စစ်သင်္ဘောကြီးမှာ ၎င်း၏ စွမ်းအင်ရင်းမြစ်အား ဆုံးရှုံးသွားပြီဖြစ်ရာ ဂြိုဟ်ကြီး၏ လေထုထဲမှ ထွက်သွားပြီ ဖြစ်သည်။ ယခုတွင် ၎င်းမှာ မြေပြင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေပြီး တောင်တန်းများအား ဝင်တိုက်သွားတော့မည် ဖြစ်သည်။ ဝိညာဉ်တစ်ထောင်ဂိုဏ်း၏ မဟာထိပ်သီးအကြီးအကဲကြီးဖြစ်သူ ကုန်းစွန်းဟော့မှာ ထို စစ်သင်္ဘောကြီး၏ နောက်သို့ သဲကြီးမဲကြီး လိုက်နေခဲ့၏။ သူသည် အပြင်ဘက် လေထုထဲတွင် ပျံသန်းနေရင်း သူ၏ လျှပ်စီး လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကိုအသုံးပြုကာ စစ်သင်္ဘောကြီးအား ရှာဖွေနေခဲ့သည်။ ထိုအချိန်တွင် သူသည် ရုတ်တရက်ဆိုသလို သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။
ဂြိုဟ်ကြီး၏ တမူထူးခြားသော ဂုဏ်သတ္တိများကြောင့် သူသည် ထိုစစ်သင်္ဘောကြီး၏ တည်နေရာအား အတိအကျ မသိနိုင်ဘဲ အကြမ်းဖျင်းမျှသာ ခန့်မှန်းနိုင်ပေသည်။ သို့သော် ထို စစ်သင်္ဘောကြီး လေထုထဲမှ အောက်သို့ ဆင်းသက်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ၎င်းအား ချက်ချင်းပင် အာရုံခံမိလိုက်၏။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ လေထုထဲမှ ပျံထွက်လာပြီး တည်နေရာပြောင်းရွှေ့လိုက်တော့သည်။
သူ ပြန်လည်ပေါ်ပေါက်လာချိန်တွင် ဝိညာဉ်တစ်ထောင်ဂိုဏ်း၏ စစ်သင်္ဘောကြီးမှာ သူ၏ရှေ့၌ ရောက်နေပြီဖြစ်သည်။ ၎င်းမှာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားနေ၏။ လေထဲတွင်လည်း တရွှီးရွှီးမြည်သံများဖြင့် ဆူညံနေသည်။
” မဖြစ်ဘူး ”
ကုန်းစွန်းဟော့မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်ပြီး ထို စစ်သင်္ဘောကြီးအား တားဆီးနိုင်ရန် ၎င်းဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလိုက်တော့သည်။
ဝိညာဉ်တစ်ထောင်ဂိုဏ်းမှာ မဟာတောင်ထိပ်ဂိုဏ်းထက် အဆပေါင်းများစွာပို၍ ချမ်းသာကြွယ်ဝပါသော်လည်း အာကာသထဲ၌ သွားလာနိုင်သည့် စစ်သင်္ဘော သုံးစင်းကိုသာ ပိုင်ဆိုင်ထားသည်။ သို့ဖြစ်ရာ ထို သုံးစင်းထဲမှ တစ်စင်းသာ ပျက်စီးသွားမည်ဆိုပါက ဂိုဏ်းအတွက် အများကြီး ထိခိုက်နစ်နာသွားမည်သာ ဖြစ်သည်။
ထို့ကြောင့်လည်း ကုန်းစွန်းဟော့မှာ အရှိန်ကုန်မြှင့်တင်လိုက်ရခြင်းဖြစ်၏။ သူသည် မြေပြင်ပေါ်သို့ ထိုးဆင်းနေသည့် စစ်သင်္ဘောကြီး၏ ရှေ့တွင် ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် သူ၏ လက်နှစ်ဖက်စလုံးကို မြှောက်ကာ ထိုစစ်သင်္ဘောကြီးအား တွန်းလိုက်တော့သည်။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအား တစ်မျိုးတည်းနှင့် ထို စစ်သင်္ဘောကြီးအား ရပ်တန့်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ထိုအခါ လေထဲတွင် မိုးခြိမ်းသံကြီးတစ်သံ ကျယ်လောင်စွာ ပဲ့တင်ထပ်သွား၏။ ကုန်းစွန်းဟော့မှာလည်း မျက်နှာတစ်ခုလုံး ပို၍ပင် ဖြူဖပ်ဖြူရော် ဖြစ်လာရတော့သည်။ သူ၏ လက်မောင်းနှစ်ဖက်နှင့် မျက်နှာများပေါ်တွင်လည်း သွေးကြောကြီးများ ထောင်ထနေပြီဖြစ်သည်။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ဆက်လက် ထုတ်လွှတ်နေပါသော်လည်း စစ်သင်္ဘောကြီး၏ အလေးချိန်ကြောင့် နောက်သို့ အဆက်မပြတ် တွန်းထုတ်ခံနေရဆဲပင်။ နောက်ဆုံးတွင် သူ၏ခြေထောက်နှစ်ဖက်မှာ မြေကြီးပေါ်သို့ ရောက်သွား၏။ ထိုအခါ ထိုနေရာရှိ မြေပြင်ကြီးမှာ တစ်စစီကွဲအက်သွားပြီးနောက် အက်ကွဲကြောင်းများမှာ ပေတစ်သောင်းကျော်အထိ ဆန့်ထွက်သွားကြ၏။ ခဏအကြာတွင် မြေပြင်ကြီးတစ်ခုလုံးမှာ အောက်သို့ ကျွံဝင်သွားသဖြင့် ကုန်းစွန်းဟော့တစ်ယောက် ခံစားနေရသည့် ဖိအားများမှာလည်း အနည်းငယ်ခန့် လျော့ကျသွားတော့သည်။
နောက်ဆုံးတွင် သူသည် အသံကုန်အော်ဟစ်လိုက်ပြီး သူ၏ အားကောင်းသော ကျင့်ကြံခြင်းစွမ်းအားများဖြင့် စစ်သင်္ဘောကြီးအား ထိန်းချုပ်နိုင်သွား၏။ ထို့နောက် သူသည် ထို စစ်သင်္ဘောကြီးအား သူ၏ဘေး၌ ဖြည်းညင်းစွာ နေရာချထားလိုက်ပြီးနောက် လေးလံနေသည့် အသက်ရှူသံများဖြင့် အထိအခိုက် အပျက်အစီးများကို အကဲခတ်ကြည့်ရှုလိုက်တော့သည်။ သူသည် စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်ပါသော်လည်း ထို အပျက်အစီးများကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ အမျက်ချောင်းချောင်း ထွက်သွားရပြီး အသားများ တဆတ်ဆတ် တုန်ရီလာရဆဲပင်။
စစ်သင်္ဘောကြီး၏ အတွင်းပိုင်းမှာ ဖရိုဖရဲ ဖြစ်နေပြီဖြစ်သည်။ အစိတ်အပိုင်း မြောက်မြားစွာ ပျောက်ဆုံးနေပြီး အပိုင်းအများစုမှာလည်း ပြောင်သလင်းခါနေ၏။ ပျောက်ဆုံးနေသည့် ပစ္စည်းများမှာ တန်ဖိုးအကြီးမားဆုံး ပစ္စည်းများ ဖြစ်ကြပြီး အချို့နေရာများတွင်ဆိုလျှင် ကိုက်ရာများပင် ကျန်ရစ်ခဲ့သေးသည်။ ထိုမြင်ကွင်းကြောင့် ကုန်းစွန်းဟော့မှာ နှလုံးသားထဲ၌ တဆစ်ဆစ် နာကျင်သွားရ၏။
သူ၏ ဦးဆောင်မှုအောက်တွင် သူ၏ဂိုဏ်းမှာ လူမှုအဖွဲ့အစည်းပေါင်း မြောက်မြားစွာနှင့် မျိုးစိတ်ပေါင်းမြောက်မြားစွာအား အမြစ်ပြတ် သုတ်သင်ချေမှုန်းခဲ့၏။ သူသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း လုယက်ဓားပြတိုက်ခဲ့ရာမှ ရရှိခဲ့သော ပစ္စည်းများကို ခြစ်ကုတ်၍ စုစည်းခဲ့ပြီးမှသာ စစ်သင်္ဘောကြီးသုံးစင်းအား တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွင်မူ သူ၏ အဖိုးတန် စစ်သင်္ဘော တစ်စင်းမှာ ရုပ်ပျက်ဆင်းပျက် အမဲဖျက်ခံလိုက်ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။ ထို့အပြင် သူသည် ကြယ်ပုံရိပ်ယောင်ကျောက်တုံးများပါ ဓားပြတိုက်ခံလိုက်ရသည်ဖြစ်ကြောင်း တွေးမိလိုက်သောအခါ နှလုံးသားတစ်ခုလုံး တစ်စစီ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း သူ၏ ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲတော့မည့် မီးတောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေ၏။ နောက်ဆုံးတွင် ကုန်းစွန်းဟော့မှာ ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာဖြင့် ခေါင်းမော့ကာ ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးလိုက်တော့သည်။
” မင်း ဘာကောင်ကြီး ဖြစ်နေဖြစ်နေ ငါ ဂရုမစိုက်ဘူးဟေ့။ ဝိညာဉ်တစ်ထောင်ဂိုဏ်းက မင်းကို မတွေ့တွေ့အောင်ရှာပြမယ်။ ပြီးရင် မင်းရဲ့ အရိုးတွေကို အမှုန့်ချေပြီး မင်းကို ဇီဝိန်ချုပ်ပေးမယ်ကွ ”
သူ၏ စကားသံကြီးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီ လေထုထဲ၌ ပဲ့တင်ထပ်သွား၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုနယ်မြေထဲမှ ထွက်ခွာသွားခြင်း မရှိသေးသောကြောင့် ထိုစကားသံကြီးကို ကြားလိုက်ရသည်။
” မင်းတို့တွေပဲ တခြား လူမှုအဖွဲ့အစည်းတွေကို ဓားပြတိုက်ခွင့်ရှိပြီး တခြား လူတွေက မင်းတို့ကို ဓားပြတိုက်ခွင့် မရှိတာလားကွ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်သွားပြီး ခြေလှမ်းများရပ်တန့်သွား၏။ သူသည် နောက်သို့ပြန်လှည့်ကာ ထို ကျင့်ကြံသူအား သင်ခန်းစာတစ်ခု ပေးသင့်မပေးသင့် တွေးတောနေတော့သည်။ ထို့နောက် သူသည် နောက်ဆက်တွဲအကျိုးဆက်များကို ထည့်သွင်းစဉ်းစားလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ်ထပ်၍ ဓားပြတိုက်နိုင်ရန် ခက်ခဲသွားမည်ကို စိုးရိမ်သောကြောင့် နှာမှုတ်ကာ ထိုကျင့်ကြံသူ၏ ခြိမ်းခြောက်မှုအား လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် ရှေ့သို့ ပြန်လှည့်သွားပြီး မဟာတောင်ထိပ်ဂိုဏ်းဆီသို့ ပြန်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ဂိုဏ်းသို့ ပြန်ရောက်လာပြီးနောက် တားမြစ်နယ်မြေထဲသို့ မည်သူမှ မသိအောင် ခိုးဝင်လိုက်၏။ သူသည် သူ၏ အခန်းသို့ ပြန်ကာ အောက်သို့ထိုင်ချလိုက်ပြီး သူ စုဆောင်းရရှိခဲ့သမျှ ပစ္စည်းများကို စတင်ကြည့်ရှုစစ်ဆေးနေလိုက်တော့သည်။ သူ ထိုကဲ့သို့ ကြည့်ရှုစစ်ဆေးနေရင်း သူ၏ မျက်ဝန်းများမှာ တဖြည်းဖြည်းနှင့် ပို၍ အရောင်တောက်ပလာကြ၏။
” ငါ ဒီနေ့ ဓားပြတိုက်ပြီးရခဲ့တဲ့ ပစ္စည်းတွေက မဟာတောင်ထိပ်ဂိုဏ်း လေလံပွဲကနေတစ်ဆင့် ရခဲ့တဲ့ ပစ္စည်းတွေလောက်ကို များတာပဲ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားနှင့် သူ၏ကိုယ်ပိုင် စစ်သင်္ဘောကြီးအား စတင်တည်ဆောက်နေလိုက်တော့သည်။ သူသည် လတ်တလောအချိန်ကာလအတွက် ကုန်ကြမ်းပစ္စည်း အလုံအလောက် စုဆောင်းပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် နောက်နေ့များတွင် ဝမ်ပေါင်လဲ့မှာ သူ၏ စစ်သင်္ဘောကြီးအတွက် လိုအပ်သော အစိတ်အပိုင်းများကို ဖန်တီးရာ၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားလိုက်တော့သည်။ သူသည် ပြင်ပကမ္ဘာထဲ၌ ဖြစ်ပျက်နေသည့် ကိစ္စများကို အာရုံသိပ်မစိုက်ခဲ့ပေ။
သူသည် သူ၏ လုယက်မှုနှင့်ပတ်သက်၍ တစ်ရာရာခိုင်နှုန်း အပြည့်အဝ စိတ်မအေးနိုင်သေးပါသော်လည်း ထို ကိစ္စကြီးတစ်ခုလုံးကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်ဟု ယုံကြည်နေ၏။ သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ လုယက်မှုအနုပညာအကြောင်း ကောင်းကောင်းကြီး နားလည်ထားခြင်း မရှိပါသော်လည်း ဂိုဏ်းများမှာ ပစ္စည်းသက်သက် လုယက်မှုနှင့် လူသတ်လုယက်မှုတို့အား မတူညီသော အရာနှစ်ခုအဖြစ် ခွဲခြားသတ်မှတ်ထားကြမည်ဖြစ်ကြောင်း သိထား၏။ ပစ္စည်းသက်သက် လုယက်ခံရခြင်းမှာ စည်းစိမ်ဥစ္စာများကိုသာ လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်ရာ ဂိုဏ်း၏ ဂုဏ်သိက္ခာပိုင်းကိုသာ ထိခိုက်နိုင်ပေသည်။ သို့သော် လူသတ်လုယက်မှုများမှာမူ စစ်ကြေညာသကဲ့သို့ပင်။
အပြင်လူများမှာလည်း ထိုကဲ့သို့ သဘောထားကြမည်သာ ဖြစ်သည်။ ထို လုပ်ရပ်နှစ်ခု၏ ရက်စက်ကြမ်းကြုတ်မှု အဆင့်အတန်းမှာ လုံးဝမတူပေ။
ဝမ်ပေါင်လဲ့၏ လုယက်မှုကြီးပြီးနောက် ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ ဖြစ်ရပ်များမှာ သူ ကြိုတင်မှန်းဆထားသည့်အတိုင်းပင်။ ဝိညာဉ်တစ်ထောင်ဂိုဏ်း၏ စစ်သင်္ဘောကြီး ခိုးယူခံခဲ့ရသည်ဆိုသည့် အကြောင်းအား ဖုံးကွယ်ထားနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် ထိုဂိုဏ်းဆီတွင် ရန်သူတော်အချို့လည်း ရှိနေသေးသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့၏ စစ်သင်္ဘောကြီး လုယက်ခံလိုက်ရသည် ဆိုသည့်သတင်းမှာ သိပ်မကြာခင်တွင် တစ်ဂြိုဟ်လုံးထဲ၌ ပျံ့နှံ့သွားတော့သည်။
ဂိုဏ်းကြီး၊ ဂိုဏ်းငယ်မျိုးစုံမှာ ထိုကိစ္စအကြောင်း ပြောဆိုဆွေးနွေးနေကြ၏။ မဟာတောင်ထိပ်ဂိုဏ်းသားများပင်လျှင် ထိုအကြောင်းကို ဆွေးနွေးနေကြပြီ ဖြစ်သည်။
” မင်းတို့တွေ ကြားပြီးကြပြီလား။ ကုန်ပစ္စည်းအပြည့်နဲ့ ပြန်လာတဲ့ ဝိညာဉ်တစ်ထောင်ဂိုဏ်းရဲ့ စစ်သင်္ဘောကြီး ဓားပြတိုက်ခံရလို့တဲ့။ ကုန်ပစ္စည်းတွေတင်မကဘူး စစ်သင်္ဘောကြီးရဲ့ အစိတ်အပိုင်းအများစုလည်း ပါသွာသေးတာတဲ့ဟ ”
” အဲလိုမျိုး မဖြစ်တာ နှစ်နဲ့ချီနေပြီ… ”
” ဝိညာဉ်တစ်ထောင်ဂိုဏ်းက ကောင်တွေက အမြဲတမ်း ကြွစောင်းစောင်းနဲ့။ ဒီကောင်တွေ ဒီလိုအဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဟားဟား။ ငါ လိုက်မေးကြည့်ပြီးပြီ။ သူတို့က အသေးစား လူမှုအဖွဲ့အစည်းလေးတစ်ခုကို ဖျက်ဆီးခဲ့ပြီးတော့ ကြယ်ပုံရိပ်ယောင် ကျောက်တုံးတွေ အများကြီး သိမ်းယူခဲ့တာတဲ့ကွ။ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရပြီးမှ အဲဒီကျောက်တုံးတွေကို သူများရဲ့လက်ထဲ အပ်လိုက်ရတာပေါ့ကွာ ”
ဝမ်ပေါင်လဲ့မှာ သူ၏ စစ်သင်္ဘောကြီးအား တည်ဆောက်ရာ၌ စိတ်နှစ်ထားပါသော်လည်း မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးအတွက် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မကြာခဏဆိုသလို အခန်းအပြင်ဘက်သို့ ထွက်နေရဆဲပင်။ ထို့ကြောင့် သူသည် အခြားဂိုဏ်းသားများ၏ စကားဝိုင်းများကို နားစွန်နားဖျား ကြားမိလိုက်၏။ ထိုအခါ သူသည် မျက်မှောင်ကြုတ်သွားရသည်။
” ဝိညာဉ်တစ်ထောင်ဂိုဏ်းက ပဉ္စမတောင်စဥ်တန်းပေါ်မှာ ရှိတဲ့ ဂိုဏ်းတွေထဲက တစ်ခုလေ။ ငါတို့တွေက သူတို့ကို ကူညီပေးနိုင်တဲ့ အနေအထားမှာ မရှိပေမဲ့ သတိလေးကပ်ပြီးတော့ အဲဒီ လုယက်မှုအကြောင်းကို ငါတို့ရဲ့ ဂိုဏ်းထဲမှာပဲ ပြောဆိုဆွေးနွေးသင့်တယ်။ ဂိုဏ်းရဲ့ အပြင်ဘက်မှာ လက်လွတ်စပယ် ပြောဆိုနေလို့ မဖြစ်ဘူး။ ပြီးရင် ငါတို့လည်း အဲလို အဖြစ်ဆိုးကြီးနဲ့ မကြုံရအောင် သတိပိုထားဖို့ လိုတယ် ”
ဝမ်ပေါင်လဲ့မှာ ခက်ထန်တင်းမာသော မျက်နှာအမူအရာဖြင့် တည်ကြည်စွာဆိုလိုက်သည်။ ထိုအခါ ထိုကိစ္စအကြောင်း ဆွေးနွေးနေသည့် ဂိုဏ်းသားများမှာ တစ်ကိုယ်လုံး တုန်ရီသွားကြတော့သည်။ ထို့နောက် သူတို့မှာ ခေါင်းငုံ့သွားကြပြီး သဘောတူလိုက်ကြ၏။ မဟာထိပ်သီး အကြီးအကဲကြီးမှာလည်း ဝမ်ပေါင်လဲ့၏ စကားကို သဘောတူလိုက်၏။ ထို့အပြင် သူသည် အကြီးအကဲကြီး ခုနစ်ယောက်ကိုပင် ဆင့်ခေါ်ကာ ထိုကိစ္စအကြောင်း အသေးစိတ်ဆွေးနွေးလိုက်သေးသည်။
” မဟာထိပ်သီး အကြီးအကဲကြီး ကျွန်တော် အကြံတစ်ခုပေးချင်ပါတယ်။ ဝိညာဉ်တစ်ထောင်ဂိုဏ်းကို တရားခံ ကူရှာပေးဖို့ ပြောကြည့်ပါလား။ ကျွန်တော်တို့ဘက်က တကယ် ကူညီပေးတာပဲဖြစ်စေ၊ အပေါ်ယံဟန်ပြလောက်ပဲ စကားအဖြစ်ပြောတာဖြစ်စေ အရေးမကြီးပါဘူး။ အဲတာဆိုရင် အနာဂတ်မှာ မဟာတောင်ထိပ်ဂိုဏ်းလည်း အဲလို အဖြစ်ဆိုးကြီးနဲ့ မကြုံရအောင် ကြိုတင်ကာကွယ်ထားပြီးသား ဖြစ်တာပေါ့ ” ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး မဟာတောင်ထိပ်ဂိုဏ်းအတွက် အမှန်တကယ် စိုးရိမ်ပူပန်နေသည့် လေသံဖြင့် အကြံပေးလိုက်၏။
ထိုအခါ မဟာထိပ်သီး အကြီးအကဲကြီးမှာ ပြုံးကာ ပြန်ပြောလိုက်သည်။
” ငါ အဲဒီအကြောင်း ကြားကြားချင်း တာအိုရောင်းရင်း ကုန်းစွန်းဆီကို ဆက်သွယ်ပြီးသွားပြီ။ ဒါပေမဲ့ လက်ရှိမှာ ကုန်းစွန်းဟော့က လူတိုင်းကို သံသယဝင်နေတာ။ အဲတာမလို့ သူက ငါ့ရဲ့ အကူအညီကို လက်မခံခဲ့ဘူး ”
” သူ့ကို အပြစ်တင်လို့ မရပါဘူးလေ။ အဲဒီဖြစ်ရပ်ကြီးက တော်တော်လေးကို ရှက်စရာကောင်းတာကိုး…. အာကာသဓားပြတွေဆိုတာ ကိုယ်က ခိုးဆိုးလုယက်မှုတွေ လုပ်နေရမှာကို အခု သူက ပြန်ပြီးတော့ ဓားပြတိုက်ခံလိုက်ရတာလေ… ” အခြား အကြီးအကဲကြီးတစ်ယောက်မှာ ပြုံးကာ ဆိုလိုက်၏။
” အဲဒီ စစ်င်္ဘောကြီး ပြန်လာတဲ့အကြောင်းကို ဂိုဏ်းထဲက တစ်ယောက်ယောက်က သတင်းပေါက်ကြားသွားအောင် လုပ်ခဲ့တာပဲ ဖြစ်ရမယ်။ ဒီဂြိုဟ်ကို နေ့စဉ်နဲ့အမျှ ပြန်လာနေတဲ့ စစ်င်္ဘောကြီးတွေမှ အများကြီးလေ။ သူတို့ စစ်သင်္ဘောတစ်စင်းတည်း ရွေးပြီးတော့ ပစ်မှတ်ထားခံရတာ သဘာဝမကျဘူး ” ဝမ်ပေါင်လဲ့မှာလည်း ခေါင်းညိတ်ကာ သူ၏ သုံးသပ်ချက်အား ထုတ်ပြောလိုက်၏။
အခြားဂိုဏ်းများမှာလည်း ထိုကဲ့သို့ သုံးသပ်ထားကြသည်။ နတ်မျက်လုံးဂြိုဟ်ပေါ်တွင် စစ်င်္ဘောတစ်စင်းအား ဓားပြတိုက်သည့် ဖြစ်ရပ်မျိုး မဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ ထို့အပြင် ဤ လုယက်မှုမှာ တိကျလွန်းနေ၏။ သို့ဖြစ်ရာ တရားခံမှာ ထို စစ်င်္ဘောကြီးပေါ်တွင် တန်ဖိုးအကြီးမားဆုံး ကုန်ပစ္စည်းများ ပါလာသည့်အချက်ကို ကြိုတင်သိရှိထားခဲ့သည့်ပုံပင်။
သိပ်မကြာခင်တွင် ဝိညာဉ်တစ်ထောင်ဂိုဏ်းနှင့် သင့်မြတ်မှုမရှိသော ဂိုဏ်းများမှာ အာကာသဓားပြတစ်ယောက် ပြန်၍ ဓားပြအတိုက်ခံရသည့် အကြောင်းကို ဟာသလုပ်ပြောလာကြတော့သည်။ အထူးသဖြင့် ရေသန့်စင်ဂိုဏ်းမှာဆိုလျှင် အနာကို တုတ်နှင့်ဆွပေးနေသကဲ့သို့ပင်။
ဝိညာဉ်တစ်ထောင်ဂိုဏ်းမှာမူ တစ်နေ့ထက်တစ်နေ့ ပို၍ စိတ်သောကရောက်လာရတော့သည်။ သူတို့မှာ သူတို့ ပင်ပင်ပန်းပန်း ကြိုးစားရှာဖွေခဲ့ရသည့် ပစ္စည်းများကို ဆုံးရှုံးလိုက်ရသလို သူတို့၏ စစ်င်္ဘောကြီးလည်း တစ်စစီ ဖြုတ်ခံလိုက်ရရုံသာမက ရေသန့်စင်ဂိုဏ်းကဲ့သို့သော အခြားသောဂိုဏ်းများ၏ လှောင်ပြောင်မှုများကိုလည်း ခေါင်းငုံ့ခံနေကြရ၏။ ထို့အပြင် သူတို့မှာ မည်မျှပင် အင်တိုက်အားတိုက် စုံစမ်းစေကာမူ ထို လုယက်မှုနှင့်ပတ်သတ်သည့် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့သလို တရားခံမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း မဖော်ထုတ်နိုင်ခဲ့ပေ။ ကုန်းစွန်းဟော့မှာဆိုလျှင် ဒေါသတကြီးဖြင့် သူ၏ ဂိုဏ်းသားများကိုပင် အကြင်နာတရားကင်းမဲ့စွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသော်လည်း အချည်းနှီးပင်…
နောက်ဆုံးတွင် ကုန်းစွန်းဟော့မှာ မခံမရပ်နိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။ သူသည် ဤ အရှုပ်ထုပ်ကြီးထဲတွင် ရေသန့်စင်ဂိုဏ်း ပါဝင်ပတ်သက်နေလောက်ပေသည်ဟု သံသယဝင်နေပါသော်လည်း လက်ဆုပ်လက်ကိုင်ပြစရာ သက်သေအထောက်အထားမရှိပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် လျှို့ဝှက်စုံစမ်းစစ်ဆေးမှုများကိုသာ ဆက်လက်ဆောင်ရွက်နေလိုက်တော့သည်။ ထိုသို့ဖြင့် တစ်လတိတိ ကုန်ဆုံးသွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏အခန်းထဲ၌ ထိုင်နေရင်း စူးရှတောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ခေါင်းမော့လာ၏။ ထို့နောက် သူသည် နှုတ်ခမ်းအား လျှာဖြင့်လျက်ကာ ရေရွတ်လိုက်တော့သည်။
” ပစ္စည်းတွေ ကုန်သွားပြီဟ “
ပိုင်ရှောင်ချန်းရဲ့ကြက်သူခိုးဖမ်းကြမယ်ဆိုတဲ့အကွက်ကြီးဟ
😊