Switch Mode

အခန်း (၇၃၆)

ငါ့ကို သင်ခန်းစာပေးဖို့ ကြိုးစားနေတာလား

” ငါ့လို ဉာဏ်ကောင်းပြီး အံ့ဩဖို့ကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရတဲ့ မဟာတောင်ထိပ်ဂိုဏ်းကို မနာလိုလိုက်တာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ချောင်းဟန့်လိုက်၏။ ထို့နောက် သူသည် ဟန်ပန်အပြည့်ဖြင့် သူ၏အဖွဲ့ထဲမှ ထွက်ခွာလာပြီး ယွမ်ယင်အဆင့် အကြီးအကဲကြီး၏ ညွှန်ကြားချက်အတိုင်း စစ်သင်္ဘောကြီး၏ အတွင်းပိုင်းထဲသို့ ဦးတည်သွားလိုက်တော့သည်။

စစ်သင်္ဘောကြီး၏ ပြုပြင်ရေးလုပ်ငန်းများကို အပြင်ပိုင်းနှင့် အတွင်းပိုင်းဟူ၍ နှစ်မျိုး ခွဲခြားထား၏။ အပြင်ပိုင်း ပြုပြင်ရေးလုပ်ငန်းများထဲတွင် လုပ်ရသည့် အလုပ်ပမာဏမှာ များပြားပါသော်လည်း ကျွမ်းကျင်မှုအဆင့်အတန်း မြင့်မားနေစရာမလိုပေ။ သို့သော် အတွင်းပိုင်း ပြုပြင်ရေးလုပ်ငန်းများမှာမူ ပြောင်းပြန်ဖြစ်သည်။ ထို့အပြင် လုံခြုံရေးမှာလည်း ပို၍တင်းကျပ်သေးသည်။ ဝမ်ပေါင်လဲ့မှာ အထဲသို့ ဝင်ခွင့်မရခင် မန္တန်အစီအရင် ငါးခုအား ကျော်ဖြတ်ခဲ့ရ၏။

သူသည် လိုအပ်သည့် စစ်ဆေးမှုများကို ကျော်ဖြတ်လာခဲ့ပြီးနောက် စစ်သင်္ဘောကြီး၏ အတွင်းပိုင်းထဲသို့ တည်နေရာ ပြောင်းရွှေ့ခံလိုက်ရ၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ့အား လမ်းပြပေးမည့် ကျင့်ကြံသူတစ်ယောက်အား မြင်လိုက်ရသည်။

သူသည် အစောပိုင်း အမြုတေအဆင့်တွင် ရှိနေသည့်ပုံ ပေါ်သော သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် ချက်ချင်းဆိုသလိုပင် ရှေ့သို့လှမ်းလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ် အရိုအသေပေးလိုက်၏။

” မင်္ဂလာပါ ဂိုဏ်းတူအစ်ကိုကြီး လုံနန်ကျစ်။ စစ်သင်္ဘောကြီးရဲ့ အတွင်းပိုင်းထဲက အစိတ်အပိုင်းအများစုက ပျက်စီးယိုယွင်းနေတုန်းပါပဲ။ ပြုပြင်နေဆဲဖြစ်တဲ့ အစိတ်အပိုင်း‌တွေကို သိမထားရင် နေရာတိုင်းမှာ အန္တရာယ်တွေနဲ့ ကြုံရနိုင်ပါတယ်။ အဲတာကြောင့်မလို့ ဂိုဏ်းတူအစ်ကိုကြီးကို အဖွဲ့နံပါတ်ခုနစ်ဆီ ပို့ဆောင်ပေးဖို့ ကျွန်တော့်ကို တာဝန်ပေးထားတာပါ ”

လုံနန်ကျစ်မှာ မဟာတောင်ထိပ်ဂိုဏ်းထဲတွင် အတော်အသင့် ရာထူးအဆင့်အတန်း မြင့်မားသည့် ဂိုဏ်းသားတစ်ယောက် ဖြစ်ပေသည်။ သူသည် ဖောက်မထွက်နိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည့်တိုင်အောင် အမြုတေထိပ်ဆုံးအဆင့်တွင် ရှိနေဆဲပင်မဟုတ်ပါလော။ သို့ဖြစ်ရာသူသည် ဓမ္မလက်နက်များ သန့်စင်ရာ၌ ပါရမီ မပါခဲ့သည့်တိုင်အောင် အခြားဂိုဏ်းသားများမှာ သူ့အပေါ် အတော်အသင့် လေးစားမှုရှိကြဆဲပင်။

ဝမ်ပေါင်လဲ့မှာလည်း ပြုံးကာ ထိုကျင့်ကြံသူအား ပြန်၍ နှုတ်ဆိတ်လိုက်သည်။ လုံနန်ကျစ်မှာ နှုတ်ခမ်းပါးသူတစ်ယောက် ဖြစ်ရာ သူ၏အပြုံးမှာ အနည်းငယ်ခန့် အေးစက်ကာ ဖော်ရွေမှုမရှိသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် ထို သက်လတ်ပိုင်း ကျင့်ကြံသူကြီးမှာ အနည်းငယ်ခန့် နေမထိထိုင်မသာ ဖြစ်သွားရသည်။ သူသည် သတိကြီးကြီးထားကာ ဝမ်ပေါင်လဲ့အား သူတို့၏ ခရီးပန်းတိုင်ဆီသို့ ခေါ်ဆောင်သွားလိုက်ပြီး သူ၏ မေးခွန်းများကို အတတ်နိုင်ဆုံး ပြန်လည်ဖြေကြားခဲ့၏။

ဝမ်ပေါင်လဲ့မှာ ထိုကျင့်ကြံသူဆီမှ ရသည့် အဖြေများကြောင့် အဖွဲ့နံပါတ်ခုနစ်၏ အကြောင်းကို ပို၍သိရှိနားလည်လာတော့သည်။ ဤ စစ်သင်္ဘောကြီးပေါ်တွင် စုစုပေါင်း အဖွဲ့ လေးဆယ့်တစ်ဖွဲ့ အလုပ်လုပ်နေခြင်းဖြစ်ပြီး တာဝန်များကို ခွဲဝေယူထားကြ၏။ သို့သော် လူအင်အား အလုံအလောက်မရှိသောကြောင့် အဖွဲ့တစ်ဖွဲ့ချင်းစီတိုင်းမှာ မိမိတို့နှင့် မသက်ဆိုင်သည့် အခြား ပြုပြင်ရေးလုပ်ငန်းများကိုပါ လုပ်ကိုင်ရတတ်ပေသည်။

ထို အဖွဲ့များကို အဖွဲ့ကြီးကိုးဖွဲ့က ကြီးကြပ်အုပ်ချုပ်၏။ ထို အဖွဲ့ကြီးကိုးဖွဲ့မှာ ၎င်းတို့၏ လက်အောက်တွင်ရှိသော အဖွဲ့ငယ်လေးများကို ကြီးကြပ်ရသလို ပိုမိုအဆင့်မြင့်ကာ အရေးကြီးသော ပြုပြင်ရေးလုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ရ၏။ သူ တာဝန်ကျသည့် အဖွဲ့ဖြစ်သော အဖွဲ့နံပါတ်ခုနစ်မှာ စစ်သင်္ဘောကြီး၏ ခုခံရေးစနစ်အပိုင်းကို တာဝန်ယူထားရခြင်းဖြစ်သည်။

ထိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန် ဓမ္မလက်နက်သန့်စင်ခြင်း ပညာရပ်အား ကျွမ်းကျင်ပိုင်နိုင်နေရန် လိုအပ်ပေသည်။ ထိုအဖွဲ့ထဲတွင် အဖွဲ့ဝင်ဆယ့်ကိုးယောက် ပါရှိ၏။ ထို အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းမှာ စစ်သင်္ဘောကြီး၏ အပြင်ပိုင်းအား ပြုပြင်ရသော အဖွဲ့များထဲရှိ အဖွဲ့ဝင်များကဲ့သို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းမရှိဘဲ တာဝန်များကို ခွဲဝေယူကာ တစ်ကိုယ်တော် အလုပ်လုပ်ကြသည်သာ ဖြစ်သည်။

ထိုအဖွဲ့ဝင်များမှာ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန် ဆောင်ရွက်ရရုံသာမက အားလပ်နေသည့် အချိန်များတွင်လည်း အခြား ပြုပြင်ရေးလုပ်ငန်းများနှင့် သန့်စင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ပေသည်။

မဟာတောင်ထိပ်ဂိုဏ်းမှာ သူတို့၏ စွမ်းဆောင်ရည်များ တိုးတက်လာနိုင်စေရန် ပြီးမြောက်သည့် အလုပ်ပမာဏအပေါ် မူတည်၍ ရမှတ်များ ဆုချသေးသည်။ ထို ရမှတ်များဖြင့် ကျင့်ကြံခြင်း လေ့ကျင့်ရာတွင် လိုအပ်သော ပစ္စည်းများကို ဝယ်ယူနိုင်ပေသည်။ ယခုကဲ့သို့ ရင်းမြစ်ပစ္စည်း ရှားပါးနေသည့် အချိန်ကာလတွင် ထိုကဲ့သို့ ဆုချသည့် စနစ်မှာ မက်လောက်စရာ ကောင်းပေသည်။

ဝမ်ပေါင်လဲ့မှာ သက်လတ်ပိုင်း လူကြီးနှင့်အတူ စစ်သင်္ဘောကြီးထဲ၌ ဖြတ်သန်းသွားလာနေရင်း စစ်သင်္ဘောကြီး၏ အတွင်းပိုင်းအား လေ့လာမှတ်သားနေ၏။ စစ်သင်္ဘောကြီး၏ အတွင်းပိုင်းမှာ အလွန်အင်မတန်မှ ကျယ်ဝန်းပြီး ၎င်း၏ ကိုယ်ထည်ကြီး၏ အစိတ်အပိုင်းများ ဖြစ်ကြသော ဓမ္မအဆောင်ပစ္စည်း အမြောက်အမြားကို နေရာအနှံ့အပြားတွင် မြင်‌တွေ့ရနိုင်ပေသည်။ ထို့အပြင် စစ်သင်္ဘောကြီး၏ နံရံများနှင့် တစ်သားတည်း ပေါင်းစည်းနေသော သက်ရှိများလည်း ရှိနေသေးသည်။

” စိတ်ဝင်စားစရာပဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူ ဖတ်ရှုဖူးခဲ့သည့် မှတ်တမ်းများထဲတွင် သက်ရှိများအား ဓမ္မအဆောင်ပစ္စည်းများနှင့် ပေါင်းစည်းပေးနိုင်သည့် မန္တန်များ မပါပေ။ သူသည် အတွေ့အကြုံ ရင့်သန်သူတစ်ယောက်ဖြစ်ရာ ထိုကဲ့သို့သော ပေါင်းစည်းမှုများမှာ စစ်သင်္ဘောကြီး၏ အစွမ်းအား အများကြီး မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေ၏။ ထို့ကြောင့် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ဓမ္မလက်နက်စနစ်အား ပို၍ပင် စိတ်ဝင်စားလာရတော့သည်။

သက်လတ်ပိုင်းလူကြီးမှာ ဝမ်ပေါင်လဲ့အား ရှေ့မှနေ၍ ဦးဆောင်ခေါ်သွား၏။ ထိုသို့ဖြင့် တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် သူတို့မှာ အဖွဲ့နံပါတ်ခုနစ် ရှိနေသည့် အပိုင်းသို့ ရောက်ရှိသွားတော့သည်။

ထို အပိုင်းထဲရှိ အခန်းငယ်လေးပေါင်း မြောက်မြားစွာမှာ တစ်ခန်းနှင့်တစ်ခန်း ပူးကပ်နေကြသောကြောင့် ၎င်းမှာ ပျားအိမ်တစ်ခုနှင့် တူနေ၏။ ထိုအခန်းငယ်လေးများ၏ ပတ်ပတ်လည်၌ ဝန်းရံထားသော ရင်ပြင်ကြီးထဲတွင်မူ ပျက်စီးယိုယွင်းနေသည့် အစိတ်အပိုင်းများနှင့် ပစ္စည်းများမှာ နေရာအနှံ့ ပြန့်ကျဲနေကြသည်။ အသက်ငယ်ရွယ်သော ကျင့်ကြံသူတစ်ယောက်မှာ ထိုရင်ပြင်ထဲတွင် ရပ်ကာ အခြားကျင့်ကြံသူများအား အော်ဟစ်အမိန့်ပေးနေ၏။ သူတို့မှာ သူတို့၏လက်ထဲတွင် ကိုင်ထားသော ပစ္စည်းများကို မှတ်တမ်းတင်ကာ အခန်းများထဲသို့ ပို့ဆောင်ပေးနေကြ၏။

” ဒီ တတိယအဆင့်ခါးပတ်ကြိုး သံလိုက်အိမ်မြှောင်ကို ဂိုဏ်းတူအစ်ကို ချန်လော့ဆီ ပို့လိုက် ”

” ဂိုဏ်းတူညီလေး လိဖန်းကို ပြောလိုက်ဦး။ သူ ပြင်ထားတဲ့ အနီရောင် ပုလဲလုံးက အရည်အသွေး မပြည့်ဘူးလို့။ တကယ်လို့ သူ ဒါကို ပြန်မပြင်ပေးနိုင်ဘူးဆိုရင် အဖွဲ့နံပါတ်ခုနစ်ထဲက ထွက်လို့ပြောလိုက် ”

” ဒီ ဟင်းလင်းပြင်ဆူးချွန်က အသုံးပြုလို့ရသေးတယ်။ လျှိုမင်ဖေးဆီကို ပို့ပေးလိုက်။ သူ ဒီထဲက ဟင်းလင်ပြင်းဆူးချွန်ကျောက်တုံးတွေကို ထုတ်ယူနိုင်ဖို့ တစ်ရက်တိတိ အချိန်ရမယ်။ အဲဒီကျောက်တုံးတွေကို အနည်းဆုံး ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ထုတ်ယူပေးထားတာကို လိုချင်တယ် ”

ထို လူငယ် ကျင့်ကြံသူလေးမှာ နှောင်းပိုင်း အမြုတေအဆင့်တွင် ရှိနေ၏။ သူသည် ဓမ္မလက်နက်ပညာရပ် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေသည့်ပုံပင်။ သို့ဖြစ်ရာ သူသည် ထိုပစ္စည်းများကို တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ၎င်းတို့၏ အပြစ်အနာအဆာများကို ချက်ချင်း ရှာတွေ့သွားသည်သာဖြစ်သည်။ သူ၏လေသံမှာ မာကျောပြီး စိတ်မရှည်သည့်ပုံ ပေါက်နေ၏။

သူသည် ဓမ္မအဆောင်ပစ္စည်းတစ်ခုအား အခြားကျင့်ကြံသူတစ်ယောက်ဆီသို့ လှမ်းပစ်ပေးကာ သူ့အား လိုအပ်သည်များကို ညွှန်းကြားနေရင်း ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်ကို သတိထားမိသွား၏။ ထို့ကြောင့် သူသည် ခေါင်းမော့လာကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ပြီးနောက် အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွားတော့သည်။

” မင်္ဂလာပါ ဂိုဏ်းတူအစ်ကို လီချန်း ” ထို လူငယ်လေး၏ မျက်ဝန်းများ သူတို့နှစ်ယောက်ပေါ်သို့ ကျရောက်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ဘေးတွင်ရှိနေသော သက်လတ်ပိုင်းလူကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး ရှေ့သို့လှမ်းလာ၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ လီချန်းအား တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။ သူသည် ထိုလူငယ်လေးအား ဝမ်ပေါင်လဲ့ထက်ပင် ပို၍ ရိုသေလေးစားနေသည့်ပုံ ပေါက်နေ၏။

ဝမ်ပေါင်လဲ့မှာမူ နောက်ဆုံးတွင် သူ၏ရှေ့၌ ရပ်နေသည့် လူငယ်လေးအား မျက်မှန်းတန်းမိသွားတော့သည်။ လုံနန်ကျစ်၏ မှတ်ဉာဏ်များအရဆိုလျှင် ထို လူငယ်လေးမှာ ပဉ္စမမြောက် အကြီးအကဲကြီး၏ တပည့်ရင်းတစ်ယောက် ဖြစ်ပေသည်။ သူသည် ဓမ္မလက်နက်သန့်စင်ခြင်းပညာရပ်တွင် ပါရမီပါပြီး မဟာတောင်ထိပ်ဂိုဏ်း၏ လူငယ်ပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်၏။ သို့သော် သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေ။ ယခုတွင် ဝမ်ပေါင်လဲ့မှာ လီချန်းအား မြင်လိုက်ရသဖြင့် သူ၏ ခေါင်းထဲ၌ အတွေးတစ်ခုပေါ်ပေါက်လာ၏။ သူသည် ထိုလူငယ်လေးအဖြစ် အသွင်ပြောင်းလဲလိုက်မည်ဆိုပါက ကြုံတွေ့ရနိုင်သည့် အကောင်းအဆိုး အကျိုးအပြစ်များကို ချင့်ချိန်သုံးသပ်နေမိတော့သည်။

သို့သော်လက်ရှိတွင် လှုပ်ရှားရန် မသင့်တော်သေးသောကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံးထူပူသွားအောင် စဉ်းစားတွေးတောလိုက်ပြီးနောက် ထိုအကြံအစည်အား တစ်ခဏမျှ မေ့ပျောက်ထားရန် ဆုံးဖြတ်လိုက်၏။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုလူငယ်လေးအား သတ်ဖြတ်မည့် အကြံအစည်အား မေ့ပျောက်ထားလိုက်စဉ်မှာပင် အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည်ကို ရိပ်မိဟန် မရှိသော ထိုလူငယ်လေးမှာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ သူသည် သူ့အား ဂါရဝပြုနေသည့် သက်လတ်ပိုင်းလူကြီးကို တစ်ချက်ပင်မကြည့်ဘဲ ဝမ်ပေါင်လဲ့အား စိတ်မရှည်သည့် အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ဒေါသတကြီး ငေါက်ငမ်းလိုက်‌သည် ” လုံနန်ကျစ်။ မင်း နောက်ကျတယ်။ စစ်သင်္ဘောကြီးကို ပြုပြင်နိုင်ဖို့အတွက် စက္ကန့်တိုင်း စက္ကန့်တိုင်းက အဖိုးတန်တယ်ကွ။ အခုလို အမှားမျိုး ထပ်မလုပ်မိစေနဲ့ ”

” ငါ မင်းကို ဒီ ဝိညာဉ်ပုံရိပ်ယောင် သတ္တုရိုင်းတုံး ပေးလိုက်မယ်။ လူလွတ်တဲ့ အလုပ်ရုံတစ်ခုကို သွားရှာ။ မင်း ဒီ သတ္တုရိုင်းတုံးထဲက ဝိညာဉ်ပုံရိပ်ယောင်အရည်ကို ပေါင်းခံနိုင်ဖို့ အချိန် နှစ်ဆယ့်လေးနာရီ ရမယ်။ နှစ်ဆယ်ရာခိုင်နှုန်းထက် ပိုပြီးတော့ အလေအလွင့်မရှိစေနဲ့ ”

ထိုလူငယ်လေးမှာ ထိုသို့ဆိုကာ သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် ကျောက်တုံးတစ်တုံးအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်၏။ ၎င်းမှာ လက်သီးဆုပ် အရွယ်အစားရှိပြီး ခရမ်းရောင် အလင်းရောင်များ ထုတ်လွှတ်နေသည်။ ထို့နောက် လီချန်းမှာ ဝမ်ပေါင်လဲ့အား လျစ်လျူရှုလိုက်ပြီး အခြားပစ္စည်းများအပေါ် အာရုံစိုက်နေလိုက်တော့သည်။ သူသည် လုံနန်ကျစ်အား အရေးမပါသည့် လူတစ်ယောက်အဖြစ် သတ်မှတ်ထားသည်ဖြစ်ရာ သူ့အား အချိန်ကုန်ခံ၍ စကားပြောနေမည် မဟုတ်ပေ။ အကယ်၍ လုံနန်ကျစ်ကသာ ပေးထားသည့် တာဝန်အား ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက အထုပ်ပြင်ကာ အဖွဲ့ထဲမှ ထွက်ခွာသွားရမည်သာဖြစ်သည်။

” ဟင် ” ဝမ်ပေါင်လဲ့မှာ ထို ဝိညာဉ်ပုံရိပ်ယောင် သတ္တုရိုင်းတုံးအား လှမ်းဖမ်းလိုက်ပြီးနောက် မျက်ခုံးတစ်ဖက် ပင့်လိုက်၏။ ၎င်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင် တမူထူးခြားသော သတ္တုရိုင်းတစ်မျိုး ဖြစ်ပေသည်။ သူသည် ထိုအကြောင်းနှင့်ပတ်သက်၍ မှတ်တမ်းများထဲတွင် ဖတ်ရှုဖူးထား၏။ ထိုသတ္တုရိုင်းအား အထူးနည်းလမ်းတစ်ခုဖြင့် စီရင်လိုက်မည်ဆိုပါက ၎င်းအား ဝိညာဉ်ပုံရိပ်ယောင်အရည်ဟု ခေါ်သော ဝိညာဉ်အရည်တစ်မျိုးအဖြစ်သို့ အရည်ပျော်ကျသွားအောင် လုပ်နိုင်ပေသည်။ ထို အရည်မှာ ဓမ္မလက်နက်သန့်စင်ခြင်းလုပ်ငန်းများထဲတွင် အောင်မြင်မှုရာခိုင်နှုန်းအား မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။

သို့သော် ထိုသတ္တုရိုင်းတုံးအား အရည်ဖျော်ချပါက လေလွင့်ဆုံးရှုံးမှုများနှင့် မလွဲမသွေ ကြုံတွေ့ရမည်သာဖြစ်သည်။ သာမန် လေလွင့်ဆုံးရှုံးမှု ပမာဏမှာ ငါးဆယ်ရာခိုင်နှုန်းအောက်တွင် ရှိ၏။ သို့ဖြစ်ရာ နှစ်ဆယ်ရာခိုင်နှုန်းဆိုသည့် ပမာဏမှာ… ကြီးမားသော စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပေသည်။

” သူက ငါ့ကို သင်ခန်းစာပေးဖို့ ကြိုးစားနေတာလားဟ ” ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေးအား ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ရယ်မောလိုက်၏။ သူသည် စော်ကားခံရပါက ငြိမ်ခံမနေတတ်သည့် လူတစ်ယောက် မဟုတ်ပါလော။ ထို့အပြင် လက်ရှိတွင် သူ၏ ခန္ဓာကိုယ်အစစ်မှာ ခေါင်းတလားကြီးထဲ၌ ဘေးကင်းလုံခြုံစွာ ရှိနေဆဲပင်။ သို့ဖြစ်ရာ အကယ်၍ တစ်ခုခုသာ အလွဲလွဲအချော်ချော် ဖြစ်သွားမည်ဆိုပါက သူသည် အခြားတစ်ယောက်ပုံစံ ပြောင်းလိုက်ရုံပင်။ ဝမ်ပေါင်လဲ့မှာ အေးအေးလူလူ နေရန်သာ ဆန္ဒရှိပါသော်လည်း တစ်စုံတစ်ယောက်ကသာ သူ့အပေါ် အပြစ်ကျူးလွန်လိုက်မည်ဆိုပါက လွယ်လွယ်နှင့် ခွင့်လွှတ်ပေးမည် မဟုတ်ပေ။ မဟာတောင်ထိပ်ဂိုဏ်း၏ မဟာထိပ်သီး အကြီးအကဲကြီး ဖြစ်နေလျှင်တောင် သူက ဂရုစိုက်နေမည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ပုံရိပ်ယောင် သတ္တုရိုင်းတုံးအား ကိုင်ထားသည့် လက်အား ပြောင်းပြန်လှန်လိုက်သောအခါ သူ၏လက်ဖဝါးထဲ၌ အပြာရောင်မီးတောက်တစ်ခု ပေါ်ပေါက်လာပြီး ထိုသတ္တုရိုင်းတုံးအား လွှမ်းခြုံသွား၏။ ထို့နောက် ထို သတ္တုရိုင်းတုံးအား အရည်ဖျော်ချနိုင်သည့် နည်းလမ်းမှာ ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ ပေါ်ပေါက်လာတော့သည်။ သူသည် ယခုမှ ပထမဆုံးအကြိမ်အဖြစ် ထိုနည်းလမ်းအား အသုံးပြုဖူးခြင်း ဖြစ်ပါသော်လည်း ဓမ္မလက်နက်ပညာရပ်တွင် ပါရမီပါပြီး အခြေခံအုတ်မြစ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်ပီပီ ထိုပညာရပ်အား ချက်ချင်းဆိုသလိုပင် တတ်မြောက်သွား၏။ ထို့ကြောင့် သူ၏ လက်ဖဝါးထဲမှ မီးတောက်မှာ ပို၍ အပူချိန်မြင့်မားလာပြီး ချက်ချင်း အရောင်ပြောင်းလဲသွားတော့သည်။

ထိုမြင်ကွင်းမှာ လူတိုင်း၏ အာရုံအား ဖမ်းစားလိုက်၏။ လီချန်းမှာမူ မရွှင်မပျ ဖြစ်သွားပြီး အေးစက်စက် မျက်ဝန်းများဖြင့် နောက်သို့ လှည့်လာသည်။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားသွားရပြီး မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။

” ဝိညာဉ်ပုံရိပ်ယောင် သတ္တုရိုင်းတုံးတွေကို မှော်မီးတောက်နဲ့ အရည်ဖျော်လို့ရတယ်။ မီးတောက်ရဲ့ လောင်ကျွမ်းနှုန်းကို အသက်ရှူနှုန်းနဲ့ ချိန်ညှိပြီးရင် ဝိညာဉ်ချီတွေကို ထည့်သွင်းပြီးတော့ အရည်ဖျော်ခြင်း လုပ်ငန်းစဉ်ကို အားဖြည့်ပေးလို့ရတယ်။ အဲဒီလို အရည်ဖျော်နေတုန်း သတ္တုရိုင်းတုံးပေါ်မှာ အက်ကွဲကြောင်းတွေအဖြစ်နဲ့ ပေါ်ပေါက်လာနိုင်တဲ့ ကမ္ဗည်းစာလုံးတွေကို မျက်စိရှင်ရှင်ထားပြီး စောင့်ကြည့်ပြီးရင် အပူချိန်ကို လိုအပ်သလို ပြောင်းလဲပေးရမယ်။ အလေအလွင့်ပမာဏကို သုညအထိ လျှော့ချဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ သဘောတရားအရဆိုရင်တော့ သုညနား ရောက်တဲ့အထိ လျှော့ချလို့ ရပါတယ် ” ဝမ်ပေါင်လဲ့မှာ သတ္တုရိုင်းတုံးအား သန့်စင်နေရင်း တည်ကြည်မှုအပြည့်ဖြင့် ရှင်းပြလိုက်၏။

” ဒါပေမဲ့ ကျွန်တော်က အဲလောက်အထိ မလုပ်နိုင်သေးပါဘူး။ ကျွန်တော်က အလေအလွင့်ပမာဏကို အများဆုံး…. ဆယ်ရာခိုင်နှုန်းလောက်အထိပဲ လျှော့ချနိုင်သေးတာပါ ” ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ဖြင့် ဆက်ပြောလိုက်ပြန်သည်။ သက်လတ်ပိုင်းလူကြီး အပါအဝင် သူ၏ပတ်ပတ်လည်တွင် ရှိနေသည့် လူတိုင်း အံ့ဩမှင်တက်စွာနှင့် စောင့်ကြည့်နေစဉ်မှာပင် သူသည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းကာ မီးတောက်များကို ငြှိမ်းသတ်လိုက်၏။ ထိုအခါ သူ၏ လက်ဖါးပေါ်တွင် ထူးဆန်းသော ခရမ်းရောင်အလင်းရောင်တစ်မျိုးကို ထုတ်လွှတ်နေသည့် အရည်လုံးတစ်လုံး ပေါ်ပေါက်လာတော့သည်။

၎င်းမှာ ကြည်လင်ရှင်းလင်းသော ခရမ်းရောင်အရည်တစ်မျိုးဖြစ်ပြီး ရတနာတစ်ခုကဲ့သို့ တလက်လက် တောက်ပနေ၏။ ၎င်းအား ကြည့်မိလိုက်သည့် လူတိုင်းမှာ ချက်ချင်းဆိုသလိုပင် ညှို့ယူဖမ်းစားခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်သာဖြစ်သည်။ ၎င်းမှာ… ဝိညာဉ်ပုံရိပ်ယောင်အရည် ဖြစ်ပေသည်။

” ဘုရားရေ။ ဒါက… အထွတ်အထိပ်အဆင့် ဝိညာဉ်ပုံရိပ်ယောင်အရည်ပဲ ” ဝမ်ပေါင်လဲ့၏ ဘေးတွင် ရပ်နေသော သက်လတ်ပိုင်း ကျင့်ကြံသူကြီးမှာ ပင့်သက်များ ရှိုက်မိသွား၏။ ရင်ပြင်ထဲရှိ လူများအားလုံးမှာလည်း အံ့ဩမှင်တက်သွားကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset