ဓားကျိုးတစ်လက်!
ဤဓားသည် ယခင်က ကျိုး၍ သံချေးတက် နေသော်လည်း ယခု အခါမှာတော့
အလွန် သွေးပျက်ဖွယ် ကောင်းသော ချီဓာတ်များကို လေထုထဲ ထုတ်လွှတ်လျက် ရှိနေ၏။
“စိတ်မကောင်းစရာပဲ၊ ငါက အခုထိ အားနည်းနေသေးတယ်၊ မဟုတ်လို့ကတော့ အခြေခံ သတ္တု ငါးမျိုးကို သုံးပြီး ဒီဓားကျိုးထဲမှာ တားမြစ် စနစ် တစ်ခု ထည့်သွင်းလို့ ရတယ်။ အဲ့ဒါဆို ဒီဓားက တကယ့် ရှားပါး ပစ္စည်း ဖြစ်လာမှာ”
ယဲ့ဖန် မချိတင်ကဲဖြင့် သက်ပြင်းချလိုက်မိသည်။
ထို့နောက် ထိုဓားကျိုးကို လက်က ကိုင်ပြီး မိုးမခင်ပင်ပေါ်မှ ခုန်ဆင်းလိုက်ကာ တစ်ကိုယ်တည်း ပြောဆိုလိုက်သည်။
“ဒီ့ကောင့်အစွမ်းကို စမ်းကြည့်ရသေးတာပေါ့”
ယဲ့ဖန် အားရပါးရ ပြုံးကာ သူ၏ ကြောက်မက်ဖွယ် ကောင်းသော ချီများက ဓားကျိုးထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
အက်ကွဲသံ တစ်ချို့နှင့်အတူ ဓားကျိုး၏ ချီဓာတ်က တစ်မဟုတ်ချင်း ပြောင်းလဲသွားလေတော့သည်။
သံချေးများ အကုန် ပျောက်ကွယ်သွားကာ နတ်ဆိုးချီများ၏ ဝန်းရံခြင်းကို ခံထားရသဖြင့် သေမင်း လက်နက် နှင့်တောင် ဆင်တူနေသေးသည်။
….
ယဲ့ဖန် အားကစားကွင်း၏ နံရံကို ဓားဖြင့် လှစ်ခနဲ လှမ်းခုတ်လိုက်သည်။
ထက်ရှသော ဓားက လေထုကို ဖြိုခွင်းလိုက်ပြီး အက်ကွဲသံနှင့်အတူ အင်္ဂတေ နံရံကြီးက နှစ်ခြမ်း ကွဲသွားလေတော့သည်။
ထို့နောက် ကျန်ရှိနေသော ဓား ချီဓာတ်များက ကျောင်းအဆောက်အဦး၏ နံရံကို သွားထိမှန်လေသည်။
ကျောင်းကြီး တစ်ခုလုံး တုန်ယင် သွားပြီး မှန်၊ မြေကြီးနှင့် ကျောက်တုံးများက နေရာ အနှံ့သို့ လွင့်ပျံ့သွားပြီး အဆောက်အဦး၌ အက်ရာကြီး ပေါ်လာလေသည်။
စာသင်ခန်း နံရံများသည်လည်း တစ်စစီ ဖြစ်သွားလေ၏။
ထို့ကြောင့် ဆရာမတစ်ယောက်နှင့် ကျောင်းသားတစ်စုအား ယဲ့ဖန် အားကစားကွင်းကနေတောင် မြင်နေရသည်။
…
Class 1, grade 3 အတန်းတွင် ဖန့်ယင်း တအံ့တဩ ဖြစ်နေသည်။
သူမ စာသင်နေစဉ် စားပွဲခုံများနှင့် စာအုပ်များ ပြာဖြစ်သွားသည်ကို သူမ မြင်လိုက်ရသည်။
သူမနှင့် ကျောင်းသားများမှ လွဲ၍ အခြားသူများကို အတန်းထဲ မတွေ့ရပါ။
ထို့အပြင် စာသင်ခန်း နံရံသည် ခုတ်ရာ နှင့်အတူ ဟောင်းလောင်းပေါက်ကြီး ဖြစ်သွားသည်။
ထို့အတူ အလင်းတစ်ခုက သူမ မျက်စိရှေ့မှောက်မှာတင် ဖြတ်သွားကာ အခန်းတံခါးကို နှစ်ခြမ်းကွဲ သွားစေသည်။
ဂလု!
ဖန့်ယင်း တံတွေးကို မနည်း မြိုချလိုက်မိသလို သူမ ကျောပြင်တွင်လည်း ချွေးများဖြင့် ရွှဲနစ်သွားသည်။
*အရမ်း အန္တရာယ် များတာပဲ*
သူမ အသတ်ခံ ရလုနီးပါး ဖြစ်သွားသည် မဟုတ်ပါလား။
သူမ တမလွန် ခရီးကနေ လက်မတင်လေး ပြန်ရောက် လာသည့် ခံစားချက်ကြောင့် သူမ လဲကျတော့မလို ဖြစ်သွားသည်။
“ဒါ … ဒါ ဘာကြီးလဲ…”
သူမ တစ်ဘက်လှည့်၍ အခန်းအပြင်ဘက် လှည့်ကြည့်လိုက်သောအခါ သူမ အူကြောင်ကြောင် ဖြစ်သွားရသည်။
ကျောင်းအားကစားကွင်း၏ နံရံသည်လည်း နှစ်ခြမ်းကွဲ သွားသည်ကို သူမ မြင်လိုက်ရခြင်းကြောင့်ပင် ဖြစ်သည်။
အားကစားကွင်း အတွင်း၌ လူတစ်ယောက် ဓားကျိုးတစ်ချောင်းကို ကိုင်၍ ရပ်နေသည်ကိုလည်း သူမ မြင်လိုက်ရသေးသည်။
“ယဲ့… ယဲ့ဖန်”
ဖန့်ယင်း မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားရသည်။
ယဲ့ဖန် လက်ထဲက ဓားကျိုးကို မြင်ပြီး သူမစိတ်ထဲ မယုံနိုင်သည့် အတွေးများ ဝင်ရောက်လာသည်။
“အဲ့… အဲ့ဓားကျိုးကြောင့် ဒါတွေ ဖြစ်လာတာလား? မ… မဖြစ်နိုင်လိုက်တာ”
ဖြစ်ပျက်သွား သည်များက သူမ နားလည် နိုင်စွမ်းကို ကျော်လွန် နေသည့်အတွက် ဖန့်ယင်း နားဝေတိမ်တောင် ဖြစ်လို့နေသည်။
ယုဖေးနှင့် ယောင်နာတို့သည်လည်း အားကစားကွင်း ထဲမှ ယဲ့ဖန်ကို လှမ်းမြင်လိုက်သည်။
လူတိုင်း၏ မျက်လုံး၌ အကြီးအကျယ် ထိတ်လန့်နေမှုများ ဖုံးလွှမ်းလို့ နေသည်။
ယဲ့ဖန်အား နတ်ဆိုး နတ်ဘုရား တစ်ပါး လေလားဟု သူတို့ ထင်မှတ် မိလိုက် ကြသည်။
သို့သော် သူတို့ နောက်တစ်ခေါက် ပြန်ကြည့် လိုက်သည့် အချိန်တွင် အားလုံး မှင်တက် သွားကြသည်။
ယဲ့ဖန်က တစ္ဆေအလား မြင်ကွင်းထဲမှ ပျောက်ကွယ် သွားခြင်းပင်။
အားကစားကွင်းထဲ၌ မည်သူမှ ရှိမနေတော့ပါ။
“အာ … သူ ဘယ်ရောက် သွားတာလဲ … ငါ … ငါပဲ မျက်စိ ရှန်း သွားတာလား?”
“မင်း မြင်တာ မမှားဘူး… ငါ … ငါလည်း ခုနက သူ့ကို မြင်လိုက်တယ်၊ ဒါပေမယ့် အခု သူ ဘယ်ရောက်သွားတာလဲ?”
“ချီးပဲ… သူ ဘယ်လိုလုပ် လှစ်ခနဲ ပျောက်သွားတာလဲ”
လူတိုင်း ကိုယ် မြင်ခဲ့သည်ကို မယုံနိုင်သဲ့သို့ ကိုယ့်မျက်လုံး ကိုယ် ပွတ်နေကြသည်။
ဖန့်ယင်းသည်လည်း မျက်ခုံး ပင့်ကာ တီးတိုး ရေရွတ်လိုက်သည်။
“အဲ့ဒါ သူပဲ၊ ဒီကိစ္စကို လုပ်တာ သူပဲ ဖြစ်ရမယ်”
ယဲ့ဖန်အား ပဟေဠိ တစ်ပုဒ်ဟု ဖန့်ယင်း ထင်နေမိသည်။ အလွန် ထူးဆန်းပြီး ခန့်မှန်း၍ မရနိုင်သော မဟေဠိတစ်ပုဒ်ပင် ဖြစ်သည်။
…
တစ်ချိန်တည်းမှာပင်..
ယဲ့ဖန်သည် ကျောင်းဝင်းထဲ၌ ခပ်အေးအေး လမ်းလျှောက်နေသည်။ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ရုံးခန်းများ၊ စာသင်ခန်းများထဲမှ ပျာယာခတ်စွာ ပြေးလာကြသည်ကို ကြည့်ပြီး သူ ဆွံ့အသွားရသည်။
“ဟဲလို… ဒယ်ဒီ… ကျောင်းမှာ ထူးဆန်းတာ တစ်ခု ဖြစ်လာတယ် သိလား။ ဗျာ… ခွေးမသား ဟုတ်လား? ကျွန်တော် တကယ်ပြောနေတာဗျ၊ ဘိုးတော်ရ”
“ဟဲလို… မာမီ ကျောင်းမှာ ထူးဆန်းတာ တစ်ခု ဖြစ်လာတယ် သိလား၊ ကျွန်တော်တို့ စားပွဲခုံတွေနဲ့ ဖတ်စာအုပ်တွေ ချက်ချင်း ပျောက်သွားတယ် သိလား။ ဗျာ? မာမီ ကျွန်တော့်ကို မယုံဘူးလား? ကျွန်တော် တကယ် ပြောနေတာပါဆို”
….
ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအားလုံးက သူတို့၏ ဆွေမျိုးနှင့် မိတ်ဆွေ အပေါင်းအသင်းများအား သူတို့ မျက်မြင် ကိုယ်တွေ့ ကြုံလိုက်ရသည့် မယုံနိုင်စရာ ကောင်းလှသည့် အဖြစ်အပျက်ကို ဖုန်းဆက်၍ ပြောပြနေကြသည်။
သည်နေ့ ဖြစ်ခဲ့သည့် အဖြစ်အပျက်အား သူတို့ သေသည်အထိ မေ့နိုင် တော့မည် မဟုတ်ပါ။
ကျောင်းသားများ အားလုံး ရင်တွေ ခုန်နေကြသည်။ သူတို့အတွက်တော့ ကျောင်းလာပြီး စာသင်ရသည်မှာ အင်မတန် ပျင်းဖို့ ကောင်းသည့် ကိစ္စပင် ဖြစ်သည်။ ယခုတော့ သူတို့ အနားယူလို့ ရသွားကြပြီ။
ကျောင်းသား တော်တော်များများက ယခုကဲ့သို့ ကျောင်းကို ဖျက်ဆီး ပစ်လိုက်သည့် ကျောင်းသားအား နတ်ဘုရားသဖွယ် ကြည်ညို လေးစား နေကြသည်။
ယဲ့ဖန်တစ်ယောက် လူအုပ်ကြားထဲကနေ တိတ်တိတ်လေး ထွက်လာသည်။
သူ ကျောင်းပေါက်ဝနား ရောက်သည်နှင့် သတင်းထောက် များစွာက ကင်မရာကို ပခုံးပေါ် ထမ်း၌ ကျောင်းကို မှတ်တမ်းတင်၍ ရိုက်ကူး နေကြသည်။
“အားလုံးပဲ မင်္ဂလာပါ၊ ကျန်းရှီ မြို့ပြ သတင်း အစီအစဉ်ကနေ ကြားဖြတ် သတင်း တင်ဆက်နေခြင်း ဖြစ်ပါတယ်၊ ယနေ့ ကျန်းရှီ အလယ်တန်းကျောင်းမှာ ထူးခြားတဲ့ အဖြစ်အပျက် ဖြစ်သွားခဲ့ပါတယ်၊ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ စားပွဲခုံတွေနဲ့ ဖတ်စာအုပ်များ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည့် အဖြစ်အပျက် ဖြစ်ပေါ်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်”
“အားလုံးပဲ မင်္ဂလာပါ၊ ကျန်းရှီ မြူနီစီပယ် နေ့စဉ် သတင်း အစီအစဉ် ကနေ ကြားဖြတ် သတင်း တင်ဆက်နေတာ ဖြစ်ပါတယ်၊ မြင်ကြတဲ့အတိုင်း ကျောင်းဝင်းအတွင်းမှာ ရှိတဲ့ သစ်ပင်တွေ၊ မြက်ပင်တွေနဲ့ အခြားအပင်များ အားလုံး ပျောက်ကွယ်သွားတာ ဖြစ်ပါတယ်”
“ဒါဟာ လူသားတွေရဲ့ သဘာဝ တရားကြီး ဖောက်လွဲ ဖောက်ပြန် ဖြစ်တာလား၊ ဒါမှမဟုတ် အကျင့် စာရိတ္တ ယိုယွင်း ပျက်စီးလာလို့များလား? ကျန်းရှီ အလယ်တန်းကျောင်းရဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်ကို မကြာခင် ဖော်ထုတ်သွားမှာပါ”
အရူးအမူး ဖြစ်နေသော ဂျာနယ်လစ်များကို ကြည့်ပြီး ယဲ့ဖန် ဆွံ့အ သွားရတော့သည်။
သူ လုပ်လိုက်သည့် ကိစ္စကြောင့် သည်လောက် ထိတ်လန့်တကြား ဖြစ်သွား လိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
“ယဲ့ဖန်”
ကျောင်းပေါက်ဝမှ လူအုပ်ကြီးကို ဖြတ်ကျော် လာချိန်တွင် သူ့အား ခပ်ကျယ်ကျယ် လှမ်းခေါ်လိုက်သည့် အသံကို ကြားလိုက်ရသည့် အတွက်ကြောင့် သူ မှင်တက်သွားရသည်။
“လင်းလန်၊ မင်း ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ?”
လင်းလန်ကို မြင်သည်နှင့် ယဲ့ဖန် အသာအယာ ပြုံးလိုက်မိသည်။
လမ်းတစ်ဘက်တွင် Porsche အမျိုးအစား ကားတစ်စီး ရပ်ထားပြီး ထိုကားဘေး၌ မိန်းမလှလေးတစ်ယောက် ရပ်လို့နေသည်။
အဆင့်မြင့် ကားတစ်စီး!
မိန်းမလှလေး တစ်ယောက်!
ထိုမိန်းမလှလေးကား လင်းလန်ပင်။
နက်မှောင်သော ဆံနွယ်ရှည်များက လေယူရာ ယိမ်းနွဲ့လို့ နေပြီး တောက်ပစွာ ပြုံးနေသော လင်းလန်သည် နတ်သမီးလေး အလား လှပလွန်းလှ၏။
ယဲ့ဖန်ကို မြင်သည့်နှင့် သူမက သူ့လက်မောင်းကို ပြေးဖက်ကာ ပြန်ပြော လာသည်။
“ကျွန်မ ရှင့်ဆီကို လာတာလေ၊ ဘာလဲ? ရှင်က ကျွန်မ လာတာကို မကြိုက်ဘူးလား?”
မျက်လုံးလေး ပေကလတ် ပေကလတ် လုပ်ကာ ကြည့်နေသော လင်းလန်သည် လွန်စွာ ချစ်ဖို့ကောင်းလှသည်။
အကယ်၍များ ဤအလှလေးကို တစ်ယောက်ယောက်ကများ မြင်သွား ခဲ့မည်ဆိုလျင် ထိုသူတို့ ပါးစပ် အဟောင်းသား ဖြစ်သွားလောက်သည်။
ကျန်းရှီမြို့၏ အလှဆုံး ဥက္ကဋ္ဌမလေး ဖြစ်သလို အေးဆတ် မောက်မာသည့် နတ်ဘုရားမလေး လင်းလန်က သည်လောက် ချစ်စရာ ကောင်းလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ရင်ထဲ နွေးထွေးသွားရကာ ယဲ့ဖန် ပြုံး၍ ပြန်ပြောလိုက်သည်။
“ကိုယ် မင်း လာတာ ကြိုက်တာပေါ့”
“အိုး… ဒါနဲ့ ဂျာနယ်လစ်တွေက ကျောင်းမှာ ထူးဆန်းတာ တစ်ခု ဖြစ်တယ်လို့ ပြောနေတယ်”
လင်းလန်က သူမ၏ လှပသော မျက်ဝန်းလေးများဖြင့် ယဲ့ဖန်အား ကြည့်ကာ မေးလိုက်သည်။
“ကျွန်မကို မှန်မှန်ပြောနော် … ဒီကိစ္စက ရှင်နဲ့ ပတ်သက်နေတာမလား?”
သူမ စကားကြောင့် ယဲ့ဖန်က ဘာပြောလို့ ပြောရမှန်း မသိဖြစ်ကာ သူ့နှာခေါင်း သူ ပွတ်နေလိုက်သည်။
“အင်း… အဲ့လိုပဲ ပြောရမှာပေါ့”
လင်းလန်က အားရပါးရ ပြုံး၍ ဆက်ပြောလိုက်သည်။
“ထင်သားပဲ၊ အမြဲ ထူးဆန်းတဲ့ ကိစ္စတွေက ရှင်နဲ့ ပတ်သက်နေတာချည်းပဲ”
ယဲ့ဖန် ဘာပြောလို့ ပြောရမှန်း မသိတော့။
“ကဲ … လာ … သွားကြစို့၊ ကျွန်မ ရှင့်ကို အဝတ်အစား အသစ် လိုက်ဝယ် ပေးမယ်”
လင်းလန်က ပျော်ရွှင်စွာ ပြုံး၍ ယဲ့ဖန်ကို သူမကားဆီသို့ ခေါ်သွားသည်။ သူမ စကားကြောင့် ယဲ့ဖန် ကြောင်သွားပြီးမှ ပြန်မေးလိုက်သည်။
“ကိုယ်က ဘာလို့ အဝတ်အစား အသစ် ဝယ်ဖို့ လိုတာလဲ?”
“လုပ်ငန်းနဲ့ ပတ်သက်ပြီး ညနေဘက် ပါတီပွဲလေး တက်စရာ ရှိလို့လေ၊ ဒီတော့ ကျွန်မ ချစ်သူ ဖြစ်တဲ့ ရှင်က ကျွန်မနဲ့ အတူတူ လိုက်ပွဲတက်ပေးရမှာပေါ့”
လင်းလန်က ပြုံးကာ ပြော၍ ကားစက် နှိုးလိုက်တော့သည်။