ဧကရာဇ် သရဖူ ရှောပင်းမောလ်၌…
ကျန်းရှီမြို့၏ ထိပ်တန်း ရှောပင်းမောလ် သုံးခုထဲမှ တစ်ခု ဖြစ်သည့် အားလျော်စွာ ဧကရာဇ် သရဖူ ရှောပင်းမောလ်၌ နာမည်ကြီး နိုင်ငံတကာ ကုန်ပစ္စည်းများနှင့် ပြည့်နှက်လို့ နေသည်။
မွန်ရိုးသည် ဥရောပနှင့် အမေရိကား၌ နာမည်ကြီးသော ဖက်ရှင်တံဆိပ် ဖြစ်ပြီး အဆိုပါ မွန်ရိုး တံဆိပ်၏ ဈေးအနည်းဆုံး အဝတ်အစားကပင် ယွမ် ၁၀,၀၀၀ မက ပေးရသည်။
လင်းလန်က ယဲ့ဖန်၏ လက်မောင်းကို ဖက်၍ မွန်ရိုးဆိုင်ထဲ ဝင်လာသဖြင့် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံလိုက်ရလေသည်။
လင်းလန်သည် လှပ၍ တော်ဝင်ဆန်သည်။ သူမ မိတ်ကပ် မလိမ်းထားလျင် တောင်မှပဲ များစွာသော အမျိုးသမီး သရုပ်ဆောင်များကို မှေးမှိန်သွားစေ၏။
သူမနှင့် ဆန့်ကျင်ဘက် ဖြစ်နေသော ယဲ့ဖန်က အလွန် နွမ်းပါးပုံ ပေါက်သည်။
သူက ချောမောသော်လည်း သူ၏ အဝတ်အစားများက သာမန်ပင် ဖြစ်နေသည်။ သူ၏ အသွင်သဏ္ဌာန်က မွန်ရိုး၏ အထက်တန်းဆန်သော အဝတ်အစားများနှင့် မအပ်စပ်သလိုပင်။
“ကြိုဆိုပါတယ်၊ လူကြီးမင်းနဲ့ မမလေးရှင့်၊ ကျွန်မ ဘာများ ကူညီပေးရမလဲ?”
လှပသော အရောင်းဝန်ထမ်းမလေးက ယဲ့ဖန်နှင့် လင်းလန်အနားသို့ နွေးထွေး ပျူငှာစွာ ပြုံး၍ မေးလာသည်။
လင်းလန်က ခပ်ဖွဖွ ပြုံး၍ ပြောလိုက်သည်။
“ကျွန်မ ချစ်သူအတွက် အဝတ်အစားလေး ကူရွေးပေးပါလား”
*ချစ်သူ*
လှပသော အရောင်း ဝန်ထမ်းမလေးက ယဲ့ဖန်အား တစ်ချက်ကြည့်ကာ သာမန်လူ တစ်ယောက်က သည်လောက် လှပ၍ တော်ဝင်ဆန်သော အမျိုးသမီး၏ အချစ်ကို မည်သို့ မည်ပုံ ရလိုက်တာပါလိမ့်ဟု သိချင် မိသွားသည်။
“ဟုတ်ကဲ့၊ ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပေးပါ”
လှပသော အရောင်းဝန်ထမ်းမလေးက ယဲ့ဖန်ကို ကြည့်နေရာမှ မျက်လုံးလွှဲ၍ သူတို့နှစ်ယောက်ကို ယောကျ်ားလေးဝတ် အဝတ်အစားများ ရှိရာ ဘက်သို့ ခေါ်သွားသည်။
ထိုစဉ် ပထမတန်းစား ဈေးဝယ်သူ တစ်စုက ထို အမျိုးသားဝတ် အဝတ်အစား ရှိရာဘက်၌ အဝတ်များ ရွေးချယ်နေလျက် ရှိသည်။
သူတို့က ယဲ့ဖန်ကို မြင်သည့်အခါတွင် မျက်မှောင် ကြုတ်သွားကြသည်။ သို့သော် သူတို့ လင်းလန်ကို တွေ့သည့်အခါတွင်တော့ မျက်လုံး ပြူးသွားသည်။
“ရော် … ဒါ ကျန်းရှီမြို့ရဲ့ အလှဆုံး ဥက္ကဋ္ဌမလေး မလား? ကုန်းယွင်ဖေး သေသွားပြီးတာနဲ့ နင်က ရည်းစားအသစ်လေး တန်းရသွားတာလား?”
မာရေကျောရေ အသံနှင့် ကလူမြုဆွယ် ဟန်ရသည့် အမျိုးသမီး တစ်ယောက်က သူတို့နားသို့ ရောက်လာပြီး သူမနောက်၌ အလွန် ချောမောသော လူငယ်လေး တစ်ယောက်ပါ လိုက်ပါလာသည်။
ထိုမိန်းမသည် တောက်ပသော လက်ဝတ်ရတနာ များနှင့် ပုလဲတို့ကို ဆင်မြန်းထားပြီး မိတ်ကပ်ကိုလည်း အလွန်အကျွံ လိမ်းလို့ထားသည်။
သူမက လှပသော်လည်း လင်းလန်နှင့်တော့ မည်သို့မျှ ယှဉ်လို့မရ။
ထိုမိန်းမကို မြင်သည်နှင့် လင်းလန်က မျက်မှောင်ကြုတ်ကာ ယဲ့ဖန်ကို ခပ်တိုးတိုး ပြောလိုက်သည်။
“သူမက မော့လီဟုန်ပဲ၊ ကျန်းရှီမြို့ရဲ့ မော့အုပ်စုရဲ့ ဥက္ကဋ္ဌလေ၊ မော့အုပ်စုက လင်းအုပ်စုရဲ့ အကြီးမားဆုံး စီးပွားရေး ပြိုင်ဘက်ပဲ၊ မော့ကလန်က တရုတ်ပြည် တောင်ပိုင်းမှာ ရှိတာ။ မော့လီဟုန်က မော့ကလန် ခေါင်းဆောင်ရဲ့ မွေးစားသမီးလေ”
လင်းလန်၏ မိတ်ဆက်စကားကြောင့် ယဲ့ဖန် ခေတ္တမျှ ကြောင်သွားရသည်။
*မော့ကလန် ခေါင်းဆောင်ရဲ့ မွေးစားသမီးလား*
*ဒါဆို သူက မော့ထောင်ရဲ့ အစ်မပေါ့*
ယဲ့ဖန် မသိမသာလေး ရိသဲ့သဲ့ ပြုံးလိုက်မိသည်။
လင်းလန်က သူမကို အဖတ်မလုပ်သည့်အတွက် မော့လီဟုန်က ထပ်မံ၍ လှောင်ပြောင်လိုက်သည်။
“ဟီးဟီး … အစတုန်းက ဥက္ကဋ္ဌ လင်းလန်က ချစ်ရေးချစ်ရာ ကိစ္စတွေကို စိတ်မဝင်စားတဲ့ နတ်သမီးလေးလို့ ကျွန်မက ထင်နေတာ၊ ရှင်ကလည်း သွေးသား ဆန္ဒနဲ့ မိန်းကလေး တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး၊ ရှင်က ခပ်ချောချော ကောင်လေးကိုတောင် စပြီး မြေတောင် မြှောက်ပေးနေပါလား”
ထို့သို့ပြောပြီး မော့လီဟုန်က ယဲ့ဖန်ကို တစ်ချက် ကြည့်လိုက်သည်။ ယဲ့ဖန်၏ ခပ်နုတ်နုတ် အဝတ်အစား များကြောင့် သူမက အထင်သေးသည့် မျက်နှာထားဖြင့် ထပ်ပြောလာသည်။
“ဒါပေမယ့် ဥက္ကဋ္ဌလင်းရယ်၊ ရှင့်ရဲ့ အမြင်က တော်တော်ကို ဆိုးပါလား။ ဒီလူက သာမန်ရုပ်ရည်နဲ့ အရပ်လည်း မရှည်ဘူး၊ ပြီးတော့ သူ့ အဝတ်အစား တွေကလည်း လမ်းဘေးက သူတောင်းစား သာသာပဲ၊ ဘယ်လောက်တောင် ဆင်းရဲလိုက်လဲ၊ ဥက္ကဋ္ဌလင်းက ဘယ်လိုလုပ် ဒီလောက် သုံးမရတဲ့သူကို သဘောကျနေတာပါလိမ့်”
မော့လီဟုန်၏ မျက်နှာထားက အလွန် အထင်သေး ရှုံ့ချနေသည့်ပုံနှင့် ကြည့်နေ၏။
သို့သော် သူမ စကားဆုံးသည်နှင့် ဖြန်းခနဲနှင့် ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။ သူမ မှင်တက်သွားရသည်။
ထို့နောက် သူမက လင်းလန်ကို တအံ့တဩ ကြည့်လိုက်မိသည်။ လင်းအုပ်စုရဲ့ ဥက္ကဋ္ဌက သူမကို လူကြားထဲ ပါးရိုက်လိမ့်မည်ဟု သူမ ထင်မထားခဲ့မိပါ။
“လင်းလန်၊ နင် …. နင် ငါ့ကို ရိုက်ရဲတယ်ပေါ့လေ?”
လင်းလန်လို အထက်တန်းစား မိန်းကလေးက သူမ၏ ပုံရိပ် ထိခိုက်မှာကို ဂရုမစိုက်ဘဲ သူမကို ပါးရိုက်ရဲလိမ့်မည်ဟု မော့လီဟုန် မမျှော်လင့်ထားခဲ့မိပါ။
“မော့လီဟုန်၊ နင် ငါ့ကို စော်ကားမော်ကား ပြောချင်ပြောလို့ရမယ်၊ ဒါပေမယ့် သူ့ကိုတော့ အဲ့လို ပြောခွင့်မရှိဘူး”
လင်းလန်သည် သူမ၏ သားပေါက်လေးကို ကာကွယ်နေသည့် ခြင်္သေ့မကဲ့သို့ မော့လီဟုန်အား စူးရဲသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
*ဘာရယ်*
ယဲ့ဖန်က လင်းလန်၏ နှလုံးသားထဲတွင် အလွန် အရေးပါသော လူ ဖြစ်နေလိမ့်မည်ဟု မော့လီဟုန် ထင်မထားမိ။
“နင်…”
မော့လီဟုန် အလွန် ဒေါသထွက်ကာ ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်နေသည်။
လင်းလန်က ယောကျ်ားတစ်ယောက်ကို ကာကွယ်ပေးနေသည်ကို မြင်ရသည်မှာ ဒါ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ မယုံနိုင်စရာ မြင်ကွင်းပါလား။
သို့သော် လင်းလန်ကတော့ သူမကို လှည့်၍ပင် ကြည့်မနေဘဲ အနောက်တိုင်း ဝတ်စုံ တစ်ထည်ကို ရွေး၍ ယဲ့ဖန်ကို ပေးလိုက်သည်။
“ဒါလေး စမ်းဝတ်ကြည့်ပါလား”
ယဲ့ဖန်က ခေါင်းညိတ်၍ အဝတ်လဲခန်းထဲသို့ ဝင်သွားသည်။ မော့လီဟုန်က ပို၍ ဒေါသထွက်လာပြီး မာန်မဲလိုက်သည်။
“လင်းလန် မင်းက တော်တော် ဟုတ်နေတယ်ပေါ့လေ၊ ဒါပေမယ့် နင့်ရည်းစားက ဒီအတိုင်း ငမွဲကောင်ပဲ၊ နင် သူ့ကို တောက်ပြောင်လာအောင် ဆင်လည်း နင် သူ့ရဲ့ ပေကျံနေတဲ့ ရုပ်ရည်ကို မဖုံးကွယ်နိုင်ဘူး”
မော့လီဟုန်က ခပ်ချောချော ကောင်လေး၏ လက်ကို ဆွဲကိုင်ကာ ကျေနပ်နေသည့် ဟန်ဖြင့် ပြောလိုက်သည်။
“ဟွန့်… ငါ့ဟင်နရီလေးကမှ ပိုချောသေးတယ်၊ သူက တရုတ်၊အမေရိကန် ကပြားလေ၊ ပြီးတော့ နိုင်ငံတကာ မော်ဒယ်လ်ပေါ့၊ သူက နင့်တောသား ရည်းစားထက် အပုံကြီး သာတယ်”
မော့လီဟုန်က လင်းလန်ကို အင်မတန် မနာလို ဖြစ်နေခြင်း ဖြစ်သည်။ လင်းလန်သာ မရှိခဲ့လျင် သူမက ကျန်းရှီမြို့၏ အလှဆုံး ဥက္ကဋ္ဌ ဖြစ်လာ လိမ့်မည်ဟု သူမကိုယ်သူမ ထင်နေခဲ့သည်။
ယခင်က သူမသည် လင်းလန်ထက် ရုပ်ရည်အရရော ပညာ အရည်အချင်း အရပါ သိမ်ငယ်ခဲ့ရသည်။
ယခုတော့ မော့လီဟုန်သည် ယဲ့ဖန်၏ ရုပ်ရည်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာသည်။
သူမ၏ ချစ်သူက နိုင်ငံတကာ မော်ဒယ်လ် ဖြစ်သည့်အတွက် ယဲ့ဖန်ထက် အဆင့် အများကြီး သာလှပေ၏။
“ဟွန့် … ရယ်တော့ ရယ်ရသား၊ ကျန်းရှီမြို့က အလှဆုံး ဥက္ကဋ္ဌမှာ တောသားပုံ ချစ်သူ ရှိနေတယ်တဲ့၊ ဟီးဟီး… ဒီ သမီးရည်းစား ဆက်ဆံရေးသာ လူကြားထဲ ပျံ့သွားကြည့်ပါလား၊ လူတော်တော်များများက ဟားတိုက် ရယ်မောကြမှာပဲ”
မော့လီဟုန်က လင်းလန်ကို စကားလုံး ကြမ်းကြမ်းနဲ့ ဆက်တိုက် တိုက်ခိုက်နေ၏။
သို့သော် သူမ စကားတောင် မဆုံးသေးခင်မှာပင် အဝတ်လဲခန်းထဲမှ ထွက်လာသည့်သူကြောင့် အံ့ဩ မှင်တက်သွားလေတော့သည်။
မော့လီဟုန် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသလို အနီးအနားရှိ ဈေးဝယ်သူများလည်း သူတို့ လုပ်လက်စ အရာများ အားလုံးမှ ရပ်တန့်ကာ ယဲ့ဖန်အား ငေးမော၍ ကြည့်နေကြသည်။
လူတိုင်း အလွန် ထိတ်လန့် အံ့ဩနေကြသည့် ပုံပင်။
အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသော ယဲ့ဖန်သည် အလွန် စွဲမက်စရာ ကောင်းလှပြီး တော်ဝင်ဆန်လှပေသည်။
သူ၏ ကိုယ်နေဟန်သည် အချိုးအစား ကျနလှ၏။ သူ၏ အနောက်တိုင်း ဝတ်စုံအောက်၌ သူ၏ သန်မာသော ကြွက်သားများကို အထင်းသား မြင်နေရသည်။
ယဲ့ဖန်သည် အလွန်ကို ထင်ပေါ်နေသည့် လူစားမျိုးပင် ဖြစ်သည်။
အနက်ရောင် ဝတ်စုံက သူ့အား အမှောင်ထုထဲ၌ လွှမ်းမိုးနိုင်သော မင်းသားတစ်ပါး ထင်မြင်ရအောင် ပံ့ပိုးပေးသည်။
သူ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်းတွင် မြေအောက်ကမ္ဘာ၌ တိုင်းခန်းလှည့်လည်နေသည့် ဘုရင်တစ်ပါးဟု ထင်ရကာ သူ့ထံမှ ထွက်ပေါ်လာသည့် ချီဓာတ်ကြောင့် လူတိုင်းကို ကြောက်ဒူးတုန်လာစေသည်။
အသာပြုံးနေသော ယဲ့ဖန်သည် နတ်ဆိုးဆန်၍ ညှို့ယူ ဖမ်းစားနိုင်လွန်းလှ၏။
“တ … တအား ချောတာပဲ”
ဖြူစင် ချောမောလှသည့် သူဌေးသမီးလေးများ အားလုံး ရင်ဖိုလာကြ လေတော့သည်။ ရုပ်သံ အစီအစဉ်များမှ မော်ဒယ်လ်များသည် ယဲ့ဖန်နှင့် ယှဉ်လိုက်လျင် နံ့သာဆီနဲ့ အီးလို ဖြစ်သွားသည်။
သူ၏ လွှမ်းမိုးနိုင်သော သွင်ပြင်ကြောင့် မိန်းမထုကြီး တစ်ခုလုံး ရင်ခုန် လာကြသည်။
လင်းလန်တောင်မှ တအံ့တဩနှင့် သူမ ပါးစပ်ကို လက်လေးဖြင့် အုပ်လိုက်မိသည်။
ယဲ့ဖန် သည်လောက် ချောမောလိမ့်မည်ဟု သူမ ထင်ထားခဲ့မိပြီးသားပါ။
“မဖြစ်နိုင်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး။ လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်က ဒီလောက် များများ ပြောင်းလဲသွားနိုင်လို့လား”
မော့လီဟုန် ထိတ်လန့်တကြားဖြင့် ကိုယ့်မျက်လုံးကိုယ် ပွတ်လိုက်မိသည်။
ယခင်က သူမချစ်သူသည် ယဲ့ဖန်ထက် အဆမတန် သာလွန် ချောမောသော်လည်း ယခုတော့ ဆန့်ကျင်ဘက် ဖြစ်လို့သွားချေပြီ။
ကြော့ကြော့မော့မော့၊ မျက်နှာထားတင်းတင်းနှင့် နှုတ်ခမ်းတွန့်ရုံလေး ပြုံးကာ ကိုယ်တစ်ပတ် လှည့်လိုက်သည်ကြောင့် မိန်းကလေး ပေါင်းများစွာ၏ နှလုံးသား တည့်တည့်သို့ အချစ် မြှားလေးတစ်စင်း စိုက်ဝင် သွားသကဲ့သို့ ဖြစ်သွားလေတော့သည်။
*ဆွဲဆောင်မှု ရှိလိုက်တဲ့ ယောကျ်ားပါလား*