ဝမ်ပေါင်လဲ့မှာ အနာဂတ်အကြောင်းကို ကြိုတွေးရင်း စိတ်လှုပ်ရှားနေရပြီဖြစ်သည်။ ထိုအချိန်တွင် သူသည် ဤ လုယက်မှု၌ ပါဝင်ကြမည့် ကျင့်ကြံသူများ၏ ခုနစ်ဆယ် ရာခိုင်နှုန်းခန့်မှာ ကိုယ်ကျိုးရှာရန်သာ ကြံရွယ်နေကြသည့် ဂိုဏ်းသားများဖြစ်ကြောင်း သိလိုက်ရ၏။
ကျန်အဖွဲ့ဝင်များမှာလည်း ဂိုဏ်းအတွက် များများစားစား ကူညီထောက်ပံ့ပေးခဲ့ခြင်းမရှိသော သာမန်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပေသည်။ ထို ကျင့်ကြံသူများ မရှိလည်း ဂိုဏ်းမှာ ပျက်စီးသွားမည်မဟုတ်ပေ။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူတို့အား စစ်သင်္ဘောကြီးပေါ်၌ မြင်လိုက်ရသောအခါ အံ့အားသင့်သွားရ၏။
သို့သော် သူသည် သိပ်မကြာခင်တွင် ထွက်ခွာသွားတော့မည်ဖြစ်ရာ ထိုကိစ္စအား ခေါင်းထဲ၌ ထည့်ထားခြင်းမရှိပေ။ သူသည် သူ၏ အငွေ့အသက်အား ဖုံးကွယ်ရမည့် အခိုက်အတန့်သို့ ရောက်ရှိလာမည့် အချိန်အတွက်သာ အာရုံအပြည့်စိုက်ထားသည်။
မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးမှာ ခဏအကြာတွင် ရုတ်ခြည်းဆိုသလို အရှိန်မြှင့်တင်လိုက်၏။ ၎င်း၏ အင်ဂျင်စက်သံများမှာ လေထဲတွင် ဆူညံပွက်လောရိုက်သွားပြီးနောက် ထို စစ်သင်္ဘောကြီးမှာ လေထုထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။ ထို စစ်သင်္ဘောကြီးမှာ လေထုထဲ၌ ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင်ကဲ့သို့ အသံမျိုးစုံထုတ်လွှတ်ကာ ပျံသန်းနေသည်။ ၎င်းမှာ နာရီဝက်အတွင်းတွင် ဂြိုဟ်ကြီး၏ လေထုထဲမှ ထွက်ခွာသွားပြီး အာကာသထဲ၌ ပေါ်ပေါက်လာတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မျက်လုံးများ မှေးသွား၏။ သူသည် အာကာသထဲ၌ လည်ပတ်နေသည့် နတ်မျက်လုံး ပင်မဂြိုဟ်အား မြင်နေရသည်။ ၎င်း၏ ပတ်ပတ်လည်တွင်မူ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ရာပေါင်းများစွာသော စစ်သင်္ဘောကြီးများ ဝဲပျံနေကြသည်။ ထို စစ်သင်္ဘော တစ်စင်းချင်းစီတိုင်းမှာ အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားများကို ထုတ်လွှတ်နေကြ၏။ ၎င်းတို့မှာ ဤ ဂြိုဟ်ကြီးအား အဝင်အထွက် ပိတ်ဆို့ထားကြသည့် စစ်သင်္ဘောကြီးများ ဖြစ်ကြပေသည်။ ထို စစ်သင်္ဘောကြီးတန်းကြီး၏ နောက်တွင်မူ ဧရာမ ဥက္ကာပျံကြီးတစ်လုံး ရှိနေ၏။
ပို၍တိတိကျကျ ဆိုရမည်ဆိုလျှင် ၎င်းမှာ ဥက္ကာပျံတစ်လုံးဖြင့် ဖန်တီးတည်ဆောက်ထားသော ခံတပ်ကြီးတစ်ခု ဖြစ်ပေသည်။
ထို ခံတပ်ကြီးမှာ အာကာသထဲတွင် မျောလွင့်နေခြင်းမရှိပေ။ သက်တံ့ရောင် ဧရာမ ရေခူကြီးတစ်ကောင်မှာ ၎င်းအား ဆွဲလာခြင်း ဖြစ်သည်။
ထို ရေခူကြီးမှာ တောက်ပသော အလင်းရောင်များနှင့် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ စွမ်းအင်လှိုင်းများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေပြီး ထိုရေခူကြီး၏ ပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်အား လွှမ်းခြုံထားသည်။ အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ထို ရေခူကြီးထဲတွင် မှုန်ဝါးဝါး လူရိပ်တစ်ခု တင်ပျဉ်ခွေထိုင်နေသည်ကို မြင်နိုင်ပေသည်။ ထို ပုဂ္ဂိုလ်ဆီမှ မည်သည့် ဝိညာဉ်စွမ်းအင်မှ ထွက်ပေါ်လာနေခြင်းမရှိပေ။ သို့သော် သူ့အား မြင်လိုက်ရရုံနှင့် ကြောက်ရွံ့တုန်လှုပ်သွားပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာရမည်သာဖြစ်သည်
ထိုသူမှာ… ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီး ဖြစ်ပေသည်။
ဂြိုဟ်ထဲသို့ အဝင်အထွက်လုပ်နေသည့် စစ်သင်္ဘောကြီးများအား လမ်းကြောင်းနှစ်ခု ခွဲပေးထား၏။ ၎င်းတို့မှာ အလှည့်ကျတန်းစီကာ ထို သက်တံ့ရောင် ရေခူကြီး၏ဘေးမှ ဖြတ်ပျံသွားရသည်သာ ဖြစ်သည်။ ထိုသို့ ဖြတ်ပျံသွားချိန်တွင် ထိုရေခူကြီးမှာ အလင်းတန်းများထုတ်လွှတ်ကာ ထို စစ်သင်္ဘောကြီးများအား စစ်ဆေးလိုက်မည်ဖြစ်သည်။ အကယ်၍ ထိုစစ်ဆေးမှုမှာ ချောမွေ့စွာ ပြီးဆုံးသွားမည်ဆိုပါက ထို စစ်သင်္ဘောမှာ ကျော်ဖြတ်ခွင့် ရသွားမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ စိုးထိတ်သွားရ၏။ ထို့နောက် သူသည် အခြေအနေတစ်ခုလုံးအား အသေးစိတ် လေ့လာလိုက်ပြီးနောက် တဖြည်းဖြည်းနှင့် ပြန်၍ တည်ငြိမ်လာတော့သည်။
” အဆင်ပြေမှာပါ ” ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူသည် သူ၏ ဘေးနားတစ်ဝိုက်တွင် ရှိနေသော အခြားသူများကို အကဲခတ်လိုက်သောအခါ သူတစ်ယောက်သာလျှင် စိုးရိမ်နေခြင်းမဟုတ်ကြောင်း သိလိုက်ရ၏။ အခြား အကြီးအကဲကြီးများမှာလည်း ထိန်လန့်ကြောက်ရွံ့နေကြပြီ ဖြစ်သည်။ မဟာထိပ်သီး အကြီးအကဲကြီးပင်လျှင် စိုးရိမ်တကြီး ဖြစ်နေရသည်။
သူတို့မှာ အပြစ်ကျူးလွန်မိထားသောကြောင့် မဟုတ်ဘဲ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများကို လေးစားကြောက်ရွံ့နေကြသောကြောင့်သာ ထိုကဲ့သို့ ဖြစ်နေကြခြင်း ဖြစ်သည်။
ထို စစ်သင်္ဘောကြီးမှာ ဂြိုဟ်ထဲမှ ထွက်ခွာနိုင်ရန် တန်းစီကာ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်၏။ နှစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် သူတို့ အစစ်ဆေးခံရမည့်အလှည့်သို့ ရောက်ရှိလာတော့သည်။ သူတို့၏ စစ်သင်္ဘောကြီးမှာ ရေခူကြီးဆီသို့ ဖြည်းဖြည်းချင်း ဦးတည်သွားနေပြီဖြစ်သည်။ သက်တံ့ရောင် အလင်းတန်းများ စစ်သင်္ဘောကြီးအား ဖုံးလွှမ်းသွားသောအခါ ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အားကောင်းသော နတ်ဘုရားအာရုံတစ်ခု သူ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရ၏။
ထိုအခါ သူ၏ အသိစိတ်နှင့် သိုလှောင်အိတ်များထဲမှ အကာအကွယ်အားလုံးမှာ ပျောက်ကွယ်သွားသည်။ ထို့ကြောင့် ထို နတ်ဘုရားအာရုံကြီးမှာ သူတွေးနေသည့် အရာများနှင့် သူ၏ သိုလှောင်အိတ်များထဲမှ ပစ္စည်းများအားလုံးကို ကြည့်ရှုနိုင်စွမ်းရှိသွားတော့သည်။
ထိုအချိန်တွင် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ပေးထားသော ပညာရပ်မှာ လျှို့ဝှက်ဆန်းကြယ်စွာ အစွမ်းထုတ်ပြလိုက်တော့သည်။ ၎င်းမှာ အဆုံးမဲ့မျိုးနွယ်စု၏ ပထမအဆင့် နတ်ဘုရင်ကြီး ပေးအပ်ခဲ့သော လက်ဆောင်တစ်ခု မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးကာ ထို နတ်ဘုရားအာရုံအား လှည့်စားပေးလိုက်၏။
ဝမ်ပေါင်လဲ့မှာ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသော်လည်း ဝိညာဉ်ကြားခံနယ်အဆင့်သို့ မရောက်သေးပေ။ ထို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးမှာ အပေါ်ယံမျှ စစ်ဆေးခဲ့သောကြောင့်သာ ထို လှည့်စားမှုမှာ အလုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ထိုစစ်ဆေးမှုမှာ ယခုထက်ပို၍ အနုစိတ်နေမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ၎င်းအား အောင်မြင်စွာ ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ထားခြင်းမရှိပေ။
သူတို့မှာ ဆယ်စက္ကန့်ကျော် စစ်ဆေးမှုခံယူလိုက်ကြပြီးနောက် ထွက်ခွာခွင့် ရသွားပြီဖြစ်ကြောင်း အသိပေးသည့် အကြောင်းကြားစာအား လက်ခံရရှိလိုက်သဖြင့် စိတ်အေးသွားကြတော့သည်။ မဟာထိပ်သီး အကြီးအကဲကြီးမှာမူ စစ်သင်္ဘောကြီးအား ရေခူကြီး၏ အဝေးသို့ မောင်းနှင်သွားလိုက်၏။ ခဏအကြာတွင် ထို စစ်သင်္ဘောကြီးမှာ တဖြည်းဖြည်းနှင့် အရှိန်မြန်လာပြီး အပြင်ဘက် အာကာသထဲသို့ ဦးတည်ပျံသန်းသွားတော့သည်။
” ငါ စိတ်ရှည်မှဖြစ်မယ်။ ငါတို့က ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူရဲ့ နတ်ဘုရားအာရုံ နယ်ပယ်ထဲမှာ ရှိနေတုန်းပဲ။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှာလည်း လျှို့ဝှက်အန္တရာယ်တွေ ကျန်ရှိနေလောက်သေးတယ်။ အဲတာမလို့ နတ်မျက်လုံး ကြယ်အဖွဲ့အစည်းထဲကနေ ထွက်ခွာသွားပြီးမှ လှုပ်ရှားတာ အကောင်းဆုံးပဲ… ” ဝမ်ပေါင်လဲ့မှာ အပြင်ပန်းတွင် အမူအရာမပျက် ရှိနေဆဲဖြစ်ပါသော်လည်း စိတ်ထဲတွင်မူ ထွက်ပြေးလွတ်မြောက်နိုင်ရန် လိုအပ်သည့် အစီအစဉ်များကို အသေးစိတ်ရေးဆွဲနေပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် အရဲမစွန့်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် စစ်သင်္ဘောကြီး နတ်မျက်လုံး ကြယ်အဖွဲ့အစည်းထဲမှ ထွက်ခွာပြီးသွားသည့်အချိန်အထိ စောင့်ဆိုင်းပြီးမှ ထွက်ပြေးတော့မည် ဖြစ်သည်။
နတ်မျက်လုံး ပင်မဂြိုဟ်ကြီး သူတို့၏နောက်တွင် ကျန်ရစ်ခဲ့သောအခါ သူ၏ စိုးရိမ်စိတ်များမှာလည်း တဖြည်းဖြည်းနှင့် လျော့ကျသွားရ၏။ သူသည် သူ ပြည်ထောင်စုကြီးဆီသို့ ပြန်ရောက်သွားသည့် အချိန်တွင် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့၏ မျက်နှာများပေါ်၌ ပေါ်ပေါက်လာမည့် အမူအရာများကို ကြိုတင်တွေးတောရင်း စိတ်လှုပ်ရှားလာရတော့သည်။
” ငါ ပြည်ထောင်စုဥက္ကဋ္ဌကြီးဖြစ်လာမှာကို ဘယ်သူကမှ တားနိုင်မှာ မဟုတ်ဘူးကွ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောနေရင်း အချက်တစ်ချက်ကို သတိထားမိသွား၏။ သူတို့၏ စစ်သင်္ဘောကြီး မောင်းနှင်နေသည့် လမ်းကြောင်းမှာ ထူးဆန်းနေခြင်းဖြစ်သည်။ သူမြင်နေရသည့် ကြယ်များ၏ တည်နေရာများမှာ သူ မြေပုံများပေါ်တွင် ကြည့်ရှုခဲ့ဖူးသည် ကြယ်များ၏ တည်နေရာများနှင့် မတူဘဲ ကွဲပြားခြားနားနေ၏။
ထို စစ်သင်္ဘောကြီးမှာ နတ်မျက်လုံး ကြယ်အဖွဲ့အစည်း၏ အပြင်ဘက်သို့ ဦးတည်သွားနေခြင်းမဟုတ်ဘဲ… ထို ကြယ်အဖွဲ့အစည်း၏ အလယ်ဗဟိုရှိ ကြယ်ကြီးဆီသို့ ဦးတည်ပျံသန်းနေခြင်းဖြစ်သည်။
ထိုအချက်ကြောင့် ဝမ်ပေါင်လဲ့မှာ မှင်တင်သွားရ၏။ သို့သော် သူတစ်ယောက်တည်း မဟုတ်ပေ။ အခြား အကြီးအကဲကြီးများနှင့် ကျင့်ကြံသူ အချို့မှာလည်း တအံ့တသြ ဖြစ်နေကြရပြီဖြစ်သည်။ သူတို့မှာ စစ်သင်္ဘောကြီးအား ထိန်းချုပ်မောင်းနှင်နေသည့် မဟာထိပ်သီးအကြီးအကဲကြီးအား လှမ်းကြည့်လိုက်ကြ၏။
အကြီးအကဲကြီးတစ်ယောက် မေးခွန်းမေးရန်ပြင်လိုက်စဉ်မှာပင် မဟာထိပ်သီးအကြီးအကဲကြီးမှာ ရုတ်တရက်ဆိုသလို မန္တန်လက်ကွက်များဖော််ကာ လက်ဖဝါးနှစ်ဖက်စလုံးအား စစ်သင်္ဘောကြီး၏ ခလုတ်ခုံပေါ်သို့ ဖိချလိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး စစ်သင်္ဘောကြီးအား ရှေ့သို့ အရှိန်အဟုန်ပြင်းစွာ တွန်းထုတ်ပေးလိုက်တော့သည်။ ထို့နောက် အာကာသထဲ၌ မိုးခြိမ်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ထို စစ်သင်္ဘောကြီးမှာ ထာဝရကြယ်ဆီသို့ အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းဖြင့် ဦးတည်သွားနေတော့သည်။
ထို စစ်သင်္ဘောကြီးမှာ အလင်း၏ အမြန်နှုန်းဖြင့် အာကာသကြီးအား ထိုးခွင်းသွားသကဲ့သို့ ဖြစ်နေသောကြောင့် အရာအားလုံးမှာ တွန့်လိမ်ပုံပျက်သွားရ၏။
ဝမ်ပေါင်လဲ့မှာမူ အထိတ်တလန့်ဖြစ်သွားပြီး မျက်စိမျက်နှာ ပျက်သွားရသည်။ သူသည် ဖြစ်ကြောင်းကုန်စင်ကို နားမလည်ပါသော်လည်း အခြေအနေ မဟန်တော့ကြောင်း ရိပ်မိလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူသည် မျက်လုံးများမှေးသွားပြီး ထာဝရဂြိုဟ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေသည် စစ်သင်္ဘောကြီး၏ အပြင်ဘက်သို့ အတင်းအဓမ္မ ပြေးထွက်ရန် ပြင်လိုက်၏။ ထိုအချိန်တွင် သူသည် ရုတ်တရက်ဆိုသလို မျက်လုံးများပြူးသွားရတော့သည်။
သူ၏ ခန္ဓာကိုယ်ထဲ၌ ကိန်းအောင်နေသည့် နတ်ဆိုးမျက်လုံးပညာရပ်မှာ ယခုတွင်… အလိုလို စတင်လည်ပတ်လာခြင်း ဖြစ်၏။ ၎င်းမှာ သားရဲကြီးတစ်ကောင်၏ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များကိုသာမက၊ အမျက်ဒေါသများနှင့် ဆာလောင်မွတ်သိပ်မှုများကို ထုတ်လွှတ်ပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသော လေထုကြီးမှာလည်း တွန့်လိမ်ပုံပျက်လာပြီး သူ၏ နတ်ဆိုးမျက်လုံးကြီးမှာလည်း ရုပ်လုံးပေါ်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ သူသည် ထို နတ်ဆိုးမျက်လုံး ရုပ်လုံးပေါ်မလာအောင် တားဆီးရန် ၎င်းအား ချုပ်တည်းလိုက်ရ၏။ သို့သော် နတ်မျက်လုံး ပညာရပ်မှာမူ သူ၏ခန္ဓာကိုယ်ထဲ၌ လည်ပတ်နေဆဲပင်။
” ဘာတွေဖြစ်နေတာလဲ။ ငါ လူမိသွားတာလားဟ ” ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားလာရပြီး အသက်ရှူသံများပင် မြန်ဆန်လာရတော့သည်။
သူသည် နတ်ဆိုးမျက်လုံးပညာရပ်၏ ဆာလောင်မွတ်သိပ်မှုများမှာ စစ်သင်္ဘောကြီး ထာဝရကြယ်အနီးသို့ ရောက်လာလေလေ ပို၍ အားကောင်းလာလေလေဖြစ်ကြောင်း အာရုံခံမိနေ၏။ ထို ဆာလောင်မွတ်သိပ်မှုများမှာ ဝမ်ပေါင်လဲ့ပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိလာပြီဖြစ်သည်။ သူသည် ထို ထာဝရကြယ်ကြီးထဲမှ တစ်စုံတစ်ခုမှာ သူ့အား လှမ်းခေါ်နေသကဲ့သို့ ခံစားနေရ၏။
၎င်းမှာ မိခင်တစ်ယောက်က သူမ၏ ရင်သွေးအား လှမ်းခေါ်နေသကဲ့သို့ပင်။ ခြေဦးတည့်ရာလျှောက်သွားနေခဲ့သည့် ကလေးငယ်လေးမှာ ထိုခေါ်သံအား နာခံကာ သူ၏ မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြန်သွားချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရမည်သာ ဖြစ်သည်။
” ငါ လူမိသွားတာ မဟုတ်ဘူးပဲ။ တခြား ကိစ္စတစ်ခုခုပဲ ဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။ ထိုအချိန်တွင် စစ်သင်္ဘောကြီး၏ ရှေ့ရှိ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် အလွန်အင်မတန်မှကြီးမားသော ထာဝရကြယ်ကြီးမှာ ရုတ်တရက်ဆိုသလို မီးတောက်များနှင့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ပေးလိုက်တော့သည်။
ထိုအခါ ထို ထာဝရကြယ်၏ မျက်နှာပြင်ပေါ်တွင် အသေးစားအက်ကွဲကြောင်းလေးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ တဖြည်းဖြည်း ပို၍ အရွယ်အစား ကြီးမားလာကာ ရှည်လျားသွားသဖြင့် စက္ကန့်အနည်းငယ်အတွင်းတွင် ထာဝရဂြိုဟ်၏ အစွန််းနှစ်ဖက်စလုံးနှင့် တို့ထိသွားတော့သည်။ ထို့နောက် … ၎င်းမှာ မျက်လုံးတစ်လုံးပေါ်ရှိ မျက်ခွံကဲ့သို့ ဖျတ်ခနဲ ပွင့်သွား၏။
ထိုအခါ အာကာသကြီးမှာ အပြင်းအထန် တုန်ရီသွားပြီး စစ်သင်္ဘောကြီးပေါ်ရှိ ကျင့်ကြံသူတိုင်းမှာလည်း ခေါင်းများ ထူပူသွားကြ၏။ သူတို့မှာ သူတိူ့၏ရှေ့တွင် ရှိနေသည့် ဧရာမ ထာဝရကြယ်ကြီးအား ဆွံ့အမှင်တက်စွာဖြင့် ငေးကြည့်နေမိတော့သည်။
ထို မျက်လုံးကြီး၏ သူငယ်အိမ်မှာ မီးခိုးရောင်ဖြစ်ပြီး ခံစားချက်လုံးဝမရှိဘဲ အေးစက်စက်နှင့် အစွမ်းထက် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည်။ ၎င်းမှာ ဖန်ဆင်းရှင်တစ်ပါးက လူသားများအား ငုံ့ကြည့်နေသကဲ့သို့ပင်။ ယခုတွင် ထို မျက်လုံးကြီးမှာ ၎င်းနှင့်ယှဉ်လိုက်ပါက ပုရွတ်ဆိတ်တစ်ကောင်သာသာ ရှိသော စစ်သင်္ဘောကြီးအား ငုံ့ကြည့်နေသည်။
ထိုမြင်ကွင်းကြောင့် စစ်သင်္ဘောကြီးထဲမှ လူတိုင်းမှာ မှင်တက်နေကြရ၏။ သို့ဖြစ်ရာ မည်သူကမှ ဝမ်ပေါင်လဲ့တစ်ယောက် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေသည်ကို သတိမထားမိကြပေ။ သူတို့မှာ သူ၏ နတ်ဆိုးမျက်လုံးပညာရပ်ကိုလည်း အာရုံမစိုက်နိုင်ကြပေ။ ယခုတွင် ထိုပညာရပ်မှာ အားအပြည့်ဖြစ်ကာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည့်တိုင်အောင် လက်ရှိတွင် သူ ခံစားနေရသည့် တုန်လှုပ်ချောက်ချားမှုများကို ယှဉ်နိုင်စွမ်းမရှိပေ။
သူသည် စိတ်ကို တည်တည်ငြိမ်ငြိမ် မထားနိုင်တော့ပေ။ ထို ထာဝရကြယ်ကြီးမှာ… သူ နတ်ဆိုးမျက်လုံးပညာရပ်အား အသုံးပြုပါက ပေါ်ပေါက်လာသည့် နတ်ဆိုးမျက်လုံးနှင့် တထေရာတည်းနီးပါးတူသော မျက်လုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသည် မဟုတ်ပါလော။
” နတ်မျက်လုံး လူမှုအဖွဲ့အစည်းနဲ့…. နတ်ဆိုးမျက်လုံးပညာရပ်…. ” ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်နေရပြီဖြစ်သည်။ တစ်အောင့်ခန့် အကြာတွင် စစ်သင်္ဘောကြီးမှာ ထာဝရကြယ်ကြီး၏ ဆွဲငင်အားအောက်သို့ ရောက်သွားသဖြင့် ၎င်းဆီသို့ အရှိန်အဟုန်ပြင်းစွာ ဆောင့်ဆွဲခံလိုက်ရ၏။ ထိုသို့ဖြင့် ထို စစ်သင်္ဘောကြီးမှာ ထာဝရကြယ်ကြီးဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်ပျံသန်းသွားနေတော့သည်။
54 ဝယ်ဖတ်ထားတာ ခုပြန်ကြည့်လို့မရဘူးဖြစ်နေတယ်