Switch Mode

အခန်း ( ၆၄ )

အဆိပ်လမ်းတွင်‌ လျှောက်လှမ်းခြင်း

သုံးချောင်းထောက်ဆေးတောင်သို့ သွားရာတွင် လီချန်ရှို့၏ ပထမဦးစားပေးမှာ ဆေးပေါင်းဖို အသစ်ရှာရန်ဖြစ်သည်။ ဒုတိယဦးစားပေးမှာ အဆိပ်ဖော်ရာတွင် ဆရာတစ်ဆူဖြစ်သော ဝမ်လင်းယွမ် ဖြစ်သည်။

ယခု လီချန်ရှို့သိသော အဆိပ်ဖော်နည်း သဘောတရားများနှင့် အဆိပ်ဖော်နည်းစနစ် တစ်ဝက်လောက်မှာ ဝမ်လင်းယွမ်ထံမှ ရရှိထားခြင်းဖြစ်သည်။

ဝမ်လင်းယွမ်သည် ဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ပြီး သုံးချောင်းထောက်ဆေးတောင်မှ အဆိပ်ဖော်ရသည်ကို နှစ်ခြိုက်သော ကောင်းကင်နတ်မင်း တစ်ပါးဖြစ်သည်။ သူ၏ အရည်အချင်းများကို သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ဓမ္မရတနာများကို ကြည့်၍ ဆုံးဖြတ်၍ မရပေ။

လီချန်ရှို့သည် ဆရာတူညီမလေး အရှေ့သမုဒ္ဒရာသို့ သွား၍ ပုစွန်မိစ္ဆာများ နှိမ်နင်းရာတွင် သူမကို အဆိပ်မှုန့်များ သုံးမိစေကာ ထိုအကြီးအကဲ၏ အာရုံစိုက်မှုကို ရအောင် ပြုလုပ်ခဲ့၏။

ထိုအကြီးအကဲသည် လီချန်ရှို့ဖော်ထားသော အဆိပ်မှုန့်များကို ယူသွားသော်လည်း ဘာမှအကြောင်းမပြန်ခဲ့ချေ။

လီချန်ရှို့ဘက်က ကိုယ်တိုင်စ၍ သွားမတွေ့ရဲပေ။

ဂိုဏ်းအတွင်း၌ အဆိပ်ဖော်ရာတွင် အကျွမ်းကျင်ဆုံး အကြီးအကဲကို မိမိဘက်မှ စ၍သွားတွေ့လျှင် ဂိုဏ်းသားများက လီချန်ရှို့သည် မိမိ၏ ရန်သူကို အဆိပ်ခပ်သတ်ရန် ကြံနေသော ကောက်ကျစ်သည့်လူတစ်ယောက်အဖြစ် ထင်သွားပေလိမ့်မည်။

သို့သော် အကယ်၍ ဂိုဏ်းမှ အဆိပ်ဖော်ရာတွင် ကျွမ်းကျင်သည့် အကြီးအကဲသည် ထိုတပည့်ကို ပညာသင်ပေးချင်သည်ဟု စတင်ဆိုခဲ့လျှင် အခြားသူများသည် လီချန်ရှို့ကို အထင်ကြီးသွားမည် ဖြစ်သည်။

ထို့ကြောင့် မိမိဘက်မှ စ၍သွားတွေ့ခြင်းနှင့် သူ့ဘက်မှ လာ၍တွေ့ခြင်း နှစ်မျိုး၏ ကွာခြားချက်မှာ သိသာထင်ရှားလှ၏။

သုံးချောင်းထောက်ဆေးတောင်သို့ ကျိုးဝူနှင့်အတူ တိမ်စီး၍သွားနေရင်း လီချန်ရှို့ အတွေးနက်နေ၏။ သူ့တွင် သုံးချောင်း‌ထောက်ဆေးတောင်သို့ သွားနိုင်သော အခွင့်အရေးများများစားစား မရှိချေ။ ထို့ကြောင့် အခွင့်ရစဉ် ထိုအဆိပ်ပညာရှင်နှင့် တွေ့ခွင့်ရအောင် ကြံရမည်လောဟု တွေးတောနေသည်။

သူသည် အရမ်းသိသာအောင်လုပ်၍ မရသလို သိုသိုသိပ်သိပ်လုပ်၍လည်း မရပေ။

အကယ်၍ သူ အကြီးအကဲ ဝမ်လင်းယွမ်ထံမှ အဆိပ်ဆေးလုံးတချို့နှင့် အဆိပ်ဆေးကျမ်းတို့ကို ရခဲ့လျှင် ကောင်းပေမည်။ ထိုသို့ဆိုလျှင် သူသည် အခြားသူများ၏ အာရုံစိုက်မှုအနည်းငယ်ကို ခံရလျှင်ပင် တန်ပေမည်။

တိမ်ဖြူလေးသည် တောင်နှစ်လုံးကြားကို ဖြတ်သန်းသွားပြီးနောက် ကျိုးဝူသည် လက်နှစ်ဖက်နောက်ပစ်ကာ ပြုံး၍ ပြောလိုက်သည်။
“ ဟိုမှာ … အဲဒါ သုံးချောင်းထောက်ဆေးတောင်ပဲ ”

လီချန်ရှို့သည်လည်း ပြန်ပြုံးပြ၍ ခေါင်းညိတ်လိုက်၏။ သူသည် အရှေ့တွင်ရှိသော အရက်အိုးပုံသဏ္ဍာန်ရှိသည့် တောင်ထွတ်ကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်များနှင့်ပြည့်နေ၏။
‘ ဒီတစ်ခေါက် ငါ အကြီးအကဲ ဝမ်လင်းယွမ်နဲ့ တွေ့ရမလားဆိုတာ ကြည့်ကြသေးတာပေါ့။ တချို့အရာတွေက အတင်းအကြပ်လုပ်ရင် ပျက်ဆီးသွားနိုင်တယ် ’

သုံးချောင်းထောက်ဆေးတောင်တွင် မန္တန်အစီအရင်ပညာရှင်များနှင့် နတ်ဆေးပညာရှင်များ ရှိကြသည်။

ထို့ကြောင့် ယင်းတောင်တွင် ချီကျင့်ကြံခြင်းကို လုပ်ကြသူမှာ တစ်ရာမရှိတရှိသာ ဖြစ်၏။

၎င်းတောင်တွင် အကြီးအကဲ နတ်ဝိဇ္ဇာသုံးပါး၊ အတုမဲ့နတ်ဝိဇ္ဇာ (၃၀)ခန့်၊ မူလနတ်ဝိဇ္ဇာများနှင့် တပည့်(၁၀)ယောက်ကျော်သာ ရှိ၏။ ကျန်သူများမှာ ဝေယျာဝစ္စများကိုလုပ်ရသည့် တပည့်လက်သားများသာ ဖြစ်သည်။

လီချန်ရှို့နှင့် ကျိုးဝူသည် သုံးချောင်းထောက်ဆေးတောင် ပေါ်ရှိ မြေကွက်လပ်လေးတစ်ခုတွင် ဆင်းသက်လိုက်ကြသည်။ ထို့နောက် တပည့်တစ်ဦးသည် သူတို့ကို လာခေါ်၍ လက်ဖက်ရည်များနှင့် ဧည့်ခံလေသည်။

မကြာမီမှာပင် အပြာရောင်ဝတ်ရုံနှင့် တြိဂံပုံရှစ်ခုပါသည့် သရဖူကို ဝတ်ဆင်ထားသော အမျိုးသား အတုမဲ့နတ်ဝိဇ္ဇာတစ်ပါး ရောက်လာ၏။ သူသည် အတန်ငယ် ခပ်ဖိုင့်ဖိုင့်ရှိ၍ စားကောင်းသောက်ဖွယ်များ စားနေရဟန်တူသည်။

သူ့ကို ကြည့်ရသည်မှာ အားဖြည့်ဆေးလုံးများစွာစားမိ၍ ဘေးထွက်ဆိုးကျိုး ခံစားနေရသကဲ့သို့ပင်။
“ ညီလေးကျိုးဝူ… ဒီနှစ်တွေထဲမှာ ဘာလို့ ပုံမှန် လာမလည်တာလဲကွ ”

ကျိုးဝူသည် သက်ပြင်းချ၍ ပြန်ဖြေလိုက်၏။
“ ဟူး… ကျွန်တော်က တာဝန်အရ လောကအနှံ့လျှောက်သွားနေရတယ်။ ပြီး‌တော့ ကျွန်တော့်မှာ နားချိန်တောင် မရှိပါဘူးဗျာ… ”

“ အဲဒါက ဂိုဏ်းသားက မင်းကို ယုံကြည်အားကိုးရတဲ့သူတစ်ယောက်လို့ မြင်လို့ပါ ညီလေးရယ် ”
မျက်နှာဝိုင်းဝိုင်းနှင့် နတ်ဝိဇ္ဇာသည် ပြုံး၍ ပြောလိုက်သည်။

သူသည် လီချန်ရှို့ကိုကြည့်ကာ လက်ဟန်ပြ၍ ဝင်လာရန် ဖိတ်ခေါ်လိုက်သည်။
“ ပိုင်ဖန်ခန်းမက အစ်ကို့ကို အမိန့်ပေးထားပြီးပါပြီ။ ဒီတောင်မှာ လူတိုင်းသုံးနိုင်တဲ့ ဆေးပေါင်းဖိုတချို့ရှိတယ်။ ညီလေးတို့ကို ရွေးဖို့ ခေါ်သွားပေးမယ် ”

လီချန်ရှို့သည် ကျိုးဝူ၏ အနောက်တွင် ရပ်လိုက်သည်။ သူသည် ကျိုးဝူထက် များစွာ အရပ်ပိုရှည်သော်လည်း ခပ်ကုတ်ကုတ်လေးဖြစ်နေသည်။

ကျိုးဝူသည် ထိုနတ်ဝိဇ္ဇာနှင့် လီချန်ရှို့ကို မိတ်ဆက်ပေးလိုက်သည်။ ထိုမျက်နှာဝိုင်းဝိုင်းနှင့် နတ်ဝိဇ္ဇာသည် လျှိုဖေးရှန်းဟု ခေါ်၏။ သူသည်လည်း ကျိုးဝူကဲ့သို့ပင် ဂိုဏ်းမှ တာဝန်ရှိသူတစ်ယောက်ဖြစ်ပြီး သုံးချောင်းထောက်ဆေးတောင်၏ အထွေထွေကိစ္စများကို လုပ်ရန် တာဝန်ပေးခြင်းခံရလေသည်။

လီချန်ရှို့သည် ဦးညွှတ်၍ ထိုသူကို ‘ ဆရာဦးလေး ’ ဟုခေါ်လိုက်၏။ လျှိုဖေးရှန်းသည် ပြုံး၍ လီချန်ရှို့ကို အားပေးစကားနည်းနည်းပြောလိုက်ပြီးနောက် စကားအဆက်အစပ် ပြတ်သွားလေတော့သည်။

သူတို့သုံးဦးသည် ထိုမြေကွက်လပ်လေးမှနေ၍ တိမ်စီးကာ မထင်မရှား တောင်ကြားလေးတစ်ခုသို့ သွားလိုက်ကြသည်။

လမ်းတွင် လျှိုဖေးရှန်းနှင့် ကျိုးဝူတို့သည် စကား တပြောပြောဖြင့် ရှိ၏။ လီချန်ရှို့သည် သူတို့နောက်မှ ရပ်၍ ‌ဘေးမှရှုခင်းများကို မကြည့်ဘဲ ရှေ့ရှိ နှစ်ယောက်ကိုသာ အကဲခတ်နေလေ၏။

တောင်ကြားလေး၏ အပြင်ဘက်တွင် ကြီးမားသော မန္တန်အစီအရင်ကြီးတစ်ခု ရှိ၏။ နတ်အာရုံသည်ပင် ထိုအရာကိုဖောက်၍ အာရုံမခံနိုင်သဖြင့် ကာကွယ်မှုအစွမ်း အတော်အသင့်ရှိသည်ဟု ဆိုနိုင်သည်။

မန္တန်အစီအရင်ကြီးအတွင်း ဝင်သွားသောအခါ မွှေးပျံ့သောပန်းရနံ့လေးများသည် သူတို့၏ နှာခေါင်းဆီသို့ရောက်လာ၍ လောကွတ်ပြုကြပြီး ငှက်ကလေးများ၏ ကျီကျီကျာကျာအသံလေးများသည်လည်း သူတို့၏ နားအတွင်းသို့ ကြိုဆိုပါသည် ဟု လာပြောနေသလိုပင်။ ထို့ပြင် နတ်အလင်းတန်းများသည်လည်း နေရာအနှံ့မှထွက်နေကြသည်။

ထိုနေရာတွင်ရှိသော အိမ်တစ်ဒါဇင်ကျော်သည်လည်း တောအုပ်လေးနှင့် ပနံသင့်လှ၏။ ယခုအခါ၌ ထိုအိမ်များ၏ ပတ်လည်တွင် မန္တန်အစီအရင်များ ဖွင့်ထားကြသည်ဖြစ်၍ အထဲတွင် နတ်ဝိဇ္ဇာများနှင့် တပည့်များ တရားကျင့်နေခြင်း ဖြစ်ရပေမည်။

ဆေးပေါင်းဖိုရှိရာ နေရာသို့ သွားရာလမ်းလေးတွင် တောအုပ်အတွင်းမှ ထွက်လာသော ရယ်မောသံလေးများကို ကြားနေရ၏။ ချုံတောင်လေးနှင့် နှိုင်းစာလျှင် ဤနေရာသည်များစွာ ပို၍ထင်ပေါ်ဝင့်ကြွားလေသည်။

လီချန်ရှို့သည် အတုမဲ့နတ်ဝိဇ္ဇာနှစ်ပါး၏ နောက်မှလိုက်ကာ နောက်ဆုံးတွင် သူတို့သည် မန္တန်အစီအရင်ကြီးဖြင့် ကာရံထားသော အိမ်အကြီးကြီးတစ်လုံး ရှေ့သို့ ရောက်သွားလေတော့သည်။

လျှိုဖေးရှန်းသည် မန္တန်အစီအရင်ကို လျင်မြန်စွာပိတ်၍ အိမ်တံခါးကို ဖွင့်လိုက်၏။ အထဲတွင် ဖုန်လက်လေးသစ်ခန့် တက်နေပြီး အခန်းထောင့်တွင် ဆယ်ပေခန့်ရှည်သော ဆေးပေါင်းဖိုအချို့ကို ထောင်ထားလေ၏။ အထဲတွင် အခြား တိုလီမိုလီ ပစ္စည်းများလည်း ရှိသေး၏။

လီချန်ရှို့သည် ချက်ချင်းပင် ဆေးပေါင်းဖို တစ်လုံးကို ရွေးလိုက်သည်။

ထိုဆေးပေါင်းဖိုကို လုပ်ထားသော သတ္တုသည် သူ့နဂိုဆေးပေါင်းဖို၏ ခရမ်းရောင်ရွှေလောက်တော့ မကောင်းပေ။ သို့သော် ထိုဆေးပေါင်းဖိုသည် လိုအပ်သည့် တံဆိပ်တော် အပြည့်အစုံပါသည့် လုပ်ထားခါစ ရတနာအသစ်တစ်လုံး ဖြစ်သည်။ ထို့ကြောင့် ယင်း၏ အသုံးဝင်မှုသည် ပေါက်ကွဲသွားသော ဆေးပေါင်းဖိုထက်ပင် ပိုနိုင်ပေသည်။

ထိုအရာသည် မဆိုးပေ။ သူသည် လူအများအမြင်တွင် ဗလာနတ္ထိအဆင့်ရှိသူ တစ်ဦးသာဖြစ်၍ ထူးခြားကောင်းမွန်သော ဆေးပေါင်းဖိုကိုလည်း မလိုပေ။

ဘေးမှ ကျိုးဝူသည် ရယ်၍ ပြောလိုက်သည်။
“ အစ်ကိုလျှို… ညီလေးတို့ကို ဒီဆေးပေါင်းဖိုတွေပဲ ပေးတယ်ဆို‌တော့ နည်းနည်း ကပ်စေးနဲရာမကျဘူးလား။ တူလေး ချန်ရှို့က ဒီတစ်ခေါက် ဂိုဏ်းအတွက် ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ပေးခဲ့တာ။ အဲဒါကြောင့် ဂိုဏ်းက သူ့ကို သုံးချောင်းထောက်ဆေးတောင်ကို လာပြီး ကြိုက်တဲ့ ဆေးပေါင်းဖိုရွေးဖို့ ပြောလိုက်တာ။ လမ်းမှာကတည်းက ညီလေးက မျက်နှာအရည်ထူထူထားဖို့ ဆုံးဖြတ်လာပြီးသားနော်။ ဒီဟာလောက်လေးပဲ ယူပြီးတော့ အလွယ်တကူ မပြန်နိုင်ဘူး ”

လျှိုဖေးရှန်း၏ မျက်နှာထားသည် အနည်းငယ် အိုးတိုးအန်းတန်းဖြစ်သွားြပီး ခပ်သွက်သွက်ပင် ပြန်ပြောလိုက်သည်။
“ ညီလေးက စောစောက ဒီလိုပြောရောပေါ့ကွယ်… လာလာ.. နောက်တစ်နေရာကို သွားကြမယ် ”

လီချန်ရှို့သည် ကျိုးဝူကို နှလုံးသားထဲမှနေ၍ ကျေးဇူးတင်မိလိုက်သည်။ သူသည် ထိုဆေးပေါင်းဖိုလောက်ဆို အဆင်ပြေပြီဖြစ်ကြောင်း ပြောရန်ပြင်လိုက်စဉ် အပြင်မှနေ၍ လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သံကို ကြားလိုက်ရ၏။
“ ချန်ရှို့ဟုတ်လား… မင်းက ချုံတောင်လေးက တပည့်လား… ”

ကျိုးဝူနှင့် လျှိုဖေးရှန်းတို့သည် ကြောင်သွားသော်လည်း လီချန်ရှို့မှာ ဝမ်းသာသွား၏။

လေပြေတစ်ချက်တိုက်ခိုက်သွားပြီးနောက် ချိုင်းထောက်တစ်ဖက်နှင့် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦး တံခါးအပြင်၌ ပေါ်လာလေသည်။

ချိုင်းထောက်ကို ကြေးပြားများဖြင့် ပတ်ထား၏။ အဘိုးအို၏ အရေးအကြောင်းများနှင့် ပြည့်နေသော မျက်နှာသည် အနည်းငယ်အေးစက်စက်ရှိ၍ ခပ်တည်တည်ရှိလေသည်။ သို့သော် သူ၏မျက်လုံးများသည် တောက်ပနေကာ အားအင်အပြည့်ပင်။ သူ၏ မီးခိုးရောင်ဆံပင်ရှည်များသည် လေတွင်ဝဲလွင့်နေပြီး သူ၏ တာအိုဝတ်ရုံမှ ဆေးနံစူးစူးများ ထွက်နေ၏။

အကြီးအကဲ ဝမ်လင်းယွမ်ပင်။

လျှိုဖေးရှန်နှင့် ကျိုးဝူတို့သည် သွက်သွက်လက်လက် ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

ကျိုးဝူသည် လီချန်ရှို့ထံသို့ လျင်မြန်စွာ အသံပို့လွှတ်လိုက်၏။
“ ဒါက သုံးချောင်း‌ထောက်ဆေး‌တောင်က အကြီးအကဲပဲ။ မင်းသူ့ကို ဆရာဘိုးဘိုးလို့ ခေါ်နော် ”

“ ကျွန်တော်က လီချန်ရှို့ပါ။ ချုံတောင်လေးက တပည့်တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော် ဆရာဘိုးဘိုးကို အရိုအသေပေးပါတယ် ခင်ဗျာ ”
အဘိုးအိုသည် ပြန်၍ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ပြုံးရန်ပြင်လိုက်ရာ သူ၏နှုတ်ခမ်းထောင့်စွန်းနှစ်ခုသည် တွန့်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်စပေါ်လာလေသည်။

လျှိုဖေးရှန်းနှင့် ကျိုးဝူတို့သည် တုန်လှုပ်သွားပြီး ကိုယ်တိုင်ပင်သတိမထားမိလိုက်ဘဲ အလိုလို နောက်သို့ ခြေနှစ်လှမ်းဆုတ်မိသွား၏။

သူတို့သည် အပြင်ထွက်ခဲသော ထိုအဆိပ်နတ်ဝိဇ္ဇာအပေါ် မည်သို့ အပြစ်ပြုမိခဲ့သနည်းဟု တွေးတောနေကြသည်။

ဝမ်လင်းယွမ်သည် ဝေ့ဝိုက် ပြောမနေချေ။ သူသည် လီချန်ရှို့ကို လက်ညှိုးညွှန်၍ မေးလိုက်သည်။
“ မြေခွေးနှလုံးသား ဆေးလုံးကို မင်းဘယ်လိုဖော်မလဲ ”

လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက လီချန်ရှို့ မျှော်လင့်ခဲ့သောအရာ အမှန်တကယ် ဖြစ်လာပေပြီ။

လီချန်ရှို့သည် ခေတ္တမျှ တိတ်တဆိတ် တွေးတောနေလိုက်သည်။ သူသည် ခေါင်းငုံ၍ မိမိနေရာတွင်သာ မလှုပ်မယှက်ရပ်နေလေသည်။ ထို့နောက် သူသည် အနည်းငယ်တုန်လှုပ်နေပုံပေါ်သောလည်း ပြတ်သားရှင်းလင်းစွာ ပြန်ဖြေလိုက်၏။
“ သုံးမယ့်ဆေး အချိုးအစားကိုပြောရမယ်ဆို… ဝိညာဉ်မြေခွေးရဲ့ နှလုံးသွေးက သုံးဆ၊ ရွှံ့မြက်က တစ်ဆ၊ ပျားရည်နက် ဝိညာဉ်ဖျက်ဆီး ဆေးပင်က နှစ်ဆ၊ ဟုန်းရွှီမြက်က တစ်ဆ၊ ရေနည်းနည်းနဲ့ ဆေးဖြူမှုန့်နည်းနည်း တို့ကိုရောပြီး မီးအေးအေးနဲ့ (၁၂)နာရီ ပေါင်းရင် မြေခွေးနှလုံးသား ဆေးလုံးကိုရပါလိမ့်မယ် ”

အကြီးအကဲ ဝမ်လင်းယွမ်သည် ခပ်ဖြည်းဖြည်းခေါင်းညိတ်၍ ပြုံးလိုက်ရာ ပို၍ ကြောက်စရာကောင်းသော အပြုံးတစ်စ ပေါ်ထွက်လာ၏။
“ ငါသာ သစ်ခွခြောက်မှုန့် နှစ်ဆထပ်ထည့်လိုက်ပြီး နောက်(၁၂)နာရီ ထပ်ပေါင်းလိုက်မယ်ဆို ဘာရမလဲ ”

လီချန်ရှို့က ပြန်ဖြေလိုက်သည်။
“ မြေခွေးနှလုံးသားနက် ဆေးလုံးကို ရပါမယ် ခင်ဗျာ ”

“ တကယ်လို့ ငါသာ ပျားရည်နက် ဝိညာဉ်ဖျက်ဆီး ဆေးပင်ကိုဖယ်ပြီး တန်ယန်းကြာပွင့် အမှုန့် သုံးဆ၊ နှင်းသဲ နှစ်ဆ ထပ်ရောထည့်ပြီး အဖြူရောင်မီးတောက်နဲ့ (၂၄)နာရီ ပေါင်းမယ်ဆို ဘာရမလဲ ”

လီချန်ရှို့ ခေတ္တမျှတွေးတောနေလိုက်သည်။ ဤအကြိမ်တွင် သူအချိန်အနည်းငယ် ယူရ၏။

ဘေးတွင် ရပ်နေသော ကျိုးဝူသည် ရုတ်ခြည်း စိတ်လှုပ်ရှားလာ၏။ သူသည် လျှိုဖေးရှန်းကို တစ်ချက်ကြည့်လိုက်သည်။

သို့သော် လျှိုဖေးရှန်းသည် ကျိုးဝူကို ဘာမှဝင်မပြောရန် ခေါင်းသာခါပြလိုက်၏။

ထိုအကြီးအကဲသည် အတုမဲ့နတ်ဝိဇ္ဇာနှစ်ပါးကို ချွေးပင်မစို့ဘဲ သတ်ပစ်နိုင်သည်။

တံခါးအပြင်တွင် ရပ်နေသော အကြီးအကဲ ဝမ်လင်းယွမ်၏ အပြုံးသည် ပို၍ အေးစက်စက်နိုင်လာသည်။ သူသည် မျက်မှောင်အတန်ငယ်ကြုတ်လိုက်ရာ မျက်လုံးများ အရောင်လက်သွား၏။

ကျိုးဝူသည် မည်သို့ဝင်ပြောရမည်ကို စဉ်းစားနေသည်။ သူသည် ဝမ်လင်းယွမ်နှင့် မရင်းနှီးပေ။ သို့သော် ထိုအကြီးအကဲ၏ မျက်နှာထားအရဆိုလျှင် သူမည်သို့ကြည့်သည်ဖြစ်စေ ထိုအကြီးအကဲသည် လီချန်ရှို့ကို အရည်ဖျော်ပစ်တော့ မလိုပင် ထင်ရလေသည်။

သို့သော် လီချန်ရှို့ ပြန်ဖြေလိုက်သည်။
“ သုံးမရတဲ့ ဆေးလုံးပဲ ရပါမယ် ”

ကျိုးဝူ၏ နှုတ်ခမ်းစွန်းနှစ်ခု တွန့်ကွေးသွားသည်။ သူသည် အသနားခံရန် ဟန်ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် အကြီးအကဲ ဝမ်လင်းယွမ်၏ အပြုံးများ ပျောက်ကွယ်သွား၏။ သူသည် မျက်နှာထားတည်တည်ဖြင့် မေးလိုက်သည်။
“ ဘာလို့ သုံးလို့မရတာလဲ ”

“ ဆေးအာနိသင်တွေက အချင်းချင်း ချေဖျက်သွားကြလို့ပါ… ”
လီချန်ရှို့သည် မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်သည်။
“ အဖြူရောင်မီးတောက်က နဂိုကတည်းက သိမ်မွေ့ပြီး တည်ငြိမ်တဲ့ မီးတောက်ပါ။ အဲဒါကြောင့် ဆေးလုံးကရမယ့် အပူချိန်က တည်ငြိမ်နေပြီး ဆေးပင်တွေရဲ့ ဆေးအာနိသင်က လှုပ်ရှားနေတယ်…. ”

“ ဆေးလုံးတော့ ဖြစ်လာနိုင်ပေမယ့် ဘယ်နေရမှာမှ သုံးလို့ရမှာမဟုတ်ပါဘူး… ”

“ အင်း … ”
ဝမ်လင်းယွမ်သည် ချိုင်းထောက်ကိုအားပြု၍ ရှေ့သို့ ခြေလှမ်းဝက်ခန့် တိုးလာလေသည်။

ကျိုးဝူသည် ‌ရှေ့သို့ ဆတ်ခနဲ ထွက်၍ ဦးညွှတ်လိုက်သည်။
“ အကြီးအကဲ ခင်ဗျာ…ဒီ တပည့်လေးကို ကျွန်တော့်ဆရာက အတော်လေး အထင်ကြီးပါတယ်။ တကယ်လို့ အကြီးအကဲကို အပြစ်ပြုမိခဲ့ရင် ကျွန်တော့ဆရာရဲ့ မျက်နှာကိုထောင်ပြီး ခွင့်လွှတ်ပေးပါ ခင်ဗျာ ”

ဝမ်လင်းယွမ်သည် ကျိုးဝူကိုကြည့်၍ တုံနိဘာဝေ ရှိနေလေသည်။ သူသည် လီချန်ရှို့ကို ပြန်ကြည့်၍ မေးလိုက်သည်။
“ မင်းက ဆေးအာနိသင်လို့ပြောပေမယ့် အဲဒါက အဆိပ်ဓာတ်တွေဆိုတာ အသိသာကြီးပဲ ”

လီချန်ရှို့တွင် အတန်ငယ်စိတ်လှုပ်ရှားသွားသော မျက်နှာထား ပေါ်လာလေသည်။ သို့သော် သူသည် ခေါင်းငုံ့၍ ဦးညွှတ်ကာ သူ ဆယ်စုနှစ်ကျော်လောက်ကတည်းက ပြောချင်နေသော စကားများကို ပြောလိုက်၏။ အကြီးအကဲ ဝမ်လင်းယွမ်တစ်ယောက် ဘဝတစ်လျှောက်လုံး လုပ်ခဲ့သည့် အရာများအရဆိုလျှင် ယခု သူ ပြောမည့်စကားလုံးများသည် ဝမ်လင်းယွမ်၏ နှလုံးသားကို ထိုးဖောက်နိုင်မည်မှာ သေချာ၏။
“ အဆိပ်ဆိုတာလည်း ဆေးတစ်မျိုးပါပဲ။ ဟင်းလျာတွေမှာ ချို၊ ချဉ်၊ စပ်၊ ခါးဆိုပြီး ကွဲပြားသလိုပဲ ဆေးပင်တွေမှာလည်း အဲဒီလိုပါပဲ ခင်ဗျာ ”

အိမ်တွင်းရှိ လူများသည် ငြိမ်သက်သွားကြသည်။ လျှိုဖေးရှန်းသည် လီချန်ရှို့ကို လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေသည်။
‘ ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ စကားလဲ ’

‘ အဆိပ်နဲ့ ဆေးကို ဘယ်လိုလုပ် တစ်တန်းတည်းထားလို့ ရမှာလဲ ’
ကျိုးဝူသည် သူ့အား အပေါ်မှ မျက်ဝန်းနှစ်ခုက စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ဝမ်လင်းယွမ်၏ ကျဉ်းမြောင်းသော မျက်လုံးများကို မြင်လိုက်ရသည်။ ဝမ်လင်းယွမ်သည် အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
“ သူ့ကို ငါ ရက်နည်းနည်းလောက် ခေါ်ထားလို့ရမလား ”

“ ဟုတ်ကဲ့… ရပါတယ်ခင်ဗျာ ”

“ ကောင်းပြီ… ”
ဝမ်လင်းယွမ်သည် ခေါင်းညိတ်၍ လီချန်ရှို့ကို ပြောလိုက်သည်။
“ မင်း… ငါ့နဲ့လိုက်ခဲ့ ”

လီချန်ရှို့သည် ဦးညွှတ်၍ လက်ခံကြောင်း ပြလိုက်သည်။ သူသည် ကျိုးဝူနှင့် လျှိုဖေးရှန်းတို့ကို ဦးညွှတ်ပြီးနောက် ထိုနေရာမှထွက်ကာ အကြီးအကဲ၏ နောက်သို့လိုက်သွားလေသည်။

သူသည် ဆယ်လှမ်းပြည့်အောင် မလျှောက်ရသေးခင်မှာပင် အကြီးအကဲဝမ်လင်းယွမ်သည် ခေါင်းနောက်လှည့်၍ မေးလိုက်သည်။
“ မင်း ကျောက်စိမ်းနက်ဆေးလုံးကို ဘယ်လိုဖော်မလဲ ”

“ ကျွန်တော် ‌အပေါ်ယံဆေးညွှန်းလောက်ပဲ သိပါတယ်ခင်ဗျာ။ အဓိက ပါဝင်ပစ္စည်းတွေက နတ်ရေစင် သုံးဆနဲ့ နှစ်တစ်ထောင်ကနေ နှစ်သုံးထောင်ကြား သက်တမ်းရှိတဲ့ လင်းယုန်သစ်ခွ နှစ်ဆပါ… ”

“ ဘာလို့ လင်ယုန်သစ်ခွက နှစ်တစ်ထောင်နဲ့ နှစ်သုံးထောင်ကြား သက်တမ်းရှိဖို့လိုတာလဲ ”

“ တကယ်လို့ ဆေးအာနိသင်အချင်းချင်း လိုက်လျောညီထွေရှိတယ် ဆိုရင်တောင်မှ တစ်ခုပေါ်တစ်ခု အကျိုးသက်ရောက်မှု နည်းနည်းတော့ရှိမှာပါပဲ။ သက်တမ်းရှည်လွန်းတဲ့ဆေးပင်ကို သုံးရင် ဆေးအာနိသင်က အရမ်းပြင်းသွားလိမ့်မယ်။ အဲဒီလိုဆို ဆေးလုံးရဲ့ မျှခြေပျက်သွားပါလိမ့်မယ်ခင်ဗျာ။ ကျွန်တော် ကျမ်းစာတစ်ခုမှာ ဖတ်ဖူးတာက ဆေးပင်ရဲ့ သက်တမ်းကြာတိုင်းလည်း ဆေးလုံးကောင်းကောင်းရတာ မဟုတ်ပါဘူးတဲ့။ အကောင်းဆုံးကတော့ သူ့ရဲ့ သင့်တော်တဲ့ သက်တမ်းမှာ ရှိရပါမယ်တဲ့ ခင်ဗျာ ”

“ မင်းအဲ့ ကျမ်းစာကို ဘယ်ကရတာလဲ ”

“ တာအိုကျမ်းစာတိုက် အပြင်ဆောင်ကပါ။ အဲဒီမှာ နတ်ဆေးပညာနဲ့ ပတ်သတ်တဲ့ ကျမ်းစာတွေရှိတဲ့ စာအုပ်စင် နည်းနည်းရှိပါတယ်။ ကျွန်တော် အဲဒီကျမ်းစာတွေကို သေချာဖတ်ပြီး အကြိမ်များစွာ သုံးသပ်ထားပြီးပါပြီ။ ကြည့်ရတာ အဲဒီက အဆိပ်ကျမ်းစာတွေကို ဆရာဘိုးဘိုးရေးထားတာများလား… ”

“ ဟား … ဟား… မဆိုးဘူးပဲ ”

သူတို့နှစ်ဦးသည် လေပြေလေညင်းများကြားတွင် စကားတပြောပြောဖြင့် လမ်းကျဉ်းလေးပေါ်တွင် လျှောက်ရင်း တဖြည်းဖြည်းဝေးကာ ပျောက်ကွယ်သွားကြလေတော့သည်။

“ ဟူး… ”
ကျိုးဝူ စိတ်သက်သာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး နဖူးပေါ်မှ ဇောချွေးများကို သုတ်လိုက်သည်။

ထို ကောင်းကင်နတ်မင်းအဆင့်ရှိသူ အကြီးအကဲသည် ကောင်းကင်နတ်မင်းတစ်ပါး၏ အရိပ်အယောင်တစ်ခုပင် မပြခဲ့ချေ။ သို့သော် သူသည် ကောင်းကင်နတ်မင်းအဆင့်ရှိသူများကိုပင် အဆိပ်ခတ်ခဲ့ဖူးသည်ဆိုသော အချက်ကြောင့် ကြက်သီးထစရာပင်ဖြစ်၏။

ခပ်ဖိုင့်ဖိုင့်ရှိသော နတ်ဝိဇ္ဇာသည် ကျိုးဝူအနီးသို့ လျှောက်လာ၍ မေးလိုက်သည်။
“ အဲ့… အဲ့ညီလေးက ဘယ်တောင်ကလဲ… ဆရာဘိုးဘိုး အဲဒီလောက် ဖော်ရွေတာကို အစ်ကို မမြင်ဖူးသေးဘူး… ”

“ အဲဒါကို ဖော်ရွေတယ်လို့ ခေါ်တာပေါ့လေ… ”
ကျိုးဝူသည် လျှိုဖေးရှန်းကို ကြည့်၍ ပြန်ပြောရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွား၍ ခေါင်းသာခါလိုက်ရသည်။
“ ညီလေးကို မမေးပါနဲ့။ ညီလေးဘာမှ ပြောပြလို့မရဘူး ”

လျှိုဖေးရှန်သည် ခေါင်းစောင်း၍ မျက်မှောင်ကြုတ်လိုက်၏။

*****
လဝက်ကြာပြီးနောက်…

ညနေခင်းတစ်ခုတွင် လီချန်ရှို့သည် တိမ်ဖြူတစ်ခုကို စီးကာ သုံးချောင်းထောက်ဆေးတောင်မှ ထွက်၍ တည်တည်ငြိမ်ငြိမ်ပင် ချုံတောင်လေးဆီသို့ ပျံသန်းသွားနေသည်။

လမ်းခရီးတွင် မည်သည့်အနှောင့်အယှက်မှ မကြုံခဲ့ရပေ။ သူ ချုံတောင်လေးသို့ ပြန်ရောက်သောအခါ ယုံချင်ရွှမ်းယာ မရှိတော့ပေ။

သူ ဆေးဖော်ဆောင်သို့ ရောက်သောအခါ ပမာဏနှစ်ဆသိုလှောင်နိုင်သော သူ၏ သိုလှောင်ဓမ္မအဆောင်အတွင်းမှ နေ၍ ပေနှစ်ဆယ်မြင့်သော ဆေးပေါင်းဖိုတစ်ခုကို ထုတ်ယူလိုက်သည်။ သူ၏ မျက်နှာထားသည် များစွာပြောင်းလဲမှုမရှိချေ။

သူသည် ပတ်ဝန်းကျင်ရှိ မန္တန်အစီအရင်အများစုကို နှိုးပြီးသောအခါ အလင်းတန်းတစ်ခု အဖြစ်ပြောင်းလဲကာ ပုံပြောင်းစက္ကရုပ်များအား ထိုနေရာကို စောင့်ခိုင်းလိုက်ပြီး မြေအောက်လျှို့ဝှက်ခန်းအတွင်းသို့ သွားကာ တည်ကြည်လေးနက်သောမျက်နှာထားဖြင့် စားပွဲခုံနောက်တွင် ဝင်ထိုင်လိုက်၏။

သူသည် စားပွဲပေါ်တွင် လက်ဝဲလက်ဖြင့် ပွတ်သပ်၍ ကျောက်စိမ်းပြားများနှင့် ကျောက်စိမ်းပုလင်းများကို တင်လိုက်သည်။ လီချန်ရှို့သည် ပြုံးလိုက်ပြီး ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်သွားလေသည်။

နောက်ဆုံးတွင် သူသည် အကြီးအကဲ၏ အဆိပ်ဆေးကျမ်းများကို အလုံးစုံနားလည်ခဲ့ပေပြီ။

သူသည် အကြီးအကဲထံမှ အဆိပ်ဆေးလုံး အမြောက်အမြားကိုပင် ရခဲ့သေး၏။

သို့သော် ထို့အတွက် သူသည် အကြီးအကဲအပေါ် ကျေးဇူးကြွေးအများအပြား တင်ခဲ့လေပြီ။ နောင်အနာဂတ်တွင် ထိုကျေးဇူးကြွေးကို အခွင့်အရေးရှာကာ ပြန်ဆပ်၍ ကမ္မနှောင်ကြိုးများကို ဖြတ်တောက်ရပေမည်။

ထို အဆိပ်ဆေးကျမ်းများသည် လီချန်ရှို့အတွက် များစွာအရေးပါ၏။

အကြီးအကဲဝမ်လင်းယွမ်က သူ့ကို နမူနာအဖြစ်ပေးသော အဆိပ်ဆေးလုံးများသည် ပို၍ပင် အ‌ရေးကြီး၏။

ကောင်းကင်နတ်မင်းများကိုပင် သတ်နိုင်သော အဆိပ်ဆေးလုံးများ သူ့ထံသို့ မည်သို့ရောက်နေကြောင်းကို ဂိုဏ်းက သူ့ကိုမေးလာလျှင် ဖြေရှင်းရန် နည်းလမ်းရပြီဖြစ်သည်။

ထိုအရာများသည် အကြီးအကဲ ဝမ်လင်းယွမ်ပေးထားခြင်း ဖြစ်ကြောင်း ပြောနိုင်ပေပြီ။

လောကကြီးတွင် အလကားရသောအရာ မရှိပေ။ ထိုအရာသည် သူ ဆယ်စုနှစ်များစွာ အစီအစဉ်ဆွဲပြီးမှ ရလာသော အရာဖြစ်သည်။

ထိုအဆိပ်အကြီးအကဲ၏ မူပိုင်လက္ခဏာဖြစ်သော အေးစက်စက်အပြုံးသည် လီချန်ရှို့၏ အတွေးထဲတွင် ပေါ်လာရာ သူသည် သွားများပေါ်အောင် ပြုံးလိုက်လေသည်။

အမှန်တွင် ထိုအကြီးအကဲ၏ အကျင့်စရိုက်သည် ချစ်စဖွယ်ပင်ကောင်းသေး၏။ သူသည် အဆိပ်ဆေးလုံးဖော်ရာတွင်သာ အာရုံစိုက်ထားသည့် လူတစ်ယောက်ဖြစ်ပြီး မည်သူ့ကိုမှ အကောက်ကြံမည့်သူမျိုး မဟုတ်ပေ။

ရုတ်တရက် လီချန်ရှို့သည် သူ၏ ပေါင်ကြားထဲတွင် ယားယံမှုကို ခံစားလိုက်ရ၏။

ထိုယားယံမှုသည် မကြာခင်က သူ၏ လက်မောင်းတွင် မကြာခဏ ယားယံခဲ့သည့်ပုံနှင့် ဆင်လေသည်။

ကျွတ်…ကျွတ်

‘ ဘာတွေဖြစ်နေတာလဲ ’
လီချန်ရှို့သည် ခေါင်းစောင်းလိုက်ပြီး အဆိပ်အကြီးအကဲ၏ အကြောင်းကို စဉ်းစာ‌နေခြင်းကို ရပ်လိုက်သည်။ သူသည် သူ၏အခြေအနေကို သေချာလေ့လာပြီးနောက် သူ၏ လိင်စိတ်တွင် ပြောင်းလဲမှုများမရှိကြောင်း အတည်ပြုလိုက်သည်။

သူ တုန်လှုပ်နေသည်။ သူသည် ‘ အရွယ်လွန်အလှ ’ ပန်းချီကားကို ကြည့်ပြီးနောက်မှ ထူးဆန်းသည့် လိင်စိတ်များ ရုတ်တရက်ဖြစ်ထွန်းလာကြောင်း တွေးမိလိုက်သည်။

လီချန်ရှို့ မျက်မှောင်ကြုတ်လိုက်သည်။
‘ ငါဘာတွေဖြစ်နေတာလဲ.. ငါ့ခန္ဓာကိုယ်က အခုတလော ထူးထူးဆန်းဆန်းတွေ ပြုမူနေတယ် ’

နတ်ဝိဇ္ဇာဖြစ်လာပြီးနောက် နတ်အခြေခံကို တည်ငြိမ်အောင် ပြုလုပ်ရန်လိုမည်ဟု သူ ခံစားလိုက်ရသည်။

******

အထက်ပါဖြစ်ရပ်မတိုင်ခင် ကောင်းကင်ဘုံခုံရုံး၏ ယွဲ့လောင်နန်းတော်၌ …

Comment

Leave a Reply

Options

not work with dark mode
Reset