စည်တော်များက ပျက်စီး ပျောက်ကွယ်သွားပြီး ဖြစ်သည့်တိုင် စည်တော်သံများကား လေထုထဲတွင် ပျံ့လွင့်နေဆဲဖြစ်သည်။ ရီဖူရှင်း၏ ရူးသွပ်စွာ အော်ဟစ်မှုက လူအများ၏ နားထဲတွင် ရိုက်ခတ်နေဆဲ ဖြစ်သည်။
မှန်တောင်ထိပ်ပေါ်တွင် ရှောင်ဝူကျိက သူ၏ ကလန်ကို ရွေးခဲ့သည်။ သူက တောင်ထိပ်ကို ပထမဆုံးအကြိမ် တက်ရောက်လာကာ ပြိုင်ဘက်ကင်း ပါရမီကို ပြသခဲ့သည်။ သူက ရုပ်တုများမှ ကွဲပြားခြားနားသော ဓာတ်စွမ်းအင်များနှင့် အလွယ်တကူ ဆက်သွယ်နိုင်သည်။ နံရံပေါ်တွင် ရုပ်ပုံတစ်ခု ထွင်းထားခဲ့နိုင်သည်။ စည်တော်ကို ကိုးချက်တီးကာ မှန်တောင်တွင် နိုဘယ်ပုံရိပ် လေးခု ဖြစ်ပေါ်စေသည်။
ရီဖူရှင်းက စည်တော်ကို ရှောင်ဝူကျိပြီးမှ တီးခတ်ခဲ့သည်။ လူအများအပြားက ရီဖူရှင်းက သူ၏ စွမ်းရည်များကို အထင်ကြီးလွန်း နေသည်ဟု ထင်မြင်ကြသည်။ ရှောင်ဝူကျိကသာ ရှေးဟောင်းမြေရိုင်း ဒေသတွင် ပါရမီအမြင့်ဆုံးဟု ထင်မြင်ခဲ့ကြသည်။ ယနေ့ သူဖန်တီးခဲ့သော ကြီးမြတ်မှုများက အချိန်ကြာမြင့်သည့်တိုင် ချိုးဖျက်မည့်လူ ရှိမည်မဟုတ်ဟု ထင်မှတ်ခဲ့ကြသည်။
ထိုအရာက မှန်ကန်ပါသလော။ ရှောင်ဝူကျိ မသွားသေးခင်ပင် ရီဖူရှင်းက ရှောင်ဝူကျိမှာ ယှဉ်ပြိုင်သူ ကင်းမဲ့သောသူ မဟုတ်ကြောင်း သက်သေပြခဲ့သည်။ သူက စည်တော်ကို ဆယ့်ခြောက်ကြိမ် တီးခတ်ခဲ့ကာ သာမန်မဟုတ်သော ထူးခြားဖြစ်စဉ်များကို ဖန်တီးခဲ့သည်။ စည်တော်များကား စိတ်အသိများ ကုန်ခန်းသွားကာ ထာဝရပျက်စီး သွားရသည်။ ထိုအရာကမှ ထာဝရ တည်မြဲနေသော စံချိန်ဖြစ်သည်။
ထိုအရာကမှ စံချိန်အစစ်အမှန် ဖြစ်သည်။ ရှောင်ဝူကျိ၏ စံချိန်ကား ချိုးဖျက်၍ ရသည်။ မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းကို ကြည့်နေကြသည်။ ရီဖူရှင်းက သူ့ထံကို စီးဝင်လာနေသော စိတ်အသိ အင်အားများကို ဆက်လက် ဆင်ခြင်နေဆဲ ဖြစ်ဟန်တူသည်။ သူ၏ အဖြူရောင်ဝတ်စုံကား လေမတိုက်ဘဲ တဖျတ်ဖျတ် လွင့်နေသည်။
လျိုချန်းယွီ၏ မျက်လုံးထဲတွင် ထူးဆန်းမှုများ ဖြစ်ပေါ်နေသည်။ သူမက ဘေးမှ ရီဝူချင်းကို ကြည့်လိုက်သည်။ အစေခံတဲ့လား။ သူကား မည်သည့်ထူးဆန်းမှုမှ မတွေ့ရသလို တည်ငြိမ်လွန်းလှသည်။ သူက လုံးဝ ယုံကြည်မှုရှိဟန် ရသည်ဟု လျိုချန်းယွီ တွေးမိသည်။ ရီဖူရှင်းနှင့် ယူချင်းတို့၏ ပါရမီက အရှေ့မြေရိုင်းဒေသမှ ထိပ်သီးပါရမီရှင်များထက် မြင့်မားသည်ဟု ရီဝူချင်း ယုံကြည်သည်။
ရီဖူရှင်း၏ စွမ်းဆောင်ရည်က ရီဝူချင်း၏ ဤမတိုင်မီက စကားကို သက်သေပြနေသည်။ အနည်းဆုံး သူက ရှောင်ဝူကျိအား ကျော်ဖြတ်နိုင်သည်။
လျိုချန်းယွီ၏ အကြည့်က တန့်ယွီနှင့် ရှောင်ဝူကျိတို့ ရှိနေရာသို့ ရောက်သွားသည်။ ကျောင်းတော်မှ ရိုင်းစိုင်းသော တန့်ယွီ၏ မျက်လုံးထဲတွင်လည်း ထူးဆန်သော ပုံစံကို မြင်နေရသည်။ ဟွာချိန်ချဲလည်း ထို့နည်းတူပင်။
ကျုပ်ကို သိနားလည်တဲ့လူက ကျုပ်ရဲ့ မောက်မာမှုကို နားလည်တယ်။ ကျုပ်ကို နားမလည်တဲ့လူကို ပစ်ပယ်တာ ဘာမှားလဲ။
ထိုအရာက သူတို့ကို ပြန်ပြောသော စကားလား။ ထိုအရာက အမှန်ပင် ရုန့်ရင်းကြမ်းတမ်းသည်။
“စည်တော် ကိုးချက် တီးခတ်ပြီးတဲ့ အချိန်မှာ မင်းက ဆက်တီးလို့ ရသေးတယ်… တကယ်လို့ ဒါကို မင်းက သိခဲ့မယ်ဆိုရင် မင်းလည်း ဒီလောက်တော့ လုပ်နိုင်မယ်လို့ ငါယုံတယ်…” တန့်ယွီက သူ့ဘေးမှ ရှောင်ဝူကျိကို ပြောသည်။
ရှောင်ဝူကျိက ပျက်စီး ပျောက်ကွယ်သွားသော စည်တော်များကို ကြည့်လိုက်သည်။ သူက မှန်တောင်ကုန်းကို လာခဲ့သည်မှာ ဤတစ်ကြိမ်ကား ပထမဆုံးဖြစ်သည်။ ကိုးကြိမ်မြောက် တီးခတ်ပြီးသောအခါ စည်တော်၏ မျက်နှာပြင်ကိုးခုက တစ်ပြိုင်နက်တည်း မြည်ဟည်းခဲ့သည်။ စိတ်အင်အားက သူ၏စိတ်နယ်ပယ်ထဲကို စီးဆင်းလာကာ အရာအားလုံးက ပြည့်စုံနေသည်။ သူက ဆက်တီး၍ ရသည်ဟု မသိခဲ့ပေ။ အကယ်၍ သူသိခဲ့ပါက သူကလည်း ဆက်တီးခဲ့မည် ဖြစ်သည်။ တခြားလူများ လုပ်နိုင်သည်ကို သူက အဘယ်ကြောင့် မလုပ်နိုင်ရမည်နည်း။
“မှန်တာပေါ့…” ရှောင်ဝူကျိက ခေါင်းညိတ်သည်။ သူက သူ၏ စွမ်းရည်များကို ယုံကြည်မှု ရှိသော်လည်း စည်တော်များကား ပျက်စီးသွားပြီး ဖြစ်သည်။ လူတိုင်းက သူ၏ စကားကို ကြားကာ ခေါင်းညိတ်ကြသည်။ ရီဖူရှင်းက အမှန်ပင် ထူးချွန်သည့်တိုင် ရှောင်ဝူကျိ၏ ပါရမီဖြင့် သူကလည်း လုပ်နိုင်လောက်သည်။ နောက်ဆုံးတွင် ရီဖူရှင်း ရွေ့လျားသည်။ သူက ဖြည်းညင်းစွာ ထလျက် နောက်တစ်နေရာသို့ သွားနေသည်။ သူကား ကျောက်နံရံတစ်ခုထံသို့ သွားနေခြင်း ဖြစ်သည်။ ရှောင်ဝူကျိက ထိုနေရာတွင် စံချိန်တင် ထားခဲ့သည်။ သူက…။
လူအများအပြားက ထူးဆန်းသော ခံစားချက်များကို ရနေသည်။ သူက ရှောင်ဝူကျိ၏ ခြေလှမ်းကို လိုက်လှမ်း နေသည်လား။ သူက အတည် လုပ်နေသည်လား။ ရီဖူရှင်းက ရှောင်ဝူကျိကို စိန်ခေါ်လိုနေသည်လား။ သို့သော် ထိုအရာက သူ၏ ရည်ရွယ်ချက် မဟုတ်ပေ။ သူက မှန်တောင်ကို လာရောက်ခြင်းမှာ ကလန်ကို ရွေးချယ်ရန် ဖြစ်သည်။ ရှောင်ဝူကျိက ရှေ့မှ လုပ်ပြသွားရာ ရီဖူရှင်းက ရှောင်ဝူကျိ၏ စံချိန်များကို ဖျက်ဆီးပြခြင်းဖြင့် သူ့အတွက် လွယ်ကူသွားစေမည် ဖြစ်သည်။ အကယ်၍ သူက ထိုသို့ လုပ်ပြခဲ့လျှင် မည်သူမှ သူ၏စွမ်းရည်များကို သံသယ ရှိကြတော့မည် မဟုတ်တော့ပေ။
မှန်သည်… ထိုအရာက ရီဖူရှင်း၏ အကြောင်းပြချက်မျှသာ ဖြစ်သည်။ တကယ့် အကြောင်းပြချက်က သူဒေါသ ထွက်သွားသည်။ သူက တန့်ယွီ၏ အမူအရာနှင့် ဟွာချိန်ချဲ၏ စကားများကို ဒေါသထွက်သည်။ ပထမက သူက တခြားလူများ၏ အမြင်များကို ဂရုမစိုက်ခဲ့ပေ။ စကားအားဖြင့် ထိုးနှက်ခြင်းမှာ သာမန်မျှသာ ဖြစ်သည်။ အရေးကြီးသည်က တစ်စုံတစ်ယောက်က အင်အားကောင်းရန် လိုအပ်ပေသည်။
ဒွန်ဟွာကလန်နှင့် ကျောင်းတော်က သူ့အား လျစ်လျူရှုသည်။ သူတို့က ရှောင်ဝူကျိအား ဆွဲဆောင်နိုင်ရန် ယှဉ်ပြိုင် နေကြသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် သူက ထိုလူများအား တစ်စုံတစ်ခု ပြသရန် လိုအပ်နေသည်။
နံရံပေါ်တွင် ပုံရိပ်ဝါးဝါးတစ်ခု ဖြစ်ပေါ်လာသည်။ ကျောက်နံရံကား မှန်နံရံကဲ့သို့ ကြည်လင်လာသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းက ကျောက်ဆောင်ကြီးပေါ်တွင် တက်ရပ်လိုက်သည်။ တောင်ထိပ်ပေါ်မှ လူတိုင်းက သူ့အား ကြည့်လိုက်ကြသည်။ သူကား လူတိုင်း၏ အာရုံစိုက်ရာ နေရာဖြစ်လာသည်။
အမှန်တကယ်အားဖြင့် သူက ဂူဘိုင်ယွီအား အစေခံလုပ်စေခဲ့ရာ လူတိုင်းက ထိုသတင်းကို ကြားကာ မှန်တောင်ကို ရောက်လာကြသည်။ သို့သော်လည်း ရှောင်ဝူကျိက ကလန်ကို ရွေးချယ်ရန် မှန်တောင်ကို ရောက်ရှိလာသောအခါ လူတိုင်း၏ အာရုံက သူ့ထံကို ရောက်ရှိသွားပြီး ရီဖူရှင်း၏ တည်ရှိမှုက ပျောက်ကွယ်သွားသည်။ ယခုကား သူကတစ်ဖန် လူတိုင်း၏ အာရုံကို ဆွဲခေါ်ထားပြန်သည်။
သူက ထိုကျောက်နံရံမှ ရှောင်ဝူကျိ၏ စံချိန်ကိုလည်း ချိုးနိုင်ပါ့မလား။
ကျောက်တုံးကြီးက အလင်းရောင်များ ထွက်ပေါ်လာကာ ရီဖူရှင်းထံသို့ စီးဝင်လာသည်။ ထိုအခိုက်တွင် ရီဖူရှင်းက သူ၏ စိတ်အသိက ကျောက်နံရံ၏ ဝါးမျိုခြင်း ခံရသည်ဟု ခံစားနေရသည်။ ထို့အတူ ကွဲပြားခြားနားသော တန်ခိုးရှင်များ၏ မရေမတွက်နိုင်သော စိတ်အသိများကိုလည်း ခံစားရသည်။ သူက ခြေလှမ်းကိုမြှောက်လျက် နံရံဆီသို့ လျှောက်သွားလိုက်သည်။ ချက်ချင်းပင် မရေမတွက်နိုင်သော အားလှိုင်းများက သူ့ထံ ရိုက်ခတ်လာကြသည်။ ထိုအခိုက်တွင် သူကား ကြောက်မက်ဖွယ် ကောင်းသော ဖိအားများကို ခံစားလာရသည်။
နံရံပေါ်မှ ပုံရိပ်က တစ်လက်မခန့် နစ်ဝင်သွားသည်။ ကျောက်နံရံပေါ်တွင် ရီဖူရှင်း၏ပုံရိပ်က ရှင်းလင်းစွာ ဖြစ်ပေါ်လာသည်ကို လူတိုင်းက မြင်ရသည်။
ရီဖူရှင်းက ဆက်လက်၍ လျှောက်သွားလိုက်လျှင် ပုံရိပ်က နံရံထဲကို ဆက်လက် နစ်ဝင်သွားသည်။ တစ်လက်မ၊ နှစ်လက်မ၊ သုံးလက်မ…။ ထိုအခိုက်တွင် ရီဖူရှင်းက တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ ဖိအားက ကျောက်တုံးကြီး၏ ကိုယ်ပိုင်အသိမှသာ မဟုတ် တခြား လာရောက် စမ်းသပ်သော တန်ခိုးရှင်များ၏ စိတ်အသိများ၏ ဖိအားများလည်း ပါဝင်သည်။
ကျောက်တုံးကြီးကား အလွန် ထူးဆန်းသည်။ တစ်စုံတစ်ယောက်က နံရံပေါ်တွင် တစ်လက်မခန့် နစ်ဝင်လိုလျှင် နောက်ဆုံး စမ်းသပ်ခဲ့သော တန်ခိုးရှင်များ၏ စိတ်အသိကို ရင်ဆိုင်ရမည် ဖြစ်သည်။ သူက ရှေ့ကို တိုးလေလေ ဖိအားက များလေလေ ဖြစ်သည်။ သူက စံချိန်ကို ချိုးလိုလျင် နံရံပေါ်တွင် စမ်းသပ်ခံခဲ့သော ပါရမီရှင်များ အားလုံး၏ စိတ်အသိများကို ရင်ဆိုင်အနိုင်ယူရန် လိုအပ်ပေသည်။
မကြာမီ ရီဖူရှင်း၏ ပုံရိပ်က ခုနစ်လက်မ ဖြစ်လာသည်။
လူအများအပြား၏ ရင်ဘတ်များ တုန်ယင်သွားပြီး စိုးရိမ်စိတ်များ ဝင်လာကြသည်။ ဂူဘိုင်ယွီက ရီဖူရှင်းအား မျက်တောင်မခတ်တမ်း ကြည့်နေသည်။ ခုနစ်လက်မကား ရှောင်ဝူကျိမတိုင်မီက စံချိန်ဖြစ်သည်။ ယခု ရီဖူရှင်းက ထိုအဆင့်ထိအောင် ရောက်လာသည်။ သူက ဘယ်လိုကြောင့် ဤမျှ ပါရမီ ကောင်းမွန်ရသနည်း။ ကြည့်ရသည်မှာ သူ့အား ရှံးနိမ့်ရခြင်းမှာ ရှက်စရာ မဟုတ်တော့ပေ။
ဤကောင်ကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ခုနစ်လက်မ။ နောက်တစ်လှမ်းဆိုလျှင် သူက ရှောင်ဝူကျိနှင့်တူတူ ဖြစ်သွားတော့မည်။ လူတိုင်းက ရီဖူရှင်းအား စိုက်ကြည့်နေကြသည်။ ထိုအခိုက်တွင် သူက နောက်ထပ် တစ်လှမ်း ထပ်လှမ်းလိုက်သည်။ ကျောက်တုံးက ကြောက်မက်ဖွယ် အလင်းများ လင်းလက်လာကာ မဆုံးနိုင်သော အားလှိုင်းများက ရီဖူရှင်းထံကို ကြမ်းတမ်းစွာ တိုးဝင်လာကြသည်။ တဖြည်းဖြည်းဖြင့် သူ၏ နံရံပေါ်မှ ပုံရိပ်က ရှစ်လက်မကို ရောက်ရှိသွားသည်။
သူက စံချိန်နှင့် တူညီသွားပြီ ဖြစ်သည်။ သူက ရှောင်ဝူကျိ လုပ်ခဲ့သည်ကို တစ်ဖန်လုပ်ခဲ့ပြန်သည်။
ဤမတိုင်မီက တန့်ယွီက ရှောင်ဝူကျိမှာ ရှေးဟောင်းမြေရိုင်း ဒေသတွင် ပြိုင်ဘက်ကင်းသူဟု ပြောခဲ့သည်။ သူပြောသည်မှာ မှန်ကန်သလော။ ဤသို့ဆိုလျှင် သူက အရှက်ခွဲခဲ့သော ရီဖူရှင်းကရော။
ရီဖူရှင်းက ထွက်သွားမည့်ဟန်လုံးဝ မပြသေးပေ။ သူက ခြေထောက်ကို မြှောက်ကာ ရှေ့ကို ထပ်တိုးလိုက်ပြန်သည်။ သူက ကျောက်နံရံပေါ်တွင် သူ၏ခန္ဓာကိုယ်အား ထွင်းထုတော့မည် ဖြစ်သည်။
ရီဖူရှင်း၏ ရုပ်ပုံက ကိုးလက်မ ဖြစ်လာသည်။
ရှောင်ဝူကျိ၏ စံချိန်များကား နှစ်နာရီအတွင်း ရီဖူရှင်းကြောင့် ကျိုးပျက်သွားပြီ ဖြစ်သည်။ လူတိုင်းက ဆွံ့အသွားပြီ ဖြစ်သည်။ သူတို့က မည်သို့ ပြောရမည် မသိတော့။
ရှောင်ဝူကျိ၏ မျက်လုံးများပင် ပြောင်းလဲသွားသည်။ သူက နံရံပေါ်တွင် သူ၏ ရုပ်ပုံအား နစ်ဝင်စေရန် အကောင်းဆုံး ကြိုးစားခဲ့ကာ ယခု ရီဖူရှင်းက သူ၏စံချိန်များအား နှစ်ကြိမ်တိတိ ချိုးဖျက်ခဲ့သည်။ ထိုအရာက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ရီဖူရှင်းကား ရှောင်ဝူကျိနှင့် တူညီသော အဆင့်တွင် ရှိသည်ဟု ပြောရပေမည်။ ဤသို့သော တစ်စုံတစ်ယောက်က အလွန်အမင်း ပါရမီပါပြီး မည်သည့် ထိပ်သီးအင်အားစုနှင့်မှ သက်ဆိုင်ခြင်း မရှိသည်ကို အံ့သြရသည်။
“သူက ဘယ်သူလဲ…” ရှောင်ဝူကျိက တန့်ယွီကို မေးသည်။ သူက တခြားလူများကို စိတ်ဝင်စားသည်မှာ အလွန် ရှားပါးသော်လည်း ယခုသူက ရီဖူရှင်းကို စိတ်ဝင်စားသည်။
“ရီဖူရှင်း…” တန့်ယွီက ပြန်ပြောသည်။
ကိုးလက်မသို့ ရောက်သွားလျှင် ရီဖူရှင်းက ရပ်တန့်လိုက်သည်။ စံချိန်ချိုးရန် ဤမျှလောက်က လုံလောက်ပြီဟု ပြောနိုင်သည်။ ဤကျောက်တုံးကြီးက သူ့အား နောက်ထပ် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ခြင်း မရှိတော့ပေ။
ရီဖူရှင်းက ကျောက်တုံးကြီးထံမှ သူက မူလပထမ တန်ခိုးကျင့်နေရာသို့ ပြန်လည် သွားရောက်လိုက်သည်။ ထိုအချိန်တွင် ထက်ရှသော စိတ်အသိတစ်ခု သူ့ထံ ဆင်းသက်လာသည်။ ဖူယွန်ဓားကလန်မှ လူများက လီတောင်ယွန်နှင့်အတူ လျှောက်လာကြသည်။
သူတို့က ရီဖူရှင်းကို လွှတ်ပေးထား၍ မရတော့ပေ။ သူက စံချိန်နှစ်ခုကို ချိုးဖျက်ထားပြီး ဖြစ်သည်။ တခြား အင်အားစုများကလည်း စိတ်ဝင်စားနေသည်။ သို့သော်လည်း ရီဖူရှင်း မပူးပေါင်းသည့် အင်အားစု တစ်ခုတည်းမှာ ဖူယွန်ဓားကလန် ဖြစ်သည်။
လီတောင်ယွန်က ရီဝူချင်း၏ လက်ကို ချိုးပစ်ခဲ့သည်။ ဤကဲ့သို့သော မုန်းတီးမှုက အလွယ်ကူ ခေျဖျက်၍ မရပေ။
လီတောင်ယွန် လျှောက်လာသည်ကို မြင်လျှင် ရီဝူချင်းနှင့် လို့လန်ရွှီတို့က ရီဖူရှင်း၏ ဘေးကိုရောက်လာကာ ဖူယွန်ဓားကလန်မှ လူများအား ကြည့်လိုက်ကြသည်။ လျိုချန်းယွီနှင့် လျိုဖေးယွန်တို့ကလည်း ရှေ့ကို တိုးလာသည်။
ဖူယွန်ဓားကလန်က လှုပ်ရှားတော့မည်ကို မြင်လျှင် တခြား အင်အားစုများ အားလုံးက အနီးကို တိုးလာကြသည်။
တန့်ယွီနှင့် ရှောင်ဝူကျိကလည်း အနီးကို လျှောက်လာကြသည်။ ရီဖူရှင်းက မီးဓာတ်ရုပ်တုရှေ့တွင် ရပ်နေသည်ကို မြင်လျှင် တန့်ယွီက ပြောသည်… “ရှောင်ဝူကျိက ဒီနေရာမှာ အဆုံးစွန်သော အကန့်အသတ်ကို ရောက်ထားပြီးပြီ… မင်းက နောက်ထပ် ဆက်သွယ်ဖို့ ကြိုးစားလည်း အလကားပဲ… မင်းက တကယ် ယှဉ်ပြိုင်ချင်တယ်ဆိုရင် မှန်တောင်ကုန်းပေါ်ကို သွားပြီး မင်းရဲ့ပါရမီကို ပြသသင့်တယ်…”
တန့်ယွီကား အမှန် စိတ်ဝင်စားနေပြီ ဖြစ်သည်။ သူက ယခင်ကကဲ့သို့ အထင်သေးသောစိတ် မရှိတော့ပေ။
ရီဖူရှင်းက သူ့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်… “ဒီမတိုင်ခင်က ငါလုပ်တာတွေ မင်း သဘောမကျဘူးဆို…” သူက ပြောသည်… “ဒါပေမဲ့ အဲဒါက မင်းရဲ့ကိစ္စပဲ… အခု ငါက မင်းကို သဘောမကျဘူး… ဒါကြောင့် မင်းက ငါ့ကိစ္စမှာ ပါးစပ်ပိတ်ထား….”
လူတိုင်းက အံ့အားသင့် သွားကြသည်။ ရီဖူရှင်းက ဤမတိုင်မီက တန့်ယွီ၏ စော်ကားမှုကို ပြန်လည် လက်စားချေ နေသည်လား။
တန့်ယွီ၏ အကြည့်က မာကျောသွားသည်။ သူက ရီဖူရှင်းအား နှာခေါင်းရှုံ့လျက် ပြန်ပြောသည်… “မင်းက တကယ်ပဲ ပါရမီမြင့်တယ် ဆိုရင်တောင် ကျောင်းတော်က တန်ခိုးကျင့်ဖို့အတွက် အသင့်တော်ဆုံးပဲ… မင်းရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်ကြောင့် ကိုယ့်ဘဝ တက်လမ်းကို ဖျက်ဆီးမလို့လား… ဓမ္မအဆင့်နှစ်ပဲ ရှိသေးပြီးတော့ မင်းက ဂူဘိုင်ယွီကို အစေခံလုပ်စေတယ်… မင်းက ဒီအကျိုးဆက်ကို တွေးဖူးလား… ဒါက မိုက်မဲတာ မဟုတ်ဘူးလား….” သူပြောခဲ့သည်မှာ မမှားဟု တန့်ယွီက ယုံကြည်နေဆဲ ဖြစ်သည်။ အကယ်၍ ရီဖူရှင်းက ကျောင်းတော်ကို မဝင်ရောက်လျှင် သူ၏ ဆုံးရှုံးမှုသာ ဖြစ်သည်။ ထိုအရာ တန့်ယွီနှင့် မသက်ဆိုင်ပေ။
“မိုက်မဲတာ…”
ရီဖူရှင်းက တန့်ယွီအား လျစ်လျူရှုထားလိုက်သည်။ သူက ကြီးမားသော မီးဓာတ်ရုပ်တုကြီးအား ကြည့်လိုက်သည်။ အားကောင်းသော မီးအလင်းက ရုပ်တုထံမှ ထွက်ပေါ်လာကာ ရီဖူရှင်းကို တစ်မုဟုတ်ချင်း လွှမ်းခြုံသွားသည်။ ထို့နောက် ရှောင်ဝူကျိ လုပ်ခဲ့သလိုပင် ရီဖူရှင်းက သူ၏ခန္ဓာကိုယ်ကား ရုပ်တုကြီး၏ အလယ်မှ လူတစ်ကိုယ်စာနေရာသို့ ဝင်ရောက်သွားသည်။ သူက ရှောင်ဝူကျိလုပ်သလို သူလည်း လုပ်နိုင်ကြောင်း သက်သေပြလိုနေပုံရသည်။ သို့သော် ဤမျှဖြင့် မပြီးသေးပေ။
မီးဓာတ်ရုပ်တုကြီးကား အရှိန်အဝါ ပိုမိုကြီးမားလာသည်။ ရုပ်တုအား ကြောက်မက်ဖွယ် ကောင်းသော မီးအားလှိုင်းများ ရစ်ပတ်ထားည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကား ရုပ်တုနှင့် လုံးဝ ပေါင်းစပ်သွားကာ သူ၏ အစိတ်အပိုင်းအလား ဖြစ်သွားပြီဖြစ်သည်။
ထိတ်လန့်ဖွယ်ကောင်းသော မီးလျှံအရောင်အဝါများ ဖြာထွက်နေသည်။ ထိုအခိုက်တွင် ကြီးမားသော မျက်လုံးအစုံက ရုတ်တရက် ပွင့်လာသည်။ ထိုမျက်လုံးအစံမှ မီးလျှံများ အလျှံငြီးငြီး ထွက်ပေါ်လာသည်။
ထိုအခိုက်တွင် ရုပ်တု၏ မျက်လုံးများက အသက်ဓာတ်များ ပြည့်ဝလာသည်။ ထို့နောက် သူက ရှောင်ဝူကျိဘက်ကို လှည့်လိုက်သည်။ ထိုအခိုက်တွင် လူတိုင်း၏ ထိတ်လန့်နေသော မျက်လုံးများ အောက်တွင် ရုပ်တုက အမှန်တကယ် အသက်ဝင် လှုပ်ရှားလာသည်။ အလွန်ကြီးမားသော မီးဓာတ်ရုပ်တုကြီးက နောက်လှည့်ကာ တန့်ယွီ၏ ရှေ့ကို လျှောက်လှမ်းသွားသည်။
ထို့နောက် အလွန်အားကောင်းပြီး အရှိန်အဝါကြီးမားသော အသံတစ်ခု ရုပ်တုထံမှ ထွက်ပေါ်လာသည်။
“မင်းက ငါ့ရဲ့စကားတွေကို နားလည်ဖို့ အဆင့်မမီဘူး…”
***