အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ မျက်လုံးကြီးအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည့် ထာဝရကြယ်မှာ ရုတ်တရက်ဆိုသလို အားကောင်းသော စုပ်ယူအားတစ်မျိုးကို ထုတ်လွှတ်ကာ စစ်သင်္ဘောကြီးအား ၎င်းဆီသို့ ဆွဲငင်လိုက်သည်။ ထို စစ်သင်္ဘောကြီး ထာဝရကြယ်ဆီသို့ ဦးတည်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်နေခဲ့ရာမှ အသိစိတ်ပြန်ဝင်လာပြီဖြစ်သည်။ ထိုအခါ သူသည် သူ၏ နဂိုမူလ အစီအစဉ်များကို မေ့ထားလိုက်ပြီး ထွက်ခွာသွားလို့သည့် ဆန္ဒများကို ချုပ်တည်းလိုက်တော့သည်။
သူ ရွေးချယ်ခဲ့သည့် နတ်ဆိုးမျက်လုံးပညာရပ်မှာ သတ်ဖြတ်ခြင်းပညာရပ်တစ်ခု ဖြစ်ကြောင်း သူက သိထား၏။ ၎င်းမှာ သူ အမှောင်အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းက အမှောင်ဂိုဏ်းထဲ၌ ရှာဖွေတွေ့ရှိခဲ့သည့် ကျင့်ကြံခြင်းပညာရပ်တစ်ခုဖြစ်သည်။
ထို ကျင့်ကြံခြင်းပညာရပ်မှာ ပြီးပြည့်စုံခြင်းမရှိသေးဘဲ ယွမ်ယင်အဆင့် မတိုင်ခင်အထိသာ လေ့ကျင့်၍ရပေသည်။ သို့ဖြစ်ရာ ပုံမှန်ဆိုလျှင် အမှောင်ဂိုဏ်းမှာ ထိုကဲ့သို့သော နတ်ဘုရားစွမ်းရည်မျိုးအား တန်ဖိုးထားမည်မဟုတ်ပေ။ ဂိုဏ်းထဲတွင် အခြား ကျင့်ကြံခြင်းပညာရပ် အမြောက်အမြား ရှိနေသည်မဟုတ်ပါလော။ သို့သော် နတ်ဆိုးမျက်လုံးပညာရပ်၏ လျှို့ဝှက်ဆန်းကြယ်ပြီး မိစ္ဆာဆန်သည့် ဂုဏ်သတ္တိများမှာ အခြားပညာရပ်များနှင့် မတူသောကြောင့် နောက်ဆုံးတွင် အမှောင်ဂိုဏ်းမှာ ထိုပညာရပ်အား ပြုပြင်မွမ်းမံခဲ့လေသည်။ ထိုအချင်းအရာကို ကြည့်လျှင် နတ်ဆိုးမျက်လုံးပညာရပ်မှာ မည်မျှအထိ တမူထူးခြားကာ အစွမ်းထက်ကြောင်း သိနိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ နတ်ဆိုးမျက်လုံးပညာရပ်၏ မှတ်တမ်းများထဲတွင် အစွမ်းထက် အမှောင်ကျင့်ကြံသူတစ်ယောက် ရေးသားခဲ့သည့် ရှင်းလင်းချက်များကိုလည်း ဖတ်ရှုဖူးခဲ့သေးသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ ထိုပညာရပ်၏ မှတ်တမ်းများ ယွမ်ယင်အဆင့် ရပ်တန့်သွားသည့်အတွက် နှမြောတသ ဖြစ်နေခဲ့ခြင်း ဖြစ်၏။
” နတ်မျက်လုံး လူမှုအဖွဲ့စည်းနဲ့ နတ်ဆိုးမျက်လုံးပညာရပ်က တစ်နည်းနည်းနဲ့ ဆက်နွယ်နေတာပဲဖြစ်ရမယ်။ ဒီနေရာမှာ ငါ အဲဒီ ကျင့်ကြံခြင်းပညာရပ်ရဲ့ ပျောက်ဆုံးနေတဲ့ မှတ်တမ်းတွေကို ရှာတွေ့မလားမသိဘူး ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအရောင်တောက်ပလာ၏။ စစ်သင်္ဘောကြီးမှာမူ ထာဝရကြယ်ကြီး၏ အနီးသို့ ရောက်လာပြီဖြစ်ရာ အပူချိန်များမှာလည်း မြင့်တက်လာပြီဖြစ်သည်။ ထိုအချိန်တွင် မီးခိုးရောင်ချီများမှာ ထို ထာဝရကြယ်ထဲမှ ထိုးထွက်လာကာ စစ်သင်္ဘောကြီးအား လွှမ်းခြုံသွား၏။ ထို့နောက် ၎င်းတို့မှာ စစ်သင်္ဘောကြီး၏ ကိုယ်ထည်အား ကျော်ဖြတ်လာပြီး သင်္ဘောပေါ်ရှိ ကျင့်ကြံသူတိုင်းအား ရစ်ပတ်သွားတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ထူပူသွားရ၏။ သူသည် သူ၏ခန္ဓာကိုယ်အား ရစ်ပတ်နေသည့် မီးခိုးရောင်ချီများအား အကဲခတ်ရန် အချိန်မရလိုက်ပေ။ ခဏအကြာတွင် စစ်သင်္ဘောကြီးမှာ အပြင်းအထန် စတင်တုန်ရီလာတော့သည်။ ထို့နောက် ၎င်းမှာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းမျိုးဖြင့် ရှေ့သို့ ထိုးထွက်သွားပြီး ထာဝရကြယ်ထဲသို့ ဝင်ရောက်သွား၏။ ထို့နောက်….. ၎င်းမှာ ပျောက်ကွယ်သွားတော့သည်။
စစ်သင်္ဘောကြီးနှင့် သင်္ဘောပေါ်ရှိ ကျင့်ကြံသူများအားလုံးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
ထိုသို့ဖြင့် အချိန်မည်မျှမှန်းမသိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ခန္ဓာကိုယ်ထဲ၌ တဆစ်ဆစ် နာကျင်ကိုက်ခဲနေသည့် ဝေဒနာများနှင့်အတူ ပြန်လည်နိုးထလာ၏။ သူသည် မျက်ဝန်းများနီမြန်းနေပြီး အသက်ရှူသံများ လေးလံကာ မတည်မငြိမ်ဖြစ်နေသည်။
သူတစ်ယောက်တည်းသာ ဝေဒနာများ ခံစားနေရသည်မဟုတ်ပေ။ မဟာထိပ်သီး အကြီးအကဲကြီးအပါအဝင် စစ်သင်္ဘောကြီးပေါ်ရှိ အခြားကျင့်ကြံသူ အားလုံးမှာလည်း ကတုန်ကယင် ဖြစ်နေကြ၏။ အများစုမှာ သူတို့ ခံစားနေရသည့် နာကျင်မှုများကြောင့် မြေကြီးပေါ်သို့ လဲကျသွားကြပြီဖြစ်သည်။ ထို့အပြင် ထို အချင်းအရာများကို ခုခံနိုင်စွမ်းမရှိသော လူအချို့လည်း ရှိနေသေးသည်။ ထိုဖြစ်စဉ်ကြီးထဲတွင် မတော်တဆမှုတစ်ခုခု ဖြစ်ပွားခဲ့သောကြောင့်လားတော့ မသိပေ။ သူတို့၏ ခန္ဓာကိုယ်များမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲသွားကြပြီး သွေးစနှင့်အသားစများမှာ စစ်သင်္ဘောကြီး၏ နံရံများနှင့် ကြမ်းပြင်တို့ပေါ်တွင် ပေကျံနေကြ၏။
ထိုအချိန်တွင် မဟာထိပ်သီး အကြီးအကဲကြီးမှာ စိတ်အေးသွားသည့် အမူအရာဖြင့် သက်ပြင်းချလိုက်သည့်ပုံပင်။ ထို့နောက် သူ၏ ခပ်အောအော စကားသံကြီးမှာ လူတိုင်း၏ နားထဲ၌ ပေါ်ပေါက်လာ၏။
” ရောင်းရင်းတို့။ ကျုပ်ကို အပြစ်မတင်ပါနဲ့။ မဟာတောင်ထိပ်ဂိုဏ်းက ရှိသမျှအကုန် ပုံအောရမယ့် အခြေအနေကို ရောက်နေပြီမလို့ပါ။ ကျုပ်က ဂိုဏ်းတစ်ဂိုဏ်းလုံးနဲ့ ဂိုဏ်းထဲက ပစ္စည်းတွေကို ပေါင်နှံခဲ့ပြီးတော့ နတ်မျက်လုံး တော်ဝင်မိသားစု ပိုင်ဆိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် ပညာရပ်နှစ်ခုထဲက တစ်ခုဖြစ်တဲ့ နတ်ဆိုးတစ်သောင်း မျက်လုံးပညာရပ်ကို အသုံးပြုခွင့်ရအောင် လုပ်ခဲ့တာပါ ”
လူတိုင်းမှာ မဟာထိပ်သီး အကြီးအကဲကြီး၏ စကားကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားကြ၏။ အဆင့်နိမ့် ကျင့်ကြံသူများမှာဆိုလျှင် ဖြူဖပ်ဖြူရော်ဖြစ်သွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ကြောက်စိတ်များ ပေါ်ပေါက်လာသည်ကို အထင်းသား မြင်နိုင်ပေသည်။ ယွမ်ယင်အဆင့် အကြီးအကဲများမှာလည်း မျက်စိမျက်နှာ ပျက်နေကြပြီဖြစ်သည်။ သူတို့မှာ စစ်သင်္ဘောကြီး၏ အပြင်ဘက်ရှိ ကမ္ဘာကြီးအား တည်ကြည်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် လှမ်း၍ ငေးကြည့်နေကြ၏။ ထို့နောက် သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် ဂိုဏ်းထဲ၌ သက်တမ်းအရင့်ဆုံးဖြစ်သည့် အကြီးအကဲကြီးမှာ စကားပြောလိုက်တော့သည်။
” မဟာထိပ်သီး အကြီးအကဲကြီး။ ဒါက အရမ်းကို အရေးကြီးတဲ့ ကိစ္စတစ်ခုလေ။ အခုလို မလုပ်ခင် ကျွန်တော်တို့ကိုတော့ အရင်ဆုံး ပြောပြထားသင့်တာပေါ့… ”
ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွား၏။ သူသည် အသက်ကို ကြိုးစားရှူကာ ခေါင်းမော့လိုက်ပြီး အာကာသကြီးအား လှမ်းကြည့်လိုက်သည်။ သူသည် မဟာထိပ်သီး အကြီးအကဲကြီး ဂိုဏ်းအား ပေါင်နှံခဲ့သည့် ကိစ္စနှင့် ပတ်သတ်၍ ဂရုစိုက်နေခြင်းမရှိပေ။ သူ စိတ်ဝင်စားနေသည့် အချက်သုံးချက်သာ ရှိပေသည်။ ပထမအချက်မှာ တော်ဝင်မိသားစု၊ ဒုတိယအချက်မှာ အစွမ်းထက် လျှို့ဝှက်ဆန်းကြယ် ပညာရပ်နှစ်ခုနှင့် တတိယအချက်မှာ… နတ်ဆိုးတစ်သောင်းမျက်လုံး ပညာရပ်တို့ ဖြစ်ကြပေသည်။
” အဲတော့ တော်ဝင်မိသားစုက… ” ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွား၏။ ထို့နောက် သူသည် အာကာသကြီးအား ထပ်၍ အကဲခတ်ကြည့်လိုက်သောအခါ မျက်ဝန်းများ အရောင်လက်သွားရသည်။ သူသည် နတ်မျက်လုံး လူမှုအဖွဲ့စည်းနှင့် ၎င်း၏ ထာဝရကြယ်တို့ကို မမြင်ရတော့ပေ။ သူ မြင်နေရသည့် အရာအကြီးမှာ ထာဝရကြယ်တစ်လုံး ဖြစ်နိုင်ပါသော်လည်း ၎င်း၏ အရွယ်အစားမှာ သိသိသာသာပို၍ သေးငယ်နေ၏။ ၎င်းမှာ မှေးမှိန်ပျောက်ကွယ်သွားတော့မည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။
သူတို့ ရောက်နေသည့်နေရာမှာ…. နတ်မျက်လုံး လူမှုအဖွဲ့အစည်း မဟုတ်တော့ပေ။
” ကြယ် အဖွဲ့အစည်းတွေကို ဖြတ်ပြီးတော့ တည်နေရာပြောင်းရွှေ့လိုက်တာများလား ” ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မဟာထိပ်သီး အကြီးအကဲကြီး ပြောခဲ့သည့် နတ်ဆိုးတစ်သောင်းမျက်လုံး ပညာရပ်အား အသုံးပြုခဲ့သည်ဆိုသော စကား၏ အဓိပ္ပါယ်ကို နားလည်သွားတော့သည်။ ၎င်းမှာ အဆင့်မြင့် တည်နေရာပြောင်းရွှေ့ခြင်းတစ်ခုကို ဆိုလိုခြင်းဖြစ်၏။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အတွေးများထဲ၌ နစ်မျောနေရင်း သူ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရစ်ပတ်နေသော မီးခိုးရောင် မြူခိုးများအား လေ့လာကြည့်လိုက်သည်။ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် ပြီးသွားသည့်တိုင်အောင် ထို မြူခိုးများမှာ ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ သင်္ဘောပေါ်ရှိ လူတိုင်းအား ရစ်ပတ်လွှမ်းခြုံထားဆဲပင်။ သို့သော် ၎င်းတို့မှာ အနည်းငယ်မျှသာ ကျန်ရှိတော့သောကြောင့် အာရုံမစိုက်ပါက ၎င်းတို့အား သတိထားမိမည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာလည်း သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးမျက်လုံးပညာရပ်ကြီး နိုးထလာခဲ့ပြီး ထို မီးခိုးရောင် မြူခိုးများအား ဝါးမျိုပစ်ချင်သည့် ဆန္ဒများကို ထုတ်လွှတ်နေသောကြောင့်သာ သတိထားမိခဲ့ခြင်း ဖြစ်သည်။
သူတို့မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် မိုင်ပေါင်းများစွာ ကွာဝေးနေသောကြောင့်လားတော့မသိပေ။ ဝမ်ပေါင်လဲ့မှာ နတ်ဆိုးမျက်လုံးပညာရပ်၏ ဆာလောင်မွတ်သိပ်မှုများကို ထိန်းချုပ်နိုင်စွမ်းရှိသွားပြီဖြစ်သည်။ သူသည် ထာဝရကြယ်ကြီး မျက်လုံးတစ်လုံးအဖြစ် ထူးဆန်းစွာ ပြောင်းလဲသွားခဲ့သည့် အချက်ကို စဉ်းစားတွေးတောနေ၏။ ထိုဖြစ်ရပ်ကြီးပြီးနောက် နောက်ထပ် မည်သည့်အချင်းအရာများ ဆက်ဖြစ်ခဲ့သည်ကို သူက မသိသေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သတိကြီးကြီးထားကာ အလောတကြီး မပြုမူရန်သာ ဆုံးဖြတ်လိုက်၏။ သူသည် နောက်သို့လှည့်ကာ အကြီးအကဲကြီးများ၏ မေးမြန်းခြင်းကို ခံနေရသော မဟာထိပ်သီး အကြီးအကဲကြီးအား လှည့်ကြည့်လိုက်သည်။
မဟာထိပ်သီး အကြီးအကဲကြီးမှာမူ အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်ဝန်းများ စူးရှစွာတောက်ပသွား၏။
” အဲတော့ မင်းတို့ကို အခုမှ ပြောပြတာ နောက်ကျသွားပြီဆိုတဲ့ သဘောလား ”
ထိုအခါ ဂိုဏ်းထဲ၌ သက်တမ်းအရင့်ဆုံးသော အကြီးအကဲကြီးမှာ ငြိမ်ကျသွားသည်။ ဝမ်ပေါင်လဲ့ အပါအဝင် အခြား အကြီးအကဲကြီးများမှာလည်း ထိုနည်းတူပင်။
မဟာထိပ်သီး အကြီးအကဲကြီးမှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် အကြီးအကဲ အားလုံးအား အကဲခတ်လိုက်၏။ ထို့နောက် သူသည် ဖြည်းဖြည်းချင်း ဆိုလိုက်တော့သည်။
” ဂိုဏ်းရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကျုပ် ခဗျားတို့ကို အသေးစိတ်ရှင်းပြနေစရာ မလိုပါဘူး။ ခဗျားတို့တွေ အကုန်လုံး တခြားလူတွေထက် ပိုသိကြမှာပါ။ တခြားဂြိုဟ်တွေဆီ သွားပြီးတော့ လုယက်ဖို့ဆိုတာ လုံးဝနီးပါး မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲ။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းရဲ့ ဘေးနားတစ်ဝိုက်မှာရှိတဲ့ ကြယ်အဖွဲ့အစည်းတွေ အကုန်လုံးက ပြောင်သလင်းခါနေအောင် ဓားပြတိုက်ခံထားရပြီးပြီမလို့ ကျုပ်တို့အတွက် ဘာမှကျန်မှာမဟုတ်တော့ဘူး။ အရင်တုန်းကဆိုရင် ဒါက မဟာတောင်ထိပ်ဂိုဏ်းအတွက် ပြဿနာတစ်ခုမဟုတ်ပေမယ့် အခု ကျုပ်တို့က သေရေးရှင်ရေး အနေအထားကို ရောက်နေပြီလေ။ ကျုပ်တို့ရဲ့ ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်ဖို့အတွက် အချီကြီး ပွပေါက်တိုးဖို့ လိုတယ်… အဲတာကြောင့် မသေရုံတမယ် ခြိုးခြံချွေတာနေမယ့်အစား အရဲစွန့်လိုက်တာ ပိုမကောင်းဘူးလား ”
” အဲတာမလို့ ကျုပ်က ဂိုဏ်းကိုပေါင်နှံခဲ့ပြီးတော့ နတ်ဆိုးတစ်သောင်းမျက်လုံးပညာရပ် အသုံးပြုခွင့်ကို ဝယ်ယူခဲ့တာပဲ။ ကျုပ်တို့တွေ နတ်မျက်လုံး လူမှုအဖွဲ့အစည်းနဲ့ အဝေးကြီးမှာရှိတဲ့ စကြဝဠာ အစိတ်အပိုင်းတစ်ခုဆီကို အသွားအပြန် လုပ်ခွင့်ရှိတယ် ”
” ကျုပ် ခဗျားတို့အကုန်လုံးကို ရိုးရိုးသားသားပဲ ဝန်ခံလိုက်မယ်။ ကျုပ်တို့တွေ မအောင်မြင်ဘဲ ရှုံးနိမ့်သွားမယ်ဆိုရင် ကျုပ်က စစ်သင်္ဘောကြီးကို သိမ်းထားပြီး ပြန်တော့မှာမဟုတ်ဘူး။ ခဗျားတို့တွေ နတ်ဆိုးတစ်သောင်းမျက်လုံးပညာရပ်ကို သုံးပြီး နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီကို ပြန်ချင်တယ်ဆိုရင် ရင်းမြစ်ပစ္စည်းအလုံအလောက် စုဆောင်းခဲ့ကြ ”
” ကျုပ်ပြောချင်တာ ဒါ အကုန်ပဲ။ ကျေးဇူပြုပြီးတော့… သေသေချာချာ စဉ်းစားကြပါ ”
မဟာထိပ်သီး အကြီးအကဲကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့နှင့် အခြားအကြီးအကဲကြီးများအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်သွားပြီး လေ့ကျင့်ရေး အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။ သူ၏ လုပ်ရပ်ကြောင့် လူအများစု ထိတ်ထိတ်ပျာပျာ ဖြစ်သွားမည်ကို သူက သိထားပါသော်လည်း ဂရုမစိုက်ပေ။ သူသည် မလိုအပ်သော ဆုံးရှုံးမှုများ ထပ်၍ မပေါ်ပေါက်လာနိုင်စေရန် အခြားသူများအား သူပြောခဲ့သည့် စကားများကို သေသေချာချာ စဉ်းစားတွေးတောခွင့် ပေးလိုက်၏။
မဟာထိပ်သီး အကြီးအကဲကြီး ထွက်ခွာသွားသည်နှင့် ကျင့်ကြံသူများမှာ ဆူညံပွက်လောရိုက်သွားကြ၏။ လူတိုင်းမှာ အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြပြီဖြစ်သည်။ အကြီးအကဲကြီးအချို့ပင်လျှင် ဒေါသစိတ်များကြောင့် မျက်လုံးများ နီမြန်းနေကြပါသော်လည်း ဘာမှမတတ်နိုင်ဘဲ ဖြစ်နေရသည်။
မဟာထိပ်သီး အကြီးအကဲကြီး၏ စကားလုံးများမှာ တဲ့တိုးဖြစ်နေပါသော်လည်း အမှန်တရားများသာ ဖြစ်ပေသည်။ အကယ်၍ မဟာတောင်ထိပ်ဂိုဏ်းမှာ ၎င်း၏ ဘဏ္ဍာအား ဖြည့်တင်းနိုင်ခြင်းမရှိပါက အချိန်အကြာကြီး ဆက်လက်တည်မြဲနေနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ… အရဲစွန့်လိုက်ခြင်းမှာ ပို၍ ကောင်းပေသည်။
ဝမ်ပေါင်လဲ့မှာ မဟာထိပ်သီး အကြီးအကဲကြီးသည် ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက် ဖြစ်ကြောင်း မှတ်ယူလိုက်၏။ သူသည် လူတိုင်း၏ ပတ်ပတ်လည်တွင် မြင်နေရသည့် မီးခိုးရောင် မြူခိုးများအား ပြန်၍သတိရသွားသောအခါ ၎င်းတို့မှာ မည်သည့်အရာများဖြစ်ကြောင်း နားလည်သဘောပေါက်သွားတော့သည်။ ၎င်းတို့မှာ သူတို့အား အိမ်သို့ ပြန်ခေါ်သွားပေးမည့် နတ်ဆိုးတစ်သောင်းမျက်လုံးပညာရပ်၏ အမှတ်အသားတစ်ခု ဖြစ်ရပေမည်။
” ကြည့်ရတာ နတ်ဆိုးတစ်သောင်းမျက်လုံးပညာရပ်က ခရီးအဝေးကြီးကို တည်နေရာပြောင်းရွှေ့နိုင်အောင် ကူညီပေးနိုင်တဲ့ ပုံပဲ။ ပြီးရင် သူ့ရဲ့ အမှတ်အသားတွေကလည်း လူတွေကို နတ်မျက်လုံး အဖွဲ့အစည်းဆီ တိုက်ရိုက်ပြန်ရောက်အောင် ဆင့်ခေါ်နိုင်စွမ်းရှိတယ်။ အဲတော့ ဒါက အသွားအပြန် နှစ်လမ်းရှိတဲ့ မန္တန်အစီတစ်ခုလား ” ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ဇဝေဇဝါဖြစ်နေရ၏။ ၎င်းမှာ သူ လေ့ကျင့်နေသည့် နတ်ဆိုးမျက်လုံးပညာရပ်နှင့် လုံးဝမတူပေ။ သို့သော် သူသည် ထိတ်ထိတ်ပျာပျာ ဖြစ်နေခြင်းမရှိဘဲ တည်ကြည်မှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့် သူ၏ ဘေးနားတစ်ဝိုက်ရှိ အကြီးအကဲကြီးများနှင့် စကားပြောနေလိုက်တော့သည်။ သူသည် တော်ဝင်မိသားစုအကြောင်းနှင့် နတ်ဆိုးတစ်သောင်းမျက်လုံးပညာရပ်၏ အကြောင်းများကို ထပ်၍ စုံစမ်းနိုင်ရန် ကြံရွယ်ထား၏။
အကြီးအကဲကြီးများမှာလည်း ခံစားချက်ကိုယ်စီဖြင့် အာရုံများ ထွေပြားနေကြသည်ဖြစ်ရာ ဝမ်ပေါင်လဲ့၏ မေးခွန်းများနှင့် ပတ်သတ်၍ များများစားစား တွေးတောနေခြင်းမရှိဘဲ ပြန်ဖြေပေးခဲ့ကြ၏။ သို့ဖြစ်ရာ သိပ်မကြာခင်တွင် သူသည် သူ လိုချင်နေသည့် အဖြေများကို ရရှိသွားတော့သည်။
အပေါ်ယံတွင် တော်ဝင်မိသားစုနှင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အကြီးထဲ၌ တည်ငြိမ်အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နေကြသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ ထိုအဖွဲ့အစည်း နှစ်ခုကြားတွင် နက်ရှိုင်းသော တင်းမာမှုများ ရှိနေ၏။
တော်ဝင်မိသားစုမှာ ဂိုဏ်းကြီးသုံးဂိုဏ်း ၎င်းတို့၏ နေရာသို့ အစားထိုးဝင်ရောက်လာသည်ကို လက်ပိုက်ကြည့်နေရန် ဆန္ဒမရှိပေ။ သို့သော် ၎င်းမှာ ဂိုဏ်းကြီးသုံးဂိုဏ်းဆီသို့ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာများအား ပြန်လည်သိမ်းယူနိုင်စွမ်းမရှိသလို ၎င်းတို့အား ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းလည်း မရှိပေ။ လက်ရှိတွင် တော်ဝင်မိသားစုမှာ ပျက်စီးလုနီးပါး အခြေအနေသို့ ရောက်နေရပြီ ဖြစ်သည်။ ဂိုဏ်းကြီးသုံးဂိုဏ်းမှာ တော်ဝင်မိသားစုအား အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ရန် ဆန္ဒရှိပါသော်လည်း မည်သည့်အကြောင်းအရင်းများကြောင့်မှန်းမသိ ၎င်းတို့အား ရှင်းထုတ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။
တော်ဝင်မိသားစုအား ယနေ့အထိ ဆက်လက်တည်မြဲနေအောင် ကူညီပေးနေခဲ့သလို ဂိုဏ်းကြီးသုံးဂိုဏ်းအား တော်ဝင်မိသားစုကို အပြီးတိုင် ဖျက်ဆီးချေမှုန်းနိုင်စွမ်းမရှိအောင် တားဆီးပေးနေခဲ့သည့် အရာမှာ… တော်ဝင်မိသားစု ပိုင်ဆိုင်သော လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကြီးနှစ်ခု ဖြစ်ပေသည်။
အကြီးအကဲကြီးများမှာ ပထမ လျှို့ဝှက်ဆန်းကြယ် ပညာရပ်အကြောင်းနှင့် ပတ်သတ်၍ လုံးဝမသိကြပေ။ သူတို့မှာ ထို ပညာရပ်နှင့် ပတ်သက်သည့် ဒဏ္ဍာရီများနှင့် ၎င်းမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူများကိုပင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့သွားစေနိုင်သည်ဆိုသော အချက်ကိုသာ သိရှိထားသည်။ ထိုပညာရပ်အား တော်ဝင်မိသားစုကသာ လေ့ကျင့်နိုင်စွမ်းရှိသောကြောင့် အပြင်လူများမှာ ၎င်းအား ခိုးယူနိုင်ကြမည်မဟုတ်ပေ။
ဒုတိယ လျှို့ဝှက်ဆန်းကြယ် ပညာရပ်မှာမူ နတ်ဆိုးတစ်သောင်းမျက်လုံးပညာရပ် ဖြစ်ပေသည်။ တော်ဝင်မိသားစုမှာ ထို ပညာရပ်၏ ပိုင်ရှင်ဖြစ်ပြီး တမူထူးခြားသည့် အကြောင်းအရင်အချို့ကြောင့် ၎င်း၏ ပိုင်ဆိုင်မှုအား တော်ဝင်မိသားစု အပြင်ဘက်မှ လူများဆီသို့ လွှဲပြောင်းပေး၍ မရပေ။ သို့ဖြစ်ရာ ၎င်းမှာ တော်ဝင်မိသားစု၏ သွေးမျိုးဆက်နှင့် ဆက်နွယ်နေသည့်ပုံပင်။ သို့သော် အသုံးပြုခွင့်များမှာမူ မတူပေ။ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ လက်ရှိ နိုင်ငံရေးအခြေအနေများအရ တော်ဝင်မိသားစုမှာ ထို လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား မောင်ပိုင်စီးထားခွင့် မရှိတော့ချေ။ ယခုတွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ထို ပညာရပ်၏ အသုံးပြုခွင့်အား သိမ်းပိုက်ထားကြပြီဖြစ်သည်။
” စိတ်ဝင်စားစရာပဲ ” ဝမ်ပေါင်လဲ့မှာ သူ သိလိုသည့် အရာများကို လေ့လာသိရှိလိုက်ရပြီးနောက် မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူသည် နတ်ဆိုးမျက်လုံးပညာရပ် သူ၏ ကျင့်ကြံခြင်းအဆင့်အား ကြောက်မက်ဖွယ်ရာကောင်းသည့် အဆင့်များအထိ ရောက်သွားအောင် မြှင့်တင်ပေးနိုင်ခဲ့သည့် အချက်ကို စဉ်းစားတွေးတောရင်း တော်ဝင်မိသားစု၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား ရယူလိုသည့် ဆန္ဒများ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
” နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲကနေ အလောတကြီး ထွက်သွားစရာမလိုပါဘူး။ တော်ဝင်မိသားစုဆီမှာ… ပိုပြီးတော့အဆင့်မြင့်တဲ့ နတ်ဆိုးမျက်လုံးပညာရပ်တစ်ခု ရှိနေလောက်တယ် “