သူသည် နတ်မျက်လုံး အဖွဲ့အစည်းထဲမှ ထွက်ခွာပြီး နေအဖွဲ့အစည်းဆီသို့ ပြန်နိုင်ရန် နတ်မျက်လုံး စစ်သင်္ဘောကြီးတစ်စင်း လိုအပ်ပေသည်။
ဝမ်ပေါင်လဲ့မှာ မှတ်တမ်းများကို အချိန်ပေး ဖတ်ရှုခဲ့ပြီးနောက် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ အကြောင်းကို ပို၍နားလည်လာ၏။ ၎င်းမှာ လုယက်သောင်းကျန်းမှုများ ကြီးစိုးသော လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သူက သိရှိလာရသည်။ ထိုအချက်ကြောင့်လည်း သူတို့မှာ စစ်သင်္ဘောကြီးများကို အထူး အလေးထားကြခြင်းဖြစ်၏။
ဤ လူမှုအဖွဲ့အစည်း၏ တိုးတက်မှုမှာ ၎င်းထဲတွင် နေထိုင်ကြသည့်လူများ၏ လုယက်သောင်းကျန်းမှုများပေါ်တွင် မူတည်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ လူများမှာ အချို့သော အချိန်များတွင် လုယက်မှုများကို တစ်ကိုယ်တော် ဆောင်ရွက်လေ့ရှိကြပါသော်လည်း အချိန်အများစုတွင်မူ သူတို့မှာ အဖွဲ့လိုက် လှုပ်ရှားကြသည်သာဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ခရီးဝေးသို့ သွားနိုင်သည့် မြန်နှုန်းမြင့် စစ်သင်္ဘောကြီးများကို လိုအပ်လာကြ၏။ သို့ဖြစ်ရာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှာ စစ်သင်္ဘောများ၏ အကြောင်းကို အမြဲမပြတ် လေ့လာပြီး ၎င်းတို့အား တိုးတက်လာအောင် ပြုလုပ်နိုင်ရန် အာရုံစိုက်ထားကြသည်။
” သူတို့ကသာ စစ်သင်္ဘောကြီးတွေလို့ ခေါ်နေပေမဲ့ တကယ်တမ်းတော့ ငါ နေအဖွဲ့အစည်းထဲမှာ ရှိနေခဲ့တုန်းက ဆောက်ခဲ့တဲ့ ခံတပ်ကြီးထက် အများကြီးပိုပြီးတော့ အစွမ်းထက်တဲ့ တိုက်ပွဲသုံးခံတပ်တွေပါပဲ။ ပြီးတော့ သူတို့က လမင်းခံတပ်ထက်လည်း ပိုပြီးတော့ မြန်သေးတယ် ” ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီဖြစ်သည်။ သူသည် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ကြယ်တာရာ ယွမ်ယင်ဝိညာဉ်တို့ကို ထုတ်သုံးလိုက်မည်ဆိုပါက ထိုကဲ့သို့သော အမြန်နှုန်းမျိုးကို ရရှိပိုင်ဆိုင်သွားနိုင်မည်ဖြစ်ကြောင်း နားလည်ထားသည်။ သို့သော် နေအဖွဲ့အစည်းထဲသို့ ပြန်ရောက်နိုင်ရန်အတွက်မူ အချိန်အများကြီး ပေးရဦးမည်သာဖြစ်သည်။ ထို့အပြင် သူသည် ခရီးလမ်းတစ်လျှောက်တွင် အနားယူ၍ မရသလို မျှော်လင့်မထားသည့် အခက်အခဲပေါင်း မြောက်မြားစွာနှင့်လည်း ကြုံတွေ့ရဦးမည် မဟုတ်ပါလော။
သို့ဖြစ်ရာ ခိုင်မာမှုအပြည့်ရှိပြီး လျင်မြန်သွက်လက်သည့်အပြင် တိုက်ရည်ခိုက်ရည် စွမ်းအားများနှင့် လမ်းကြောင်းပြ နည်းစနစ်များ ပါဝင်သည့် စစ်သင်္ဘောကြီးတစ်စင်းမှာ သူ လိုအပ်နေသည့်အရာ ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပလာတော့သည်။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင် သူ၏ မျက်ဝန်းများထဲမှ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များကို နားလည်နိုင်သည့်လူ မရှိပါသော်လည်း အကယ်၍ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့သာ ရှိနေမည်ဆိုပါက သူတို့မှာ ဝမ်ပေါင်လဲ့၏ ရင်ထဲမှ ခံစားချက်များကို သိနေမည်သာ ဖြစ်သည်။
ထို ခံစားချက်များမှာ… နေအဖွဲ့အစည်းဆီသို့ ပြန်ကာ ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာလိုသည့် လိုအင်ဆန္ဒများ ဖြစ်ပေသည်။
” အရင်တုန်းက ငါက ရုပ်ချောလွန်းနေလို့ ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်မလာခဲ့တာ။ ရာထူးအဆင့်အတန်း နိမ့်နေသေးတာလည်း ပါတော့ပါတာပေါ့ ”
” ငါက ငါ့ရဲ့ ချောမောလှပတဲ့ ရုပ်ရည်ကို ဖုံးကွယ်နိုင်ဖို့အတွက် အပင်ပန်းပြီးတော့ ဝိတ်ချခဲ့ရတဲ့အပြင် ရာထူးအဆင့်အတန်းတွေလည်း တိုးတက်လာအောင် လုပ်ခဲ့ရတာ။ ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာခါနီးမှ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးက ငါ့ကို ခေါ်သွားရတယ်လို့… အခုကျတော့ ငါ ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာဖို့အတွက် စစ်သင်္ဘောတစ်စင်းပဲ လိုတော့တာတဲ့လား ” ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ တည်ကြည်နေ၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်၍ ဝှေ့ယမ်းကာ အာလူးကြော်ထုပ် တစ်ထုပ်အား ထုတ်ယူလိုက်ပြီးနောက် တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေလိုက်တော့သည်။
” ငါ ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်ကို ဖြစ်လာစေရမယ် “ဝမ်ပေါင်လဲ့မှာ အာလူးကြော်များကို အားပါးတရ ဝါးစားက သန္နိဋ္ဌာန် ချလိုက်တော့သည်။
သို့သော် သူသည် အသိစိတ်ပျောက်သွားသည့် အခြေအနေအထိ မရောက်သေးပေ။ ထို့ကြောင့် သူသည် ထိုအားလူကြော်ထုပ်အား ကုန်အောင်မစားဘဲ သူ၏ သိုလှောင်လက်ကောက်ထဲ၌ ပြန်၍ သိမ်းဆည်းလိုက်၏။ သူသည် ကမ္ဘာဂြိုဟ်ပေါ်မှ ထွက်ခွာသွားရတော့မည်ဟု သိရှိခဲ့စဉ်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပြီး အမျိုးအစား အစုံအလင်ရှိသော မုန့်ထုပ်ပေါင်းမြောက်မြားစွာကို သူ၏ သိုလှောင်အိတ်ထဲ၌ ထည့်လာခဲ့၏။ သို့သော် သူ ဤနေရာတွင် အချိန်မည်မျှခန့် ရှိနေရမည်ကို မည်သူကမှ အတိအကျမသိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ဆင်ခြင်ကာ သူ၏မုန့်များကို ချွေတာစားသုံးရန် ဆုံးဖြတ်လိုက်တော့သည်။
” ငါ သေသေချာချာ အစီအစဉ် ချမှတ်ဖို့ လိုအပ်တယ်… ” ဝမ်ပေါင်လဲ့မှာ သူ၏မေးစေ့ကို ပွတ်ကာ စတင်တွေးတောနေလိုက်တော့သည်။ သူသည် စိတ်ကူးထဲ၌ ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိထားပြီးသားဖြစ်ရာ ထို ပန်းတိုင်းဆီသို့ မရောက်ရောက်အောင် သွားရပေမည်။ သူ သိရှိထားသလောက်ဆိုလျှင် စစ်သင်္ဘောတစ်စင်းအား ပိုင်ဆိုင်နိုင်မည့် နည်းလမ်းအနည်းငယ်ခန့် ရှိပေသည်။ သူသည် အခြား တစ်ယောက်ယောက်၏ စစ်သင်္ဘောကြီးအား အသုံးပြု၍ရသလို သူကိုယ်တိုင် စစ်သင်္ဘောအသစ်တစ်စင်း တည်ဆောက်၍လည်း ရပေသည်။
အကယ်၍ သူသည် ပထမနည်းလမ်းအား ရွေးချယ်လိုက်မည်ဆိုပါက ဇူဇကာပုဏ္ဏားအား ထိန်းချုပ်နိုင်ရန် ကြိုးစားကြည့်သင့်ပေသည်။ ထိုသို့သာဆိုလျှင် သူသည် ငွေကြေးအလုံအလောက် ပိုင်ဆိုင်ထားရန်သာ လိုအပ်တော့မည်ဖြစ်ရာ အတော်အသင့် လွယ်ကူသွားမည် ဖြစ်သည်။ သူသည် ငွေရှာရာတွင် အခက်အခဲအချို့နှင့် ရင်ဆိုင်ရနိုင်ပါသော်လည်း သူ့ဘက်မှ အာရုံစိုက်လိုက်မည်ဆိုပါက ထိုပြဿနာအား တလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်ထား၏။
သို့သော် ဝမ်ပေါင်လဲ့မှာ အခြားသူများ၏ စစ်သင်္ဘောကြီးများကို အပြည့်အဝ မယုံကြည်ရဲပေ။ သူသည် နတ်မျက်လုံး အဖွဲ့အစည်းထဲမှ ထွက်ခွာရန် ကြံရွယ်ထားသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် အိပ်အပြန်လမ်း တစ်လျှောက်တွင် အခက်အခဲ အတားအဆီးမျိုးစုံနှင့် ကြုံတွေ့ရနိုင်ပေသည်။ ထို့ကြောင့် သူသည် လိုအပ်လာပါက ထိုစစ်သင်္ဘောကြီးများကို ပြန်လည်ပြုပြင်နိုင်စွမ်းရှိနေရန် လိုအပ်ပေသည်။
ဝမ်ပေါင်လဲ့မှာ အကောင်အကျိုး အဆိုးအပြစ်များကို ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
” ငါ စစ်သင်္ဘောတစ်စင်းကို ဆောက်လုပ်နိုင်အောင် လေ့လာသင်ယူရမယ်။ အဲတာမှ ငါက ငါ့ရဲ့ စစ်သင်္ဘောကြီးအကြောင်းကို ခေါင်းအစ ခြေအဆုံး သိထားမှာ။ အဲတာမှပဲ မတော်တဆ တစ်ခုခုဖြစ်ရင် ပြန်ပြင်တတ်မှာ ”
ထိုသို့ လေ့လာနိုင်ရန်မှာ အခြားသူများအတွက် ခက်ခဲလျှင် ခက်ခဲနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ရေးကြီးခွင်ကျယ်မဟုတ်ပေ။ သူသည် အဋ္ဌမအဆင့် ဓမ္မလက်နက်များကို ဖန်တီးနိုင်စွမ်းရှိသော ဓမ္မလက်နက် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ သူသည် နဝမအဆင့် ဓမ္မလက်နက်များကို အောင်မြင်စွာ ဖန်တီးနိုင်စွမ်း မရှိသေးပါသော်လည်း ၎င်းတို့အား အလွယ်တကူ ပြန်ပြင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့အပြင် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ ဓမ္မလက်နက်နည်းစနစ်များကို နားလည်သွားပြီဖြစ်ရာ သူ့ကိုယ်သူ ယခင်တုန်းကထက်ပင် ပို၍ ယုံကြည်မှုရှိနေပြီဖြစ်သည်။
ထို့ကြောင့် နောက်နေ့များတွင် ဝမ်ပေါင်လဲ့မှာ ပညာရပ်အမျိုးမျိုးကို အရူးအမူး လေ့လာဆည်းပူးနေလိုက်တော့သည်။ မဟာတောင်ထိပ်ဂိုဏ်းမှာ ဂိုဏ်းသားအများကြီးမရှိပေ။ လတ်တလောတွင် ဂိုဏ်းထဲ၌ ဂိုဏ်းသားခြောက်ရာကျော်သာ ရှိပါသော်လည်း သူတို့အားလုံးမှာ တစ်ယောက်နှင့်တစ်ယောက် အလွန်အင်မတန်မှ
ခင်မင်ရင်းနှီးကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် ပညာရပ်များကို လေ့လာဆည်းပူးနေစဉ် ဧည့်သည်များမှာ သူ့ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြခဲ့သည်။
သူတို့မှာ လုံနန်ကျစ်၏ မိတ်ဆွေများဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ သူတို့အား ငြင်းလွှတ်၍ မဖြစ်ပေ။ ထို့အပြင် သူသည် သူတို့ဆီမှလည်း သတင်းအချက်အလက်များ စုဆောင်းရသည်ကို စိတ်ဝင်စားနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဧည့်သည် တစ်ယောက်ချင်းစီတိုင်းအား နွေးထွေးပျူငှာစွာ ကြိုဆိုခဲ့သည်သာ ဖြစ်သည်။ ထိုဧည်သည့်များ ဂိုဏ်း၏ လက်ရှိအခြေအနေကြီးနှင့် မသေချာ မရေရာသည့် အနာဂတ်အကြောင်းများကို တွေးပူနေကြစဉ် ဝမ်ပေါင်လဲ့မှာမူ မဟာတောင်ထိပ်ဂိုဏ်းနှင့် နတ်မျက်လုံး အဖွဲ့အစည်းတို့၏ အကြောင်းကို ပိုမိုသိရှိလာအောင် ကြိုးစားနေတော့သည်။
” ဂိုဏ်းကြီးက ဘယ်တော့ ရောက်လာမှာလဲ ဟုတ်လား။ ငါလည်း မသိဘူးကွ။ လူတိုင်းက ဒီဂိုဏ်းထဲမှာ ဆက်ရှိနေဖို့ သင့်မသင့် ဝေခွဲမရ ဖြစ်နေကြတာ… ”
” ဝိညာဉ်တစ်ထောင်ဂိုဏ်းက ငါတို့ ဂိုဏ်သားတွေ အများကြီးဆီကို ချဉ်းကပ်ခဲ့ကြတာကွ။ သူတို့ရဲ့ ကမ်းလှမ်းချက်တွေကလည်း တော်တော်လေးကို ကောင်းတယ်။ သူတို့က ငါတို့ကို သူတို့ဂိုဏ်းနဲ့ ပူးပေါင်းဖို့ တောင်းဆိုနေကြတာ… ”
ထိုဧည်သည့်များ၏ ပြောစကားများမှတစ်ဆင့် ဂိုဏ်းသားများ ခံစားနေရသည့် စိုးရိမ်သောကများကို သိရှိနိုင်ပေသည်။ ထိုအတောအတွင်းတွင် အရေးကြီး ကိစ္စရပ်ကြီးနှစ်ခု ပေါ်ပေါက်လာခဲ့၏။ တစ်ခုမှာ လုံနန်ကျစ်၏ မိတ်ဆွေရင်းများ သူ့အား သံသယဝင်လာကြခြင်း ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့အတွက်မူ ထိုပြဿနာများမှာ ထမင်းစားရေသောက် အဆင့်တွင်သာ ရှိပေသည်။ သူသည် သူ၏ အစွမ်းထက် ကျင့်ကြံခြင်းစွမ်းအားများဖြင့် မန္တန်တစ်ခု အသုံးပြု၍ သူတို့၏ အသိစိတ်များကို လိုသလို ပြောင်းလဲခြယ်လှယ်လိုက်သည်သာ ဖြစ်သည်။ ထို့ကြောင့် သူ၏ နေ့စဥ်ဘဝကြီးမှာ ပုံမှန်အတိုင်းသာ ဆက်၍လည်ပတ်နေ၏။
ဒုတိယ ကိစ္စရပ်ကြီးမှာမူ မဟာထိပ်သီးအကြီးအကဲကြီးက သူ့အား ဆင့်ခေါ်ခဲ့ခြင်းပင်။ သူသည် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းနှင့် ပတ်သက်၍ မေးခွန်းအချို့ မေးမြန်းခဲ့ခြင်းဖြစ်၏။ သူသည် ကျင့်ကြံခြင်းအဆင့်တစ်ခု၌ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး ဖောက်ထွက်နိုင်စွမ်း မရှိခဲ့သော လုံနန်ကျစ်အား သိပ်၍ အရေးမထားခဲ့ပေ။ ထို့ကြောင့်လည်း သူသည် လုံနန်ကျစ်၏နေရာတွင် အခြားသူတစ်ယောက်၏ အစားထိုးဝင်ရောက်လာသည်ကို သတိမထားမိပေ။ ထို့ကြောင့် သူသည် အားပေးစကား အနည်းငယ်ခန့်သာ ပြောကြားခဲ့ပြီးနောက် ဝမ်ပေါင်လဲ့အား ထွက်သွားခွင့် ပြုလိုက်၏။
” ဂိုဏ်းက အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာ။ ငါတို့တွေအားလုံး အားသွန်ခွန်စိုက် ကြိုးစားဖို့လိုတယ်။ အဲတာမှ ဂိုဏ်းက အရင်တုန်းက အခြေအနေကို ပြန်ရောက်ပြီး ဂိုဏ်းသားတွေအားလုံးကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှာ ”
ထိုစကားလုံးများမှာ အပေါ်ယံတွင် အဓိပ္ပါယ်လေးနက်သည့်ပုံ မပေါ်ပေ။ ထို့အပြင် မဟာထိပ်သီးအကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့ တစ်ယောက်တည်းကိုသာမဟုတ်ဘဲ တသီးတခြားစီ လေ့ကျင့်နေသည့် အမြုတေအဆင့် ကျင့်ကြံသူများအားလုံးကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ မဟာထိပ်သီးအကြီးအကဲကြီးမှာ သူတို့ကိုလည်း ထိုကဲ့သို့သော အားပေးစကားများနှင့် နှုတ်ဆက်စကားများကိုသာ ပြောကြားခဲ့သည်။ ဂိုဏ်း၏ လက်ရှိအခြေအနေမှာ အလွန်အင်မတန်မှ ဆိုးရွားလွန်းနေသည် မဟုတ်ပါလော။ ၎င်း၏ ပိုင်ဆိုင်မှုအများစုမှာ အခြားဂိုဏ်းများ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီဖြစ်ရာ တစ်ဂိုဏ်းလုံးမှာ ပြောင်သလင်းခါနေ၏။ ထိုမြင်ကွင်းမှာ ဝမ်းနည်းစရာကောင်းလှပေသည်။
ထို့ကြောင့် အကြီးအကဲကြီး တစ်ယောက်အနေနှင့် ဂိုဏ်းသားများအား အားပေးစကားပြောကာ သူတို့၏ စိုးရိမ်သောကများကို ဖြေဖျောက်ပေးနိုင်ရန် ကြိုးစားခြင်းမှာ မှန်ကန်သော လုပ်ရပ်တစ်ခုသာဖြစ်ပေသည်။
သို့သော်… ဝမ်ပေါင်လဲ့မှာ ငယ်စဉ်ဘဝကတည်းက အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို စိတ်ဝင်တစား လေ့လာဖတ်ရှုဖူးခဲ့သည် မဟုတ်ပါလော။ ထို့အပြင် သူသည် နေအဖွဲ့အစည်းထဲတွင်လည်း ရာထူးအမြင့်ဆုံး လူတစ်ယောက်ဖြစ်ပေသည်။ သို့ဖြစ်ရာ သူသည် မဟာထိပ်သီးအကြီးအကဲကြီးဆီမှ ထွက်ခွာလာပြီးနောက် သူ၏ စကားများကို တွေးတောသုံးသပ်နေမိတော့သည်။
” သူက ခြိမ်းခြောက်နေတာလားဟ ” ဝမ်ပေါင်လဲ့မှာ ရယ်မောကာ ရေရွတ်လိုက်ပြီးနောက် ထိုစကားများကို လျစ်လျူရှူထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူသည် အစည်းအဝေးပွဲ တစ်လျှောက်လုံးတွင် ဟန်အမူအရာမပျက် တည်ကြည်နေခဲ့၏။ ထို့ကြောင့် သူသည် ထို ခြိမ်းခြောက်မှုအား ကြောက်ရွံ့နေခြင်း မရှိသလို အလိမ်ပေါ်သွားမည်ကိုလည်း စိုးရိမ်နေခဲ့ခြင်းမရှိပေ။ အကယ်၍ မဟာထိပ်သီးအကြီးအကဲကြီးမှာ သူ၏ နောက်ကြောင်းရာဇဝင် အစစ်အမှန်အား ရိပ်မိသွားပြီး သူ့အား ပြဿနာရှာရန် ကြိုးစားခဲ့လျှင်တောင် သူသည် ထို သက်လတ်ပိုင်းလူကြီးအား သတ်ဖြတ်ကာ သူ၏ပုံစံအဖြစ်သို့ ပြောင်းလဲလိုက်ရုံပင်။
ထိုအခါမှသာ သူသည် မဟာထိပ်သီးအကြီးအကဲကြီးအဖြစ်သို့ ပြောင်းလဲလိုက်မည်ဆိုပါက ဂိုဏ်း၏ ပြဿနာပေါင်း မြောက်မြားစွာကို တာဝန်ယူရတော့မည်ဖြစ်ကြောင်း နားလည်သဘောပေါက်သွား၏။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ မဟာထိပ်သီးအကြီးအကဲကြီး အဖြစ်သို့ မပြောင်းရန် ဆုံးဖြတ်လိုက်တော့သည်။
” ထားပါတော့လေ။ သူ့ကို အသက်ချမ်းသာပေးလိုက်ပါ့မယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ချောင်းဟန့်လိုက်ပြီး သူ၏ နေအိမ်ဆီသို့ ပြန်ရောက်လာ၏။ ထို့နောက် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ အဆောင်ပစ္စည်း သန့်စင်ခြင်း ပညာရပ်များအကြောင်းကို ဆက်လက် လေ့လာနေလိုက်တော့သည်။
ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ခုနစ်ရက်တိတိ ကုန်ဆုံးသွား၏။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ဂိုဏ်းထဲ၌ အသားကျသွားပြီဖြစ်သည်။ သူသည် ဂိုဏ်းသားများအား လိုက်လံမေးမြန်းခဲ့ရာမှ သူတို့ဂိုဏ်း လက်ရှိ ကြုံနေရသည့် အကျပ်အတည်းများ၏ နောက်ကွယ်မှ အကြောင်းအရင်းများနှင့် ၎င်း၏ ပိုင်ဆိုင်မှုများအား လေလံတင်ရောင်းချပစ်ရသည့် အကြောင်းရင်းများကို နားလည်သဘောပေါက်လာတော့သည်။
အရာအားလုံးမှာ…. မဟာတောင်ထိပ်ဂိုဏ်း ယခင်တုန်းက လုယက်မှုများထဲ၌ အသုံးပြုခဲ့ပြီး ယခုတွင် ပြန်လည်ပြုပြင်နိုင်ရန် ကြိုးစားနေသည့် စစ်သင်္ဘောကြီးကြောင့် စတင်ခဲ့ခြင်းဖြစ်ပေသည်။
ထို စစ်သင်္ဘောကြီးမှာ ဂိုဏ်း၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည်။ မျိုးဆက် နှစ်ဆက်သုံးဆက်ခန့်မှာ ၎င်းအား အချိန်ယူ တည်ဆောက်ခဲ့ရ၏။ ထို စစ်သင်္ဘောကြီးအား တည်ဆောက်ရာ၌ ရင်းမြစ်ပစ္စည်းအမြောက်အမြား အသုံးပြုထားသောကြောင့် ၎င်းမှာ မဟာတောင်ထိပ်ဂိုဏ်း၏ ဆက်လက် ရှင်သန်နိုင်ရေးအတွက် မရှိမဖြစ် အရေးပါနေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း မဟာထိပ်သီးအကြီးအကဲကြီးမှာ ဂိုဏ်းထဲရှိ ပစ္စည်းများကို လေလံတင်ရောင်းချခဲ့ပြီး ကုန်ကြမ်းပစ္စည်း အမြောက်အမြား ဝယ်ယူခဲ့ခြင်း ဖြစ်၏။ ထို့အပြင် သူသည် ဂိုဏ်းထဲရှိ အဆောင်ပစ္စည်းသန့်စင်ခြင်း ပညာရပ်၌ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သော ပညာရှင်များကို စုစည်းကာ သူတို့အား ဂိုဏ်း၏ တားမြစ်နယ်မြေထဲသို့ ပို့ဆောင်၍ ထိုစစ်သင်္ဘောကြီးအား ပြုပြင်ရန် အမိန့်ပေးထားသေးသည်။
ဝမ်ပေါင်လဲ့မှာ ထိုအချက်အား လေ့လာသိရှိလိုက်ရသောအခါ စိတ်ဝင်စားသွား၏။ သူ တံခါးပိတ်လေ့လာခဲ့ရမှ ရရှိခဲ့သော ဗဟုသုတများမှာ စာတွေ့အဆင့်တွင်သာ ရှိပေသည်။ ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သောကြောင့် လက်တွေ့ကြိုးစားအားထုတ်ရာမှ ရရှိနိုင်သည့် အတွေ့အကြုံများမှာ မည်မျှအထိ အရေးပါကြောင်း သိရှိထား၏။ ထို့အပြင် သူသည် ထို စစ်သင်္ဘောကြီးအား ပြုပြင်သည့် လုပ်ငန်းထဲ၌ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရမည်ဆိုပါက သူကိုယ်တိုင် စစ်သင်္ဘောအသစ်တစ်စင်း တည်ဆောက်ရာတွင် အများကြီး အထောက်အကူ ပြုနိုင်ပေသည်။
ထို့ကြောင့် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ အဆောင်သန့်စင်ခြင်း ပညာရပ်အကြောင်းနှင့် ပတ်သတ်သော အချက်အလက်များကို ခေါင်းထဲ၌ သေသေချာချာ ပြန်လည်စုစည်းလိုက်ပြီးနောက် သူ၏နေအိမ်ထဲမှ ထွက်ခွာလာပြီး တားမြစ်နယ်မြေဆီသို့ ဦးတည်သွားလိုက်တော့သည်။ မဟာထိပ်သီးအကြီးအကဲကြီးမှာ ထိုနယ်မြေထဲတွင် ပြုပြင်ပြင်ဆင်ရေးလုပ်ငန်းများကို ကြီးကြပ်နေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူနှင့် သွားရောက်တွေ့ဆုံပြီး ပြုပြင်ရေး လုပ်ငန်းများထဲတွင် ဝင်ရောက်ကူညီခွင့်ပြုရန် ခွင့်တောင်းလိုက်မည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးမှ မဟာထိပ်သီးအကြီးအကဲကြီးနှင့် တွေ့ခွင့်ရခဲ့၏။ သူသည် မောပန်းနွမ်းနယ်နေသည့်ပုံ ပေါ်သော မဟာထိပ်သီးအကြီးအကဲကြီးအား မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သိုလှောင်အိတ်တစ်လုံးကို ဆွဲထုတ်ကာ ဘေး၌ ချထားလိုက်သည်။ ထို့နောက် သူသည် သူ၏ ရင်ဘတ်ကို လက်သီးဖြင့် ထုနှက်ကာ လူတိုင်းကြားရအောင် လေသံကျယ်ကျယ်ဖြင့် အော်ဟစ်ကြိမ်းဝါးလိုက်တော့သည်။
” မဟာထိပ်သီးအကြီးအကဲကြီးခဗျား။ မဟာတောင်ထိပ်ဂိုဏ်းဝင် တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ဂိုဏ်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာကို ကျွန်တော် ဘေးကနေ ထိုင်ကြည့်မနေနိုင်ပါဘူး။ ကျွန်တော် ကျင့်ကြံခြင်း လေ့ကျင့်ဖို့ကိုလည်း အာရုံမစိုက်နိုင်တော့ပါဘူး။ အဲတာကြောင့် ကျွန်တော် ဂိုဏ်းအတွက် ကျရာဝာာဝန်ကို ထမ်းဆောင်ပေးပါရစေ။ ဒါ ကျွန်တော် စုဆောင်းထားသမျှ ငွေကြေးတွေ အားလုံးပါပဲ။ ကျွန်တော် ဒါတွေ အကုန်လုံးကို ဂိုဏ်းရဲ့လက်ထဲ အပ်ပါတယ်။ ပြီးရင် ကျွန်တော် လုပ်အားပေးဖို့လည်း အဆင်သင့်ပါ။ ကျွန်တော် ဂိုဏ်းအတွက် လိုအပ်လာရင် အသက်ပါပေးဖို့ ကျိန်ဆိုပါတယ် “