” စိတ်ကို တည်တည်ငြိမ်ငြိမ် ထားစမ်းပါ လုံနန်ကျစ်ရာ… ” မဟာတောင်ထိပ်ဂိုဏ်း၏ မဟာထိပ်သီးအကြီးအကဲကြီးမှာ မျက်လုံးများ မှေးသွား၏။ သူသည် ဝမ်ပေါင်လဲ့၏ စကားများကို နှစ်သက်အားရနေခြင်းဖြစ်သည်။ ဂိုဏ်းမှာ အကျပ်အတည်းထဲသို့ ရောက်နေသည်ဖြစ်ရာ သူသည်လည်း စိတ်ဖိစီးမှု မြောက်မြားစွာ ခံစားနေရ၏။ ဂိုဏ်းသား အများစုမှာ သစ္စာမရှိကြသည့် ပုံပင်။ သို့ဖြစ်ရာ သူသည် သူတို့အား တစ်ယောက်ချင်းစီလိုက်၍ အားပေးစကား ပြောနေလျှင်တောင် အခြေအနေများမှာ ထူးခြားလာမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ လုပ်အားနှင့် ငွေအား ပါဝင်ကူညီပေးရန် ပထမဆုံး ကမ်းလှမ်းခဲ့သည့်ဂိုဏ်းသား ဖြစ်ပေသည်။
” မဟာထိပ်သီးအကြီးအကဲကြီး ” ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာ၏။ ထို့နောက် သူသည် မျက်လုံးနီကြီးများဖြင့် ဝေဒနာများ ခံစားနေရသည့်အလား ကျယ်လောင်စွာ ဆိုလိုက်တော့သည်။
” ကျွန်တော် စိတ်ကို တည်တည်ငြိမ်ငြိမ် မထားနိုင်ဘူးဗျာ။ ကျွန်တော် အိပ်မပျော်စားမဝင်တာ ရက်တွေအများကြီး ရှိနေပြီ။ ကျွန်တော် မျက်လုံးတွေပွင့်လာတာနဲ့ ကျွန်တော်တို့ရဲ့ဂိုဏ်း ကြုံနေရတဲ့ အခက်အခဲတွေအကြောင်းကိုပဲ တွေးမိနေတာ။ မျက်လုံးတွေ ပြန်မှိတ်လိုက်ရင်လည်း ဂိုဏ်းရဲ့ မသေချာမရေရာတဲ့ အနာဂတ်ကိုပဲ မြင်နေရတာ။ ကျွန်တော်တို့ရဲ့ မဟာထိပ်သီးအကြီးအကဲကြီးက ကျွန်တော်တို့ကို ဒီအခက်အခဲတွေထဲက ကယ်ထုတ်ပေးလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် အားပေးစကား ပြောနေပေမယ့် ဂိုဏ်းတစ်ခုလုံး ဒုက္ခရောက်နေရတာကို ကျွန်တော်က ဘေးကနေ ထိုင်ကြည့်မနေနိုင်ဘူးဗျ ”
” မဟာထိပ်သီးအကြီးအကဲကြီး။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို စစ်သင်္ဘော ပြုပြင်ရေးလုပ်ငန်းထဲမှာ ပါဝင်ခွင့်ပြုပါ။ ကျွန်တော်က အရင်ကတည်းက ဂိုဏ်းအတွက် သွေးမြေကျတဲ့အထိ ပေးဆပ်ခဲ့ဖူးပြီးသားပဲ။ အခုလို လုပ်အားပေးရတာလောက်က စာမဖွဲ့လောက်ပါဘူး ” ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားနှင့် ဆိုလိုက်၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ မဟာထိပ်သီးအကြီးအကဲကြီးအား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
ထိုအခါ မဟာထိပ်သီးအကြီးအကဲကြီးမှာ အသက်ပြင်းပြင်းရှူကာ ဝမ်ပေါင်လဲ့အား အချိန်အတော်အတန်ကြာအောင် အကဲခတ်နေလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ချီးကျူးလိုစိတ်များကို အထင်သားမြင်နိုင်ပေသည်။ ထို့နောက် မဟာထိပ်သီးအကြီးအကဲကြီးမှာ ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး ဝမ်ပေါင်လဲ့အား တားမြစ်နယ်မြေထဲသို့ဝင်ရောက်၍ ပြုပြင်ရေးလုပ်ငန်းထဲ၌ ပါဝင်ခွင့် ပြုလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာလည်း စိတ်လှုပ်တရှား ဖြစ်သွားပြီး ဂိုဏ်းအတွက် စွမ်းစွမ်းတမံ ကူညီပေးလိုသည့် မျက်နှာအမူအရာဖြင့် ထွက်ခွာလာ၏။ သူ ခန်းမကြီး၏ အပြင်ဘက်သို့ ထွက်သွားသောအခါ မဟာထိပ်သီးအကြီးအကဲကြီး၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာတွင် အေးစက်စက် မျက်နှာအမူအရာတစ်ခု အစားထိုးဝင်ရောက်လာ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ သိုလှောင်အိတ်အား လှမ်းယူလိုက်ပြီးနောက် ၎င်းထဲရှိ ပစ္စည်းများကို ကြည့်ရှုစစ်ဆေးလိုက်တော့သည်။
” သူ ငါ့ကို ပေးခဲ့တဲ့ ပစ္စည်းတွေက အရမ်းကြီး အဖိုးမတန်ပေမဲ့ သူက ငါ အတင်းအကျပ် ဖိအားပေးစရာမလိုဘဲ လုပ်အားပေးဖို့ ကမ်းလှမ်းခဲ့တာမလို့ လိမ္မာပါးနပ်တဲ့ လူတစ်ယောက်လို့ သတ်မှတ်လို့ရတယ်။ ပြီးတော့ သူက ငါ့ဆီကို ပထမဆုံး ရောက်လာတဲ့လူပဲ။ သူ့ကို ပြုစုပျိုးထောင်ပေးရင် အလားအလာတွေ အများကြီး ရှိလာနိုင်တယ်။ တခြားကောင်တွေက တသီးတခြားစီ လေ့ကျင့်နေကြပြီးတော့ ဂိုဏ်းကို ကူညီမယ့်ပုံလည်း မပေါ်ဘူး။ သူတို့က ငါပြောခဲ့တဲ့စကားကို မကြားချင်ယောင် ဆောင်နေကြတာ… ”
မဟာထိပ်သီးအကြီးအကဲကြီးမှာ စိတ်ထဲ၌ ထိုသို့ ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ သူသည် ရက်အနည်းငယ်ခန့် ထပ်၍စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ထိုအတောအတွင်းတွင် ထိုဂိုဏ်းသားများသာ သူ့အား လာရောက်ကူညီခြင်း မရှိပါက သူသည် စစ်သင်္ဘောကြီးအား ပြုပြင်ရာ၌ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူနိုင်ရန် သူတို့အား အစေခံရုပ်သေးရုပ်များ ဖန်တီးသန့်စင်ရာ၌ ကျွမ်းကျင်သည့် အခြားဂိုဏ်းတစ်ဂိုဏ်းဆီသို့သာ ရောင်းချလိုက်မည်ဖြစ်သည်။
အမြုတေအဆင့် ကျင့်ကြံသူအများစုမှာ ဂိုဏ်းထဲ၌ တံခါးပိတ် လေ့ကျင့်နေကြဆဲပင်။ ယခင်တုန်းကသာဆိုလျှင် ဝမ်ပေါင်လဲ့မှာလည်း ထိုကဲ့သို့ လေ့ကျင့်နေမည်ဖြစ်ပါသော်လည်း ယခုတွင်မူ သူသည် သူ၏ နေအိမ်ထဲမှ ပျော်ရွှင်ဝမ်းမြောက်စွာ ထွက်ခွာလာပြီး တားမြစ်နယ်မြေဆီသို့ သွားနေပြီဖြစ်သည်။
မဟာတောင်ထိပ်ဂိုဏ်း၏ တားမြစ်နယ်မြေမှာ ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော သီးခြားနေရာလွတ်တစ်ခု ဖြစ်ပေသည်။ ထိုနယ်မြေထဲတွင် ကျင့်ကြံသူ အများကြီး မရှိဘဲ အယောက် သုံးရာလေးရာလောက်သာ ရှိပေသည်။ ထိုနေရာကြီးမှာ အတော်အသင့်ကျယ်ဝန်းပါသော်လည်း စစ်သင်္ဘောကြီး ရှိနေသောကြောင့် သိပ်၍ မသိသာပေ။
ထို စစ်သင်္ဘောကြီးမှာ တားမြစ်နယ်မြေ၏ အလယ်တွင် လေထဲ၌ ရစ်ဝဲနေ၏။ ၎င်း၏ ပတ်ပတ်လည်တွင်မူ ဝမ်ပေါင်လဲ့ မမြင်ဖူးသော မန္တန်အစီအရင်များ ရှိနေသည်။ ထို မန္တန်အစီအရင်များမှာ ရောင်စုံ လင်းလက်တောက်ပနေကြပြီး စစ်သင်္ဘောကြီးအား ဝိညာဉ်ချီများဖြင့် အားဖြည့်ပေးနေကြသည့် ပုံပင်။
မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးမှာ ကြက်ခြေခတ်ပုံစံ ရှိပြီး ကီလိုမီတာငါးထောင်ခန့် ရှည်လျားသော ထောင့်မှန်စတုဂံပုံစံ ကိုယ်ထည်နှစ်ခုဖြင့် ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းမှာ ရဲရဲနီနေပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည်။
ထို စစ်သင်္ဘောကြီး၏ အစိတ်အပိုင်း အများစုမှာ ပျက်စီးယိုယွင်းနေကြ၏။ အချို့နေရာများတွင်ဆိုလျှင် အတွင်းပိုင်းထဲ၌ မည်သည့်အရာမှ မရှိတော့သဖြင့် အခွံလွတ်ကြီး တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။ သို့သော်ငြားလည်း ထို စစ်သင်္ဘောကြီး၏ အရွယ်အစားမှာမူ ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲပင်။ ၎င်း၏ ဖိနှိပ်အားကောင်းသော အငွေ့အသက်များကြောင့် ဝမ်ပေါင်လဲ့မှာ ပင့်သက်ရှုက်မိသွားရ၏။
” မဟာတောင်ထိပ်ဂိုဏ်းက ဂိုဏ်းငယ်လေးတစ်ခု အဆင့်မှာပဲ ရှိတာတောင် ဒီလောက် အစွမ်းထက်တဲ့ စစ်သင်္ဘောကြီးကို ပိုင်ဆိုင်ထားရတယ်လို့… ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပလာပြီး စိတ်လှုပ်တရှား ဖြစ်လာရတော့သည်။ ထို့နောက် သူသည် စစ်သင်္ဘောကြီးအား ပြုပြင်နေသည့်အဖွဲ့နှင့် ချက်ချင်းပူးပေါင်းလိုက်၏။
လူတိုင်းမှာ အလုပ်ရှုပ်နေကြသောကြောင့် သူ ရောက်ရှိလာသည်ကို မည်သူကမှ သတိမထားမိခဲ့ပေ။ အချို့မှာ ကုန်ကြမ်းပစ္စည်းများအား အသုံးပြု၍ရအောင် ပြင်ဆင်ပေးနေကြပြီး အချို့မှာမူ စစ်သင်္ဘောကြီးအတွက် လိုအပ်သော အစိတ်အပိုင်း အသစ်များကို ဖန်တီးပေးနေကြ၏။ အချို့မှာ စက်ပစ္စည်းများ ပြန်ဖြုတ်ခြင်းနှင့် အသစ်ပြန်လည်တပ်ဆင်ခြင်း အပိုင်းများတွင် တာဝန်ယူထားရပြီး အချို့မှာဆိုလျှင် စွမ်းအင်အမျှင်အတန်းများကို သန့်စင်အောင်လုပ်ပြီး အသစ်ပြန်လည်ဖန်တီးရသည့် လုပ်ငန်းများကို တာဝန်ယူထားရ၏။ ထို့အပြင် စစ်သင်္ဘောကြီးပေါ်ရှိ ဓမ္မလက်နက်များကို ပြင်ဆင်နေကြသည့် လူများလည်း ရှိနေသေးသည်။
ဝမ်ပေါင်လဲ့၏ ပထမဆုံးတာဝန်မှာ စစ်သင်္ဘောကြီး၏ အပြင်ပိုင်းရှိ အစိတ်အပိုင်းများကို စစ်ဆေးရန်ဖြစ်သည်။ သူသည် ပျက်စီးယိုယွင်းနေသည့် အစိတ်အပိုင်းများကို လိုက်လံရှာဖွေပြီးလျှင် ၎င်းတို့အား ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများဖြစ်သို့ ပြောင်းလဲပေးမည့် အဖွဲ့များဆီသို့ ပေးပို့ရမည်ဖြစ်သည်။
၎င်းမှာ ခက်ခဲသောတာဝန်တစ်ခု မဟုတ်ပါသော်လည် ငြီးငွေ့ဖွယ် ကောင်းပေသည်။ သူသည် စက်ရုံလုပ်သားတစ်ယောက်ကဲ့သို့ ပစ္စည်းများကို တစ်နေရာမှတစ်နေရာ မရပ်မနား ပို့ဆောင်ပေးနေရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ထိုအလုပ်လုပ်ရသည်ကို စိတ်ကုန်နေခြင်း မရှိသည့်အပြင် ပျော်ရွှင်ကျေနပ်နေ၏။ သူသည် စစ်သင်္ဘောကြီးအား ကြည့်ရှုစစ်ဆေးခြင်းဖြင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ဓမ္မလက်နက်စနစ်အကြောင်းနှင့် ပတ်သတ်၍ သူ လေ့လာထားသည့် သင်ခန်းစာများကို လက်တွေ့အသုံးချနိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။
ထိုသို့ဖြင့် နှစ်ပတ်တိတိ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ သူ၏ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စွမ်းရှိနေပြီဖြစ်ရာ အချို့သော အစိတ်အပိုင်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများဆီသို့ ပြန်လည်ပို့ဆောင်ပေးရန်ပင် မလိုတော့ဘဲ သူကိုယ်တိုင် ပြုပြင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ စွမ်းဆောင်ရည်မှာလည်း သိသိသာသာ တိုးတက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ စွမ်းဆောင်ရည် တိုးတက်လာမှုကြောင့် ရရှိလာသည့် အချိန်ပိုများကိုလည်း ဖြုန်းတီးပစ်ခဲ့ခြင်းမရှိပေ။ သူသည် အခြားဂိုဏ်းသားများအား သူတို့၏ ပြုပြင်ရေးလုပ်ငန်းများထဲတွင် ဝင်ရောက်ကူညီပေးခဲ့၏။ သူသည် အစကတည်းက ဂိုဏ်းထဲ၌ မိတ်ဆွေပေါများသူတစ်ယောက် ဖြစ်သည့်အပြင် လက်ရှိတွင် လုပ်စရာအလုပ်များမှာ တောင်လိုပုံနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ လူတိုင်းမှာ သူ၏ အကူအညီအား လက်ခံခဲ့ကြ၏။ ထိုသို့ဖြင့် သိပ်မကြာခင်တွင် သူသည် လူနှစ်ယောက်စာအလုပ် လုပ်နေရသကဲ့သို့ ဖြစ်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ပညာရှင်တစ်ယောက်ဖြစ်ရာ ထို ပြုပြင်ရေးလုပ်ငန်းများထဲ၌ ရရှိခဲ့သော လက်တွေ့ အတွေ့အကြုံများကြောင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ သန့်စင်ခြင်းပညာရပ်များကို လျင်မြန်စွာ ကျွမ်းကျင်တတ်မြောက်လာတော့သည်။ သို့ဖြစ်ရာ သူသည် စစ်သင်္ဘောကြီး၏ လက်နက်များအား ပြုပြင်ရာတွင်လည်း ပို၍မြန်ဆန်လာ၏။ ထို့ကြောင့် သူ၏ စွမ်းဆောင်ရည်များမှာလည်း ထပ်၍ တိုးတက်လာတော့သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ပုံမှန်အတိုင်းသာဆိုလျှင် အဆင့်မြင့် ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်သည့် အဖွဲ့များဆီသို့ ပေးပို့ရမည့် အစိတ်အပိုင်းအချို့အား သူ၏ အလုပ်ရုံ၌ အောင်မြင်စွာ ပြုပြင်ပြင်ဆင်နိုင်စွမ်း ရှိသွားတော့သည်။
ထို့ကြောင့် အသေးစား ပြုပြင်ရေးအဖွဲ့များထဲမှ အခြားဂိုဏ်းသားများမှာ သူ၏ စွမ်းဆောင်ရည်များကြောင့် အံ့ဩမှင်တက်သွားကြ၏။ လူတိုင်းမှာ ဝမ်ပေါင်လဲ့အား အထင်ကြီးလေးစားနေကြပြီ ဖြစ်သည်။ သူသည် အမြုတေထိပ်ဆုံးအဆင့်တွင် ရှိနေပြီး အတော်အသင့် ရာထူးအဆင့်အတန်း မြင့်မားသောကြောင့် သိပ်မကြာခင်တွင် အဖွဲ့ဝင် ခုနစ်ယောက် ရှစ်ယောက်ခန့် ပါသည့် အဖွဲ့လေးတစ်ဖွဲ့၏ ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိသွားတော့သည်။
ထိုအတောအတွင်းတွင် ဝမ်ပေါင်လဲ့မှာ မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီး၏ အလုပ်လုပ်ပုံများကိုလည်း ပို၍ နားလည်လာတော့သည်။
” နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲက စစ်သင်္ဘောကြီးတွေကို သူတို့ရဲ့ ခါးပတ်ကြိုးတွေအပေါ် မူတည်ပြီး အဆင့်ခွဲခြားထားတာပဲ။ ပထမအဆင့်ခါးပတ်ကြိုး စစ်သင်္ဘောကြီးတွေက အားအနည်းဆုံး ဖြစ်ပြီးတော့ ဆဋ္ဌမအဆင့်ခါးပတ်ကြိုး စစ်သင်္ဘောကြီးတွေက အစွမ်းအထက်ဆုံးပဲ။ ဒဏ္ဍာရီတွေထဲမှာတော့ သတ္တမအဆင့်ခါးပတ်ကြိုးနဲ့ အဋ္ဌမအဆင့်ခါးပတ်ကြိုး စစ်သင်္ဘောကြီးတွေပါ ရှိခဲ့ဖူးတယ်လို့ ပြောတယ်… ဘာအကြောင်းကြောင့်မှန်း မသိပေမဲ့ မဟာတောင်ထိပ်ဂိုဏ်းက အဆင့်မြင့် စစ်သင်္ဘောကြီးတွေကို ဖန်တီးဆောက်လုပ်နိုင်စွမ်းရှိနေတာ။ ဒီ စစ်သင်္ဘောကြီးက စတုတ္ထအဆင့်ခါးပတ်ကြိုး စစ်သင်္ဘောကြီးပဲ… ”
” ပုံမှန်ဆိုရင် စတုတ္ထအဆင့်ခါးပတ်ကြိုး စစ်သင်္ဘောကြီးတွေကို အပိုင်းသုံးရာ ခွဲပြီးတော့ တည်ဆောက်ထားတာ။ အပိုင်းတစ်ခုချင်းစီရဲ့ လုပ်ငန်းတာဝန်တွေက မတူကြဘူး။ ဒီစစ်သင်္ဘောကြီးတစ်ခုလုံးက စက်ကြီးတစ်လုံးလိုပဲ။ ရှိသမျှ အစိတ်အပိုင်းတွေအကုန်လုံး အလုပ်လုပ်နေမှ စစ်သင်္ဘောကြီးကလည်း အထစ်အငေါ့မရှိ လည်ပတ်နိုင်မှာ။ အပိုင်း တစ်ပိုင်းချင်းစီထဲမှာ ဓမ္မအဆောင် တစ်သောင်းကျော်အထိ ပါတယ်။ အရွယ်အစား ပိုကြီးတဲ့ အပိုင်းတွေထဲမှာဆိုရင် အဲဒီထက်တောင် ပိုပါသေးတယ်… ဒီ စစ်သင်္ဘောကြီးရဲ့ တည်ဆောက်ပုံက အရမ်းကိုရှုပ်ထွေးတာမလို့ စက်ဖွင့်လိုက်တာနဲ့ အမြန်နှုန်းကို ချက်ချင်းမြှင့်တင်ပေးနိုင်စွမ်းရှိတာ။ ပြီးရင် သူက ကြယ်အဖွဲ့အစည်းတွေကို ကျော်ဖြတ်သွားနိုင်စွမ်း ရှိတဲ့အပြင် တိုက်ရည်ခိုက်ရည်အပိုင်းမှာလည်း အဆင့်မြင့်နေသေးတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုစစ်သင်္ဘောကြီးအကြောင်း ပို၍နားလည်လာလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေတော့သည်။
” ပြီးရင် စစ်သင်္ဘောကြီးရဲ့ နှလုံးသားလိုရော ဦးနှောက်လိုပါ အလုပ်လုပ်တဲ့ အမြုတေအပိုင်းတစ်ပိုင်း ရှိသေးတယ်။ အဲဒီအပိုင်းက စစ်သင်္ဘောကြီး တစ်ခုလုံးထဲမှာ အရေးအကြီးဆုံးပဲ ”
ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကာ လေထဲတွင် ရစ်ဝဲနေသည့် စစ်သင်္ဘောကြီး၏ အလယ်တည့်တည့်အား လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် အမြုတေအပိုင်း ရှိနေလောက်ပေးသည်။ သို့သော် မဟာတောင်ထိပ်ဂိုဏ်း တစ်ဂိုဏ်းလုံးထဲတွင် လူခုနစ်ယောက်သာလျှင် ထိုအပိုင်းထဲသို့ ဝင်ရောက်ခွင့်ရှိပေသည်။ အခြားသူများမှာ ထိုအပိုင်း၏ အနီးအနားတွင်ပင် ရပ်ခွင့်မရှိပေ။
သူတို့ထဲမှတစ်ယောက်မှာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေသည့် မဟာထိပ်သီးအကြီးအကဲကြီး ဖြစ်သည်။ အခြားသူများမှာမူ ဂိုဏ်းထဲရှိ ယွမ်ယင်အဆင့် အကြီးအကဲကြီးခြောက်ယောက် ဖြစ်၏။
” တကယ်လို့ ငါက ဒီစစ်သင်္ဘောကြီးရဲ့ တည်ဆောက်ပုံကို အပြည့်အဝ နားလည်ချင်တယ်ဆိုရင် အထဲထဲကို ရအောင်ဝင်ပြီးတော့ အတွင်းပိုင်း ပြင်ဆင်ရေးလုပ်ငန်းတွေထဲမှာ ပါဝင်ခွင့်ရအောင် လုပ်ဖို့လိုတယ်။ ပြီးရင် အမြုတေအပိုင်းထဲကို ဝင်နိုင်မယ့် နည်းလမ်းတစ်ခုခုကို ရှာရမယ်… ယွမ်ယင်အဆင့် အကြီးအကဲ တစ်ယောက်ယောက်ကို သတ်ပြီးတော့ သူ့ပုံစံ ပြောင်းလိုက်ရင်ကောင်းမလား ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး အကောင်းအကျိုး အဆိုးအပြစ်များကို ချင့်ချိန်သုံးသပ်နေလိုက်တော့သည်။
သို့သော် သူသည် အချိန်အများကြီးမရလိုက်ပေ။ သူ၏ အဖွဲ့မှာ ပြုပြင်ရေးလုပ်ငန်းများထဲတွင် လိုအပ်သည်ထက်ပို၍ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့သောကြောင့် အခြားသူများမှာ သူတို့အား စတင် သတိထားမိလာကြတော့သည်။ သူတို့ထဲတွင် စစ်သင်္ဘောကြီး၏ အစိတ်အပိုင်းများကို ပြုပြင်ရန် တာဝန်ယူထားရသည့် အဖွဲ့များကို ကြီးကြပ်နေသော ယွမ်ယင်အဆင့် အကြီးအကဲကြီးလည်း ပါပေသည်။
” လုံနန်ကျစ် ဟုတ်လား။ ဒီကောင် ဒီလောက်အထိ ပါရမီပါနေလိမ့်မယ်လို့ ငါ ထင်မထားဘူး။ အသက်ကြီးမှ ဉာဏ်အလင်းပွင့်သွားတာများလား ” အကြီးအကဲကြီးမှာ ထိုကိစ္စနှင့်ပတ်သက်၍ အချိန်ကုန်ခံကာ စဉ်းစားတွေးတောနေခြင်းမရှိဘဲ။ အဆောင်ပစ္စည်း သန့်စင်ခြင်းလုပ်ငန်းထဲတွင် အသက်ကြီးမှ ဉာဏ်အလင်းပွင့်သွားကြသည့်လူများ အမြောက်အမြားရှိပေသည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းအဆင့် အတော်အသင့် မြင့်မားနေသည်ဖြစ်ရာ သိပ်မကြာခင်တွင် အကြီးအကဲကြီးမှာ သူ့အား အတွင်းပိုင်း ပြင်ဆင်ရေးလုပ်ငန်းများထဲသို့ တာဝန်လွှဲပြောင်းပေးရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သူသည် ပို၍အဆင့်မြင့်သော အဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းခွင့် ရရှိသွားပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထို အမိန့်အား လက်ခံရရှိလိုက်သောအခါ မျက်စိပေကလပ်ပေကလပ် ဖြစ်သွား၏။ ထို့နောက် သူသည် သူ၏လက်ထဲမှ အစိတ်အပိုင်းများကို ဘေးသို့ချကာ စိတ်ထဲ၌ ကျိတ်၍ သက်ပြင်းချလိုက်တော့သည်။
” ဒီ မဟာတောင်ထိပ်ဂိုဏ်းက ဘယ်ဆိုးလို့လဲကွ။ ငါ့ကို ဆုံးဖြတ်ချက်တွေ ဝေဝါးအောင် လုပ်နေတာပဲ… ထားပါတော့လေ။ သူတို့တွေ နှစ်ပေါင်း တစ်ထောင်ကျော် စုစည်းလာခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့် ငါက ဒီဂိုဏ်းထဲကို ရောက်လာရတာပဲ ဖြစ်မှာ “