Switch Mode

အခန်း (၇၄၀)

ပွပေါက်တိုးခြင်း

ဝမ်ပေါင်လဲ့ ဟန်ဆောင်ပြောလိုက်သည့် စကားသံမှာ အနည်းငယ်ခန့် အောကာ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ကိန်းအောင်းနေသည့်ပုံ ပေါက်နေ၏။ သူသည် ဧရာမသစ်ပင်ကြီး၏ လေသံအတိုင်း လုပ်ပြောလိုက်ခြင်းဖြစ်သည်။ သူ၏စကားသံကြီး စစ်သင်္ဘောကြီးထဲ၌ ပြည့်နှက်သွားသောအခါ ထိုစစ်သင်္ဘောပေါ်ရှိ ကျင့်ကြံသူတိုင်း၏ အသိစိတ်များထဲတွင် မိုးခြိမ်းသံများ ပေါက်ကွဲထွက်ပေါ်လာသကဲ့သို့ ဖြစ်သွား၏။ ထို့ကြောင့် သူတို့မှာ နားများအူသွားကြပြီး ကြောက်လန့်တကြား ဖြစ်သွားကြတော့သည်။

အမြုတေအဆင့် ကျင့်ကြံသူများမှာဆိုလျှင် သူ၏စကားကို တောင့်ခံနိုင်စွမ်း မရှိသောကြောင့် သူတို့၏ မျက်နှာများပေါ်ရှိ အပေါက်များအားလုံးထဲမှ သွေးများ အဆက်မပြတ် စီးထွက်လာကြ၏။ သူတို့၏ အသိစိတ်များမှာလည်း ယောက်ယက်ခတ်သွားကြပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ချုပ်တည်းခံလိုက်ရပြီဖြစ်သည်။ သူတို့ထက် အနည်းငယ်ခန့် ပို၍အစွမ်းထက်သည့် ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာလည်း မစားသာပေ။ သူတို့မှာ တစ်ခေါင်းလုံး ထူပူသွားကြပြီး ပါးစပ်‌ထဲမှ သွေးများအန်ထွက်လာကြ၏။ ထို့နောက် သူတို့မှာ လဲကျသွားမည် စိုးသောကြောင့် ဘေးဘက်ရှိ နံရံများကို တွယ်ကပ်ထားကြရတော့သည်။

သူတို့ထဲ၌ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သော အကြီးအကဲကြီးသာလျှင် ဝမ်ပေါင်လဲ့၏ စကားသံအား တောင်ခံနိုင်စွမ်းရှိပေသည်။ သို့သော်ငြားလည်း သူသည်ပင်လျှင် ပါးစပ်ထဲမှ သွေးများစီးကျလာရဆဲပင်။ သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီးနောက် မျက်ဝန်းများထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်သွား၏။

ထို အခြင်းအရာအားလုံးမှာ ဝမ်ပေါင်လဲ့ ရုပ်လုံးမပြရသေးခင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ သူသည် ဝိညာဉ်တစ်ခုကဲ့သို့ မှုန်ဝါးဝါး ပုံရိပ်ယောင်အနေအထားတွင် ရှိနေဆဲဖြစ်သည့်တိုင်အောင် လူတိုင်းအား သူ၏စကားသံ တစ်ခုတည်းနှင့် သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားသွားအောင် ခြောက်လှန့်ပြီးသွားပြီ ဖြစ်သည်။

ထို့နောက် မည်သူမှ မတုံ့ပြန်နိုင်ခင်မှာပင် အနက်ရောင်ချီများမှာ စစ်သင်္ဘောကြီး၏ နံရံများနှင့် ကြမ်းပြင်များထဲမှတစ်ဆင့် အထဲသို့ စိမ့်ဝင်လာကြ၏။ ထို့ကြောင့် ထို စစ်သင်္ဘောကြီးတစ်စင်းလုံးမှာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်မျိုး ကိန်းအောင်းနေသည့် အနက်ရောင်မီးခိုးများဖြင့် ပြည့်နှက်သွားတော့သည်။ ၎င်းမှာ တိုက်စားနိုင်စွမ်းရှိပြီး ၎င်းနှင့် ထိတွေ့သမျှအရာအားလုံးကို တိုက်စားပစ်သည်သာ ဖြစ်သည်။

ထို ဝိညာဉ်ချီများမှာ မျက်စိတစ်မှိတ်အတွင်းတွင် စစ်သင်္ဘောကြီးထဲသို့ ရောက်ရှိလာကြပြီးနောက် စစ်သင်္ဘောပေါ်ရှိ ကျင့်ကြံသူများဆီသို့ ဦးတည်သွား၏။ ထို ကျင့်ကြံသူများမှာ ထိုမီးခိုး‌ငွေ့များအား ယှဉ်နိုင်စွမ်း မရှိသည့်ပုံပင်။ ၎င်းတို့မှာ သူတို့၏ ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွားကာ သူတို့၏ သိုလှောင်အိတ်များနှင့် ဓမ္မရတနာများကို ရစ်ပတ်သွားကြပြီးနောက် ချက်ချင်း ပြန်လည်ထွက်ခွာသွားတော့သည်။

၎င်းတို့ထဲမှ အချို့သော ဓမ္မရတနာများမှာ လည်ဆွဲများ ဖြစ်ကြပြီး အချို့မှာ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲ၌ ထည့်ကာ အားဖြည့်ပေးရသည့် အထူး ဓမ္မရတနာများ ဖြစ်ကြပေသည်။ ၎င်းတို့အားလုံးမှာ အနက်ရောင် မီးခိုးများ၏ လက်မှ မလွတ်မြောက်နိုင်ကြဘဲ လုယူခံလိုက်ရသည်သာ ဖြစ်သည်။ အနက်ရောင် ဝိညာဉ်ချီများမှာ တောင်လိုပုံနေသည့် သိုလှောင်အိတ်များနှင့် ဓမ္မရတနာများကို သယ်ဆောင်သွားကြပြီးနောက် လူတိုင်း၏ ရှေ့ရှိ လေထဲ၌ စုဝေးသွားကြပြီး သဲကွဲမှုမရှိသော လူရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။

ထိုလူရိပ်၏ မျက်နှာမှာ မှုန်ဝါးဝါးဖြစ်နေပြီး ဖောင်းလာလိုက် ကျုံ့ဝင်သွားလိုက် ဖြစ်နေသည့် မီးခိုးငွေ့များဖြင့် ဝန်းရံနေသည်။ ထို့ကြောင့် ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ အနီရောင် အလင်းရောင် အစက်အပျောက်နှစ်ခုမှာ ထို သတ္တဝါကြီး၏ မျက်နှာပေါ်တွင် အထင်းသားပေါ်နေ၏။ ၎င်းတို့မှာ ပစ္စည်းများ လုယူခံလိုက်ရသည့် ကျင့်ကြံသူများအား စိုက်ကြည့်နေသည်။

ထိုအခါ ထို အလင်းရောင် အစက်အပျောက်နှစ်ခုမှာ မျက်လုံးအစစ်များအဖြစ် ရုပ်လုံးပေါ်လာတော့မည့်အလား ဖြစ်သွား၏။ လူတိုင်းမှာမူ ထိုအကြည့်ကြောင့် နှလုံးသားများ တဆတ်ဆတ် တုန်ရီနေရပြီ ဖြစ်သည်။

ထို့နောက် လေအေးများ စတင်တိုက်ခတ်လာပြီး အလွန်အင်မတန်မှ ပြင်းထန်သော အအေးဓာတ်တစ်မျိုးမှာ စစ်သင်္ဘောကြီးထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။ ၎င်းမှာ အပြင်ခန္ဓာကိုယ်များကို ချမ်းစိမ့်သွားစေပြီး ဝိညာဉ်များကို လောင်မြိုက်သွားစေနိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် ထို ကျင့်ကြံသူများမှာ သူတို့၏ ဝိညာဉ်များ မီးတင်ရှို့ခံနေရသကဲ့သို့ ခံစားနေကြရ၏။ ထို ခံစားချက်များမှာ ထူးဆန်းသလို ကြောက်မက်ဖွယ်ရာလည်း ကောင်းပေသည်။ အမြုတေအဆင့် ကျင့်ကြံသူများမှာဆိုလျှင် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် ချက်ချင်းဆိုသလိုပင် သတိလစ်သွားကြတော့သည်။

အချို့သော ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာလည်း ကြိုးစားရုန်းကန်နေကြရပြီဖြစ်သည်။ သူတို့မှာ ထို နာကျင်မှုများကို တောင့်ခံနိုင်ရန် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်လွှတ်ထားရ၏။ အကြီးအကဲကြီးမှာလည်း နောက်ထပ်သွေးတစ်ပွက် အန်ထွက်လာပြီး သူ၏ဘေးတွင်ရှိနေသော ထိုင်ခုံတစ်လုံးအား လှမ်း၍ ဆုပ်ကိုင်ထားလိုက်ရ၏။ ထို့နောက် သူသည် ကြောက်လန့်တကြား ဖြစ်နေသည့် လေသံဖြင့် မနည်းကြိုးစားကာ စကားပြောလိုက်တော့သည်။

” ကျွန်တော်တို့က ဝိညာဉ်တစ်ထောင်ဂိုဏ်းသားတွေပါ။ ကျွန်တော်တို့ရဲ့ မဟာထိပ်သီးအကြီးအကဲကြီးက ကုန်းစွန်းဟော့ပါ။ လူကြီးမင်း… ”

” တိတ်စမ်း ” ထိုအကြီးအကဲကြီး စကားမဆုံးခင်မှာပင် အနက်ရောင် မီးခိုးများဖြင့် ဖွဲ့စည်းထားသည့် သတ္တဝါကြီးမှာ နှာမှုတ်ကာ အော်ဟစ်လိုက်၏။ ထို အော်သံမှာ မိုးခြိမ်းသံကဲ့သို့ လူတိုင်း၏ အသိစိတ်များအား ယောက်ယက်ခတ်သွားစေပြန်သည်။ ယွမ်ယင်အဆင့် အကြီးအကဲကြီးမှာလည်း ၎င်းအား တောင့်ခံနိုင်စွမ်း မရှိသဖြင့် သွေးပွက်အနည်းငယ်ခန့် ထပ်၍ အန်ထွက်လာရ၏။ ထိုအချိန်တွင် ထို လျှို့ဝှက်ဆန်းကြယ် သတ္တဝါကြီးမှာ ၎င်း၏ ညာဘက်လက်ကိုမြှောက်ကာ လေထဲ၌ ဝှေ့ယမ်းလိုက်တော့သည်။

ထိုအခါ အားကောင်းသော အငွေ့အသက်များ ရုတ်တရက်ဆိုသလို စုဝေးလာပြီး စစ်သင်္ဘောကြီးထဲ၌ ဝဲတစ်ခု ပေါ်ပေါက်လာ၏။ ၎င်း၏ အဆုံးမှာ စစ်သင်္ဘောကြီး၏ အပြင်ဘက်နှင့် ချိတ်ဆက်ထားသည်။ ထို ဝဲကြီးမှာ အရာအားလုံးကို အားပါပါ ဆွဲငင်လိုက်ပြီး စစ်သင်္ဘောပေါ်ရှိ ကျင့်ကြံသူတိုင်းအား ဝါးမျိုပစ်လိုက်တော့သည်။

ထို့နောက် ထို ကျင့်ကြံသူများမှာ စစ်သင်္ဘောကြီး၏ အပြင်ဘက်ရှိ လေထုထဲ၌ ပေါ်ပေါက်လာ၏။ ထိုအခါ လေပြင်းများမှာ သူတို့အား အဆက်အပြတ် ရိုက်ခတ်သွားကြပြီး သူတို့၏ ဘေးတွင်လည်း မိုးခြိမ်းသံများဖြင့် ဆူညံနေတော့သည်။ သူတို့မှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေကြပြီး ကြောက်ရွံ့တုန်လှုပ်နေကြပါသော်လည်း အသက်ရှင်လျက် ရှိနေသေးသောကြောင့် အနည်းငယ်ခန့် စိတ်အေးသွားကြ၏။ နောက်ဆုံးတွင် သူတို့မှာ သူတို့၏ စစ်သင်္ဘောကြီး အရှိန်မြှင့်တင်ကာ အဝေးသို့ ပျံသန်းထွက်ခွာသွားသည်ကို ငေးကြည့်နေရင်း ကျန်ရစ်ခဲ့တော့သည်။

ထို လုယက်မှုဖြစ်စဉ်တစ်ခုလုံးမှာ လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ လက်ရှိတွင် လုယက်ခံလိုက်ရသူများမှာ ရေခဲတမျှ အေးစက်နေသော လေပြင်းများထဲ၌ ခိုက်ခိုက်တုန်အောင် ချမ်းနေကြပြီး အများစုမှာ ဇဝေဇဝါဖြစ်နေကြ၏။ သူတို့မှာ ဖြစ်ပျက်သွားခဲ့သည့် အရာများကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည့်ပုံပင်။ သူတို့မှာ အာကာသ ဓားပြများဖြစ်ကြပြီး ယခုလေးတင်မှ ကုန်ပစ္စည်းအပြည့်ဖြင့် အိမ်ပြန်လာကြသည် မဟုတ်ပါလော။ သို့သော် ယခုတွင်မူ သူတို့၏ မိခင်ဂြိုဟ်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူတို့မှာ အခြားတစ်ယောက်၏ ဓားပြတိုက်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။

သူတို့အဖွဲ့အား ဦးဆောင်နေသည့် အကြီးအကဲကြီးမှာ စက္ကန့်အနည်းငယ်ခန့် မလှုပ်မယှက် ရပ်နေလိုက်ပြီးနောက် နာကြည်းစွာ အော်ဟစ်မြည်တမ်းလိုက်၏။ သူ၏ မျက်လုံးများမှာလည်း ရဲရဲနီနေပြီ ဖြစ်သည်။ သူသည် သူ၏ ဂိုဏ်းတူ ညီအစ်ကိုများကို လျစ်လျူရှုလိုက်ပြီး အရှိန်ကုန်မြှင့်တင်ကာ မြေပြင်ပေါ်သို့ ထိုးဆင်းသွားတော့သည်။

သူသည် ထိုသို့ ပြေးထွက်သွားလိုက်ပြီး မည်သူမှ သူ့အား မမြင်နိုင်တော့သည့် နေရာသို့ ရောက်သွားသောအခါ သူ၏ ညာဘက်လက်ကို မြှောက်ကာ ရင်ဘတ်အား အားပါပါ ထုနှက်လိုက်၏။ ထို့ကြောင့် သူ၏ဒဏ်ရာများမှာ ပို၍ပင် ဆိုးရွားလာရသည်။ သူသည် ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် စီးကျနေပြီး တစ်ကိုယ်လုံး ဖရိုဖရဲ ဖြစ်နေပြီ ဖြစ်သည်။ ယခုတွင် သူသည် ဂိုဏ်းနှင့် ဆုံတွေ့ရန် ချိန်းထားသည့်နေရာသို့ ဦးတည်သွားနေခြင်း ဖြစ်၏။

သူသည် လေထုထဲမှ ထိုးထွက်လာပြီးနောက် ထိုနေရာသို့ ရောက်ရှိလာ၏။ ထိုအခါ သူသည် သူ၏အဖွဲ့အား ကြိုဆိုရန် စောင့်ဆိုင်းနေကြသည့် သူတို့၏ ဂိုဏ်းမှ ဂိုဏ်းသား ဆယ်ယောက်ကျော်အား လှမ်းမြင်လိုက်ရသည်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် သနားသမားလေသံဖြင့် အော်ဟစ်လိုက်တော့သည်။

” ဂိုဏ်းချုပ်ကြီး၊ ကျွန်တော် တာဝန်မကျေခဲ့ဘူးဗျာ။ ကျွန်တော် အကောင်ဆုံး ကြိုးစားခဲ့ပြီး အစွန်းကုန် တွန်းလှန်တိုက်ခိုက်ခဲ့ပေမယ့် ဒဏ်ရာ‌တွေ အများကြီး ရပြီးသွားတာတောင် ကျွန်တော်တို့ရဲ့ စစ်သင်္ဘောကြီးကို မစောင့်ရှောက်ပေးနိုင်ခဲ့ဘူး။ ကျွန်တော်တို့ရဲ့…. စစ်သင်္ဘောကြီးက… ခိုးခံလိုက်ရပြီဗျ ”

အကြီးအကဲကြီးမှာ ထိုစကားများကို ကြိုးစားပြောလိုက်ပြီးနောက် လေထဲတွင် ပျံသန်းနေရင်း ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာ၏။ ထို့နောက် သူသည် သူ၏ဒဏ်ရာများကြောင့် ပျံသန်းနိုင်စွမ်း မရှိတော့သည့်ပုံဖြင့် ကောင်းကင်ပေါ်မှ ပြုတ်ကျလာတော့သည်။ သူ၏အဖွဲ့အား ကြိုဆိုရန် အဝေးကြီးမှ ရောက်လာကြသည့် သူ၏ ဂိုဏ်းတူညီအစ်ကို‌မောင်နှမများမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အထိတ်တလန့် ဖြစ်သွားကြ၏။ သူတို့မှာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော သူ၏ခန္ဓာကိုယ်အား လှမ်းဖမ်းလိုက်ကြပြီး သူ၏ ဒဏ်ရာများအား ကုသပေးလိုက်ပြီးနောက် သူ့အား အသေးစိတ် မေးမြန်းလိုက်ကြ၏။ ထို ကျင့်ကြံသူများထဲမှ သက်လတ်ပိုင်း ကျင့်ကြံသူတစ်ယောက်မှာ အကြီးအကဲကြီး၏ စကားများကို နားထောင်ရင်း ထိတ်လန့်တုန်လှုပ်သွား၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ပြီး အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။

ခဏအကြာတွင် ကောင်းကင်ယံကြီးမှာ ပြောင်းလဲသွား၏။ လေပြင်းများလည်း စတင်တိုက်ခတ်လာပြီး တိမ်တိုက်များမှာလည်း အဝေးသို့ လွင့်စင်ပျောက်ကွယ်သွားကြသည်။ ထို့နောက် ခပ်လှမ်းလှမ်းတွင် လူရိပ်တစ်ခု ပေါ်ပေါက်လာ၏။ သူ၏ ပတ်ပတ်လည်တွင်မူ အားကောင်းသော လေမုန်တိုင်းများ ဝန်းရံနေ၏။ ထို ကျင့်ကြံသူ ရောက်ရှိလာသည်ကို မြင်လိုက်ရသည့် လူတိုင်းမှာ တအံ့တဩ ဖြစ်သွားရသည်သာ ဖြစ်သည်။ တစ်အောင့်ခန့် အကြာတွင် ထို ကျင့်ကြံသူမှာ အကြီးအကဲကြီး၏ ရှေ့၌ ပေါ်ပေါက်လာ၏။ သူသည် သာမန်လူတစ်ယောက်ထက် အများကြီးပို၍ အရပ်ရှည်ပြီး အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသည်။ သူသည် ဝိညာဉ်တစ်ထောင်ဂိုဏ်း၏ မဟာထိပ်သီး အကြီးအကဲကြီးဖြစ်သူ ကုန်းစွန်းဟော့ ဖြစ်ပေသည်။

” ဘာဖြစ်တာလဲ ” ထို လူကြီးမှာ တည်ကြည်မှု အပြည့်ရှိသော လေသံဖြင့် မေးလိုက်၏။ သူ၏ မျက်ဝန်းများမှာ စူးရှတောက်ပနေပြီး သူ၏ အကြည့်မှာလည်း ဩဇာအာဏာအပြည့် ရှိနေသည်။

အကြီးအကဲကြီးမှာ သူ၏ မဟာထိပ်သီးအကြီးအကဲကြီး၏ ရှေ့၌ ကတုန်ကယင်နှင့် ရပ်ကာ ဖြစ်ကြောင်းကုန်စင်အား ရှင်းပြလိုက်၏။ သူ စကားဆုံးသွားသောအခါ ကုန်းစွန်းဟော့၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပလာတော့သည်။ ‌လေများငြိမ်သက်သွားပြီ ဖြစ်ပါသော်လည်း သူ၏ ဆံပင်များမှာ လေထဲ၌ တလူလူ လွင့်နေသည်ကိုကြည့်လျှင် ထို မဟာထိပ်သီးအကြီးအကဲကြီး အမျက်ချောင်းချောင်း ထွက်နေသည်ကို သိနိုင်ပေသည်။

” ဝိညာဉ်တစ်ထောင်ဂိုဏ်းရဲ့ စစ်သင်္ဘောကို ဘယ်ကောင် ဓားပြတိုက်ရဲတာလဲကွ။ အဲဒီကောင် အသက်မရှင်ချင်တော့ဘူးနဲ့ တူတယ် ” ကုန်းစွန်းဟော့မှာ သူ၏ ညာဘက်လက်ကိုမြှောက်ကာ လက်သီးဆုပ်လိုက်၏။ ထိုအခါ ကောင်းကင်ယံထဲမှ လျှပ်စီးတန်းတစ်ခု ဆင်းသက်လာကာ သူ၏ လက်သီးထဲ၌ စုဝေးသွားပြီးနောက် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထုတ်လွှတ်နေသည့် လျှပ်စီးလုံး တစ်လုံးအသွင် ပြောင်းလဲသွားသည်။ သူ သူ၏ လက်အား ဝှေ့ယမ်းလိုက်သောအခါ ထို လျှပ်စီးလုံးမှာ လေထုထဲသို့ ပျံတက်သွားပြီး ပေါက်ကွဲသွား၏။ ထိုအခါ ၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် လမ်းကြောင်းတစ်ခုပေါ်ပေါက်လာသည်။

အမျက်ချောင်းချောင်းထွက်နေသည့် ကုန်းစွန်းဟော့မှာ ထို လမ်းကြောင်းထဲသို့ ဝင်သွားလိုက်ပြီးနောက် သူ၏ နတ်ဘုရားအာရုံအား ရှေ့သို့ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူသည် မန္တန်လက်ကွက်များဖော်ကာ သူတို့ဂိုဏ်း၏ စစ်သင်္ဘောကြီး၏ တည်နေရာကို ရှာဖွေလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ၎င်း၏နောက်မှ လိုက်သွားတော့သည်။

ဝိညာဉ်တစ်ထောင်ဂိုဏ်း၏ မဟာထိပ်သီးအကြီးအကဲကြီး ထိုကဲ့သို့ ဒေါသတကြီးနှင့် လိုက်လာနေစဉ် ဝမ်ပေါင်လဲ့မှာ ထို မဟာထိပ်သီးအကြီးအကဲကြီးနှင့် အကွာအဝေးတစ်ခုသို့ ရောက်နေပြီဖြစ်သော စစ်သင်္ဘောကြီးထဲ၌ ထိုင်နေ၏။ သူသည် ရုပ်လုံးပေါ်လာပြီဖြစ်ပြီး ကျိုးရိရှန်ပုံစံ အသွင်ယူထားသည်။ သူသည် သူ၏ရှေ့တွင် ရှိနေသည့် သူ ဖွင့်ထားပြီးသားဖြစ်သော သိုလှောင်အိတ်များကို မျက်လုံးပြူးကြီးများဖြင့် ကြည့်ရင်း စိတ်လှုပ်တရှား ဖြစ်နေတော့သည်။

” ကြယ်ပုံရိပ်ယောင်ကျောက်တုံးတွေပဲ ”

” ငါတော့ ပွပြီဟေ့ ” ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားနှင့် ရေရွတ်လိုက်၏။ သူသည် သူ၏ဘေးတွင် မျှော်လင့်တကြီးဖြင့် နှုတ်ခမ်းအား လျှာဖြင့်လျက်နေသည့် မြည်းလေးကို လျစ်လျူရှုကာ သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီးနောက် ထို သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် စစ်သင်္ဘောကြီးပေါ်သို့ အာရုံရောက်သွား၏။ သူသည် ထို စစ်သင်္ဘောကြီးအား အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည် မဟုတ်ပါလော။

” ဒီ စစ်သင်္ဘောကြီးပေါ်မှာ ခြေရာခံပစ္စည်းတစ်ခုခု ဖွက်ထားလောက်တယ်… ဒါပေမဲ့ ငါ ဒီအတိုင်းကြီး ထားပစ်ခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ။ ဖြုန်းတီးရာကျမှာပေါ့…. ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး စတင်လှုပ်ရှားလိုက်တော့သည်။

သူသည် လွန်ခဲ့သည့် လများအတွင်း ရရှိခဲ့သည့် လက်တွေ့ အတွေ့အကြုံများကို အသုံးချကာ ထိုစစ်သင်္ဘောကြီးအား တစ်စစီဖြုတ်နေပြီ ဖြစ်သည်။ ထို လအနည်းငယ်အတွင်းတွင် သူသည် ရုပ်သေးရုပ်များ ဖန်တီးသန့်စင်နိုင်ရန် အချိန်မရခဲ့ပေ။ ထို့ကြောင့် သူ၏ ဖြိုဖျက်ရေး လုပ်ငန်းစဉ်အား ကူညီပေးနိုင်ရန်အတွက် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ပေးထားသော ပညာရပ်ကိုအသုံးပြုကာ အစွမ်းသိပ်မထက်သည့် ကိုယ်ပွားများကို ဖန်တီးလိုက်၏။

သူသည် ထို စစ်သင်္ဘောကြီး၏ အမြုတေအပိုင်းထဲရှိ ဓမ္မအဆောင်ပစ္စည်းအား အရင်ဆုံး ဖြုတ်ယူလိုက်၏။ ထို့နောက် ထို စစ်သင်္ဘောကြီးအား အားဖြည့်ပေးနေသည့် ကြယ်တာရာရင်းမြစ်နှင့် ၎င်း၏ တိုက်ခိုက်ရေးပစ္စည်းများ၊ ကာကွယ်ရေးပစ္စည်းများကို ဆက်လက် ဖြုတ်ယူလိုက်ပြန်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ကိုယ်ပွားများ၏ အကူအညီဖြင့် စစ်သင်္ဘောကြီးအား စနစ်တကျ ဖြိုဖျက်နိုင်ခဲ့၏။ သူ၏ ပန်းတိုင်မှာ အစိတ်အပိုင်းများကို တတ်နိုင်သမျှ အများဆုံး ဖြုတ်ယူရန် ဖြစ်သည်။ သူသည် အလွယ်တကူ ဖြုတ်ယူနိုင်ပြီး တန်ဖိုးအကြီးမားဆုံးဖြစ်သည့် ပစ္စည်းများကို အဓိက ပစ်မှတ်ထားနေ၏။

” ဝိညာဉ်လမ်းညွှန် လက်စွပ်ပါလား။ ယူတယ်ကွာ ”

” အင်ဂျင်တစ်လုံးပါလား။ ပစ္စည်းကောင်းလေးပဲဟ။ သိမ်းတယ်ကွာ ”

” မြူခိုးကျောက်တုံးနဲ့ လုပ်ထားတဲ့ အစိတ်အပိုင်းတွေပါလားဟ။ ရှားပါး ပစ္စည်း‌တွေပဲ။ ဒါတွေကိုလည်း ယူလိုက်မယ်ဟေ့ ”

ဝမ်ပေါင်လဲ့မှာ စစ်သင်္ဘောကြီးအား တစ်စစီဖြုတ်နေရင်း ပို၍ စိတ်လှုပ်ရှားလာရတော့သည်။ မြည်းလေးမှာလည်း ထိုနည်းတူပင်။ ထိုသို့ ဖြိုဖျက်ရာတွင် အစိတ်အပိုင်းအချို့မှာ မလွဲမသွေ ထိခိုက်ပျက်စီးသွားကြရသည်သာ ဖြစ်သည်။ ထို အပျက်အစီးများမှာ မြည်းလေးအတွက် အသင့်တော်ဆုံး စားစရာများ ဖြစ်လာ၏။ ထို့ကြောင့် မြည်းလေးမှာ ဝမ်းသာအားရနှင့် ၎င်း၏ ဘေးတွင် ပြန့်ကျဲနေသည့် အစိတ်အပိုင်း အပျက်အစီးများကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေတော့သည်…

ထိုသို့ဖြင့် တစ်နာရီတိတိ ကုန်ဆုံးသွား၏။ ထို တစ်နာရီအတွင်းတွင် ကုန်းစွန်းဟော့မှာ ဂြိုဟ်ကြီး၏ လေထုထဲ၌ သွေးရူးသွေးတန်းနှင့် ပျံသန်းနေဆဲပင်။ စစ်သင်္ဘောကြီးမှာမူ ဝမ်ပေါင်လဲ့နှင့် မြည်းလေးတို့၏ လက်ချက်ကြောင့် နှစ်ပုံပုံ သုံးပုံခန့်သာ ကျန်တော့သည်…

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သူ၏ လောဘစိတ်များကို ချုပ်တည်းလိုက်၏။ သူသည် သူ လုယူခဲ့သည့် သိုလှောင်အိတ်များကိုပါ အပြည့်ဖြည့်ပြီးသွားပြီဖြစ်ရာ စစ်သင်္ဘောကြီးအား ဖြိုဖျက်နေခြင်းကို နောင်တကြီးစွာဖြင့် ရပ်တန့်လိုက်ရတော့သည်။ ထို့နောက် သူသည် မြည်းလေးကို ပွေ့ချီကာ ကိုယ်ပျောက်သွား၏။ သူတို့မှာ စစ်သင်္ဘောကြီးအား ကျော်ဖြတ်လာပြီးနောက် ချက်ချင်းဆိုသလို ထွက်ခွာသွားတော့သည်။ စစ်သင်္ဘောကြီးမှာမူ ၎င်း၏ အစိတ်အပိုင်း စုစုပေါင်း၏ သုံးပုံပုံ တစ်ပုံခန့် ဆုံးရှုံးလိုက်ရသည်ဖြစ်ရာ အရှိန်လျော့ကျလာတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ ဂြိုဟ်ကြီး၏ လေထုထဲမှ ထွက်ခွာသွားပြီးနောက် အောက်ဘက်ရှိ မြေပြင်ပေါ်သို့ ဥက္ကာပျံကြီးတစ်လုံးကဲ့သို့ ထိုးဆင်းသွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset