Switch Mode

အပိုင်း (၂၀၃)

လောင်ကျွမ်းနေသောလက်

အလွန် လွှမ်းမိုးနိုင်စွမ်းသော အသံတစ်ခု ရုပ်တုထံမှ ထွက်ပေါ်လာသည်။ ထိုအသံကား ရီဖူရှင်း၏ အသံဖြစ်သည်။

ထိုအခိုက်တွင် တန့်ယွီ၏ အမူအရာ ပျက်ယွင်းသွားသည်။ သူက ရှောင်ဝူကျိက အကန့်အသတ်ကို ရောက်ရှိပြီးပြီဟု ပြောခဲ့ကာ ရီဖူရှင်းအား ဤနေရာတွင် ဆက်လက် ကြိုးစားစေခြင်းက အဓိပ္ပာယ်ကင်းမဲ့သည်ဟု ပြောခဲ့သည်။ ယခု ရီဖူရှင်းက ဘာလုပ်နေသနည်း။ ရှောင်ဝူကျိက ရုပ်တုကို ဆင်ခြင်နိုင်စွမ်းသော အချိန်တွင် ရီဖူရှင်းက ရုပ်တုကို ထိန်းချုပ်နိုင်သည်။

တန့်ယွီက ရီဖူရှင်းကို အရူးဟု နှစ်ကြိမ်ခေါ်ခဲ့သည်။ ရီဖူရှင်းက ဓမ္မအဆင့်နှစ်မျှသာ ရှိသော်လည်း သူ၏ စွမ်းရည်ထက် ဘောင်ကျော်၍ လုပ်ဆောင်သည်ဟု သူထင်မြင်သည်။ သူက ဖူယွန်ဓားကလန်ကို ရင်မဆိုင်နိုင်သလို မှော်ကလန်၏ ဒေါသကိုလည်း ခံနိုင်ရည်အား မရှိပေ။ ထိုအင်အားနှစ်ခုလုံးက ရီဖူရှင်းအား ရှေးဟောင်းမြေရိုင်း ဒေသတွင် သတ်နိုင်စွမ်း ရှိသည်။ သူ၏ အမြင်တွင် ရီဖူရှင်းက မိုက်မဲသူဖြစ်သည်။ မည်သူမှ သူ၏ အမြင်ကို မငြင်းနိုင်ပေ။ ရီဖူရှင်းက အလွန်ကောင်းမွန်သော ပါရမီကို ပြသခဲ့သည့်တိုင် သူမှားသည်ဟု တန့်ယွီ မထင်ပေ။ ရီဖူရှင်းကား မိုက်မဲသူဖြစ်သည်။

သို့သော် ယခုတွင်ကော အရူးဟု သတ်မှတ်နိုင်ပါဦး မည်လော။ ရီဖူရှင်းက ရုပ်တုကို ထိန်းချုပ်နိုင်သည်။ ဖူယွန်ဓားကလန်နှင့် မှော်ကလန်က သူ့ကို သတ်နိုင်စွမ်းရှိမည်ဟု မည်သူက တထစ်ချ ပြောနိုင်မည်နည်း။ ရီဖူရှင်း၏ စကား“မင်းက ငါ့ရဲ့စကားကို နားလည်ဖို့ အဆင့်မမီဘူး…” က သူ့အား လူပုံအလယ် ပါးရိုက်ခံရသလိုပင်။ ရီဖူရှင်းက အရူးလား သို့မဟုတ် သူက တုံးအသည်လား။

လျိုချန်းယွီနှင့် ဂူဘိုင်ယွီတို့ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။ ဤမတိုင်မီက ရှောင်ဝူကျိက ရုပ်တုသုံးခုကို လျင်မြန်စွာ လေ့လာ ဆင်ခြင်နိုင်ခဲ့ကာ ရုပ်တုအတွင်းကို ဝင်၍ လေ့ကျင့်ခဲ့သည်။ ရှောင်ဝူကျိက ရီဖူရှင်းထက် သာသည်ဟု သူတို့ ထင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ရီဖူရှင်းက ရုပ်တုများနှင့် အချိန်ပိုမို ကြာမြင့်စွာ နေခဲ့သောကြောင့် ဖြစ်သည်။ ရှောင်ဝူကျိက အချိန်တိုအတွင်း လေ့လာ ဆင်ခြင်နိုင်ခဲ့သည်။ ယခု ရီဖူရှင်းက ရှောင်ဝူကျိ၏ အဆင့်ကို မရောက်ရှိခဲ့သောကြောင့် မဟုတ်ဘဲ သူက မည်သူမှ မသိခင် ရုပ်တုကို တိတ်ဆိတ်စွာ ထိန်းချုပ်ရန် ကြိုးစား နေသောကြောင့် ဖြစ်သည်။ သူတို့က ရီဖူရှင်း၏ ပါရမီကိုသံသယ ဖြစ်ခဲ့သော အချိန်တွင်ကား ရီဖူရှင်းက တခြား အကြံတစ်ခု ရှိနေသည်။

သူက စည်တော်ကို ဆယ့်ခြောက်ကြိမ် တီးခတ်ခဲ့ကာ စည်တော်က ပေါက်ကွဲခဲ့သည်။

သူက ကျောက်နံရံပေါ်တွင် သူ၏ပုံရိပ်အား ကိုးလက်မအထိ ချန်ထားခဲ့ကာ စံချိန်ချိုးခဲ့သည်။

သူက ရုပ်တုများကို ထိန်းချုပ်နိုင်သည်။

ရီဖူရှင်းက မှန်တောင်ပေါ်တွင် ရှောင်ဝူကျိအားလုံးဝ အနိုင်ရနေပြီး ဖြစ်သည်။

ဤမတိုင်မီက လူတိုင်းက ရှောင်ဝူကျိပြသခဲ့သော ပါရမီများကြောင့် အံ့သြထိတ်လန့်ခဲ့ရကာ သူ့အား ဖြတ်ကျော်မည့်သူ မရှိဟု ထင်ခဲ့ကြသည်။ သို့သော် အချိန်တိုအတွင်းမှာ တစ်စုံတစ်ယောက်က ထွက်ပေါ်လာကာ ပိုမိုမြင့်မားသော စွမ်းဆောင်ရည်ကို ပြသခဲ့သည်။

စည်တော်ကား ပျက်စီးသွားပြီးဖြစ်ကာ ထိုစံချိန်က ထာဝရအနေဖြင့် တည်ရှိနေတော့မည် ဖြစ်သည်။

သူက ရုပ်တုများကို တိုက်ရိုက် ထိန်းချုပ်နိုင်သည်။ မည်သူ ကျော်ဖြတ်နိုင်မည်နည်း။

ထိုအရာကမှ တကယ့်ကို ဖြတ်ကျော်ခြင်းငှာ မတတ်နိုင်သော စံချိန်အစစ်အမှန် ဖြစ်သည်။

မျက်လုံးပေါင်း များစွာက မီးလျှံများ လောင်မြိုက်နေသော ရုပ်တုကြီးကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ရှောင်ဝူကျိထက်ပင် ပါရမီမြင့်သော တစ်စုံတစ်ယောက် အမှန်တကယ် ထွက်ပေါ်လာသည်။ သူကား တခြားလူများက ဂရုမထားခဲ့ကြသော၊ တန့်ယွီထံတွင် အရှက်ခွဲခံရသောသူ ဖြစ်သည်။

ရုပ်တုကား တန့်ယွီကို ကြည့်နေဆဲဖြစ်သည်။ သူက ကြိမ်းမောင်းလိုက်သည်… “မင်းရဲ့ အသိဉာဏ်နဲ့ ကျုပ်ကို လာမတိုင်းတာနဲ့… မင်းက အဆင့်မီဘူး…”

တန့်ယွီ၏ အမူအရာက ပိုမို၍ အရုပ်ဆိုးလာသည်။ ပထမ သူပြောခဲ့သော စကားများက သူ၏ ကိုယ်ပိုင် အတွေးအမြင်မျှသာ ဖြစ်သည်။ ထိုအရာက ပြဿနာတစ်ခု မဟုတ်သင့်သော်လည်း ယခု သူ၏ ရှေ့မှ လူငယ်ကား သူမထင်မှတ်ထား လောက်အောင် ထူးခြား ထက်မြက်နေသည်။

“မင်းပြောတယ်… ငါက ငါ့ရဲ့တက်လမ်းကို ဖျက်ဆီးတယ်… မင်းက တကယ်ရော ကျောင်းတော်ကို ကိုယ်စားပြုနိုင်လား….” ရီဖူရှင်းက ဆက်ပြောသည်။

တန့်ယွီ၏မျက်နှာ ချက်ချင်း ပြာနှမ်းသွားသည်။ ရီဖူရှင်း၏ စကားက သူ၏ ပျော့ကွက်ကို တိုက်ရိုက်ထိမှန်သည်။ သူ၏ပါရမီက တန့်ယွီနှင့် ရှောင်ဝူကျိကို ကျော်လွန်သွားပြီး ဖြစ်သည်။ ဤသို့ဆိုလျှင် တန့်ယွီက အမှန်ပင် ကျောင်းတော်ကို ကိုယ်စားပြုနိုင် ပါဦးမည်လော။

ကိုယ်စား မပြုနိုင်တော့ပေ။

အကယ်၍ ရီဖူရှင်း၏ စွမ်းဆောင်ရည်က တခြား ကံစွမ်းအား အရင်းအမြစ်များတွင် ကဲ့သို့ ကောင်းမွန်နေလျှင် သူက ရှောင်ဝူကျိ၏ စံချိန်ကို ထပ်မံချိုးဖျက်ခဲ့လျှင် ထိပ်သီး အင်အားစုများ အားလုံးက သူ့အား အပြိုင်အဆိုင် ဖိတ်ခေါ်ကြတော့မည် ဖြစ်သည်။ တန့်ယွီက သူ့အား သဘောမကျသည်က အဘယ်အရေးနည်း။

တန့်ယွီက အမှန်တကယ်ရော ကျောင်းတော်ကို ကိုယ်စားပြုနိုင်ပါ သလော။

သူ့တွင် ရီဖူရှင်းကို ရွေးချယ်ရန် အာဏာမရှိပေ။ ထိုအချိန်တွင် ရှောင်ဝူကျိလိုပင် သူက မိမိစိတ်ကြိုက်ကလန်ကို ရွေးမည်ဖြစ်သည်။

တန့်ယွီအပြင် လီတောင်ယွန်၏ အမူအရာလည်း ပျက်ယွင်းနေသည်။

လို့လန်ရှေးဟောင်း နယ်မြေတွင် သူကား အလွန် မောက်မာခဲ့သည်။ သူကား အလွန်အမင်း စွမ်းအားမြင့်ရာ ရီဖူရှင်းကို အထင်သေးခဲ့၏။ ယခုတွင် သူက အစစ်အမှန် ရီဖူရှင်းကို မြင်ရသည်။

ရီဖူရှင်း ဤမျှ စွမ်းအားမြင့်မည်ဟု သူလုံးဝ မမျှော်လင့်ထားပေ။ လို့လန်ရှေးဟောင်း နယ်မြေကို သွားခဲ့သော တန်ခိုးရှင်များ အားလုံးကလည်း မထင်မှတ်ထားပေ။ သို့သော်လည်း တခြားသူများက ရတနာများကို ရှာဖွေလိုရင်းသာ ဖြစ်ကာ ရန်ငြိုးရန်စများ မရှိပေ။ လီတောင်ယွန်မူကား ရီဝူချင်း၏ လက်တစ်ဖက်ကို ယူခဲ့သည်။

ရီဖူရှင်း၏ ပါရမီဖြင့် သူက ထိပ်သီးအင်အားစု တစ်ခုကို ဝင်ရောက်သောအခါ လီတောင်ယွန်က သူ၏ တစ်သက်တာရန်သူ ဖြစ်သွားတော့မည်။ ထို့အပြင် လျိုချန်းယွီက ရီဖူရှင်းအား ထောက်ပံ့ကူညီနေသည်။ သူက လျိုချန်းယွီအား ပိုးပန်းနေသည်။ သူမက သူ့အား အဖြေမပေးရသည့်တိုင် သူ့တွင် မျှော်လင့်ချက်ရှိသည်။ ယခု သူက ရီဖူရှင်းကို တိုက်ခိုက်လိုသောအခါ လျိုချန်းယွီက ရီဖူရှင်းကို ကာကွယ်လိုနေသည်။

ထိုလှပချောမောသော မိန်းကလေးကို ကြည့်ကာ သူ သက်ပြင်းချမိသည်။ သို့သော် သူက ရီဖူရှင်းကို ကြည့်မိသောအခါ သူ၏ မျက်လုံးတွင် လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းလာ၏။

“သူ လာပါစေ…” ရီဖူရှင်းက ပြောသည်။ လျိုချင်းယွီနှင့် လို့လန်ရွှီက ရုပ်တုကို ကြည့်ကာ ဖယ်ပေးကြသည်။

လီတောင်ယွန်၏ အကြည့်က ရုပ်တုထံသို့ ရောက်သွားကာ ခြေတစ်လှမ်းမျှဖြင့် သူက ရီဖူရှင်း၏ ရှေ့ကို ရောက်သွားသည်။

“မင်းက ငါ့ကို စောင့်နေတယ်လို့ ပြောတယ်… ကြည့်ရတာ ဒါက မင်းရဲ့ ယုံကြည်မှုပဲမလား…” လီတောင်ယွန်က ရီဖူရှင်းကို ပြောသည်။

ရီဖူရှင်းက စကားမပြောပေ။ ရုပ်တုမှ မီးအသိစွမ်းအားကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။

“ရှေးဟောင်းမြေရိုင်း ဒေသမှာ ဓမ္မအဆင့်က အကန့်အသတ်ပဲ…” လီတောင်ယွန်က ပြောသည်… “မင်းက ရုပ်တုကို ထိန်းချုပ်နိုင်ရင်တောင် မင်းရဲ့ တကယ့် တန်ခိုးအဆင့်က စိတ်အင်အားကို ဖိနှိပ်ထားခြင်းမရှိတဲ့ ဓမ္မအဆင့်ပဲရှိနေမှာပဲ… ငါ့မှာ နိုဘယ်အသိရှိတယ်… ငါက ရှေးဟောင်းလို့လန်မှာ တကယ့်နိုဘယ်နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်… မင်းက ဒီရုပ်တုနဲ့ ဘယ်လောက် စွမ်းမလဲ ကြည့်ရတာပေါ့…”

“တော်လောက်ပြီ…” ရီဖူရှင်းက ပြောသည်။ လီတောင်ယွန် ပြောသည်ကို သူ နားလည်သည်။ ရှေးဟောင်းမြေရိုင်း ဒေသတွင်ကား စွမ်းအင်ကန့်သတ်ချက် ရှိသည်။ ရုပ်တုက မည်မျှ စွမ်းအားမြင့်နေပါစေ သူ၏ စွမ်းအားက ဓမ္မအဆင့်ကိုးထက် မကျော်ပေ။ သို့သော် စိတ်အသိကမူ ကန့်သတ်ထားခြင်း မရှိပေ။ နိုဘယ်အဆင့်ကိုး အချင်းချင်းတွင် စိတ်အသိ ပိုမိုအားကောင်းသူက အသာရသည်။ လို့လန်ရှေးဟောင်း နယ်မြေတွင် ရီဖူရှင်းက ထိုအချက်ကြောင့် ဓားဘုရင်အား အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု သူ့တွင် ဓမ္မအဆင့်ကိုး စွမ်းအားအထိ သုံးစွဲခွင့် ပေးထားသော မီးဓာတ်ရုပ်တု ရှိသည်။ ထိုအရာက ရီဖူရှင်းအတွက် လုံလောက်နေပြီ ဖြစ်သည်။

လီတောင်ယွန်က သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ ဓားစွမ်းအားက လေထုထဲတွင် ပြည့်နှက်သွားသည်။ သူကား လို့လန်ရှေးဟောင်း နယ်မြေမှ ရရှိခဲ့သော သဒ္ဓိဝင်ဓားကို ဆုပ်ကိုင်ထားသည်။ သူ၏ဓားကို ဝှေ့ယမ်းလိုက်လျှင် ကောင်းကင်က အရောင် ပြောင်းလဲသွားသည်။ အားကောင်းသော ဓားအသိက သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။ အနီးမှ သဘာဝစွမ်းအားများ အားလုံးက ပြောင်းလဲသွားကာ ဓားစွမ်းအင် ဖြစ်သွားသည်။

လီတောင်ယွန်ကား အလွန် အလေးအနက်ထားဟန် ပေါ်နေသည်။ သူ၏ စိတ်နေသဘောထားက ကြမ်းတမ်းသော်လည်း ရီဖူရှင်း၏ ပါရမီကြောင့် သူက အထင်မသေးရဲပေ။ သူ၏ စွမ်းအားများကို အားလုံး ထုတ်သုံးရပေမည်။ သူက ယခုတွင် ရီဖူရှင်းကို သတ်ရန် နောက်ဆုံး အခွင့်အရေးဟု ဆိုနိုင်သည်။ သူက မည်သည့် အင်အားကြီး အဖွဲ့အစည်းကိုမှ မဝင်ရောက်ရသေးပေ။ အကယ်၍ ရီဖူရှင်း သေဆုံးသွားလျှင် မည်သူမှ လီတောင်ယွန်အား အပြစ်ပြောမည် မဟုတ်ပေ။

များစွာသော လီတောင်ယွန်၏ ပုံရိပ်ယောင်များ ဖြစ်ပေါ်လာသည်။ ထိုအရာက သူ၏ ဓမ္မစွမ်းရည်တစ်ခု ဖြစ်ဟန်ရသည်။ များစွာသော ပုံရိပ်ယောင်များက တစ်ချိန်တည်းတွင် ဓားကို ဝှေ့ယမ်းလိုက်ကြရာ ဓားစွမ်းအားက ပိုမို အားကောင်းလာသည်။ ထို့နောက် အလယ်တွင် ဓားစွမ်းအား လေပွေတစ်ခု ဖြစ်ပေါ်လာကာ အရာအားလုံးကို ဖျက်ဆီးရန် တာစူနေသည်။

ရီဖူရှင်း၏ ရုပ်တုထံမှ မီးအသိများ ဖြာထွက်လာကာ ကြောက်မက်ဖွယ် မီးလျှံများက ရုပ်တုကို လောင်ကျွမ်းနေသည်။ ပတ်ဝန်းကျင် လေထုကိုလည်း ထိတ်လန့်ဖွယ် အပူလှိုင်းများ ထုတ်လွှတ်နေသည်။

နောက်ဆုံးတွင် လီတောင်ယွန်က စတင် လှုပ်ရှားလိုက်သည်။ မရေမတွက်နိုင်သော ပုံရိပ်ယောင်များက တစ်ပြိုင်နက်တည်း လှုပ်ရှားကြသည်။ ထိုအခိုက်တွင် ကောင်းကင်တွင် ဓားစွမ်းအင်မြစ်တစ်ခု ဖြစ်ပေါ်လာကာ ရီဖူရှင်းထံကို လာရောက် ရိုက်ခတ်ရန် တာစူနေသည် ထင်ရ၏။ လီတောင်ယွန်က ဓားမြစ်ရေစီးကြောင်းကို ရီဖူရှင်းထံသို့ စီးဆင်းစေသည်။ သူက တိမ်စိုင်အလား ပေါ့ပါးစွာ ကောင်းကင်တွင် ပျံဝဲလာသောအခါ တစ်ပြိုင်နက်တည်းမှာပင် ဓားပုံရိပ်များ မရေမတွက်နိုင်အောင် ဖြာထွက်လာသည်။

ဘုန်း…။ ကောင်းကင်တွင် ကြောက်မက်ဖွယ် ကောင်းသော မီးလျှံပေါက်ကွဲမှုကြီး တစ်ခု ဖြစ်သွားကာ ကောင်းကင်တွင် လေပြင်းများ တိုက်ခတ်သွားသည်။ မရေမတွက်နိုင်သော မီးသစ်ရွက်များ ဖြစ်ပေါ်လာကာ လီတောင်ယွန်ထံသို့ လေဟုန်စီးရင်း တိုးဝင်သွားကြသည်။ တရှဲရှဲမြည်ကာ ကြောက်မက်ဖွယ် မီးသစ်ရွက်များက တစ်ဖန် ရွှေရောင်များ တောက်ပလာသည်။ အမှောင်ကို ခွင်းသည့် အလင်းလို မီးသစ်ရွက်များက လီတောင်ယွန်၏ ပုံရိပ်ယောင်များ အားလုံးကို လောင်ကျွမ်း သွားစေသည်။

အဝေးမှကြည့်လျှင် ကောင်းကင်ကား ရွှေအိုရောင် မီးလျှံများဖြင့် အမှန်တကယ် လောင်ကျွမ်းနေသည်။ မီးသစ်ရွက်များဖြင့် ဖန်တီးထားသော မီးလျှံကမ္ဘာက ဓားစွမ်းအင်မြစ် ရေစီးကြောင်းအား ဖုံးလွှမ်းသွားကာ အစအနမကျန်အောင် လောင်ကျွမ်းသွားစေသည်။

ရုပ်တု၏ မှော်ပညာလား။ ရှောင်ဝူကျိက မီးသစ်ရွက်ကို ကြည့်ကာ အံ့အားသင့် သွားသည်။

များစွာသော ပုံရိပ်ယောင်များ ပျက်စီးသွားသော်လည်း ဓားချက် အစစ်အမှန်က ကောင်းကင်ကို ခွဲလျက် ဆင်းသက်လာသည်။ ထိုဓားချက်ကြောင့် မီးသစ်ရွက်များအားလုံး ပျက်စီးသွားသည်။ သူကား ရီဖူရှင်း၏ ရုပ်တုထံသို့ ပြေးဝင်လာနေသော လီတောင်ယွန် ဖြစ်သည်။ ဓားသမား၏ အနီးကပ် တိုက်ခိုက်ရေး စွမ်းရည်က ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုအခိုက်တွင် ရီဖူရှင်းက သူ၏ လက်ဝါးကို ဆုပ်လိုက်သည်။ ရုပ်တု၏ ကြီးမားသော လက်ကြီးက လီတောင်ယွန်၏ ဓားလမ်းကြောင်းကို သိသည့်အလား ကာဆီးလိုက်သည်။

“မင်း သေရတော့မယ်….” လီတောင်ယွန်က ကြိမ်းမောင်းလိုက်သည်။ သူ၏ ဓားကား သိဒ္ဓိဝင်ဓား ဖြစ်သည်။ ရီဖူရှင်းက သူ၏ လက်ဖြင့် မည်သို့ ခုခံနိုင်မည်နည်း။

ဓားစွမ်းအင် ပေါက်ကွဲထွက်လာကာ အရာအားလုံးကို ဖျက်ဆီးသွားသည်။ မီးလျှံလက်ကြီးကလည်း ပြိုကွဲ ပျက်စီးတော့မည်ကဲ့သို့ ဖြစ်သွားသည်။

လက်ဝါးက တစ်စတစ်စ ပြိုပျက်လာသည်။ တစ်ချိန်တည်းမှာပင် မီးဓာတ်စီးကြောင်း တစ်ခုက ဓားမှ တစ်ဆင့် လီတောင်ယွန်၏ လက်ကို စီးဆင်းသွားနေသည်။

“ပျက်စမ်း…” လီတောင်ယွန် အော်ဟစ်လိုက်သည်။ ဓားစွမ်းအင်က ရုပ်တု၏ လက်အား ပြိုပျက်သွားစေကာ လည်ပင်းအား တစောင်း ခုတ်ချလိုက်သည်။ သို့သော် ရုတ်တရက် ရုပ်တု၏ ခန္ဓာကိုယ်က မီးလျှံများ တောက်လောင်လျက် အပေါ်ကို မြင့်တက်လာသည်။ ထိုမီးလျှံများက မြင့်မြတ်မီးလျှံများ အလား လေထုမှတစ်ဆင့် စီးဆင်းလာကာ နာကျင်မှုက သူ့ထံကို ရောက်ရှိလာသည်။ လီတောင်ယွန်၏ ခန္ဓာကိုယ်ကလည်း လောင်ကျွမ်းတော့မည့် အလားပင်။ ဓားစွမ်းအင်ကို အသုံးပြုနေသော သူ၏ လက်က တုန်ယင်သွားကာ ရွှေအိုရောင်မီးလျှံများ သူ့လက်တွင် အမှန်တကယ် တောက်လောင် လာနေသည်။

သူ၏မျက်နှာ ပြာနှမ်းသွားသည်။ ဆက်လက် တိုက်ခိုက်ရမည့်အစား သူက နောက်ဆုတ်လိုက်သည်။

ဤတိုက်ပွဲတွင် သူက တစ်ဖက်လူကို မသတ်နိုင်လျှင် နောက်ဆုတ်ရမည်။ သေဆုံးသည်အထိ တိုက်ခိုက်ခြင်းက မိုက်မဲခြင်းပင်။

“ငါ့ကို လက်တစ်ဖက်ပေး…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ရုပ်တု၏ မျက်လုံးက ရီဖူရှင်း၏ မျက်လုံးများလိုပင်။ ကြောက်မက်ဖွယ် မီးအသိက ထိုမျက်လုံးများမှ ထွက်ပေါ်လာလျှင်  လီတောင်ယွန်၏ လက်က စတင် လောင်ကျွမ်းလာသည်ကို အံ့အားသင့်ဖွယ်ရာ မြင်ရသည်။ ရုပ်တု၏ နဖူးပေါ်တွင် ရှေးဟောင်း မီးသင်္ကေတ တစ်ခု ဖြစ်ပေါ်လာသည်။

“အား…” အလွန်အမင်း နာကျင်သောကြောင့် အော်ဟစ်သံတစ်ခုက လူတိုင်း၏ အရိုးထဲထိ စိမ့်ဝင်လာစေသည်။ လီတောင်ယွန်၏ လက်မှ ဓားက မြေပြင်ပေါ်သို့ ကျသည်။ လီတောင်ယွန်က သူ၏ညာလက်အား ကြည့်လိုက်သည်။ သူ၏ လက်ဖျားမှ စတင်ကာ ရွှေအိုရောင် မီးလျှံများ လောင်ကျွမ်းလာနေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset