Switch Mode

အပိုင်း (၂၁၀)

လိုက်ပါပို့ဆောင်ခြင်း

လူအများက ယူချင်းအား ဆွံ့အစွာ ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ မှန်တောင်ကုန်းက အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်သွားသည်ကို သူတို့ နားမလည်သော်လည်း အချက်အလက်များကို မူကား ငြင်း၍ မရပေ။ အရှေ့မြေရိုင်းဒေသမှ လူများ မလုပ်ဆောင်နိုင်ခဲ့သော အရာတစ်ခုကို သူက လုပ်ခဲ့သည်။ နှစ်ပေါင်း မရေမတွက်နိုင်အောင် လူငယ်မျိုးဆက်များက မှန်တောင်ကုန်းကို လာရောက် စမ်းသပ်ခံခဲ့ကြသော်လည်း ယနေ့ ရီဖူရှင်း လုပ်နိုင်သကဲ့သို့ မည်သူမှ မလုပ်နိုင်ခဲ့ပေ။

တန့်ယွီက ရီဖူရှင်းကို မည်ကဲ့သို့ မောက်မာစွာ အရှက်ခွဲခဲ့သည်ကို သူတို့ မှတ်မိသည်။ ရှောင်ဝူကျိက ရုပ်တုကို လေ့လာ ဆင်ခြင်လိုရာ ရီဖူရှင်းအား ထိုနေရာမှ ဖယ်ခိုင်းသည်။

ဒွန်ဟွာကလန်မှ ဟွာချိန်ချဲက အခွင့်အရေး ဟူသည်မှာ တစ်ခါသာ ရမည်ဟု ရီဖူရှင်းကို ပြောသည်။ ရီဖူရှင်းက တန်ဖိုးမထားဘဲ ထိုအခွင့်အရေးကို လက်လွှတ်ခဲ့ရပါက နောက်တစ်ခါ ထိုသို့ အခွင့်အရေး မရနိုင်ဟု ဟွာချိန်ချဲက ပြောသည်။

လူတိုင်းက ရှောင်ဝူကျိအတွက် ယှဉ်ပြိုင်နေကြသည်။

ရီဖူရှင်းအား ကြည့်နေရင်းက မည်သူမှ စိတ်တည်ငြိမ်အောင် မထိန်းနိုင်တော့ပေ။ လျိုချန်းယွီလည်း ထိုနည်းတူပင်။ သူမက ထိုချောမောသော ကောင်လေးကို စိုက်ကြည့်နေသည်။ ထိုနေ့က သူကား ဒေါသပေါက်ကွဲကာ စည်တော်အား ဆယ့်ခြောက်ချက် တီးခတ်လျက် ဖျက်ဆီးခဲ့သည်။ ထို့နောက် သူက ကျောက်နံရံတွင် သူ၏ ပုံရိပ်အား ရှစ်လက်မ နစ်ဝင်စေသည်။ ထို့နောက် မီးရုပ်တုကို ထိန်းချုပ်လျက် လီတောင်ယွန်၏ လက်ကို လောင်ကျွမ်းစေသည်။ သူကား မယုံကြည်နိုင် လောက်အောင် စွမ်းသော်လည်း ရီဖူရှင်းက မှန်တောင်ကုန်းတွင် စမ်းသပ်မှု ခံယူတော့မည်ဟု လူတိုင်း တွေးထင်သော အချိန်တွင် သူက ရပ်တန့်ခဲ့သည်။ သူက ယုံကြည်မှု ကင်းမဲ့သောကြောင့်ဟု လူအများက တွေးသော်လည်း ယခု မည်သို့ ဖြစ်သွားသနည်း။

သူတွေးနေသည်ကို မည်သူမှ နားမလည်ပေ။

ထို့နောက် သူမက ယူချင်း၊ ဟွာဂျီယူနှင့် ရီဝူချင်းတို့ကို ကြည့်လိုက်သည်။ ဤလေးယောက်က ကန်ယီနာမည်ဖြင့် ရှေးဟောင်မြေရိုင်း ဒေသအား လှုပ်ယမ်းခဲ့ကြသည်။ သူတို့၏ နာမည်က အရှေ့မြေရိုင်းဒေသမှ အင်အားကြီး အဖွဲ့များသို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။ ရီဝူချင်းက အရှေ့မြေရိုင်းဒေသမှ ပါရမီရှင်များကို တကယ်တမ်းအားဖြင့် အထင်သေးခဲ့ခြင်း မရှိဘဲ ရီဖူရှင်းနှင့် ယူချင်းကို ယုံကြည်ထားခဲ့ခြင်းသာ ဖြစ်သည်ဟု သူမသိလိုက်သည်။ မည်သူမှ သူ့အား မကျော်ဖြတ်နိုင်ပေ။ ရီဖူရှင်းလုပ်ခဲ့သမျှ အရာများက ထိုအချက်ကို သက်သေပြနေသည်။

ဤကန်ယီနိုင်ငံမှ လူများက နောက်တွင် မည်မျှ အင်အား ကောင်းလာမည်ကို သူမ စိတ်ဝင်စားမိသည်။

ဂူဘိုင်ယွီကလည်း ထိုအုပ်စုကို ကြည့်နေသည်။ သူမ အမှန်တကယ် နောင်တရသည်။ ရီဖူရှင်းတို့ အုပ်စုကား သူမ ထင်မှတ်ထားသည်ထက် အဆမတန် ပါရမီမြင့်သည်။ အကယ်၍ သူမက ဤအချက်ကို ကြိုတင်သိခဲ့လျှင် တခြား ကွဲပြားခြားနားသော နည်းလမ်းဖြင့် ချဉ်းကပ်မည် ဖြစ်သည်။ သူမ၏ နည်းဗျူဟာများဖြင့် အနည်းဆုံး သူမက လျိုချန်းယွီဖြင့် တူညီမည်ဖြစ်သည်။

“ငါတို့ရဲ့ ခရီးက ပြီးဆုံးသွားပြီ… ငါတို့ ပြန်ကြမယ်…” ရီဖူရှင်းက ရုတ်တရက် ပြောသည်။ လူတိုင်းက သူ့အား နားမလည်စွာ ကြည့်ကြသည်။ သူက ကလန်တစ်ခုကို မရွေးတော့ဘူးလား။

ယူချင်းနှင့် တခြားလူများက ရီဖူရှင်း ဆိုလိုသည်ကို နားလည်ကြသည်။

“နင်က ကန်ယီနိုင်ငံကို ပြန်တော့မလို့လား…” လျိုချန်းယွီက မေးသည်။

“အင်း…”ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်…”နှစ်ဟောင်း ကုန်တော့မယ်… ငါက မိသားစုတွေကို ပြန်ကြည့်မှ ရမယ်…”

“မင်းက ဘာလို့ လျိုနိုင်ငံကို မလာရတာလဲ… ငါတို့က စွမ်းအားမြင့် တန်ခိုးရှင်တွေနဲ့ လိုက်ပို့လို့ရတယ်….” သူက ရီဖူရှင်းအား သူ၏နိုင်ငံကို ပူးပေါင်းရန် မတောင်းဆိုပေ။ ရီဖူရှင်းက ကန်ယီနိုင်ငံကို ပြန်မည်ဟု ပြောကတည်းက သူက ကလန်တစ်ခုကို ရွေးမည် မဟုတ်သေးကြောင်း သူရိပ်မိသည်။

“ကျုပ်က ဘာမှ မလုပ်ရဘဲ သူများရဲ့ အကူအညီကို မယူတတ်ဘူး…” ရီဖူရှင်းက လျိုချန်းယွီကို ပြုံးလျက် ပြောသည်… “မှန်တာပေါ့… တစ်နည်းနည်းနဲ့ ကျုပ်တို့က မိသားစု ဖြစ်သွားရင်တော့ မပြောတတ်ဘူး….”

လျိုချန်းယွီ ဆွံ့အသွားသည်။ သူမက ရှက်ရွံ့သွားဟန်ရှိသော ရီဝူချင်းကို တစ်ချက် ခိုးကြည့်လိုက်သည်။

“ဒါက အကြံကောင်းပဲ….” လျိုဖေးယွန်က ရီဖူရှင်းအား ပြုံးလျက် ကြည့်သည်။ ရီဖူရှင်းကလည်း လျိုဖေးယွန်ကို ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်၏ မျက်လုံးများက အရောင်များ ဝင်းလက်နေကြသည်။

လျိုချန်းယွီ မည်သို့ ပြောရမည် မသိတော့ပေ။ သူတို့က သူမ၏ သဘောထားကိုပင်လျှင် မစဉ်းစား ကြတော့ဘူးလား။

“ဝူချင်း… ငါတို့က လျိုနိုင်ငံက တစ်ဆင့် ပြန်သွားသင့်လား မင်းပဲ ဆုံးဖြတ်တော့….” ရီဖူရှင်းက ရီဝူချင်းကို ပြောသည်။ လျိုချန်းယွီက သူ့အား ဒေါသတကြီး ကြည့်သည်။ သူကား တမင် လုပ်နေသည်နှင့် တူလှသည်။

“ရီဝူချင်း…”လျိုဖေးယွန်က ပြောသည်… “မင်းတို့က ပြန်ဖို့ တွေးထားပြီးမှတော့ ဘာလို့ လျိုနိုင်ငံက တစ်ဆင့် မသွားရတာလဲ… ငါတို့ကလည်း ကန်ယီနိုင်ငံက ဘယ်လိုလဲဆိုတာ သိချင်တယ်…” လျိုဖေးယွန်က ပြောသည်။

“ကောင်းပြီ…” ရီဝူချင်းက ခေါင်းညိတ်သည်။

အရှေ့မြေရိုင်း ဒေသအား ကန်ယီနာမည်ဖြင့် လှုပ်ယမ်းပြီးမှ ယခု ရီဖူရှင်းက ပြန်သွားလိုသည်။ သူ ဘာကြံနေသည်ကို ရီဝူချင်း သိသည်။ သူက ကန်ယီနိုင်ငံ၏ ဖြစ်လာနိုင်ဖွယ်ရှိသော အန္တရာယ်ကို ဖယ်ရှားလိုသည်။ ထို့နောက်တွင် နယ်မြေတစ်ရာမှ မည်သူကမှ ကန်ယီနိုင်ငံကို ရန်စရဲတော့မည် မဟုတ်တော့ပေ။ သို့သော် သူတို့က ကန်ယီနိုင်ငံကို မရောက်သရွေ့ ဘေးကင်းသည်ဟု မပြောနိုင်ပေ။ လျိုနိုင်ငံမှ တစ်ဆင့်ပြန်သွားခြင်းက သူတို့အတွက် ဘေးကင်းပေသည်။ သူတို့က လျိုနိုင်ငံအပေါ် အကြွေးတင် သွားသော်လည်း လျိုဖေးယွန်၏အပြုအမူအရ ရီဖူရှင်းတို့က လျိုနိုင်ငံကို မရွေးသည့်တိုင် ပြဿနာ မရှိပေ။ အနည်းဆုံး သူတို့က မိတ်ဆွေများ ဖြစ်နိုင်သည်။

ရီဝူချင်း၏ အဖြေကို ကြားလျှင် ရီဖူရှင်းက ပြုံးလျက် လျိုချန်းယွီကို ပြောသည်… “မင်းသမီး… ကျုပ်တို့ရဲ့ ဝူချင်းက သဘောတူပြီ…”

လျိုချန်းယွီက မည်သို့ ပြောရမည် မသိတော့ပေ။ သဘောတူသည်ဟူသော စကားက တခြား အဓိပ္ပာယ်များစွာကို သက်ရောက်စေသည်။ မှန်သည်… ရီဝူချင်းက ထိုသို့ တွေးကာ ပြောခြင်း မဟုတ်ကြောင်း သူမသိသည်။ သူက လျိုနိုင်ငံမှ တစ်ဆင့် ထွက်ခွာသွားရန် သဘောတူခြင်းမျှသာ ဖြစ်သည်။

ရီဝူချင်းအား ခိုးကြည့်ရင်းက သူမ၏မျက်နှာက နီရဲလာနေသည်။ ယူချင်းက ရီဖူရှင်းအား လေးစားစွာ ကြည့်သည်။  ဤတစ်ကြိမ်လည်း သူနှင့် ချိန်ချန်တို့လိုပင် မဟုတ်ပါလား။

“ဒီလိုဆိုရင်လည်း အချိန်မဖြုန်းနဲ့တော့ … အခုပဲ သွားကြရအောင်…”လျိုဖေးယွန်က ပြုံးလျက် ပြောသ်ည။ ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သိမ်းငှက်နက်က အတောင်ပံကို ဖြန့်ကာ လေထဲကို ပျံတက်သွားသည်။

“သမီးတော်ရဲ့ အစီအစဉ်က ဘယ်လိုလဲ…” ရီဖူရှင်းက သိမ်းငှက်နက်ပေါ်တွင် လို့လန်ရွှီကို မေးသည်။

“ကျွန်မ ဒီမှာ ကျန်နေခဲ့မယ်…” လို့လန်ရွှီက ပြောသည်။ သူမ၏ အမေက သူမအား ရှေးဟောင်းမြေရိုင်း ဒေသတွင် ရီဖူရှင်းနှင့် လေ့ကျင့်ရန်သာ ပြောခဲ့သည်။ ယခု သူ၏ ချစ်သူလည်း ရောက်နေပြီဖြစ်ရာ သူမက ရီဖူရှင်း၏ နောက်ကို မလိုက်လိုတော့ပေ။

“ကောင်းပြီ… ကံအကြောင်းဆုံတဲ့အခါ ပြန်တွေ့ကြတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်လျှင် လို့လန်ရွှီက လို့လန်မြို့ကို လမ်းခွဲလျက် ထွက်ခွာသွားသည်။

လေထဲတွင် ရီဖူရှင်းက ရီဒန်ချန်းနှင့် ရီလင်းဇီတို့ကို ကြည့်လိုက်သည်… “ကန်ယီနိုင်ငံက ဘယ်လိုလဲ…”

ရီလင်းဇီက ပြုံးလိုက်သည်။ ဤကောင်က သူမတို့ကို မှတ်မိသေးပုံရသည်။ သူမတို့ကလည်း အမှန်တကယ်အားဖြင့် ရီဖူရှင်းကို စိတ်မဆိုးပေ။ မှန်တောင်ကုန်းတွင် ဖြစ်ပျက်ခဲ့သမျှက သူမတို့အား စိတ်လှုပ်ရှားစေသည်။ ကန်ယီနိုင်ငံက အပြောင်းအလဲ ဖြစ်တော့မည်ဟု သူတို့ခံစားနေရသည်။

“ငါတို့ ဒီကို လာတဲ့အချိန်တုန်းက အရာအားလုံးကတော့  ပုံမှန်ပဲ… ဒါပေမဲ့ နန်ဒူနိုင်ငံကတော့ စစ်ရေးမှာ အတော်အားထည့်ပြီး ထိုးနှက် တိုက်ခိုက်နေတာပဲ… ကျုပ်တို့ကလည်း ဘယ်ကြောက်မလဲ…” ရီဒန်ချန်းက ပြုံးလျက် ပြောသည်။

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူပြန်သွားသောအခါ ကန်ယီနိုင်ငံကား ပြန်လည် တည်ငြိမ်သွားတော့မည် ဖြစ်သည်။ မည်သူမှ ကန်ယီနိုင်ငံကို ထိပါးရဲတော့မည် မဟုတ်တော့ပေ။

လျိုနိုင်ငံတွင်လည်း မြေရိုင်းမြို့နှင့် ဆက်သွယ်ထားသော ဂိတ်ပေါက်ရှိသည်။ သူတို့က လျိုနိုင်ငံ၏ နန်းတော်ကို သွားသော ဂိတ်ပေါက်ထံသို့ အချိန်တိုအတွင်း ရောက်ရှိလာကြသည်။ အလွန် အားကောင်းသော တန်ခိုးရှင်များက ထိုနေရာတွင် စောင့်ကြပ်နေကြသည်။

အင်အားကြီး အဖွဲ့အစည်းတိုင်းတွင် သူတို့၏ ကိုယ်ပိုင် ဂိတ်ပေါက်ရှိကြသည်။ သူတို့အုပ်စုက ဂိတ်ပေါက်မှ တစ်ဆင့် နန်းတော်တို့ တိုက်ရိုက် ရောက်သွားသည်။ ရှေ့မှ ထည်ဝါခမ်းနားသော အဆောက်အဦများကို မြင်လျှင် ရီဖူရှင်းက ပြုံးလျက်ပြောသည်… “လျိုနိုင်ငံမင်းသမီးရဲ့ ကြင်ရာတော် ဖြစ်ရမှာ တကယ်ပဲ ကောင်းတယ်….”

ရီဝူချင်းနှင့် လျိုချန်းယွီတို့က ထိုအရာများနှင့် အသားကျနေပြီ ဖြစ်သည်။

“နောင်တရနေပြီလား… ” ဟွာဂျီယူက ပြုံးလျက် ပြောသည်။

“ဘာကို နောင်တရရမှာလဲ…” ရီဖူရှင်း မျက်လုံး ပြူးသွားသည်။“မဖြစ်နိုင်တာ… ငါ့ရင်ဘတ်ထဲမှာ တစ်ယောက်တည်းပဲ ရှိတယ်…” ရီဖူရှင်းက စိတ်အားထက်သန်စွာ ပြောသည်။

ဟွာဂျီယူ စိတ်ကျေနပ် သွားသည်။

လျိုချန်းယွီက ရီဖူရှင်းအား ကြည့်လိုက်သည်။ ဤကောင်ကား အလွန် မာနကြီးသော်လည်း သူ၏ အထက်တွင် တစ်စုံတစ်ယောက် ရှိနေသေးသည်။ သည်မတိုင်မီက သူ့တွင် များစွာသော မိန်းမလှများ ဝိုင်းဝိုင်းလည်နေသည်။ ယခုမူကား….

“မင်းက ငါ့ကို ဘာလို့ ကြည့်နေတာလဲ… ငါက မင်းသမီးရဲ့ ကြင်ရာတော်ဖြစ်ဖို့ စိတ်မဝင်စားဘူး…” ရီဖူရှင်းက လျိုချန်းယွီကို ကြည့်ကာ ပြောသည်။ သူမက ဘာကို ကြည့်နေသနည်း။ ချောမောသော ကောင်လေးများကို သူမ မမြင်ဖူးဘူးလား။

“အင်း… နင်က အစေခံတွေကို ပိုသဘောကျတာ ငါသိတယ်…” လျိုချန်းယွီက ပြောသည်။

“ငါ…” ရီဖူရှင်း ထိတ်လန့်သွားသည်။ ဟွာဂျီယူက သူ့အား ကြည့်လျှင် ရီဖူရှင်းက ပြောသည်… “ဂျီယူ… ဆရာနဲ့ ဆရာကတော် ဘယ်လိုနေလဲ… ငါသူတို့ကို သတိရတယ်…”

ဟွာဂျီယူက ပြုံးသည်။ သို့သော် မည်သို့မှ ပြန်မပြောပေ။

“ဒီနေ့ ရာသီဥတု အရမ်း ကောင်းတာပဲ…” ရီဖူရှင်းက ကောင်းကင်ကို ကြည့်ကာ ပြောသည်။

လူတိုင်းက ပြုံးလိုက်ကြသည်။ ဤမျှ အရှက်မရှိသောသူအား သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။

သူတို့က နန်းတော်အနီးသို့ ရောက်လာလျှင် ရီဖူရှင်းက သူတို့အားလုံးကို ရပ်ခိုင်းကာ ပြောသည်….“ငါတို့ ဒီကပဲ စောင့်ရအောင်…”

“မင်းက ငါတို့ အဖေကို မတွေ့တော့ဘူးလား…” လျိုဖေးယွန်က ပြောသည်။

“ငါတို့ နောက်ပိုင်း အခွင့်အရေးရတဲ့အခါ တွေ့လို့ရတာပဲ… ကျုပ်တို့က မြန်မြန် သွားရမယ်….” ရီဖူရှင်းက ခေါင်းယမ်းလျက် ပြောသည်။ သူတို့က ဘုရင်အား တွေ့ပါက ဘုရင်က သူတို့အား လျိုနိုင်ငံကို ပူးပေါင်းရန် ဖိတ်ခေါ်ပါက မည်သို့လုပ်မည်နည်း။

“သိပြီ… မင်းတို့ ဒီမှာပဲ စောင့်နေ… ချန်းယွီလည်း ကျန်ခဲ့…” ထို့နောက် လျိုဖေးယွန်က နန်းတော်ထဲကို ဝင်ရောက်သွားသည်။

အတန်ကြာလျှင် လူတစ်စု ပြန်ထွက်လာသည်။ ဦးဆောင်လာသူကား အလွန်အမင်း စွမ်းအား ကောင်းသော ကိုယ်ရောင်ကိုယ်ဝါနှင့် နိုဘယ်တန်ခိုးရှင် တစ်ယောက်ဖြစ်သည်။

“ဒါက ကျုပ်ဦးလေးပဲ…” လျိုဖေးယွန်က ဘေးမှ မိတ်ဆက်ပေးသည်။

“အရှင်…” ရီဖူရှင်းက ဦးညွှတ်လျက် နှုတ်ဆက်သည်။

“ရတယ်… ရတယ်…” သူက လက်ဝှေ့ယမ်းက ရီဖူရှင်းတို့ အုပ်စုအား အကဲခတ်လိုက်သည်… “မျှော်လင့်ထားတဲ့အတိုင်း မင်းတို့အားလုံးက အတော်ဆုံးတွေထဲက အတော်ဆုံးတွေပဲ … ကန်ယီနိုင်ငံက ဘယ်လိုလဲဆိုတာကို ကျုပ်တောင်မှ စိတ်ဝင်စားတယ်… ကံမကောင်းတာက ကျုပ်မှာ တခြားကိစ္စတွေ ရှိသေးတယ်… မင်းတို့က နောက်ဆို အချိန်မရွေးလာပြီး လည်ပတ်လို့ ရတယ်…”

လျိုဖေးယွန်၏ ဦးလေးက ရီဖူရှင်းတို့အား လျိုနိုင်ငံကို ပူးပေါင်းအောင် မဖိတ်ခေါ်ခဲ့ပေ။ လျိုဖေးယွန်က သူ့အား တစ်စုံတစ်ခု ပြောခဲ့သည်မှာ ထင်ရှားသည်။

“မှန်တာပေါ့…”ရီဖူရှင်းက ခေါင်းညိတ်သည်။

“ဖေးယွန်နဲ့ ကျုပ်လူတွေက မင်းတို့ကို လိုက်ပို့လိမ့်မယ်… ကန်ယီက ကောင်းတာလေးတွေ ယူခဲ့ကြ….” လျိုဖေးယွန်၏ ဦးလေးက ပြုံးလျက်ပြောသည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့အပြင် တခြား စွမ်းအားမြင့်သော နိုဘယ်တန်ခိုးရှင်များက ရီဖူရှင်းတို့အုပ်စုကို လိုက်ပါပို့ဆောင်ကြမည် ဖြစ်သည်။

တိမ်များကြားမှ အလွန်အမင်း အားကောင်းလှသော သတ္တဝါဆန်းတစ်ကောင် ပေါ်လာသည်။ ထိုအရာကား အလွန်ကြီးမားလှပြီး နတ်ငှက်နှင့် ငါးခန္ဓာကိုယ် ပေါင်းစပ်ထားသည်နှင့် တူသည်။ ထိုအရာကား နတ်ငှက်နွယ်ဝင် သတ္တဝါဆန်း ခွန်ပန်ဖြစ်သည်။

“ကျေးဇူးပဲ အစ်ကိုခွန်…” လျိုဖေးယွန်၏ဦးလေးက သတ္တဝါဆန်းကို နှုတ်ဆက်သည်။

“ကိစ္စမရှိဘူး…” ခွန်ပန်က လူသားတို့၏ လေသံဖြင့် ပြောသည်။ ထို့နောက် သူက ရီဖူရှင်းတို့ အုပ်စုရှေ့ မြေကွက်လပ်တွင် ဆင်းသက်လိုက်သည်။

“နိုဘယ်အဆင့် သတ္တဝါဆန်း…” ရီဖူရှင်းတို့က အံ့အားသင့်စွာ ကြည့်ကြသည်။

“သွားစို့…” လျိုဖေးယွန်က ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်လျှင် သူတို့အားလုံးက ခွန်ပန်၏ အပေါ်သို့ တက်ကြသည်။

ခွန်ပန်က သူ၏ အတောင်ပံများကို ဖြန့်ကာ တိမ်တိုက်များထဲကို ချက်ချင်း ပျံသန်း ပျောက်ကွယ်သွားသည်။

***

အတွဲ(၁၄)ပြီးပါပြီ

ဆက်ပါဦးမည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset