အဆင့်မြင့်ဂိုဏ်း၏ စစ်သင်္ဘောကြီးတစ်စင်း ဓားပြတိုက်ခံရမှုကြောင့် ဂြိုဟ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မည်ဟု ဝမ်ပေါင်လဲ့က ခန့်မှန်းထားပြီးသား ဖြစ်၏။ သို့သော် သူသည် သူ၏ လုပ်ရပ်များ၏ နောက်ဆက်တွဲအကျိုးဆက်များကို လျှော့တွက်မိလိုက်ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှ လူတစ်ယောက် မဟုတ်သောကြောင့်ပင်။
ထိုဂြိုဟ်ကြီးတစ်ခုလုံးမှာ နောက်ထပ် သုံးရက်တိတိ ဆူညံပွက်လောရိုက်နေခဲ့၏။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူခြောက်ယောက်မှာ အခြား ကျင့်ကြံသူများကို ဦးဆောင်ကာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေကြပြီဖြစ်သည်။ သူတို့မှာ ပဉ္စမ တောင်စဉ်တန်းမှ အဋ္ဌမ တောင်စဉ်တန်းအထိ တောင်စဉ်တန်းလေးခုပေါ်ရှိ ဂိုဏ်းများထဲ၌ ပိုက်စိပ်တိုက် ရှာဖွေနေကြပြီဖြစ်သည်။
ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှာ သံသယဖြစ်စရာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂရုစိုက်နေခြင်းမရှိဘဲ ဂိုဏ်းတစ်ခုချင်းစီတိုင်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ အမေးအမြန်းမရှိဘဲ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်သာဖြစ်သည်။ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းနှင့် ဆဋ္ဌဂံမြေဂိုဏ်းတို့မှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းနှင့် သဘောတူညီချက်တစ်ခု ရယူခဲ့ပြီးနောက် ထိုဂိုဏ်းဘက်မှ ကူညီပေးရန် ဆုံးဖြတ်ခဲ့ကြ၏။ သူတို့မှာ အဆင့်မြင့်ဂိုဏ်းများ၏ လုပ်ပိုင်ခွင့်အာဏာကို ထိန်းသိမ်းရန်နှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းဘက်မှ သူတို့၏ လက်အောက်ခံ ဂိုဏ်းများအား မဟုတ်မမှန် စွပ်စွဲခွင့်မရအောင် တားဆီးရန် ထိုကဲ့သို့ သဘောတူလိုက်ခြင်းဖြစ်သည်။
ဒုတိယမြောက်နေ့တွင်လည်း တော်ဝင်မိသားစုမှာ တရားခံအား အပြင်းအထန် ပြစ်တင်ရှုတ်ချသည့် အမိန့်စာတစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို အမိန့်စာကြောင့် ဤကိစ္စကြီး၏ အကြောင်းမှာ ပင်မဂြိုဟ်တစ်ခုတည်း၌သာ မဟုတ်တော့ဘဲ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ ဂြိုဟ်များအားလုံးဆီသို့ ပျံ့နှံ့သွားတော့သည်။
ပင်မနတ်မျက်လုံးဂြိုဟ်ပေါ်ရှိ ဂိုဏ်းအားလုံးမှာ စစ်ဆေးခံနေရပြီဖြစ်သည်။ သို့ဖြစ်ရာ မဟာတောင်ထိပ်ဂိုဏ်းလည်း မလွတ်ပေ။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဦးဆောင်သည့် အဖွဲ့မှာ ထိုဂိုဏ်းထဲ၌ လာရောက်ရှာဖွေခဲ့၏။ မဟာဧကရာဇ် တရားမျှတမှုဂိုဏ်းမှာလည်း ထို ရှာဖွေမှုထဲတွင် ဝင်ရောက်ကူညီပေးခဲ့သည်။
ဂိုဏ်း၏ တားမြစ်နယ်မြေထဲရှိ တစ်ဝက်တစ်ပျက်သာ ပြုပြင်ရသေးသည့် စစ်သင်္ဘောကြီးမှာလည်း အသေးစိတ် စစ်ဆေးခံခဲ့ရသည်။ သိုလှောင်အိတ်တိုင်းကိုလည်း မွှေနှောက်ရှာဖွေခဲ့ပြီး အဆင့်နိမ့်ကျင့်ကြံသူများမှာလည်း ဝိညာဉ်ရှာဖွေခြင်း ခံခဲ့ရ၏။ မဟာဧကရာဇ် တရားမျှတမှုဂိုဏ်း ရှိနေသောကြောင့် ဝမ်ပေါင်လဲ့နှင့် မဟာထိပ်သီးအကြီးအကဲကြီးတို့ကဲ့သို့သော အကြီးအကဲကြီးများမှာမူ ထိုကဲ့သို့ စစ်ဆေးခံခဲ့ရခြင်းမရှိပေ။ သို့သော် သူတို့မှာ ဝိညာဉ်ကျောက်တုံးတစ်တုံးဖြင့် စစ်ဆေးခံခဲ့ရဆဲပင်။
ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ စစ်ဆေးခြင်းမှာ ဝိညာဉ်ရှာဖွေခြင်းပညာရပ်လောက် မတိကျပါသော်လည်း မိမိ၏ ကျင့်ကြံခြင်းအဆင့်မှာ ထို ဝိညာဉ်ကျောက်တုံးအား ကိုင်ဆောင်ထားသည့်လူ၏ ကျင့်ကြံခြင်းအဆင့်ထက် သိသိသာသာ မြင့်မားနေခြင်းမရှိပါက အလိမ်ပေါ်သွားမည်သာဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ ယွမ်ယင်ထိပ်ဆုံးအဆင့်တွင်သာ ရှိနေသေးပါသော်လည်း သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်မှာ အလွန်အင်မတန်မှ အစွမ်းထက်သည် မဟုတ်ပါလော။ ထို့အပြင် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ပေးထားသော ပညာရပ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သို့ဖြစ်ရာ သူသည် ထို စစ်ဆေးမှုအား အလွယ်တကူကျော်ဖြတ်နိုင်ခဲ့၏။
သူတို့မှာ သူ၏ သိုလှောင်အိတ်များအား ရှာဖွေခဲ့ရာတွင်လည်း မည်သည့်အရာမှ ရှာမတွေ့ခဲ့ပေ။ သူသည် လုယက်မှုများ ရရှိခဲ့သည့် သံသယဖြစ်စရာ ပစ္စည်းများအလုံးကို သူ၏ ခန္ဓာကိုယ်အစစ်ဆီ၌ သိမ်းဆည်းထားသာ ဖြစ်သည်။ သူနှင့် သူ၏ ခန္ဓာကိုယ်အစစ်ကြားရှိ ချိတ်ဆက်မှုကြောင့် သူသည် ပစ္စည်းများကို အလွယ်တကူ ပေးပို့နိုင်စွမ်း ရှိပေသည်။ သို့ဖြစ်ရာ သူသည် ဝိညာဉ်ရှာဖွေခြင်း ခံရမည်ဆိုလျှင်တောင် စိုးရိမ်နေမည် မဟုတ်ပေ။ သူတို့ဘက်မှ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ယောက် ရောက်မလာသရွေ့ သူသည် ထိုစစ်ဆေးမှုများအား ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
ထိုသို့ဖြင့် သုံးရက်တိတိ ကုန်ဆုံးသွားသော်လည်း မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခဲ့ပေ။ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူခြောက်ယောက်မှာမူ ဂနာမငြိမ်ဖြစ်ကာ စိုးရိမ်စိတ်များ ကြီးထွားလာကြပြီ ဖြစ်သည်။ သူတို့မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူများနှင့် ဝိညာဉ်ကြားခံနယ်အဆင့် အကြီးအကဲကြီးများ အတွက်ပါ ဝိညာဉ်ရှာဖွေခြင်း ပညာရပ်အား အသုံးပြုရန် ကြံရွယ်နေကြ၏။ ထိုအချိန်တွင် သူတို့မှာ သဲလွန်စအချို့အား ရှာတွေ့သွားတော့သည်။
ရေသန့်စင်ဂိုဏ်းမှာ ထိုလုယက်မှုထဲ၌ ပါဝင်ပတ်သက်နေသည့်ပုံပင်။
ဝိညာဉ်တစ်ထောင်ဂိုဏ်းမှာလည်း အလိုတူအလိုပါများ ဖြစ်ကြ၏။
ထို သဲလွန်စများမှာ သဲကန္တာရထဲမှ အိုအေစစ်ရေအိုင်လေးကဲ့သို့ပင်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူခြောက်ယောက်မှာ ထို ရှာဖွေတွေ့ရှိမှုများကြောင့် အသက်ရှူချောင်သွားကြ၏။ သူတို့မှာ ထိုဂိုဏ်းနှစ်ဂိုဏ်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်သွားကြပြီး မွှေနှောက်ရှာဖွေလိုက်ကြသည်။ ထိုအခါ လျှို့ဝှက်ချက်များမှာ ဘူးပေါ်သလို ပေါ်လာတော့သည်။ ထိုဂိုဏ်းနှစ်ဂိုဏ်းမှာ အတူတကွပူးပေါင်းခဲ့ပြီးနောက် မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် ဆဋ္ဌမမြောက် တောင်စဉ်တန်းပေါ်ရှိ ဂိုဏ်းများ၏ စစ်သင်္ဘောကြီးများအား ဓားပြတိုက်ခဲ့သည့် လုပ်ငန်းများကို နောက်ကွယ်မှ ကြိုးကိုင်ခဲ့ကြခြင်း ဖြစ်သည်။
ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူခြောက်ယောက်မှာ ထို ပူးပေါင်းကြံစည်မှုကြီးအား ရှာဖွေတွေ့ရှိသွားကြသောအခါ နှုတ်ဆိတ်သွားကြ၏။ သူတို့၏ လျှို့ဝှက်ဆွေးနွေးပွဲ စကားဝိုင်းထဲ၌ ပြောဆိုခဲ့သည့်အရာများကို မည်သူမှ မသိပါသော်လည်း သူတို့အတွက် နောက်ဆုံးနေ့အဖြစ်သတ်မှတ်ထားသည့် တတိယမြောက်နေ့တွင် ဟိုးလေးတကျော် ဖြစ်သွားစေမည့် သတင်းများ ထွက်ပေါ်လာတော့သည်။ ထိုသတင်းများထဲတွင် ဤ ကွင်းဆက်လုယက်မှုများ၏ နောက်ကွယ်မှ ကြိုးကိုင်ရှင်များမှာ ရေသန့်စင်ဂိုဏ်းနှင့် ဝိညာဉ်တစ်ထောင်ဂိုဏ်းတို့ ဖြစ်ကြကြောင်း ဖော်ပြထား၏။ ထို့အပြင် ထို ဂိုဏ်းနှစ်ဂိုဏ်းမှာ အသိစိတ်ပျောက်ကာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ စစ်သင်္ဘောကြီးအား ခိုးယူခဲ့ခြင်း ဖြစ်သည်ဟုလည်း ရေးသားထားသည်။ ထိုသတင်းများမှာ တောမီးများကဲ့သို့ ပျံ့နှံ့သွား၏။
ထိုသတင်းများကို မည်သူကမှ ယုံကြည်ကြမည်မဟုတ်ပေ။ သူတို့မှာ ပထမအပိုင်းကို ယုံလျှင်ယုံနိုင်ပါသော်လည်း ဒုတိယအပိုင်းကိုမူ လုံးဝ ယုံကြမည်မဟုတ်ပေ။ ရေသန့်စင်ဂိုဏ်းနှင့် ဝိညာဉ်တစ်ထောင်ဂိုဏ်းတို့မှာ လုံးဝ ရူးနေမှသာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းအား ဓားပြတိုက်ကြလိမ့်မည် ဖြစ်သည်။ သို့သော် ထို သတင်းများနှင့်အတူ ထုတ်ပြန်ကြေညာခဲ့သည့် သက်သေအထောက်အထားများကို ကြည့်လျှင် ထိုဂိုဏ်းနှစ်ဂိုဏ်းမှာ လက်တလောအတွင်း ဖြစ်ပွားခဲ့သည့် လုယက်မှုများထဲ၌ ပါဝင်ပတ်သက်နေကြောင်း သိသာထင်ရှားပေသည်။
နတ်မျက်လုံးဂြိုဟ်ပေါ်မှ ဂိုဏ်းများမှာ ထို သက်သေအထောက်အထားများအား ကြားသိလိုက်ရသောအခါ ငြိမ်ကျသွားကြ၏။ ထို့နောက် သူတို့မှာ ချက်ချင်းဆိုသလိုပင် အမျက်ချောင်းချောင်း ထွက်သွားကြတော့သည်။ သူတို့မှာ အမှန်တကယ် ဒေါသထွက်နေကြသည်ဖြစ်စေ၊ ဟန်ဆောင်နေကြသည်ဖြစ်စေ၊ ထိုဂိုဏ်းနှစ်ဂိုဏ်းအား လူသိရှင်ကြား ပြစ်တင်ရှုတ်ချနေကြပြီ ဖြစ်သည်။
ထိုနေ့တွင် တော်ဝင်မိသားစုမှာ ထို သတင်းများအား မှန်ကန်ကြောင်း ထောက်ခံသည့် နောက်ထပ်အမိန့်စာတစ်စောင် ထုတ်ပြန်လိုက်၏။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှာမူ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် သူတို့၏ စုံစမ်းစစ်ဆေးမှုများမှ ရှာဖွေတွေ့ရှိခဲ့သည့် အချက်အလက်များအားလုံးကို ထုတ်ပြန်ကြေညာလိုက်တော့သည်။ ထိုသို့ဖြင့် လူမှုအဖွဲ့အစည်းတစ်ခုလုံးအား ကမောက်ကမဖြစ်သွားစေခဲ့သည့် အရှုပ်တော်ပုံကြီးမှာ နောက်ဆုံးတွင် ပြီးဆုံးသွား၏။
ရေသန့်စင်ဂိုဏ်းနှင့် ဝိညာဉ်တစ်ထောင်ဂိုဏ်းတို့မှာ သူတို့ကိုယ်သူတို့ ကာကွယ်ပြောဆိုခွင့်ပင် မရလိုက်ပေ။ သူတို့မှာ ကုန်ပစ္စည်းများအဖြစ် သဘောထားခံလိုက်ရပြီး နစ်နာကြေးများအဖြစ် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ လက်ထဲသို့ အပ်ခံလိုက်ရ၏။ ထိုဂိုဏ်းနှစ်ဂိုဏ်း ပိုင်ဆိုင်ခဲ့သည့် ရင်းမြစ်ပစ္စည်း အများစုမှာလည်း ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ သိမ်းယူခြင်းကိုခံလိုက်ရသည်။
ဂိုဏ်းထဲရှိ အဆောက်အဦများနှင့် မြေကွက်များကဲ့သို့သော ကျန်ရှိနေသေးသည့် ပစ္စည်းများအားလုံးကိုမူ လေလံတင်ရောင်းချလိုက်၏။ ထိုလေလံပွဲမှ ရရှိသည့် အမြတ်အစွန်းအားလုံးကို ဓားပြတိုက်ခံခဲ့ရသည့် အခြားဂိုဏ်းများအား နစ်နာကြေးများအဖြစ် ပေးလိုက်ရသည်။ ထိုသို့ဖြင့် ထို အရှုပ်တော်ပုံကြီးတစ်ခုလုံးမှာ ပြီးဆုံးသွားတော့သည်။ ထိုဖြစ်ရပ်ကြီးပြီးနောက် ပဉ္စမမြောက် တောင်စဉ်တန်းပေါ်ရှိ နိုင်ငံရေးအခြေအနေများမှာလည်း လုံးဝပြောင်းလဲသွား၏။
အရာအားလုံးမှာ အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့ပါသော်လည်း လူအများစုမှာမူ တစ်ခုခုမှာ လွဲနေကြောင်း ခံစားနေရဆဲပင်။ ရေသန့်စင်ဂိုဏ်းနှင့် ဝိညာဉ်တစ်ထောင်ဂိုဏ်းတို့မှာ ခုတုံးလုပ်ခံခဲ့ရခြင်းဖြစ်ကြောင်း သူတို့က သိထားကြ၏။ သို့သော်လည်း သူတို့မှာ အခြားလုယက်မှုများကို အကြိမ်ကြိမ် ကျူးလွန်ခဲ့သည်ဖြစ်ရာ အပြစ်ကင်းကြသည်တော့ မဟုတ်ပေ။
ဤ အရှုပ်တော်ပုံကြီး တစ်ခုလုံးအား အဆုံးအဖြတ်ပေးခဲ့သည့်အရာမှာ တော်ဝင်မိသားစု ဖြစ်ပေသည်….
တော်ဝင်မိသားစု၏ အမိန့်စာနှစ်စောင်ကြောင့်သာ မဟုတ်ပါက ဤပြဿနာကြီးမှာ ယခုလို အလွယ်တကူ ပြေလည်သွားခဲ့မည် မဟုတ်ပေ။ သို့ဖြစ်ရာ ဤ အရှုပ်တော်ပုံကြီးမှာ တော်ဝင်မိသားစုနှင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ကြားရှိ အသေးစား အားပြိုင်မှုလေးတစ်ခုကို ပေါ်လွင်စေခဲ့၏။
တော်ဝင်မိသားစုဘက်မှ ဤ ကိစ္စကြီးအား ဖြေရှင်းပေးခဲ့ခြင်း မရှိလျှင်တောင် ဝမ်ပေါင်လဲ့က စိတ်ပူနေမည်မဟုတ်ပေ။ သူသည် အခြားလူတစ်ယောက်ပုံစံ ပြောင်းလဲလိုက်ရုံနှင့် သူ၏ ပြဿနာများအားလုံးကို ဖြေရှင်းသွားနိုင်မည် မဟုတ်ပါလော။ သူသည် သူ၏ နောက်ထပ်ပစ်မှတ်ကိုပင် ရွေးချယ်ပြီးသွားပြီ ဖြစ်သည်။ အကယ်၍ ထိုမျှလောက်နှင့် အလုပ်မဖြစ်သေးပါက သူ့ဆီတွင် ဝှက်ဖဲတစ်ချပ် ကျန်ရှိနေသေးသည်။ သူ၏ ခေါင်းတလားကြီးမှာ အစွမ်းထက်လွန်းသောကြောင့် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုယ်တိုင် သူ့အား လာရောက်ရှာဖွေလျှင်တောင် သူက စိုးရိမ်နေမည်မဟုတ်ပေ။
အပေါ်ယံတွင် တော်ဝင်မိသားစု၏ ပါဝင်ပတ်သက်မှုကြောင့် ဤပြဿနာကြီးမှာ ပြေလည်သွားသည်ဟု ထင်ရပါသော်လည်း အမှန်တွင်မူ ပို၍သာ ရှုပ်ထွေးလာသည် ဖြစ်သည်။
ယခုတွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှာ နတ်မျက်လုံးဂြိုဟ်၏ ပတ်ပတ်လည်ရှိ အာကာသကြီးအား အလုံပိတ်ထားပြီဖြစ်သည်။ သို့ဖြစ်ရာ ထိုဂြိုဟ်ထဲသို့ အဝင်အထွက်လုပ်လိုသည့် စစ်သင်္ဘောတိုင်းမှာ တင်းကျပ်စွာ စစ်ဆေးခံနေကြရ၏။ သူတို့မှာ တရားခံအစစ်အား ဆက်ရှာနေသေးသည့် ပုံပင်။ တစ်ချိန်ထဲမှာပင် သူတို့မှာ တော်ဝင်မိသားစုအား သတိပေးနေခြင်းလည်း ဖြစ်သည်။
” ခေါင်းခဲစရာပါလား… ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ငွေရောင်လမင်းကြီးဆီမှ အကြည့်လွှဲလိုက်၏။ သူသည် ပစ္စည်းအလုံအလောက် စုစည်းသွားပြီဖြစ်ရာ သူ၏ စစ်သင်္ဘောကြီး၏ ဆောက်လုပ်ရေးလုပ်ငန်းအတွက် စိတ်ပူနေစရာ မလိုတော့။ ၎င်းတို့အား အတူတကွတပ်ဆင်ရန်သာ လိုတော့သည်ဖြစ်သည်။ သို့သော် ယခုတွင်မူ ဂြိုဟ်တစ်ခုလုံးမှာ သတိဝီရိယအပြည့် ရှိနေသည်ဖြစ်သလို နိုင်ငံရေး အခြေအနေများမှာလည်း မငြိမ်မသက် ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ စစ်သင်္ဘောကြီးအား အခြားတစ်နေရာ၌ တည်ဆောက်ရန် ဆုံးဖြတ်လိုက်တော့သည်။ ယခုတွင် သူသည် ဤဂြိုဟ်ပေါ်မှ ထွက်ခွာသွားနိုင်မည့် နည်းလမ်းများကို စဉ်းစားနေခြင်းဖြစ်သည်။
” လူမသိအောင် ခိုးထွက်ဖို့က တော်တော်ခက်မှာ ” ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ သက်ပြင်းချလိုက်ရပြန်သည်။ သူ၏ ရှာဖွေတွေ့ရှိချက်များနှင့် မဟာတောင်ထိပ်ဂိုဏ်း၏ မဟာထိပ်သီး အကြီးအကဲကြီးဆီမှ ရရှိခဲ့သော သတင်းအချက်အလက်များအရဆိုလျှင် ဂြိုဟ်ကြီး၏ အဝင်အထွက်အား တင်းကျပ်စွာ ပိတ်ဆို့ထားသည်ဖြစ်သည်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှာဆိုလျှင် ပင်မဂြိုဟ်ပေါ်သို့ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် စေလွှတ်ထားခဲ့၏။
ထို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူမှာ အာကာသထဲ၌ အစောင့်ကျနေသည်။ သူ့ကြောင့် အဝင်အထွက် ပိတ်ဆို့မှုများမှာ ပို၍အားကောင်းလာရပြီး ဂိုဏ်းများမှာလည်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့နေကြရ၏။ ဝမ်ပေါင်လဲ့မှာ ထို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီး သတိမထားမိအောင် ဤဂြိုဟ်ပေါ်မှ ထွက်ခွာနိုင်လိမ့်မည်ဟု ယုံကြည်မှုမရှိပေ။
” ဒါပေမဲ့…. ” ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးပေါ်သို့ အာရုံရောက်သွား၏။ ၎င်းမှာ အကောင်းပတိနီးပါး ပြန်ဖြစ်နေပြီဖြစ်ရာ ပြင်ဆင်ရေးလုပ်ငန်းများမှာ သိပ်မကြာခင်တွင် ပြီးဆုံးတော့မည် ဖြစ်သည်။ သူသည် အတွေးများထဲတွင် နစ်မျောသွားပြီးနောက် မျက်ဝန်းများ အရောင်လက်သွား၏။ နောက်နေ့များတွင် သူသည် ထိုဂြိုဟ်ပေါ်မှ ထွက်ခွာသွားလိုသည့် ဆန္ဒများကို မေ့ပျောက်ထားလိုက်ပြီး အခြား အကြီးအကဲကြီးများနှင့်အတူ ပူးပေါင်းကာ စစ်သင်္ဘောကြီး၏ နောက်ဆုံးပြင်ဆင်မှုလုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်ပေးနေလိုက်တော့သည်။
ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားကာ နှစ်လတိတိ ကုန်ဆုံးသွားသည့်တိုင်အောင် အဝင်အထွက် ပိတ်ဆို့မှုများမှာ ရပ်တန့်သွားခြင်း မရှိပေ။ သို့သော် မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးမှာမူ တစ်နှစ်တိတိ အရင်းအနှီးအမြောက်အမြား သုံးစွဲကာ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် အကောင်းပတိအတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။
ပြင်ဆင်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီး တစ်ရက်အကြာတွင် မဟာထိပ်သီးအကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့နှင့် အခြား အကြီးအကဲကြီးများကို ဆင့်ခေါ်ကာ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်၏။
” အိမ်ပြန်ပြီးတော့ လိုအပ်တာတွေ ပြင်ဆင်ကြ။ နောက်တစ်ပတ်နေရင်… တခြားကြယ်အဖွဲ့အစည်းတစ်ခုဆီကို သွားကြမယ်။ ငါတို့တွေ ရင်းမြစ်ပစ္စည်းတွေ သွားရှာကြမယ်ဟေ့ ”
ဝမ်ပေါင်လဲ့မှာ ထိုကြေညာချက်အား ကြားလိုက်ရသောအခါ မျက်လုံးများအရောင်လက်သွား၏။ အခြား အကြီးအကဲကြီးများမှာလည်း သူ့နည်းတူပင် စိတ်လှုပ်ရှားနေကြပြီးဖြစ်သည်။ မဟာတောင်ထိပ်ဂိုဏ်းမှာ ခက်ခဲကြမ်းတမ်းသော နှစ်တစ်နှစ်ကို ဖြတ်ကျော်ခဲ့ရသည်မဟုတ်ပါလော။ ဂိုဏ်းသားများမှာ အငတ်ခံကာ ခြစ်ကုတ်စုဆောင်းခဲ့ရသလို သူတို့၏ဂိုဏ်းထဲမှ ရင်းမြစ်ပစ္စည်းအားလုံး ထုတ်သုံးခဲ့ရပြီးမှ ယခုလို ရတနာရှာထွက်နိုင်မည့် နေ့ရက်မျိုးသို့ ရောက်ရှိလာရခြင်း ဖြစ်သည်။
ထို ကြေညာချက်အား ဝမ်ပေါင်လဲ့နှင့် အခြားအကြီးအကဲကြီးများက စိတ်အားထက်သန်စွာ သဘောတူလိုက်ကြ၏။ တစ်ဂိုဏ်းလုံးမှာလည်း ထို ကြေညာချက်အကြောင်း ကြားသိလိုက်ရသောအခါ စိတ်လှုပ်တရှား ဖြစ်သွားကြသည်။ ဝမ်ပေါင်လဲ့မှာလည်း ဤအချိန်သို့ ရောက်လာရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
” ငါတို့တွေ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးရဲ့ နတ်ဘုရားအာရုံ အပြင်ဘက်ကို ရောက်တာနဲ့ ငါ ချက်ချင်းထွက်ခွာသွားလို့ရပြီ။ အဲဒီအခါကျမှ နေရာတစ်ခုခုရှာပြီး ငါ့ရဲ့ စစ်သင်္ဘောကြီးကို တည်ဆောက်ရုံပဲ။ ပြီးရင်တော့… ပြည်ထောင်စုကြီးဆီ ပြန်ပြီး ပြည်ထောင်စုဥက္ကဋ္ဌကြီး လုပ်မယ်ကွာ ”
ခုနစ်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ အခြား ဂိုဏ်းသားများ၊ အကြီးအကဲများနှင့် မဟာထိပ်သီး အကြီးအကဲကြီးတို့နှင့်အတူ မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးပေါ်သို့ တက်သွားလိုက်၏။ ထို့နောက် ထို စစ်သင်္ဘောကြီးမှာ တုန်ရီသွားပြီး အာကာသထဲသို့ စွမ်းအင်လှိုင်းများ ထုတ်လွှတ်လိုက်သည်။ ဝမ်ပေါင်လဲ့မှာမူ ထို စစ်သင်္ဘောကြီးပေါ်တွင် ရပ်ကာ ပြတင်းပေါက်တစ်ပေါက်မှတစ်ဆင့် ပြင်ပကမ္ဘာကြီးအား လှမ်း၍ ငေးကြည့်နေရင်း ဂနာမငြိမ်ဖြစ်ကာ စိတ်လှုပ်တရှား ဖြစ်လာတော့သည်။
” ကဲ။ ငါ အိမ်ပြန်ပြီဟေ့ “
Go go go 😊