အမာရွတ်နှင့်လူ၏ ခေါင်းနှင့်ကိုယ် အိုးစားကွဲကာ ကြမ်းပြင်ပေါ် ပြုတ်ကျလာသည်။ ထိတ်လန့် တုန်လှုပ်နေသော မျက်နှာထားနှင့် သူ၏ ဦးခေါင်းက ၁ မီတာ၊ ၂ မီတာခန့် ဝေးသော နေရာသို့ လွင့်ထွက်သွားသည်။
သူ သေသွားသည့်အချိန်ထိ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် မသိလိုက်ပါ။ ဘားတစ်ခုလုံး တိတ်ကျသွားသည်။
အမာရွတ်နှင့်လူ၏ ခေါင်းနှင့် ကိုယ်တို့ ကြမ်းပြင်ပေါ် လဲကျသွားသည်ကို မြင်ပြီးနောက် အေးစက်သော ချီဓာတ်တစ်ချို့က သူတို့၏ ခေါင်းမှခြေဆုံး အထိ တိုးဝင်လာသလို ခံစားရသဖြင့် သူတို့ ခေါင်းပုသွားကျသည်။
အမာရွတ်နှင့်လူ မည်သည့်သတိပေးချက်မှ မရလိုက်ဘဲ ခေါင်းပြတ်သွားခြင်း ဖြစ်သည်။
*မ…မဖြစ်နိုင်ဘူး*
သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်၍ မယုံသင်္ကာဖြစ်နေသည့်ဟန်များ ပေါ်လွင်နေကာ သူတို့ မြင်လိုက်ရသည့် အဖြစ်အပျက်က ထင်ယောင်ထင်မှား ဖြစ်နေခြင်းဟု ထင်လိုက်မိကြသည်။
…
သူတို့အားလုံးက ယဲ့ဖန်အား သံသယမျက်လုံးများဖြင့် ကြည့်ကာ “ဒါတွေ အကုန်လုံးကို … အဲ့လူ လုပ်လိုက်တာလား?”
*ဒါပေမယ့် သူ ဘယ်လိုလုပ်လိုက်တာလဲ*
ယဲ့ဖန် ဘယ်တုန်းက ဘယ်လို တိုက်ကွက်ထုတ်လိုက်မှန်း မည်သူမှ မသိလိုက်ကြပါ။ နတ်ဆိုးဆန်သော တိုက်ကွက်က အားလုံးကို ထိတ်လန့်သွားစေသည်၊ အထူးသဖြင့် ထိပ်ပြောင်ပြောင်နှင့်လူပင်။
သူ့အစ်ကို၏ အလောင်းကို ကြည့်ပြီး သူ ပူဆွေးကာ ထိတ်လန့်၍ တုန်လှုပ်လာသည်။
“ငါ့အစ်ကိုကြီး သေသွားပြီ … မဖြစ်နိုင်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ထိပ်ပြောင်ပြောင်နှင့်လူက အံ့ဩနေသော အကြည့်များဖြင့် ရေရွတ်နေသည်။ ထို့နောက် သူက ယဲ့ဖန်ကို ရုတ်ချက်း စိုက်ကြည့်ကာ မေးလာသည်။
“မင်း ဘယ်သူလဲ? မင်း … မင်းက ဘယ်လိုလူလဲ?”
နဖူးတွင် ချွေးများ စို့နေရင်း သူက ယဲ့ဖန်ကို မယုံသင်္ကာဖြင့် ကြည့်နေသည်။
အရက်တစ်ခွက်အတွက် ဦးခေါင်းတစ်လုံး!
မည်သို့ပင် ဆိုစေကာမူ အရက်သောက် ပြီးသည်နှင့် သူ့အစ်ကိုကြီး ခေါင်းပြတ် သွားရသည်။
“ငါလား?”
ယဲ့ဖန်က သူ့ကို ကြည့်ကာ မကောင်းဆိုးဝါးသဖွယ် ပြုံး၍
“ငါက အရက်သမားနဲ့ လူသတ်သမားလေ”
ထိုသို့ပြောပြီး ယဲ့ဖန်သည် ထိပ်ပြောင်ပြောင်နှင့် လူကို အလွန်လျင်မြန်သောနှုန်းနှင့် လည်ပင်းညှစ်လိုက်သည်။
ယဲ့ဖန်၏ လက်ထဲတွင် ကီလိုဂရမ် တစ်ထောင်လောက် အလေးချိန်ရှိသည့် လူ့ဘီလူးကြီးသည် ကြက်ကလေးငှက်ကလေးလိုပင်။
ထို့နောက် သူက ကျာပွတ်ကို ကိုင်၍ လေထဲဝှေ့ယမ်းလိုက်သည်။
ဖြောင်း!
ကျာပွတ်အဖျားက shaker ဘူးကို ဆွဲ၍ ပတ်သွားသည်။ ထို့နောက် ယဲ့ဖန်က ကျာပွတ်ကို အသာလေး ပြန်ဆွဲလိုက်သဖြင့် shaker ဘူးက သူ့ထံ လွင့်ပျံလာသည်။
“မင်းရဲ့အစ်ကိုကြီးတော့ သူ့ခေါင်းနဲ့ အရက်ဖိုး ဆပ်ပြီးပင်မယ့် သူ့ခွက်ကို သောက်တောင် မသောက်လိုက်ရဘူး၊ မင်းက သူ့ညီဆိုတော့ သူ့အတွက် သောက်လိုက်ပေါ့ကွာ”
ယဲ့ဖန်က ထိပ်ပြောင်ပြောင်နှင့် လူကြီးကို အတင်းပါးစပ်ဟခိုင်းကာ shaker ထဲမှ အရက်ကို လောင်းထည့်လိုက်သည်။
ဂလု! ဂလု!
သူ အတင်းရုန်းသော်လည်း ယဲ့ဖန်၏ သံကဲ့သို့ မာကျောသော လက်ဖဝါးထဲမှ မလွတ်မြောက်နိုင်ခဲ့။
တစ်ချိန်တည်းမှာပင် အရက်ပြင်းက သူ့ပါးစပ်ထဲ ဝင်လာသည်နှင့် ပူလောင်လွန်းလှသော အပူကြောင့် သူ စီခနဲ ကျယ်လောင်စွာ ဟစ်အော်လိုက်မိသည်။
“အားအား… နာတယ်”
သူ ထိတ်လန့်တကြားနှင့် ပျာယာခတ်လို့နေ၏။ အရက်ပြင်းထက် ဓားနှင့်တောင် ပိုတူနေသေးသည်။ ထို့ကြောင့် သူ့ကိုယ်တွင်း မှ ပြင်းထန်သော နာကျင်မှုကြောင့် သူ တုန်တုန်ယင်ယင် ဖြစ်လာသည်။
“မင်း ထပ်မသောက်ချင်ဘူးလား? သောက်ပါဦးကွ”
ယဲ့ဖန်က ဤလူသည် အရေးမပါသော ကိစ္စလေးကို လုပ်နေသည့်ဟန်ဖြင့် မျက်နှာထား တင်းတင်းနှင့် မေးလိုက်သည်။
ဤမြင်ကွင်းကြောင့် ဘားထဲရှိ လူတိုင်း အံ့အားသင့်သွားသည်။ သူတို့၏ အံ့ဩနေသော အကြည့်အောက်မှာပင် အရက်ပြင်းများကို အဆက်မပြတ် စီးဆင်းနေသော စမ်းချောင်းကဲ့သို့ လောင်းထည့်လို့နေသည်။
ရွှစ်!
ထိပ်ပြောင်ပြောင်နှင့် လူသည် မီးများကြားထဲ နှိပ်စက်ခံထားရသလို အသားနှင့် အရေပြားမှ မီးဟပ်ခံရသလို ဖြစ်ကာ သူ့ပါးစပ်မှလည်း ပုပ်အဲ့အဲ့ အနံ့မျိုး ထွက်လာသည်။
စူးရှသော အော်သံများနှင့်အတူ ထိုသူသည် ပို၍ အားနည်းလို့လာသည်။ ယဲ့ဖန်က သူ့လည်ပင်းကို ညှစ်ထားသည်ကို လွှတ်လိုက်သည်နှင့် သူ ချက်ချင်း လဲကျသွားသည်။ ပြီးနောက် သူ စ၍ ဆန့်ငင်ဆန့်ငင် ဖြစ်နေ၏။
သူ၏ ပါးစပ်နှင့် လည်မျိုတို့သည် အရက်ပြင်း၏ အပူကြောင့် ရိရွဲလာသည်ကို လူတိုင်း မြင်နေရသည်။
“နာတယ် … နာလွန်းတယ်”
ထိပ်ပြောင်ပြောင်နှင့်သူသည် ပို၍ မချိမဆံ့ ခံစားလာရကာ တဖြည်းဖြည်း အားယုတ် လာသည်။
သူ နောင်တရနေမိသည်၊ နတ်ဆိုးကို ရန်စမိသည့်အတွက် သူ နောင်တရလို့နေသည်။
သူ့ကိုယ်သူ ရက်စက်ကြမ်းကြုတ်သည်ဟု ထင်ထားမိသောလည်း သူ့ထက် အဆ ထောင်သောင်းမက ပို၍ ရက်စက်သောသူ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
နောက်ဆုံးတွင် သူ၏ မျက်လုံးတို့သည် အဆုံးမရှိသော အကြောက်တရားနှင့် ပြည့်နှက်လာကာ ငြိမ်ကျသွားတော့သည်။
*သေသွားပြီ*
*အမာရွတ်နဲ့လူလည်း သေသွားပြီ*
*ဘုန်းတော်ကြီးလည်း သေသွားပြီ*
လူတိုင်း တိတ်လို့သွားတော့သည်။ ကူးယွီသည် မျက်ရည်အရွှဲသားနှင့် ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။
ကူးယွီက ယဲ့ဖန်ရှေ့ ရုတ်တရက် ဒူးထောက်ကာ ဟစ်အော်လိုက်သည်။
“သခင်လေး ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်က သခင်လေးရဲ့ ကျေးကျွန် ကူးယွီပါ၊ အခုချိန်ကစပြီး သခင့်ကို ကျွန်တော့်ရဲ့ သခင်အဖြစ် တစ်သက်လုံး သတ်မှတ်သွားမှာပါ၊ ရေနွေးပူထဲပဲ လျှောက်ခိုင်းလျှောက်ခိုင်း၊ မီးကြားထဲပဲ ဖြတ်ခိုင်းဖြတ်ခိုင်း သခင့်ရဲ့အမိန့်မှန်သမျှကို ကျွန်တော် လိုက်နာပါ့မယ်”
ကူးယွီ ဝန်းနည်းကြေကွဲကာ ငိုကြွေးမိသည်။ သူ့မျက်ရည်များက တတောက်တောက် ကျလာသည်။
ကျန်းပေမြို့သို့ ပြန်လာသည်နှင့် သူ အတော်လေး နာကျင်ခံစားခဲ့ရသည်။ သူ့ကျင့်ကြံမှုသည်လည်း ဖျက်ဆီးခံလိုက်ရပြီး သူ့လက်နှင့်ခြေများမှ ကြွက်သားများ သည်လည်း ပျက်စီးလို့ သွားချေပြီ။ သူ၏ ဒဏ်ရာများ အားလုံးကြောင့် သူက ဒုက္ခိတဖြစ်လို့ လာခဲ့သည်။
သူ့ကို မျက်နှာချိုသွေးခဲ့သည့်သူများက သူ့ဒဏ်ရာများကြောင့် သူ့ကို လှောင်ပြောင်ကာ အထင်သေး စက်ဆုပ်လာကြသည်။
သူနှင့် လည်ပင်းဖက်၍ ကြီးပြင်းလာသော မိတ်ဆွေများသည်လည်း သူ့ကို စွန့်ခွာသွားကြသည်။ လူတို့၏ ခံစားချက်များသည် ရရှိလာမည့် အကျိုးအမြတ်နှင့်အတူ ပြောင်းလဲသွားတတ်ကြသည်။
ဤရက်ပိုင်းအတွင်း သူ ရှင်နေရက်နှင့် ငရဲကျနေသလို ခံစားခဲ့ရသည်။ သူ့ထက် ဝက်တို့၊ ခွေးတို့ကတောင်မှ သာဦးမည်။
သို့သော် သူ့ကို နောက်တစ်ကြိမ် ကယ်တင်သည့်သူက ယဲ့ဖန် ဖြစ်နေမည်ဟု သူ ထင်မထားခဲ့မိပါ။ ထို့ကြောင့် သူ ယဲ့ဖန်အတွက် သေဆိုသေရန် အသင့်ဖြစ်နေခဲ့သည်။
ကူးယွီကို ကြည့်ပြီး ယဲ့ဖန်က သူ့အား ကူ၍ ထူမလိုက်သည်။ ထိုစဉ် ရုတ်တရက် ဘန်းခနဲ အသံနှင့်အတူ ဒါဇင်နှင့်ချီသော အနက်ရောင်ဝတ်စုံနှင့် လူများက ဘား၏ ဒုတိယထပ်မှ အောက်သို့ ဆင်းလာကြသည်။
သူတို့အားလုံးက ဓားကိုယ်စီ ကိုင်ဆောင်ထားကြပြီး ကြမ်းတမ်းသော ရုပ်ရည်ရှိသည်။ သူတို့က ချက်ချင်း ယဲ့ဖန်နှင့် ကူးယွီတို့ကို ဝိုင်းထားလိုက်ကြသည်။
ထိုစဉ် အရိုးခဲမတတ် အေးစက်၍ ကြမ်းကြုတ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဟီးဟီး … ကူးယွီ၊ မင်း သူ့ကို သခင်အဖြစ် သတ်မှတ်စရာ မလိုတော့ဘူး၊ သူက ငါ့လူတွေကို သတ်လိုက်မှတော့ သူက သေလူဖြစ်နေပြီ”
လှေကားပေါ်မှ လူကို အားလုံး လှည့်ကြည့်လိုက်သောအခါ မီးခိုးရောင်ဆံပင်နှင့် လူငယ်တစ်ယောက်က ဖြည်းဖြည်းချင်း ဆင်းလာသည်။ သူ့နောက်မှ ထိပ်သီးပုဂ္ဂိုလ် ဆယ်ယောက်ကျော် လိုက်ပါလာသည်။
ထိုမီးခိုးရောင်ဆံပင်နှင့် လူငယ်လေးကို မြင်သည်နှင့် ကူးယွီနှင့် အခြားသူများအားလုံး မျက်နှာပျက်သွားကြသည်။
“ဆံဖြူ၊ သူက ဘော့စ်ဆံဖြူပဲ”
“သူတော့ သေပြီပဲ၊ ဘော့စ်ဆံဖြူရောက်လာပြီ၊ အမာရွတ်ကောင်နဲ့ ဘုန်းတော်ကြီးကို သတ်လိုက်မှတော့ သူ ဒီတစ်ခေါက်တော့ သေပြီပဲ”
“ဆံဖြူက လူတွေကို တစ်စစီ ခုတ်ပိုင်းရတာကို သဘောကျတယ်၊ ဒီကောင်လည်း အခု အသားတစ်စလို အပိုင်းပိုင်း ခုတ်ခံရမှာကို ငါ စိုးရွံ့မိတယ်”
ဘေးမှ ကြည့်နေသောသူများက ဆံဖြူအား မကောင်းဆိုးဝါးနှင့် ပတ်သက်ရမည်ကို စိုးရွံ့သည့်အလား ပျာပန်းခတ်ကာ ရှောင်ရှားသွားကြသည်။
ဆံဖြူသည် အပေါ်ထပ်မှ အခြား ထိပ်သီးပုဂ္ဂိုလ်များနှင့်အတူ ဆင်းလာသည်။ အမာရွတ်ကောင်နှင့် ဘုန်းတော်ကြီးတို့၏ အလောင်းကို တစ်ချက်ကြည့်ပြီးနောက် သူက လှောင်ရယ်လိုက်သည်။
“မင်းက ကြမ်းသားပဲကွ၊ မင်းက ငါ့လူတွေကို တိရိစ္ဆာန်လို သတ်ရဲတာပဲ”
ထိုသို့ ပြောပြီး ဆံဖြူက ယဲ့ဖန်အား ခပ်ကြမ်းကြမ်း စိုက်ကြည့်ကာ “ဟေ့ကောင် မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာလား?”
“ငါ ဘယ်သူလဲ မင်းသိလား? ဒီဘားကို ဘယ်သူက ကာကွယ်ပေးထားလဲဆိုတာကော သိလား? မင်းက ငါ့လူတွေကို သတ်လိုက်မှတော့ ငါ မင်းကို တစ်စစီ ဖြစ်အောင် လုပ်ရတာပေါ့၊ မင်းရဲ့ အရွတ်တွေကို ဆွဲထုတ်ပြီး မင်းရဲ့ အရိုးတွေကို ချိုးပစ်မယ်၊ ပြီးတော့ မင်းကို အသားတုံးလို နုတ်နုတ်စင်းပစ်မယ်”
“ဟေ့ကောင် မင်းတော့ သေပြီပဲ”
ဆံဖြူက အလွန်ရက်စက်သော လေသံနှင့် ခက်ထန်သော မျက်နှာထားတို့ဖြင့် ပြောလာသည်။
ဝှစ်!
ဆံဖြူ ပြောလို့ပြီးသည်နှင့် အေးစက်စက် အလင်းတစ်ချက်က လှစ်ခနဲ ဖြာထွက်လာသည်။
ဘားတစ်ခုလုံး တိတ်ကျသွားသည်။ အားလုံးက ဆံဖြူအား မယုံနိုင်သော အကြည့်များဖြင့် ကြည့်နေကြသည်။
အနည်းငယ် သွေးစို့နေသော ခုတ်ရာတစ်ခုက သူ့လည်ပင်းနားမှာ ပေါ်လာသည်။ ထို့နောက် ထိုခုတ်ရာက ပို၍ ထင်းလာကာ သွေးများ ဖြာကျလာသည်။
ဆံဖြူက ယဲ့ဖန်ကို အော်လိုက်ချင်သော်လည်း အသံတစ်သံတောင် ထွက်မလာဘဲ ပါးစပ်က ပိတ်လိုက်၊ဖွင့်လိုက်နှင့် ဖြစ်လို့နေ၏။
အဆုံးတွင် သူ ကြမ်းပြင်ပေါ်သို့ ဘုန်းကနဲ လဲကျသွားသည်။ သူ့မျက်လုံးတွင် မယုံနိုင်ဟန်များ ပေါ်လွင်နေသည်။
*သူသေသွားပြီ*
*ဆံဖြူသေသွားပြီ*
သူ လေလုံးထွားနေရာမှ ဆက်၍ ဟန်မများနိုင်ဘဲ သူ့ကျင်ကြံမှုများနှင့်အတူ သေဆုံးသွားခဲ့ပြီ။
“ဟုတ်တယ်၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာ” ဟု ယဲ့ဖန်က တင်းမာသော မျက်နှာထားနှင့် ပြောကာ သူ၏ ဓားကျိုးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သဖြင့် ကြမ်းပြင်ပေါ်တွင် သွေးအိုင်များ ဖြစ်ပေါ်လာသည်။