Switch Mode

အခန်း (၇၃၉)

မလှုပ်နဲ့

နတ်မျက်လုံး လူမှုအဖွဲ့အစည်း ပင်မဂြိုဟ်၏ လေထုမှာ ကမ္ဘာဂြိုဟ်၏ လေထုနှင့် ဆင်တူသည့် အချက်များလည်း ရှိသလို ကွဲပြားခြားနားသည့် အချက်များလည်း ရှိပေသည်။ ၎င်း၏ လေထုမှာ ကမ္ဘာဂြိုဟ်၏ လေထုထက် သိသိသာသာ ပို၍ ထူထပ်သိပ်သည်း၏။ သို့ဖြစ်ရာ အနည်းဆုံး ဝိညာဉ်ကြားခံနယ်အဆင့်တွင် မရှိပါက မိမိ၏ အာရုံခံနိုင်စွမ်းများကို အကွာအဝေး အနည်းငယ်ခန့်သာ ထုတ်လွှတ်နိုင်ပေသည်။

ယခုတွင် ဝမ်ပေါင်လဲ့မှာ ထိုဂြိုဟ်၏ လေထုထဲတွင် ပုန်းနေ၏။ သူသည် ထို စစ်သင်္ဘောပေါင်း မြောက်မြားစွာထဲမှ မည်သည့် စစ်သင်္ဘောမှာ အဖိုးအတန်ဆုံး ဖြစ်နေမည်နည်းဟု အလွယ်တကူ မှန်းဆနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ ဂိုဏ်းတစ်ဂိုဏ်းချင်းစီ၏ စစ်သင်္ဘောတစ်စင်းချင်းစီတိုင်းမှာ ကွဲပြားခြားနားနေကြသည် မဟုတ်ပါလော။ ထို့အပြင် အကာအရံခြုံလွှာများကလည်း ထိုစစ်သင်္ဘောကြီးများပေါ်ရှိ ပစ္စည်းများကို ကွယ်ဝှက်ပေးထားသေးသည်။ သို့ဖြစ်ရာ ထို စစ်သင်္ဘောကြီးများအား တစ်စစီ ဖျက်ဆီးလျှင်ဖျက်ဆီး သို့မဟုတ် မိမိ၏ အာရုံခံနိုင်စွမ်းများဖြင့် ၎င်းတို့အား စစ်ဆေးနိုင်မှသာလျှင် ၎င်းတို့ သယ်ဆောင်လာသော ပစ္စည်းများကို သိရှိနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အခက်တွေ့နေရခြင်းဖြစ်၏။ သူသည် အစွမ်းထက် တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ပါသော်လည်း သူ၏ အာရုံခံနိုင်စွမ်းများမှာ ထိုနယ်မြေတစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း စစ်ဆေးနိုင်လောက်အောင် တိကျမှုမရှိသေးပေ။ ထို့အပြင် သူသည် ထိုကဲ့သို့ စစ်ဆေးနေတုန်း သူ၏ အငွေ့အသက်ကိုလည်း ဖုံးကွယ်ထားရဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ ဓားပြတိုက်မည့် အစီအစဉ်မှာ ကံအပေါ် မူတည်နေသကဲ့သို့ ဖြစ်နေ၏။

သို့သော် သူသည် မြည်းလေးမှာ သူ့အား ကူညီပေးနိုင်လိမ့်မည်ဟု ‌တွေးမိခဲ့၏။ ထိုသတ္တဝါလေးမှာ တွေ့သမျှမြင်သမျှ အကုန် စားခဲ့ပြီးသည့်တိုင်အောင် ယနေ့အထိ အသက်ရှင်နေသေးသည် မဟုတ်ပါလော။ ထို့အပြင် ၎င်းမှာ ကုန်ကြမ်းပစ္စည်း အမျိုးမျိုးကိုလည်း စားခဲ့လောက်ပြီး ဖြစ်ရပေမည်။ သို့ဖြစ်ရာ ၎င်း၏ အာရုံခံနိုင်စွမ်းများမှာ တန်ဖိုးအကြီးမားဆုံး ပစ္စည်းများ သယ်ဆောင်လာသည့် စစ်သင်္ဘောအား ရှာဖွေနိုင်လောက်အောင် မြင့်မားနေလောက်ပြီ ဖြစ်သည်။

” သား၊ မင်းကို အားကိုးမယ်နော်။ စစ်သင်္ဘော တစ်စင်းလောက် မြန်မြန်လေး ရှာပေးစမ်း ” ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ မြည်လေးကိုပုတ်လိုက်၏။ ၎င်းမှာ ယခုမှ သိုလှောင်အိတ်ထဲမှ ထွက်လာသည်ဖြစ်ရာ ရီဝေဝေ ဖြစ်နေဆဲပင်။

၎င်းမှာ ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်ပြီးနောက် ဂြိုဟ်၏ လေထုထဲသို့ ဝင်ထွက်သွားလာ လုပ်နေကြသည့် စစ်သင်္ဘောကြီးများအား လှမ်းကြည့်လိုက်၏။ နောက်ဆုံးတွင် ၎င်းမှာ နောက်သို့ ပြန်လှည့်လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ပြန်သည်။ ထို့နောက် ၎င်းမှာ သနားကမား မျက်နှာအမူအရာဖြင့် ပါးစပ်ဟကာ အော်ဟစ်မြည်တမ်းရန် ပြင်လိုက်တော့သည်။

” မင်း ငါ့အတွက် စစ်သင်္ဘောတစ်စင်း ရှာပေးနိုင်ရင် မင်းရဲ့ ဝေစုကို ခွဲပေးမယ်။ မရှာပေးနိုင်ရင်တော့…. သိုလှောင်အိတ်ထဲ ပြန်ဝင်ပြီး အငတ်နေဖို့သာ စဉ်းစားထား ” မြည်းလေး အသံမထွက်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ၎င်းအား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်၏။ ထိုအခါ မြည်းလေးမှာ ပင့်သက်ရှိုက်မိသွားပြီး မျက်ရည်များ ဝဲလာတော့သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ၎င်းမှာ စူးရှတောက်ပသော မျက်ဝန်းများဖြင့် ရှေ့သို့ ပြန်လည်သွား၏။ ထို့နောက် ၎င်းမှာ စစ်သင်္ဘောကြီးများကို မျက်တောင်မခတ်တမ်း လိုက်ကြည့်ရင်း နှာခေါင်းကို တရှုပ်ရှုပ်လုပ်နေတော့သည်။

သို့ဖြစ်ရာ ၎င်းအတွက် ထို စစ်သင်္ဘောကြီးများမှာ ဟင်းပန်းကန်များကဲ့သို့ပင်။ ယခုတွင် ၎င်းမှာ အရသာအရှိဆုံး ဟင်းပန်းကန်အား လိုက်ရှာနေခြင်းဖြစ်သည်။

” အဲလောက် အဝေးကြီးက ဟာတွေကိုတောင် အနံ့ခံနိုင်တာလားဟ ” ဝမ်ပေါင်လဲ့မှာ အထူးတဆန်းနှင့် ရေရွတ်မိလိုက်၏။ သူ ထိုကဲ့သို့ အထူးတဆန်း ဖြစ်နေစဉ်မှာပင် မြည်းလေးမှာ စိတ်လှုပ်တရှားနှင့် အော်ဟစ်မြည်တမ်းလိုက်တော့သည်။

” သား၊ သား ” ၎င်းမှာ ထိုသို့အော်ဟစ်မြည်တမ်းရင်း ၎င်း၏ ခွာများကိုမြှောက်ကာ ယခုလေးတင်မှ အာကာသထဲမှ ပြန်ရောက်လာသည့် စစ်သင်္ဘောကြီးတစ်စင်းအား ညွှန်ပြလိုက်၏။ ထို့အပြင် ၎င်းမှာ ထိုမျှလောက်နှင့် မလုံလောက်မည် စိုးသောကြောင့် နှာချေကာ မီးခိုး‌ငွေ့များကို မှုတ်ထုတ်လိုက်သေးသည်။ ထိုမီးခိုးငွေ့များမှာ ၎င်း ညွှန်ပြခဲ့သည့် စစ်သင်္ဘောကြီး၏ ပုံစံအဖြစ်သို့ ပြောင်းလဲသွား၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ အလျင်အမြန် ခေါင်းမော့လာ၏။ သို့သော်် သူသည် ချက်ချင်းဆိုသလိုပင် သံသယဝင်သွားရသည်။ မြည်းလေး ညွှန်ပြခဲ့သည့် စစ်သင်္ဘောကြီး၏ ပုံပန်းသွင်ပြင်မှာ သာမန်သာ ဖြစ်ပြီး တမူထူးခြားနေခြင်းမရှိပေ။ ၎င်း၏ အရွယ်အစားမှာလည်း မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီး၏ တစ်ဝက်လောက်သာ ရှိပေသည်။

ထို့အပြင် ထို စစ်သင်္ဘောကြီး၏ အမြန်နှုန်းမှာလည်း အားရစရာ မရှိပေ။ ၎င်းမှာ အခြား စစ်သင်္ဘော ခုနစ်စင်း၊ ရှစ်စင်း၏ ဘေးမှနေ၍ သာမန် စစ်သင်္ဘောတစ်စင်းကဲ့သို့ တရွေ့ရွေ့ ပျံသန်းလာနေ၏။ ထိုမျှသာမက ၎င်း၏ အစိတ်အပိုင်းအချို့မှာ ထိခိုက်ပျက်စီးနေသည့်ပုံ ပေါက်နေသေးသည်။ ထို့အပြင် ထို ထိခိုက်ပျက်စီးမှုများမှာ တိုက်ပွဲများကြောင့် မဟုတ်ဘဲ အချိန်ကြာမြင့်စွာ မောင်းနှင်မှုများကြောင့် ပေါ်ပေါက်လာကြခြင်း ဖြစ်၏။ သို့ဖြစ်ရာ ၎င်း၏ ပိုင်ရှင်မှာ ၎င်းအား ပြန်လည်ပြုပြင်ရန် ငွေကြေးမတတ်နိုင်ကြသည့်ပုံပင်။

ဝမ်ပေါင်လဲ့တစ်ယောက် ထို စစ်သင်္ဘောကြီးအား အကဲခတ်နေစဉ်မှာပင် ထို စစ်သင်္ဘောကြီးထဲတွင် ဒါဇင်ပေါင်းများစွာသော ကျင့်ကြံသူများ ထိုင်နေကြ၏။ သူတို့ထဲမှ ငါးယောက်၊ ခြောက်ယောက်သာလျှင် ယွမ်ယင်အဆင့်တွင် ရှိကြပြီး အားအနည်းဆုံး ကျင့်ကြံသူများမှာ နှောင်းပိုင်း အမြုတေအဆင့်တွင် ရှိနေကြသည်။ သူတို့မှာ စိတ်အေးလက်အေး ဖြစ်နေသည့်ပုံ ပေါက်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင်လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တလက်လက်တောက်ပနေကြ၏။ အချို့မှာ သူတို့၏ သိုလှောင်အိတ်များထဲမှ လက်သီးဆုပ် အရွယ်အစားရှိသော အနက်ရောင်ကျောက်တုံးများကို ထုတ်ကာ ၎င်းတို့အား အဖိုးတန်ရတနာများကဲ့သို့ တယုတယ ပွတ်သပ်နေကြသည်။

” ဒီတစ်ခေါက်တော့ ငါတို့တွေ ထောပြီဟေ့။ မျက်ရည်သွေးကြော အဖွဲ့အစည်းထဲက အသေးစား လူမှုအဖွဲ့အစည်းတစ်ခုထဲမှာ ကြယ်ပုံရိပ်ယောင်ကျောက်တုံးတွေ အများကြီးရှိနေလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ ”

” ကြယ်ပုံရိပ်ယောင်ကျောက်တုံး‌‌တွေက ပဉ္စမအဆင့်ခါးပတ်ကြိုး စစ်သင်္ဘောကြီးတွေ တည်ဆောက်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုပဲ။ လက်သီးဆုပ်အရွယ်အစားရှိတဲ့ ကျောက်တုံးတစ်တုံးကို အဆင့်ရှစ် စစ်သည်တော်တစ်ယောက်နဲ့ လဲလို့ရတယ် ”

” ဒီလောက် အဖိုးတန်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ပိုင်ဆိုင်ထားတဲ့ လူမှုအဖွဲ့အစည်းထဲက အစွမ်းအထက်ဆုံး ကျင့်ကြံသူက အမြုတေအဆင့်မှာပဲ ရှိနေရသေးတယ်လို့ကွာ။ သူတို့တွေက ဒီလိုပစ္စည်းမျိုး‌တွေနဲ့ မထိုက်တန်ပါဘူး။ အဲတာတောင် သူတို့က ငါတို့ကို ပြန်ပြီးတော့ တိုက်ခိုက်ရဲသေးတယ်။ သူတို့ကို ရှင်းပစ်ခဲ့တာပဲ နားအေးတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက ငါတို့နဲ့ မတူတာတော့ နှမြောစရာပဲ။ အဲလိုသာ မဟုတ်ရင် သူတို့ကို ဖမ်းခဲ့ပြီးတော့ သန့်စင်တဲ့နေရာမှာ အသုံးပြုလို့ရမှာ ”

ထို လူမှုအဖွဲ့အစည်း၏ အစွမ်းအထက်ဆုံးကျင့်ကြံသူအား လှောင်ပြောင်‌လိုက်သည့် စကားကြောင့် ထိုအဖွဲ့တစ်ဖွဲ့လုံးမှာ ဝါးခနဲ ပွဲကျသွားကြ၏။ သူတို့မှာ သူတို့ မိခင်ဂြိုဟ်နှင့် ဂိုဏ်း၏အနီးသို့ ရောက်လာပြီဆိုသော အသိစိတ်ဖြင့် ပို၍ စိတ်အေးလက်အေး ဖြစ်လာကြတော့သည်။

” အားလုံး။ သတိကြီးကြီးထားကြပါ။ ငါတို့တွေ ဒီတစ်ခေါက် အချီကြီး ပွလာတာ။ တကယ်လို့ မတော်တဆတစ်ခုခု ဖြစ်သွားမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို တာဝန်ယူနိုင်မှာ မဟုတ်ဘူး။ ယွင်လင်းကျစ်၊ စစ်သင်္ဘောကြီးထဲက ထုတ်လွှတ်နေတဲ့ ဝိညာဉ်ချီပမာဏကို ထိန်းညှိလိုက်ဦး။ သိုသိုသိပ်သိပ် နေကြတာပေါ့။ စစ်သင်္ဘောကြီးကို အရှိန်ကုန်မြင့်တင်ဖို့ အချိန်မကျသေးဘူး။ လေထုထဲကို ဝင်ပြီးမှ အရှိန်မြှင့်မယ် ” ကျင့်ကြံသူများအားလုံး ရယ်မောနေကြစဉ် သူတို့၏ ခေါင်းဆောင်ဖြစ်သော ယွမ်ယင်ထိပ်ဆုံးအဆင့်မှ အကြီးအကဲကြီးတစ်ယောက်မှာ မျက်မှောင်ကြုတ်ကာ အော်ဟစ်အမိန့်ပေးလိုက်၏။

” အကြီးအကဲကြီး။ ကျွန်တော်တို့တွေက မိခင်ဂြိုဟ်ဆီကို ပြန်ရောက်ပါပြီဗျ။ ဘယ်လို မတော်တဆမှုနဲ့များ ကြုံနိုင်မှာမလို့လဲ။ အကြီးအကဲကြီး အနားယူလိုက်ပါ။ ဒီတစ်ခေါက် ရခဲ့တဲ့ ပစ္စည်းတွေနဲ့ဆိုရင် အကြီးအကဲကြီး ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်မှာ အသေအချာပါပဲ။ ကျွန်တော်တို့တွေ အကြီးအကဲကြီးကို ကြိုပြီးတော့ ဂုဏ်ပြုထားပါရစေ ”

” ဟုတ်တယ်၊ အကြီးအကဲကြီးရ။ စိတ်ပူမနေပါနဲ့။ ကျွန်တော်တို့‌တွေ ရုပ်ဖျက်ထားတာ အပြစ်ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့‌ စီးလာတဲ့ စစ်သင်္ဘောကြီးက ထူးခြားမနေတဲ့အပြင် အပြင်ဘက်ကနေကြည့်ရင် ဟောင်းနွမ်းနေတဲ့ပုံပါ ပေါက်နေပြီ။ ဘယ်သူကမှ ကျွန်တော်တို့‌ကို ပစ်မှတ်ထားဖို့ တွေးမိမှာမဟုတ်ပါဘူး။ ပြီးတော့ စစ်သင်္ဘောတစ်စင်းကို ဓားပြတိုက်တဲ့ အလုပ်လို အော့နှလုံးနာစရာ လုပ်ရပ်မျိုးကို ဘယ်သူမှမလုပ်တာ နှစ်တွေအများကြီး ရှိနေပြီ။ ခဏနေရင် ဂိုဏ်းက ကျွန်တော်တို့‌ကို ကြိုဖို့ လူတစ်ယောက်ယောက် လွှတ်လိုက်ပါလိမ့်မယ်။ ဘာမှ စိတ်ပူမနေပါနဲ့။ အေးအေးဆေးဆေး နေပါ ”

အကြီးအကဲကြီးမှာ သူတို့၏ စကားများကို စဉ်းစားသုံးသပ်လိုက်ပြီးနောက် အနည်းငယ်ခန့် စိတ်အေးသွား၏။ သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်တော့မည်ဆိုသော အသိဖြင့် စိတ်လှုပ်တရှား ဖြစ်နေရတော့သည်။

သို့သော်… လူမှုအဖွဲ့အစည်း တစ်ခုလုံးကို သတ်ဖြတ်ခဲ့ပြီးနောက် စစ်သင်္ဘောကြီးထဲ၌ ရတနာအပြည့်ထည့်ကာ ယခုလေးတင်မှာ ပြန်ရောက်လာခဲ့သည့် ထို ကျင့်ကြံသူများမှာ သူတို့၏ စစ်သင်္ဘောကြီးအား စိုက်ကြည့်နေသည့် မျက်ဝန်းနှစ်စုံအား သတိမထားမိပေ။ ထို မျက်ဝန်းနှစ်စုံ၏ ပိုင်ရှင်များမှာ တိမ်တိုက်များထဲတွင် ပုန်းရင်း ထိုစစ်သင်္ဘောကြီးအား မျက်ခြည်မပြတ်တမ်း စိုက်ကြည့်နေကြ၏။

ဝမ်ပေါင်လဲ့မှာ တိမ်တိုက်များထဲတွင် ရပ်ရင်း မျက်လုံးများမှေးသွား၏။ သူသည် သာမာန်ဟုသာ ထင်ရသော ထို စစ်သင်္ဘောကြီးအား အကဲခတ်လိုက်ပြီးနောက် မြည်းလေးအား လေသံတိုးတိုးဖြင့် မေးလိုက်သည်။

” သား၊ အဲတာကြီးက အရသာရှိတာ သေချာလို့လား ”

” သား ” မြည်းလေးမှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေသည့်ပုံပင်။ ၎င်းမှာ ဆာလောင်မွတ်သိပ်မှုများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သောကြောင့် ၎င်း၏ ခွာများပင်လျှင် တဆတ်ဆတ် တုန်ရီနေရပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ အချိန်မရွေး ရှေ့သို့ပြေးထွက်သွားရန် အဆင်သင့်ဖြစ်နေသည့်ပုံ ပေါက်နေ၏။

” ဟုတ်ပြီလေ။ ဒီတစ်ခေါက်တော့ မင်းကို ယုံလိုက်မယ်။ သွားလုကြစို့ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွား၏။ သူသည် အခြား စစ်သင်္ဘောကြီးများကို ဂရုစိုက်မနေတော့ဘဲ လုံခြုံစွာ ပုန်းလိုက်ပြီးနောက် ထို စစ်သင်္ဘောကြီးကြီး၏ နောက်သို့ တိတ်တဆိတ် လိုက်သွားလိုက်တော့သည်။

သိပ်မကြာခင်တွင် ဟောင်းနွမ်းစုတ်ပြတ်နေသည့်ပုံပေါ်သော ထို စစ်သင်္ဘောကြီးမှာ အခြား စစ်သင်္ဘောကြီးများ၏ ဝေးရာသို့ ဖြည်းဖြည်းချင်း ရောက်သွား၏။ နောက်ဆုံးတွင် ၎င်းမှာ ဂြိုဟ်၏ လေထုထဲသို့ ဝင်ရောက်သွားတော့သည်။ ထိုအခါ တိမ်တိုက်များမှာ ၎င်းအား ဖုံးလွှမ်းသွား၏။

ဝမ်ပေါင်လဲ့မှာမူ ထို စစ်သင်္ဘောကြီးအား မျက်ခြည်မပြတ်တမ်း စိုက်ကြည့်နေရင်း မျက်ဝန်းများအရောင်လက်သွားသည်။ ထို့နောက် သူသည် အရှိန်ကုန် မြှင့်တင်လိုက်ပြီး သူ၏ ယွမ်ယင်ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားစေလိုက်၏။ ထို့အပြင် သူသည် သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်ကို အသုံးပြုလိုက်သဖြင့် သူ၏ အမြန်နှုန်းမှာ သာမန် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းထက် သာလွန်သွားပြီး ဝိညာဉ်ကြားခံနယ်အဆင့်အထိ ရောက်ရှိသွား၏။ ထိုသို့ဖြင့် သူသည် ကြယ်ပျံတစ်လုံးကဲ့သို့ ထို စစ်သင်္ဘောကြီး၏နောက်သို့ အရှိန်အဟုန်ဖြင့် လိုက်သွားတော့သည်။

ထိုအချိန်တွင် ထို စစ်သင်္ဘောကြီးမှာလည်း တစ်ပြိုင်နက်တည်း အရှိန်မြှင့်တင်လိုက်၏။ ထို့နောက် ၎င်းမှာ နဂိုမူလအမြန်နှုန်းထက် အနည်းဆုံးသုံးဆ ပို၍မြန်ဆန်သော အမြန်နှုန်းဖြင့် အဝေးသို့ ပျံထွက်သွားတော့သည်။

” ဟင်။ ငါ့ကို အာရုံခံမိသွားတာများလား ” ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွား၏။ သို့သော် သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် သူ၏ အငွေ့အသက်များကို ဖုံးကွယ်နိုင်ရန် ကြိုးစားမနေတော့ဘဲ နောက်ထပ်တစ်ကြိမ်ထပ်၍ အရှိန်မြှင့်တင်လိုက်ပြီး သူ၏ အာရုံခံနိုင်စွမ်များကို ရှေ့သို့ ထုတ်လွှတ်လိုက်တော့သည်။ ထို့ကြောင့် သူသည် မျက်လုံးဖြင့်မမြင်နိုင်သော လေမုန်တိုင်းကြီး တစ်ခုကဲ့သို့ ထို စစ်သင်္ဘောကြီးအား ချက်ချင်းဆိုသလို ဝန်းရံသွား၏။ သူ၏ အာရုံခံနိုင်စွမ်းများ ထို စစ်သင်္ဘောကြီး၏ ခုခံကာကွယ်ရေးစနစ်များအား ထိုးဖောက်သွားသောအခါ သူသည် ထို စစ်သင်္ဘောကြီးပေါ်ရှိ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို မြင်လိုက်ရတော့သည်။

ဝမ်ပေါင်လဲ့၏ အာရုံခံနိုင်စွမ်းများကြောင့် စစ်သင်္ဘောကြီးထဲ၌ စူးရှကျယ်လောင်သော အချက်ပေးခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအခါ မကြာသေးမီတုန်းကမှ ရယ်ရယ်မောမောနှင့် အနားယူနေခဲ့ကြသည့် ထို စစ်သင်္ဘောကြီးပေါ်မှ ကျင့်ကြံသူများမှာ ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာများ ပြောင်းလဲသွားကြတော့သည်။ ယွမ်ယင်အဆင့်ကျင့်ကြံသူများမှာမူ အံ့ဩတုန်လှုပ်သွားကြပြီး ပင့်သက်များရှိုက်မိသွားကြ၏။

” ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပါလား ”

” မြန်မြန်လုပ်ဟ။ တစ်ခုခုတော့ လွဲနေပြီ ”

သူတို့မှာ စစ်သင်္ဘောကြီး၏ အချက်ပေးခေါင်းလောင်းသံကို ကြားလိုက်ရပြီးနောက် စစ်သင်္ဘောကြီး၏ အပြင်ဘက်ရှိ လူတစ်ယောက်၏ အာရုံခံနိုင်စွမ်းများကို သတိထားမိလိုက်ခြင်းဖြစ်သည်။ ဂြိုဟ်၏ အပြင်ဘက်လေထုထဲတွင် ရှိနေစဉ် အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်ကာ စစ်သင်္ဘောတစ်စင်း၏ အတွင်းပိုင်းထဲသို့ လှမ်း၍ ကြည့်ရှုနိုင်သည့် ကျင့်ကြံများမှာ…. ဝိညာဉ်ကြားခံနယ်အဆင့်တွင်ရှိသော ကျင့်ကြံသူများသာ ဖြစ်ပေသည်။ ထို့အပြင် ယခုတွင် ထိုကျင့်ကြံသူမှာ ရဲတင်းစွာ ပြုမူနေသည် မဟုတ်ပါလော။

” ဒီစစ်သင်္ဘောပေါ်မှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ တစ်ယောက်မှ မပါဘူးလားဟ။ အဲတာဆို သူတို့ အရှိန်မြှင့်တင်လိုက်တာက ငါ့ကို သတိထားမိသွားလို့ မဟုတ်ဘူးပေါ့ ” ဝမ်ပေါင်လဲ့မှာ ထို ကျင့်ကြံသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သောအခါ ရင်ခုန်နှုန်းများ မြန်ဆန်သွား၏။ ထို့နောက် သူသည် ပွပေါက်တိုးပြီဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားနှင့် သူ၏လေသံကို တမင်ပြောင်းကာ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို လှစ်ခနဲ လှုပ်ရှားကာ ဝိညာဉ်တစ်ခုကဲ့သို့ မှုန်ဝါးဝါး ဖြစ်သွားပြီး အဝေးသို့ ထွက်ပြေးသွားနိုင်ရန် ကြိုးစားနေသည့် စစ်သင်္ဘောကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားလိုက်တော့သည်။ ခဏအကြာတွင် သူသည် ထို စစ်သင်္ဘောကြီး၏ ကိုယ်ထည်အား ဖြတ်ကျော်လာပြီးနောက် သူ၏ စကားသံကြီးမှာ ထို ကျင့်ကြံသူများ၏ အသိစိတ်များထဲ၌ ပေါက်ကွဲသံကြီးတစ်သံကဲ့သို့ ပဲ့တင်ထပ်သွားတော့သည်။

” မလှုပ်နဲ့။ ဒါ ဓားပြတိုက်နေတာကွ “

Comment

Leave a Reply

Options

not work with dark mode
Reset