ယူချင်း၏ အော်ဟစ်သံက လူတိုင်း၏ ရင်ဘတ်များကိုပါ တုန်ခါစေသည်။
ကန်ယီနိုင်ငံက မည်သည့်နေရာနည်း။ ထိပ်သီးပါရမီရှင် သုံးယောက်က သူတို့၏ ပါရမီများအား မှန်တောင်ကုန်းတွင် တစ်ယောက်ပြီး တစ်ယောက် စမ်းသပ်ခဲ့ကြသည်။ သူတို့အားလုံးမှာ အလွန်အမင်း ထက်မြက်လွန်းကာ အရှေ့မြေရိုင်းဒေသမှ ထိပ်သီးပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်သည်။ ယူချင်းမူကား နိုဘယ်ပုံရိပ်လေးခုပင်လျှင် ဖြစ်ပေါ်နိုင်အောင် စွမ်းဆောင်ထားသည်။ ရှောင်ဝူကျိလည်း ထိုနေရာတွင် ရပ်တန့်ခဲ့သည်။
ထိုအရာက စံချိန်တစ်ခုဖြစ်ပြီး ယူချင်းက ဓမ္မအဆင့်သုံးမျှဖြင့် တူညီအောင် လုပ်ထားနိုင်သည်။ ရီဝူချင်း၊ ဟွာဂျီယူနှင့် ယူချင်းတို့အားလုံးက ကန်ယီနိုင်ငံမှ ဆိုလျှင် ရီဖူရှင်းကကော မည်သည့်နေရာကနည်း။
နယ်မြေတစ်ရာ ဒေသကား အရှေ့မြေရိုင်း ဒေသအတွက် ဝေးလံခေါင်းပါးသော ဒေသတစ်ခုဖြစ်ရာ ထိုသို့သော နိုင်ငံငယ်တစ်ခုက ဤမျှ များပြားသော ပါရမီရှင်များကို မွေးထုတ်ပေးခဲ့သည်မှာ ယုံကြည်နိုင်ဖွယ်ရာ မရှိပေ။
ထိုအချိန်တွင် မျက်လုံးပေါင်းများစွာက ရီဖူရှင်းအား ကြည့်နေကြသည်။ ရီဝူချင်း၊ ဟွာဂျီယူနှင့် ယူချင်းတို့အားလုံးက သူတို့၏ ပါရမီများကို ပြသပြီးဖြစ်သည်။ ယခု သူတို့စောင့်ဆိုင်းနေသော တစ်ယောက်၏ စွမ်းဆောင်ရည်ကို မြင်ရတော့မည် ဖြစ်သည်။
ယူချင်းက ပြန်လျှောက်လာကာ ရီဖူရှင်း၏ ဘေးကို ရောက်လာသည်။ ထို့နောက် ရီဖူရှင်းက တစ်ဖန် ရှေ့ကို တက်သွားကာ မှန်နံရံကြီးကို မျက်နှာချင်း ဆိုင်လိုက်သည်။
မျက်လုံးပေါင်းများစွာက သူ့အား စိုက်ကြည့်နေကြသည်။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် သူကား စမ်းသပ်ခံတော့မည် ဖြစ်သည်။ ယူချင်းက နိုဘယ်ပုံရိပ်လေးခု ဖြစ်ပေါ်စေနိုင်လျှင် သူသည်လည်း ထိုနည်းတူ စွမ်းဆောင်နိုင်လိမ့်မည်ဟု ပရိသတ်များက ယုံကြည်သည်။
ရီဖူရှင်းက ကျောက်နံရံကြီးကို မျက်နှာချင်းဆိုင်ကာ သူ၏ ကံစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ထိုအခိုက်တွင် ဓာတ်စွမ်းအင်ပေါင်းစုံ၏ နိုဘယ်ကံစွမ်းအားများက ကောင်းကင်ကို လှပစွာ ဖြန့်ကြက်သွားသည်။
သူကား ဓာတ်စွမ်းအင်မျိုးစုံကို သုံးနိုင်သည်။ လူတိုင်းက ထိတ်လန့် အံ့သြရသည်။ ရီဖူရှင်းက ရှောင်ဝူကျိထက် ယခုအချိန်အထိ အစစအရာရာ သာလွန်နေသည်ဟု ပြောနိုင်သည်။ နောက်ဆုံး ကျန်ရှိသည်ကား မှန်တောင်ကုန်း စမ်းသပ်မှုဖြစ်သည်။ အကယ်၍ သူကသာ မှန်တောင်ကုန်းတွင်လည်း ရှောင်ဝူကျိကို အသာရခဲ့လျှင် သူ၏ ပါရမီက သံသယ ရှိစရာ မလိုတော့လောက် အောင်ပင် တစ်ခေတ်တွင် တစ်ယောက်ပေါ်သော ပါရမီရှင်ဟု သတ်မှတ်ရမည် ဖြစ်သည်။
ထိုအခိုက်တွင် လူတိုင်းက အရှေ့မြေရိုင်းဒေသ၏ အတော်ဆုံး ပါရမီရှင်တစ်ယောက် မွေးဖွားသည်ကို စောင့်ကြည့်နေရသည်ဟုပင် ခံစားနေကြရသည်။
ရီဖူရှင်း၏ ကံစွမ်းအားက ကျောက်နံရံကို ရောက်ရှိသွားလျှင် နံရံက ချက်ချင်း ဝင်းလက်လာသည်။ အလင်းများက ရီဖူရှင်းကို ဖြန့်ကြက်လာလျှင် ထိုအခိုက်တွင် ရီဖူရှင်း၏ စိတ်က နံရံထဲကို ရောက်ရှိသွားသည်။ ထိုနေရာကား ဟင်းလင်းပြင် တစ်ခုဖြစ်ကာ မှန်တောင်ကုန်းထဲတွင် တည်ရှိသည်။
ကြောက်မက်ဖွယ် ကောင်းသော စိတ်အင်အား တစ်ခုက သူ့အား ဖိအားပေးလာသည်။ ထိုအရာက နိုဘယ်စိတ် အသိဖြစ်သည်။ ထိုအရာက လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းအား လာရောက် တိုက်ခိုက်သည်။ ယခုတွင်ကား ရှီဖူရှင်း၏ ကိုယ်ပိုင်စိတ် အသိက အလွန်အမင်း အားကောင်းနေပြီ ဖြစ်သည်။ မီးဓာတ်နိုဘယ်အသိက သူ့ထံမှ ဖြာထွက်လာကာ သူ့အား လာရောက် တိုက်ခိုက်သော နိုဘယ်အသိအား ချက်ချင်း လောင်ကျွမ်း ပျက်စီးစေသည်။ ကျောက်နံရံတွင် နိုဘယ်ပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာသည်။
“မြန်လိုက်တာ….” နိုဘယ်ပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာသည်တွင် လူတိုင်းက ရေရွတ်လိုက်သည်။ သူကား မြန်လွန်းလှသည်။ ပထမဆုံးနိုဘယ်က သူ့အတွက် လွယ်ကူလွန်းနေပုံ ရသည်။
လေဟာနယ်ထဲတွင် ဒုတိယ နိုဘယ် ဖြစ်ပေါ်လာသည်။ သူ့အား သန့်စင်သော မီးအသိဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ရီဖူရှင်းထံ လာရောက် တိုက်ခိုက်ပြန်သည်။ ရီဖူရှင်းကလည်း သူ၏ ရေခဲဓာတ်နိုဘယ်စိတ် အသိအား ထုတ်လွှတ်လိုက်ကာ ရေခဲတမျှအေးစက်သော အားလှိုင်းများဖြင့် အရာအားလုံးကို အေးခဲစေသည်။ မီးစိတ်အသိမှာလည်း ချက်ချင်း ရေခဲဖြစ်သွားသည်။ ထို့နောက် ထိုအရာက ပေါက်ကွဲလျက်ပင် မီးဓာတ်အသိ ပျောက်ကွယ်သွားသည်။
ကျောက်နံရံပေါ်တွင်ကား ဒုတိယ နိုဘယ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြန်သည်။ အရှေ့မြေရိုင်းဒေသမှ ပါရမီရှင် အများအပြားက ထိုသို့ စွမ်းဆောင်နိုင်သည်။ သို့သော် တတိယ နိုဘယ်ပုံရိပ်ကား တကယ့် စိန်ခေါ်မှုပင်။ လူအများအပြားက ဤနေရာတွင် ကျရှုံးသည်။ အောင်မြင်သူများမှာလည်း ထိပ်သီးပါရမီရှင်များဟု သတ်မှတ်နိုင်သည်။
တတိယနိုဘယ်အသိက ရီဖူရှင်း၏ ရှေ့တွင် ဖြစ်ပေါ်လာသည်။ ထိုအရာက မီးဓာတ်ဖြင့် ဖန်တီးထားကာ အလွန်သန့်စင်သည်။ ထိုအရာက သူက လို့လန်ရှေးဟောင်း နယ်မြေတွင် တွေ့ခဲ့သော ဓားဘုရင်၏ နိုဘယ်အသိနှင့် အဆင့်တူညီသည်ဟု သူခံစားရသည်။ ရီဖူရှင်းက ထိုနိုဘယ်အသိအား သူ၏ ဧကရာဇ်အသိဖြင့် အနိုင်ယူရန် လိုအပ်ပေသည်။
ရီဝူချင်းက တတိယ နိုဘယ်ပုံရိပ်အား ပထမအကြိမ် ကြိုးစားစဉ်က ရှုံးနိမ့်ခဲ့သည်။
ထိုပုံသဏ္ဌာန်ကား ကြောက်မက်ဖွယ် မီးလျှံများဖြင် ဖုံးလွှမ်းနေကာ မီးလျှံငရဲမှ ငရဲသား တစ်ယောက်နှင့် တူလှသည်။ သူက ရီဖူရှင်း၏ စိတ်အသိရှိနေရာသို့ လျှောက်လာသည်။ အားကောင်းသော မီးဓာတ်က ရီဖူရှင်းထံသို့ တိုးဝင်လာကာ သူ့အား လောင်ကျွမ်းရန် ကြိုးစားကြသည်။ သူ၏ စိတ်အသိက မီးလျှံဓာတ်စွမ်းအင်သို့ ပြောင်းလဲသွားသည်။ ထိုအရာက မဆုံးနိုင်သော မီးလျှံများဖြင့် လောင်မြိုက်နေသည်။ ထိုအခိုက်တွင် သူကား မီးနတ်ဘုရား ဖြစ်သည်။ သူ့ခန္ဓာကိုယ်တွင် မီးလျှံသင်္ကေတများက ဖြစ်ပေါ်လာနေသည်။
နိုဘယ်အဆင့် မီးဓာတ်အသိ၏ ကန့်သတ်ချက်။ ရီဖူရှင်းက သူ၏ကိုယ်ပိုင် စွမ်းရည်ဖြင့် ထိုအရာကို အနိုင်ယူနိုင်မည်လား သိလိုသည်။
မီးလျှံသဏ္ဌာန်နှစ်ခုက လေထဲတွင် ရင်ဆိုင်မိကြသည်။ တစ်ယောက်ကား မီးလျှံငရဲမှ မိစ္ဆာဖြစ်ပြီး တစ်ယောက်မှာကား မီးနတ်ဘုရား ဖြစ်သည်။ လေဟာနယ်ထဲတွင် မီးလျှံအားလှိုင်းများ ပြန့်ကျဲ ပေါက်ကွဲ လာနေကြသည်။
ထိုအခိုက်တွင် ရီဖူရှင်းက တစ်စုံတစ်ခုအား နားလည်လိုက်သည်။ သူက နံရံထဲကို ဝင်ရောက်သည်နှင့် ရီဖူရှင်း ထုတ်လွှတ်ခဲ့သော ဓာတ်မှာ မီးဓာတ်ဖြစ်ရာ သူ့အား ရင်ဆိုင်စေသည်မှာလည်း မီးဓာတ်ဖြစ်သည်။ အချိန်နှင့်အမျှ သူရင်ဆိုင်ရသော မီးဓာတ်အသိမှာ ပြင်းထန်လာသည်။ ယခု ဤမျှကြောက်မက်ဖွယ် ကောင်းသော မီးဓာတ်မိစ္ဆာ ဖြစ်ပေါ်လာသည်။ ရီဝူချင်းက ပထမဆုံးအကြိမ် ကြိုးစားစဉ်က ကျရှုံးခဲ့သည်မှာ မထူးဆန်းတော့ပေ။
ဒုတိယ တစ်ကြိမ်တွင်ကား ရီဝူချင်းက သူ၏ ကန့်သတ်ချက်အား ကျော်လွန်ကာ တတိယ နိုဘယ်ပုံရိပ်အား ကျောက်နံရံတွင် ဖြစ်ပေါ်စေသည်။ ရီဝူချင်း လုပ်နိုင်မှတော့ ရီဖူရှင်းက သူလည်း ကြိုးစားလိုသည်။ ရီဖူရှင်းက သူ၏ ဧကရာဇ်အသိအား မသုံးလိုပေ။ သူ၏ ကိုယ်ပိုင်တိုက်ခိုက်ရေး စွမ်းရည်ကို သုံးလျက် ထိုမီးဓာတ်မိစ္ဆာကို အနိုင်ယူလိုသည်။ သူက မီးဓာတ်မှလွဲ၍ တခြားသော ဓာတ်စွမ်းအင်များကို ပင်လျှင် မသုံးပေ။ များစွာသော နိုဘယ်ဓာတ်အသိများ ရှိနေခြင်းက သူ့အား အသာစီး ရနိုင်သည်ကို သူသိသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်မှ များစွာသော မီးဓာတ်သင်္ကေတများ ထွက်ပေါ်လာကာ မီးဓာတ်မိစ္ဆာထံသို့ တိုးဝင်သွားပြီး သင်္ကေတများက သူ့အား ရစ်ပတ်လာလျှင် မီးဓာတ်မိစ္ဆာ၏ ခန္ဓာကိုယ်က ပိုမို လောင်ကျွမ်းလာကာ လင်းလက်လာသည်။ တဖြည်းဖြည်းဖြင့် မီးဓာတ်မိစ္ဆာအား မီးလျှံများက လောင်မြိုက်သွားပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်က ရှေးဟောင်း မီးလျှံသင်္ကေတ သုံးခု အဖြစ် ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် ထိုအရာက သဏ္ဌာန်မဲ့ စွမ်းအင်များအဖြစ်က ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားကြသည်။
ထိုအခိုက်တွင် ပြင်ပလောကတွင်လည်း ကျောက်နံရံတွင် တတိယ နိုဘယ်ပုံရိပ် ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် သဏ္ဌာန်မဲ့စွမ်းအားက သူ၏ခန္ဓာကိုယ်အား ဆင့်ကဲပြောင်းလဲစေကာ ရီဖူရှင်း၏ သူ၏ မီးဓာတ်စွမ်းအင်က ပိုမိုအားကောင်း လာသည်ကို ခံစားမိသည်။
ယခုကား တတိယမြောက် ပုံရိပ်ဖြစ်သည်။ မျက်လုံးပေါင်းများစွာက ကျောက်နံရံရှေ့မှ လူငယ်ကို ကြည့်နေကြသည်။ နောက်ပုံရိပ်တစ်ခု ဖန်တီးနိုင်လျှင် သူက ရှောင်ဝူကျိနှင့် တူညီသွားတော့မည် ဖြစ်သည်။ ထိုအဆင့်က ခက်ခဲသော်လည်း ရီဖူရှင်း လုပ်နိုင်မည်ဟု လူအများ ယုံကြည်ကြသည်။
ထိုအခိုက်တွင် စိတ်အသိက ဖန်တီးလိုက်သော ပုံသဏ္ဌာန်တစ်ခု လေဟာနယ်ထဲ ဖြစ်ပေါ်လာသည်။ ထိုအရာက အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားကာ သူ့အနီးတွင် များစွာသော မီးလျှံလူပုံသဏ္ဌာန်များ ဖြစ်ပေါ်လာသည်။ တစ်ခုစီက ကြောက်မက်ဖွယ် ကောင်းသော နိုဘယ်စိတ်အသိများ ပါဝင်နေသည်။
ရီဖူရှင်း တုန်လှုပ်သွားသည်။ အားလုံးသော ပါရမီရှင်များက ဤနေရာတွင် ရပ်တန့်နေသည်မှာ သိပ်မထူးဆန်းတော့ပေ။ အကယ်၍ သူက ဤအဆင့်ကို အောင်မြင်လျှင် အတော်ဆုံးထဲမှ အတော်ဆုံးဟု ပြောနိုင်သည်။ ထိုပုံရိပ်များက တစ်ခါတည်း တိုက်ခိုက်ကြသည်။ ချက်ချင်းပင် လေဟာနယ်တစ်ခုလုံး မီးလျှံကမ္ဘာ ဖြစ်သွားသည်။ ထိုအရာများက အရာအားလုံးကို ဖျက်ဆီးကာ ရီဖူရှင်းထံ တိုးဝင်လာကြသည်။ ရီဖူရှင်း၏ စိတ်အင်အားက အလွန်ကြီးမားသော ဖိအားဒဏ်ကို ခံစားလာရသည်။
ရီဖူရှင်းက သူ့ထံ တိုးဝင်လာသော ထိုပုံသဏ္ဌာန်များကို မြင်သည်။ သူ၏ မျက်လုံးက အရောင်တစ်ချက် လင်းလက်သွားကာ ချက်ချင်းပင် အားကောင်းသော ရေခဲအစီအရင်တစ်ခု ကွဲထွက်သွားသည်။ ထိုအရာက ရီဖူရှင်း၏ ပတ်ဝန်းကျင်အား ရေခဲကမ္ဘာတစ်ခုအလား ပြောင်းလဲသွားစေပြီး မီးလျှံလူများကို တားဆီးသည်။ ကြောက်မက်ဖွယ် ကောင်းသော မီးလျှံများက ရေခဲများကို ချိုးဖျက်ကာ ရီဖူရှင်းထံသို့ ဆက်လက် တိုးဝင်လာကြသည်။ ထိုအခိုက်တွင် ရီဖူရှင်း၏ နောက်မှ အလွန်တရာ အေးစက်သော အအေးဓာတ်များ ထုတ်လွှတ်နေသော ငွေလမင်းတစ်စင်း ဖြစ်ပေါ်လာသည်။ သူ့ထံမှ ထွက်ပေါ်လာသော အအေးလှိုင်းများက တိုးဝင်လာသော မီးလျှံများ အားလုံးကို ငြှိမ်းသတ်စေသည်။ ကြောက်မက်ဖွယ် ကောင်းသော ရေခဲလေပွေတစ်ခု ရိုက်ခတ်သွားလျှင် ကောင်းကင်တွင် လမင်းက ထွန်းလင်းနေပြီး မြေပြင်ကား အရာအားလုံး အေးခဲသွားသည်။
သို့သော် နိုဘယ်အဆင့် မီးဓာတ်အသိများကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ မီးလျှံများက ချော်ရည်ပူများအဖြစ် ပြောင်းလဲသွားကာ ရေခဲအတားအဆီးများကို ကျော်ဖြတ်လာကြသည်။ ကြောက်မက်ဖွယ် ကောင်းသော မီးလျှံပုံသဏ္ဌာန် များကလည်း ရေခဲကမ္ဘာကို ကျော်ဖြတ်လျက် သူတို့၏ မီးလက်ဝါးများဖြင့် လှမ်းရိုက်ကြသည်။
ဘုန်း… ဘုန်း… ဘုန်း… ရေခဲလွှာများ အဆက်မပြတ် ကွဲပျက်လာသည့်တိုင် လမင်း၏ အအေးဓာတ်များဖြင့် ဖန်တီးထားသော ရေခဲအရံအတားများကား အဆုံးမဲ့ပင်။ ထိုအခိုက်တွင် ရီဖူရှင်း၏ လက်တွင် ရေခဲနှင်တံတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက ရွှေရောင်များလည်း လင်းလက်နေသည်။ ထိုအရာတွင် ရေဓာတ်အသိသာ ရှိသည်မဟုတ်ဘဲ သတ္တုဓာတ်နှင့် မြေဓာတ်လည်း ပါဝင်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်လျှင် နှင်တံတွင် အားလှိုင်းများ ရူးသွပ်စွာ စုစည်းလာနေသည်။
ရီဖူရှင်းက ရှေ့ကို လှမ်းတက်လိုက်သည်။ လူဝံကြီးကဲ့သို့ပင် သူက နှင်တံကို ဝှေ့ယမ်းလိုက်လျှင် ရှေ့ဆုံးမှ နိုဘယ်အသိအား အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေသည်။ ရီဖူရှင်းတွင် ပိုမိုအားကောင်းသော စွမ်းအင်များ စုစည်းလာနေကာ ရှေ့ကို လျင်မြန်စွာ တိုးဝင်လျက် ဘုံကိုးဆင့် ရိုက်ချက်ကို သုံးလိုက်သည်။
ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာကာ မကြာမီ မီးလျှံသဏ္ဌာန်များ တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲပျက်စီးသွားသည်။ နောက်ဆုံး လေဟာနယ်တစ်ခုလုံး ငြိမ်သက်သွား၏။
နောက်ထပ် သဏ္ဌာန်မဲ့ အားလှိုင်းတစ်ခု ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲကို တိုးဝင်လာကာ သူ၏ စိတ်အသိကို အားကောင်းစေသည်။ တစ်ချိန်တည်းမှာပင် ကျောက်နံရံတွင်လည်း နိုဘယ်ပုံရိပ် နောက်တစ်ခု ဖြစ်ပေါ်လာသည်။
လေးယောက်မြောက် နိုဘယ်ပုံရိပ် ဖြစ်ပေါ်လာသည်။ ထိုအခိုက်တွင် လူတိုင်း၏ ရင်ဘတ်ထဲတွင် မုန်တိုင်းထန်နေပြီ ဖြစ်သည်။ ရီဖူရှင်းက လုပ်နိုင်ခဲ့သည်။ သူ၏ ဓာတ်စွမ်းအင်မျိုးစုံသုံး ပါရမီဖြင့် ကျောက်နံရံပေါ်တွင် နိုဘယ်ပုံရိပ်လေးခု ဖြစ်ပေါ်စေကာ တခြား ကံစွမ်းအား အရင်းအမြစ် သုံးခုတွင်လည်း ရှောင်ဝူကျိကို ကျော်ဖြတ်ခဲ့သည်။
ရှေးဟောင်းမြေရိုင်း ဒေသတွင် နောက်ထပ် အတော်ဆုံး ပါရမီရှင်တစ်ယောက် မွေးဖွားခဲ့ပြီဖြစ်သည်။
အလွန် နောက်ကျသွားပြီလား။ အင်အားကြီး အဖွဲ့အစည်းများမှ တပည့်များက စိုးရိမ်စွာ တွေးကြသည်။ သူတို့၏ ကလန်မှ ကိုယ်စားပြုနိုင်လောကအောင် အဆင့်အတန်းမြင့်သော သူများ ဤနေရာတွင် ရှိမနေပေ။ သူတို့က မပြင်ဆင်ထားသော အချိန်တွင် ရီဖူရှင်းက ရုတ်တရက် လှုပ်ရှားခဲ့သည်။ သူတို့က ရီဖူရှင်းတို့ကို ဆွဲဆောင် နိုင်ပါမည်လော။
သူတို့ မသိကြသည်ကား အင်အားစုတိုင်းလိုလိုက ဤမြင်ကွင်းကို စောင့်ကြည့် နေကြသည်ပင်။
ယနေ့ ဘာဖြစ်နေသနည်း။ ပါရမီမြင့်သော တန်ခိုးရှင်လေးယောက်က မှန်တောင်ကုန်းတွင် တစ်ပြိုင်နက် စမ်းသပ်မှု ခံယူကြသည်။ နှစ်ယောက်က နိုဘယ်ပုံရိပ်သုံးခု ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်ပြီး နောက်နှစ်ယောက်က နိုဘယ်ပုံရိပ်လေးခု ဖြစ်ပေါ်စေသည်။ သူတို့အားလုံးက ကန်ယီနိုင်ငံမှ လာသည်။
ထိုအခိုက်တွင် ထိပ်သီး အင်အားစုများမှ လူတိုင်းက ကန်ယီနိုင်ငံနှင့် ပတ်သက်၍ စိတ်ဝင်စားနေကြကာ လေ့လာစုံစမ်းမှုများ လုပ်ဆောင်နေကြပြီ ဖြစ်သည်။ ထိုပါရမီရှင်များက သူတို့အဖွဲ့အစည်ထဲကို ဝင်နိုင်မည်လားကို အင်အားစုတိုင်းက သိလိုနေကြသည်။
***