Switch Mode

အခန်း (၇၃၃)

မဟာတောင်ထိပ်ဂိုဏ်း 

မဟာတောင်ထိပ်ဂိုဏ်းမှာ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၏ လက်အောက်ရှိ ဂိုဏ်းငယ်လေးတစ်ခု ဖြစ်သည်။ ၎င်း၏ ဩဇာအာဏာမှာ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းနှင့် ယှဉ်လိုက်ပါက မပြောပလောက်ပေ။ ထို့အပြင် ထိုဂိုဏ်းထဲတွင် အဖွဲ့ဝင်တစ်ထောင်ပင် မရှိပေ။ သို့သော် မဟာတောင်ထိပ်ဂိုဏ်းဝင်များမှာ အဆောင်ပစ္စည်းများသန့်စင်ရာတွင် ပါရမီပါကြ၏။ ထိုဂိုဏ်း၏ မဟာထိပ်သီးအကြီးအကဲကြီးမှာလည်း အစွမ်းထက် ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားသေးသည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ဝိညာဉ်ကြားခံနယ်အဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းအား နှစ်စဉ်နှစ်တိုင်း လက်ဆောင်ပဏ္ဏာများ မပျက်မကွက် ဆက်သပေသည်။

ထို့ကြောင့်လည်း မဟာတောင်ထိပ်ဂိုဏ်းမှာ အတော်အသင့် လွယ်ကူပြီး အန္တရာယ်မများပါသော်လည်း အကျိုးအမြတ် အမြောက်အမြား ရရှိနိုင်သည့် လုယက်မှု တာဝန်များကိုသာ ပေးအပ်ခံရခြင်းဖြစ်သည်။

ထို့အပြင် မဟာတောင်ထိပ်ဂိုဏ်းမှာ သူတို့၏ ဘဏ္ဍာများကို ဖြည့်တင်းနိုင်ရန် လုယက်မှုများ မကြာခဏဆိုသလို ဆောင်ရွက်လေ့ရှိကြ၏။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူတို့မှာ လွန်ခဲ့သည့် လအနည်းငယ်ခန့်တုန်းက အစွမ်းထက် ရန်သူများနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် သူတို့၏ လုယက်မှုအစီအစဥ်မှာ ပျက်ပြားသွားခဲ့ရပြီး သူတို့မှာ ပစ္စည်းအသစ်များ မစုဆောင်းနိုင်ခဲ့ရုံသာမက သူတို့၏ ပိုင်ဆိုင်မှုများကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ပုံမှန်အခြေအနေများတွင်ဆိုလျှင် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းမှာ သူတို့၏ အမိန့်ကြောင့်မဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လုယက်မှုများ ကျူးလွန်ကြသည့် လက်အောက်ခံ ဂိုဏ်းငယ်လေးများကို အကူအညီ ပေးလေ့မရှိပေ။ ထို့ကြောင့် သူတို့မှာ မဟာတောင်ထိပ်ဂိုဏ်းအား လျစ်လျူရှူထားခဲ့၏။

မဟာတောင်ထိပ်ဂိုဏ်းမှာ ထိုလုယက်မှုကြောင့် အများကြီး ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည်။ ထို့အပြင် နှစ်စဉ်နှစ်တိုင်း လက်ဆောင်ပဏ္ဏာ ဆက်သရသည့် အချိန်သို့ တဖြည်းဖြည်းနှင့် နီးကပ်လာနေပြီဖြစ်ရာ တစ်ပူပေါ် နှစ်ပူဆင့်သကဲ့သို့ ဖြစ်နေတော့သည်။ ဂိုဏ်းထဲရှိ လူတိုင်းမှာ စိုးရိမ်သောကရောက်နေကြပြီး ခြိုးခြံချွေတာနေကြရ၏။ သူတို့မှာ အဆောင်ပစ္စည်းသန့်စင်ခြင်းနှင့် ကျင့်ကြံခြင်းတို့အတွက် လိုအပ်သည့် ရင်းမြစ်ပစ္စည်းများကို ရရာနည်းလမ်းဖြင့် ရှာဖွေရန် ဆန္ဒပြင်းပြနေကြပြီ ဖြစ်သည်။

အတွင်းစည်းဂိုဏ်းသားများမှာ မကြာခဏဆိုသလို ဂိုဏ်းအပြင်သို့ထွက်ကာ ရင်းမြစ်ပစ္စည်းများအား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေနေကြ၏။ အချို့မှာ သန့်စင်ခြင်းလုပ်ငန်းဖြင့် ရုန်းကန်နေကြရပြီး အချို့မှာမူ အခြားဂိုဏ်းများနှင့် ပူးပေါင်းလိုက်ကြပြီ ဖြစ်သည်။ ထို့အပြင် အချင်းချင်း လုယက်နေကြသည့် ဂိုဏ်းသားများလည်း ရှိသေးသည်။ လုံနန်ကျစ် ကဲ့သို့သော အခြားသူများမှာမူ ခြေဦးတည့်ရာ လှည့်လည်သွားလာနေရင်း အခွင့်အရေးများကို ရှာဖွေနေကြ၏။

မဟာတောင်ထိပ်ဂိုဏ်းမှာ အခြေအနေ ဆိုးနေသည့်တိုင်အောင် နှစ်ပေါင်းနှစ်ထောင်ကျော် သက်တမ်းရှိနေသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေဆဲပင် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်း၏ အခြေခံအုတ်မြစ်မှာ ခိုင်မာနေပြီးသား ဖြစ်သည်။ ၎င်း၏ တောင်တံခါးများမှာ မှင်နက်ရောင်မြေကြီးများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး နတ်မျက်လုံးဂြိုဟ်၏ ပဉ္စမမြောက် တောင်စဉ်တန်းပေါ်တွင် ရှိနေ၏။

ထိုဂြိုဟ်ကြီး၏ အလယ်ဗဟိုတွင်မူ တော်ဝင်မိသားစုအိမ်ယာများ ရှိကြသည်။ အများပြည်သူများမှာ ထိုအိမ်ယာများထဲသို့ ဝင်ရောက်ခွင့် မရှိကြပေ။ ထိုအိမ်ယာများ၏ ပတ်ပတ်လည်တွင် အစွမ်းထက် နဂါးကြီးရှစ်ကောင်နှင့် တူသည့် တောင်စဉ်တန်းရှစ်ခု ရှိနေကြသည်။ ထို စက်ဝိုင်းပုံစံ တောင်စဉ်တန်းများမှာ တစ်ခုနှင့်တစ်ခု အလွန်အင်မတန်မှ ဝေးကွာနေကြ၏။ အချို့သူများမှာဆိုလျှင် ၎င်းတို့၏ကြားရှိ နေရာလွတ်များမှာ ကမ္ဘာတစ်လုံးနီးပါး ကြီးမားကြသည်ဟု ဆိုကြသည်။ သူတို့မှာ ချဲ့ကားပြောဆိုနေကြခြင်း မဟုတ်ပေ။

အတွင်းဘက်အကျဆုံး တောင်စဉ်တန်းသုံးခုမှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ လက်အောက်တွင် ရှိကြသည်။ သူတို့မှာ ထိုတောင်စဉ်တန်းများကို သိမ်းပိုက်ထားကြခြင်းဖြစ်၏။ အပေါ်ယံတွင် သူတို့မှာ ဂြိုဟ်ကြီးအား ကာကွယ်ပေးလိုသည့်ပုံ ပေါ်နေပါသော်လည်း လက်တွေ့တွင်မူ သူတို့မှာ တော်ဝင်မိသားစုအား ပိတ်လှောင်ထားပြီး ဖိအားပေးနိုင်ရန်အတွက်သာ ထိုကဲ့သို့ သိမ်းပိုက်ထားခြင်း ဖြစ်ပေသည်။

ကျန်တောင်စဉ်တန်းငါးခုပေါ်တွင်မူ ဂိုဏ်းငယ်လေးများ ရှိကြ၏။ အတွင်းဘက်သို့ ရောက်လာလေလေ ဝိညာဉ်ချီများမှာ ပို၍ သိပ်သည်းလာကြလေလေဖြစ်ရာ အတွင်းဘက်အကျဆုံး တောင်စဉ်တန်းများမှာ အကောင်းဆုံး ဖြစ်ပေသည်။

မဟာတောင်ထိပ်ဂိုဏ်းမှာ ပဉ္စမမြောက် တောင်စဉ်တန်းပေါ်တွင် ရှိနေ၏။ ၎င်းတို့၏ အဆောက်အဦ အများစုကို မှင်နက်ရောင်မြေကြီးများဖြင့် ဆောက်လုပ်ထားကြသည်။ ထို မြေကြီးများမှာ ဝိညာဉ်ချီများကို စုပ်ယူကာ ဝိညာဉ်ကျောက်တုံးများ ဖန်တီးပေးနိုင်စွမ်း ရှိပေသည်။

ထိုဂိုဏ်း၏ အပြင်ဘက်တွင်မူ ဧရာမ ရုပ်တုကြီးတစ်ခု ရှိနေ၏။ ၎င်းမှာ ပေထောင်ပေါင်းများစွာ မြင့်မားပြီး အင်အားသုံး၍ ဖိနှိပ်ထားသော ဝိညာဉ်ကျောက်တုံးများဖြင့် ထုဆစ်ထားခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုရုပ်တုကြီးကို မြင်လိုက်ရသောအခါ မှင်တက်သွားရ၏။ ၎င်းမှာ သူ နေအဖွဲ့အစည်းထဲတွင် ရှိနေခဲ့စဉ်တုန်းက မြင်ခဲ့ရသည့် အရာအားလုံးထက် ပို၍ ရင်သက်ရှုမောဖွယ်ရာ ကောင်းနေသည်မဟုတ်ပါလော။

” ဒါတောင် ဂိုဏ်းငယ်လေးပဲ ရှိသေးတာလား ” ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရ၏။ လုံနန်ကျစ်၏ မှတ်ဉာဏ်များအရဆိုလျှင် မဟာတောင်ထိပ်ဂိုဏ်းမှာ ဂိုဏ်ငယ်လေးတစ်ခု ဖြစ်နေရုံသာမက လက်ရှိတွင် အခက်အခဲပြဿနာများနှင့် ကြုံတွေ့နေရခြင်း ဖြစ်ပေသည်။ သို့သော် ယခု သူ၏ရှေ့တွင်ရှိနေသည့် ရုပ်တုကြီးကြောင့် သူ၏ အထင်နှင့်အမြင်မှာ တက်တက်စင်အောင် လွဲသွားရတော့သည်။ သူသည် ထိုရုပ်တုကြီး၏ တန်ကြေးအား အတိအကျ သိမထားပါသော်လည်း ၎င်းအား ရောင်းချလိုက်မည်ဆိုပါက ဂိုဏ်းထဲရှိ ငွေကြေးအကျပ်အတည်းများမှာ သေချာပေါက် ပြေလည်သွားလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ထား၏။

ဝမ်ပေါင်လဲ့မှာ မဟာတောင်ထိပ်ဂိုဏ်းဆီသို့ ဦးတည်ပျံသန်းလာရင်း စိတ်ထဲ၌ မေးခွန်းများစွာ ပေါ်ပေါက်လာရတော့သည်။ သူသည် ဂိုဏ်း၏အနီးသို့ ရောက်သွားသောအခါ ထို ဧရာမရုပ်တုကြီးအား နောက်ထပ်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းအား လျှာဖြင့်လျက်လိုက်၏။ ထို့နောက် သူသည် ဂိုဏ်းရှိရာဘက်သို့ လှည့်ကြည့်သောအခါ အနက်ရောင် အဆောက်အဦများနှင့် အရွယ်အစားမျိုးစုံရှိသော နန်းတော်ပေါင်း ထောင်ပေါင်းများစွာကို မြင်လိုက်ရတော့သည်။

ထိုဂိုဏ်းမှာ ကောင်းကင်တာအိုကျောင်း၏ အဆင့်မြင့်ကျွန်း သုံးကျွန်းစာလောက် ကြီးမားနေပါသော်လည်း ဂိုဏ်းထဲတွင် နေထိုင်နေကြသည့် လူဦးရေ အရေအတွက်မှာမူ အလွန်အင်မတန်မှ နည်းပါးလွန်းနေ၏။ သူသည် ခပ်လှမ်းလှမ်းတွင် လူအယောက်တစ်ရာကျော်ခန့် အလုပ်ရှုပ်နေကြသည်ကိုသာ မြင်နေရသည်။ ထိုနေရာမှလွဲ၍ အခြားနေရာများတွင်မူ လူများ သိပ်မရှိကြပေ။ သို့ဖြစ်ရာ ဤဂိုဏ်းထဲတွင် ထို လူအယောက်တစ်ရာကျော်သာ ရှိနေသည့်ပုံ ပေါက်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ အလုပ်ကိုယ်စီ ရှုပ်နေကြသည့် ထိုဂိုဏ်းသားများကို ကြည့်ရင်း မျက်နှာအမူအရာ အထူးတဆန်း ဖြစ်သွား၏။ သူသည် လုံနန်ကျစ်၏ မှတ်ဉာဏ်ထဲရှိ ဤဂိုဏ်းငယ်လေး ကြုံတွေ့နေရသည့် အခြေအနေအား ရုတ်တရက်ဆိုသလို နားလည်သွားခြင်းဖြစ်သည်။

လူတိုင်းမှာ သူတို့၏ အိမ်ယာများအား အလျင်အမြန် ဖြိုချနေကြသည် မဟုတ်ပါလော။ သူတို့၏ လှုပ်ရှားမှုများမှာ အထစ်အငေါ့မရှိ မြန်ဆန်တိကျနေကြသောကြောင့် အဆောက်အဦများမှာ ဖြိုချခံလိုက်ရပြီး အခြေခံ အိမ်ဆောက်ပစ္စည်းများအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည့်တိုင်အောင် မည်သည့်အရာမှ ထိခိုက်ပျက်စီးသွားကြခြင်းမရှိပေ…

ထို့အပြင် လေထဲတွင်လည်း အားပေးသံများနှင့် ဆင်တူသည့် အော်သံများဖြင့် ပြည့်နှက်နေသေးသည်….

” လုပ်ကြပါဟ ငါ့ကောင်တို့ရ။ ဒီနေ့က နောက်ဆုံးပဲ။ တန်ဖိုးအမြင့်ဆုံး အိမ်ဆောက်ပစ္စည်းတွေနဲ့ တည်ဆောက်ထားတဲ့ လက်ကျန်အိမ် အလုံးသုံးရာကို ဖြိုချပစ်မှ ရမယ် ”

” ဒီ အခက်အခဲကြီးကို ကျော်လွှားနိုင်ဖို့အတွက် အတူတူ ကြိုးစားကြတာပေါ့ကွာ။ ဂိုဏ်းက ငါတို့ကို ပေးထားတဲ့တာဝန်ကို ပြီးအောင်လုပ်ကြစို့ ”

” ‌မနက်ဖြန် မနက်ရောက်ရင် မဟာထိပ်သီး အကြီးအကဲကြီးက လေလံပွဲ စတော့မှာ။ လေလံအောင်တဲ့လူတိုင်း သူတို့ ကြိုက်တဲ့အိမ်တွေကို ဖြိုချဖို့ နှစ်နာရီတိတိ အချိန်ရမှာကွ ”

” အဲတာမလို့ တန်ဖိုးအမြင့်ဆုံး အိမ်တွေကို အခုကတည်းက ဖြိုချထားမှဖြစ်မယ်။ အဲဒီ လေလံပစ်မယ့်ကောင်တွေရဲ့ လက်ထဲ အပ်လိုက်လို့ မဖြစ်ဘူး ”

လေထဲတွင် အော်ဟစ်အားပေးသံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ ဝမ်ပေါင်လဲ့မှာမူ ထိုစကားများကို နားထောင်ရင်း ကြက်သေသေနေရတော့သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် ဖြစ်ကြောင်းကုန်စင်အား နားလည်သွား၏။ ဂိုဏ်းမှာ ဆင်းရဲမွဲတေလွန်းနေသောကြောင့် မဟာထိပ်သီးအကြီးအကဲကြီးမှာ ဂိုဏ်းထဲရှိ ပိုင်ဆိုင်မှုများကို လေလံတင်ရောင်းရသည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။ သို့သော် ၎င်းမှာ ပစ္စည်းများကို လေလံတင်ရောင်းချမည့် လေလံပွဲတော့ မဟုတ်ပေ။ ထို လေလံပွဲထဲတွင် ပါဝင်နိုင်မည့် လူအရေအတွက်နှင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်များကိုလည်း ကန့်သတ်ထားသေးသည်။ ထို့အပြင် သူတို့မှာ သိုလှောင်အိတ်များကိုလည်း အသုံးပြုခွင့် မရှိပေ။ သူတို့မှာ သတ်မှတ်ထားသည့် အချိန်အတွင်းတွင် အချို့သော ပစ္စည်းများမှလွဲ၍ ဂိုဏ်းထဲရှိ အရာအားလုံးကို စိတ်တိုင်းကျ သိမ်းပိုက်ခွင့် ရှိပေသည်။

မနက်ဖြန်တွင် ထိုလေလံပွဲအား စတင်တော့မည်ဖြစ်ရာ မဟာထိပ်သီးအကြီးအကဲကြီးမှာ ထိုလေလံပွဲမစခင် ဂိုဏ်းထဲရှိ တန်ဖိုးအကြီးမားဆုံး အဆောက်အဦများကို ဖြိုချပစ်ရန် သူ၏ ဂိုဏ်းသားများအား အမိန့်ပေးခဲ့ခြင်းဖြစ်၏ …

” ဘာတွေဖြစ်နေတာလဲဟ ” ဝမ်ပေါင်လဲ့မှာ သူ၏နဖူးကို လက်ဖြင့်ပွတ်ရင်း သူ၏ ပုံပန်းသွင်ပြင်အား အခြားတစ်ယောက်အဖြစ်သို့ ပြောင်းသင့်မပြောင်းသင့် တွေးနေမိတော့သည်။ ထိုအချိန်တွင် လူတစ်ယောက်မှာ သူ့ရောက်ရှိလာသည်ကို သတိထားမိလိုက်သောကြောင့် သူ့အား လှမ်း၍အော်ခေါ်လိုက်၏။

” လုံနန်ကျစ်။ မင်း ပြန်ရောက်လာပြီလား။ မြန်မြန်လေး လာကူအုံး။ မဟာထိပ်သီးအကြီးအကဲကြီးက ဆုချမှာတဲ့နော်။ သူ သတ်မှတ်ထားတဲ့အချိန်အတွင်း အဆောက်အဦတစ်လုံး ဖြိုချနိုင်တိုင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်တုံးစီ ရမှာတဲ့ကွ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်နှာရှုံ့မဲ့မဲ့နှင့် ပြုံးပြလိုက်ရတော့သည်။ သို့သော် သူသည် ထိုနေရာမှ ထွက်ခွာသွား၍ မဖြစ်တော့သောကြောင့် ရှေ့သို့ ပြေးသွားလိုက်ပြီး အဆောက်အဦများ ဖြိုချနေသည့် အဖွဲ့နှင့် ပူးပေါင်းလိုက်ရ၏။ သူသည် အဆောင်ပစ္စည်းများ သန့်စင်ရာ၌ ကျွမ်းကျင်ပြီး လုံနန်ကျစ်၏ မှတ်ဉာဏ်များကိုပါ ရရှိထားသည်ဖြစ်ရာ တစ်အောင့်ခန့် ကြာမြင့်သွားပြီးနောက် သူလုပ်ရမည့် အရာများကို နားလည်သွားတော့သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အဆောက်အဦများ ဖြိုချနေရင်း အံ့အားသင့်သွားခဲ့ရ၏။ ထို အဆောက်အဦများကို အစိတ်အပိုင်း အမျိုးမျိုးအား အတူတကွပေါင်းစည်း၍ ဆောက်လုပ်ထားကြသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းတို့မှာ အသေးစား ပစ္စည်းများစွာဖြင့် ပြုလုပ်ဖန်တီးထားသည့် စုပေါင်းဓမ္မအဆောင်များကဲ့သို့ ဖြစ်နေကြ၏။ ၎င်းတို့အား အတူတကွ ပေါင်းစည်းပေးထားသည့် အရာများမှာ ကမ္ဗည်းစာလုံးများ မဟုတ်ဘဲ စွမ်းအင်အမျှင်အတန်းလေးများ ဖြစ်ကြပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ဝင်စားသွားရ၏။ သူသည် အဆောင်ပစ္စည်းများနှင့်တူသော အဆောက်အဦများအား အကဲခတ်လေ့လာနေရင်း သူ၏ ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများနှင့် စကားစမြည် ပြောဆိုလိုက်ပြီးနောက် ဂိုဏ်း၏အကြောင်းနှင့် နတ်မျက်လုံးအဖွဲ့အစည်း၏ ပြည်တွင်းရေးကိစ္စများကို ပိုမို နားလည်လာရတော့သည်။

” ဒါတွေက ဟို မျက်စိလည် လမ်းမှားပြီး ပြည်ထောင်စုကြီးထဲ ရောက်လာတဲ့ အရူးသုံးကောင်ရဲ့ ဓမ္မလက်နက်တွေလိုပဲဟ။ သူတို့ဆီမှာ ဘာ ကမ္ဗည်းစာလုံးမှ မပါဘူး။ ပြီးရင် သူတို့က အမြုတေနေရာမှာ ဝိညာဉ်ကျောက်တုံးတွေ ထည့်သုံးစရာလည်း မလိုဘူး။ ဒီ အဆောင်ပစ္စည်းတွေကို ကြယ်တာရာရင်းမြစ်တစ်ခုက တိုက်ရိုက် အားဖြည့်ပေးထားတာ… ဒီ လူမှုအဖွဲ့အစည်းက အဆောင်ပစ္စည်းတွေ သန့်စင်တဲ့နေရာမှာ တော်တော်လေးကို ကျွမ်းကျင်တာပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ သုံးသပ်လိုက်ပြီးနောက် သူ ထို ကျင့်ကြံသူသုံးယောက်ဆီမှ သိမ်းယူရရှိခဲ့သော သုံးရောင်ခြယ်ဓားပျံလေးနှင့် ဖဲကြိုးလေးတို့ကို ပြန်၍ သတိရသွားတော့သည်။

ထိုဓားမှာ ပျက်စီးသွားပြီဖြစ်ပြီး ဖဲကြိုးလေးမှာမူ အသုံးပြု၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ပြန်လည်ပြုပြင်ရန် တွေးခဲ့ပါသော်လည်း အခက်အခဲတစ်ခုနှင့် ရင်ဆိုင်ခဲ့ရ၏။ ထို့ကြောင့် သူသည် ၎င်း၏ အမြုတေအား နားလည်အောင်လုပ်ခဲ့ပြီး ကမ္ဗည်းစာလုံးများကိုသာ ထည့်သွင်းခဲ့၏။ ထို ကမ္ဗည်းစာလုံးများမှာ ရုပ်သေးရုပ်များတွင် တပ်ဆင်ထားသည့် ကြိုးများခဲ့သို့ ပြုမူဆောင်ရွက်ပေးသဖြင့် သူသည် ထို အဆောင်ပစ္စည်းနှစ်ခုအား ထိန်းချုပ်နိုင်စွမ်းတော့ ရှိပေသည်။ သို့သော် ထို အဆောင်ပစ္စည်းများ၏ အမှန်တကယ် အလုပ်လုပ်ပုံကို နားမလည်ထားပါက ၎င်းတို့အား ပြုပြင်နိုင်ရန်မှာ မလွယ်ကူပေ။

သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်ရှိ အဆောက်အဦများကို ဖြိုချရင်း မျက်လုံးများ အရောင်တောက်ပလာတော့သည်။ သူသည် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရခြင်းဖြစ်၏။ သူသည် မကြာသေးမီတုန်းကပင်လျှင် အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲရန် သင့်မသင့် စဉ်းစားတွေးတောနေခဲ့ပါသော်လည်း ယခုတွင်မူ ထိုအတွေးများမှာ သူ၏ အသိစိတ်ထဲမှ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ပို၍ပင် ကြိုးစားအားထုတ်ကာ အဆောက်အဦများကို လိုက်လံဖြိုချနေလိုက်တော့သည်။ ထိုသို့ဖြင့် ညဉ့်နက်ချိန်သို့ ရောက်သွားသောအခါ သူတို့၏တာဝန်မှာ ပြီးမြောက်သွားကြ၏။ သူတို့မှာ တန်ဖိုးအမြင့်ဆုံး အဆောက်အဦ ရာပေါင်းများစွာကို ဖြိုချနိုင်ခဲ့ပြီး ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာ ရရှိခဲ့ကြသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ဗဟုသုတများနှင့် အတွေ့အကြုံများကို အသုံးချကာ လူအချို့နှင့် စကားပြောလိုက်ပြီးနောက် သူ၏မိတ်ဆွေများနှင့် ရန်သူများကို ကွဲကွဲပြားပြား သိသွားတော့သည်။ ထို့နောက် သူသည် မဟာတောင်ထိပ်ဂိုဏ်း၏ စာကြည့်တိုက်ဆီသို့ သွားလိုက်၏။

သူသည် သူ ရရှိခဲ့သော ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကာ အဆောင်ပစ္စည်း သန့်စင်ခြင်းနှင့်ပတ်သတ်သည့် မှတ်တမ်းများနှင့် ကြယ်မြေပုံတစ်ခုကို ဝယ်ယူလိုက်သည်။ ပုံမှန် အခြေအနေများတွင်ဆိုလျှင် ၎င်းတို့အား ဝယ်ယူနိုင်ရန် ငွေကြေးမြောက်အမြား ပေးရမည်ဖြစ်ပါသော်လည်း လက်ရှိတွင် ဂိုဏ်းမှာ ဘဏ္ဍာရေးကျပ်တည်းနေသောကြောင့် ပစ္စည်းများ အားလုံးကို အများကြီး ဈေးလျှော့ပေးထား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျသင့်သည့် ဝိညာဉ်ကျောက်တုံးပမာဏကို ပေးချေလိုက်ပြီးနောက် သူ ဝယ်ယူထားသည့် ပစ္စည်းများကိုယူကာ လူမနေတော့သည့် အိမ်ယာတစ်ခုအား လိုက်လံရှာဖွေလိုက်၏။ ထို့နောက် သူသည် ထိုမှတ်တမ်းများကို လေ့လာဖတ်ရှုနေလိုက်တော့သည်။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ ထိုအတောအတွင်းတွင် လေလံပွဲ စတင်သွားခဲ့၏။ ထိုလေလံပွဲ ပြီးဆုံးသွားပြီးနောက် ဂိုဏ်းမှာလည်း ၎င်း ပိုင်ဆိုင်သမျှ ပစ္စည်းအများစုကို ဆုံးရှုံးလိုက်ရသည်။ ဝမ်ပေါင်လဲ့မှာလည်း အကြိမ်အနည်းငယ်ခန့် နေရာပြောင်းရွှေ့ပေးခဲ့ရ၏။ မည်သို့ပင်ဆိုစေကာမူ မဟာတောင်ထိပ်ဂိုဏ်းမှာ သူတို့ကြုံနေရသည့် အခက်အခဲကြီးအား ကျော်လွှားသွားနိုင်ခဲ့သည့်ပုံပင်။ ထိုအတောအတွင်း ထွက်ခွာသွားခဲ့ကြသည့် ဂိုဏ်းသားအားလုံး တစ်ယောက်မကျန် ပြန်မရောက်လာကြသည့်တိုင်အောင် ရာဂဏန်းအနည်းငယ်ခန့် ပြန်ရောက်လာကြဆဲပင်။

မဟာထိပ်သီးအကြီးအကဲကြီးမှာမူ သူသည် ဂိုဏ်းအား ဘုန်းမီးနေလ တောက်ပခဲ့သည့် အချိန်ကာလများဆီိသို့ ပြန်ရောက်အောင် ဦးဆောင်ပေးမည်ဟု ကြေညာခဲ့၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မှတ်တမ်းများနှင့် ကြယ်မြေပုံအား လေ့လာဖတ်ရှုပြီးသွားသောကြောင့် မျက်ဝန်းများအရောင်တောက်ပလာတော့သည်။

” ငါရဲ့ ခန့်မှန်းချက်က မှန်သားပဲ… ငါက နေအဖွဲ့အစည်းနဲ့ အဝေးကြီးကို မရောက်သေးဘူး။ ငါ့ဘက်ကသာ မီးစဉ်ကြည့်ကနိုင်မယ်ဆိုရင် ငါ့ရဲ့ ကိုယ်ပွားကို အိမ်ပြန်ပို့ပြီးတော့ ဥက္ကဋ္ဌရာထူးကို သိမ်းလို့ရတယ် “

Comment

Leave a Reply

Options

not work with dark mode
Reset