Switch Mode

အခန်း (၇၄၇)

သန္ဓေပြောင်း လူမှုအဖွဲ့အစည်းတစ်ခု

ဝမ်ပေါင်လဲ့တစ်ယောက် အခြေအနေတစ်ခုလုံးအား အကဲဖြတ်သုံးသပ်နေစဉ်မှာပင် မဟာတောင်ထိပ်ဂိုဏ်း၏ အကြီးအကဲကြီး ခုနစ်ယောက်မှာ သဘောတူညီချက်တစ်ခု ချမှတ်လိုက်၏။

လက်ရှိအခြေအနေကြီးအား ပြောင်းလဲပစ်နိုင်မည့် နည်းလမ်းများ မရှိတော့ပေ။ သို့ဖြစ်ရာ သူတို့မှာ ဤအခွင့်အရေးကို အသုံးချကာ လုယက်ခိုးယူမှုများ တတ်နိုင်သမျှ အများဆုံး ပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ အကယ်၍ သူတို့မှာ ရင်းမြစ်ပစ္စည်းများကို အလုံအလောက် ခိုးယူနိုင်မည်ဆိုပါက မဟာတောင်ထိပ်ဂိုဏ်းမှာ လက်ရှိအခြေအနေကြီးအား ပြောင်းပြန်လှန်ကာ ဘဏ္ဍာရေး အကျပ်အတည်းထဲမှ လွတ်မြောက်နိုင်လောက်ပေသည်။

တစ်ချိန်ထဲမှာပင် သူတို့ ခိုးယူခဲ့သော ပစ္စည်းများမှာ လုံလောက်မှုမရှိလျှင်လည်း သူတို့မှာ ၎င်းတို့အား မဟာထိပ်သီးအကြီးအကဲကြီးဆီမှ အိမ်ပြန်ခွင့်နှင့် လဲလှယ်နိုင်ဦးမည် ဖြစ်သည်။ အမြုတေအဆင့် ကျင့်ကြံသူများ၏ အတွေးအမြင်များမှာမူ အရေးမပါတော့ပေ။

သူတို့ခုနစ်ယောက်မှာ ဘုံသဘောတူညီချက်တစ်ခု ချမှတ်လိုက်ကြပြီးနောက် မဟာထိပ်သီးအကြီးအကဲကြီးအား တရိုတသေ ဂါဝရပြုကာ သူတို့၏ အတွေးအမြင်များကို ဖော်ပြလိုက်ကြသည်။ ထိုအခါ မဟာထိပ်သီးအကြီးအကဲကြီးမှာလည်း ရယ်မောကာ အမြုတေအဆင့်ကျင့်ကြံသူများအား လျစ်လျူရှုလိုက်တော့သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင့် အခြား အကြီးအကဲကြီးများဆီမှ အကူအညီများကို ရယူကာ စစ်သင်္ဘောကြီးအား အတူတကွ ထိန်းချုပ်မောင်းနှင်လိုက်ကြ၏။ ထိုသို့ဖြင့် ထို စစ်သင်္ဘောကြီးမှာ အရှိန်မြှင့်တင်ကာ အာကာသထဲသို့ ထိုးထွက်သွားတော့သည်။

နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ယှဥ်လိုက်ပါက ဤဒေသကြီးမှာ ပို၍ မှောင်မိုက်နေသည်။ သို့သော် အခြားသူများမှာလည်း ဝမ်ပေါင်လဲ့နည်းတူ နယ်မြေအသစ်တစ်ခုသို့ ရောက်ရှိသွားသည့်အလား ခံစားနေကြရသည်သာ ဖြစ်သည်။

မဟာထိပ်သီးအကြီးအကဲကြီးပင်လျှင် ဤနေရာသို့ မရောက်ဖူးပေ။ ဤ ကြယ်အဖွဲ့အစည်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှလူများ မရောက်ဖူးသည့် နေရာတစ်ခု ဖြစ်ကြောင်းကိုသာ သူက သိထားသည်။ သို့ဖြစ်ရာ သူသည် ဤ ကြယ်အဖွဲ့အစည်းထဲ၌ လူမှုအဖွဲ့အစည်းများနှင့် လုယက်စရာ ရင်းမြစ်ပစ္စည်းများ ရှိမရှိကို တပ်အပ်မပြောနိုင်ပေ။

သူတို့မှာ ထိုကဲ့သို့ မသေချာ မရေရာမှုများနှင့်အတူ လှည့်လည်သွားလာနေရင်း သုံးလတိတိ ကုန်ဆုံးသွား၏။ ထို သုံးလအတွင်းတွင် အဆင့်နိမ့် ကျင့်ကြံသူများမှာ သူတို့၏ ကံကြမ္မာများကို လက်ခံလိုက်ကြပြီဖြစ်ပြီး နှုတ်ဆိတ်နေကြပြီ ဖြစ်သည်။ သူတို့ သူတို့၏ မျက်ဝန်းများထဲတွင်မူ ဆာလောင်မွတ်သိပ်နေသည့် မြေခွေးများ၏ ရက်စက်ကြမ်းကြုတ်ဖွယ်ရာ အကြည့်များ မကြာခဏဆိုသလို ပေါ်ပေါက်လာနေကြဆဲပင်။ သို့ဖြစ်ရာ သူတို့မှာ အားနည်းသော သားကောင်များကိုသာ ရှာတွေ့လိုက်မည်ဆိုပါက ၎င်းတို့အပေါ် ချက်ချင်း ခုန်အုပ်ပစ်လိုက်ကြမည့်ပုံ ပေါက်နေတော့သည်။

ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာမူ အဆင့်နိမ့် ကျင့်ကြံသူများထက် ပို၍တည်ငြိမ်နေ၏။ သို့သော် ယွမ်ယင်အဆင့် အကြီးအကဲများ၏ ရန်လိုစိတ်များမှာ တဖြည်းဖြည်းနှင့်ပို၍ အားကောင်းလာနေသည်ကို ဝမ်ပေါင်လဲ့က အာရုံခံမိနေသည်။ သူ၏အတွေးများကို ဖုံးကွယ်ထားနိုင်ရန် ကြိုးစားနေသည့် မဟာထိပ်သီးအကြီးအကဲကြီးပင်လျှင် ဝမ်ပေါင်လဲ့၏ အကဲခတ်မှုအောက်မှ လွတ်မြောက်နိုင်စွမ်းမရှိပေ။ သူသည် မဟာထိပ်သီးအကြီးအကဲကြီးမှာ တဖြည်းဖြည်းနှင့်ပို၍ စိုးရိမ်စိတ်များ ကြီးထွားလာနေသည်ကို သတိထားမိနေသည်။

ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် ပျာယာခတ်နေခြင်း မရှိပေ။ သူသည် ဆန္ဒရှိပါက ထိုနေရာမှ အချိန်မရွေး ထွက်ခွာသွားနိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။

သို့ဖြစ်ရာ သူသည် စိုးရိမ်တကြီး ဖြစ်နေခြင်းမရှိသည့်အပြင် ထိုအတောအတွင်းတွင် အကြီးအကဲကြီးများနှင့် စကားစမြည်များ ပြောခဲ့ရာမှ တော်ဝင်မိသားစု၊ ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ သမိုင်းကြောင်းတို့ကို ပို၍ နားလည်လာတော့သည်။

” နည်းနည်းလောက် ထပ်စောင့်ပြီးလို့မှ အခြေအနေတွေ ပြောင်းမသွားသေးဘူးဆိုရင်တော့ ငါ လှုပ်ရှားမှရတော့မယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများမှေးသွားပြီး သူ၏‌ ဘေးနားတစ်ဝိုက်တွင်ရှိနေသော လူများကို အကဲခတ်လိုက်၏။ ထို့နောက် သူသည် သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် အပြင်ဘက်ရှိ မှောင်မိုက်နေသော စကြဝဠာကြီးအား ငေးကြည့်နေသည့် မဟာထိပ်သီးအကြီးအကဲကြီးအား လှမ်းကြည့်လိုက်သည်။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် မျက်နှာအမူအရာများ ပြောင်းလဲသွားစဥ်မှာပင် မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးမှာ ခပ်လှမ်းလှမ်းရှိ စကြဝဠာကြီးထဲ၌ မူမမှန်သည့် အရာတစ်ခုအား သတိထားမိလိုက်သဖြင့် အချက်ပေးခေါင်းလောင်းသံများ ထွက်ပေါ်လာတော့သည်။

ထို အချက်ပေးခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားသောအခါ စစ်သင်္ဘောကြီးပေါ်မှ ကျင့်ကြံသူများအားလုံးမှာ တစ်ကိုယ်လုံး တုန်ရီသွားကြပြီး အသက်ရှူသံများ မြန်ဆန်လာကြ၏။ မဟာထိပ်သီးအကြီးအကဲကြီးနှင့် အခြား ယွမ်ယင်အဆင့် အကြီးအကဲကြီးများမှာလည်း ထိုနည်းတူပင်။ သူတို့အားလုံးမှာ ရှေ့သို့ လှမ်း၍ ငေးကြည့်နေကြ၏။ ထိုအချိန်တွင် မဟာထိပ်သီးအကြီးအကဲကြီးမှာ မျက်ဝန်းများအရောင်လက်သွားပြီး သူ၏လက်ကိုဝှေ့ယမ်းကာ သလင်းကျောက်ဘသံလိုက်အိမ်မြှောင်တစ်လုံးကို ထုတ်ယူလိုက်တော့သည်။

ထို သံလိုက်အိမ်မြှောင်မှာ အရွယ်အစား မကြီးမားပေ။ ၎င်းမှာ မဟာထိပ်သီးအကြီးအကဲကြီး၏ လက်ဖဝါးပေါ်တွင် ရစ်ဝဲနေရင်း ခပ်ဖျော့ဖျော့ အလင်းလှိုင်းများကို ထုတ်လွှတ်နေသည်။ သူ ဘယ်ဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး လက်ညှိုးထိုးလိုက်သောအခါ ထို အလင်းရောင်များမှာ ချက်ချင်းဆိုသလိုပင် ပို၍ တောက်ပလာ၏။ ထိုအခါ သူတို့၏ ပတ်ပတ်လည်တွင် တဝီဝီမြည်သံများ ပဲ့တင်ထပ်လာတော့သည်။ သို့ဖြစ်ရာ မျက်လုံးဖြင့် မမြင်နိုင်သော လက်ကြီးတစ်ဖက်မှာ အကြည်ရောင် ဖောင်တိန်တစ်ချောင်းကိုကိုင်ကာ လေထဲ၌ ကြယ်မြေပုံတစ်ခုအား ရေးဆွဲနေသကဲ့သို့ပင်။

ထို ကြယ်မြေပုံကြီး ပေါ်ပေါက်လာသောအခါ ၎င်းမှာ စစ်သင်္ဘောကြီးပေါ်ရှိ လူတိုင်း၏ အာရုံကို ချက်ချင်းပင်ဖမ်းစားလိုက်၏။

ထို ကြယ်မြေပုံပေါ်တွင် ပျက်သုဥ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ထာဝရကြယ်တစ်စင်း အရင်ဆုံး ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်း၏ ပတ်ပတ်လည်တွင် အရွယ်အစားအမျိုးမျိုးရှိသော ဂြိုဟ်ခြောက်လုံး ပေါ်ပေါက်လာသည်…

ထို ထာဝရကြယ်မှာ အရောင်မရှိဘဲ ၎င်း၏ ပတ်ပတ်လည်ရှိ ဂြိုဟ်ခြောက်လုံးထဲမှ နှစ်လုံးမှာ အနက်ရောင်ဖြစ်နေ၏။ အခြားဂြိုဟ် သုံးလုံးမှာ အစိမ်းရောင်နှင့် အဝါရောင်ကြားတွင် ရှိနေပါသော်လည်း အစိမ်းရောင် ပိုသန်းနေကြသည်။

အကြီးမားဆုံးသော ဂြိုဟ်ကြီးမှာမူ အစိမ်းရောင် မဟုတ်တော့ဘဲ အဝါနုရောင် အလင်းရောင်တစ်ခုကိုသာ ထုတ်လွှတ်နေသည်။

ထို ကြယ်မြေပုံကြီးနှင့် ဂြိုဟ်များ၏ အရောင်များ ပေါ်ပေါက်လာကြသောအခါ စစ်သင်္ဘောကြီးပေါ်ရှိ အဆင့်နိမ့်ကျင့်ကြံသူများ၏ အသက်ရှူသံများမှာ ပို၍ပင် မြန်ဆန်လာကြတော့သည်။ ဝမ်ပေါင်လဲ့၏ ဘေးတွင်ရှိနေသော အကြီးအကဲကြီးများ အားလုံးမှာမူ အမူအရာများ တည်ကြည်နေကြဆဲပင်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က ဆိုလိုက်၏။

” ထာဝရဝိညာဉ်အဆင့်ကို ကိုယ်စားပြုနေတဲ့ အဝါရောင်လည်းမရှိဘူး၊ ဂြိုဟ်အဆင့်ကို ကိုယ်စားပြုနေတဲ့ လိမ္မော်ရောင်လည်း မရှိဘူး၊ ထာဝရကြယ်အဆင့် အစွမ်းထက် ကျင့်ကြံသူတွေကို ကိုယ်စားပြုနေတဲ့ အနီရောင်လည်း မရှိဘူး ”

” ဂြိုဟ်ခြောက်လုံးထဲမှာ နှစ်လုံးက အနက်ရောင်ဆိုတော့ ဘာ ချီအငွေ့အသက်မှ ရှိနေမှာ မဟုတ်ဘူး။ အဲတာမလို့ အဲဒီနှစ်လုံးကို မေ့ထားလိုက်လို့ရတယ်။ တခြားဂြိုဟ်သုံးလုံးက အစိမ်းရောင်နဲ့ အဝါနုရောင်ကြားမှာ ရှိနေတာဆိုတော့ အဲဒီ ဂြိုဟ်တွေပေါ်က အစွမ်းအထက်ဆုံး ကျင့်ကြံသူက ယွမ်ယင်အဆင့်နဲ့ ဝိညာဉ်ကြားခံနယ်အဆင့်မှာ ရှိနေမှာပဲ ”

” နောက်ဆုံးဂြိုဟ်က အဝါနုရောင် အလင်းရောင်တွေ ထုတ်လွှတ်နေတာ။ ငါတို့ သိသလောက်ဆိုရင် အဲတာက နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်ကို ကိုယ်စားပြုတဲ့ အရောင်ပဲ ”

” ဒီ လူမှုအဖွဲ့စည်းက အတိုင်းအတာတစ်ခုအထိ အန္တရာယ်ပြုနိုင်စွမ်းရှိတာ မှန်ပေမဲ့ ထူးတော့ထူးဆန်းတယ်။ သူတို့ရဲ့ ထာဝရကြယ်က ပျက်စီးခါနီးနေပြီလေ။ အဲတာကို သူတို့က ဘာလို့ ဒီနေရာကနေ ထွက်မသွားကြသေးတာလဲ ”

ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးတွင်ရှိသော အကြီးအကဲကြီးများ၏ ပြောစကားများကို နားထောင်ရင်း မျက်လုံးများ မှေးသွားပြီး ရုတ်တရက်ဆိုသလို ဝင်ပြောလိုက်၏။

” ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေတဲ့ လူမှုအဖွဲ့အစည်းတစ်ခုရဲ့ ကြယ်အဖွဲ့အစည်းထဲမှာ သူတို့ မသိမ်းပိုက်ရသေးတဲ့ ဂြိုဟ်တွေ ရှိနေသေးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အခု ဒီ ကြယ်အဖွဲ့အစည်းထဲမှာ လူမနေတဲ့ဂြိုဟ် နှစ်လုံးတောင် ရှိနေတာလေ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် မဟာထိပ်သီးအကြီးအကဲကြီးအား လှမ်းကြည့်လိုက်၏။

မဟာထိပ်သီးအကြီးအကဲကြီးမှာ ကြယ်မြေပုံအားကြည့်လိုက် အနက်ရောင် ဂြိုဟ်နှစ်လုံးအား ကြည့်လိုက် လုပ်နေ၏။ ထို့နောက် သူသည် အဝါနုရောင်ဂြိုဟ်အား သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်သည်။ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ အခြေခံ လုပ်ထုံးလုပ်နည်းများအရဆိုလျှင် သူတို့မှာ သူတို့ထက်ပို၍ အားနည်းသည့် လူမှုအဖွဲ့စည်းတစ်ခုအား ရှာတွေ့ပါက ထို လူမှုအဖွဲ့အစည်းထဲတို့ ချက်ချင်းဝင်ရောက်ကာ သူတို့အား အင်အားသုံး နှိမ်နင်းပြီး အရာအားလုံးကို လုယက်လိုက်ကြသည်သာဖြစ်သည်။

သို့သော် သူတို့အား အတိုင်းအတာတစ်ခုအထိ အန္တရာယ်ပြုနိုင်စွမ်းရှိသော လူမှုအဖွဲ့အစည်းများနှင့် ကြုံတွေ့ရလျှင်မူ သူတို့မှာ ထို လူမှုအဖွဲ့အစည်းများထဲသို့ ခိုးဝင်ကာ လူစုခွဲပြီး တစ်ကိုယ်တော် လုယက်မှုများ ဆောင်ရွက်ကြသည်ဖြစ်သည်။ ထို့နောက် သူတို့မှာ ထို လူမှုအဖွဲ့အစည်း၏ တည်နေရာကို မှတ်သားပြီးလျှင် ကြိုတင်သတ်မှတ်ထားသည့် အချိန်၌ အတူတကွ ထွက်ခွာသွားကြသည်သာ ဖြစ်သည်။ နောက်ဆုံးတွင် သူတို့မှာ ဂိုဏ်းထဲမှ အဆင့်မြင့်အရာရှိကြီးများအား ထိုကိစ္စအကြောင်း သတင်းပေးပို့ကာ ထို လူမှုအဖွဲ့အစည်းအား ကျူးကျော်ရန်သင့်မသင့် ဆုံးဖြတ်ကြ၏။

” လူမှုအဖွဲ့စည်းတစ်ခုကို ရှာတွေ့သွားပြီဆိုမှတော့ သူတို့တွေ ဘယ်လောက်အထိ တန်ဖိုးရှိနေမလဲဆိုတာ သွားကြည့်ကြတာပေါ့။ တကယ်လို့ တစ်ခုခု အခြေအနေမဟန်ရင် ချက်ချင်းပြန်ထွက်လာကြမယ်။ ဒီ လူမှုအဖွဲ့အစည်းရဲ့ တည်နေရာကိုသာ သိနိုင်မယ်ဆိုရင် ဂိုဏ်းကြီးတွေဆီက ဆုလာဘ်တွေ ရနိုင်လောက်တယ် ” မဟာထိပ်သီးအကြီးအကဲကြီးမှာ မျက်ဝန်းများ အရောင်လက်သွားပြီး ဆုံးဖြတ်ချက်ပြတ်သားစွာ ဆိုလိုက်၏။

သူသည် မဟာတောင်ထိပ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးဖြစ်ရာ အခြား ကျင့်ကြံသူများမှာ စောဒက မတက်ရဲကြပေ။ ထိုသို့ဖြင့် သူတို့မှာ စစ်သင်္ဘောကြီးအား အရှိန်မြှင့်တင်လိုက်ကြပြီး အာရုံခံနိုင်စွမ်းများအား ရှောင်တိမ်းနိုင်သည့် ဓမ္မအဆောင်ပစ္စည်းတစ်ခုကို အသုံးပြုလိုက်တော့သည်။ ထို့ကြောင့် စစ်သင်္ဘောကြီးတစ်စင်းလုံးမှာ အာကာသကြီးထဲ၌ အနက်ရောင် ဝိညာဉ်တစ်ကောင်ကဲ့သို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သူစိမ်းလူမှုအဖွဲ့အစည်းရှိရာ ကြယ်အဖွဲ့အစည်းဆီသို့ ချဉ်းကပ်သွားတော့သည်။

ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးမှာ ထို လူမှုအဖွဲ့အစည်း၏ အနီးသို့ ရောက်ရှိလာတော့သည်။ သူတို့မှာ အရှိန်လျော့ကျသွားခြင်းမရှိဘဲ ထို ကြယ်အဖွဲ့အစည်းထဲသို့ ဝင်သွားလိုက်ကြ၏။ မဟာထိပ်သီးအကြီးအကဲကြီးမှာမူ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မန္တန်လက်ကွက်များ ချက်ချင်းဖော်လိုက်သည်။ ထိုအခါ သုံးဖက်မြင် ကြယ်မြေပုံတစ်ခုမှာ စစ်သင်္ဘောကြီးထဲ၌ ပေါ်ပေါက်လာတော့သည်။

ထို ကြယ်မြေပုံမှာ အလွန်အင်မတန်မှ ကြည်လင်ပြတ်သား၏။ ထို့အပြင် ၎င်းမှာ သုံးဖက်မြင်မြေပုံတစ်ခု ဖြစ်သောကြောင့် ဂြိုဟ်ခြောက်လုံး၏ သုံးရာ့ခြောက်ဆယ် ဒီဂရီပတ်ပတ်လည်အား ဖော်ပြနိုင်စွမ်းရှိပေသည်။ သို့ဖြစ်ရာ ထိုဂြိုဟ်‌များပေါ်ရှိ မြေမျက်နှာပြင်များကိုပင် ခပ်ရေးရေးခန့် မြင်နေရ၏။

အဆင့်နိမ့် ကျင့်ကြံသူများအားလုံးမှာ ထိုဂြိုဟ်များကို မြင်လိုက်ရသောအခါ ပင့်သက်များ ရှိုက်မိသွားကြ၏။ ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများမှေးသွားပြီး အခြား အကြီးအကဲကြီးများနှင့် မဟာထိပ်သီးအကြီးအကဲကြီးတို့မှာလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

အဘယ်ကြောင့်ဆိုသော ထို သုံးဖက်မြင် မြေပုံထဲတွင် အနက်ရောင်ဂြိုဟ်နှစ်လုံးမှာ ရှုံ့တွနေသည့် လိမ္မော်သီးနှစ်လုံးကဲ့သို့ ခြောက်သွေ့ညှိုးနွမ်းကာ သက်ရှိ အရိပ်အယောင်များ လုံးဝ မရှိတော့သောကြောင့်ပင်။

အခြား ဂြိုဟ်လေးလုံးပေါ်တွင်မူ သက်ရှိ အရိပ်အယောင်များ ရှိနေကြသေးပါသော်လည်း ၎င်းတို့မှာလည်း ခြောက်သွေ့ညှိုးနွမ်းစ ပြုနေကြပြီဖြစ်သည်။ ၎င်းတို့၏ မျက်နှာပြင်များပေါ်တွင် နက်ရှိုင်းသောချိုင့်ခွက်ကြီးများဖြင့် ပြည့်နှက်နေကြပြီး လူးလွန့်နေသည့် အရာများကိုလည်း ခပ်ရေးရေးခန့် မြင်နေရသေးသည်။ ထိုမြင်ကွင်းများမှာ ‌အော့နှလုံးနာစရာ ကောင်းပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုမျှလောက် ထူးဆန်းသည့် လူမှုအဖွဲ့အစည်းတစ်ခုကို ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်ရာ ၎င်းအား အကြိမ်အနည်းငယ်ခန့် ထပ်၍ ကြည့်မိလိုက်၏။ သူသည် သူ၏ အမှောင်ပညာရပ်အား အသုံးပြုလိုက်သောအခါ ထို ကြယ်အဖွဲ့အစည်းထဲတွင် အလွန်အင်မတန်မှ အားကောင်းသည့် သေမင်းအငွေ့အသက်တစ်မျိုး ရှိနေသည်ကို အာရုံခံမိလိုက်သည်။

တစ်ချိန်ထဲမှာပင် သူသည် မဟာထိပ်သီးအကြီးအကဲကြီး၏ တီးတိုးရေရွတ်သံကိုလည်း ကြားလိုက်ရ၏။

” သန္ဓေပြောင်း လူမှုအဖွဲ့စည်းတစ်ခုလားဟ ” မဟာထိပ်သီးအကြီးအကဲကြီးမှာ မျက်မှောင်ကြုတ်သွားကာ တစ်ခဏမျှ ‌စဉ်းစားတွေးတောလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။

” အားလုံး၊ အဖွဲ့တစ်ဖွဲ့ချင်းစီ ခွဲပြီး စုံစမ်းစစ်ဆေးဖို့ အဆင်သင့်ပြင်ကြ။ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် လုံးဝမပြတ်စေကြနဲ့။ လဝက်နေရင် ဒီ စစ်သင်္ဘောကြီးထဲမှာ ပြန်ဆုံကြမယ် ” သူသည် ထိုသို့ဆိုကာ အကြီးအကဲကြီး နှစ်ယောက်နှင့် အဆင့်နိမ့်ကျင့်ကြံသူများထဲမှ အချို့အဝက်အား သူနှင့်အတူ ခေါ်ဆောင်ကာ ထွက်ခွာသွား၏။ သူတို့မှာ လွန်းပြန်ယာဉ်တစ်စင်းကို စီးကာ ကြယ်မြေပုံပေါ်ရှိ အဝါနုရောင် အလင်းရောင်များ ထုတ်လွှတ်နေသော ဂြိုဟ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြတော့သည်။

ဝမ်ပေါင်လဲ့ အပါအဝင် စစ်သင်္ဘောကြီးထဲတွင် ကျန်ရစ်ခဲ့သည့် အကြီးအကဲကြီးများမှာလည်း ဆွေးနွေးလိုက်ကြပြီးနောက် ဆုံးဖြတ်ချက် အသီးသီး ချကာ အုပ်စုခွဲ၍ ထွက်ခွာသွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာ တစ်ယောက်တည်း မဟုတ်ပေ။ သူ၏အဖွဲ့ထဲတွင် အလယ်အလတ် ယွမ်ယင်အဆင့်တွင်ရှိသော ပဉ္စမမြောက် အကြီးအကဲကြီးလည်း ပါ၏။ သူတို့နှစ်ယောက်မှာ အဆင့်နိမ့်ကျင့်ကြံသူများထဲမှ အချို့အဝက်ကို ဦးဆောင်ကာ လွန်းပြန်ယာဉ်များပေါ်သို့ တက်သွားလိုက်ကြပြီး သူတို့၏ ပစ်မှတ်ဂြိုဟ်ဆီသို့ ချက်ချင်း ဦးတည်သွားလိုက်ကြတော့သည်။

သူတို့၏အဖွဲ့ ထိုဂြိုဟ်ကြီး၏ အနီးသို့ ရောက်သွားကြသောအခါ ဝမ်ပေါင်လဲ့နှင့် ပဉ္စမမြောက် အကြီးအကဲကြီးတို့မှာ ထိုဂြိုဟ်ကြီး၏ မျက်နှာပြင်ပေါ်ရှိ ချိုင့်ခွက်များကို ပို၍ပင် ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။ ထိုအခါ ဝမ်ပေါင်လဲ့ပင်လျှင် အံ့ဩမှင်တက်ကာ မျက်လုံးများ ပြူးသွားရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset