကြီးက ထိုသို့ဆိုလိုက်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို သူ၏ သိုလှောင်အိတ်ထဲမှ အရောင်တလက်လက် တောက်ပနေသည့် အသံလွှင့်ကျောက်စိမ်းပေလွှာတစ်စောင်ကို ထုတ်ယူလိုက်ပြီးနောက် အော်ဟစ်ရယ်မောကာ ၎င်းအား လက်ဖြင့် ညှစ်လိုက်တော့သည်။
” မဟာထိပ်သီး အကြီးအကဲအကြီးက အသံလွှင့်အကြောင်းကြားစာတစ်စောင် ပို့ထားပြီးပြီပဲ။ သူက သူယူထားတဲ့ ရာထူးနဲ့ ထိုက်တန်ပါပေတယ်။ လုံနန်ကျစ်။ ငါ အရင်ဆင်းသွားလိုက်မယ်။ နောက် လဝက်နေရင် ပြန်တွေ့ကြတာပေါ့ ” ပဉ္စမမြောက် အကြီးအကဲကြီးမှာ ရယ်မောကာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏နောက်သို့ လိုက်လာသော မဟာတောင်ထိပ်ဂိုဏ်းသားများကို စုစည်းကာ အောက်ဘက်ရှိ ဂြိုဟ်ကြီးဆီသို့ တဟုန်ထိုး ပြေးဆင်းသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ပဉ္စမမြောက် အကြီးအကဲကြီး ထွက်ခွာသွားသည်ကို စိုက်ကြည့်နေလိုက်ပြီးနောက် ဂြိုဟ်ပေါ်ရှိ ချိုင့်ခွက်ကြီးများအား သေသေချာချာအကဲခတ်လိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ၌ ထူးဆန်းသော အလင်းရောင်များ တောက်ပလာပြီး မျက်လုံးများ မှေးသွားတော့သည်။ တစ်အောင့်ခန့် ကြာပြီးနောက် သူသည် လုံနန်ကျစ်၏ အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်ပြီး သူ၏ အသိစိတ်များကို ထည့်သွင်းလိုက်သောအခါ မဟာတောင်ထိပ်ဂိုဏ်း၏ မဟာထိပ်သီးအကြီးအကဲကြီး၏ စကားသံမှာ သူ၏အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။
” အကြီးအကဲကြီးတွေ အကုန်လုံး နားထောင်ပါ။ ရင်းမြစ်ပစ္စည်းတွေ ရှာဖွေနေရင်း ဒီ သန္ဓေပြောင်း သတ္တဝါတွေထဲက အကောင်ပေါက်လေးတွေတချို့ကို ဖမ်းခဲ့ကြ။ အများကြီးလည်း မဖမ်းခဲ့နဲ့ဦး။ တစ်ယောက်ကို အကောင်တစ်ရာ မကျော်စေနဲ့။ ပြီးရင် ငါတို့တွေက ဒီ သန္ဓေပြောင်း သတ္တဝါတွေ အပေါ် စစ်ကြေညာမှာ မဟုတ်ဘူး။ ဒီကိစ္စကို လျှို့ဝှက်ထားကြပါ။ နောက်ကျရင် ဒီနေရာကို အလွယ်တကူ ရှာဖွေနိုင်အောင်လို့ ငါ ဒီနေရာမှာ အမှတ်အသားတစ်ခု ချန်ထားခဲ့မယ်။ ဒီ သန္ဓေပြောင်း သတ္တဝါတွေက ဒီ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ကုန်အောင်စားပြီးတာနဲ့ နောက်ထပ် လူမှုအဖွဲ့အစည်းတစ်ခုဆီ ပြောင်းသွားကြမှာ သေချာတယ်။ အခုစကပြီးတော့ ငါတို့တွေ သူဌေးဖြစ်မယ့် ခရီးစဉ် စပြီဟေ့ ”
” သန္ဓေပြောင်း သတ္တဝါတွေနဲ့ စစ်မတိုက်ဘူး ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ အေးစက်စက်ရယ်မောလိုက်ပြီး သူ၏မျက်ဝန်များမှာလည်း ပို၍ စူးရှတောက်ပလာတော့သည်။ ပြည်ထောင်စုကြီးနှင့် ကျယ်ပြန့်တာအိုနန်းတော် တိုက်ခိုက်ခဲ့စဉ်တုန်းက သူ လူပေါင်းများစွာ သတ်ဖြတ်ခဲ့ပြီးနောက် သူ၏ နတ်ဆိုးမျက်လုံးပညာရပ်မှာ နောက်ဆုံးအဆင့်အထိ ရောက်သွားခဲ့သည်မဟုတ်ပါလော။ သို့ဖြစ်ရာ… သူသည် ထို ပညာရပ်၏ နောက်ဆုံးအဆင့်အား ဖောက်ထွက်နိုင်ပါက ကျင့်ကြံခြင်းအဆင့်ပါ ဖောက်ထွက်သွားပြီး ဝိညာဉ်ကြားခံနယ်အဆင့်သို့ တက်လှမ်းနိုင်သွားတော့မည်ဖြစ်သည်။
ထိုစဉ်တုန်းက သူသည် ထိုတိုက်ပွဲကြီးထဲ၌ တိုက်ရည်ခိုက်ရည်စွမ်းအားများ လိုအပ်နေခဲ့သောကြောင့် နတ်ဆိုးမျက်လုံးပညာရပ်အား ရွေးချယ်ခဲ့ခြင်းဖြစ်၏။ သို့ဖြစ်ရာ အကယ်၍ သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်လိုပါက လူဦးရေအမြောက်အမြား သတ်ဖြတ်ရန်လိုအပ်ပေသည်။ သို့သော် ပြည်ထောင်စုကြီးနှင့် ကျယ်ပြန့်တာအိုနန်းတော်တို့မှာ အတိုက်အခိုက် ရပ်စဲလိုက်ကြသည် မဟုတ်ပါလော။ ထို့နောက် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးနှင့်အတူ ထွက်ခွာလာခဲ့ရ၏။ ထို့ကြောင့် လက်ရှိတွင် သူသည် နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေသည့်တိုင်အောင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ယွမ်ယင်ထိပ်ဆုံးအဆင့်တွင်သာ ရှိနေဆဲပင်။
” လူသတ်ဖို့ လိုတယ်ပေါ့ ဟုတ်လား… ” ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အားကောင်းသော ရန်လိုစိတ် အငွေ့အသက်များ ထွက်ပေါ်လာသဖြင့် သူ၏နောက်မှ လိုက်လာကြသည့် မဟာတောင်ထိပ်ဂိုဏ်းသားများမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြတော့သည်။ ထို့နောက် သူတို့အားလုံးမှာ နောက်သို့ဆုတ်ခွာသွားကြပြီး ဝမ်ပေါင်လဲ့အား ကြောက်လန့်တကြားနှင့် စိုက်ကြည့်နေကြ၏။
ဝမ်ပေါင်လဲ့မှာမူ သူ၏နောက်တွင်ရှိနေသော လူများကို လျစ်လျူရှုလိုက်၏။ သူ၏ ရန်လိုစိတ် အငွေ့အသက်များမှာမူ အားလျော့သွားခြင်း မရှိသည့်အပြင် ပို၍ပင်အားကောင်းလာသည်။ အသက်ရှူကြိမ် အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် ထို အငွေ့အသက်များမှာ သတ်ဖြတ်လိုစိတ်များအဖြစ် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထို သတ်ဖြတ်လိုစိတ်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသောအခါ အာကာသကြီးမှာ တွန့်လိမ်ပုံပျက်စ ပြုလာတော့သည်။ သူ၏နောက်တွင်ရှိနေသော မဟာတောင်ထိပ်ဂိုဏ်းသားများ အားလုံးမှာမူ ထိုမြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားနေကြရပြီဖြစ်သည်။ သူတို့၏ မျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့မှာ ဓားအိမ်ထဲမှ ဆွဲထုတ်ခံလိုက်ရသည့် အသွားထက် ဓားတစ်လက်ကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာမူ သူတို့အား တုံ့ပြန်ချိန်ပင် မပေးဘဲ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။
သူသည် ကြယ်ပျံတစ်လုံးကဲ့သို့ ဂြိုဟ်ကြီး၏ ပါးလွှာသောလေထုအား ထိုးဖောက်သွားလိုက်၏။ ထို့နောက် သူ ဂြိုဟ်မျက်နှာပြင်ပေါ်ရှိ ချိုင့်ခွက်ကြီးတစ်ခုဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အငွေ့အသက်များမှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အစိတ်အပိုင်းတစ်ခု ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး နတ်ဘုရားလက်နက်ကြီးအဖြစ် ပြောင်းလဲသွား၏။ နောက်ဆုံးတွင် သူသည် သူ တန်းတန်းမတ်မတ် ဦးတည်သွားနေသည့် မြို့တစ်ဝက်နီးပါး အရွယ်အစားရှိသော ချိုင့်ခွက်ကြီးအား လှမ်း၍ ခုတ်ထစ်လိုက်တော့သည်။
ထိုအခါ မြေပြင်ကြီးမှာ တုန်ရီသွားပြီး မိုးကောင်းကင်ကြီးမှာလည်း အသွင်ပြောင်းလဲသွား၏။ ထို့နောက် ချိုင့်ခွက်ကြီးထဲတွင် ရှိနေသည့် အသားစများနှင့် သွေးစများမှာ ချက်ချင်းဆိုသလိုပင် အပြင်းအထန် တုန်ရီသွားကြပြီး အရွယ်အစား မျိုးစုံရှိသော သန္ဓေပြောင်း ကင်းခြေများပေါင်း မြောက်မြားစွာမှာလည်း ဒလဟော ထိုးထွက်လာကြတော့သည်။ အချို့မှာ ချိုင့်ခွက်ကြီးထဲ၌ ကျစ်ရစ်ခဲ့ကြပြီး အချို့မှာမူ ချိုင့်ခွက်ကြီး၏ အစွန်းသို့ တွယ်တက်လာကြ၏။ သို့သော် ၎င်းတို့အားလုံးမှာ ခေါင်းများမော့ကာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းနေကြပြီဖြစ်သည်။
ထို အော်သံများ ထွက်ပေါ်လာသောအခါ ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက်ကြီးမှာ ဂြိုဟ်ပေါ်သို့ ကျဆင်းလာသဖြင့် မြေပြင်ကြီးတစ်ခုလုံးမှာ တုန်ရီသွားတော့သည်။ ဝမ်ပေါင်လဲ့နှင့် နတ်ဘုရားလက်နက်ကြီး၏ စွမ်းအားများမှာ ဂြိုဟ်များနှင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးတို့၏ စွမ်းအားများဖြင့် ပေါင်းစည်းသွားကြသောကြောင့် သူ၏ဓားချက်ကြီးမှာ နေမင်းကြီးကဲ့သို့ လင်းလက်တောက်ပနေတော့သည်။ ၎င်းမှာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ပြာကျသွားစေပြီး တစ်စစီ ချေမှုန်းဖျက်ဆီးပစ်လိုက်သည်သာ ဖြစ်သည်။
ထို့နောက် ဂြိုဟ်ကြီးပေါ်တွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး တုန်ခါမှုများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် ချိုင့်ခွက်ကြီးမှာလည်း တစ်စစီ ကြေမွပျက်စီးသွားတော့သည်။ ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် လေထဲ၌ ရစ်ဝဲနေပြီး သူ၏ဆံပင်များမှာမူ လေထဲ၌ တလူလူလွင့်နေ၏။ နောက်ဆုံးတွင် သူသည် နတ်ဆိုးတစ်ပါးကဲ့သို့ ခေါင်းမော့လာပြီး အသက်ပြင်းပြင်း ရှူလိုက်တော့သည်။
သူ၏နောက်တွင်မူ နတ်ဆိုးမျက်လုံးကြီး ပေါ်ပေါက်လာပြီး ၎င်းမှာ ယခင်တုန်းကနှင့် မတူလောက်အောင် စိတ်လှုပ်ရှားနေ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ သွေးဆာနေသည့် အသံကြီးဖြင့် ရယ်မောနေပြီ ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့၏ ဂိုဏ်းတူအစ်ကိုကြီးပေးထားသော ပုံရိပ်ယောင်ပညာရပ်ကြောင့် အခြားသူများမှာ ထိုအရာများကို လုံးဝမမြင်ရပေ။