အသစ်ရောက်လာသော အုပ်စုမှာ ကန်ယီနိုင်ငံမှ လူများနှင့် ဟွာဂျီယူတို့ ဖြစ်သည်။ ရှေးဟောင်းမြေရိုင်း ဒေသသို့ ခြေချပြီးနောက် သူတို့က လမ်းခရီးတွင် အတွေ့အကြုံ အများအပြား ရရှိခဲ့ကြသည်။ တစ်ခါတစ်ရံ သူတို့က ရီဖူရှင်းနှင့် ပတ်သက်၍ လေ့လာစုံစမ်းကြပြီး တစ်ခါတစ်ရံ သူတို့က တန်ခိုးကျင့်ကြသည်။ သူတို့က ကံစွမ်းအား အရင်းအမြစ်များစွာကို သွားရောက်ခဲ့ကြပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ နေထိုင်လျက် ဉာဏ်အလင်းများရအောင် အားထုတ်ခဲ့ကြသည်။ သူတို့က အုပ်စုတောင့်သည့်တိုင် ရှေးဟောင်းမြေရိုင်းဒေသတွင် အရှေ့မြေရိုင်းဒေသမှ အင်အားကြီး အဖွဲ့အစည်းများ၏ ပါရမီရှင်များနှင့် ယှဉ်လျှင် ယုံကြည်မှု သိပ်မရှိကြပေ။ သို့သော်လည်း ရီဖူရှင်းကား ကွာခြားလှသည်။ သူက မည်သည့် နေရာတွင်မဆို နာမည်ကျော်ကြားကာ လှုပ်ခတ်နိုင်စွမ်း ရှိသည်။ သူက ရှေးဟောင်းမြေရိုင်း ဒေသ၏ ဗဟိုချက်မနေရာဖြစ်သော မြေရိုင်းမြို့တွင်ပင်လျှင် အလွန်နာမည် ကျော်ကြားသည်။
“ရီဖူရှင်းက တကယ့်ကောင်ပဲ… မြေရိုင်းမြို့က အရှေ့မြေရိုင်း ဒေသက အတော်ဆုံးဆိုတဲ့ လူတွေပဲ ဆုံတဲ့နေရာပဲ… ဒါပေမဲ့ သူက တကယ်ပဲ မှန်တောင်ကုန်းကို မုန်တိုင်းထန်အောင် လုပ်နိုင်စွမ်းရှိတယ်… သူ့ရဲ့ ပါရမီတွေက နယ်မြေတစ်ရာ ဒေသမှာ ရှိနေရတာ ဆုံးရှုံးမှုတစ်ခုပဲ….” ရီဒန်ချန်းက သူတို့ရခဲ့သော သတင်း အချက်အလက်များကို တွေးမိကာ ပြုံးလျက် ပြောသည်။ ရီဖူရှင်းက အလွန် ထူးခြားသောသူ ဖြစ်သည်ကို သူတို့ သိသော်လည်း ဤမျှ ကြောက်မက်ဖွယ် ပါရမီမျိုး ပိုင်ဆိုင်ထားမည်ဟု တစ်ခါမှ မတွေးဖူးကြပေ။
“ဂျီယူ… နင် စိုးရိမ်နေတာက အလကားပဲ… သူက အဆင်ပြေနေတာပဲ…” ရီလင်းဇီက ပြုံးလျက် ပြောသည်။
ဟွာဂျီယူက ပြုံးရောင်သန်းနေသော မျက်လုံးဖြင့် အသာအယာ ခေါင်းညိတ်ကာ ပြောသည်… “သူက မိန်းမလှတစ်ယောက်ကို အစေခံအနေနဲ့ သူ့အနားမှာ ခစားခိုင်းထားတယ် ကြားတယ်… သူအဆင်ပြေတာ သေချာတာပေါ့…”
“သူမက အစေခံတစ်ယောက်ပါပဲ… နင် သိပ်ပြီးတော့ အတွေးမလွန်နဲ့ ဂျီယူ…” ရီလင်းဇီက တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားရသည်။ ဟွာဂျီယူ၏ စကားထဲတွင် ပိုမိုနက်နဲသော အဓိပ္ပာယ်များ ပါဝင်နေသည်။
ထိုအချိန်တွင် ရီဒန်ချန်းက သူ၏ ပါးစပ်ကိုပိတ်ထားကာ ရီဖူရှင်းအတွက် တိတ်တဆိတ် ဆုတောင်း ပေးနေသည်။ သူ့ကို ကူညီ၍ ရတော့ဟန် မတူတော့။ အပြင်တွင် ဤမျှ ပျော်ပါးရန် မည်သူက ပြောထားသနည်း။
“ငါက အတွေးလွန်နေတာ မဟုတ်ဘူး….” ဟွာဂျီယူက ပြုံးလျက် ပြောသည်။ ရီလင်းဇီ၏ မျက်လုံးများက ဝိုင်းစက်သွားကာ သက်ပြင်းချလိုက်သည်။ သူမလည်း မည်သို့မှ တတ်နိုင်ဟန် မတူတော့ပေ။
သူတို့အုပ်စု ရှေ့ကို ဆက်ပြီး ခရီးနှင်ကြလျှင် မကြာမီ မှန်တောင်ကုန်းနှင့် နီးလာသည်။ အဝေးမှ ရှေးဟောင်း တောင်ကြီး၏ ပုံသဏ္ဌာန်ကိုပင်လျှင် ရေးရေးမြင်နေရသည်။ ထိုအချိန်တွင် ရီဖူရှင်းက တစ်ခုမှ မသိပေ။ သူကား မိန်းကလေးများ ဝန်းရံလျက် တိတ်ဆိတ်စွာ တန်ခိုးကျင့်နေသည်။ လို့လန်ရွှီကလည်း တန်ခိုးကျင့်နေသည်။ လင်းယွီယိုက တစ်ခါတစ်ရံ သူ့အား လှမ်းလှမ်း ကြည့်တတ်သည်။ ထို့အပြင် ဂူဘိုင်ယွီကား ရီဖူရှင်း၏ အနီးတွင် တောက်တဲ့ကဲ့သို့ ကပ်ကာ ကလူကျီစယ် နေတတ်သည်။ သို့သော် ရီဖူရှင်းက ထိုအရာများကို အရေးမလုပ်ပေ။ ရီဖူရှင်းကဲ့သို့ စိတ်နှလုံး သန့်စင်သောသူက တခြား မိန်းကလေးများကို တွေးမည် မဟုတ်ပေ။ သူက ထိုကောင်းမွန်သော အခြေအနေကို ကျေနပ်စွာ ခံယူနေသော်လည်း သူက ဂူဘိုင်ယွီအား သူမ၏ တာဝန်များကို လုပ်ဆောင် နေသည်ဟုသာ မြင်သည်။
မှန်တောင်ကုန်းတွင်ကား လူအများ၏ အကြည့်များက ရီဖူရှင်းထံ ရောက်ရောက် လာတတ်သည်။ ရက်များစွာ ကြာသည့်တိုင် သူကား မှန်တောင်ကုန်းကို သွားရောက် စမ်းသပ်ခြင်း မရှိသေးပေ။ ရီဖူရှင်းက မည်သို့ စဉ်းစားနေသည်ကို သူတို့ မသိပေ။
လက်ရှိတွင် အင်အားစုများ၏ တန်ခိုးရှင်များက တောင်ထိပ်ပေါ်တွင် ရီဖူရှင်းနှင့်အတူ တန်ခိုးကျင့်နေကြသည်။ သူတို့က ရီဖူရှင်း၏ အချိန်ဆွဲမှုကို စိတ်ထဲမှ ဆဲရေးတိုင်းထွာနေကြ၏။
ထိုစဉ်မှာပင် လူတစ်ယောက် ရီဖူရှင်း၏ ဘေးကို ရောက်လာသည်။ သူမကား လို့လန်ရွှီ ဖြစ်သည်။ ဂူဘိုင်ယွီက ငွေရောင်ဆံပင်နှင့် မိန်းကလေးကို ကြည့်လိုက်သည်။ သူမက ရှေးဟောင်းလို့လန်၏ သမီးတော်ဖြစ်သည်ကို သိပြီးဖြစ်သည်။ သူမက အဆင့်အတန်း မြင့်သော သမီးတော်ဖြစ်သည့်တိုင် ရီဖူရှင်း၏နောက်ကို လိုက်နေမြဲဖြစ်သည်။
“မင်းက တစ်ခုခု လိုအပ်လို့လား…” ရီဖူရှင်းက ဘေးမှ မိန်းကလေးကို သတိထားမိကာ မေးသည်။
လို့လန်ရွှီက ခေါင်းညိတ်သည်… “ငါက ရေဓာတ်ရုပ်တုကို ဒီရက်ပိုင်း လေ့လာနေတာ… ဒါပေမဲ့ တစ်ခါမှ ထိန်းချုပ်လို့ မရဘူး… နင်က ဘယ်လို လုပ်ခဲ့တာလဲ…”
ရီဖူရှင်းက သူမ၏ မေးခွန်းကြောင့် အံ့အားသင့်သွားသည်။ သူမကား သင်ယူရန် စိတ်အား ထက်သန်လှသည်။
“ဒါက ပြောပြဖို့ မသင့်တော်ရင်လည်း ထားလိုက်တော့…” လို့လန်ရွှီက ပြောသည်။
“မင်းက ရုပ်တုထဲက စိတ်အသိကို ဖိနှိပ်ပြီးတော့ ထိန်းချုပ်ဖို့ ကြိုးစားရမယ်…” ရီဖူရှင်းက ပြောသည်။ သူက ပြောပြသည့်တိုင် ထိုအရာက လွယ်ကူသောကိစ္စ မဟုတ်ပေ။ ရှေးဟောင်းမြေရိုင်း ဒေသတွင် ရီဖူရှင်းမှ လွဲ၍ ထိုသို့လုပ်နိုင်မည့်သူ မရှိပေ။
လို့လန်ရွှီကလည်း ထိုအဖြေကို ကြားလျှင် အံ့အားသင့်သွားသည်။ သူမကလည်း ထိုသို့ ကြိုးစားခဲ့သည်။ သို့သော် သူမ မတတ်နိုင်ပေ။
ရုပ်တုတိုင်းတွင် ရှိနေသော စိတ်အသိများကား အလွန်အမင်း အားကောင်းသည်။ ထိုအရာများက သန့်စင်သော နိုဘယ်အသိများ ဖြစ်ကြသည်။ သူမကလည်း ဉာဏ်အလင်းမှတစ်ဆင့် သန့်စင်သော နိုဘယ်စိတ်အင်အားကို မွေးဖွားထားနိုင်သော်လည်း ရုပ်တုထဲမှ စိတ်အသိကို ထိန်းချုပ်ရန်မူကား မဖြစ်နိုင်ပေ။
“နင်က ရုပ်တုရဲ့ စိတ်အသိကို ထိန်းချုပ်နိုင်တာလား…” ဂူဘိုင်ယွီက သူတို့၏ စကားကို ကြားကာ လှမ်းပြောသည်။
“မင်းက တကယ်ကို စိတ်အနှောင့်အယှက် ပေးတယ်…” ရီဖူရှင်းက သူမအား ဒေါသတကြီး ကြည့်သည်။ သူမကား အမှန်ပင် ခေါင်းကိုက်စရာ ကောင်းလှသည်။
“နင်က မိန်းမတစ်ယောက်ကို ညင်သာရမယ်ဆိုတာ မသိဘူးလား….” ဂူဘိုင်ယွီက သနားစဖွယ် ပြောသည်။ ရီဖူရှင်းက သူမအား လျစ်လျူရှုထားသည်။ သူမ၏ အပြုအမူများက သူ့အတွက် သိပ်ထူးဆန်းမှု မရှိတော့။
ထိုစဉ် လူတစ်စု လှေကားထစ်များမှ တစ်ဆင့် မှန်တောင်ပေါ်သို့ တက်လာသည်။ သူတို့က ချက်ချင်းပင် များစွာသော အာရုံစိုက်မှုကို ရယူထားသည်။ ထိုအုပ်စု၏ ရှေ့ဆုံးမှ တစ်ယောက်ကား ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ထားသည်။ သူတို့ကလည်း အင်အားကြီး အဖွဲ့အစည်း တစ်ခုကလား။
“ဟိုနားမှာ…” ထိုအုပ်စု၏ရှေ့မှ လူငယ်တစ်ယောက်က ရီဖူရှင်းရှိနေရာသို့ လက်ညှိုးထိုးပြသည်။ ထိုတစ်အုပ်စုလုံးက ရီဖူရှင်း ရှိရာဘက်ကို ကြည့်လိုက်ကြသည်။
ယခုတွင်ကား ရီဖူရှင်း၏ဘေးတွင် မိန်းမလှနှစ်ယောက် ရှိနေသည်။ လို့လန်ရွှီကား ရေခဲတမျှ အေးစက်သော မိန်းမလှဖြစ်ပြီး ဂူဘိုင်ယွီကား ဖျတ်လတ် သွက်လက်သော မိန်းကလေးဖြစ်သည်။ ထိုကွဲပြားခြားနားသော မိန်းမလှ နှစ်ယောက်ကား အလွန် လှပချောမွေ့ကြသည်။
ရီဖူရှင်းက ထိုအုပ်စုများကို ဂရုစိုက်လေ့မရှိပေ။ တောင်ထိပ်ကို တက်ရောက်လာသော အုပ်စုများကား မရေမတွက်နိုင်အောင် များပြားသည်။ သူက ထိုလူများကို အာရုံစိုက်လေ့ မရှိပေ။
ရီလင်းဇီက ရှေ့မှ မြင်ကွင်းကို သတိထားမိကာ ဘေးမှ ပဝါဖြင့် မျက်နှာကို ကွယ်ထားသော မိန်းကလေးကို ကြည့်သည်။
ပြဿနာကား စလေပြီ။ ရီဒန်ချန်းက ရီဖူရှင်းအတွက် ဆုတောင်းပေးနေသည်။
တကယ့် ပြဿနာကြီးပင်။
ဟွာဂျီယူက ရီဖူရှင်းထံသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ ရီဒန်ချန်းနှင့် ရီလင်းဇီတို့ကလည်း အချင်းချင်း ကြည့်လိုက်ကြကာ ဟွာဂျီယူနောက်မှ လိုက်ပါသွားကြသည်။ ထိုအုပ်စုက ရီဖူရှင်းရှိနေရာကို သွားကြသည်ကို မြင်လျှင် တခြားလူများကလည်း ရီဖူရှင်းကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ ထိုအုပ်စုက ရီဖူရှင်းတို့ကို ဖိတ်ခေါ်ရန် ရောက်လာသည်လား။
ထိုအုပ်စုကို ဦးဆောင်လျက် သွားနေသော မိန်းကလေးကား မျက်နှာကို ပဝါဖြင့် ဖုံးကွယ်ထားသည်။ သူမ၏ မျက်လုံးများက သမင်မျက်လုံးများကဲ့သို့ လှပဝိုင်းစက်ကာ ခန္ဓာကိုယ် ကောက်ကြောင်း များကလည်း ပြည့်စုံ လှပလွန်းသည်။
ယူချင်း၏ မျက်လုံးများက ထိုအုပ်စုထံကို ရွေ့လျားသွားလျှင် အံ့အားသင့်သွားသည်။ သူက ရီဒန်ချန်း၊ ရီလင်းဇီနှင့် ဟွာဂျီယူတို့ကို မြင်သည်။ သူက လျင်မြန်စွာပင် ရီဖူရှင်း၏ ဘေးနားကို ရောက်သွားသည်။ ယူချင်းက ချောင်းဟန့်လိုက်သည်။ ရီဖူရှင်းက လှမ်းကြည့်ကာ ယူချင်းအား မေးသည်… “ဘာဖြစ်လို့လဲ…”
ယူချင်းက မျက်ရိပ်မျက်ယောင်ပြလျက် သူ့အား အချက်ပြရန် ကြိုးစားသည်။ ရီဖူရှင်း နားမလည်ပေ။ ယူချင်း ဘာဖြစ်နေသနည်း။ သူက ဤသို့ ပြုမူရအောင် မည်သူ ရောက်ရှိလာသနည်း။ ဤမျှ အရေးကြီးသလော။
သူ၏မျက်လုံးက ရွေ့လျားသွားကာ နောက်ဆုံးတွင် သူ့ထံကို လျှောက်လာသော အုပ်စုကိုမြင်သည်။ သူက ရုတ်တရက် ထိတ်လန့်သွားကာ ထခုန်မိသွားသည်။ ထို့နောက် စိတ်ထဲမှ ယူချင်းအား ကျိန်ဆဲလိုက်သည်။ သူက ဤထက် လျင်မြန်စွာ သူ့ကို သတိပေးလို့ မရပေဘူးလား။
ထို့နောက် သူက လို့လန်ရွှီနှင့် ဂူဘိုင်ယွီအား ကြည့်လိုက်သည်။ သူမတို့က သူ၏ဘေးတွင် ရပ်နေဆဲဖြစ်သည်။ သွားပြီ။ ဒါက သူ့အမှားလား။ ထိုအရာက တိုက်ဆိုင်ခြင်း မဟုတ်ပေဘူးလား။ ရီဖူရှင်း ချွေးစေးများ ပြန်လာသည်။
ဂူဘိုင်ယွီကား ဉာဏ်ကောင်းသော မိန်းကလေးဖြစ်သည်။ သူမက ရီဖူရှင်းနှင့် ယူချင်းတို့၏ ထူးဆန်းသော ဟန်ပန်များကို မြင်လျှင် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကို ခန့်မှန်းမိသည်။ အကယ်၍ အင်အားကြီး အဖွဲ့အစည်းများ ဖြစ်ပါက ရီဖူရှင်းက ဤမျှ ထိတ်လန့်မည် မဟုတ်ပေ။ သူက အမှန်ပင် ထခုန်သည်။ အလွန် လျင်မြန်စွာ ခုန်ခြင်းဖြစ်သည်။
ထိုအရာက ပုံမှန်မဟုတ်သည်ကို လူတိုင်းက သတိထားမိသည်။ ထိုလူများက သူနှင့် မည်သို့ ပတ်သက်နေသနည်း။ ရှောင်ဝူကျိ သို့မဟုတ် မောက်မာရိုင်းစိုင်းသော တန့်ယွီ မည်သူကိုမဆို ရီဖူရှင်းက ဂရုစိုက်သည် မဟုတ်ပေ။ သူက လီတောင်ယွန်၏ လက်တစ်ဖက်ကိုပင်လျှင် မီးမြှိုက်ခဲ့သည်။ သူ့အား လေထဲသို့ ထိတ်လန့်တကြား ထခုန်ရလောက်အောင် မည်ကဲ့သို့သော သူက ကြောက်ရွံ့စေသနည်း။
ဟွာဂျီယူက နောက်ဆုံးတွင် ရီဖူရှင်းနှင့် သိပ်မဝေးသော တစ်နေရာတွင် ရပ်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများက လို့လန်ရွှီနှင့် ဂူဘိုင်ယွီကို ကြည့်နေသည်။ သူမ၏ မျက်နှာတွင် စိတ်ပျက်ဟန် အနည်းငယ် ဖြစ်ပေါ်နေကာ နောက်ဆုံး သူမ၏ အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်။
ရီဒန်ချန်းနှင့် ရီလင်းဇီတို့က ဟွာဂျီယူ၏ နောက်တွင် ရပ်နေသည်။ သူတို့က တိတ်ဆိတ်စွာ ရပ်လျက် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူတို့ကလည်း ရီဖူရှင်းနှင့် သူ့ဘေးမှ မိန်းမလှလေး နှစ်ယောက်ကို မြင်လျှင် စိတ်မသက်မသာ ဖြစ်သွားကြသည်။ ကြည့်ရသည်မှာ သူတို့ အမှန်ကူ၍ ရတော့မည် မဟုတ်တော့ပေ။
ရီဖူရှင်းက ဟွာဂျီယူကို ကြည့်နေသော အကြည့်ကား အပြစ်ရှိသူက ပြစ်ဒဏ်ခံရန် စောင့်ဆိုင်းနေပုံနှင့် တူလှသည်။ သို့သော်လည်း သူက အားတင်းကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ သူက တစ်ခုမှ အမှားအယွင်း မလုပ်ထားသလိုပုံစံ ဖမ်းလိုက်သည်။ သူက မြေခွေးမကို ပြန်တွေ့ရသည်မှာ ပျော်ရွှင်ဖွယ်ကိစ္စ မဟုတ်ပေဘူးလား။ သူက အပြစ်ရှိသလို အဘယ်ကြောင့် ခံစားနေရသနည်း။
“ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ…” ရီဖူရှင်းက ပြုံးလျက် နူးညံ့ ညင်သာသော လေသံဖြင့် မေးသည်။ သူမက ယခု သူ၏ ရှေ့တွင်ရပ်ရန် ရှေးဟောင်းမြေရိုင်း ဒေသကို ဝင်ရောက်ကာ ခရီးရှည်ကို လှမ်းခဲ့ရသည်။ ထိုအရာက လွယ်ကူသည်တော့ မဟုတ်ပေ။
ဟွာဂျီယူက စကားတစ်ခွန်းမှ မပြောဘဲ ရီဖူရှင်းအား ဆက်လက်၍ စိုက်ကြည့်နေသည်။ ရီဖူရှင်းက အပြစ်ရှိသလို ခံစားလာရပြန်သည်။
“မရီး… ဒါက နားလည်မှု လွဲတာပါ… သူတို့က ရီဖူရှင်းနောက်ကို လိုက်ပါလိုနေကြတာ…” ယူချင်းက ပြောသည်။
တောင်ထိပ်ပေါ်မှ လူများအားလုံး တိတ်ဆိတ်သွားသည်။ အခြေအနေက အဘယ်ကြောင့် ထူးဆန်းနေသည်ကို သူတို့ နောက်ဆုံး နားလည်လိုက်သည်။
လက်ပူးလက်ကြပ် ဖမ်းမိခြင်းပင်။
ရီဖူရှင်းကို ထိုသို့မြင်ရသည်ကို လူတိုင်းက ပြုံးမိကြသည်။ ထိုမောက်မာသော ကောင်ကား အကြောက်တရား ဟူသည်ကို သိသေးသည်ပင်။ သို့သော် ယူချင်းက မည်သို့ ပြောလိုက်သနည်း။ သူတို့က ရီဖူရှင်းနောက်ကို လိုက်ပါ လိုနေကြသည်လား။ သူကား လို့လန်ရွှီနှင့် ဂူဘိုင်ယွီတို့အား မြေကျင်းထဲကို ပစ်သွင်းလိုက်သည်နှင့် တူလှပေသည်။ မှော်ကလန်မှ ဂူဘိုင်ယွီက ထိုသို့ ဝမ်းနည်းစရာ အခြေအနေမျိုးနှင့် ကြုံရမည်ဟု မည်သူ ထင်မည်နည်း။ ယောက်ျား တစ်ယောက်နောက်ကို အတင်းလိုက်နေခြင်း။
ဂူဘိုင်ယွီနှင့် လို့လန်ရွှီတို့ နှစ်ယောက်လုံး၏ မျက်နှာတွင် ထူးခြားသော အမူအရာများ ဖြစ်ပေါ်လာသည်။ ရှေးဟောင်းလို့လန်တွင် လို့လန်ရွှီ၏အမေက ရီဖူရှင်းအား လို့လန်ရွှီနှင့် အတင်း လက်ထပ်စေခိုင်း သော်လည်း ရီဖူရှင်းက ချစ်သူရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆန်ခဲ့သည်။ သူမက ရီဖူရှင်း၏ ချစ်သူလား။
လင်းယွီယိုကား နောက်တွင် ရပ်နေခြင်းဖြစ်ရာ သူမအတွက် အဆင်ပြေသည်။ သို့သော် ယူချင်း၏ စကားက သူမအား ရှေ့မှ မိန်းကလေးများနှင့် တန်းတူပင် မထားသည်ဟု တွေးမိလျှင် စိတ်ပျက်မိသည်။
“ဒါဆို နင့်မှာ ချစ်သူရှိနေပြီးသားပေါ့… ငါ့ကို ဘာလို့ မပြောခဲ့တာလဲ…” ထိုအခိုက်တွင် ဂူဘိုင်ယွီက သူမ၏ ပါးစပ်အား ဟလိုက်သည်။ သူမက ရီဖူရှင်းအား အလိမ်ခံလိုက်ရသော မိန်းမငယ်လေး တစ်ယောက်လို အပြစ်ကင်းမဲ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ငါ…” ဂူဘိုင်ယွီ၏ စကားကို ကြားလျှင် ရီဖူရှင်းက သူမအား အမှန်ပင် ရိုက်နှက်ပစ်လိုသည်။
ဟွာဂျီယူက ဂူဘိုင်ယွီအား တစ်ချက်ကြည့်ကာ သူမ၏ လက်အားမြှောက်လျက် မျက်နှာကို ကွယ်ထားသော ပဝါကို ဖြုတ်လိုက်သည်။ ထိုအခိုက်မှာပင် လူတိုင်းက မှင်တက်သွားသည်။
လှသည်။ စကားဖြင့် ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်လောက်အောင် လှပချောမောသည်။ အပြစ်အနာအဆာ မရှိသော အဖိုးမဖြတ်နိုင်သော ကျောက်စိမ်း တစ်လုံးလို သူမကား ပြီးပြည့်စုံသည်။
ထို အလွန်ချောမော လှသည်ဟု သတ်မှတ်ထားသော ဂူဘိုင်ယွီ၊ လို့လန်ရွှီနှင့် လင်းယွီယိုတို့ အားလုံးမှာ ဟွာဂျီယူက သူမ၏ပဝါကို ဖယ်ရှားလိုက်သော အခိုက်အတန့်တွင် လစန္ဒာ အလင်းအောက်တွင် တောက်ပနေသော ပိုးစုန်းကြူးများ ဖြစ်သွားကြသည်။
ထိုမျက်နှာလေးကို မြင်လျှင် လူတိုင်းက ရီဖူရှင်းအား မနာလိုစွာ ကြည့်လိုက်ကြသည်။ သူ့တွင် ထိုလှပချောမောသော မိန်းကလေးများ အနီးနားတွင် ရှိသည်သာမက နိုင်ငံတစ်နိုင်ငံကိုပင် အလွယ်တကူ ပျက်စီး စေနိုင်လောက်အောင် လှပေချောမွေ့သော မိန်းကလေး တစ်ယောက် ရှိသည်။
ဂူဘိုင်ယွီနှင့် လို့လန်ရွှီကား မှင်တက်နေဆဲပင်။ ထို့ကြောင့် သူမတို့၏ အလှတရားက သူ့ထံတွင် အလုပ်မဖြစ်ခြင်း ပေလော။
ဟွာဂျီယူ၏ မျက်လုံးများက အလွန်အမင်း နှစ်လိုဖွယ် ကောင်းလှသည်။ သူမက ရီဖူရှင်းကို ကြည့်ကာ ပိုမိုနီးကပ်စွာ တိုးကပ်လာသည်။ သူ၏ ဘေးနားကို ရောက်လျှင် ရီဖူရှင်း၏ မျက်လုံးတည့်တည့်ကို ကြည့်သည်။ လူတိုင်းက တွေးထင်ထားသလို မုန်တိုင်းထန်ခြင်းမျိုး မရှိပေ။ သူမက ရီဖူရှင်းအား ညင်သာ နူးညံ့စွာပြောသည်။
“ငါနင့်ကို လွမ်းလို့…”
ထိုစကားတစ်ခွန်းက လောကတစ်ခုလုံးကို တုန်လှုပ် သွားစေနိုင် လောက်သည်။ သူမ၏ အသံကား ယောက်ျားတိုင်း၏ နှလုံးသားကို တုန်ခါသွားစေ လောက်အောင် ညင်သာသည်။ သူမစကားက လူတိုင်း၏ နှလုံးခုန်သံများကို ရိုက်ခတ်နိုင်စွမ်း ရှိသည်။
ထိုညင်သာသော စကားသံနှင့် အချစ်များ ထုံမွမ်းနေသော မျက်လုံးများကို မြင်လျှင် ရီဖူရှင်း၏ နှလုံးသားများက အရည်ပျော်ကျသွားပြီး ဖြစ်သည်။ သူက အမှန်တကယ်အားဖြင့် ဆိုးရွားသော ကိစ္စရပ်များ လုပ်ထားခြင်း မရှိသည့်တိုင် ရင်ထဲတွင် မသက်မသာ ခံစားရသည်။ တစ်ချိန်တည်းမှာပင် သူ၏ နှလုံးသားက နွေးထွေးသော ခံစားချက်ကို ရ၏။
ငါနင့်ကို လွမ်းလို့…။ ထိုရိုးရှင်းသော စကားတစ်ခွန်းကား လောကတစ်ခွင်မှ ကြောက်စရာ အကောင်းဆုံး လက်နက်များထက်ပင် သူ့ကို သေစေနိုင်လောက်သည်။
***