လူအုပ်ကြီးမှာ ဝမ်ပေါင်လဲ့တစ်ယောက် အထွတ်အထိပ်အဆင့် ဝိညာဉ်ပုံရိပ်ယောင်အရည်အား ဖန်တီးနိုင်ခဲ့သည့် အချက်တစ်ချက်တည်းကြောင့် အံ့ဩတုန်လှုပ်နေကြခြင်း မဟုတ်ပေ။ သူသည် အသက်ရှူကြိမ် အကြိမ်သုံးဆယ်အတွင်း ၎င်းအား ဖန်တီးသန့်စင်နိုင်ခဲ့သောကြောင့် သူတို့မှာ မှင်တက်နေကြခြင်း ဖြစ်သည်။
သူသည် အချိန်တိုလေးအတွင်း အထွတ်အထိပ်အဆင့် ဝိညာဉ်ပုံရိပ်ယောင်အရည်ကို ဖန်တီးသန့်စင်နိုင်ခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် လူတိုင်းမှာ အတွေးများ ကမောက်ကမ ဖြစ်သွားကြပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။ သူတို့မှာ လီချန်း ရှိနေသည့်အချက်ကိုပင် မေ့သွားပြီး တအံ့တဩနှင့် ပင့်သက်များ ရှိုက်မိသွားကြ၏။
လီချန်းမှာမူ မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ သူသည်လည်း အခြားသူများနည်းတူ အံ့ဩတုန်လှုပ်နေရ၏။ သူသည် ဆယ်ရာခိုင်နှုန်းခန့်သာ အလေအလွင့်ရှိသော ဝိညာဉ်ပုံရိပ်ယောင်အရည်များကို ဖန်တီးသန့်စင်နိုင်ပါသော်လည်း အနည်းဆုံး အချိန်သုံးရက်တိတိ ပေးရမည် ဖြစ်သည်။
လုံနန်ကျစ်မှာမူ စက္ကန့်အနည်းငယ်အတွင်း အောင်မြင်စွာ သန့်စင်ပြခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့နှစ်ယောက်၏ အစွမ်းအစများမှာ မိုးနှင့်မြေလို ကွာခြားနေ၏။
ထို့ကြောင့် သူသည် မခံမရပ်နိုင်ဖြစ်ကာ သူ၏ မာနအား ထိပါးစော်ကားခံလိုက်ရသည့်အလား ခံစားနေရတော့သည်။ သူသည် သူ၏ ဒေါသစိတ်များနှင့် ရှက်စိတ်များကို ချုပ်တည်းနိုင်စွမ်းမရှိတော့ပေ။ သို့သော် သူ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ဆိုလိုက်၏။
” ကျွန်တော်က အခုမှ ပထမဆုံး လုပ်ဖူးတာမလို့ သိပ်မကျွမ်းသေးလို့ပါ။ အဲတာကြောင့် ဆယ်ရာခိုင်နှုန်းအထိ အလေအလွင့် ရှိနေတာ… ” သူသည် ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ရလဒ်အား ကျေနပ်မှုမရှိသော အမူအရာဖြင့် သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကို ဝှေ့ယမ်းကာ ဝိညာဉ်ပုံရိပ်ယောင်အရည်အား လီချန်းဆီသို့ လှမ်းပစ်ပေးလိုက်သည်။ အခြားသူများ အဖိုးတန် ရတနာတစ်ခုကဲ့သို့ သတ်မှတ်ထားသည့် အရာမှာ သူ့အတွက်မူ တန်ကြေးမရှိသော အမှိုက်သရိုက်တစ်ခုကဲ့သို့ပင်။ ထို့နောက် သူသည် လီချန်းအား တစ်ချက်ပင်မကြည့်ဘဲ လူမရှိသော အခန်းတစ်ခန်းကို ရှာဖွေကာ ထွက်ခွာသွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့၏ စကားလုံးများမှာ နတ်ဘုရားစွမ်းရည်တစ်ခုကဲ့သို့ လီချန်းအား ရိုက်ခတ်သွား၏။ သို့သော် သူတစ်ယောက်တည်းသာ ခံစားလိုက်ရသည်တော့ မဟုတ်ပေ။ သူ၏ ဘေးပတ်ပတ်လည်ရှိ လူတိုင်းမှာ ငြိမ်ကျသွားရသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ ရှေ့တွင် ရှိနေကြသော လူများမှာ သူ ရှေ့သို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသောအခါ လမ်းဖယ်ပေးလိုက်ကြ၏။ သူတို့မှာ ရိုသေးလေးစားမှု အပြည့်ရှိသော အမူအရာများဖြင့် နောက်သို့ ဆုတ်ခွာသွားကြသည်သာဖြစ်သည်။ သူတို့မှာ သူ၏ သန့်စင်ခြင်းလုပ်ငန်းအား မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပြီး သူ၏ စကားများကိုလည်း ကြားခဲ့ရသည် မဟုတ်ပါလော။ ထို့အပြင် သူသည် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကဲ့သို့ အားကောင်းသော အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေသေးသည်။
ဝမ်ပေါင်လဲ့တစ်ယောက် အခန်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည့်တိုင်အောင် ပြည်သူ့ရင်ပြင်ကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ တစ်အောင့်ခန့် ကုန်ဆုံးသွားပြီးမှ အသက်ရှူသံများ စတင်ထွက်ပေါ်လာ၏။ လီချန်းမှာမူ အသက်ရှူသံများ လှိုက်ဖိုနေပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေတော့သည်။ နောက်ဆုံးတွင် သူသည် ခေါင်းပြန်မော့လာပြီး သူ၏ ပတ်ပတ်လည်တွင် ရှိနေသော လူများကို အော်ဟစ်ကြိမ်းမောင်းလိုက်၏။
” မင်းတို့ ဘာရပ်လုပ်နေကြတာလဲ။ အလုပ်လုပ်ကြစမ်း ”
” ဒီပုံရိပ်ယောင် တိုင်လုံးကြီးကို ဂိုဏ်းတူအစ်ကိုကြီး လုံနန်ကျစ်ဆီ ပို့လိုက်စမ်း ”
” ဒီ ကြယ်ကြွေသံလိုက်အိမ်မြှောင်၊ ဖီးနစ်ငှက်မွေးနဲ့ ဟို မှင်ကျောက်တုံး သားရဲကြီးကိုလည်း ဂိုဏ်းတူအစ်ကိုကြီး လုံနန်ကျစ်ဆီ အကုန်ပို့ပေးလိုက် ” လီချန်းမှာ အမျက်ချောင်းချောင်း ထွက်နေသည့် အမူအရာဖြင့် အော်ဟစ်အမိန့်ပေးလိုက်၏။ သူသည် သူ၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ ပြင်ဆင်ရန် အခက်ခဲဆုံးဖြစ်သည့် အစိတ်အပိုင်း အခုသုံးဆယ်ကျော်ကို ဝမ်ပေါင်လဲ့ဆီသို့ ပေးပို့လိုက်တော့သည်။ ထို့နောက် သူသည် စိတ်ထဲတွင် ကြိမ်းဝါးလိုက်၏ ” မင်းက တော်တော် တတ်နေတယ်ပေါ့ ဟုတ်လား။ အေး။ ဒီ အစိတ်အပိုင်းတွေ အကုန်လုံးကို ပြင်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့ ”
ထိုအခါ လူတိုင်းမှာ ခေါင်းများ ပြန်ငုံ့သွားကြပြီး သူ၏ အမိန့်များအတိုင်း လိုက်နာဆောင်ရွက်လိုက်ကြ၏။ မည်သူကမှ အတွန့်တက်နေခြင်းမရှိပေ။ သူတို့မှာ အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်၏ ကြားရှိ ပဋိပက္ခကြီးထဲ၌ ဝင်မပါသင့်ကြောင်း မှတ်ယူထားကြ၏။ ထို့ကြောင့် သူတို့မှာ အမိန့်များအတိုင်း ကုန်ကြမ်းပစ္စည်းများနှင့် ပြုပြင်ရန်လိုအပ်သော ဓမ္မအဆောင်ပစ္စည်းများကို ဝမ်ပေါင်လဲ့၏ အခန်းဆီသို့ ယူဆောင်သွားလိုက်တော့သည်။
အခြား ကျင့်ကြံသူများမှာဆိုလျှင် ထိုကဲ့သို့ အနိုင်ကျင့်ခံရသည်ကို ကျေနပ်နေကြမည်မဟုတ်ပေ။ ထို ပြုပြင်ရေးလုပ်ငန်းများကို သူတို့၏ သာမန်အလုပ်များအဖြစ် သတ်မှတ်ထားသည်ဖြစ်ရာ အပိုဆုကြေးများ ရရှိနိုင်မည်မဟုတ်ပေ။ မိမိ၏ အလုပ်စာရင်းထဲတွင် မပါသော အစိတ်အပိုင်းများကို ပြုပြင်နိုင်မှသာလျှင် အပိုဆုကြေးများ ရရှိနိုင်သည် မဟုတ်ပါလော။
သို့သော် ဝမ်ပေါင်လဲ့မှာ မကျေမနပ်ဖြစ်နေခြင်း မရှိသည့်အပြင် ထိုအလုပ်များကို လုပ်ရရန် အလွန်မတန်မှ စိတ်အားထက်သန်နေ၏။ သူသည် လက်တွေ့ အတွေ့အကြုံများကို လိုအပ်နေသည် မဟုတ်ပါလော။ ထို့အပြင် သူသည် ကုန်ကြမ်းပစ္စည်းများ ကုန်ဆုံးသွားမည်ကို တွေးပူနေစရာမလိုဘဲ သူ့အား တာဝန်ပေးထားသည့် ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ထို ပြုပြင်ရေးတာဝန်များအားလုံးကို လက်ခံလိုက်ပြီးနောက် ထိုအစိတ်အပိုင်းများအား ချက်ချင်း စတင်ပြုပြင်နေလိုက်တော့သည်။
သို့သော် သူသည် ပြုပြင်ရေးလုပ်ငန်းများကို အာရုံစိုက်နေခြင်း မဟုတ်ဘဲ ထို အစိတ်အပိုင်းများအား တစ်စစီ ဖြုတ်ကာ ၎င်းတို့၏ အတွင်းပိုင်းတည်ဆောက်ပုံများကို လေ့လာနေခြင်းဖြစ်၏။ သူသည် ဗဟုသုတ ကြွယ်ဝသူတစ်ယောက် ဖြစ်ရာ သူ ရှာဖွေတွေ့ရှိခဲ့သည့် အချက်အလက် အသစ်များအားလုံးကို အလျင်အမြန် လေ့လာမှတ်သားနိုင်ခဲ့၏။ ထိုသို့ဖြင့် ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားသည်။ ထို့အပြင် သူသည် အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်နှင့် ပတ်သတ်၍ ဗဟုသုတများ ကြွယ်ဝလာအောင် ကူညီပေးနိုင်သော အဖွဲ့တစ်ဖွဲ့ထဲသို့လည်း ဝင်ခဲ့သေးသည်။
စစ်သင်္ဘောကြီးအား ပြန်လည်ပြုပြင်နိုင်ရန်မှာ မဟာတောင်ထိပ်ဂိုဏ်းအတွက် ဦးစားပေးပစ်မှတ်ဖြစ်သည်။ သို့သော် ဂိုဏ်းထဲတွင် လူအင်အား မလောက်ငှသော ပြဿနာနှင့် ကြုံတွေ့နေရ၏။ ထို့ကြောင့် ထိုပြုပြင်ရေးလုပ်ငန်းအား အရှိန်မြှင့်တင်နိုင်ရန် ပုံမှန်အချိန်များတွင် ဂိုဏ်းထဲမှ အဆင့်မြင့်အရာရှိကြီးများ၏ ဆွေမျိုးသားချင်းများသာ ဖတ်ရှုခွင့်ရှိသော အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ်နှင့် ပတ်သတ်သည့် စာရွက်စာတမ်းများထဲမှ အချို့အဝက်အား ပြုပြင်ရေးအဖွဲ့ကြီးကိုးဖွဲ့မှ အဖွဲ့ဝင်များကို ဖတ်ရှုခွင့်ပေးထားသည်။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး သုံးလတိတိ ကုန်ဆုံးသွားတော့သည်။ ထို သုံးလအတွင်းတွင် ဝမ်ပေါင်လဲ့မှာ အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ်၌ ကြောက်ခမန်းလိလိ တိုးတက်လာခဲ့၏။ သူသည် လူမှုအဖွဲ့အစည်းနှစ်ခုမှ သန့်စင်ခြင်းနည်းစနစ်နှစ်ခုကို ပေါင်းစည်းခဲ့ပြီးနောက် ခေါင်းထဲ၌ အကြံမျိုးစုံ ပေါ်ပေါက်လာသည်။ သူသည် ထိုပညာရပ်ထဲတွင် စိတ်နှစ်ထားလိုက်သဖြင့် အချို့သော အချိန်များတွင်ဆိုလျှင် နေအဖွဲ့အစည်းဆီသို့ ပြန်လိုသည့် စိတ်ဆန္ဒများကိုပင် မေ့ပျောက်သွားရတော့သည်။
ဝမ်ပေါင်လဲ့မှာ အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ်၌ နေ့စဉ်နှင့်အမျှ တိုးတက်လာနေသောကြောင့် သူ့ကိုယ်သူ ပျော်ရွှင်ကျေနပ်နေ၏။ ထို့အပြင် ယခုတွင် သူသည် အနည်းငယ်ခန့် ကြိုးစားလိုက်ရုံမျှဖြင့် နဝမအဆင့် ဓမ္မလက်နက်တစ်ခုကို ဖန်တီးနိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ့ကိုယ်သူ ပို၍ပင် ကျေနပ်အားရနေမိတော့သည်။ သူသည် ဓမ္မလက်နက်များ သန့်စင်ရာတွင်လည်း ယခင်တုန်းကလောက် ဇဝေဇဝါ ဖြစ်နေခြင်း မရှိတော့ပေ။ ထို့ကြောင့် သူသည် စိတ်ဓာတ်များတတ်ကြွလာရ၏။
သူသည် သူ၏ တိုးတက်မှုများကို ဖုံးကွယ်ထားနိုင်ရန် ကြိုးစားနေခြင်းမရှိပေ။ အကယ်၍ သူသည် ထိုသို့ ဖုံးကွယ်ထားရန် ဆန္ဒရှိလျှင်တောင် လွယ်ကူမည်မဟုတ်ပေ။ အဖွဲ့နံပါတ်ခုနစ်ထဲမှ လူတိုင်းမှာ သူ၏အမည်ကို သိရှိထားကြပြီး မဟုတ်ပါလော။ အမှန်အတိုင်းဆိုရလျှင် သူ လုပ်နေသည့် အလုပ်ပမာဏမှာ အခြားအဖွဲ့ဝင်များအားလုံး လုပ်နေသည့် အလုပ်ပမာဏနှင့် အတူတူ ဖြစ်နေ၏။ လီချန်းမှာဆိုလျှင် လွန်ခဲ့သည့် တစ်ပတ်ကတည်းက သူ့အား အနိုင်မကျင့်နိုင်တော့ဘဲ လက်လျှော့ခဲ့ရသည်။
သူသည် နောက်ဆုံးတွင် လုံနန်ကျစ်နှင့် သူ၏ကြားရှိ အရည်အချင်းမှာ မိုးနှင့်မြေလို ကွာခြားနေသည်ဆိုသည့် အချက်ကို နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ လုံနန်ကျစ်မှာ သိသိသာသာတိုးတက်လာခဲ့သည် မဟုတ်ပါလော။ လီချန်း၏ အနိုင်ကျင့်ဗိုလ်ကျမှုများမှာ အစပိုင်းတွင် အကျိုးသက်ရောက်မှုအချို့ရှိပြီး သူ၏ ပြုပြင်ပြင်ဆင်ရေး လုပ်ငန်းများကို အနည်းငယ်ခန့် နှောင့်နှေးသွားအောင် လုပ်နိုင်ခဲ့ပါသော်လည်း အချိန်အကြာကြီး မခံလိုက်ပေ။ ထို့ကြောင့် လီချန်းမှာ လုံနန်ကျစ်အား ပို၍ အခက်တွေ့အောင်လုပ်နိုင်ရန် ဦးနှောက်အခြောက်ခံ၍ နည်းလမ်းမျိုးစုံ စဉ်းစားခဲ့ရ၏။
သို့သော် သူ စဉ်းစားမိခဲ့သမျှ နည်းလမ်းများအားလုံးမှာ ဝမ်ပေါင်လဲ့အား ရက်အနည်းငယ်မျှသာ အလုပ်ရှုပ်အောင် လုပ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် လီချန်းမှာ စိတ်ဒဏ်ရာများ ခံစားလာရတော့သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား ပြဿနာထပ်မရှာရန် ဆုံးဖြတ်လိုက်၏။ သို့သော် ဝမ်ပေါင်လဲ့မှာမူ သူ ထိုကဲ့သို့ ပြောင်းလဲသွားသည်ကို သဘောမကျပေ။ သူသည် လီချန်း၏ လုပ်ရပ်များကို သဘောတွေ့နေခဲ့သည် မဟုတ်ပါလော။ လီချန်းပေးအပ်ခဲ့သည့် တာဝန်များမှာ သူ့အား တိုးတက်လာအောင် တစ်ဖက်တစ်လမ်းမှ ကူညီပေးနေသကဲ့သို့ ဖြစ်နေခဲ့၏။ အကယ်၍ သူ၏ နှောင့်ယှက်မှုများကြောင့်သာ မဟုတ်ပါက ဝမ်ပေါင်လဲ့ ယခုလို လျင်မြန်စွာ တိုးတက်လာခဲ့မည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လီချန်းတစ်ယောက် ယခင်တုန်းကကဲ့သို့ သူ့အား ပြဿနာမရှာတော့သည်ကို သိလိုက်ရသောအခါ အထိတ်တလန့်ဖြစ်သွားရ၏။ သို့ဖြစ်ရာ သူသည် လီချန်းဆီသို့ သူကိုယ်တိုင် သွားရောက်၍ သူနှင့် သေသေချာချာ ဆွေးနွေးညှိနှိုင်းလိုက်သည်။ ထိုအခါ လီချန်းမှာ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာသည်ပုံပင်။ သူသည် အစွမ်းကုန်ကြိုးစားကာ ဝမ်ပေါင်လဲ့အား တတ်နိုင်သမျှ ကူညီပေးရန် ကတိပေးလိုက်၏။
ထိုကူညီမှုမှာ… နှစ်လသာ ခံလိုက်၏။ နောက်ဆုံးတွင် လီချန်းမှာ လက်မြှောက်အရှုံးပေးလိုက်ရတော့သည်။ ဝမ်ပေါင်လဲ့တစ်ယောက် လီချန်းအား မည်မျှပင် တိုက်တွန်းစေကာမူ အချည်းနှီးပင်။ လီချန်းမှာ ချုံးပွဲချ အော်ငိုပစ်ချင်စိတ်များ ပေါက်လာရပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ဆရာဆီသို့ သွားကာ သူ့အား အဖွဲ့နံပါတ်ခုနစ်ထဲမှ ပြောင်းရွှေ့ပေးရန် တောင်းဆိုလိုက်ရတော့သည်…
ဝမ်ပေါင်လဲ့မှာ လီချန်းထွက်ခွာသွားသည်ကို ကြားသိလိုက်ရသောအခါ စိတ်မကောင်းဖြစ်သွား၏။ လီချန်းတစ်ယောက် အဖွဲ့နံပါတ်ငါးသို့ ပြောင်းရွှေ့သွားသည်ဖြစ်ကြောင်း သိလိုက်ရသောအခါ နောက်နေ့တွင် သူသည် အဖွဲ့နံပါတ်ငါးဆီသို့ သွားကာ သူ့အား သွားရောက်ရှာဖွေလိုက်ပြန်သည်။ ထို့နောက် သူသည် ထိုအဖွဲ့ထဲ၌ ခက်ခဲသော ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်နေလိုက်၏။
ထိုသို့ဖြင့် နှစ်ပတ်တိတိ ဆုံးသွားပြီးနောက်… လီချန်းမှာ အဖွဲ့နံပါတ်သုံးဆီသို့ ပြောင်းရွှေ့သွားပြန်သည်။ ဝမ်ပေါင်လဲ့မှာလည်း ပျော်ရွှင်မြူးထူးစွာဖြင့် သူ၏မိတ်ဆွေနောက်သို့ လိုက်သွား၏…
နောက်တစ်ပတ်အကြာတွင် လီချန်းမှာ အဖွဲ့နံပါတ်တစ်ဆီသို့ ပြောင်းရွှေ့ခံလိုက်ရပြန်သည်။ ဝမ်ပေါင်လဲ့မှာလည်း သူ၏နောက်သို့ စိတ်လှုပ်တရှားနှင့် လိုက်သွားဆဲပင်။ လီချန်းမှာ ဝမ်ပေါင်လဲ့တစ်ယောက် သူ့ထက်အရင် ကြို၍ရောက်နေသည်ကို မြင်လိုက်ရသဖြင့် ဆွံ့အမှင်တက်သွားရတော့သည်။
” ဟိတ် ငါတို့တွေ ဆုံကြပြန်ပြီနော် ” ဝမ်ပေါင်လဲ့မှာမူ မျက်စိပေကလပ်ပေကလပ်ဖြင့် သူ၏လက်ကိုဝှေ့ယမ်းကာ လီချန်းအား လှမ်း၍ နှုတ်ဆက်လိုက်၏။
ထိုနေ့တွင်… လီချန်းမှာ စစ်သင်္ဘောကြီး၏ အတွင်းပိုင်းထဲမှ အပြီးတိုင်ထွက်ခွာသွားတော့သည်။ သူသည် အပြင်ပိုင်းရှိ ပြုပြင်ရေးလုပ်ငန်းများကိုသာ ဆောင်ရွက်တော့မည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ သူထွက်ခွာသွားသည့်အတွက် စိတ်မကောင်းဖြစ်နေရ၏။ အကယ်၍ သူနှင့် လီချန်း၏ကြားရှိ ” ခင်မင်ရင်းနှီးမှု ” ကြောင့်သာ မဟုတ်ပါက သူသည် လီချန်းအား ချက်ချင်းသတ်ဖြတ်ကာ သူ့ပုံစံအဖြစ်သို့ ပြောင်းလဲပစ်လိုက်မည်သာဖြစ်သည်။
” ငါတို့က မိတ်ဆွေတွေကွ။ မိတ်ဆွေတစ်ယောက်ကို အဲလိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ ” ဝမ်ပေါင်လဲ့မှာ လီချန်း ထွက်ခွာသွားသည်ကို ကြည့်ရင် သက်ပြင်းချကာ စိတ်ထဲ၌ ရေရွတ်လိုက်တော့သည်။ ထို့နောက် သူသည် အဖွဲ့နံပါတ်တစ်ဆီသို့ ပြန်သွားလိုက်၏။ ထိုသို့ဖြင့် နောက်သုံးလအတွင်းတွင် ဝမ်ပေါင်လဲ့မှာ အဖွဲ့အတည်အကျမရှိဘဲ သူ့အား လိုအပ်သည့် အဖွဲ့များထဲတွင်လိုက်၍ ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေတော့သည်။
သူ၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်များကို မဟာတောင်ထိပ်ဂိုဏ်း၏ မဟာထိပ်သီး အကြီးအကဲကြီးနှင့် ယွမ်ယင်အဆင့် အကြီးအကဲကြီး ခြောက်ယောက်မှာ သတိထားမိသွားကြသည်။ သူတို့မှာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အရာအားလုံးမှာ ပုံမှန်အတိုင်းသာ ရှိနေကြောင်း သိရှိခဲ့ရ၏။ ထို့ကြောင့် နောက်ဆုံးတွင် သူတို့မှာ လုံနန်ကျစ်သည် အသက်ကြီးမှ ဉာဏ်အလင်းပွင့်သွားခဲ့ခြင်း ဖြစ်ရမည်ဟုသာ ကောက်ချက်ချလိုက်တော့သည်။
” လုံနန်ကျစ်က ကျင့်ကြံခြင်းအဆင့် ဖောက်မထွက်နိုင်တာ နှမြောစရာပဲ ” မဟာထိပ်သီး အကြီးအကဲကြီးမှာ သက်ပြင်းချကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် သူ့ဘက်မှ အနည်းငယ်ခန့် ပေးဆပ်ကာ လုံနန်ကျစ်တစ်ယောက် ယွမ်ယင်အဆင့်သို့ ဖောက်ထွက်နိုင်ဖို့ ကူညီပေးရန် သင့်မသင့် စဉ်းစားတွေးတောနေမိတော့သည်။
မဟာထိပ်သီး အကြီးအကဲကြီးမှာ အကောင်းအကျိုး အဆိုးအပြစ်များကို ချင့်ချိန်သုံးသပ်နေပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ အဖွဲ့အမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်ကာ စစ်သင်္ဘောကြီး၏ အတွင်းပိုင်းထဲ၌ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခဲ့သည်မှာ ခြောက်လတိတိ ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ယခုတွင် ဂိုဏ်းထဲရှိ အကြီးအကဲကြီးများသာ ဝင်ခွင့်ရသော စစ်သင်္ဘောကြီး၏ အမြုတေပိုင်းအား မျက်စိကျနေတော့သည်။
ရက်အနည်းငယ်ခန့် ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ၏ဂိုဏ်းတူအစ်ကိုကြီး ပေးထားသော ပညာရပ်ကို အသုံးပြုကာ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားသည့်ပုံစံ ဟန်ဆောင်လိုက်၏။ သူသည် ရုတ်တရက်ဆိုသလို ဖောက်ထွက်သွားသည်ဖြစ်ရာ လူတိုင်း၏ အာရုံအား ဖမ်းစားသွားနိုင်ခဲ့၏။ ထိုသို့ဖြင့် လုံနန်ကျစ်တစ်ယောက် ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားသည်ဆိုသော သတင်းများမှာ တစ်ဂိုဏ်းလုံးထဲ၌ ပျံ့နှံ့သွားတော့သည်။