Switch Mode

အခန်း ( ၆၅ )

ဆရာတူညီမလေး... ဒီစမ်းသပ်ချက်က အကောင်းဆုံးပဲ

“ လဘိုးဘိုး … ခင်ဗျားက ထိမ်းမြားလက်ထပ်မှုတွေကို တာဝန်ယူဆောင်ရွက်ပေးရတဲ့ နတ်မင်းလေ။ ဘာလို့ အချစ်ဆိုတာဘာမှန်း မသိရတာလဲ ”

ရှေ့ဘက်ခန်းမ၌ အရက်မူးနေသော နတ်စစ်သူကြီးသည် ညီးတွားနေလေသည်။

လဘိုးဘိုးသည် ကူရာကယ်ရာမဲ့နေပြီး နှစ်သိမ့်စကားများသာ ဆိုနေရသည်။ သို့သော် နတ်စစ်သူကြီးကို ထိမ်းမြားနိုင်အောင် ကူညီပေးမည်ဟုတော့ မပြောရဲပေ။

လဘိုးဘိုးသည် ထိုအဖြစ်များကို လွန်ခဲ့သည့် နှစ်တစ်သောင်းအတွင်း ကြုံခဲ့ရ‌ပေါင်းများပြီဖြစ်သည်။

သူသည် ထိုနတ်စစ်သူကြီးကို ဖျောင်းဖျစကားဆို၍ အသိစိတ်ပြန်ကပ်လာအောင်သာ ကြိုးစားနိုင်သည်။ ထို့နောက် သူသည် အခြားနတ်စစ်သူကြီးတစ်ပါးကို ဆက်သွယ်၍ ထိုပြဿနာကို ဖြေရှင်းခိုင်းရမည် ဖြစ်သည်။

လူတစ်ယောက် ထိမ်းမြားနိုင်ခြင်း၊ မထိမ်းခြားနိုင်ခြင်းသည် သူ၏ ကြိုးစားအားထုတ်မှုအပေါ်တွင်သာ မူတည်၏။ အကယ်၍ သူသည် ထိုနတ်သမီးနှင့် ထိမ်းမြားလိုလျှင် သေသေချာချာ လေးလေးနက်နက် မြော်တွေး၍ သူမ သူ့ကို စိတ်ဝင်စားလက်ခံလာအောင် မည်သို့လုပ်ရမည်ကို စဉ်းစားသင့်သည်။

ထိုနတ်စစ်သူကြီး ရောက်မလာခင် ယွဲ့လောင်နတ်မင်းသည် အရှင်ရွှမ်းဒူ ဖျက်ဆီးခဲ့သော ရွှံ့ရုပ်ကို ပြန်ပြင်နေခြင်းဖြစ်သည်။

ရွှံ့ရုပ်သည် ကောင်းကင်တာအို၏ အစွမ်းမှ ဖြစ်ပေါ်လာသော ရွှံ့ရုပ်ဖြစ်သဖြင့် ကောင်းကင်တာအိုကို ဆက်တိုက် အာရုံခံနိုင်၏။ ရွှံ့ရုပ်ကို ပြန်ပြင်၍ ရသော်လည်း ပြန်ပြင်ရန် နည်းလမ်းမှာ လွန်စွာရှုပ်ထွေးလေသည်။

အဓိက လုပ်ရမည့်အချက်မှာ ရွှံ့ရုပ်ကို ကံကြမ္မာစက်ဝိုင်းအတွင်းမှ ခေတ္တထုတ်ထားရခြင်းဖြစ်သည်။ ပြန်လည်ပြင်ဆင်၍ ပြီးမှသာ ပြန်ထည့်ပေးရမည်ဖြစ်သည်။

လဘိုးဘိုးတစ်ယောက် ထိုရွှံ့ရုပ်ကို ပြန်ပြင်၍ ပြီးခါနီးနေချိန်တွင် ယင်းနတ်စစ်သူကြီးသည် ရုတ်တရက်ကြီး ပေါက်ချလာပြီး သူ့ကို အပူကပ်နေခြင်းပင်။

ရွှံ့ရုပ်သည် ကံကြမ္မာစက်ဝိုင်းအပြင်တွင် အကြာကြီးရှိနေ၍ မရသဖြင့် လဘိုးဘိုးသည် ပြင်ဆင်ရန် ကျန်ရှိနေသေးသည့် လွယ်ကူသည့်အပိုင်းကို သူ၏ တပည့်နှစ်ယောက်ကို ဆက်လုပ်ဖို့ ခိုင်း၍ ထားခဲ့သည်။

မင်္ဂလာခန်းမထဲတွင် ကောင်လေးနှစ်ယောက်သည် ရွှံ့ရုပ်၏ လက်ဝဲလက်မောင်းကို ဂရုတစိုက်ပြန် တပ်လိုက်ပြီး မှော်တာအိုအစွမ်းအနည်းငယ်ကို ထည့်ပေးလိုက်ရာ လက်မောင်းသည် ခန္ဓာကိုယ်နှင့် တသားတည်း ပြန်ဆက်သွားလေသည်။

ထို့နောက်…

အငယ်ကောင်လေးသည် စားပွဲပေါ်တွင် ကျန်နေသော ရွှံ့များကို ပြ၍ နူးနူးညံ့ညံ့မေးလိုက်သည်။
“ အစ်ကိုကြီး… ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ”

“ အိုး… သွားပြီ။ ငါ ပုခုံးမှာ အမှားလုပ်မိသွားပြီ။ အဲဒီမှာ အက်ကြောင်းသေးသေးလေးပေါ်နေတယ်။ အီး … အဲ့ထဲ ရွှံ့ထပ်ဖြည့်လို့မရဘူး ဖြစ်နေတယ် ”

“ အဲဒီလိုဆို ဆရာ ကျွန်တော်တို့ကို အပြစ်ပေး‌တော့မှာပေါ့ ”

“ ဒါပေါ့ ”
အကြီးကောင်လေးသည် သူ၏လက်တွင်းမှ ရွှံ့ရုပ်လေးကို ကြည့်၍ ခေတ္တမျှ တွေးတောနေသည်။ ထို့နောက် သူ၏ မျက်လုံးများ အရောင်လက်သွားသည်။

ရွှံ့ရုပ်လေး၏ ခြေထောက်နှစ်ချောင်းသည် အတန်ငယ်ကားနေသဖြင့် ပေါင်ကြားတွင် နေရာလေးတစ်ခုပေါ်နေသည်။

ကောင်လေးနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး ထိုပေါင်ကြားနေရာတွင် ပိုနေသော ရွှံ့များကို ကပ်လိုက်လေသည်။

ထို့နောက် အကြီးကောင်လေးသည် ဆံထိုးအသေးလေးတစ်ခုကို ယူ၍ ရွှံ့များကို အထဲသို့ဝင်သွားအောင် ထိုးလိုက်ရာ အကွဲကြောင်းလေးတစ်ခုပမာ ဖြစ်သွား၏။

အောင်မြင်ပေပြီ။

ထိုကောင်လေးနှစ်ယောက် ပြန်ပြင်ပြီးသွားသောအခါတွင် ရှေ့ဘက်ခန်းမရှိ နတ်စစ်သူကြီးကိုလည်း သူ၏ မိတ်ဆွေနှစ်ဦးမှ လာခေါ်သွားပြီဖြစ်သည်။

လဘိုးဘိုးသည် လက်နှစ်ဖက်နောက်ပစ်၍ မင်္ဂလာခန်းမအတွင်းသို့ ပြန်ဝင်လာပြီး သိမ်မွေ့သော လေသံဖြင့် မေးလိုက်သည်။
“ မင်းတို့နှစ်ယောက် ရွှံ့ရုပ်ကို ပြန်ပြင်ပြီးပြီလား ”

“ ဟုတ်ကဲ့ဆရာ…. ကျွန်တော်တို့ ပြန်ပြင်ပြီးပါပြီ ”
လဘိုးဘိုးသည် ရွှံ့ရုပ်ကို ယူ၍ ကြည့်လိုက်သည်။ သူသည် ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ဆေးပုလင်း နှစ်ပုလင်းကို သူ့တပည့်နှစ်ယောက်ဆီ ပစ်ပေးလိုက်၏။

“ မဆိုးပါဘူး… အ‌ရှေ့ဘက်ခန်းမကို သွားပြီး ကျင့်ကြံနေတော့ ”
ထိုသို့ပြောပြီးနောက် လဘိုးဘိုးသည် ရွှံ့ရုပ်ကို ယူ၍ ကြယ်တာရာများလင်းလက်နေသော အာကာပြင်အတွင်းသို့ ပြန်ထားလိုက်သည်။ ထိုရွှံ့ရုပ်သည် တုနတ်ဝိဇ္ဇာဂိုဏ်း အစုအဖွဲ့ထဲသို့ ပြန်ရောက်သွား၏။

ရေစက် စက်ဝိုင်းပြန်ပေါ်လာပြီး ကံကြမ္မာစက်ဝိုင်း ပြန်လည်သွားပေပြီ။

ထိုအမျိုးသားရွှံ့ရုပ်လေးသည် သူ၏ မူလနေရာသို့ ဖြည်းဖြည်းချင်း ပြန်မျောလွင့်သွား၏။ သူ့ပတ်လည်ရှိ အမျိုးသမီးရွှံ့ရုပ်သုံးရုပ်သည် ထိုရွှံ့ရုပ်ပြန်ရောက်လာသည်ကို အာရုံခံမိလိုက်သည်။ ထိုရွှံ့ရုပ်သုံးရုပ်မှ ပိုးကြိုးနီများသည် ပြန်ရောက်လာခါစ ရွှံ့ရုပ်ထံသို့ ဦးတည်သွားကြ၏။

လဘိုးဘိုးသည် စိတ်‌အေးသွားသည့်ဟန် သက်ပြင်းချလိုက်လေသည်။ နောက်ဆုံးတွင် နဂိုအတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။

ထို့နောက် ၎င်းရွှံ့ရုပ်သည် ၎င်းထံလာနေသော ပိုးကြိုးနီများကို ယိမ်းနွဲ့၍ ရှောင်နေသည်ကို သူတွေ့လိုက်ရ၏။

“ အဲဒီသူငယ်က တကယ်ကို တာအိုတရားကျင့်ကြံတဲ့နေရာမှာပဲ စိတ်နှစ်ထားတာလား ”
လဘိုးဘိုးသည် ပြောင်းလဲခြင်းမရှိသေးသော အခြားရွှံ့ရုပ်သုံးရုပ်၏ ပိုးကြိုးနီများကို ကြည့်၍ ပြုံးလိုက်လေသည်။

“ စိတ်ဝင်စားစရာပဲ။ ဒါက မင်းဘယ်လောက် ဆက်ရှောင်နေနိုင်ဦးမလဲ အပေါ်မူတည်တယ်။ ဒီကိစ္စမှာ ငါ မင်းကို အတင်းအကျပ်လုပ်လို့မရဘူး။ ငါတို့က ဖူးစာဖက်တွေ အဆင်ပြေအောင်လုပ်ပေးရတာ… ခက်ခဲအောင် လုပ်ပေးရတာမဟုတ်ဘူး ”
သူ ထို့သို့ ပြောပြီးသည်မှ မကြာသေး၊ ၎င်းရွှံ့ရုပ်လေးက ၎င်းထံလာနေသော ပိုးကြိုးနီများကို အသာအယာထပ်၍ ရှောင်ရှားလိုက်ရာ ကောင်လေးနှစ်ယောက် ထည့်ထားသည့် သူ့ခြေထောက်နှစ်ချောင်းကြားမှ ရွှံ့များသည် ကွာကျသွားပြီး အာကာပြင်ထဲတွင် မျောနေတော့၏။

လဘိုးဘိုးသည် ခေတ္တမျှ ကြောင်သွားပြီး သူ၏ မျက်နှာထား တင်းမာသွားတော့သည်။ သူသည် ခေါင်းစောင်း၍ ပြန်ပြင်ပြီးခါစ ရွှံ့ရုပ်ကိုသေချာကြည့်လိုက်ရာ ၎င်းအနားတွင် ဝိုင်းနေသော ရွှံ့ရုပ်သုံးရုပ်မှာ အမျိုးသမီးရွှံ့ရုပ်မဟုတ်ဘဲ အမျိုးသားရွှံ့ရုပ်များ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
‘ ဘယ် … ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အရင်က ဒီလိုမျိုး မဖြစ်ဖူးပါဘူး ’

‘ ကြည့်ရတာ ဒီသူငယ်က နဂိုကတည်းက ဒီလိုစိတ်ရှိနေတာလား ’

‘ မဟုတ်သေးပါဘူး… ငါပြန်ပြင်နေတုန်း အပိုတွေ မတော်တဆ ထပ်ထည့်မိလို့ထင်တယ် ’

‘ စဉ်းစားကြည့်တော့… ’

‘ ရွှံ့ရုပ်ဆိုတာ ပိုးကြိုးနီတွေ သယ်ဖို့သပ်သပ်ပဲလေ။ ဘယ်ဘက်လက်မောင်းကို ပြန်ပြင်ရတယ်ဆိုတာလည်း အဲဒီကနေ ပိုးကြိုးနီတွေ ထပ်ထွက်လာနိုင်လို့ပဲ… ’

‘ အရှင်ရွှမ်းဒူက အဲဒါကို သတိမထားမိလောက်ဘူး ’

‘ ဒီရွှံ့ရုပ်တွေက ဖူးစာဖက်သတ်မှတ်ရအောင် ရှိနေတဲ့ အရုပ်တွေပဲ။ တခြားဘာအဓိပ္ပာယ်မှ မရှိပါဘူး။ ဒါက အပြင်ကလူနဲ့ နည်းနည်းလောက် ဆက်နွယ်နိုင်နေပေမယ့် အပြင်လူရဲ့ ခန္ဓာကိုယ်အပေါ်တော့ တခြားဘာ အကျိုးသက်ရောက်မှုမှ မရှိနိုင်ပါဘူး ’

‘ ဟုတ်…ဟုတ်တယ်မလား… ’

‘ အဲ့ကောင်လေးကို ဂရုစိုက်ပေးလိုက်ပါဦး ’
အရှင်ရွှမ်းဒူ အလောတကြီး ပြန်မသွားခင် သူ့ကို မှာခဲ့သောစကားကို သူ့နားထဲတွင် ကြားနေရဆဲပင်။ လဘိုးဘိုး၏ လည်စလုတ်သည် နိမ့်တုံမြင့်တုံဖြစ်နေ၏။ သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်၍ အာကာပြင်ထဲတွင် မျောလွင့်နေသော ရွှံ့အပိုင်းအစများကို လက်ဖြင့် လှမ်းယူလိုက်သည်။

သူသည် ထိုရွှံ့များကို လက်ဖြင့်ချေလိုက်ပြီး အမှုန့်ဖြစ်သွားအောင်လုပ်ကာ အင်္ကျီလက်အတွင်းသို့ ထည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်၏။ ထို့နောက်သူသည် ရွှံ့ရုပ်လေးထံသို့ အလျင်စလို သွား၍ ယူကာ ဂရုတစိုက် စစ်ဆေးလိုက်၏။ သူသည် လက်အတွင်းရှိ ရွှံ့မှုန့်များကို လက်ဝဲပုခုံးပေါ်သို့ ဖြူးလိုက်သည်။ ပြန်လည်ပြင်ဆင်ချိန်တွင် အမှားတစ်ခုရှိခဲ့ပုံရ၏။ ထိုနေရာတွင် အက်ကြောင်းလေးတစ်ခု ရှိနေလေသည်။

“ ဘာမှမဖြစ်ပါဘူး… ဟား ဟား .. ဘာမှမဖြစ်ပါဘူး… ကြယ်တာရာသုံးခု ဝန်းရံခံရတယ်ဆိုတာ ကောင်းချီးပေးခံရတာပဲ။ တကယ်ကို ကြီးမားတဲ့ ကောင်းချီးပေးခံရတာပဲ ”

“ ဟား..ဟား…ဟား…ဟား… ”
တံခါးဝတွင် ချောင်းကြည့်နေသော ကောင်လေးနှစ်ယောက်သည် အလျင်အမြန်ပင် ရှောင်ထွက်သွားလေသည်။

ခေတ္တမျှကြာသောအခါ လဘိုးဘိုးသည် လက်နှစ်ဖက်နောက်ပစ်၍ ရေရွတ်နေ၏။
“ တကယ်လို့သာ အပြင်လူမှာ မကောင်းတာတစ်ခုခုဖြစ်သွားရင် အဲဒါ ငါတို့အပြစ်ပဲ။ ငါ ဘာလုပ်သင့်လဲ ”

******

ချုံတောင်လေးရှိ မြေအောက်လျှို့ဝှက်ခန်းတွင်…

လီချန်ရှို့သည် တရားထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေထိုင်၍ တိတ်ဆိတ်စွာ ကျင့်ကြံနေ၏။ သူ၏ ခန္ဓာကိုယ်သည် ဖန်သားကဲ့သို့ ကြည်လင်နေပြီး သူ၏ နတ်ဝိညာဉ်သည်လည်း သန့်စင်နေ၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် သမာဓိမီးတောက်လုံးတစ်ခု ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာပြီး အလင်းရောင်များသည် အရေပြားကို ဖောက်ထွက်နေသဖြင့် တစ်ကိုယ်လုံးတွင် အလင်းရောင်များတောက်ပနေလေသည်။ထိုသမာဓိမီးတောက်ထဲတွင် နတ်အလင်းတစ်ခုလည်း ရှိလေသည်။

သေချာ စူးစမ်းပြီးသွားသော်လည်း သူ့ခန္ဓာကိုယ်ရှိ မူမမှန်သည့်အရာကို သူရှာမတွေ့သေးပေ။

သူသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် နောက်ထပ်လအနည်းငယ် ဆက်၍ အေးအေးချမ်းချမ်း ကျင့်ကြံနေလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့် ပြီးပြည့်စုံလောက်သည်အထိရောက်မှ အနည်းငယ် အနားယူလိုက်၏။

ပြဿနာများ မရှိသင့်တော့ပေ။

လီချန်ရှို့သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ပြီးပြည့်စုံအောင် လုပ်ခဲ့ပြီးဖြစ်သော်လည်း ချက်ချင်းကြီး ဉာဏ်အလင်းမပွင့်လိုသေးပေ။ သူသည် နဂိုအစီအစဉ်အတိုင်း ရောက်ရှိနေသည့် အဆင့်ကို ပို၍ ခိုင်မာသထက် ခိုင်မာအောင် ကျင့်ကြံနေ၏။

ပထမအဆင့်သည် အဖန်ဖန် ပြန်လည်သုံးသပ်၍ လွတ်သွားခဲ့သည့် အသစ်အသစ်များကို လေ့လာခြင်းဖြစ်သည်။

ဒုတိယအဆင့်သည် အမြင်ပြောင်း၍ ကြည့်ကာ တာအိုရလာဒ်များကိုသုံးသပ်၍ အမှားများကိုရှာခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းဖြစ်သည်။

တတိယအဆင့်ကား အဆင့်မတက်သွားစေရန် ဖိနှိပ်ထားပြီး ရောက်နေသော အဆင့်ကို ပြည့်စုံသထက် ပြည့်စုံ‌အောင် လုပ်ခြင်းပင်။

သူသည် ထိုအဆင့်သုံးဆင့်ကို ကြိမ်ဖန်များစွာ လုပ်ရန်လိုအပ်ပြီး မတည်ငြိမ်မှု ဖြစ်ပေါ်လာနိုင်ချေများကို လျှော့ချရပေမည်။ ထိုမှသာ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တည်ငြိမ်ခိုင်မာလာမည် ဖြစ်၏။

ထိပ်ပိုင်းနေရာများကို ရှေးလူများက နေရာယူထားကြပြီး ဖြစ်သည်။ အနာဂတ်တွင် မိမိကိုယ်ကို ကာကွယ်လိုလျှင် အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်ဟူသော အဆင့်တိုင်းတွင် တည်ငြိမ်ခိုင်မာအောင် ပြုခဲ့၍ နောက်ဆုံးတွင် ထိပ်ပိုင်းသို့ တက်ရမည်ဖြစ်သည်။

သူ၏ အကြံအစဉ်များ၊ အတွေးအခေါ်များသည် အမြဲပင် ရှင်းလင်းပြတ်သားခဲ့၏။

အာဒိကပ္ပခေတ်ရှိ ပညာရှင်များ၏ အစွမ်းသည် အမြင့်ဆုံးဟု ပြောနိုင်သော အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူသည် ထိုလူများနှင့် ယှဉ်ပြိုင်လိုချင်းမဟုတ်ဘဲ အသက်ရှည်ရှည်သာ နေလိုခြင်းဖြစ်ရာ အဆင့်တက်ရန် အသည်းအသန်ဖြစ်နေရန် မလိုပေ။

နောက်ထပ် နှစ်ဝက်ခန့် အခန်းအောင်းကျင့်ကြံပြီးသောအခါ လီချန်ရှို့သည် သူ၏ ခန္ဓာကိုယ်တွင် မှားယွင်းနေသည်များမရှိဟု အတည်ပြုခဲ့နိုင်ပြီ ဖြစ်သည်။ သူခန္ဓာကိုယ်မှ ယားယံမှုသည်လည်း ထပ်၍ မပေါ်လာတော့ချေ။

သူသည် နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းပြီးပြီ ဖြစ်၍ စိတ်ငြိမ်သုတ္တန်ပထမတွဲကို အလုံးစုံ သဘောပေါက်ပြီး ဖြစ်သည်။

သို့သော် ဒုတိယတွဲကို ဆက်၍လေ့လာရန် အခွင့်အရေးကောင်းနှင့် မကြုံရသေးပေ။ ထို့ပြင် ဂိုဏ်း၏ အဓိက ကျင့်ကြံခြင်းနည်းကို ခိုး၍ ကျင့်ကြံမှုကို တားမြစ်ထား၏။ ခိုး၍ ကျင့်မည်ဆိုလျှင် အန္တရာယ်ရှိနိုင်လေသည်။ လောကတွင် ထိုးဖောက်၍ မရနိုင်သော နံရံမရှိပေ။

လီချန်ရှို့တွင် ရှိသော ဝှက်ဖဲများအပြင် သူ၏ နောက်ဆုံးဖဲချပ်သည် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ အဓိကစည်းကမ်းများကို မဖောက်ခြင်းဖြစ်သည်။ ဖောက်မိလျှင် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ထိပ်သီးပုဂ္ဂိုလ်များ၏ အာရုံစိုက်ခြင်းကို ခံရပေလိမ့်မည်။
‘ ဖြည်းဖြည်းချင်းပဲ သွားကြတာ‌ပေါ့ ’

‘ စိတ်ငြိမ်သုတ္တန်က ကျယ်ပြန့်ပြီး နက်ရှိုင်းပါတယ်။ ပထမတွဲမှာ အခြေခံ နည်းစနစ်တွေပါတာပဲ ’
သူသည် ပထမတွဲကိုပင် ထပ်၍ ဖြည်းဖြည်းချင်းလေ့လာကာ စကားလုံးတစ်လုံးဆီတိုင်းကို နားလည်အောင် လုပ်ရပေမည်။ ထိုသို့လုပ်လျှင် အကျိုးကျေးဇူးတစ်ခုခုတော့ ရမည်မှာ သေချာသည်။

ထို့ပြင် သူ့တွင် အစီအစဉ်အသစ်တစ်ခုလည်း ရှိသည်။

နောင်နှစ်တစ်ရာခန့် ကြာလျှင် ဂိုဏ်းရှိ သူနှင့်မျိုးဆက်တူ နတ်ဝိဇ္ဇာအလောင်းအလျာလေးများသည် တစ်ဦးပြီး တစ်ဦး နတ်ဝိဇ္ဇာအဖြစ်သို့ တက်လှမ်းကြပေတော့မည်။ သူသည် ထိုဂိုဏ်းသားသစ်လေးများကို ဂိုဏ်းအပြင်ထွက်၍ ကောင်းကင်ပြစ်ဒဏ်ခံရန် တိုက်တွန်း၍ သူပါ ထိုသူတို့ကြား ရောတိရောရာလိုက်ကာ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းခဲ့သယောင် ဟန်ဆောင်နိုင်၏။ ထိုအချိန်မှ စိတ်ငြိမ်သုတ္တန် ဒုတိယတွဲကို လေ့လာလျှင်လည်း နောက်မကျသေးပေ။

သူသည် မြေအောက်လျှို့ဝှက်ခန်းမှ နေ၍ ဆေးဖော်‌ဆောင်သို့ ပြန်သွားလိုက်ပြီး အချိန်အကြာကြီး အလုပ်ကြိုးစားပေးခဲ့သော စက္ကူရုပ်ကို ပြန်သိမ်းလိုက်၏။ ထိုစက္ကူရုပ်သည် အစစ်နှင့် တထေရာတည်းနီးပါး တူနေပြီဖြစ်သည်။

လီချန်ရှို့သည် ဆေးပေါင်းဖိုဘေးတွင် ထိုင်လိုက်ပြီး ဖြည်းဖြည်းချင်း စတင်ဆေးဖော်နေလိုက်သည်။

ထိုဆေးပေါင်းဖိုကို အဆိပ်တစ်ထောင်ရွှေတစ်ရာ ဆေးပေါင်းဖိုဟု ခေါ်၏။ ယင်းသည် အဆင့်မြင့် နတ်ရတနာတစ်ပါးဖြစ်ပြီး အကြီးအကဲ ဝမ်လင်းယွမ်တစ်ယောက် အပိုအဖြစ်ဆောင်ထားသော ဆေးပေါင်းဖိုဖြစ်သည်။

ယင်းဆေးပေါင်းဖိုကို မီးတောက်ရွှေချောင်းတစ်ရာဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး အခြား အဖိုးတန်ပစ္စည်း တစ်ရာကိုလည်း ထပ်မံပေါင်းထည့်ထားသေး၏။ သာမန် အာကသနတ်မင်းများပင် ထိုဆေးပေါင်းဖိုကို ပေါက်ကွဲသွားအောင် မလုပ်နိုင်သည်ဖြစ်ရာ ကောင်းကင်နတ်မင်းအဆင့်သာရှိသူ ဝမ်လင်းယွမ်အတွက်မူ ပြောစရာလိုမည်မထင်ပေ။

သူသည် ဆေးပေါင်းဖိုအပြင်နံရံကို သေချာကြည့်လိုက်ရာ အနက်ရောင် သတ္တု၏အောက်တွင် သန့်စင်သော စိတ်တန်ခိုးများ စီးဆင်းနေကြောင်း သိလိုက်ရသည်။ ဆေးပေါင်းဖို့ အပြင်နံရံပေါ်တွင် အဆိပ်ပိုးမွှားတစ်ရာကျော်နှင့် အဆိပ်သားရဲ ဆယ့်နှစ်မျိုး၏ ပုံကို ထွင်းထားလေသည်။

သို့သော် ဆေးပေါင်းဖိုတွင်မူ ထိခိုက်စေမည့် အဆိပ်အာနိသင်များမရှိပေ။ ထို့ပြင် ဆေးလုံးများ၏ အဆိပ်အာနိသင်ကိုပင် ထိန်းချုပ်ပေးနိုင်ကာ ဆေးဖော်သူကို ပို၍လုံခြုံစေ၏။

အစတွင် အကြီးအကဲဝမ်လင်းယွမ်သည် လီချန်ရှို့ကို ပိုကောင်း၍ ‌ဆေးလုံးများကို အရည်အသွေးကောင်းကောင်း ပိုထုတ်နိုင်သော အခြားဆေးပေါင်းဖိုကို ယူစေချင်သည်။ သို့သော် လီချန်ရှို့သည် အပိုအဖြစ် ဆောင်ထားသော ထိုဆေးပေါင်းဖိုကိုသာ ခေါင်းမာမာနှင့် ယူခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် အကြီးအကဲ ဝမ်လင်းယွမ် အရှုံးပေးလိုက်ရတော့သည်။

အာဒိကပ္ပခေတ်သည် ရှည်ကြာကာ ရတနာများကိုလည်း ရရန်မလွယ်ကူပေ။ ထို့ကြောင့် လူအများစုအတွက် ရတနာရမည်ဆိုလျှင် ကျင့်ဝတ်ကိုပင် ဖောက်နိုင်ကြသည်။

သို့သော် လီချန်ရှို့ကဲ့သို့ ရတနာများကို မမက်မောသော လူငယ်လေးများလည်း ရှိပေသေးသည်။

သို့ရာတွင် လီချန်ရှို့သည် မမက်မောခြင်းမဟုတ်ဘဲ မိမိလုံခြုံ‌ရေးကိုသာ ရှေ့တန်းတင်ခဲ့ခြင်း ဖြစ်သည်။

လီချန်ရှို့သည် အဆိပ်ဆေးလုံးများ ဆေးပေါင်းဖို အပြည့်ဖော်ပြီးသွားသောအခါ သူ၏ ဆေးပေါင်းဖိုအသစ်ကို အလွန်နှစ်ခြိုက်သွား၏။

နောက်အဆင့်အနေဖြင့် ပိုက်ဆံရှာရန် သူ့ဆရာနှင့် တိုင်ပင်နိုင်ပေမည်။

“ မင်းကိုယ်မင်းကာကွယ်ဖို့ အရင်ဆုံး မန္တန်အစီအရင်အသေးလေးတွေကို သုံးထားဦး ”
လီချန်ရှို့ရေရွတ်လိုက်သည်။
“ ငါ့မှာ အဖိုးတန်ပစ္စည်းတွေရှိလာတာနဲ့ မင်းကို ဒီနေရာမှာ လုံးဝလုံခြုံအောင်ထားမှာပါ။ ဘယ်သူမှ မင်းကို အနိုင်မကျင့်နိုင်စေရဘူး ”

ထို ဆေးပေါင်းဖိုသည် အသက်ရှိသော ဝိညာဉ်ရတနာမဟုတ်သဖြင့် သူ့ကို ဘာမှပြန်ပြောမည် မဟုတ်ပေ။

သူ ချုံတောင်လေးသို့ ပြန်ရောက်နေသည်မှာ ကြာပြီဖြစ်သဖြင့် သုံးချောင်းထောက်ဆေးတောင်ရှိ အကြီးအကဲ ဝမ်လင်းယွမ်ထံသို့ ဒုတိယအကြိမ် အလည်သွားရန် အချိန်တန်ပြီ ဖြစ်၏။

သူသည် အကျိုးကျေးဇူးများ ရရှိပြီးနောက် ခြေရာဖျောက်သွားသည့်လူ အဖြစ်မခံနိုင်ပေ။
‘ ဟင်း … ငါ ဝိညာဉ်ငါး နည်းနည်းသွားဖမ်းပြီး လင်းအယ်ကို ချက်ခိုင်းဦးမှပဲ။ ဒီတစ်ခေါက်သွားရင် အရက်ကောင်း နှစ်အိုးလည်း ယူသွားရမယ် ’

လီချန်ရှို့သည် လုပ်ရမည့်အကြောင်းများကို စဉ်းစားပြီးနောက် ဆေးဖော်ဆောင်အတွင်းမှ ဖြည်းဖြည်းချင်းထွက်ကာ တိမ်စီး၍ တဲအိမ်လေးရှိရာသို့ သွာလိုက်လေသည်။

သူ၏ နတ်အာရုံများသည် လန်လင်းအယ်၏ တဲအပြင်မှ မန္တန်အစီအရင်များကို အလွယ်တကူပင် ဖောက်ဝင်သွားပြီး သူမ ပြူတင်းပေါက်ကိုမှီ၍ အနားယူနေသည်ကို အာရုံခံမိလိုက်၏။

သူမ၏ ပိတုန်းရောင်ဆံကေသာများသည် ပုခုံးပေါ်မှကျော်ကာ ခါးနားအထိရောက်နေသည်။ ပါးလွှာသော ဝတ်ရုံအောက်ရှိ သူမ၏ ငါးရံ့ကိုယ်လုံးလေးသည်လည်း လှပတင့်တယ်လှလေသည်။

အစ်ကိုကြီးဟု ခေါ်လေ့ခေါ်ထရှိသော သူမ၏ ချိုလွင်သောအသံလေးသည်သာ သူ့ကို မထိန်းချုပ်ထားလျှင် ထိုမြင်ကွင်းသည် ယောက်ျားတစ်ယောက်အဖို့ ဖိုးသိုးဖတ်သပ် ဖြစ်သွားနိုင်ပေ၏။

သူမလက်ဘေးရှိ ကျောက်ပြားလေးပေါ်တွင် မပြီးသေးသော ကျမ်းစာကိုတွေ့လိုက်မှသာ လီချန်ရှို့သည် သက်ပြင်းချလိုက်ပြီး တိမ်ကို အခြားနေရာသို့ ဦးတည်လိုက်လေသည်။

“ ညီမလေးက သေသေချာချာ မကျင့်ကြံနေဘူးပဲ ”
လီချန်ရှို့ ခေါင်းခါလိုက်သည်။ သို့သော် သူသည် လန်လင်းအယ်ကို အနှောင့်အယှက်မပေး‌‌တော့ပေ။ သူသည် အင်္ကျီလက်ကို ပင့်၍ မီးဖိုချောင်အတွင်းသို့ ဝင်ကာ ကိုယ်တိုင်ချက်ပြုတ်လေတော့သည်။

လေးနာရီမျှ ချက်ပြုတ်ပြီးနောက် ချိုမြိန်သော စားကောင်းသောက်ဖွယ်များ ပြီးစီးသွားပေပြီ။

လန်လင်းအယ်တစ်ယောက် ‌တောင်သို့စရောက်ခါစ (၂)နှစ်အတွင်း ရွှေပေါ်မြတင်နေလာသူ ကလေးမလေးတစ်ဦးသာ ဖြစ်၍ တောင်ပေါ်ရှိ ခက်ခဲကြမ်းတမ်းမှုများကို မခံနိုင်ခဲ့ပေ။ ထိုအချိန်အတွင်း လီချန်ရှို့၏ အချက်အပြုတ်စွမ်းရည် တိုးတက်ခဲ့သည်။

ထို့နောက်တွင် လီချန်ရှို့သည် သူမကို လိုက်လျောညီထွေနေနိုင်အောင် သင်ကြားပေးခဲ့ရ၏။ သူမ အစားကောင်း၊ အသောက်ကောင်းများကို မမက်တော့သောအခါ လီချန်ရှို့သည် သူ၏ အချက်အပြုတ်စွမ်းရည်များကို သူမကို သင်ပေးခဲ့၏။

သူသည် အကြီးအကဲဝမ်လင်းယွမ်အတွက် ထုတ်ပိုးပြီးနောက် ကျန်သော စားဖွယ်များကို ချိုင့်နှစ်ခုအတွင်းထည့်ကာ တစ်ခုကို သူ၏ ညီမလေးတဲဘေး၌ထား၍ တစ်ခုကို သူ့ဆရာ၏တဲအိမ် တံခါးရှေ့တွင် ထားလိုက်သည်။

ထို့နောက် လီချန်ရှို့သည် စားဖွယ်အချို့နှင့် အရက်နှစ်အိုးကို ယူကာ တိမ်စီး၍ သင့်လျှော်သောအမြင့်မှပျံသန်းပြီး သုံးချောင်းထောက်ဆေးတောင်သို့ သွားလိုက်လေသည်။

သူ ထွက်သွားပြီး မကြာခင် လန်လင်းအယ်၏ နှာခေါင်းလေးသည် အနည်းငယ် လှုပ်သွား၏။ သူမကို စားဖွယ်များ၏ အနံ့က ဆွဲဆောင်နေသဖြင့် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

“ ဟမ်… ”
အပြာရောင်ဝတ်စုံလေးဝတ်ထားသော လန်လင်းအယ်သည် နှုတ်ခမ်းသပ်လိုက်ပြီး သူမ၏ လက်ဘေးတွင် စားဖွယ်များထည့်ထားသော ချိုင့်ကလေးနှင့် စာရေးထားသော ဝါးပြားလေးကို တွေ့လိုက်ရသည်။

“ ကျင့်ကြံတဲ့နေရာမှာ ရေသာခိုမနေနဲ့။ အပြင်းအထန်ကြိုးစားမှ အသီးအပွင့်တွေကို ခံစားရပြီး နတ်ဝိဇ္ဇာအဖြစ်တက်လှမ်း နိုင်မှာ ”
လန်လင်းအယ်သည် ခေတ္တမျှ ကြောင်သွားပြီးနောက် ဝမ်းသာအားရ ပြုံးလိုက်သည်။
‘ အစ်ကိုကြီး ရောက်လာတာလား ’

‘ သူက ငါ့အတွက်တောင် ချက်ပြုတ်ပေးသွားသေးတယ် ’

‘ အင်း … ဒါက ပုံမှန်မဟုတ်ဘူး ’
လန်လင်းအယ်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး လက်ယာတံတောင်ကို လက်ဝဲလက်ပေါ်တင်၍ သူမ၏ ချောမွေ့သော မေးစေ့လေးကို လက်ယာလက်ဖြင့် ပွတ်လိုက်သည်။ ထို့နောက် သူမသည် တိတ်တဆိတ်စဉ်းစား လိုက်၏။

‘ ဟွန်း … အစ်ကိုကြီးက သူသင်ပေးထားတာတွေ ငါမှတ်မိ‌သေးလား ဆိုတာ စမ်းချင်တာပဲ ဖြစ်ရမယ် ’

သူမသည် လက်ညှိုးလှုပ်လိုက်ရာ အင်္ကျီလက်အတွင်းမှနေ၍ အဆောင်တစ်ခုပျံထွက်သွားပြီး ချိုင့်ကို သွားကပ်လေသည်။

ထို့နောက် သူမသည် ချိုင့်ကို ပြူတင်းပေါက်အပြင်သို့ လွှင့်ပစ်လိုက်သည်။ ချိုင့်တွင် ကပ်နေသော အ‌ဆောင်သည် မီးတောက်များ တောက်လာပြီး ချိုင့်ကို တမဟုတ်ချင်း ပေါက်ကွဲသွားစေလေ၏။

သူမ ပစ်ထုတ်လိုက်ပုံသည် ပြီးပြည်စုံမှုမရှိသေးသော်လည်း အလွန်သေသပ်လေသည်။

လန်လင်းအယ်သည် ရွဲ့ပြုံးပြုံးလိုက်ပြီး သူမ၏တဲအိမ်အတွင်းမှ ထွက်ကာ အစ်ကိုကြီးကို ရှာလိုက်သည်။ သို့သော် သူမ၏ အာရုံသည် ဆရာ့တဲအိမ် တံခါးဝတွင် ချထားသော တစ်ပုံစံတည်းတူသော ချိုင့်လေးဆီ ရောက်သွား၏။

လန်လင်းအယ်၏ မျက်နှာပေါ်မှ ရွဲ့ပြုံးလေးသည် တဖြည်းဖြည်း မဲ့မဲ့၍လာတော့လေသည်။ သူမသည် ကိုယ့်နဖူး ကိုယ်ရိုက်လိုက်ပြီး ခပ်ဖွဖွ ညည်းတွားလိုက်၏။
‘ စားစရာတွေက တကယ် အစ်ကိုကြီး ချက်ပေးသွားတာပဲ ’

‘ ငါ အစ်ကိုကြီးရဲ့ လက်ရာကို မစားရတာကြာပြီ။ အဲဒါကို ငါက ဘာလို့… ’

‘ ဟူး… အစ်ကိုကြီးကတော့ ငါ့ကို လမ်းမှားပို့လိုက်ပြီ… ’

“ ဆရာက အခန်းအောင်းကျင့်နေတာပဲ။ သူ သတိထားမိဦးမှာ မဟုတ်လောက်သေးဘူး။ ချိုင့်ကလည်း မန္တန်အစီအရင်အပြင်မှာပဲ… ”

“ အဲဒီနေရာမှာပဲထားရင် စားစရာတွေ ပစ်ရကုန်တော့မှာ… ”
လန်လင်းအယ်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး သူမဆရာ၏ တဲအိမ်တံခါးနားသို့ ခြေဖျားထောက်၍ သွားလိုက်သည်။ သူမသည် ငုံ့ကြည့်လိုက်ပြီး မြေပေါ်တွင် ချထားသော စားဖွယ်များထည့်ထားသော ချိုင့်ကို ကောက်ယူလိုက်၏။
‘ ဆရာ… လင်းအယ် ဆရာ့ဆီက စားစရာကို မခိုးချင်ပါဘူး။ ဒါပေမဲ့ ဆရာက နတ်ဝိဇ္ဇာတာအိုကို နားလည်အောင် ကျင့်ကြံရင်း အလုပ်များနေတာဆို‌တော့ အခန်းအောင်းတာကနေ ထွက်လာမှာမှ မဟုတ်သေးတာ။ စားစရာတွေကို မဖြုန်းတီးသင့်ဘူးလေ…ဟုတ်တယ်မလား… ’

ကျွီ…
သစ်သားတံခါးလေးသည် ဖြည်းဖြည်းချင်းပွင့်လာ၏။ တာအိုရသေ့ချီယွမ်သည် အကြောဆန့်လိုက်ပြီး ငုံ့ကြည့်လိုက်ရာ သူ့တံခါးရှေ့တွင် ရပ်နေသော တပည့်မလေးကိုတွေ့လိုက် ရသဖြင့် နွေးထွေးစွာပြုံး၍ ပြောလိုက်သည်။
“ လင်းအယ်… ဒီမှာ ဘာလာလုပ်နေတာလဲ ”

“ အမ်…ဆရာ… အစ်ကိုကြီးက ဟင်းနည်းနည်းချက်ပြီး လင်းအယ်ကို ဆရာ့ဆီ လာပို့ခိုင်းလိုက်လို့ ”

“ ေဩျာ… ”
ချီယွမ် ချက်ချင်းပင် သွားပေါ်အောင် ပြုံးလိုက်ပြီး ချိုင့်ကို လှမ်းယူလိုက်သည်။
“ မင်းတို့ တပည့်တွေ အခုလို သိတတ်တာ ရှားတယ်။ ဒါစားပြီးမှ ကောင်းကင်ခွင်းတောင်ကိုသွားလဲ နောက်မကျသေးပါဘူး ”

လန်လင်းအယ်သည် နောက်လှည့်၍ သူမဆရာကို ကျောခိုင်းလိုက်သည်။ သူမသည် နှုတ်ခမ်းစူ၍ ဝမ်းနည်းနေလေသည်။
‘ လင်းအယ် ငိုနေပြီ ဆရာ… လင်းအယ် တကယ်ကို ငိုနေပြီ ’

သူမသည် အသက်ပြင်းပြင်းရှူ၍ မေးလိုက်သည်။
“ ဆရာ… ကောင်းကင်ခွင်းတောင်ကို ဘာလုပ်ဖို့ သွားမှာလဲ ”

“ အဟမ်း… ”
တာအိုရသေ့ကြီးသည် တည်ငြိမ်ဟန်ဆောင်၍ ပြန်ပြောလိုက်၏။
“ ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး။ ဆရာက နတ်ဝိဇ္ဇာဖြစ်သွားပြီဆိုတော့ ဆယ်နှစ်တစ်ကြိမ်ကျင်းပတဲ့ တွေ့ဆုံပွဲမှာ ချုံတောင်လေးလည်း ပါလို့ရပြီလို့ ပိုင်ဖန်ခန်းမက မကြာခင်က လှမ်းအကြောင်းကြားထားတာ ”

“ ဟင် …ဟုတ်လား ”

Comment

Leave a Reply

Options

not work with dark mode
Reset