တောင်ဝင်ချန် ကျောင်းတော်တွင် ရှိသော လျိုဂျန်လန်၏ အကြံကို ရီဖူရှင်းက မရိပ်မိသည်မှာ သိပ်တော့ ထူးဆန်းသည် မဟုတ်ပေ။ သို့တိုင်အောင် ရီဖူရှင်းက အင်အားကြီး အဖွဲ့အစည်းများကို ဝင်ရောက်လိုသည်မှာလည်း လျိုဂျန်လန်အား ရင်ဆိုင်ရန် ဖြစ်ပေသည်။
လျိုဂျန်လန်က တောင်ဝင်ချန် ကျောင်းတော်တွင် ရှိနေခြင်းက အန္တရာယ်တစ်ခုပင် မဟုတ်ပါလား။ အထူးသဖြင့် ကန်ယီနိုင်ငံကို ဖြစ်သည်။ ရီဖူရှင်းက ဧကရာဇ်ရီအပေါ်တွင် များစွာ အကြွေးတင်နေပြီ ဖြစ်ကာ ရီဖူရှင်းက ကန်ယီနိုင်ငံအား အန္တရာယ်ထဲသို့ ကျရောက်စေလိုခြင်း မရှိပေ။
မှန်တောင်ထိပ်ပေါ်တွင်ကား ကံစွမ်းအား အရင်းအမြစ်များစွာ ရှိသည်။ ဤရက်များတွင် ရီဖူရှင်းက ဟွာဂျီယူအား အဖော်လုပ်ပေးနေသည်။ ရီဖူရှင်း၏ လမ်းညွှန်မှုဖြင့် သူမ၏ ကံစွမ်းအားမှာလည်း အလွန်အမင်း အားကောင်းလာသည်။
ဟွာဂျီယူကား မူလကတည်းက ပါရမီမြင့်မားသူ ဖြစ်သည်။ သူမကား ဓာတ်စွမ်းအင်မျိုးစုံ သုံးနိုင်ကာ ကွဲပြားခြားနားသော စိတ်အသိများကို ဆင်ခြင်နိုင်စွမ်း ရှိသည်။ မဟုတ်လျှင် ရီဖူရှင်းက ကူညီလျှင်ပင် သူမက တိုးတက်မည် မဟုတ်ပေ။
ဤရက်ပိုင်းတွင် ပြန်သွားသူများလည်း အများအပြား ရှိသည်။ သူတို့က ထပ်မံ၍ မစောင့်နိုင်တော့ပေ။ ရီဖူရှင်းက ရှောင်ဝူကျိကဲ့သို့ လုပ်ဆောင်မည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က ရီဖူရှင်းက မှန်တောင်တွင် စမ်းသပ်ခံယူပြီးသည်နှင့် သူ၏ စွမ်းဆောင်ရည်ကို ကြည့်ပြီး တစ်ခါတည်း ဖိတ်ခေါ်နိုင်အောင် ပြင်ဆင်ထားကြခြင်း ဖြစ်သည်။ ယခုမူကား ထပ်မံ မစောင့်ဆိုင်း လိုကြတော့ပေ။
ယခုတွင်ကား တောင်ထိပ်တွင် အခြေအနေ အေးဆေးလှသည်။ လေများက တဖြူးဖြူး တိုက်ခတ်နေသလို နေရောင်ကလည်း နွေးထွေးစွာ ဖြန့်ကြက်ထားသည်။ လူအများအပြားက ကိုယ်စီ လေ့ကျင့်နေကြသည်။ ထိုစဉ်မှာပင် လူတစ်ယောက်က မှန်တောင်ကုန်းသို့ တိတ်ဆိတ်စွာ လျှောက်သွားနေသည်။ တစ်စုံတစ်ယောက်က သူ့အား သတိထားမိကာ မျက်လုံး ပြူးကျယ်သွားသည်။ တခြားလူများကလည်း သူ့ကို သတိထားမိ လာကြသည်။
လျိုချန်းယွီကလည်း သူ့အား ကြည့်လိုက်သည်။ သူကား ရီဝူချင်း ဖြစ်သည်။ သူမက ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့က ခုနကတင် စကားပြောနေသည်ကို မြင်လိုက်သည်။ ယခု ရီဝူချင်းက မှန်တောင်ကုန်းကို သွားနေသည်။ သူ ဘာလုပ်ချင်သနည်း။
လျိုချန်းယွီ၏ မျက်လုံးက မှန်မျက်နှာပြင် တောင်ကုန်းကို သေသေချာချာ ကြည့်နေသည်။ ရီဝူချင်းက ထိုနေရာတွင် ထိုင်ချလိုက်ကာ သူ၏ ကံစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
သူ၏ဓားအသိက တခြားလူများ၏ ဓားအသိနှင့် ကွဲပြား ခြားနားနေသည်ကို လူတိုင်းက သတိထားမိသည်။ သိသာထင်ရှားသော အချက်ကို ပြပါဆိုလျှင် အလွန်ကြောက်မက်ဖွယ် ကောင်းသည်ဟုသာ ပြောရမည်ဖြစ်သည်။ ထိုအခိုက်တွင် ရီဝူချင်းက အလွန် အန္တရာယ်ရှိသော သဏ္ဌာန်မဲ့ ဓားစွမ်းအားများဖြင့် ပေါင်းစပ်ထားသော ကံစွမ်းအားများကို ထုတ်လွှတ်လိုက်ရာ လူတိုင်းက မှင်တက်သွားသည်။
ရီဖူရှင်းမူကား သိပ်မအံ့သြပေ။ ရီဝူချင်းကား ဓားသမားသာ မဟုတ်ဘဲ စိတ်ဝိညာဉ် စွမ်းအင်သုံး တန်ခိုးရှင်လည်း ဖြစ်သည်။ သူ၏ သက်စောင့်ဝိညာဉ်ကား ငွေရောင်ဓားငယ်ဖြစ်ကာ သဘာဝအရ မွေးဖွားလာသော ဓားသမား ဖြစ်ပေသည်။
သိမြင် နားလည်ထားသော စိတ်အသိက စိတ်ဝိညာဉ် ဓာတ်စွမ်းအင်နှင့် ပေါင်းစပ်နိုင်သည်။ ရီဝူချင်းကား ဓားအသိကို နက်ရှိုင်းစွာ နားလည်ထားသူဖြစ်ကာ သူ၏ စိတ်အသိအား သူ၏ ကံစွမ်းအားနှင့် စိတ်ဝိညာဉ် စွမ်းအင်တို့ဖြင့် ပေါင်းစပ်ထားသည်။ သူ ပိုင်ဆိုင်သော နိုဘယ်စိတ်အသိကား တခြားလူများနှင့် ခြားနားသည်။ သူ၏ သဏ္ဌာန်မဲ့ စိတ်ဝိညာဉ် အားအင်ပင်လျှင် အလွန်ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအင် ရှိသည်။ အကယ်၍ ပြိုင်ဘက်က နိုဘယ်ကံစွမ်းအားကို မပိုင်ဆိုင်ထားလျှင် ထိုသူက သူ့ထက် တန်ခိုးအဆင့်မြင့်လျှင်ပင် ရီဝူချင်းက အလွယ်တကူ အနိုင်ယူနိုင်သည်။
ရီဝူချင်းတွင် အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအားသာ ရှိသော်လည်း သူကား အဆင့်မြင့် နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်သော သူများအောက် မလျော့သော စွမ်းအားကို ပိုင်ဆိုင်သည်။ ရီဝူချင်းက ဓားဘုရင်၏ နိုဘယ်အသိကို ဆက်ခံရရှိခဲ့သလို ဖူယွန်ဓားကလန်မှ လူများ၏ အလယ်အလတ်အဆင့် သန့်စင်သော နိုဘယ်ကံစွမ်းအားများကို စုပ်ယူထားရာ သူက ဤမျှ အားကောင်းနေခြင်း မှာလည်း သိပ်ထူးဆန်း လှသည်တော့ မဟုတ်ပေ။
လက်ရှိတွင် မှန်တောင်ကုန်း၏ မျက်နှာပြင်ကား အလွန် ကြည်လင်လာကာ အလင်းများ တောက်ပ ဝင်းလက်လာသည်။ မမြင်ရသော အားအင်တစ်ခု ရီဝူချင်းကို ဆင်းသက်လာသည်။ တဖြည်းဖြည်းဖြင့် ပိုမိုများပြားသော လူများက သတိထားမိကာ ရီဝူချင်းကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။
ရီဝူချင်းက မှန်တောင်ကုန်းတွင် စမ်းသပ်မှုကို ခံယူတော့မည် ဖြစ်သည်။
ရီဒန်ချန်းနှင့် ရီလင်းဇီတို့ကလည်း လှမ်းကြည့်နေကြသည်။ သူတို့၏ ဝမ်းကွဲအစ်ကိုက ရှေးဟောင်းမြေရိုင်း ဒေသတွင် ရီဖူရှင်းနှင့်အတူ လေ့ကျင့်နေရာ သူ မည်မျှတိုးတက်လာသည်ကို သူတို့ မသိပေ။
တဖြည်းဖြည်းဖြင့် ကျောက်နံရံတွင် နိုဘယ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ မည်သူမှ ထိုမြင်ကွင်းနှင့် ပတ်သက်၍ မအံ့သြပေ။ ရီဝူချင်းက လွန်ခဲ့သောလ အနည်းငယ်က နိုဘယ်ပုံရိပ်နှစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ထိုစဉ်မှာပင် လူတိုင်းက မျှော်လင့်ထားသလို နိုဘယ်ပုံရိပ် နှစ်ခု ဖြစ်ပေါ်လာသည်။
သူက နိုဘယ်ပုံရိပ်သုံးခုကို စိန်ခေါ်နိုင်ပါ့မလား။ လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ လျိုချန်းယွီ၏ မျက်လုံးများက ရီဝူချင်းကို မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေသည်။ တတိယ နိုဘယ်ပုံရိပ်ဖြစ်ပေါ်ရန် ဖြစ်နိုင်ခြေ နည်းသော်လည်း သူကား ယခင်ကထက် အလွန် တိုးတက်လာသည်။ သူ၏ တန်ခိုးအဆင့်မှာလည်း တိုးတက်လာရာ ထိုအရာက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
အားလှိုင်းစက်ကွင်းက ရီဝူချင်းထံတွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ယခုတွင်ကား ကျောက်နံရံက အလွန် လင်းလက်နေသည်။ နံရံတွင်ကား နောက်ထပ် ဝေဝါးသော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခြင်းက လူအများအား အလွန်အမင်း စိုးရိမ်စိတ်ဖြစ်စေသည်။ သူတို့အားလုံးက နံရံကို မျက်တောင် မခတ်တမ်း ကြည့်နေကြသည်။
အားကောင်းသော စိတ်အသိက ရီဝူချင်းထံမှ ထွက်ပေါ်လာကာ ထိုနေရာတစ်ခုလုံးကို ဓားစွမ်းအားများ ပြည့်နှက်သွားသည်။ နံရံပေါ်မှ ပုံရိပ်က ပိုမိုရှင်းလင်း ပြတ်သားလာကာ နောက်ဆုံး နိုဘယ်ပုံရိပ်က ပြည့်စုံခြင်းကို ရောက်ရှိသွားသည်။
တတိယ နိုဘယ်ပုံရိပ်ကား ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
အလွန် အားကောင်းလှသည်။ ပရိသတ်များက ရီဝူချင်းကို ကြည့်လိုက်ကြသည်။ သူတို့အားလုံးက မူလက ရီဖူရှင်းကိုသာ အာရုံစိုက်ခဲ့ကြကာ သူ့ဘေးမှ လူများအား လျစ်လျူရှုခဲ့ကြသည်။ ဤလက်တစ်ဖက်ပြတ် ဓားသမားကား ကြောက်မက်ဖွယ် ကောင်းအောင် ထက်မြက်လွန်းသည်။
ရှေးဟောင်းမြေရိုင်း ဒေသတွင် မျိုးဆက်တစ်ခုအတွင် အတော်ဆုံးဟု သတ်မှတ်နိုင်သော သူများသာလျှင် နိုဘယ်ပုံရိပ် လေးခုကို ဖန်ဆင်းနိုင်သည်။ နိုဘယ်ပုံရိပ်သုံးခု ဖြစ်ပေါ်နိုင်သူများကား အနည်းငယ်မျှသာ ရှိသည်။ ယခု ရီဝူချင်းကိုလည်း ထိပ်သီးပါရမီရှင် တစ်ဦးဟု သတ်မှတ်နိုင်ပေသည်။
မမြင်ရသော အားလှိုင်းတစ်ခု ကျောက်နံရံမှ ဆင်းသက်လာပြန်ကာ ရီဝူချင်း၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားသည်။ သို့သော် ရီဝူချင်းကား ရွေ့လျားခြင်း မရှိသေးပေ။ သူက နောက်ထပ် နိုဘယ်ပုံရိပ်တစ်ခုကို စိန်ခေါ်လိုနေပုံရသည်။ မျက်လုံးပေါင်းများစွာ၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ကျောက်နံရံတွေင် နိုဘယ်ပုံရိပ်တစ်ခုက ဝေဝါးစွာ ဖြစ်ပေါ်လာပြန်သည်။ သို့သော်လည်း နောက်ဆုံးတွင် ရီဝူချင်းက သက်ပြင်းတစ်ချက် ချကာ ထရပ်လိုက်လျှင် ထိုနိုဘယ်ပုံရိပ်က ပြန်လည် ပျောက်ကွယ်သွားသည်။ သို့တိုင်အောင် လူတိုင်းက ရီဝူချင်း၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ကျိတ်ကာ လေးစား အားကျရပေသည်။
“ချန်းယွီ… ကြည့်ရတာ မင်းတို့နှစ်ယောက်က တောင်တော်ကောင်းတဲ့ ဆက်ဆံရေးမျိုး မဟုတ်လား…” လျိုဖေးယွန်က သူ၏ ညီမအား ကျီစယ်လိုက်သည်။
“အတွေးမလွန်ပါနဲ့…” လျိုချန်းယွီက သူမ၏အစ်ကိုက ဟာသပြောနေသည်ဟု မခံစားမိပေ။
“သူက ဓမ္မအဆင့်ခြောက်ကို ရောက်ခါစပဲ ရှိသေးတယ်… သူ့မှာ အလားအလာ အများကြီး ရှိသေးတယ်…” လျိုဖေးယွန်က ပြောသည်… “ပြီးတော့ သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါနဲ့ ရုပ်ရည်က အရမ်း ထူးခြား ကောင်းမွန်တယ်…”
လျိုချန်းယွီကား ဆွံ့အသွားသည်။ သူတို့က အမှန်တကယ်ကော မောင်နှမရင်းချာ များလား။ သူမအစ်ကို၏ စကားများက ဘာကို ဆိုလိုသနည်း။
မှန်တောင်ကုန်းတွင်ကား အလင်းများ တောက်ပနေဆဲဖြစ်သည်။ ရီဝူချင်းက ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်။ အတန်ကြာလျှင် သူက ပြောသည်… “နယ်မြေတစ်ရာဒေသ၊ ကန်ယီနိုင်ငံမှ ရီဝူချင်း…” မိမိကိုယ်ကို မိတ်ဆက်ပြီးနောက် သူက ကျောက်နံရံရှေ့မှ ပြန်လည် ထွက်ခွာလာသည်။
ကန်ယီနိုင်ငံမှ ရီဝူချင်း။ လူတိုင်းက ထိုအချက်အား မှတ်သားထားကြသည်။ သူက အရှေ့မြေရိုင်းဒေသနှင့် အလွန်ဝေးကွာသော နေရာမှ လာသည်။ နယ်မြေတစ်ရာ ဒေသကား အရှေ့မြေရိုင်းဒေသမှ လူများက တစ်ခါတစ်ရံမှ ကြားဖူးသော နာမည်ဖြစ်သည်။ ရီဝူချင်းက ထိုအချက်အား အဘယ်ကြောင့် သူတို့ကို သိစေလိုသနည်း။
အင်အားကြီး အဖွဲ့အစည်းများက ရီဝူချင်းကို ဖိတ်ခေါ်ရန် ရှေ့ကို တိုးလာစဉ်မှာပင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကလည်း မှန်တောင်ကုန်းသို့ သွားနေသည်ကို သတိထားမိလိုက်ကြသည်။
“သွား…” ရီဖူရှင်းက ညင်သာစွာ ပြောသည်။
ဟွာဂျီယူက ခေါင်းညိတ်ကာ နံရံထံသို့ လှမ်းသွားလိုက်သည်။ ထိုအချိန်တွင်ကား လူတိုင်းက သူမအား ကြည့်နေကြပြီ ဖြစ်သည်။ သူတို့ မျှော်လင့်ထားသော အချိန်သည်လည်း ရောက်ရှိလာပြီဟု သူတို့ စိတ်ထဲမှ ထင်မှတ်နေကြသည်။
မှန်တောင်ကုန်းရှေ့တွင် ဟွာဂျီယူက သူမ၏ ကံစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ကွဲပြား ခြားနားသော ဓာတ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော နိုဘယ်ကံစွမ်းအားများက ကောင်းကင်သို့ ထိုးတက်သွားသည်။ စိတ်နှလုံးများ တုန်ခါလျက် လူတိုင်းက သူမအား ထိတ်လန့်စွာ ကြည့်ကြသည်။ ဟွာဂျီယူထံမှ ဖြာထွက်နေသော ဓာတ်စွမ်းအင် မျိုးစုံပါသော ကံစွမ်းအားကား အဆင့်မြင့် နိုဘယ်ကံစွမ်းအား ဖြစ်သည်။
ဂူဘိုင်ယွီကား မှန်တောင်ကုန်းမှ တစ်ခါမှ ထွက်သွားခြင်း မရှိခဲ့ပေ။ လို့လန်ရွှီကလည်း ဟွာဂျီယူကို ကြည့်နေသည်။ ထိုအခိုက်တွင် ရီဖူရှင်းအား ဟွာဂျီယူက ထိန်းချုပ်ထားခြင်းမှာ သူမ၏ အလှတစ်ခုတည်းကြောင့် မဟုတ်သည်ကို သိနားလည်လိုက်ကြသည်။ ထိုအားကောင်းသော မိန်းမပျိုကား ရီဖူရှင်းက တခြား မိန်းကလေးများကို ဂရုမစိုက်စေသော တရားခံဖြစ်သည်။
လင်းယွီယိုကား မှင်တက်နေသည်။ သူမနှင့် ဟွာဂျီယူကြားမှ ကွာဟချက်က ဤမျှ ကြီးမားသည်လား။ ထိုကောင်စုတ် ရီဖူရှင်းက သူမအားလည်း ကူညီပါက အနည်းဆုံး သူမသည်လည်း နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
လျင်မြန်စွာပင် ပထမဆုံး နိုဘယ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက် ဒုတိယ နိုဘယ်ပုံရိပ် ဖြစ်လာသည်။
လူတိုင်းက တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ခံစားကြရသည်။ ကြီးမားသော တစ်စုံတစ်ရာက ဤနေရာတွင် ဖြစ်ပျက်တော့မည် ဖြစ်သည်။
“အမြန် ကလန်က လူတွေကို အသိပေး…” အင်အားကြီး အဖွဲ့အစည်းမှ တစ်ယောက်က သူ့လူကို လှမ်းပြောသည်။ သူ၏ အဖော်များက တောင်အောက်ကို လျင်မြန်စွာ ဆင်းသွားကြသည်။ သူ၏ အဆင့်အတန်းက ရီဖူရှင်းနှင့် သူ့လူများကို ဆွဲဆောင်ရန် မလုံလောက်ပေ။
“အရမ်း နောက်ကျနေပြီ…” နောက်တစ်ယောက်က ပြောသည်။ ရီဖူရှင်းတို့က ရုတ်တရက် လှုပ်ရှားမည်ဟု မည်သူမှ မထင်မှတ်ထားကြပေ။
မှန်တောင်ကုန်း၏ မျက်နှာပြင်က ပိုမိုလင်းလက်လာကာ နောက်ဆုံးတွင် တတိယ နိုဘယ်ပုံရိပ် ဖြစ်ပေါ်လာသည်။ လူတိုင်း၏ မျက်လုံးများက ပြူးကျယ်လာသည်။ နိုဘယ်ပုံရိပ်သုံးခု ဖြစ်ပေါ်စေနိုင်သော နောက်ထပ် တန်ခိုးရှင်တစ်ယောက် ပေါ်ထွက်လာသည်။ ထို့အပြင် သူမသည်လည်း ဓာတ်စွမ်းအင်မျိုးစုံသုံး မှော်ထိန်းချုပ်သူ ဖြစ်ဟန်တူသည်။
ဟွာဂျီယူကလည်း နိုဘယ်ပုံရိပ်လေးခု ဖြစ်ပေါ်ရန် စိန်ခေါ်သော်လည်း ရီဝူချင်းလိုပင် နောက်ဆုံးတွင် သူမလည်း ကျရှုံးခဲ့ရသည်။
ကျောက်နံရံကို ကြည့်ကာ သူမက ညင်သာစွာပြောသည်… “ကန်ယီနိုင်ငံက ဟွာဂျီယူ…”
ကန်ယီနိုင်ငံမှ နောက်တစ်ယောက်လား။ လူတိုင်းက ထိတ်လန့်သွားသည်။
ရီဒန်ချန်းနှင့် ရီလင်းဇီက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ကန်ယီနိုင်ငံကား မကြာမီ အလွန်ကျော်ကြားသော နိုင်ငံဖြစ်လာတော့မည်။
ဟွာဂျီယူက ရီဖူရှင်း၏ဘေးကို ပြန်ရောက်လာကာ သူ့အား ပြုံးပြသည်။ ထို့နာက် ယူချင်းက ရှေ့ကို တက်သွားကာ ကျောက်နံရံရှေ့တွင် ရပ်လိုက်သည်။ ယူချင်းက သူ၏ နိုဘယ်ကံစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ကြံ့ခိုင်မှု၏ စိတ်အင်အား၊ သတ္တုဓာတ်နှင့် လေဓာတ်များ၏ နိုဘယ်အဆင့် စိတ်အသိများ ထွက်ပေါ်လာသည်။
အဆင့်မြင့် နိုဘယ်ကံစွမ်းအားဖြင့် နောက်တစ်ယောက်လား။ ယူချင်းနှင့် ဟွာဂျီယူတို့ နှစ်ယောက်လုံးက ဓမ္မအဆင့်သုံးမျှသာ ရှိသေးသော်လည်း သူတို့က အဆင့်မြင့် ကံစွမ်းအားကို ပိုင်ဆိုင်နေကြပြီ ဖြစ်သည်။ ထိုအရာက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ကံစွမ်းအားကိုရရှိရန် မည်သည့်အချိန်က ဤမျှ လွယ်ကူခဲ့သနည်း။
မှန်တောင်ကုန်းမှ နံရံက အလင်းရောင်များ ထွက်ပေါ်လာပြန်ကာ ယူချင်းကို လွှမ်းခြုံလာနေသည်။ ချက်ချင်းပင် ပထမ နိုဘယ်ပုံရိပ် ဖြစ်ပေါ်လာသည်။ မကြာမီ ဒုတိယ နိုဘယ်ပုံရိပ် ဖြစ်ပေါ်လာသည်။ ပရိသတ်များက သက်ပြင်း ရှိုက်လိုက်ကြသည်။ သူကတတိယ နိုဘယ်ပုံရိပ်ဖြစ်ပေါ်ရန် ပြဿနာ မရှိနိုင်ပေ။
သူတို့ မျှော်လင့်ထားသလိုပင် တတိယ နိုဘယ်ပုံရိပ်က ပေါ်လာပြန်သည်။ ယခုအချိန်တွင်ကား ယူချင်းအား ကြောက်မက်ဖွယ် ရွှေအိုရောင် စွမ်းအင်များ လွှမ်းခြုံနေသည်။
ယနေ့ ဘာတွေ ဖြစ်ပျက်နေသနည်း။
တောင်ထိပ်ပေါ်မှ လူများအားလုံး ဆွံ့အသွားပြီဖြစ်သည်။ ဂူဘိုင်ယွီ၏ မျက်လုံးများက ပိုမိုလင်းလက် တောက်ပလာသော အချိန်တွင် လျိုချန်းယွီ၏ ရင်ဘတ်များ တုန်ခါနေသည်။ ဤအုပ်စုတစ်ခုလုံးကား ကြောက်မက်ဖွယ် ကောင်းလှပေသည်။
နံရံပေါ်တွင် ဝေဝါးသော နိုဘယ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ဤတစ်ကြိမ်တွင်ကား လူအများက သိပ်အလေး မထားကြတော့ပေ။ ဟွာဂျီယူနှင့် ရီဝူချင်းတို့ကလည်း လေးယောက်မြောက် နိုဘယ်ပုံရိပ်ကို ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့ရသည်။ ဤတစ်ယောက်ကလည်း ထိုသို့ ကျရှုံးမည်ဟု သူတို့ ထင်နေကြသည်။
တဖြည်းဖြည်းဖြင့် စတုတ္ထမြောက် နိုဘယ်ပုံရိပ်က ပိုမို ကြည်လင် ပြတ်သားလာသည်တွင် လူတိုင်းက အမူအရာများ တစ်ဖန်ပြန်လည် လေးနက်လာသည်။
“ကြည့်လိုက်…” ပရိသတ် တစ်ယောက်က ပြောသည်။
ထိုအရာက မဖြစ်နိုင်ပေ။
လူတိုင်းက ကျောက်နံရံကို ကြည့်နေကြသည်။ နံရံပေါ်မှ လေးယောက်မြောက် နိုဘယ်ပုံရိပ်ကား ပိုမို ထင်ရှားလာသည်။ ထို့နောက် လူတိုင်း၏ ရှေ့မှောက်တွင်ပင် နိုဘယ်ပုံရိပ်လေးခုက ဖြစ်ပေါ်လာသည်။
ဒါက …
လူအများအပြားက ထိတ်လန့် သွားကြသည်။ နိုဘယ်ပုံရိပ်လေးခု ဖြစ်ပေါ်စေသူကား အတော်ဆုံးဟု ပြောရမည်ဖြစ်သည်။ ယခု ယူချင်းကလည်း ထိုသို့ လုပ်နိုင်သည်။ ထို့အပြင် သူ၏ တန်ခိုးအဆင့်မှာ ဓမ္မအဆင့်သုံးမျှသာ ရှိသေးပေသည်။
“ကန်ယီနိုင်ငံက ယူချင်း…” သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ လူတိုင်းက ထခုန်မိ မတတ် ဖြစ်သွားသည်။
ကန်ယီနိုင်ငံမှ ရီဝူချင်း…
ကန်ယီနိုင်ငံမှ ဟွာဂျီယူ…
ကန်ယီနိုင်ငံမှ ယူချင်း…
ကန်ယီနိုင်ငံ နာမည်ဖြင့်ချည်းသာ ဖြစ်နေသည်။
***