Switch Mode

အပိုင်း (၂၀၉)

မင်းတို့က ဘာကို ကြည့်နေတာလဲ

ပါရမီရှင် တစ်ယောက်မျှက မှန်တောင်ကုန်းတွင် ထွက်ပေါ်လာပါက အရာအားလုံး အဆင်ပြေသော်လည်း ယခုကား လေးယောက်ဖြစ်သည်။ ထိုဖြစ်စဉ်က အင်အားကြီးကလန်မှ အရေးကြီးပုဂ္ဂိုလ်များ သတိမထားမိရန် အလွန်ခက်ခဲပေသည်။ ထို့အပြင် ထိုပါရမီရှင် လေးယောက်လုံးက ကန်ယီနိုင်ငံ တစ်ခုတည်းမှ လာရောက်ကြခြင်း ဖြစ်သည်။

သူတို့ပြသခဲ့သော အရည်အချင်းများအရ ထိပ်သီး အင်အားစုတစ်ခု အနေဖြင့် ထိုမျှ အရည်အချင်းရှိသော လူလေးယောက်ကို ပြုစုပျိုးထောင်ရန် အလွန်အမင်း ခက်ခဲပေသည်။ မည်သို့ပင်ဆိုစေ မှန်တောင်ကုန်းတွင် နိုဘယ်ပုံရိပ် လေးခု ဖြစ်ပေါ်စေရန်ကား အလွန်ရှားပါးသော ဖြစ်စဉ်ဖြစ်သည်။ ယခုမူကား ထိုသို့ လုပ်နိုင်သော သူနှစ်ယောက်က တစ်ချိန်တည်း ပေါ်ပေါက်လာသည်။

အကြီးအကဲများက သူတို့၏ လူများကို ရီဖူရှင်းတို့ထံ စေလွှတ်ကာ ဖိတ်ခေါ်မှုများ ပြုလုပ်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

မှန်ပေသည်… မှန်တောင်ကုန်းပေါ်မှ လူများက ထိုအရာများကို သိပုံမရပေ။ သူတို့သိသည်ကား ယနေ့မှစ၍ လူအများက ဤလေးယောက်၏ အကြောင်းကို အချိန်ကြာမြင့်စွာ ပြောဖြစ်ကြတော့မည်ကိုပင်။ အရှေ့မြေရိုင်း ဒေသတစ်ခွင်လုံးတွင် သူတို့လေးယောက်ကား နာမည် ကျော်ကြားလာတော့မည် ဖြစ်သည်။ ထို့အတူ ကန်ယီနိုင်ငံ၏ နာမည်လည်း လူသိများလာတော့မည် ဖြစ်သည်။

ထိုစဉ်မှာပင် ရီဖူရှင်းက ကျောက်နံရံရှေ့တွင် ဆက်လက် ထိုင်နေဆဲ ဖြစ်သည်ကို လူအများက မြင်သည်။ ရှောင်ဝူကျိကဲ့သို့ပင် သူက နိုဘယ်ပုံရိပ်လေးခုနှင့် မကျေနပ်ဘဲ ဆက်လက် ယှဉ်ပြိုင် လိုနေသေးသည်။ သို့တိုင်အောင် မည်သူမှ ယနေ့အထိ အောင်မြင်ခြင်း မရှိဖူးသေးပေ။

သမိုင်းတစ်လျှောက်တွင် မှန်တောင်ကုန်းကား မရေမတွက်နိုင်သော ပါရမီရှင်များကို စမ်းသပ်ရန် နေရာဖြစ်ခဲ့သည်။ အင်အားစုတိုင်းက ပါရမီရှင်များက ဤနေရာကို လာရောက်ကြပြီး ထိပ်သီး အင်အားစုများမှ အတော်ဆုံးဆိုသော လူများပင်လျှင် နိုဘယ်ပုံရိပ် လေးခုကို အလွယ်တကူ မဖန်တီးနိုင်ပေ။ အရှေ့မြေရိုင်းဒေသတွင် အတော်ဆုံးဟု သတ်မှတ်ထားသူများသာ တတ်နိုင်သည်။ မည်သူမှ ငါးယောက်မြောက် နိုဘယ်ကို အနိုင်မယူနိုင်ခဲ့ကြပေ။

တစ်ကြိမ်တစ်ခါက ထိပ်သီးပါရမီရှင် တစ်ဦးက နိုဘယ်ပုံရိပ်ငါးခုကို ဓမ္မအဆင့်မျှဖြင့် အောင်မြင်ရန် မဖြစ်နိုင်ဟု ပြောခဲ့သည်။ ရှောင်ဝူကျိကပင် နိုဘယ်ပုံရိပ်ငါးခုက မည်သည့်အခါမှ ထွက်ပေါ်လာတော့မည် မဟုတ်ဟု ပြောခဲ့သည်။ သူကဲ့သို့သော သူကပင်လျှင် ထိုသို့တွေးလျှင် တခြားလူများကား ဆိုဖွယ်ရာ မရှိတော့ပေ။ ထိုအရာက မည်သည့်အခါမှ မဖြစ်နိုင်သော စံချိန်တစ်ခုဟု ပြောနိုင်ပေသည်။

ထိုစဉ်မှာပင် စိတ်အသိမှ ဖန်ဆင်းသောကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်တစ်ခု ရီဖူရှင်းရှေ့တွင် ပေါ်လာသည်။ ထိုနေရာတွင် ရပ်နေသော ထိုပုံရိပ်ကား မြင့်မြတ်ထည်ဝါသော ဘုရင်တစ်ပါးနှင့်တူကာ သူ့ထံမှ အားကောင်းသော စွမ်းအင်များ ဖြာထွက်နေသည်။ ရီဖူရှင်းက သူ့ထံမှ အလွန် အားကောင်းသော အန္တရာယ် အငွေ့အသက်များကို ခံစားနေရသည်။

ရီဖူရှင်းထံမှ အလွန်တရာ အားကောင်းသော စိတ်အင်အားလှိုင်းတစ်ခု ဖြာထွက်လာသည်ကို လူတိုင်းက မြင်ကြရသည်။ ဟင်းလင်းပြင်ထဲတွင်ကား ရီဖူရှင်းက သူ၏ လက်တွင် နှင်တံရှည်တစ်ခုကို ဆုပ်ကိုင်ထားသည်။ သူက  ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်လျှင် သူ၏ကိုယ်ရောင်ကိုယ်ဝါက ပိုမို အားကောင်းလာသည်။ ရီဖူရှင်းက သူ၏ နှင်တံဖြင့် ကောင်းကင်ကို နှစ်ခြမ်းကွဲလောက်အောင်ပင် အရှိန်အဟုန်ပြင်းစွာ ရိုက်ချလိုက်သည်။

နိုဘယ်ပုံရိပ်ထံမှ အလွန် အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ ဖြာထွက်လာသည်။ သူ့ရှေ့တွင် ရွှေရောင်အလင်းများ ဖြစ်ပေါ်လာကာ အလွန်ကြီးမားသော ခေါင်းလောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ကျယ်လောင်သော အသံတစ်ခု လေထုကို ပျံ့နှံ့သွားသည်။ ရှေးဟောင်း ခေါင်းလောင်းကြီးက နှင်တံကြောင့် အက်ကွဲသွားသော်လည်း နှစ်ခြမ်းကွဲသွားသည်တော့ မဟုတ်ပေ။ ရွှေရောင် ခေါင်းလောင်းကြီးကား အားကောင်းသော ခံစစ် မှော်တိုက်ကွက်တစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။

ထိုစဉ်မှာပင် နိုဘယ်လူက သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်က ရှေးဟောင်း ခေါင်လောင်းကြီး၏ အပြင်သို့အထိ ရောက်အောင် ရှည်ထွက်လာပြီး လျင်မြန်စွာပင် နွယ်ပင်များအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်းထံသို့ ကြမ်းတမ်းစွာ ဝင်ရောက်လာသည်။

ရီဖူရှင်းက လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ သို့သော်လည်း သူ၏ ပြိုင်ဘက်ကား လျှပ်စီးအလား လျင်မြန်သည်။ နွယ်ပင်များက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လာရောက် ရစ်ပတ်ရန် ကြိုးစားကြသည်။

ထိုအရာများက ဓာတ်စွမ်းအင်မျိုးစုံဖြင့် ပြုလုပ်ထားသည်လား။ ရီဖူရှင်းက မိမိကိုယ်ကို တွေးလိုက်သည်။  ရှောင်ဝူကျိက နိုဘယ်ပုံရိပ်ငါးခုတွင် အဘယ်ကြောင့် ကျရှုံးခဲ့သည်ကို သူနားလည်လိုက်သည်။ မည်သို့ပင်ဆိုစေ ဓမ္မအဆင့် တန်ခိုးရှင်များက နိုဘယ်အသိကို လေ့လာ ဆင်ခြင်နိုင်စွမ်း ရှိသော်လည်း သူတို့က နိုဘယ် အစစ်အမှန်များ မဟုတ်ပေ။ ဓာတ်စွမ်းအင်မျိုးစုံ၏ နိုဘယ်အသိများနှင့် ရင်ဆိုင်ရခြင်းက သူ၏ ပြိုင်ဘက်အား ယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေအထိပင် ခက်ခဲသည်ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင် နိုဘယ်ပုံရိပ်ငါးခုက အဆုံးသတ် ဖြစ်ပေမည်။

မှန်တောင်ကုန်းတွင် ဖြစ်ပေါ်နိုင်သော နိုဘယ်ပုံရိပ်ကား အများဆုံး ငါးခုသာ ဖြစ်မည်မှာလည်း ဖြစ်နိုင်ခြေ အလွန်များပေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်တွင်လည်း လေဓာတ်သဘာဝများ လှည့်ပတ်နေသည်။ သူက လျင်မြန်စွာ လေထဲတွင် ရွေ့လျားနိုင်သည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ နောက်မှ ကောင်းကင်တွင် နေနှင့်လ ယှဉ်တွဲလျက် ဖြစ်ပေါ်လာသည်။ မီးလျှံနှင့် ရေခဲက တစ်လှည့်စီ ဖြစ်ပေါ်နေကြသည်။ ကြောက်မက်ဖွယ် ကောင်းသော မီးလျှံအားလှိုင်းက ထွက်ပေါ်လာလျှင် လေထဲတွင် ရှေးဟောင်း မီးလျှံသင်္ကေတများ ဖြစ်ပေါ်လာသည်။ ရွှေရောင် ငရဲမီးများက ရီဖူရှင်းထံ ရောက်ရှိလာသော နွယ်ပင်များကို ပြာမှုန့်များ ဖြစ်သွားအောင် လောင်ကျွမ်းစေသည်။

ရီဖူရှင်း၏ ပြိုင်ဘက် နိုဘယ်အသိကား ဓာတ်စွမ်းအင်မျိုးစုံကို အထူးပြုသည်။ ထို့အတူ ရီဖူရှင်းကလည်း ဓာတ်စွမ်းအင်မျိုးစုံကို သုံးနိုင်သည်။

လရောင်က လင်းလက်လာလျှင် အအေးလှိုင်းက ရေခဲမှတ်အောက်ကို ရောက်သွားပြီး အနီးကို ကပ်လာသော ပုံသဏ္ဌာန်ကို ပိတ်လှောင်ထားရန် ကြိုးစားသည်။ အအေးဓာတ်နှင့် အပူဓာတ်က တစ်လှည့်စီ ဖြစ်ပေါ်သည်။ မီးလျှံနှင့် ရေခဲက အဖိုဓာတ်နှင့် အမဓာတ်အလားပင် ပြိုင်ဘက်ကို အားနည်းစေရန် အတူတူ ယှဉ်တွဲ တိုက်ခိုက်ကြသည်။

ဘုန်း…။ နိုဘယ်လူက ရှေ့ကို တစ်လှမ်း တက်လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော သဘာဝစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ရီဖူရှင်းထံသို့ ဆင်းသက်လာသည်။ ရီဖူရှင်း သိသည်ကား သူ၏ တစ်ကိုယ်လုံးက အလွန်အမင်း လေးလံသွားခြင်းပင်။ သူ့အထက်တွင်ကား ရေများ စီးဆင်းလာသည်ကို မြင်ရသည်။ ရီဖူရှင်းက ပစ်မှတ်ထား တိုက်ခိုက်လိုက်သော အားကောင်းသော မှော်တိုက်ကွက်ကား ရေစီးများအဖြစ် ရီဖူရှင်းထံသို့ ပြန်ရောက်လာသည်။

သူ့ပြိုင်ဘက်၏ မျက်လုံးများကား အလွန် ကြောက်မက်ဖွယ် ကောင်းအောင် စူးရှနေသည်။ စိတ်ဝိညာဉ် အားလှိုင်းတစ်ခု ရီဖူရှင်းထံ ဆင်းသက်လာကာ ရီဖူရှင်းက သူ၏ ခန္ဓာကိုယ်က လှောင်အိမ်ထဲ ချုပ်နှောင်ခံရသလို ခံစားလိုက်ရသည်။

ထိုစဉ်မှာပင် တူညီသော ကြောက်မက်ဖွယ် မျက်လုံးများက ရီဖူရှင်းထံတွင် ဖြစ်ပေါ်လာသည်။ ထိုအားကောင်းသော စိတ်ဝိညာဉ်အားလှိုင်းကို ရီဖူရှင်း၏ မုန်တိုင်းမျက်လုံးများ သက်စောင့်ဝိညာဉ်က အလွန်လျင်မြန်စွာ စုပ်ယူသွားသည်။ လေဟာနယ် တစ်ခုလုံးကား မဆုံးနိုင်သော ရွှေရောင်အလင်းများဖြင့် ဖုံးလွှမ်းနေသည်။ အလင်းတန်းများက ရွှေရောင်များ တောက်ပနေကာ တဖြည်းဖြည်းဖြင့် ထိုအလင်းများက လေပွေများအလား စုစည်းလာကာ ရီဖူရှင်း၏ ပြိုင်ဘက်ထံသို့ တိုးဝင်သွားပြီး အပိုင်းပိုင်းအစစ ဖြစ်အောင် ဖြိုဖျက်ရန် ကြိုးစားကြသည်။ မီးသစ်ရွက်များလိုပင် ဤတိုက်ကွက်ကား သူက ရုပ်တုများကို လေ့လာဆင်ခြင်ရင်းမှ သင်ယူရရှိခဲ့သော တိုက်ကွက်တစ်ခု ဖြစ်သည်။

နိုဘယ်လူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြန်သည်။ နောက်ထပ် ပိုမိုအားကောင်းသော စွမ်းအင်တစ်ခု ဖြာထွက်လာပြီး လောကတစ်ခုလုံးက ရပ်တန့်သွားသလို ဖြစ်သွားသည်။ လေထုထဲတွင် လေပွေအလား လှည့်ပတ်နေသော သတ္တုဓာတ်စွမ်းအင်ကလည်း အမှန်တကယ် ရပ်တန့်သွားသည်။ ရီဖူရှင်းကလည်း ထိုနေရာတွင်ပင် အေးခဲသွားသလို ရပ်တန့်သွားသည်။

ဤနိုဘယ်လူက မှော်ပညာနှင့် နိုဘယ်အသိကို ပြည့်စုံအောင် ပေါင်းစပ် သွားနိုင်ပြီလား။ မည်သူမှ သူ့အား အနိုင်မယူနိုင်သည်မှာ မထူးဆန်းတော့ပေ။ ဤအဆင့်ကား လုံးဝ အနိုင်ယူရန် မဖြစ်နိုင်သော အကန့်အသတ် ဖြစ်ပေသည်။

သို့သော် ရီဖူရှင်းက မယုံကြည်ပေ။ အကန့်အသတ်ဟူသည် မရှိပေ။ စံချိန်ဆိုသည်မှာ ချိုးဖျက်ရန် ဖြစ်သည်။

သူ၏ နောက်ကျောတွင် နတ်ငှက်အတောင်ပံများ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ကား နဂါးတစ်ကောင်အလား ထည်ဝါကြီးမြတ်သော ကိုယ်ရောင်ကိုယ်ဝါများ ဖြစ်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က လူဝံတစ်ကောင်အလား ကြီးထွားလာ၏။ ကောင်းကင်တွင်ကား နေနှင့်လ တစ်လှည့်စီ ထွန်းလင်းနေသည်။ ရီဖူရှင်း၏စိတ်ဝိညာဉ် စွမ်းအားများ ပေါက်ကွဲ ထွက်လာကာ သူ၏ တစ်ကိုယ်လုံးက ဧကရာဇ်ငယ်တစ်ပါး၏ ပုံဟန်သို့ ပြောင်းလဲသွားသည်။

သူ၏လက်မှ နှင်တံအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှင် ရီဖူရှင်းက ရှေ့ကို လှမ်းသွားလိုက်သည်။ ခြေလှမ်း တစ်လှမ်းစီတိုင်းတွင် သူ၏ စွမ်းအားများ ပိုမိုအားကောင်း လာနေသည်။ သူ့ထံလာရောက် ဖိအားပေးထားသော မြေဆွဲအား မှော်တိုက်ကွက်ကလည်း  တစ်စ တစ်စ ကျိုးပျက်နေသည်။

ထိုမြင်ကွင်းကို မြင်လျှင် နိုဘယ်လူက လျှပ်စီး အလင်းတန်းများ ထုတ်လွှတ်ကာ ရီဖူရှင်းအား ပစ်လွှတ်လိုက်သည်။ နိုဘယ် အင်အားများနှင့် ပေါင်းစပ်ထားသော လျှပ်စီးများက ရီဖူရှင်းထံကို ဆင်းသက်လာလျှင် ရီဖူရှင်းက မရှောင်ပေ။ သို့သော် လျှပ်စီးများက သူ၏ ခန္ဓာကိုယ်ကို ထိမှန်မည့်အစား နှင်တံ၏ ထိပ်ဖျားသို့ ဆွဲငင်ရောက်ရှိသွားကာ ထိုနေရာတွင် စုစည်းနေသည်။ သူက နှင်တံအား တစ်ချက် ဝှေ့ယမ်းလိုက်လျှင် လေထုက နှစ်ခြမ်းကွဲသွားဟန် ရသည်။

နေနှင့်လက နိုဘယ်လူ၏ ကောင်းကင်အထက်မှ အပူနှင့် အအေးလှိုင်းများကို ထုတ်လွှတ်နေသည်။ ရီဖူရှင်းကလည်း နှင်တံကို ဝှေ့ယမ်းလျက် ရှေ့ကို တိုးသွားနေသည်။ နိုဘယ်လူ၏ စွမ်းအားများကလည်း ပိုမိုအားကောင်း လာနေသည်ကို ရီဖူရှင်းက ခံစားရသည်။ ခြေတစ်ချက် ဆောင့်ကာ ရီဖူရှင်းက လေထဲကို ခုန်တက်လိုက်သည်။ နှင်တံအား မြောက်လျက် ရီဖူရှင်းက နိုဘယ်လူကို မိုးလျက် ရိုက်ချလိုက်သည်။ ထိုအခိုက်တွင်  သူကား ကောင်းကင်မှ ဆင်းသက်လာသော စစ်နတ်ဘုရားနှင့် တူသည်။

နိုဘယ်လူက သူ၏ခေါင်းကို မော့ကြည့်လိုက်ကာ အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲလိုက်သည်။ သူ၏ကိုယ်တွင်လည်း အားလုံးသော နိုဘယ်အသိများက လှည့်ပတ်နေသည်။ ထို့နောက်သူက ရီဖူရှင်းထံသို့ အရှိန်အဝါ ကြီးမားစွာဖြင့် တိုးဝင်လာသည်။

ခန္ဓာကိုယ်နှစ်ခု ရင်ဆိုင်မိလျှင် အလင်းအားတစ်ခုက လေထဲတွင် ပေါက်ကွဲထွက် သွားသည်။

ပြင်ပကမ္ဘာတွင်ကား မျက်လုံးပေါင်းများစွာက ရီဖူရှင်းကို ကြည့်နေကြသည်။ ရီဖူရှင်း၏ ကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းများ ဖြာထွက်နေသည်ကို မြင်ရသည်။ သူ၏ နိုဘယ်ကံစွမ်းအားက ရောင်စုံအလင်းများ အနေဖြင့် သူ့ကိုယ်မှ ဖြာထွက်နေသည်။ သူကား မှန်တောင်ကုန်းမှ ငါးယောက်မြောက် နိုဘယ်နှင့် ရင်ဆိုင် တိုက်ခိုက်နေဆဲ ဖြစ်ဟန်ရသည်။

ကျောက်နံရံကြီးတွင်လည်း  ဝေဝါးသော ငါးယောက်မြောက် နိုဘယ် ပုံရိပ်က မှိန်သွားလိုက် ထင်ရှားလိုက် ဖြစ်နေသည်။

“သူက တိုက်ခိုက်နေဆဲပဲ… အခုထိ အရှုံးမပေးသေးဘူး….” တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

လူတိုင်းက သူနှင့်ပတ်သက်၍ ဆွေးနွေးနေကြသည်။ တချို့က ရီဖူရှင်း မည်သည့်ကလန်ကို ရွေးမည်ကိုပင်လျှင် ပြောဆိုနေကြသည်။ ဒွန်ဟွာကလန် သို့မဟုတ် ကျောင်းတော်ကို သူကသွားရန် ဖြစ်နိုင်ချေများသည်။ သို့မဟုတ် ချင်ပြည်ထောင်နှင့် လျိုနိုင်ငံတို့ကိုလည်း သွားနိုင်သည်။ သို့သော်လည်း ရီဖူရှင်းက နိုဘယ်ပုံရိပ် ငါးခုမြောက်ကို ဖန်တီးနိုင်မည်ဟု မည်သူမှ မယုံကြည်ကြရာ သိပ်အလေးမထားကြပေ။

ထိုစဉ်မှာပင် ပတ်ဝန်းကျင် တစ်ခုလုံး အလွန်အမင်း လင်းလက်လာကာ ကျောက်နံရံမှ ရေပြင်အလား ကြည်လင်လာသည်။ အလင်းများက ကျောက်သားနံရံထံမှ ဝင်းလက်နေခြင်း ဖြစ်သည်။

ဘာဖြစ်နေတာလဲ။ လူတိုင်းက ကျောက်နံရံကြီးကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ကျောက်နံရံက ဤမျှလင်းလက် လာသည်ကို သူတို့ တစ်ခါမှ မမြင်ဖူး မကြားဖူးကြပေ။

ငါးယောက်မြောက် နိုဘယ်ပုံရိပ်ကား ထင်ရှားလာခြင်း မရှိပေ။ သို့သော်လည်း ပထမ နိုဘယ်ပုံရိပ်လေးခုက ငါးယောက်မြောက် နိုဘယ်ပုံရိပ်အား စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်လာကာ နောက်ဆုံးတွင် အလယ်တွင် စုစည်းလျက် နိုဘယ်ပုံရိပ်တစ်ခုတည်း အဖြစ် ပြောင်းလဲသွားသည်။

နိုဘယ်ပုံသဏ္ဌာန် အသစ်က တောက်ပသော အလင်းတစ်ခုအဖြစ် ပေါက်ကွဲထွက်လာသည်။ ကျောက်တုံးကြီးထံမှ အမှန်ပင် ကျောက်တုံး ပုံစံတစ်ခုတစ်ခု ဖြစ်ပေါ်လာနေသည်။ ထို့နောက်တွင် အလင်းများက ရောင်ခြည်ကဲ့သို့ အလင်းတန်း တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ ကျောက်နံရံမှ ထွက်ပေါ်လာပြီး ကျောက်တုံးငယ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။

သေးငယ်သော ကျောက်တုံးလေးတစ်ခု ရီဖူရှင်း၏ရှေ့တွင် ပေါလောမျောနေသည်။ ထိုကျောက်တုံးငယ်၏ အလယ်တွင်ကား အသန့်စင်ဆုံးသော နိုဘယ်အသိ ရှိနေဟန်ရသည်။

ဒါ… မှန်တောင်ကုန်းက အလင်းရောင်များ ပျောက်ကွယ်သွားကာ နောက်ထပ် မည်သည့်အခါမှ ထပ်မံတောက်ပ လင်းလက်တော့မည် မဟုတ်တော့သည်ကို ရိပ်မိလိုက်ကြလျှင် လူတိုင်းက အံ့အားသင့်ကာ ထိတ်လန့် သွားကြသည်။ မှန်တောင်ကုန်းကား သာမန်ကျောက်တုံး တစ်ခုထက် မပိုတော့ပေ။ ထိုအဖြစ်က ကျောက်တုံးကြီးမှ နိုဘယ်အသိများ ပျောက်ကွယ် သွားခြင်းကြောင့်ပင် မဟုတ်ပါလော။ ယခုကား မှန်တောင်ကုန်းက ယခင်ကနှင့်လုံးဝ မတူတော့ပေ။ သူက မူလအခြေအနေသို့ မည်သည့်အခါမှ ပြန်မရောက် နိုင်တော့ပေ။ မှန်တောင်ကုန်းကား အလွန် အားကောင်းသော နိုဘယ်အသိ မရှိတော့ပေ။

သူ ဘာလုပ်လိုက်သနည်း။ လူတိုင်းက ရီဖူရှင်းကို စူးနစ်စွာ ကြည့်နေကြသည်။ အမှန်တကယ်လည်း ရီဖူရှင်းက ငါးယောက်မြောက် နိုဘယ်ပုံရိပ် ဖြစ်ပေါ်လာအောင် မလုပ်နိုင်ခဲ့သော်လည်း သူက မှန်တောင်ကုန်း၏ အဆီအနှစ်များ ကုန်သွားအောင် တစ်နည်းနည်းဖြင့် စီမံနိုင်ခဲ့သည်။

ထိုစဉ်မှာပင် အင်အားကြီး အဖွဲ့အစည်းများက ကိုယ်စီ စောင့်ကြည့်နေကြသော သူတို့၏ မှော်ကြေးမှန်များက ဖော်ပြနေသော မှန်တောင်ကုန်း၏ မြင်ကွင်းက ပျောက်ကွယ်သွားသည်။ သူတို့က အံ့အားသင့်သွားကြသည်။ မှန်တောင်ကုန်းတွင် သူတို့ထားခဲ့သော အစီအရင်များက ဘာဖြစ်သွားသနည်း။

ရီဖူရှင်းက အတန်ကြာ ငေးမောနေပြီးမှ ကျောက်တုံး ပုံသဏ္ဌာန်လေးကို သူ၏ လက်ဖြင့် လှမ်းကာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက နောက်လှည့်ကာ ဟွာဂျီယူထံသို့ လျှောက်သွားသည်။ မရေမတွက်နိုင်သော မျက်လုံးများက မမြင်ဖူးသော တစ်စုံတစ်ရာကို ကြည့်နေသည့်အလား ရီဖူရှင်းကို ကြည့်နေကြသည်။

လက်ရှိတွင် မည်သို့ ဖြစ်ပျက်နေသည်ကို မည်သူမှ နားမလည်ပေ။ ဤကောင်က မှန်တောင်ကုန်း၏ စိတ်အသိကို ဝါးမျိုလိုက်သည်လား။

သာမန်ကျောက်တုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကော ကျောက်မျက်နှာပြင်ကြီးကို ကြည့်ကာ သူတို့၏ ရင်ထဲတွင် ဗလောင်ဆူနေသည်။ ဤကောင်က မှန်တောင်ကုန်းကို ဖျက်ဆီးရန် ရောက်လာသည်လော သို့မဟုတ် စမ်းသပ်မှုများကို ကျော်ဖြတ်ရန် ရောက်လာသည်လော။

သူ၏ လက်မှ ကျေက်တုံးငယ်လေးကကော ဘာလဲ။ ထိုအရာက မှန်တောင်ကုန်း၏ စိတ်အသိမှ ဖြစ်ပေါ်လာခြင်း ပေလော။

“မင်းတို့ ဘာကို ကြည့်နေကြတာလဲ….” လူအများက ရီဖူရှင်းကို ထူးဆန်းစွာ ဝိုင်းကြည့် နေကြသည်ကို မြင်လျှင် ယူချင်းက အော်ဟစ်လိုက်သည်။ သူတို့က အခုထိ ရီဖူရှင်းကို ပြဿနာ ရှာချင်နေကြသေးသည်လား သူမသိပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset