Switch Mode

အခန်း (၇၄၃)

ဘာကို ဂရုစိုက်နေရမှာလဲ

နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင် အဓိကဂိုဏ်းကြီးသုံးဂိုဏ်း ကြီးစိုးကြ၏။ သူတို့မှာ လုပ်ပိုင်ခွင့်အာဏာများ ပိုင်ဆိုင်ထားကြပြီး တော်ဝင်မိသားစုအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိကြပေသည်။ ထို ဂိုဏ်းကြီးသုံးဂိုဏ်းမှာ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၊ ဆဋ္ဌဂံမြေဂိုဏ်းနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းတို့ ဖြစ်ကြပေသည်။

ထို ဂိုဏ်းကြီးသုံးဂိုဏ်းအား နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ အုပ်ချုပ်သူများအဖြစ် သတ်မှတ်ထားကြ၏။ သူတို့မှာ သူတို့၏ ကိုယ်ပိုင် ဂြိုဟ်များပေါ်တွင် ဌာနချုပ်များ တည်ထောင်ထားကြသည့်အပြင် နတ်မျက်လုံး ပင်မဂြိုဟ်ပေါ်တွင်လည်း လက်အောက်ခံဂိုဏ်းများ ပိုင်ဆိုင်ထားကြသေးသည်။ ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် တောင်စဉ်တန်းများပေါ်မှ ဂိုဏ်းများမှာ ထို ဂိုဏ်းကြီးသုံးဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိကြသော ဂိုဏ်းများ ဖြစ်ကြပေသည်။

ပင်မဂြိုဟ်ပေါ်တွင် တာဝန်ကျနေကြသည့် ထို ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများမှာ သူတို့၏ ဂိုဏ်းထဲတွင် အစွမ်းအထက်ဆုံး မဟုတ်ကြပါသော်လည်း အလွန်အင်မတန်မှ အရေးပါသော ရာထူးများကို ပိုင်ဆိုင်ထားကြ၏။ ပင်မဂြိုဟ်ပေါ်၌ တည်ထောင်ထားသည့် ဂိုဏ်းခွဲများ၏ အရေးပါရာရောက်မှုကို လျှော့တွက်၍ မဖြစ်ပေ။ ထို့ကြောင့်လည်း ထို ဂိုဏ်းခွဲများထဲတွင် နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် အမြဲတမ်း ရှိနေတတ်ခြင်းဖြစ်သည်။

ဌာနချုပ်များမှာ ထို ဂိုဏ်းခွဲများဆီသို့ လစဉ်လတိုင်း အထောက်ပံ့ပစ္စည်းများ ပုံမှန် ပေးပို့လေ့ ရှိကြပေသည်။ ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် တော်ဝင်မိသားစုတို့၏ ကြားရှိ သဘောတူညီချက်အရ ထိုပစ္စည်းများထဲမှ အချို့အဝက်အား တော်ဝင်မိသားစုဆီသို့ လွှဲပေးရ၏။ ကျန်ပစ္စည်းများကိုမူ ဂိုဏ်းခွဲထဲရှိ အဖွဲ့ဝင်များ စိတ်ကြိုက်အသုံးပြုခွင့်ရှိပေသည်။

ဂိုဏ်းကြီးသုံးဂိုဏ်းမှာ အလွန်အင်မတန်မှ ချမ်းသာကြွယ်ဝ၏။ ထို့ကြောင့် သူတို့၏ ဂိုဏ်းသားများမှာလည်း သာမန်ကျင့်ကြံသူများထက် ပို၍ သုံးနိုင်စွဲနိုင်ကြပေသည်။ ဂိုဏ်းကြီးသုံးဂိုဏ်း ဂိုဏ်းခွဲများဆီသို့ လစဉ်လတိုင်း ပေးပို့သည့် ပစ္စည်းများမှာ အလွန်အင်မတန်မှ တန်ဖိုးကြီးမား၏။ သို့ဖြစ်ရာ ပဉ္စမတောင်စဉ်တန်းပေါ်မှ အခြားဂိုဏ်းများမှာ ၎င်းတို့အား လိုချင်တက်မက်နေကြသည်မှာ မထူးဆန်းပေ။

သို့သော် သူတို့မှာ မည်မျှပင် လောဘတက်နေစေကာမူ ဂိုဏ်းကြီးသုံးဂိုဏ်းအား အမျက်ထွက်အောင် လုပ်မိမည်ကို စိုးရိမ်သောကြောင့် ဘာမှ မလုပ်ရဲကြပေ။ ထို့ကြောင့်လည်း ဂိုဏ်းကြီးသုံးဂိုဏ်းမှာ သူတို့၏ စစ်သင်္ဘောကြီးများပေါ်၌ ခုခံကာကွယ်ရေးစနစ်များ အများကြီး တပ်ဆင်ထားကြခြင်း မရှိပေ။ သူတို့မှာ သူတို့၏ စစ်သင်္ဘောကြီးများဖြင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ လွတ်လပ်စွာ ‌မောင်းနှင်သွားလာနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ ထို စစ်သင်္ဘောကြီးများပေါ်ရှိ ဂိုဏ်းအမှတ်တံဆိပ်များမှာ သူတို့အတွက် အကောင်းဆုံး ခုခံကာကွယ်ရေးစနစ် ဖြစ်ပေသည်။

ယခုတွင် ပေတစ်သိန်းတိတိ ကျယ်ဝန်းသော စစ်သင်္ဘောကြီးတစ်စင်းမှာ အာကာသထဲ၌ ပျံသန်းနေ၏။ ၎င်းမှာ ဩဇာအာဏာအပြည့်ရှိသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ထို စစ်သင်္ဘောကြီး နတ်မျက်လုံး ပင်မဂြိုဟ်ဆီသို့ ဦးတည်ပျံသန်းလာသောအခါ ၎င်း၏ ရှေ့တွင်ရှိနေသည့် အခြား စစ်သင်္ဘောကြီးများမှာ လမ်းဖယ်ပေးလိုက်ရသည်သာဖြစ်သည်။ မည်သူကမှ ထို စစ်သင်္ဘောကြီး၏ လမ်း၌ ပိတ်မရပ်ရဲကြပေ။

ထို စစ်သင်္ဘောကြီးမှာ ခရမ်းရောင်ဖြစ်ပြီး ၎င်း၏ ပုံပန်းသွင်ပြင်မှာ ဂဠုန်ငှက်ကြီးတစ်ကောင်နှင့် တူနေ၏။ ၎င်း၏ ထိပ်ဦးပိုင်းတွင်မူ ခရမ်းရောင် အလင်း‌လှိုင်းများနှင့် အစွမ်းထက်အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပြီး တလက်လက်တောက်ပနေသည့် ဧရာမ သလင်းကျောက်ကြီးတစ်လုံး တပ်ဆင်ထားသည်။

ထိုသလင်းကျောက်ကြီးနှင့် စစ်သင်္ဘောကြီး၏ အရောင်တို့ကြောင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှ ကျင့်ကြံသူတိုင်းမှာ ၎င်းအား တစ်ချက်မြင်လိုက်ရရုံနှင့် ၎င်း၏ ပိုင်ရှင်အား ချက်ချင်းသိရှိသွားကြမည်သာ ဖြစ်သည်။ ၎င်းမှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ စစ်သင်္ဘောကြီးတစ်စင်း ဖြစ်ပေသည်။

ထို စစ်သင်္ဘောကြီးမှာ ဂဠုန်ငှက်ပုံစံ ကိုယ်ထည်အား ပိုင်ဆိုင်ထားသည်ဖြစ်ရာ ၎င်းမှာ ထိုဂိုဏ်း၏ မဟာသားရဲကိုးကောင်တပ်ရင်းထဲမှ တစ်ခုဖြစ်သော ဂဠုန်ငှက်တပ်ရင်း ပိုင်ဆိုင်သည့် စစ်သင်္ဘောကြီး ဖြစ်ရပေမည်။

ဂဠုန်ငှက်တပ်ရင်းမှာ ခရမ်းရွှေတာအိုသစ်ဂိုဏ်းထဲတွင် အစွမ်းအထက်ဆုံးမဟုတ်ပေ။ သို့သော်ငြားလည်း ၎င်းမှာ လူတိုင်းအား ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည့် တိုက်ရည်ခိုက်ရည် စွမ်းအားများကို ပိုင်ဆိုင်ထားဆဲပင်။ ထို တပ်ရင်း၏ ခေါင်းဆောင်ကြီးမှာ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်တွင် ရှိနေပြီး သူ၏လက်အောက်တွင်လည်း အစွမ်းထက် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ရှိကြပေသည်။ ထိုတပ်ရင်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ ထင်ရှားကျော်ကြား၏။ ထို့အပြင် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော ကျူးကျော်တိုက်ခိုက်မှုများကြောင့် ၎င်းမှာ ပြည်ပ လူမှုအဖွဲ့အစည်းများထဲတွင်လည်း နာမည်ဆိုးနှင့် ကျော်ကြားပေသည်။

ထို့ကြောင့်လည်း ထို စစ်သင်္ဘောကြီးမှာ တစ်စင်းတည်း မောင်းနှင်းလာသည့်နှင့်တိုင်အောင် ဘေးပတ်ပတ်လည်ရှိ အခြား စစ်သင်္ဘောကြီးများပေါ်ရှိ ကျင့်ကြံသူများမှာ ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြခြင်းဖြစ်သည်။

ထို စစ်သင်္ဘောကြီးများမှာ ဂဠုန်ငှက်တပ်ရင်း စစ်သင်္ဘောကြီးအား လမ်းဖယ်ပေးရန် အဝေးသို့ ဆုတ်ခွာသွားကြ၏။ ဂဠုန်ငှက်တပ်ရင်း စစ်သင်္ဘောကြီးမှာမူ သာမန်ပြည်သူများရှိရာသို့ ရောက်ရှိလာသည့် ဘုရင်တစ်ပါးကဲ့သို့ပင်။ ၎င်းမှာ အရှိန်လျော့ကျသွားခြင်းမရှိဘဲ ၎င်း၏ မိခင်ဂြိုဟ်ဆီသို့ ဦးတည်ပြန်သန်းသွား၏။ ထို့နောက် ၎င်းမှာ ဂြိုဟ်ကြီး၏ လေထုထဲသို့ ချက်ချင်းဝင်ရောက်သွားပြီး တတိယမြောက်‌ တောင်စဉ်တန်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

ထို စစ်သင်္ဘောကြီးပေါ်မှ ကျင့်ကြံသူများမှာ အမြဲတမ်း အေးအေးလူလူ နေခဲ့ရသဖြင့် သူတို့ကိုယ်သူတို့ ယုံကြည်မှုလွန်ကဲကာ လက်လွတ်စပယ် နေနေကြသောကြောင့်လားတော့ မသိပေ။ သူတို့မှာ စစ်သင်္ဘောကြီး ဂြိုဟ်ကြီး၏ လေထုထဲသို့ ဝင်ရောက်သွားပြီးနောက် အနက်ရောင် မီးခိုးငွေ့များ ထို စစ်သင်္ဘောကြီး၏ အနီးသို့ ချဉ်းကပ်လာသည်ကို သတိမထားမိကြပေ။ ထို မီးခိုးငွေ့များမှာ စစ်သင်္ဘောကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားပြီး ၎င်း၏ရှေ့၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ ထို့နောက် စစ်သင်္ဘောကြီးထဲရှိ အချက်ပေးခေါင်းလောင်းသံများ မမြည်နိုင်ခင်မှာပင် ၎င်းတို့မှာ ထို စစ်သင်္ဘောကြီးပေါ်သို့ ခုန်အုပ်လိုက်တော့သည်။

ဆယ်စက္ကန့်ကျော် ကြာမြင့်သွားပြီနောက် ထို စစ်သင်္ဘောကြီးမှာ လမ်းကြောင်းပြောင်းသွား၏။ ၎င်းမှာ တတိယမြောက် တောင်စဉ်တန်းဆီသို့ မဟုတ်တော့ဘဲ အဋ္ဌမမြောက် တောင်စဉ်တန်းဆီသို့ ဦးတည်သွားနေပြီဖြစ်သည်။

ဂြိုဟ်ကြီး၏ လေထုမှာ သဘာဝအကာရံကြီး တစ်ခုအဖြစ် ရှိနေသောကြောင့် စစ်သင်္ဘောကြီး၏ ဆက်သွယ်ရေးစနစ်မှာ နှောင့်ယှက်ခံနေရ၏။ သို့ဖြစ်ရာ ထို စစ်သင်္ဘောကြီးပေါ်မှ ကျင့်ကြံသူများမှာ စစ်သင်္ဘောကြီး လမ်းကြောင်းပြောင်းသွားသည့် အကြောင်းကို သူတို့၏ ဂိုဏ်းဆီသို့ လှမ်း၍ သတင်းမပို့နိုင်ဘဲ ဖြစ်နေရသည်။ နာရီဝက်တိတိ ကုန်ဆုံးသွားပြီးနောက် ဂိုဏ်းမှ လစဉ်လတိုင်း ထောက်ပံ့ပေးသည့် ပစ္စည်းများအား သယ်ဆောင်လာသော စစ်သင်္ဘောကြီး သူတို့ဆီသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း သိလိုက်ရသောအခါမှသာ ဂိုဏ်းမှာ တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ရိပ်မိသွားတော့သည်။

သို့သော်လည်း ဂိုဏ်းမှာ ထို‌နှောင့်နှေးကြန့်ကြာမှုအပေါ် သိပ်၍အာရုံမစိုက်ခဲ့ပေ။ သူတို့မှာ အဆင့်မြင့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်ဆိုသော မာနကြောင့် ထို စစ်သင်္ဘောကြီးမှာ မည်သည့်အန္တရာယ်နှင့်မှ ကြုံတွေ့ရမည်မဟုတ်ဟု ယုံကြည်ထားကြ၏။

ထို့ကြောင့်လည်း… နောက်ထပ် နာရီဝက်တိတိ ထပ်၍ကုန်ဆုံးသွားပြီး သူတို့၏ စစ်သင်္ဘောကြီး ရောက်လာသည်ကို မမြင်ရသေးသည့် အချိန်မှသာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှာ တစ်ခုခုမှာ မူမမှန်တော့ကြောင်း သေချာသွားတော့သည်။ သူတို့၏ တုံ့ပြန်မှုမှာ အလွန်အင်မတန်မှ မြန်ဆန်၏။ စက္ကန့်သုံးဆယ်အတွင်းတွင် တစ်ဂိုဏ်းလုံးမှာ ဆူညံပွက်လောရိုက်သွားကြသည်။ စစ်သင်္ဘော အစင်းရေသုံးဆယ်ကျော်ခန့်မှာ တတိယမြောက် တောင်စဉ်တန်းထဲမှ ပျံထွက်လာကြပြီး ပျောက်ဆုံးနေသည့် စစ်သင်္ဘောကြီးအား ရှာဖွေနိုင်ရန် လေထုထဲသို့ ဦးတည်ပျံသန်းသွားကြ၏။ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ ခြောက်ယောက်မှာလည်း ချက်ချင်းဆိုသလိုပင် တည်နေရာပြောင်းရွှေ့သွားကြပြီး ယွမ်ယင်အဆင့် ကျင့်ကြံသူ အယောက်တစ်ရာကျော်နှင့် အမြုတေအဆင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာတို့မှာ သူတို့၏နောက်မှ လိုက်သွားကြသည်။

ထိုမြင်ကွင်းကြောင့် တစ်ဂြိုဟ်လုံးမှာ အံ့ဩတုန်လှုပ်သွားရ၏။ ဂိုဏ်းများမှာ ကိုယ်ပိုင်ထင်မြင်ချက်များ ပေးနေကြပြီဖြစ်သည်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှာ အင်အားအလုံးအရင်းနှင့် ရှာဖွေလိုက်ပြီးနောက် သိပ်မကြာခင်တွင် အဋ္ဌမမြောက် တောင်စဉ်တန်းပေါ်ရှိ တောင်ကြားတစ်ခုထဲ၌ သူတို့၏ ပျောက်ဆုံးနေသော စစ်သင်္ဘောကြီးအား ရှာတွေ့သွားတော့သည်။

ခရမ်းရွှေတာအိုသစ်ဂိုဏ်းသားတိုင်းမှာ ထို စစ်သင်္ဘောကြီး၏ အခြေအနေအား မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးသွားကြပြီး ပင့်သက်များ ရှိုက်မိသွားကြ၏။ သူတို့မှာ သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။ သူတို့၏ စစ်သင်္ဘောကြီးမှာ လုံးမဝမတူလောက်အောင် ပြောင်းလဲသွားပြီ မဟုတ်ပါလော။

စစ်သင်္ဘောကြီးပေါ်တွင် လိုက်ပါစီးနင်းလာကြသည့် ကျင့်ကြံသူများမှာမူ ဒဏ်ရာရထားခြင်း မရှိပါသော်လည်း ဝိညာဉ်တိုက်ကွက်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသဖြင့် သတိလစ်နေကြ၏။ ထို စစ်သင်္ဘောကြီး၏ အခြေအနေမှာမူ…. စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်ပေ။

စစ်သင်္ဘောကြီး၏ ထိပ်ဦးပိုင်းတွင်ရှိသော သလင်းကျောက်မှာ ပျောက်သွားပြီ ဖြစ်ပြီး ၎င်း၏နေရာတွင် အခေါင်းပေါက်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့၏။ စစ်သင်္ဘောကြီး၏ အမြုတေအပိုင်းထဲရှိ ဓမ္မအဆောင်များအားလုံးမှာလည်း တစစီဖြုတ်ကာ ခိုးယူခံလိုက်ရပြီဖြစ်သည်။ စစ်သင်္ဘောကြီး၏ ကိုယ်ထည်ပေါ်ရှိ အဖိုးအတန်ဆုံးသော အစိတ်အပိုင်းများမှာလည်း ဖြတ်တောက်ခံထားရ၏။ လက်ရှိတွင် ထို စစ်သင်္ဘောကြီး၏ အပေါ်ယံကိုယ်ထည်၏ သုံးဆယ်ရာခိုင်နှုန်းနီးပါးခန့်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်…

ထိုမြင်ကွင်းမှာ ယုံချင်စရာမကောင်းလောက်အောင် ဆိုးရွားလွန်းလှပေသည်။ ထို့ကြောင့် ထိုတောင်ကြားထဲသို့ ဆင်းသွားကြသည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားကြ၏။ လက်ရှိတွင် ပင်မဂြိုဟ်ပေါ်ရှိ ဂိုဏ်းခွဲအား ဦးဆောင်နေသည့် အကြီးအကဲကြီးမှာ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်တွင် ရှိနေသော အဘိုးကြီးတစ်ယောက် ဖြစ်ပေသည်။ သူသည် တံခါးပိတ် ကျင့်ကြံနေရာမှ ထွက်လာပြီးနောက် တောင်ကြားထဲသို့ ရောက်ရှိလာခြင်းဖြစ်၏။

ထို အဘိုးကြီးမှာ တစ်ခေါင်းလုံး ဆံပင်ဖြူများဖြင့် ပြည့်နှက်နေပြီး ခါးကိုင်းနေပြီ ဖြစ်သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ သေမင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ သို့ဖြစ်ရာ ထိုအဘိုးကြီးမှာ ယခုလေးတင်မှ သူ၏ အုတ်ဂူထဲမှ ပြန်ထွက်လာသည့်ပုံ ပေါက်နေတော့သည်။ သို့သော် အားအင်ချည့်နဲ့နေသည့်ပုံ ပေါက်နေသည့် ထိုအဘိုးကြီး တောင်ကြားထဲသို့ ရောက်ရှိလာသောအခါ ထိုနေရာတစ်ဝိုက်ရှိ အပင်များအားလုံးမှာ ချက်ချင်းဆိုသလိုပင် ခြောက်သွေ့ညှိုးနွမ်းသွားရ၏။

အခြားသူများ အားလုံး ခေါင်းငုံ့ထားနေကြစဉ် ထို အဘိုးကြီးမှာ ပျက်စီးနေပြီဖြစ်သော စစ်သင်္ဘောကြီးအား အကဲခတ်လိုက်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ရယ်မောလိုက်တော့သည်။

” ဒါ မင်းတို့တွေရဲ့ ပေါ့ဆမှုကြောင့်လား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကများ ငါ အိုမင်းမစွမ်း ဖြစ်နေပြီလားဆိုတာ သိချင်လို့ စမ်းသပ်နေတာများလား ”

ထိုအဘိုးကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ခြောက်သွေ့ရှုံ့တွနေသော သူ၏ညာဘက်လက်ကိုမြှောက်ကာ စစ်သင်္ဘောကြီးထဲရှိ သတိလစ်နေသော ကျင့်ကြံသူ ဆယ်ယောက်ကျော်အား လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအခါ ထို ကျင့်ကြံသူများမှာ သတိပြန်မရလာကြသေးပါသော်လည်း အပြင်းအထန် တုန်ရီလာကြတော့သည်။ ထို့နောက် သူတို့မှာ မျက်စိတစ်မှိတ်အတွင်းတွင် တစ်ကိုယ်လုံး ခြောက်သွေ့ရှုံ့တွသွားကြ၏။ သူတို့၏ အသွေးအသားများနှင့် ဝိညာဉ်များမှာ သူတို့၏ ခန္ဓာကိုယ်များထဲမှ စုပ်ယူခံလိုက်ရပြီးနောက် အဘိုးကြီးဆီသို့ ဆွဲငင်ခံလိုက်ရ၏။ အဘိုးကြီးမှာမူ အသက်ပြင်းပြင်းရှူလိုက်ပြီး ၎င်းတို့အားလုံးကို တစ်ရှိုက်တည်း ရှူသွင်းကာ ဝါးမျိုလိုက်တော့သည်။

ထို့နောက် သူသည် ၎င်းတို့အား ဖြည်းဖြည်းချင်း ကြိတ်ဝါးကာ မျက်လုံးများ မှိတ်သွား၏။ သူသည် သူ ဝါးမျိုလိုက်သည့် အရာများ၏ အရသာကို နှစ်ခြိုက်နေသည့်၏ အမူအရာဖြင့် ဝိညာဉ်‌ရှာဖွေခြင်း မန္တန်တစ်ခုအား အသုံးပြုနေလိုက်သည်။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ကျင့်ကြံသူများမှာမူ ထိုမြင်ကွင်းအား စိုက်ကြည့်ရင်း ကြောက်ဒူးတုန်လာရ၏။ သူတို့မှာ ထို အဘိုးကြီး၏ အကျင့်စရိုက်ကို သိရှိထားကြပြီးသား ဖြစ်သည်။ သူ၏ ရက်စက်ကြမ်းကြုတ်သော ဗီဇနှင့် သတ်ဖြတ်လိုစိတ်များမှာ ဤ လူမှုအဖွဲ့အစည်းတစ်ခုလုံးထဲတွင် လူသိများပေသည်။

အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ထိုအဘိုးကြီးမှာ မျက်လုံးများ ပြန်ပွင့်လာပြီး တည်ကြည်စွာဆိုလိုက်၏။ သူ၏မျက်ဝန်းများထဲတွင် သွေးဆာနေသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည် ” အဆင့်မြင့်ဂိုဏ်းကို စိန်ခေါ်ရဲတဲ့လူ ပေါ်မလာတာ နှစ်နဲ့ချီနေပြီ။ ဒီကိစ္စကို စုံစမ်းကြစမ်း။ မင်းတို့‌တွေ သုံးရက်တိတိ အချိန်ရမယ်။ တကယ်လို့ တရားခံကို ရှာမတွေ့ဘူးဆိုရင် အချိန်တစ်ရက်ပိုပေးရတိုင်း လူတစ်ယောက်နှုန်းနဲ့ ငါ မင်းတို့ကို စားပစ်မယ် ” အဘိုးကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ ပျောက်ကွယ်သွားတော့သည်။

သူ ပျောက်ကွယ်သွားသည့်တိုင်အောင် သူ၏ စကားသံများမှာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူခြောက်ယောက်၏ နားထဲ၌ ပဲ့တင်ထပ်ကာ ကျန်ရစ်နေခဲ့ဆဲပင်။ သူတို့မှာ ချက်ချင်းဆိုသလိုပင် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီး အသက်ရှူသံများမြန်ဆန်လာကြ၏။ ထို့နောက် သူတို့မှာ တစ်ယောက်ကိုတစ်ယောက် မျက်လုံးနီကြီးများဖြင့် စိုက်ကြည့်ကာ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကျင့်ကြံသူများအား ပိုက်စိပ်တိုက်ရှာဖွေရန် အမိန့်ပေးလိုက်တော့သည်။

” ဘာပဲပေးဆပ်ရပေးဆပ်ရ ကိစ္စမရှိဘူးကွာ။ ဒီ မျိုးမစစ်သတ္တဝါကောင်ကို သုံးရက်အတွင်း တွေ့ အောင်ရှာကြ ”

ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှ ကျင့်ကြံသူခြောက်ယောက် သဲကြီးမဲကြီး လိုက်လံရှာဖွေနေကြစဉ် ဝမ်ပေါင်လဲ့မှာ ဘေးကင်းလုံခြုံရာဖြစ်သော မဟာတောင်ထိပ်ဂိုဏ်းဆီသို့ ပြန်ရောက်နေပြီဖြစ်သည်။ သူသည် သူ၏ အခန်းထဲတွင် ထိုင်နေရင်း မျက်ဝန်းများ အရောင်တလက်လက် တောက်ပနေ၏။

” ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းက ဘောစိတွေပဲကွ။ သူတို့က ဒီလောက်ကြီးတဲ့ ဟင်းလင်းပြင်ကျောက်တုံးကြီးကို သူတို့ရဲ့ အမှတ်တံဆိပ်အဖြစ် အသုံးပြုထားတာပဲ ”

” ပြီးတော့ စစ်သင်္ဘောကြီးကိုလည်း ခရမ်းမီးလျှံရွှေသားတွေနဲ့ တည်ဆောက်ထားသေးတာ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူမိသွား၏။ သူ ယခင်တုန်းက ဓားပြတိုက်ခဲ့ရာမှ ရရှိခဲ့သည် ပစ္စည်းများမှာ ဤ စစ်သင်္ဘောကြီး၏ တန်ကြေးအား ယှဉ်နိုင်မည် မဟုတ်ပေ။ သူသည် ထိုလုယက်မှုအတွင်း ဖြစ်ပွားခဲ့သည့် အချင်းအရာများကို ပြန်လည်တွေးတောလိုက်ပြီးနောက် မည်သည့်သဲလွန်စမှ မကျန်ရစ်ခဲ့ကြောင်း သေချာသွား၏။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားတော့သည်။ သူ၏ မျက်ဝန်းများမှာမူ အေးစက်စွာ တောက်ပနေ၏။

ဤ လူမှုအဖွဲ့အစည်းမှာ ဂြိုဟ်တစ်ခုလုံးပေါ်ရှိ လူသားများအားလုံးကို ရောဂါပိုးမွှားတစ်ခုဖြင့် သုတ်သင်ရှင်းလင်းခဲ့သည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သလို အခြား လူမှုအဖွဲ့စည်းများကို ကျူးကျော်ကာ ခိုးဆိုးလုယက်ခြင်းဖြင့် အသက်မွေးနေကြသည့် လူမှုအဖွဲ့အစည်းလည်း ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော လူမှုအဖွဲ့အစည်းမျိုးကို စာနာသနားနေမည် မဟုတ်ပေ။ သူသည် သူတို့ အသက်ရှင်နေသည်ဖြစ်စေ သေဆုံးသွားသည်ဖြစ်စေ ဂရုစိုက်နေမည် မဟုတ်ပေ။

” သူတို့က ငါ့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေလည်း မဟုတ်ဘူး။ အဲတော့ ဘာကို ဂရုစိုက်နေရမှာလဲ။ နတ်မျက်လုံးဂြိုဟ်ပေါ်မှာတော့ ပြဿနာအကြီးအကျယ် တက်တော့မယ်ဟေ့ “

Comment

Leave a Reply

Options

not work with dark mode
Reset