ဝမ်ပေါင်လဲ့၏ ဖောက်ထွက်မှုလုပ်ငန်းစဉ်ကြောင့် ထွက်ပေါ်လာသည့် စွမ်းအားပမာဏမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလောက်အောင် များပြားနေခြင်း မရှိပါသော်လည်း တားမြစ်နယ်မြေထဲတွင် ဝိညာဉ်စွမ်းအင်များ မြင့်တက်လာဆဲပင်။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားကြသဖြင့် စစ်သင်္ဘောကြီးထဲတွင် အလုပ်လုပ်နေကြသည့် ကျင့်ကြံသူများမှာ အံ့ဩတုန်လှုပ်သွားရတော့သည်။
မဟာထိပ်သီးအကြီးအကဲကြီးနှင့် ယွမ်ယင်အဆင့် အကြီးအကဲကြီး ခြောက်ယောက်မှာလည်း ထိုကဲ့သို့ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည့် ဖောက်ထွက်မှုအား အာရုံခံမိလိုက်သောအခါ အံ့အားသင့်သွားကြသည်။ သူတို့ထဲတွင် မဟာထိပ်သီးအကြီးအကဲကြီးမှာမူ အရင်ဆုံး သတိပြန်ကပ်သွား၏။ ထို့နောက် သူသည် ချက်ချင်းပင် တည်နေရာပြောင်းရွှေ့လာပြီး အဖွဲ့နံပါတ်ခုနစ်၏ အထက်တွင် ပေါ်ပေါက်လာတော့သည်။ သူသည် ခေါင်းငုံ့လိုက်ပြီးနောက် အလုပ်ရုံများထဲမှ တအံ့တဩနှင့် ပြေးထွက်လာကြသည့် အဖွဲ့နံပါတ်ခုနစ်၏ အဖွဲ့ဝင်များကို လျစ်လျူရှုလိုက်ကာ သူ၏ အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်လိုက်၏။ ထိုအခါ သူသည် ဝမ်ပေါင်လဲ့ ရှိနေသည့်အခန်းအား ချက်ချင်း သတိထားမိသွားတော့သည်။
မဟာထိပ်သီးအကြီးအကဲကြီးမှာ သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် မျက်လုံးများ ပြူးသွားရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။
” လုံနန်ကျစ်ပါလား။ သူက ဖောက်ထွက်သွားတာလားဟ ”
မဟာထိပ်သီးအကြီးအကဲကြီးမှာ ထိုအခန်းထဲတွင် ဖြစ်ပျက်နေသည့်အရာများကို ရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်စွမ်းရှိနေသည်။ ဝမ်ပေါင်လဲ့မှာ ထိုအခန်းထဲတွင် ထိုင်နေပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ယွမ်ယင်အဆင့် စွမ်းအင်များအဖြစ် စုစည်းနေကြ၏။ မဟာထိပ်သီးအကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့၏ ရွှေရောင်အမြုတေ ကွဲအက်သွားပြီး သူ၏ ယွမ်ယင်ဝိညာဉ် ပေါ်ပေါက်လာနေသည်ကို အာရုံခံမိနေသည်။
ထို့နောက် အကြီးအကဲကြီး ခြောက်ယောက်မှာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏။ သူတို့မှာလည်း လက်ရှိတွင် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နေသည့်လူမှာ လုံနန်ကျစ်ဖြစ်ကြောင်း သိလိုက်ရသောအခါ မဟာထိပ်သီးအကြီးအကဲကြီးနည်းတူ အံ့အားသင့်သွားကြ၏။
ယခင်တုန်းက လုံနန်ကျစ်မှာ သာမန်အရည်အချင်းသာ ရှိသော ဂိုဏ်းသားတစ်ယောက် ဖြစ်ခဲ့သည်။ သူသည် အသက်ငယ်ရွယ်စဉ်တုန်းက အခွင့်အရေးမျိုးစုံ ရရှိခဲ့သည့်တိုင်အောင် အမြုတေအဆင့်သို့သာ ရောက်ရှိနိုင်ခဲ့၏။ သူသည် ယွမ်ယင်အဆင့်အား လုံးဝမရောက်နိုင်တော့သည့် အခြေအနေတွင် ရှိနေခြင်း မဟုတ်ပါသော်လည်း ထိုသို့ ဖောက်ထွက်နိုင်မည့် ရာခိုင်နှုန်းမှာ သူ့အတွက် အလွန်အင်မတန်မှ နည်းပါးပေသည်။
အစတွင် သူတို့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြပါသော်လည်း သေသေချာချာ စဉ်းစားတွေးတောကြည့်လိုက်၏။ လုံနန်ကျစ်မှာ အသက်ကြီးသောအခါမှ အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်တွင် ဉာဏ်အလင်းပွင့်သွားခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုဉာဏ်အလင်းပွင့်မှုမှာ သူ၏ ကျင့်ကြံခြင်းအဆင့်အား ဖောက်ထွက်သွားအောင် တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့ခြင်း ဖြစ်နိုင်ပေသည်။
မဟာထိပ်သီးအကြီးအကဲကြီးနှင့် ယွမ်ယင်အဆင့် အကြီးအကဲကြီးများ အားလုံးမှာ လုံနန်ကျစ်တစ်ယောက် အဆောင်ပစ္စည်းသန့်စင်ခြင်း ပညာရပ်တွင် ရုတ်ခြည်းဆိုသလို တိုးတက်လာခဲ့သည်ကို သိထားကြပြီးဖြစ်၏။ ထို့အပြင် သူတို့မှာ မည်သည့် အထူးတဆန်း ကိစ္စရပ်ကိုမှ သတိမထားမိခဲ့ပေ။ လုံနန်ကျစ်မှာလည်း ယခင်တုန်းကအတိုင်း ဖြစ်နေဆဲပင်။ သူ၏ ဝိညာဉ်၊ အပြင်ခန္ဓာကိုယ်နှင့် အငွေ့အသက်ကိုကြည့်လျှင် သူသည် တခြားတစ်စုံတစ်ယောက်၏ အစားထိုးခြင်းကို ခံထားရသည့် လုံးဝမပေါ်ပေ။
လုံနန်ကျစ်၏ ဖောက်ထွက်သွားမှုကို မည်သူကမှ မျှော်လင့်မထားပါသော်လည်း သူတို့အားလုံးမှာ စိတ်လှုပ်တရှား ဖြစ်သွားကြ၏။ ဂိုဏ်းထဲ၌ နောက်ထပ် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာခြင်းမှာ သူတို့၏ ဩဇာအာဏာများကို ပို၍ကြီးထွားလာအောင် ကူညီပေးနိုင်မည်သာ ဖြစ်သည်။ ထို့အပြင် သူ၏ အဆောင်ပစ္စည်းသန့်စင်ခြင်း စွမ်းရည်များကိုလည်း လူတိုင်းက မြင်ဖူးထားပြီးသား မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် စစ်သင်္ဘောကြီး၏ ပြုပြင်ရေးလုပ်ငန်းများအတွက် ပို၍ပင် အထောက်အကူပြုလာနိုင်မည် ဖြစ်သည်။
မဟာထိပ်သီးအကြီးအကဲကြီးမှာ ထိုသို့တွေးတောရင်း မျက်လုံးများ အရောင်တောက်ပလာ၏။ ထို့နောက် သူသည် ထို နေရာတစ်ခုလုံးကို အဝင်အထွက် ပိတ်ပင်လိုက်ရန် ချက်ချင်း အမိန့်ထုတ်ပြန်လိုက်သည်။ ထို့နောက် အဖွဲ့နံပါတ်ခုနစ်ထဲမှ အဖွဲ့ဝင်များအားလုံးကို ထိုနေရာမှ ထွက်ခွာသွားစေလိုက်၏။ နောက်ဆုံးတွင် သူနှင့် ယွမ်ယင်အဆင့် အကြီးအကဲကြီး ခြောက်ယောက်မှာ ဝမ်ပေါင်လဲ့အား စောင့်ကြည့်နေကြတော့သည်။
အဖွဲ့နံပါတ်ခုနစ်မှ အဖွဲ့ဝင်များမှာလည်း နှောင့်နှေးနေခြင်း မရှိဘဲ လုံနန်ကျစ် ဖောက်ထွက်သွားသည့်အကြောင်းအား လူတိုင်းသိသွားအောင် ဖြန့်လိုက်၏။ ထို့ကြောင့် သိပ်မကြာခင်တွင် တားမြစ်နယ်မြေထဲရှိ လူတိုင်းမှာ ထိုအကြောင်းကို သိရှိသွားကြတော့သည်။
တားမြစ်နယ်မြေ တစ်ခုလုံးထဲတွင် ပင့်သက်ရှိုက်သံများနှင့် ဆွေးနွေးငြင်းခုံသံများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အချို့မှာ အားကျနေကြပြီး၊ အချို့မှာ မနာလိုဖြစ်နေကြသလို အချို့မှာလည်း သက်ပြင်းများ ချနေမိကြတော့သည်။
သူတို့ထဲတွင် အနာကြည်းဆုံး ဖြစ်နေရသည့် လူမှာ လီချန်း ဖြစ်ပေသည်။
” နတ်မျက်လုံးက ကန်းသွားပြီလားကွာ။ ရှိရှိသမျှ လူတိုင်း ဖောက်ထွက်သွားကြတော့မှာလားဟ ” လီချန်းမှာ လေထဲတွင် ရစ်ဝဲနေသော စစ်သင်္ဘောကြီးအား ကြည့်ရင်း စိတ်ထဲတွင် ကြိမ်းဝါးလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား ကျိန်ဆဲကာ သူ၏ ဖောက်ထွက်ခြင်းလုပ်ငန်းစဉ် ကျရှုံးသွားစေရန် အပြင်းအထန် ဆုတောင်းမိနေတော့သည်။ သို့သော် သူ၏ကျိန်ဆဲမှုများမှာ အသုံးမဝင်ပေ။ သုံးရက်အကြာတွင် ဝမ်ပေါင်လဲ့မှာ သူ၏ဖောက်ထွက်မှုအား အဆုံးသတ်လိုက်ပြီး အခန်းထဲမှ ထွက်လာ၏။ ထိုအခါ မဟာထိပ်သီးအကြီးအကဲကြီးမှာ သူ့အား ဂိုဏ်း၏ သတ္တမမြောက် အကြီးအကဲကြီးအဖြစ်သို့ ရာထူးမြှင့်တင်ပေးလိုက်ကြောင်း ချက်ချင်းထုတ်ပြန်ကြေညာလိုက်သည်။
ဝမ်ပေါင်လဲ့ ရာထူးတိုးသွားခဲ့ပြီးနောက် မဟာထိပ်သီးအကြီးအကဲကြီး၏ ပြောဆိုဆက်ဆံပုံများမှာလည်း ပြောင်းလဲလာတော့သည်။ သူသည် သူ့အား အခြားဂိုဏ်းသားများကဲ့သို့ လေသံမာမာနှင့် ပြောဆိုဆက်ဆံခြင်းမရှိတော့ပေ။ ထို့အပြင် အခြား အကြီးအကဲကြီးခြောက်ယောက်မှာလည်း သူနှင့်တွေ့တိုင်း သူ့အား ပြုံးပြနေကြပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော အပြောင်းအလဲများကို နားလည်ထားပြီးသားဖြစ်သည်။ သူသည် ပြည်ထောင်စုကြီးထဲ၌ အောက်ခြေဘဝမှ ထိပ်ဆုံးအဆင့်သို့ တက်လာခဲ့သည်ဖြစ်ရာ ပြောဆိုဆက်ဆံရေးအပိုင်းတွင် ချေငံပြေပြစ်သူတစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် သူသည် ထို အကြီးအကဲများနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်သွား၏။
နောက်ရက်များတွင် ဝမ်ပေါင်လဲ့အတွက် အခမ်းအနားများ ကျင်းပပေးလိုက်ပြီနောက် သူ့အား ဂိုဏ်း၏ အကြီးအကဲကြီး အဖြစ်သို့ တရားဝင် ရာထူးတိုးပေးလိုက်တော့သည်။ သူ၏ လုပ်ပိုင်ခွင့်အာဏာများမှာလည်း အထိုက်အလျောက် တိုးတက်လာ၏။ သူသည် ထိုသို့ဖြစ်လာရန် စောင့်မျှော်နေခြင်းဖြစ်သည်။ ယခုတွင် သူသည် ဂိုဏ်းထဲရှိ လျှို့ဝှက်စာရွက်စာတမ်းများနှင့် ပညာရပ်များကို ဖတ်ရှုလေ့လာခွင့် ရရှိသွားရုံသာမက စစ်သင်္ဘောကြီး၏ အမြုတေအပိုင်းထဲသို့လည်း ဝင်ရောက်ခွင့် ရရှိသွားပြီဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း စစ်သင်္ဘောကြီး၏ အမြုတေအပိုင်းအပေါ် အာရုံစိုက်လိုက်တော့သည်။ သူသည် ဂိုဏ်းထဲရှိ လျှို့ဝှက်မှတ်တမ်းများနှင့် သန့်စင်ခြင်းပညာရပ်များကို ဖတ်ရှုလေ့လာနေရုံသာမက စစ်သင်္ဘောကြီး၏ အမြုတေအပိုင်းထဲရှိ ဓမ္မအဆောင်ပစ္စည်းများကိုလည်း သန့်စင်နိုင်ရန် ကြိုးစားကြည့်ခဲ့သေးသည်။
ထိုသို့ဖြင့် သူသည် ဓမ္မအဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်တွင် နောက်ထပ်တစ်ကြိမ်ထပ်၍ ကြောက်ခမန်းလိလိ တိုးတက်လာပြန်သည်။ သူသည် ပြုပြင်ရေးလုပ်ငန်းများကို ထပ်ခါတလဲလဲ ဆောင်ရွက်ခဲ့ပြီးနောက် စစ်သင်္ဘောကြီး၏ တည်ဆောက်ပုံအကြောင်းကို ပို၍နားလည်လာ၏။ ထို့ကြောင့်လည်း သူသည် သူ၏ ကိုယ်ပိုင် စစ်သင်္ဘောကြီးအား ဖန်တီးနိုင်လိမ့်မည်ဟု ပို၍ ယုံကြည်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ အားလပ်ချိန်များတွင် သူ၏ စစ်သင်္ဘောကြီးအတွက် ပုံစံမူကြမ်းများကို စိတ်ထဲ၌ စတင်ရေးဆွဲနေပြီ ဖြစ်သည်။ ၎င်း၏ တည်ဆောက်ပုံမှာ သဘာဝကျရန် လိုအပ်သလို စုပေါင်းဓမ္မအဆောင်ပစ္စည်းများ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီနေရန်လည်း လိုအပ်သေးသည်။ သို့ဖြစ်ရာ ထို ပုံစံမူကြမ်းမှာ အလွန်အင်မတန်မှ ရှုပ်ထွေးနေမည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ပညာရှင်တစ်ယောက် ဖြစ်သည့်တိုင်အောင် လပေါင်းများစွာ အချိန်ပေးခဲ့ရပြီးမှ ပုံစံမူကြမ်းတစ်ခုကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့၏။
ထိုသို့ ရေးဆွဲပြီးသွားသောအခါ နောက်ထပ်ပြဿနာအသစ်တစ်ခု ပေါ်ပေါက်လာပြန်သည်။ ၎င်းမှာ… လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများဖြစ်ပေသည်။
မဟာတောင်ထိပ်ဂိုဏ်းမှာ ၎င်း၏ စစ်သင်္ဘောကြီးအား ပြုပြင်နိုင်ရန် ၎င်း ပိုင်ဆိုင်သော အဆောက်အဦစုစုပေါင်း၏ တစ်ဝက်နီးပါးခန့်ကို လေလံတင် ရောင်းချခဲ့ရသည် မဟုတ်ပါလော။ သို့သော် ဝမ်ပေါင်လဲ့မှာ စစ်သင်္ဘောအသစ်တစ်စင်းအား သုညမှနေ၍ စတင်တည်ဆောက်ရမည်ဖြစ်ရာ ကုန်ကြမ်းပစ္စည်း အမြောက်အမြား လိုအပ်နေမည်သာဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် ထိုကုန်ကျစရိတ်များမှာ ကြီးမားလွန်းနေသောကြောင့် အတိအကျပင် သတ်မှတ်နိုင်လောက်မည် မဟုတ်ပေ။
” နည်းလမ်းတစ်ခုခု စဉ်းစားမှရမယ်… ” ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်ထဲ၌ ရေးဆွဲထားသော ပုံစံမူကြမ်းများကို လေ့လာလိုက်ပြီးနောက် လိုအပ်မည့် ကုန်ကြမ်းပစ္စည်း ပမာဏကို အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်၏။ ထိုတွက်ချက်မှုများမှ နောက်ဆုံးရရှိလာသည့် အဖြေကြောင့် သူသည် ရင်လေးသွားရတော့သည်။
” ငါ့ရဲ့ ရုပ်ရည်လေးကို ဗန်းပြပြီး လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကိုသာ ရနိုင်မယ်ဆိုရင်တော့ကွာ။ အခုလို ပြဿနာမျိုးတွေနဲ့ ကြုံရမှာမဟုတ်ဘူး… အခုတော့ ငါက ဘာဆက်လုပ်ရတော့မှာလဲ။ ငါ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီးတော့ ကုန်ကြမ်းပစ္စည်းတွေ ခိုးယူရမှာလား ” ဝမ်ပေါင်လဲ့မှာ သူ လိုအပ်သည့် ကုန်ကြမ်းပစ္စည်း ပမာဏအကြောင်း တွေးတောရင်း သက်ပြင်းချမိလိုက်၏။ ထို့နောက် သူသည် တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေလိုက်တော့သည်။
မဟာထိပ်သီးအကြီးအကဲကြီးနှင့် အခြား အကြီးအကဲများမှာ သူ့အား ဂိုဏ်း၏ အကြီးအကဲကြီးတစ်ယောက်အဖြစ် အသိအမှတ် ပြုထားကြပြီးဖြစ်သည်။ သို့ဖြစ်ရာ သူတို့မှာ သူ့အား ယခင်ကလောက် သတိကြီးကြီးထား၍ စောင့်ကြည့်နေကြခြင်း မရှိတော့ကြောင်း သူက ရိပ်မိနေ၏။
ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံး ခိုးဆိုးလုယက်မှုများအပေါ် ဗဟိုပြုသော နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ လည်ပတ်ပုံအား နားလည်ထားသည် ဖြစ်ရာ နောက်ထပ် အချက်တစ်ချက်ကိုလည်း ရိပ်မိသွားတော့သည်။ မဟာထိပ်သီးအကြီးအကဲကြီးနှင့် အခြား အကြီးအကဲကြီးများမှာ ဖော်ဖော်ရွေရွေ ရှိသည့်ပုံ ပေါ်ပါသော်လည်း ထို ဟန်ဆောင်မှုများမှာ အပေါ်ယံသာ ဖြစ်ပေသည်။ ဤ လူမှုအဖွဲ့အစည်းထဲတွင် လူကောင်းများမှာ အလွန်အင်မတန်မှ ရှားပါ၏။ ကျင့်ကြံခြင်းအဆင့် တိုးတက်လိုပါက စွန့်စားခန်းများဖွင့်ကာ လုယက်မှုများ ဆောင်ရွက်ရမည်သာဖြစ်သည်။ သို့ဖြစ်ရာ သတ်ဖြတ်ရခြင်းမှာ သူတို့အတွက် သာမန်အလုပ်တစ်ခုကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာ စစ်ဆေးမှုအမျိုးမျိုးကို ကျော်ဖြတ်ပြီးခဲ့သည့်တိုင်အောင် သူ၏ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားမှုများကြောင့် လူအချို့မှာ သူ့အား သံသယဝင်လာကြဆဲပင်။ ထို့ကြောင့် သူသည် လတ်တလောအတွင်းတွင် သူ့အား အမြဲတစေ စောင့်ကြည့်နေကြသည့် လူများရှိကြောင်း သတိထားမိခဲ့၏။ သို့သော် သူသည် ဂိုဏ်းအား ဖျက်ဆီးရန် အကြံအစည်မရှိသောကြောင့် မဟာထိပ်သီးအကြီးအကဲကြီးနှင့် အခြား အကြီးအကဲများမှာ သူ့အား အပြစ်ရှာမရဘဲ ဖြစ်နေကြသည်။
ဝမ်ပေါင်လဲ့မှာ ဆန္ဒရှိပါက ကုန်ကြမ်းပစ္စည်းများကို လူမသိအောင် တိတ်တိတ်ကလေး ခိုးယူနိုင်ပေသည်။ သူ၏ ရာထူးအဆင့်အတန်းမှာ မြင့်မားနေပြီဖြစ်ရာ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်မှာ ခက်ခဲနေမည် မဟုတ်ပေ။ သို့သော် ထိုဂိုဏ်းမှာ အလွန်အင်မတန်မှ ဆင်းရဲမွဲတေနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် ဂိုဏ်းထဲရှိ ကုန်ကြမ်းပစ္စည်းများအားလုံးကို အပိုင်သိမ်းရုံသာမက ၎င်း၏ စစ်သင်္ဘောကြီးအား လုယူမှသာလျှင် လုံလောက်နိုင်မည်ဖြစ်ကြောင်း သိလိုက်ရသည်။
” ယောက်ျားတစ်ယောက်ဆိုတာ ဒီလို အသေးအဖွဲလေးတွေကို စွဲလမ်းတက်မက်နေလို့ မဖြစ်ဘူး။ ရည်မှန်းချက် ကြီးကြီးထားရမယ်။ အိုင်တွေ့တိုင်း ခြေဆေးနေလို့ ဘယ်ဖြစ်ပါ့မလဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ချောင်းဟန့်လိုက်ပြီးနောက် မျက်လုံးများမှေးသွား၏။ သူ၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပနေပြီဖြစ်သည်။
” နတ်မျက်လုံး လူမှုအဖွဲ့အစည်းက အကြီးကြီးပါ။ ဒီ အနီးနားတစ်ဝိုက်မှာ ချမ်းသာကြွယ်ဝတဲ့ ဂိုဏ်းတွေ အများကြီးရှိနေဦးမှာ သေချာတယ်… ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ နှုတ်ခမ်းအား လျှာဖြင့်လျက်လိုက်၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ့အား မကြာခဏဆိုသလို တိတ်တဆိတ် အကဲခတ်စောင့်ကြည့်နေဆဲဖြစ်သည့် လူများဆီမှ ရက်အနည်းငယ်ခန့် ရှောင်တိမ်းနေရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် ကုန်ကြမ်းပစ္စည်းများကို တိတ်တဆိတ် ဝယ်ယူတော့မည် ဖြစ်သည်။
သူသည် သူ၏အစီအစဉ်အတိုင်း အတိအကျဆောင်ရွက်ခဲ့၏။ ထို့နောက် လမိုက်ညတစ်ညတွင် ဝမ်ပေါင်လဲ့မှာ သူ၏ အိမ်ရာထဲမှ မည်သူမှ သတိမထားမိအောင် ခိုးထွက်လာပြီးနောက် မဟာတောင်ထိပ်ဂိုဏ်း၏ အပြင်ဘက်ရှိ ကောင်းကင်ယံထဲ၌ ပေါ်ပေါက်လာတော့သည်။
” ပဉ္စမမြောက် တောင်စဉ်တန်းပေါ်မှာ ဂိုဏ်းတွေအများကြီး ရှိပေမဲ့ သူတို့ထဲက အများစုက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သေသေချာချာ ဖွက်ထားကြတာ။ အဲတာမလို့ ငါ ဂိုဏ်းတစ်ဂိုဏ်းထဲကို ဖောက်ဝင်နိုင်မယ်ဆိုရင်တောင် တခြားလူတစ်ယောက်ပုံစံ ပြောင်းပြီးတော့မှ အဲဒီနေရာကို ရှာဖွေနိုင်မှာ။ ပြီးရင် အဖိုးတန်ပစ္စည်းတွေ ရှာတွေ့နိုင်ဖို့ဆိုတာကလည်း ကံကောင်းဦးမှ။ အလုပ်မဖြစ်ပါဘူးကွာ။ အချိန်ကုန် လူပင်ပန်းတယ်…. ”
” အကောင်းဆုံးက ပိုင်ဆိုင်မှုပစ္စည်းတွေကို တစ်နေရာထဲမှာ သိမ်းဆည်းသိုလှောင်ထားတဲ့ ဂိုဏ်းတွေပဲ။ အဲတာမှ ငါ ယူရတာ လွယ်မှာ ”
” အဲတာကြောင့်မလို့ ငါ ဓားပြတိုက်ချင်တယ်ဆိုရင်… အကောင်းဆုံးပစ်မှတ်က တခြားသူတွေကို လုယက်ပြီးတော့ ပစ္စည်းအပြည့်နဲ့ ပြန်လာတဲ့ စစ်သင်္ဘောတွေပဲ။ အဲတာဆိုရင် ငါက အကျိုးအမြတ် အများကြီး ရရှိနိုင်မယ့်အပြင် အဲဒီ စစ်သင်္ဘောကြီးတွေကိုပါ ဖြိုပြီးတော့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကိုပါ ယူနိုင်မှာပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း မျက်ဝန်းများ အရောင်တောက်ပလာတော့သည်။ တိုင်းတစ်ပါး လူမှုအဖွဲ့အစည်း တစ်ခုထဲ၌ စည်းလွတ်ဝါးလွတ် နေထိုင်ခွင့်ရနေသည့် ခံစားချက်ကြီးကြောင့် သူသည် စိတ်လှုပ်ရှားလာရ၏။ ထိုသို့ဖြင့် သူသည် သူ၏အငွေ့အသက်များကို ဖုံးကွယ်ကာ ကြယ်တာရာများဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။
နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ အဓိကဂြိုဟ်ကြီးပေါ်တွင် ဂိုဏ်းပေါင်းများစွာ ရှိပေသည်။ သို့ဖြစ်ရာ စစ်သင်္ဘောကြီးများမှာလည်း အမြောက်အမြား ရှိနေရပေမည်။ ထို စစ်သင်္ဘောကြီးများထဲမှ အချို့မှာ အဝေးကြီးအထိ ပျံသန်းနိုင်ပါသော်လည်း အချို့မှာမူ ဤ ကြယ်အဖွဲ့အစည်းထဲတွင်သာ ပျံသန်းနိုင်စွမ်း ရှိပေသည်။ စစ်သင်္ဘောကြီးပေါင်း မြောက်မြားစွာမှာ ကြယ်အဖွဲ့အစည်း၏ အဓိကဂြိုဟ်ကြီးအား ဝင်ချည်ထွက်ချည် ပြုလုပ်နေကြ၏။ ၎င်းတို့၏ အရေအတွက်မှာ မှင်တက်စရာကောင်းလောက်အောင် များပြားနေခြင်း မရှိပါသော်လည်း အတော်အသင့် မြင့်မားနေဆဲပင်။
ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ လေထုထဲမှ အပြင်သို့ ထွက်လာပြီးနောက် ထိုမြင်ကွင်းအား မြင်လိုက်ရသည်။ သူသည် ထိုစစ်သင်္ဘောကြီးများကို တစ်စင်းချင်းစီ အကဲခတ်ကြည့်ရှုရင်း သူ၏မေးစေ့အား ပွတ်နေ၏။ နောက်ဆုံးတွင် သူ၏ ပုံပန်းသွင်ပြင်မှာ လုံနန်ကျစ်အဖြစ်မှ… ကျိုးရိရှန်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူသည် ချောင်းဟန့်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ သိုလှောင်အိတ်ထဲ၌ နှစ်ခြိုက်စွာအိပ်မောကျနေခဲ့သည့် မြည်လေးမှာ လန့်နိုးလာတော့သည်။
” ဖေ့သားလေး။ မင်းရဲ့ အစွမ်းအစတွေကို သက်သေပြရမယ့် အချိန်ရောက်ပြီ။ ကဲ။ မင်းရဲ့ ဖေဖေကြီးကို ပြောစမ်း။ မင်းက တွေ့သမျှမြင်သမျှ အကုန်လိုက်စားရတာ ကြိုက်တဲ့ကောင်ဆိုတော့ ဘယ်စစ်သင်္ဘောကြီးထဲမှာ ကုန်ကြမ်းပစ္စည်းတွေ အများဆုံး ရှိနေလိမ့်မယ်လို့ ထင်လဲ “
သူ့မြင်းကဘယ်ရောက်နေတာလဲ သိုလှောင်အိတ်ထဲမှာဆိုရင် ထပ်ငတ်ပြတ်နေလောက်ပြန်ပြီ