ရေကန်၏ အရှေ့ဘက်တွင် …
ဇူယွမ်က တွေးလိုက်သည်။ ကံဆိုးမှုတွေက တကယ်ကို မြန်မြန်ဆန်ဆန် ရောက်လာတာပဲ။
ဟမ့် … မူလစဦးချီတွေ ပေါက်ကွဲထွက် လာသည်ကို သူ ခံစားမိလိုက်သည်။ သူ့ကို အမှုန့်ခြေတော့မည့် အချိန်တွင် ဇူယွမ်သည် တုံ့ဆိုင်းခြင်း မရှိဘဲ တစ်ဖက်သို့ လှည့်၍ ထွက်ပြေး တော့သည်။
သည်အခြေအနေမှာ သူ စဉ်းစားမိသည့် အရာမှာ ထွက်ပြေးရန်သာ ဖြစ်သည်။
“မင်း လွတ်မြောက်မယ် ထင်နေတာလား …” ဝူဟောင်က ထွက်ပြေးရန် ကြိုးစားနေသည့် ဇူယွမ်ကို ကြည့်ပြီး ပြုံးရုံမျှပြုံး၍ ပြောလိုက်သည်။
ထိုအပြုံးတွင် လှောင်ပြောင် သရော်မှု အပြည့် ပါဝင်နေသည်။
ဘန်း …
ဝူဟောင်၏ ပုံရိပ်ကလည်း အရှေ့သို့ တိုးထွက် သွားသည်။ အသက် အနည်းငယ် ရှူချိန်အတွင်း သူက ဇူယွမ်၏ နောက်သို့ ရောက်ရှိ သွားသည်။
“နဂါးခြေလှမ်း”
ဇူယွမ်က ထိပ်တိုက် ရင်ဆိုင်ခြင်း မရှိဘဲ တစ်စက္ကန့်မျှပင် မဆိုင်းပဲ နဂါးခြေလှမ်း နည်းစနစ်ကို ထုတ်သုံး လိုက်သည်။
ဘန်း …
မြေကြီးပင် အက်ကွဲသွားကာ ဇူယွမ်အနေဖြင့် ထိုအားကို အသုံးပြုပြီး သူ့ကိုယ်သူ အဝေးသို့ ထွက်ပြေးနိုင်ရန် ကြိုးပမ်း လိုက်သည်။
သူ၏ တိုက်ခိုက်မှု လွဲချော်သွားသောအခါ ဝူဟောင်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားကာ သူ၏ ပုံရိပ်က ဇူယွမ်နှင့် နီးကပ်သွားပြီး ဇူယွမ်အား လိုက်လံ တိုက်ခိုက်သည်။ သူ၏ အသွင်မှာ ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို သတ်ခါနီး ဆော့ကစား နေသလိုပင် ဖြစ်သည်။
“စစ်မှန်တဲ့နဂါးက ဘယ်သူလဲ”
ဝူဟောင်က ဇူယွမ်ရှေ့သို့ ရောက်လာပြီး လက်နောက်ပစ်လျက် ဇူယွမ်ကို ကရုဏာသက်စွာ ကြည့်ပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့ မင်းကို သတ်ပြီးတဲ့အခါ မင်းတိုရဲ့ ကြီးမြတ်သော ဇူအင်ပါယာကို ဖျက်ဆီးပြီးတော့ မင်းရဲ့မိသားစုကို မင်း နောက်ထည့် ပေးလိုက်မယ်”
ဘုန်း …
ထိုစကားများကို ကြားရချိန်မှာ ဇူယွမ်၏ မျက်နှာက အေးစက်သွားပြီး ထွက်ပေးရန် ကြိုးစားနေခြင်းကို ရပ်တန့်လိုက်ပြီး ပြန်၍ တိုက်ခိုက် လိုက်သည်။
“နဂါးလက်ဝါး၊ ကောင်းကင်ခွဲခြင်း”
သူ၏ လက်ဝှေ့ယမ်းလိုက်ပြီး မူလချီများက လေထု၏ ရှေ့တွင် ထွက်ပေါ် လာသည်။
“အဆင့်သုံး မူလမှော်စာလုံး နက်ရွှေရောင်လက် မှော်စာလုံး အစီအရင်”
သူက အမြောက်ဆန် တစ်ခုလို ရွေ့လျားလိုက်ပြီး သူ၏လက်ထဲတွင် အစီအရင်တစ်ခု လင်းလက် လာသည်။ နက်ရွှေရောင် အလင်းတန်းများက သူ၏ လက်အတွင်းသို့ စီးဝင်လာပြီး တိုက်ခိုက် နိုင်စွမ်းများ အလွန်ကို မြင့်တက် လာဟန်ရသည်။
ဘုန်း …
စွမ်းအား အားလုံးကို စုစည်းပြီးနောက် ဇူယွမ်က ဝူဟောင်ထံ လွှဲရိုက် လိုက်သည်။ ဝူဟောင်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားပြီး လေထဲသို့ လက်သီးတစ်လုံး ပစ်သွင်း လိုက်သည်။
ဒေါင် …
အသံနက်ကြီး ဟိန်းထွက်လာကာ မြေပြင်တွင် အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာသည်။ ဇူယွမ်၏ ခန္ဓာကိုယ်က နောက်သို့ လွန့်သွားပြီး သူ၏ ခြေထောက်များက မြေပြင်တွင် တရွတ်ဆွဲသွားကာ စွတ်ကြောင်းကြီး ဖြစ်ပေါ် လာသည်။
ဝူဟောင်မှာလည်း အားလှိုင်းကြောင့် ခြေလှမ်း ဒါဇင်မျှ နောက်သို့ ဆုတ်ခွာ ပေးလိုက်ရသည်။
သူ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ဇူယွမ်ကို သတ်ချင်စိတ် အပြည့်ဖြင့် ကြည့်လိုက်သည်။
“ကြွက်လေးကလည်း ပြန်ကိုက်တတ်တာပဲ”
“မင်းအခု ငါ့ကို ဒေါသ ထွက်စေခဲ့ပြီ”
စွမ်းအား ပြည့်ဝလှတဲ့ ကြက်သွေးနီရောင် ချီများက ဝူဟောင်၏ ခေါင်းပေါ်မှ လှိုင်းလုံးများလို ထွက်ပေါ်လာပြီး လေထုကိုပင် အလွန်အမင်း ပူလောင်စေသည်။ ရှင်းလင်းစွာပင် ကြောင်တစ်ကောင်က ကြွက်တစ်ကောင်အား ဆော့ကစားနေခြင်းမှ ရပ်တန့်လိုက်ပြီး သတ်တော့မည့်ပုံ ဖြစ်သည်။
ဇူယွမ်၏ မျက်နှာ တင်းမာ သွားသည်။ သူ၏ ငွေရောင် လက်စွပ်ကို ပွတ်သပ်လိုက်ပြီး သူ၏မျက်လုံးများက အမှန်ပင် အေးစက်သွားသည်။ ယခု အချိန်တွင် သူ့မှာ တကယ်ကို ရွေးချယ်စရာ မရှိသောကြောင့် သူ ငွေအရိပ်ဝတ်စုံကို အသုံးပြုရတော့မည် ဖြစ်သည်။ သူ ထိုအရာကို အသုံးပြုလျှင် ငွေအရိပ်စွမ်းအားကို ငှားရမ်း၍ ဝူဟောင်ကို သတ်နိုင်မှာ အသေအချာပင် ဖြစ်သည်။ သူ ငွေအရိပ်ကို အသုံးမပြုခဲ့သည်မှာ အတော်ကြာနေပြီ ဖြစ်သည်။ သူငွေအရိပ်ကို အသုံးပြုပြီးနောက် သူသည် အချိန် အတန်ကြာအောင် သတိလစ် မေ့မြောသွားမည်ဖြစ်ပြီး ဘယ်အချိန်မှ သတိပြန်ရမည် ဆိုသည်ကို သူလည်း မသိပေ။ ထိုအရာက တကယ်ကို အန္တရာယ်များသော လုပ်ရပ် ဖြစ်သည်။ သူ့နံဘေးမှာ သူ့ကို ကာကွယ်ပေးမဲ့သူ တစ်ယောက်မှ မရှိပေ။ ထို့အပြင် သူ ရောက်ရှိနေသော နေရာက မမြင်နိုင်သော အန္တရာယ်တွေနှင့် ပြည့်နှက်နေသော သူတော်စင် အကြွင်းအကျန် နယ်မြေဖြစ်သည်။
ဒါပေမဲ့ ထိုအရာက ဝူဟောင်၏ လက်ထဲတွင် သေဆုံးရမည်ထက် သာလွန် ပေသည်။
ဝူဟောင်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း လေပေါ်သို့ မြောက်တက် လာခဲ့သည်။ မူလစဦး ချီများပေါ်တွင် ရပ်နေရင်း ဇူယွမ်အား ကြည့်လျက် စိတ်မဝင်စားဟန်ဖြစ် ပြောလိုက်သည်။
“ငါ ဒီမြင်ကွင်းကို ဝူယိုကို မြင်စေချင်တယ်။ သူမက ငါသာလျှင် စစ်မှန်သော နဂါးတစ်ကောင် ဆိုတဲ့ ဂုဏ်ပုဒ်ကို သံသယ ဖြစ်နေတာ ကြာပြီ။ မင်းကောငါက စစ်မှန်တဲ့ နဂါးတစ်ကောင် ဆိုတာကို သဘောတူလား”
ဘန်း…
သို့သော်လည်း ဇူယွမ်ငွေရောင် အရိပ်ကို အသုံးမပြုရသေးမီတွင် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ် လာသည်။
ထိုအသံသည် ဓားရှည် တစ်ချောင်းမှ ထွက်ပေါ်လာသော အသံနှင့်တင်တူပြီး ဧရိယာ တစ်ခုလုံးကို ပဲ့တင် ထွက်ပေါ် လာသည်။
ဝှစ် …
များပြားလှတဲ့ အနီရောင်ချီများ ကျရောက်လာတဲ့ အချိန်တွင် အနက်ရောင် ဓားတစ်လက်သည် အနောက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး အရှိန်အဝါနှစ်ခု တွေ့ဆုံခြင်းက မြေပြင်ကိုပင် တုန်ခါစေသည်။
ဘန်း …
အနက်ရောင် ဓားရှည်နှင့် ကြက်သွေးနီရောင် ချီလှိုင်းလုံးတို့ ထိပ်တိုက် တွေ့ဆုံသွားကြပြီး ၎င်းတို့ ပတ်ဝန်းကျင်ရှိ မြေပြင်အား အစိတ်စိတ် အမြွှာမြွှာကွဲထွက်ကာ ဖုန်လုံးများဖြင့် ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။
ဖုန်များ တဖြည်းဖြည်း ရှင်းလင်း သွားပြီးနောက်တွင် ဇူယွင်က သူ၏ရှေ့တွင် အထောင်လိုက် ရှိနေသည့် အနက်ရောင် ဓားပြား တစ်ချောင်းအား တွေ့လိုက်ရသည်။
ထက်မြလှသည့် ဓားချီတွေက သူ့နံဘေးမှာ တုန်လှုပ်ဖွယ် ကောင်းအောင် ထွက်ပေါ် နေသည်။
ဝူဟောင်၏ မျက်နှာ အမူအရာက အနက်ရောင် ဓားပြားကို မြင်တဲ့အချိန်၌ ပျက်ယွင်းသွားပြီး အေးစက်စွာ အော်ပြော လိုက်သည်။
“မျက်ကန်းဓား လီချွန်ကျွမ် မင်းဘာလို့ သူများကိစ္စထဲ ဝင်ပါတာလဲ”
“မျက်ကန်းဓား…”
ဇူယွမ်က သူ၏ခေါင်းကို လှည့်ကြည့် လိုက်သော အခါမှာ သူတို့ဆီကို တဖြည်းဖြည်း နီးကပ်လာသော အနက်ရောင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုပုံရိပ်၏ ခြေလှမ်းတွေက မမြန်ဆန်သော်လည်းပဲ အသက်ရှူချိန် အနည်းငယ် အတွင်းမှာ ဇူယွမ်၏ ရှေ့သို့ ရောက်လာပြီး အနက်ရောင် ဓားပြား၏ နောက်တွင် ရပ်လိုက်သည်။
သူသည် ခေါင်းမော့၍ ဝူဟန် ရှိနေသည့်ဘက်ကို အနက်ရောင် အဝတ်စဖြင့် စည်းနှောင်ထားသော မျက်လုံးဖြင့် ကြည့်လိုက်ပြီး သူ့ရှေ့မှဓားကို လက်နှစ်ဖက်လုံးဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး အက်ရှရှ အသံဖြင့် ပြောလိုက်သည်။ … “ငါသူ့ကို အစားအသောက် အတွက် အကြွေး တင်နေတယ်”
ဝူဟောင်က နက်မှောင်စွာ စူးစိုက်ကြည့်လိုက်ပြီး သူ၏ကြက်သွေးနီရောင် မူလစဦးချီများက သူ့ပတ်ဝန်းကျင်တွင် တစ်ဟုန်ထိုး ထွက်ပေါ် လာသည်။ သူအခု အမှန်တကယ်ပင် ဒေါသထွက်နေပြီ ဖြစ်သည်။
အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် လီချွန်ကျွမ်က သူ၏ခေါင်းကို ဇူယွမ်ဘက်သို့ လှည့်လိုက်ပြီး …
“သွားတော့။ ငါသူ့ကို တားထားမယ်”
ဇူယွမ်က သူ့လက်ထဲရှိ ငွေရောင် ဘောလုံးလေးကို သိုလှောင်အိတ် အတွင်းသို့ ပြန်ထည့်လိုက်ပြီး ခုနမှ လီချွန်ကျွမ်ကို ကြည့်ပြီးနောက် ပြောလိုက်သည်… “ကျေးဇူးပဲ”
သူ့တွင် နောက်ဆုံးဝှက်ဖဲ ရှိသေးသော်လည်း ထိုအရာကို တတ်နိုင်သမျှ ထုတ်မသုံးချင်ပေ။
လီချွန်ကျွမ်က ခေါင်းခါလိုက်ပြီး “ငါစားခဲ့တဲ့ အစားအစာ အတွက် ပြန်ပေးရုံပဲ”
ဇူယွမ်က ခေါင်းညိတ်လိုက်ပြီး “သူ့ကို သေအောင်တော့ မသတ်နဲ့ ငါနဲ့သူ့ကြားမှာ ဖြေရှင်းစရာ ပုဂ္ဂိုလ်ရေး ကိစ္စတွေ ရှိသေးတယ်”
ဇူယွမ်ဆီမှ ထို စကားများ ပြန်ကြား လိုက်ရသော အချိန်တွင် လီချွန်ကျွမ် အနေဖြင့် အံ့ဩသွားသော်လည်း ထိုစကားလုံးများမှ လေးနက်မှုများကို ခံစားလိုက်ရသည်။
ပထမဆုံး အနေဖြင့် သူ၏ မျက်နှာသေကြီးပေါ်တွင် တောက်ပသော အပြုံးတစ်ပွင့် ပေါ်လာပြီး “စိတ်မပူပါနဲ့ အခု လောလောဆယ်တော့ ငါသူ့ကို မသတ်နိုင်သေးပါဘူး”
ဇူယွမ်က ခေါင်းညိတ် ထောက်ခံလိုက်ပြီး သူ့ခေါင်းကို မော့၍ ဒေါသ ထွက်နေသော ဝူဟောင်၏ မျက်နှာကို စိုက်ကြည့် လိုက်ပြီး ပြောလိုက်သည်။ “အခုလို အခွင့်အရေး အကြီးကြီး ရှိနေတဲ့ အချိန်မှာတောင် မင်းငါ့ကို မသတ်နိုင်ခဲ့ဘူး။ ဒီအဓိပ္ပာယ်ကို မင်း ဘယ်လိုထင်လဲ။ “အဓိပ္ပာယ်ဟာ မင်းရဲ့ ကောင်းချီးပေးခံရမှုက အတုအယောင်ပဲ…”
ဇူယွမ်က ကျယ်လောင်စွာ ရယ်မော လိုက်ပြီးနောက် ဝူဟောင်၏ မျက်နှာက ရုတ်တရက် မည်းမှောင် လာသည်။ ဇူယွမ်ကတော့ တုံ့ဆိုင်းခြင်းမရှိဘဲ အလင်းတန်းလိုမျိုး မျဉ်းဖြောင့်အတိုင်း ပြေးထွက် သွားတော့သည်။
အဝေး တစ်နေရာမှ ပဲ့တင်သံတစ်ခု ထွက်ပေါ် လာသည်။
“ဝူဟောင် မင်းရဲ့ခေါင်းကို မင်း သေချာ ဂရုစိုက် ထားလိုက်ပါ နောက်တစ်ကြိမ် ငါတို့ပြန်တွေ့ရင် မင်းခေါင်းကို ငါသေချာပေါက် ယူပြမယ်”