” ကဲ ငါ လာပြီဟေ့ ”
ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီးနောက် လျှို့ဝှက်အခန်းထဲမှ ပျောက်ကွယ်သွားပြီး ခဏအကြာတွင် အပြင်ဘက် ကောင်းကင်ယံထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် လေထုထဲသို့ ဝင်သွားလိုက်ပြန်သည်။ သူသည် ကျိုးရိရှန်၏ ပုံစံ ထပ်၍ ဟန်ဆောင်ထားခြင်းဖြစ်သည်။
ယခင် လုယက်မှုတုန်းက ထို ရုပ်ဖျက်မှုမှာ အလုပ်မဖြစ်ခဲ့ကြောင်း ဝမ်ပေါင်လဲ့က သိထားပါသော်လည်း သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို လေ့လာဖတ်ရှုဖူးထားသည် မဟုတ်ပါလော။ ထို စာအုပ်များထဲတွင် အကျင့်ကောင်းများ မွေးမြူထားပါက အခြား ချို့ယွင်းချက်များ၏ နေရာတွင် အစားထိုးနိုင်ကြောင်း ရေးသားဖော်ပြထား၏။
” နတ်မျက်လုံး အဖွဲ့အစည်းထဲမှာ ငါ့ကို အသက်အန္တရာယ်ပြုနိုင်တဲ့အရာတွေ အများကြီးရှိနေတုန်းပဲ… မီးခိုးတွေအဖြစ် ပြောင်းလဲထားတာက ငါ့ရဲ့ ပထမဆုံး အကာအကွယ်ပေါ့။ တကယ်လို့ ငါ လူမိသွားမယ်ဆိုရင်တောင် ကျိုးရိရှန်အနေနဲ့ပဲ လူမိသွားမှာ။ အဲတာက ငါ့ရဲ့ ဒုတိယ အကာအကွယ်ပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ သူ၏မျက်နှာကို ပုတ်လိုက်၏။ သူသည် သတိလိုပိုသည်မရှိဟု တွေးကာ ကျိုးရိရှန်အဖြစ် ရုပ်ဖျက်လိုက်ပြီးနောက် အနက်ရောင်မီးခိုးငွေ့များဖြင့် အသွင်ပြောင်းလဲသွားသည်။ ထို့နောက် ထို အနက်ရောင်မီးခိုးငွေ့များမှာ လေထုထဲ၌ လျင်မြန်စွာ ရွေ့လျားသွားကြပြီး ခဏအကြာတွင် ထိပ်ဆုံးပိုင်းသို့ ရောက်ရှိသွားတော့သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ချောင်ကျသည့် နေရာတစ်ခုကို ရှာဖွေကာ ပုန်းကွယ်နေလိုက်၏။ ထို့နောက် သူသည် အာကာသကြီးထဲသို့ မော့ကြည့်ကာ ဂြိုဟ်ကြီးအား အဝင်အထွက်လုပ်နေကြသည့် စစ်သင်္ဘောကြီးများကို လှမ်း၍ ငေးကြည့်နေလိုက်တော့သည်။ သူသည် မြည်းလေးကိုလည်း လွှတ်လိုက်သေးသည်။
ထို့အပြင် သူသည် မြည်းလေး ပါးစပ်ပိတ်နေစေရန်အတွက် ဝိညာဉ်တစ်ထောင် စစ်သင်္ဘောကြီးဆီမှ ရရှိခဲ့သည့် သတ္တုအပိုင်းအစတစ်ခုအား ၎င်းဆီ လှမ်းပစ်ပေးလိုက်သေးသည်။ ထို့နောက် သူသည် ပြုံးဖြဲဖြဲနှင့် ဆိုလိုက်၏။
” သား၊ အရင်တစ်ခေါက်တုန်းက အတိုင်းပဲ ”
မြည်းလေးမှာ ထို သတ္တုအပိုင်းအစအား နှစ်ကိုက်သုံးကိုက်လောက်နှင့် ကုန်အောင် ဝါးစားပစ်လိုက်၏။ ထို့နောက် ၎င်းမှာ မျက်ဝန်းများ အရောင်တောက်ပလာပြီး နှုတ်ခမ်းအား လျှာဖြင့် လျက်လိုက်တော့သည်။ ၎င်းမှာ ထို အပိုင်းအစလေးကြောင့် မကြာသေးမီတုန်းက သူ စားခဲ့ရသည့် ပစ္စည်းများ၏ အရသာအား ပြန်၍ မှတ်မိသွားသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ စိတ်ဓာတ်များ တက်ကြွသွားပြီး ခေါင်းမော့လာ၏။ ထို့နောက် ၎င်းမှာ အစာထပ်စားလိုသည့် စိတ်ဖြင့် ၎င်း၏ရှေ့တွင် ဖြတ်သန်းသွားလာနေသည့် စစ်သင်္ဘောကြီးများကို လိုက်၍ အကဲခတ်နေတော့သည်။ ၎င်း၏ အကြည့်မှာ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ နတ်ဘုရားအာရုံ ကဲ့သို့ပင်။
” ဝိညာဉ်တစ်ထောင်ဂိုဏ်းသားတွေက ငကြောက်တွေဖြစ်နေတာ နှမြောစရာပဲ။ သူတို့ဂိုဏ်းက အာကာသခရီးသွားလုပ်ငန်းတွေ ယာယီရပ်တန့်ထားမယ်လို့ တကယ်ကြီး ကြေညာခဲ့တာဟ။ ဒီလိုအချိန်မျိုးမှာ သူတို့ဘက်ကနေ ထောင်ချောက်ဆင်နေရမှာ မဟုတ်ဘူးလား။ စစ်သင်္ဘောတစ်စင်းကို အဖိုးတန် ရင်းမြစ်ပစ္စည်းတွေ အပြည့်တင်ပြီးတော့ တရားခံကို မျှားခေါ်ရမှာလေ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ရေရွတ်လိုက်သည်။ သူသည် မဟာတောင်ထိပ်ဂိုဏ်း၏ အကြီးအကဲကြီးတစ်ယောက်ဖြစ်ရာ ဝိညာဉ်တစ်ထောင်ဂိုဏ်း၏ လှုပ်ရှားမှုများနှင့် ပတ်သတ်၍ သတင်းအချက်အလက်များ ရရှိထား၏။ ထို သတင်းအချက်အလက်များမှာ ပြီးပြည့်စုံမှု မရှိပါသော်လည်း လုံလောက်ပေသည်။ ကုန်းစွန်းဟော့မှာ ကြယ်အဖွဲ့အစည်း အပြင်ဘက်သို့ထွက်မည့် ခရီးစဉ်များအားလုံးကို ဤတစ်နှစ်လုံးအတွက် ရပ်ဆိုင်းထားကြောင်း သူက သိထား၏။
” ဝိညာဉ်တစ်ထောင်ဂိုဏ်းက ဘာတွေများ တွေးနေတာလဲကွာ ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းမိသွား၏။ သူသည် ဝိညာဉ်တစ်ထောင်ဂိုဏ်း၏ လုပ်ရပ်များ၏ နောက်ကွယ်မှ အဓိက အကြောင်းအရင်းများကို အလေးအနက် စဉ်းစားတွေးတောရန် ပြင်လိုက်စဉ်မှာပင် မြည်းလေးမှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံးတုန်ရီသွား၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား ကြည့်ကာ အော်ဟစ်လိုက်တော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွား၏။ သူသည် ခေါင်းမော့လာပြီး မြည်းလေး ညွှန်ပြနေသည့် အရပ်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် မျက်ဝန်းများ အရောင်တောက်ပသွားပြီး နှုတ်ခမ်းအား လျှာဖြင့်လျက်လိုက်တော့သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် မြည်းလေးအား သိမ်းဆည်းကာ အနက်ရောင်မီးခိုးများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွား၏။
ခဏအကြာတွင် ဂြိုဟ်ကြီးဆီသို့ ပြန်ရောက်လာသည့် ရေသန့်စင်ဂိုဏ်း စစ်သင်္ဘောကြီးတစ်စင်းမှာ လေထုထဲသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် ထစ်ချုန်းသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်….
ဝိညာဉ်တစ်ထောင်ဂိုဏ်း စစ်သင်္ဘောကြီး ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးကြီးကြောင့် အခြားဂိုဏ်းများမှာ သတိဝီရိယအပြည့် ရှိနေ၏။ သူတို့မှာ ထိုကဲ့သို့သော အဖြစ်မျိုးနှင့် မကြုံတွေ့ရစေရန် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားကြပြီးသားဖြစ်သည်။ သို့သော် ဝိညာဉ်တစ်ထောင်ဂိုဏ်းမှာ ထိုလုယက်မှုအကြောင်းကို အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိပေ။ ထို့အပြင် အခြားဂိုဏ်းများမှာလည်း ထိုလုယက်မှုမှာ ဂိုဏ်းထဲမှ အတွင်းသတင်းများ ပေါက်ကြားသွားခဲ့သောကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ရမည်ဟု မှတ်ယူထားကြ၏။ ထိုမျှသာမက ထို လုယက်မှုကြီး ပြီးဆုံးသွားပြီးနောက် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ထပ်၍ မပေါ်ပေါက်လာခဲ့သည်မှာ နှစ်လတိတိရှိနေပြီ မဟုတ်ပါလော။ သို့ဖြစ်ရာ လူတိုင်းမှာ အနည်းငယ်ခန့် စိတ်အေးလက်အေး ပြန်ဖြစ်နေကြပြီ ဖြစ်သည်။
သို့သော် ခဏအကြာတွင် ရေသန့်စင်ဂိုဏ်း စစ်သင်္ဘောကြီးထဲမှ ကျင့်ကြံသူများမှာ ဝိညာဉ်တစ်ထောင်ဂိုဏ်း စစ်သင်္ဘောကြီးပေါ်မှ ကျင့်ကြံသူများ ကြားခဲ့ရသည့် ကြောက်မက်ဖွယ်ရာ စကားသံကြီးကို ကြားလိုက်ရတော့သည်။
” မလှုပ်နဲ့။ ဒါ ဓားပြတိုက်နေတာကွ ”
နာရီဝက်တိတိ ကုန်ဆုံးသွားပြီးနောက် ရေသန့်စင်ဂိုဏ်း၏ မဟာထိပ်သီး အကြီးအကဲကြီးမှာ သူ၏ ဂိုဏ်းသားများအား လူသူကင်းမဲ့သော တောင်ကြားတစ်ခုဆီသို့ ခေါ်သွားလိုက်၏။ ထိုအခါ သူတို့မှာ ထို တောင်ကြားထဲသို့ ပျက်ကျသွားခဲ့သည့် ရစရာ မရှိလောက်အောင် ထိခိုက်ပျက်စီးနေသော စစ်သင်္ဘောကြီးအား မြင်လိုက်ရတော့သည်။ ထို့ကြောင့် ထို ကျင့်ကြံသူများမှာ ချက်ချင်းဆိုသလိုပင် အမျက်ချောင်းချောင်း ထွက်သွားကြ၏။
သူတို့မှာ သေသေချာချာ စစ်ဆေးကြည့်လိုက်သောအခါ ထို စစ်သင်္ဘောကြီး၏ အစိတ်အပိုင်းများထဲမှ တစ်ဝက်နီးပါးမှာ ပျောက်ဆုံးနေသည်ဖြစ်ကြောင်း သိလိုက်ရ၏။ စစ်သင်္ဘောကြီးပေါ်ရှိ ဂိုဏ်းသားများအားလုံးမှာ ထိခိုက်ဒဏ်ရာရထားခြင်း မရှိပါသော်လည်း သူတို့ ရှာဖွေစုဆောင်းထားခဲ့သမျှ ပစ္စည်းများအားလုံးမှာ ခိုးယူခံလိုက်ရပြီဖြစ်သည်။ ရေသန့်စင်ဂိုဏ်း၏ အမျိုးသမီး မဟာထိပ်သီး အကြီးအကဲကြီးဆိုလျှင် ဒေါသစိတ်များကြောင့် သွေးတစ်ပွက်အန်ထွက်လာရ၏။
” ဒီကိစ္စကို သေချာစုံစမ်းကြ။ ဆုတော်ငွေတွေ ချီးမြှင့်ရမယ်ဆိုရင်တောင် ငါ ဂရုမစိုက်ဘူး။ ဒီ မျိုးမစစ်ကောင်ကို တွေ့အောင်ရှာ။ အဲကောင်ကို ငါ နုတ်နုတ်စဉ်းပစ်မယ် ”
ရေသန့်စင်ဂိုဏ်းမှာ အုတ်အော်သောင်းနင်း ဖြစ်နေကြ၏။ သူတို့မှာ ပဉ္စမမြောက် တောင်စဉ်တန်းပေါ်ရှိ အစွမ်းအထက်ဆုံး ဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး ဝိညာဉ်တစ်ထောင်ဂိုဏ်းနည်းတူ ဂုဏ်သတင်းကျော်စောကာ အင်အားတောင့်တင်းပေသည်။ သူတို့၏ ဂိုဏ်းသားအရေအတွက်မှာလည်း သောင်းဂဏန်းအထိ ရှိကြ၏။ ထို့ကြောင့် ထိုဂိုဏ်းမှလူများ သူတို့အား ဓားပြတိုက်သွားသည့် တရားခံအား သဲကြီးမဲကြီး လိုက်လံရှာဖွေနေကြသည်ဆိုသော သတင်းများမှာ ခဏအကြာတွင် တောမီးများကဲ့သို့ ပျံ့နှံ့သွားတော့သည်။
လအနည်းငယ်အတွင်းတွင် လုယက်မှုနှစ်ခု ဖြစ်ပွားခဲ့၏။ ဒုတိယမြောက် လုယက်မှုနှင့် ပတ်သက်သည့် သတင်းများမှာ လူတိုင်းဆီသို့ ချက်ချင်းရောက်ရှိသွားသည်။ ဂိုဏ်းများမှာမူ ထိုအကြောင်းကို ကြားသိလိုက်ရသောအခါ အံ့သြတုန်လှုပ်သွားကြသည်သာ ဖြစ်သည်။
ဝိညာဉ်တစ်ထောင်ဂိုဏ်း၏ လုယက်မှုမှာ မတော်တဆမှုတစ်ခု ဖြစ်နိုင်ပါသော်လည်း ယခုတွင်မူ ရေသန့်စင်ဂိုဏ်းပါ ပစ်မှတ်ထားခံလိုက်ရပြီဖြစ်သည်။ သို့ဖြစ်ရာ ထိုလုယက်မှုများအား အတွင်းသူလျှိုများ၏ လုပ်ရပ်များအဖြစ် သတ်မှတ်၍မရတော့ပေ။ ကွင်းဆက်ဓားပြတစ်ယောက်၏ လက်ချက် ဖြစ်ရပေမည်။
” ကွင်းဆက် ” ဆိုသည့်အမည် တပ်ခံလိုက်ရသည့် ရာဇဝတ်သားတိုင်းသည် လူတိုင်းအား အုတ်အော်သောင်းနင်း ဖြစ်သွားစေမည်မှာ မလွဲဧကန်ပင်။ နတ်မျက်လုံး ဂြိုဟ်ပေါ်မှ ဂိုဏ်းများစွာမှာ ချက်ချင်းဆိုသလိုပင် နိုးနိုးကြားကြား ဖြစ်သွားကြ၏။ သူတို့မှာ သူတို့၏ စစ်သင်္ဘောကြီးများကို ကာကွယ်နိုင်ရန် အစွမ်းကုန်ကြိုးစားနေကြပြီဖြစ်သည်။
ဂိုဏ်းအများစု ထိတ်ထိတ်ပျာပျာ ဖြစ်နေကြစဉ် ဝိညာဉ်တစ်ထောင်ဂိုဏ်းသားများမှာ သူတို့အား လှောင်ပြောင်ရယ်မောနေကြ၏။ ကုန်းစွန်းဟော့မှာဆိုလျှင် အကျေနပ်ဆုံး ဖြစ်နေသည်။ သူသည် သူတို့ဂိုဏ်း၏ လက်ကျန်ဂုဏ်သိက္ခာအား အဖတ်ဆယ်နိုင်ရန်အတွက် ထို လုယက်မှုအကြောင်းကို အသေးစိတ် ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိဘဲ ကွယ်ဝှက်ထားခဲ့ခြင်းဖြစ်သည်။ သူသည် ထို လုယက်မှုဖြစ်စဉ်တစ်ခုလုံးအား အစမှအဆုံးအထိ အပြန်ပြန် အလှန်လှန် သုံးသပ်ခဲ့ပြီးနောက် သူတို့မှာ အလွန်အင်မတန်မှ ဉာဏ်များသော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ထိုသတင်းအချက်အလက်အား အခြားသူများနှင့် မဝေမျှချင်ခဲ့ပေ။ ထို့အပြင် သူသည် အခြားဂိုဏ်းများ ထိခိုက်နစ်နာသွားရသည်ကိုလည်း စောင့်ကြည့်ခွင့်ရရန် မျှော်လင့်နေ၏။
” ဝိညာဉ်တစ်ထောင်ဂိုဏ်းက အာကာသ ဓားပြတွေ ဖြစ်ပြီးတော့ ဓားပြပြန်အတိုက်ခံရတာ ရှက်စရာကြီးလို့ ဒီကောင်တွေပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ရေသန့်စင်ဂိုဏ်းဆိုရင် အဆိုးဆုံးပဲ။ အခုရော အခြေအနေ ဘယ်လိုရှိစ ”
ဝိညာဉ်တစ်ထောင်ဂိုဏ်းမှာ အခြားဂိုဏ်း၏ အဖြစ်ဆိုးကြီးအား ပျော်ရွှင်မြူးထူးစွာဖြင့် လှောင်ပြောင်ရယ်မောနေ၏။ ရေသန့်စင်ဂိုဏ်းမှာ နှစ်ပတ်တိတိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆုကြေးငွေများပင် ဖောဖောသီသီ ထုတ်ပြန်ကြေညာခဲ့သည့်တိုင်အောင် မည်သည့် သဲလွန်စမှ ပေါ်ပေါက်လာခဲ့ခြင်းမရှိပေ။ ထိုအချိန်တွင် တတိယမြောက် လုယက်မှုကြီး ပေါ်ပေါက်လာသဖြင့် ဂိုဏ်းအားလုံးမှာ တုန်လှုပ်ချောက်ချားသွားရတော့သည်။
ယခုအကြိမ်တွင်မူ ပစ်မှတ်မှာ ပဉ္စမမြောက် တောင်စဉ်တန်းပေါ်မှ ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ဘဲ ဆဋ္ဌမ၊ သတ္တမနှင့် အဋ္ဌမမြောက် တောင်စဉ်တန်းများပေါ်ရှိ ဂိုဏ်းများ ဖြစ်ကြပေသည်။
အချိန် နှစ်နာရီအတွင်းတွင် ထို တောင်စဉ်တန်းသုံးခုပေါ်ရှိ ဂိုဏ်းများ၏ စစ်သင်္ဘော ဆယ့်ခုနစ်စင်းတိတိမှာ ဓားပြတိုက်ခံလိုက်ရခြင်း ဖြစ်၏။ ထို ဓားပြ၏ ပစ်မှတ်မှာ ထို စစ်သင်္ဘောကြီးများ သယ်ဆောင်လာသော ကုန်ပစ္စည်းများမဟုတ်ဘဲ ထို စစ်သင်္ဘောကြီးများ၏ အစိတ်အပိုင်းများ ဖြစ်ပေသည်။
ထို့ကြောင့် နတ်မျက်လုံး ပင်မဂြိုဟ်တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်သွားကြ၏။ ရေသန့်စင်ဂိုဏ်း၏ မဟာထိပ်သီး အကြီးအကဲကြီးမှာဆိုလျှင် ထို လုယက်မှုများကြောင့် အံ့ဩတုန်လှုပ်သွားရသည့် အထိပင်။ သူမသည် အနည်းငယ်ခန့် တွေးတောသုံးသပ်လိုက်ပြီးနောက် သူမ၏ ပြိုင်ဘက်ဟောင်းကြီး ကုန်းစွန်းဟော့နှင့် သွားရောက်တွေ့ဆုံလိုက်၏။ သူတို့နှစ်ယောက် မည်သည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ကို မည်သူမှ မသိပါသော်လည်း ထို ဆုံတွေ့မှုပြီးနောက် ထိုဂိုဏ်းနှစ်ဂိုဏ်းမှာ ပဉ္စမမြောက် တောင်စဉ်တန်းမှ အဋ္ဌမမြောက် တောင်စဉ်တန်းအထိ တောင်စဉ်တန်းများပေါ်ရှိ ဂိုဏ်းများအားလုံးကို သူတို့နှင့်အတူ ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပေးရန် ပူးတွဲထုတ်ပြန်ကြေညာလိုက်သည်။ သူတို့မှာ ထို အရှက်မရှိကာ ရက်စက်ကြမ်းကြုတ်သော လုယက်မှုများ၏ နောက်ကွယ်မှ တရားခံအား တွေ့အောင်ရှာရန် ကျိန်ဆိုလိုက်ကြသည်။
ထိုသို့ဖြင့် ထို တောင်စဉ်တန်း လေးခုမှာ စုံစမ်းစစ်ဆေးမှုများကို မရပ်မနား ပြုလုပ်နေကြပြီဖြစ်သည်။ ထို အချင်းအရာများ ဖြစ်ပျက်နေသည့်တိုင်အောင် ဒုတိယမြောက်တောင်စဉ်တန်း၊ တတိယမြောက် တောင်စဉ်တန်းနှင့် စတုတ္ထမြောက် တောင်စဉ်တန်းတို့ပေါ်တွင် ရှိနေကြသည့် အဓိက ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ဂရုစိုက်သည့်ပုံ မပေါ်ပေ။ ထို ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် အခြားဂိုဏ်းများ၏ ကြားရှိ အင်အားခြားနားမှုမှာ အလွန်အင်မတန်မှ ကြီးမားနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ထို ဂိုဏ်းကြီးသုံးဂိုဏ်းအတွက် ဤ ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ ဆော့ကစားစရာ အရုပ်များ ပျက်စီးသွားသောကြောင့် ငိုကြွေးနေကြသည့် ကလေးငယ်များကို ကြည့်နေရသကဲ့သို့ပင်။
ထိုကဲ့သို့ အင်တိုက်အားတိုက် ရှာဖွေနေကြသည်တိုင်အောင် အကျိုးထူးမလာခဲ့ပေ။ ထိုအတောအတွင်းတွင် ဆဋ္ဌမမြောက် တောင်စဉ်တန်းမှ အဋ္ဌမမြောက် တောင်စဉ်တန်းအထိ တောင်စဉ်တန်းများပေါ်ရှိ ဂိုဏ်းများ၏ စစ်သင်္ဘောကြီးများမှာ အဆက်မပြတ် ဓားပြခံနေရဆဲပင်။ ထို့အပြင် ထိုဓားပြ၏ အပြုအမူများမှာ ပို၍ပင် ဆိုးရွားလာ၏။ ယခုအကြိမ်တွင် လူအသေအပျောက်များပါ ရှိလာပြီ ဖြစ်သည်။ ထို့အပြင် စစ်သင်္ဘောကြီးများမှာလည်း အစိတ်အပိုင်းများသာ မဟုတ်တော့ဘဲ စင်းလုံးကျွတ် ခိုးယူခံလိုက်ရခြင်းဖြစ်၏။
ထို့ကြောင့် လူတိုင်းမှာ ပို၍ပင် ရုတ်ရုတ်သဲသဲ ဖြစ်လာရတော့သည်။ ဂိုဏ်းများအားလုံးမှာလည်း ထိုတရားခံအား မိအောင်ဖမ်းကာ သေဒဏ်ပေးရန် တောင်းဆိုလာကြ၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုသတင်းများကို ကြားသိလိုက်ရသောအခါ အမျက်ချောင်းချောင်း ထွက်သွား၏။
” မျိုးမစစ်ကောင်ကွာ။ ဘယ်ကောင်က ငါ့ကို ခုတုံးလုပ်ပြီး မကောင်းမှုတွေ ကျူးလွန်နေတာလဲ ” ဝမ်ပေါင်လဲ့မှာ မကျေမချမ်းဖြစ်နေရ၏။ သူ နောက်ဆုံးဆောင်ရွက်ခဲ့သည့် လုယက်မှုမှာ စစ်သင်္ဘော ဆယ့်ခုနစ်စင်း ဖြစ်ပေသည်။ ထိုလုယက်မှုနောက်ပိုင်း ပေါ်ပေါက်လာခဲ့သမျှ လုယက်မှုများအားလုံးမှာ သူ၏လက်ချက်မဟုတ်ပေ။ ထို့အပြင်… လူတစ်ယောက်တည်းအားဖြင့် စစ်သင်္ဘောကြီးများကို စင်းလုံးကျွတ် ခိုးယူသွားနိုင်ရန်မှာလည်း မဖြစ်နိုင်ပေ။ ဂိုဏ်းတစ်ဂိုဏ်းကသာလျှင် ထိုကဲ့သို့ ဆောင်ရွက်နိုင်လောက်ပေသည်။
အခြားသူများမှာလည်း ထိုအချက်ကို ခန့်မှန်းမိလောက်ပါသော်လည်း ဂိုဏ်းတစ်ဂိုဏ်းမှာ လက်ရှိ မတည်မငြိမ်ဖြစ်နေသည့် အခြေအနေများကို အခွင့်ကောင်းယူကာ အမြတ်ထုတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်နေ၏။
သို့သော် သူသည် ထိုတရားခံ ဂိုဏ်းများကို ရှာဖွေနေရန် စိတ်ကူးမရှိပေ။ သူသည် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး အစီအစဉ်တစ်ခု ရေးဆွဲလိုက်တော့သည်။
” ငါ့ကို ခုတုံးလုပ်ပြီး အသုံးချရဲလောက်အောင် သတ္တိကောင်းနေတယ်ပေါ့။ အေး။ နောက်ဆက်တွဲ အကျိုးဆက်တွေကိုပါ ခံစားနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ မျက်လုံးများမှေးသွား၏။ ထို့နောက် သူသည် သူ၏အခန်းထဲမှ ပြေးထွက်လာပြီး သူ၏ ဂိုဏ်းတူအစ်ကိုကြီး ပေးထားသော ပညာရပ်ကို အသုံးပြုကာ ကောင်းကင်ယံထဲသို့ မည်သူမှ သတိမထားမိအောင် ပျံတက်သွားလိုက်သည်။ သူသည် အကြီးစား လုယက်မှုကြီးတစ်ခုကို ဆောင်ရွက်တော့မည် ဖြစ်သည်။ သူသည် ကုန်ကြမ်းပစ္စည်း အနည်းငယ်မျှကိုသာ လိုအပ်တော့သည်ဖြစ်ရာ ယခုအကြိမ် လုယက်ပြီးလျှင် ဓားပြလုပ်ငန်းမှ အနားယူတော့မည်လည်း ဖြစ်သည်။
ထို့အပြင် သူသည် ဤကိစ္စကြီးတစ်ခုလုံးအား ဟိုးလေးတကျော် ဖြစ်သွားအောင် လုပ်ရန် ကြံရွယ်ထား၏။ သူသည် အဆင့်မြင့်ဂိုဏ်းကြီးများ ထိုကိစ္စအား သတိထားမိလာပြီး ဤ အရှုပ်ထုပ်ကြီးထဲ၌ ပါဝင်ပတ်သက်လာအောင် လုပ်ရန် ဆန္ဒရှိနေသည်။
ဝမ်ပေါင်လဲ့မှာ သူ ဖြစ်ချင်သည့်အရာများကို အမှန်တကယ်ဖြစ်လာအောင် လုပ်နိုင်ရန် လိုအပ်သည့် အရည်အချင်းများကိုသာမက သတ္တိများကိုလည်း ပိုင်ဆိုင်ထားပေသည်။ သူ့ဆီတွင် သူ၏ ဂိုဏ်းတူအစ်ကိုကြီးပေးထားသည့် ပညာရပ်ရှိနေသည်ဖြစ်ရာ မည်သည့် စုံစမ်းစစ်ဆေးမှုကိုမှ ကြောက်ရွံ့နေစရာမလိုပေ။ သို့သော် သူ့အား ခုတုံးလုပ်ကာ အသုံးချနေသည့် ဂိုဏ်းများမှာမူ သူနှင့်မတူပေ။ သူတို့မှာ ထို လုယက်မှုများထဲ၌ ပါဝင်ပတ်သက်နေကြောင်း လူအများက သိရှိသွားကြသည်နှင့် တစ်ပြိုင်နက် အဆင့်မြင့်ဂိုဏ်းကြီးများနှင့် ဓားပြတိုက်ခံခဲ့ရသည့် အခြားဂိုဏ်းများအားလုံး၏ အမျက်ဒေါသများမှာ သူတို့အပေါ်သို့ ပုံကျလာကြမည် မဟုတ်ပါလော။ ထိုအခါ သူတို့မှာ တစ်ကြိမ်ခန့်သာ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ကျိန်ဆိုလျှင်တောင် မည်သူကမှ သူတို့အား ယုံကြည်ကြတော့မည် မဟုတ်ပေ။
” ကဲ ဘယ်သူက နောက်ဆုံး အသုံးချခံ ဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့ကွာ ” ဝမ်ပေါင်လဲ့မှာ လှောင်ပြုံးပြုံးကာ မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။
good
Good 👍