Switch Mode

အပိုင်း (၂၀၆)

တောင်ဝင်ချန်ကျောင်းတော်မှ အကြံအစည်

တောင်ထိပ်ပေါ်တွင် မျက်လုံးပေါင်းများစွာက ကြောက်မက်ဖွယ် ကောင်းအောင် လှပသော မိန်းကလေးကို ကြည့်နေကြသည်။ ညင်သာသော အသံလေးက သူတို့၏ နှလုံးသားများအား နူးညံ့စေသည်။ ရီဖူရှင်းက သူမ ရှိပါလျက်နှင့် တခြား မိန်းကလေးများကို စိတ်ကစားနေစရာ လိုသေးသလော။

လူတိုင်းက ရီဖူရှင်းအား မနာလိုခြင်း အားကျခြင်း များစွာဖြင့် ကြည့်ကြသည်။ သို့သော် ရီဖူရှင်း၏ ချောမောသော မျက်နှာနှင့် ပါရမီအရ သူတို့က အမှန်ပင် လိုက်ဖက်လှသည်ကို ဝန်ခံရမည် ဖြစ်သည်။ ထိုအရာက သူတို့က အတူတူရှိရန် မွေးဖွားလာသည့် အလားပင်။

လို့လန်ရွှီက ထိုမြင်ကွင်းကို မြင်လျှင် သူမ၏ ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ သူမ၏ အမေက ခံစားချက်က အချိန်နှင့်အမျှ တိုးတက် ဖြစ်ပေါ်လာမည်ဟု ပြောသည်။ ယောက်ျားများက သစ္စာတရား ကင်းမဲ့ကြသလို သူမကလည်း အလွန် ချောမောလှပသည်။ ရီဖူရှင်းက သူချစ်သော မိန်းကလေးကို လျင်မြန်စွာ မေ့ပျောက်သွားမည်ဟု ပြောခဲ့သည်။ ထိုအချိန်က သူမက သိပ်မတွေးဖြစ်သော်လည်း သူမ၏ အမေပြောသည်မှာ မှန်ကန်သည်ဟု ထင်မှတ်ခဲ့မိသည်။

သို့သော် သူမ၏အမေ မှားယွင်းခဲ့သည်ကို လို့လန်ရွှီ သိလိုက်သည်။ သူ ချစ်နှစ်သက်သော မိန်းကလေးကား သူမ မျှော်လင့်ထားသည်ထက် အလွန်အမင်း သာလွန်နေသည်။ သူမက ရီဖူရှင်းအား လို့လန်ရွှီနှင့် လက်ထပ်ရန် မည်မျှ အတင်းအကျပ် စေခိုင်းပါစေ သူက ငြင်းပယ်သည်မှာ မထူးဆန်းတော့ပေ။

ဟွာဂျီယူ၏ နောက်မှ ရီလင်းဇီနှင့် ရီဒန်ချန်းတို့က အပြန်အလှန် ကြည့်လိုက်ကြသည်။ သူတို့ ခန့်မှန်းထားသလို အခြေအနေက ဖြစ်မလာခဲ့ပေ။ ထိုအစား ဟွာဂျီယူ၏ ညင်သာသော အသံလေးက လူတိုင်းအား အရည်ပျော်ကျစေသည်။

ရီလင်းဇီက အသာအယာ ပြုံးလိုက်သည်။ ဟွာဂျီယူကဲ့သို့သော မိန်းကလေးကသာ ရီဖူရှင်းကို ထိန်းချုပ်နိုင်သည်။

ရီဖူရှင်းက သူ၏ရှေ့မှ လှပသော မျက်လုံးများကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားကား အရည်ပျော်သွားပြီ ဖြစ်သည်။ လက်ဆန့်တန်းကာ ဟွာဂျီယူ၏ လက်တစ်ဖက်အား ဆွဲလျက် ပြောသည်… “ငါလည်း နင့်ကို လွမ်းတယ်…” သူက အမှန်ကို ပြောနေခြင်း ဖြစ်သည်။ သူက နှစ်ဟောင်းမကုန်မီ အရာအားလုံးကို ပြီးပြတ်အောင် လုပ်ကာ ကန်ယီနိုင်ငံကို ပြန်ရန် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း သူမက စွန့်စားလျက် ရှေးဟောင်းမြေရိုင်းဒေသကို လာရောက်မည်ဟု မထင်မှတ်ထားပေ။

ဟွာဂျီယူက ချိုမြန်စွာ ပြုံးလိုက်သည်။ ထို့နောက် သူမက ဘေးမှ ဂူဘိုင်ယွီနှင့် လို့လန်ရွှီကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာက အနည်းငယ် ညှိုးငယ်သွားကာ ပြောသည်… “ငါတစ်ခုခု မှားတာ လုပ်မိလို့လား….” သူမက အသာအယာ ခေါင်းမော့ကာ မေးသည်။

“မဟုတ်လား…” ရီဖူရှင်းက သူ၏ နှလုံးသားမှ လာသော နူးညံ့မှုကို ခံစားရကာ ချက်ချင်း ဖြေသည်။

“အင်း…” ဟွာဂျီယူက ကျေနပ်သွားဟန်ဖြင့် တောက်ပစွာပြုံးလျက် ပြောသည်… “ဒါဆို နင်လိုချင်တာ ငါ့ကိုပြော… ငါ သဘောတူပေးမယ်…”

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်လျက် ဂူဘိုင်ယွီကို ကြည့်လိုက်သည်… “သူမက ဂူဘိုင်ယွီပဲ… သူမက ငါ့ကို စိန်ခေါ်ပွဲမှာ ရှုံးနိမ့်ပြီးတော့ အစေခံလုပ်ဖို့ သဘောတူခဲ့တယ်… ဒါပေမဲ့ သိပ်ပြီးတော့ မရိုကျိုးဘူး… ခုနက သူမပြောတာကို စိတ်ထဲမထားနဲ့… သူမက တမင်ပြောတာ….”

“အင်း… နင် ရှင်းပြစရာ မလိုဘူး… ငါနားလည်တယ်….” ဟွာဂျီယူက ညင်သာစွာ ပြောသည်။

ဂူဘိုင်ယွီက ဟွာဂျီယူအား ကြည့်လိုက်သည်။ သူမ၏အလှက သူ့အား အဘယ်ကြောင့် သက်ရောက်နိုင်စွမ်း မရှိသည်ကို ဂူဘိုင်ယွီ နားလည်လိုက်သည်။ သူမက ဆွဲဆောင်မှု မရှိသောကြောင့် မဟုတ်ဘဲ တစ်စုံတစ်ယောက်က သူမထက် အလွန်အမင်း ဉာဏ်များသောကြောင့်ပင်။

“မင်းကို မလိုတော့ဘူး… စိန်ခေါ်မှုကို မေ့လိုက်တော့… မင်းသွားလို့ရပြီ…” ရီဖူရှင်းက ဂူဘိုင်ယွီကို ပြောသည်။

ဂူဘိုင်ယွီက သူ့အား သနားစဖွယ် ကြည့်သည်…. “နင်က ငါ့ကို ဒီလိုပဲ စွန့်ပစ်တော့မှာလား…”

“ထွက်သွား…” ရီဖူရှင်း၏ မျက်နှာ မည်းမှောင်သွားသည်။ သူမက တမင် ပြဿနာဖြစ်အောင် လုပ်နေသည်လား။

ဂူဘိုင်ယွီက ပြုံးလျက် သူ့အား ပြောသည်… “ကောင်းပြီ… နင့်သဘောပဲ…” ထို့နောက် သူမက ဟွာဂျီယူအား တစ်ချက်ကြည့်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။

“ငါက လို့လန်ရွှီကို လို့လန်မြို့မှာ တွေ့တာ… ရှေးဟောင်းနယ်မြေမှာ ငါတို့က ပူးပေါင်းခဲ့တယ်… လင်းယွီယိုကိုတော့ ငါက ချန်းမုန်မြို့မှာ တွေ့ခဲ့တာ… ဒါကြောင့် ရှေးဟောင်းမြေရိုင်း ဒေသမှာ အတူတူ လေ့ကျင့်ခဲ့ကြတယ်…” ရီဖူရှင်းက ရိုးသားစွာ ရှင်းပြသည်။

“ကောင်းပြီ…” ဟွာဂျီယူက ညင်သာစွာ ပြုံးလျက် ပြောသည်… “ဒီမှာ နိုဘယ်ကံစွမ်းအား အရင်းအမြစ်တွေ အများကြီးရှိတယ်လို့ ငါကြားထားတယ်… လမ်းမှာလည်း ငါက အများကြီး တွေ့ခဲ့ပြီးတော့ တော်တော် တိုးတက်လာတယ်… ငါ့ကို သင်ပေး…”

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်… “ဒီရုပ်တုတွေက ကွဲပြားတဲ့ ဓာတ်စွမ်းအင်တွေရဲ့ နိုဘယ်စိတ်အသိတွေ ရှိတယ်… နင့်မှာ နိုဘယ်ကံစွမ်းအား ရှိပြီလား… မရှိသေးရင် ငါတို့ တစ်နေရာကို သွားပြီးတော့ ယူလို့ရတယ်….”

“ရလုနီးပါးပဲ… ငါက ချန်းမုန်မြို့အနီးက နိုဘယ်လိုဏ်ဂူကိုလည်း ရောက်ခဲ့တယ်… နင်တို့သုံးယောက်က အဲဒီမှာ တော်တော် လှုပ်ခတ်သွားအောင် လုပ်ခဲ့တယ် ကြားတယ်…” ဟွာဂျီယူက ပြောသည်။

“နင်က ဂူထဲကို ရောက်ခဲ့လား…” ရီဖူရှင်းက မေးသည်။

“အင်း… ” ဟွာဂျီယူ ခေါင်းညိတ်သည်။

“ငါ့ရဲ့မြေခွေးမက အရမ်းတော်တာပဲ…” ရီဖူရှင်းက ရယ်မောလိုက်သည်… “တစ်နေရာကို သွားပြီး ကံစွမ်းအား သွားယူရအောင်… ပြီးမှ ဒီကို ပြန်လာမယ်…”

“နင့်သဘောပဲ…” ဟွာဂျီယူက ပြန်ပြောသည်။ သူတို့က လက်ချင်းတွဲလျက် တခြား တစ်နေရာသို့ သွားကြသည်။

လူတိုင်းက သူတို့အား ဆွံ့အစွာ ကြည့်နေကြသည်။ သူတို့က နှစ်ယောက်တည်း တစ်ကမ္ဘာဟုများ ထင်နေကြသည်လား။ ယူချင်းကလည်း သူတို့အား ကြည့်သည်။ သူကား ထိုအရာများနှင့် အသားကျနေပြီ ဖြစ်ကာ သိပ်ထူးဆန်းဟန် မပြတော့ပေ။

လျိုချန်းယွီက ထူးဆန်းစွာ ကြည့်သည်။ ရီဖူရှင်းနှင့် ဟွာဂျီယူက အမှန်ပင် တခြားတစ်နေရာကို သွားကာ တန်ခိုးကျင့်ကြသည်။ ရီဖူရှင်းက ဟွာဂျီယူအား လမ်းညွှန်ပြသကာ သူမအား  ဉာဏ်အလင်း ရစေရန် ကူညီသည်။ ဂူဘိုင်ယွီနှင့် လင်းယွီယိုတို့က မျက်နှာညှိုးငယ်စွာဖြင့် ထိုမြင်ကွင်းကို ကြည့်နေကြသည်။ ကွာဟချက်ကား ကြီးမားလွန်းလှသည်။ ရီဖူရှင်းက မည်သူ့ကိုမှ ဤမျှ ကောင်းမွန်စွာ မဆက်ဆံပေးဖူးပေ။

“သူ ငါတို့ကို မြင်လား…” ရီဒန်ချန်းက ရီလင်းဇီကို မေးသည်။

“မြင်တယ်…” ရီလင်းဇီက ရယ်မောလျက် ပြောသည်။ “ဒါပေမဲ့ သူ့မှာ ငါတို့ကို စကားပြောဖို့ အချိန်မရှိဘူး ဖြစ်နေတယ်…”

ရီဒန်ချန်း စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူတို့က အဝေးကြီးမှ လာခြင်းဖြစ်သည်။ ထိုအရာက လွယ်ကူသည်တော့ မဟုတ်ပေ။ သို့သော် သူတို့ကား ဘေးဖယ်ခံထားရ၏။ ရီဖူရှင်းကား သူတို့ကို နှုတ်ဆက်ဖော်ပင် မရပေ။ ရီဒန်ချန်း ဝမ်းနည်းသွားသည်။

“ဟင်း… ငါတို့လည်း တန်ခိုးကျင့်ရအောင်… ဒီနေရာမှာ ကံစွမ်းအား အရင်းအမြစ်တွေ အများကြီးပဲ…” သူက သက်ပြင်းချလျက် ပြောသည်။ သူက ဟွာဂျီယူကဲ့သို့ အရေးပေးခံရရန် မျှော်လင့်ချက် မရှိပေ။ သူက တစ်ယောက်တည်း တန်ခိုးကျင့်ရုံမျှသာ တတ်နိုင်သည်။

ဟွာဂျီယူ၏ သက်စောင့်ဝိညာဉ်ကား တော်ဝင်အကြံပေးဆရာ၏ အကူအညီဖြင့် ပိုမို အားကောင်းလာကာ ဆင့်ကဲ ပြောင်းလဲသွားသည်။ သူမ၏ ပါရမီကလည်း ပိုမို အားကောင်းလာသည်။ ဓာတ်စွမ်းအားမျိုးစုံသုံး မှော်ထိန်းချုပ်သူဖြစ်ကာ စိတ်ဝိညာဉ်စွမ်းအားကို အထူးပြုလေ့ကျင့်သော သူမက ထိုးထွင်း သိမြင်နိုင်စွမ်းအား အလွန်မြင့်သည်။ ထို့ကြောင့် ရီဖူရှင်း၏ အကူအညီဖြင့် သူမက နိုဘယ်ကံစွမ်းအားကို လျင်မြန်စွာ ဖန်တီးနိုင်ခဲ့သည်။ ထိုအရာက သူမက ယခင်ကတည်းက ကံစွမ်းအား အများအပြားကို စုဆောင်း ထားနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ သို့သော် ရီဖူရှင်းအတွက်မူကား ထိုမျှလောက်ဖြင့် မလုံလောက်ပေ။ သူက ဟွာဂျီယူအား တခြား ရုပ်တုများထံသို့ ခေါ်သွားကာ ဆက်လက်၍ ဆင်ခြင်လေ့လာစေသည်။ သူမက ကွဲပြားခြားနားသော နိုဘယ်စိတ် အသိများကို လေ့လာ ဆင်ခြင်ခြင်းဖြင့် နေ့စဉ် သိသာစွာ တိုးတက်လာသည်။ ထို့အတူ ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့ကလည်း မိုမိုတိုးတက်လာကာ စွမ်းအားများ မြင့်လာကြသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ရီဖူရှင်းနှင့် ရှောင်ဝူကျိတို့ကြောင့် ဖြစ်သွားသော လှုပ်ခတ်မှုများကား တဖြည်းဖြည်း ငြိမ်သက်သွားပြီ ဖြစ်သည်။ ထိုကိစ္စအား ပြောဖြစ်သော လူများလည်း ပိုမို နည်းပါးလာသည်။ ရီဖူရှင်းကလည်း သူ၏ ချစ်သူနှင့် အလုပ်များနေပြီး တခြားအရာများကို တွေးရန် အချိန်မရှိပေ။ သူက မှန်တောင်ကုန်းကို သွားရန် အရိပ်အယောင် မပြသသေးပေ။

***

ထိုထည်ဝါ ခမ်းနားသော တော်ဝင်ချန်ကျောင်းတော်ကား တိမ်အများကြားတွင် ရှိသလို ထင်ရသည်။ ထိုအခိုက်တွင် လူငယ်တစ်ယောက်က အဆောင်၏ ထောင့်တစ်နေရာတွင် သူ၏ လက်များကို တင်ပါးတွင် ချိတ်လျက် ရပ်နေသည်။ သူက တိမ်များ ရွေ့လျားနေသည်ကို ကြည့်နေသည်။ သူက ပိုမိုမြင့်မားသော နေရာတွင် ရပ်လေလေ အဝေးကို မြင်လေလေ ဖြစ်သည်။ တော်ဝင်ချန်ကျောင်းတော်တွင် ရပ်လျက် အောက်ကို ငုံ့ကြည့်ရခြင်းက သူ၏ နှလုံးသားအား ပိုမိုငြိမ်သက်စေသည်။ တစ်စုံတစ်ယောက်အား ကြီးမြတ်မှုကို ပေးသည်။

“ဂျန်လန်… ဘာလုပ်နေတာလဲ…” အသံတစ်သံ ထွက်ပေါ်လာသည်။ လူငယ်က လှည့်ကြည့်လိုက်လျှင် ချောမောလှပသော မိန်းကလေးတစ်ဦးက သူ့ထံ လျှောက်လာသည်ကို မြင်သည်။ သူမက လျိုဂျန်လန်အား ညင်သာစွာ ကြည့်သည်။

“တစ်စုံတစ်ခုကို တွေးနေတာ…”  လျိုဂျန်လန်က ပြောသည်။

“နင်က သိပ်မကြာခင်ကပဲ တံခါးပိတ်လေ့ကျင့်တာက ထွက်လာပြီးတော့ တန်ခိုးအဆင့် အသစ်ကိုလည်း တက်ရောက်ထားတယ်… ဘာကို စိုးရိမ်နေတာလဲ…” မိန်းကလေးက ပြောသည်။

လူငယ်ကား နန်ဒူနိုင်ငံ၏ အိမ်ရှေ့စံမင်းသား လျိုဂျန်လန်ဖြစ်သည်။ တော်ဝင်ချန်ကျောင်းတော်ကို လာရောက် တန်ခိုးကျင့်ပြီးနောက် သူက အိမ်ရှေ့စံ မင်းသားတစ်ပါး ဖြစ်ရသည်ကို သိပ်စိတ်ဝင်စာခြင်း မရှိတော့ပေ။ ထိုနေရာက သူနှင့် သက်ဆိုင်သည် မှန်သော်လည်း ထိုနေရာကား တခြား မင်းသားတစ်ပါးကို ပေးနိုင်သည်ကို နန်ဒူနိုင်ငံမှ လူတိုင်းက သိသည်။

ပြင်ပလောကကြီးကား အလွန်ကျယ်ပြောသည်။ အရှေ့မြေရိုင်း ဒေသတွင်ကား အင်အားကြီး အဖွဲ့အစည်း အများအပြားရှိကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယှဉ်ပြိုင် တိုက်ခိုက်ကြသည်။ ပါရမီရှင်များကား နေရာတိုင်းတွင် ရှိသည်။ နိုင်ငံငယ်တစ်ခု၏ ဧကရာဇ်ဖြစ်ရခြင်းက သူ့အား စိတ်ကျေနပ်မှု မပေးနိုင်တော့ပေ။ ယခု သူကား အကာနာအဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ မကြာမီ နိုဘယ်အဆင့်ကို ရောက်တော့မည် ဖြစ်သည်။ နန်ဒူနိုင်ငံကား သူ့အတွက် ဘာမှ မဟုတ်တော့ပေ။

လျိုဂျန်လန်က မိန်းကလေးကို ပွေ့ဖက်လိုက်ကာ တိမ်များကို တစ်ဖန် ကြည့်လိုက်ပြန်သည်။ သူက ရေရွတ်လိုက်သည်… “ဒီနှစ်ကုန်ရင် ငါ အိမ်ပြန်ရမယ်… တချို့ကိစ္စတွေကို မဖြေရှင်းရသရွေ့ ငါစိတ်ချမှာ မဟုတ်ဘူး…”

“ကိစ္စရှိလို့လား….” မိန်းကလေးက သူ့အား ကြည့်ကာ ပြောသည်… “ကောင်းကင် အဆင့်က လူက နင့်ကို ဘယ်လိုလုပ် စိတ်ပူစေရတာလဲ… သူ့ကို သတ်လိုက်ရင် မရဘူးလား…”

“သူက ပါရမီမြင့်တယ်… အခု ရှေးဟောင်းမြေရိုင်း ဒေသက ဖွင့်လှစ်ထားပြီးပြီ… သူက အဲဒီမှာ လေ့ကျင့်ပြီးတော့ နိုဘယ်ကံစွမ်းအားကို ရရင် အင်အားကြီး အဖွဲ့တစ်ခုခုကို ရောက်သွားနိုင်တယ်…” လျိုဂျန်လန်က ပြောသည်။

“သူက ဘယ်လောက်ပဲ ပါရမီကောင်းပါစေ နင်စိုးရိမ်စရာ မလိုဘူး….” မိန်းကလေးက ပြုံးလိုက်သည်… “တကယ်လို့ နင်စိုးရိမ်တယ်ဆိုရင် အဖေ့ဆီက လူနည်းနည်း တောင်းပြီး အဲဒီကို သွားကြရအောင်… နိုင်ငံငယ်ရဲ့ ဧကရာဇ်က ဘယ်လိုလုပ် ငါတို့ကို တားလို့ရပါ့မလဲ…”

“ငါ့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စကြောင့် သူ့ကို မနှောင့်ယှက်ပါနဲ့… ဒီတစ်ကြိမ် ငါက ကိုယ့်ဘာသာ သွားလိုက်မယ်…” လျိုဂျန်လန်က ပြောသည်။

“ဒါဆို အဖေ့ကို ငါနဲ့ လူတချို့ကို နင်နဲ့ လိုက်ဖို့ ပြောလိုက်မယ်… ငါတို့က နင့်ကို ကူညီမယ်….” သူမက ညင်သာစွာ ပြောသည်။

“ဆရာက သဘောတူပါ့မလား…” လျိုဂျန်လန်က စိုးရိမ်စွာ ပြောသည်။

“အဖေက နင့်ကို ချစ်ပါတယ်… သူက သဘောတူမှာ သေချာတယ်… နင်က နိုဘယ်အဆင့်ကို ရောက်တဲ့အခါ ငါတို့ လက်ထပ်ကြမယ်… အဲဒီအချိန်ကျရင် အဖေက ငြင်းမှာ မဟုတ် လောက်တော့ဘူး….” မိန်းကလေးက ပြောလျှင် လျိုဂျန်လန်က ခေါင်းညိတ်သည်။

“တကယ်လို့ သူက သဘောမတူရင် နင် မေ့ထားလို့ရတယ်….”

“သူ ငြင်းမှာ မဟုတ်ဘူး….” မိန်းကလေးက လျိုဂျန်လန်၏ လက်မောင်းပေါ်တွင် မှီတွယ်ရင်း ပြောသည်။ လျိုဂျန်လန်က သူ၏ ထက်ရှသော မျက်လုံးများဖြင့် ကောင်းကင်မှ တိမ်စိုင် တိမ်တိုက်များကို ဆက်လက်၍ စိုက်ကြည့်နေသည်။ သူက တန်ဖန်းပွဲတော်မှ မောက်မာသော လူငယ်ကို ပြန်တွေးမိသည်။ သူတို့က ဘယ်လို အခြေအနေရှိသလဲ။ သူတို့က ရှေးဟောင်းမြေရိုင်း ဒေသတွင်လား။ သူတို့၏ ပါရမီဖြင့် ထိုနေရာတွင် အချိန်နည်းနည်းမျှဖြင့် အလွန် စွမ်းအားမြင့်လာ နိုင်သည်။

ဝမ်းနည်းစရာက သူတို့က ဤထက် စွမ်းအားကြီးလာစရာ အကြောင်းမရှိတော့။ ဤတစ်ကြိမ်တွင် သူတို့က ဘာမှ ဖြစ်မလာသေးခင် ထိုကိစ္စကို အဆုံးသတ်ရမည် ဖြစ်သည်။ သူက ထိုမွေးဖွားလာခါနီးသော အန္တရာယ်ကို သတ်ပစ်ရမည် ဖြစ်သည်။

သူက တော်ဝင်ချန် ကျောင်းတော်ကို ဝင်ရောက်ပြီး ကတည်းက  ပြင်းထန်စွာ လေ့ကျင့်ခဲ့သည်။ သူက အရူးအမူး လေ့ကျင့်ခဲ့ကာ သူ့ဆရာ၏ သမီးကိုပင်လျှင် ရယူနိုင်ခဲ့သည်။ တောင်ဝင်ချန် ကျောင်းတော်တွင် အလွန်အမင်း အားကောင်းသော တန်ခိုးရှင်များ ရှိသည်။ သူက အမြင့်ကို မှန်းထားလျှင် သူက ကြိုးစားရမည် ဖြစ်သည်။

လပေါင်းများစွာ ကြာအောင် တံခါးပိတ် လေ့ကျင့်ပြီးနောက်က သူ၏ တန်ခိုးအဆင့်က အကာနာကို ရောက်လာသည်။ သူကား နိုဘယ်အဆင့်ကို ရောက်ရန် လှေကားထစ် တစ်ထစ်ကို တက်လှမ်းနိုင်ခဲ့ပြီး ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset