မှန်တောင်ထိပ်ပေါ်တွင် မျက်လုံးပေါင်းများစွာက လက်တစ်ဖက်ကို ထပ်မံမြှောက်လိုက်သော ရီဖူရှင်းကို ကြည့်နေကြသည်။ ကိုးကြိမ်မြောက် စည်တော်သံကား ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခတ်လျက် တစ်ကြိမ်တည်း မြည်ဟည်းသွားပြီး ဖြစ်သည်။ သူက ယခု ဘာလုပ်နေသနည်း။ ဤတစ်ကြိမ်တွင်ကား ရီဖူရှင်း၏ နှလုံးသားကား ရေပြင်ကဲ့သို့ တည်ငြိမ်သည်။ အင်အားတစ်ခုက စည်တော်မှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲကို စီးဆင်းလာသည်။ ထိုစိတ် အသိအင်အားကား ကြောက်မက်ဖွယ် ကောင်းလှသည်။
သူက ထိုအရာနှင့် လေ့ကျင့်နိုင်သည်။
ယူချင်း၏ နိုဘယ်ကံစွမ်းအားက ဤနေရာတွင်ပင် အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအား အဖြစ် ပြောင်းလဲခဲ့သည်။
ရီဖူရှင်းက သူ၏ လက်ကို တစ်ဖန်မြှောက်လိုက်သည်။ ကောင်းကင်တွင် ပန်းရောင်လျှပ်စီး အက်ကွဲမှုတစ်ခု ဖြစ်သွားကာ ကံစွမ်းအား အသိထဲကို ပျော်ဝင်သွားသည်။ သူ၏ လက်မှ နဂါးတစ်ကောင်၏ အော်သံတစ်ခု ရေးရေးကြားရသည်။
လူတိုင်း၏ မျက်မှောက်တွင်ပင် ရီဖူရှင်း၏ လက်က စည်တော်ကို ထိခတ်သွား၏။ စည်တော်သံက တစ်ဖန် ထွက်ပေါ်လာပြန်သည်။
ဘုန်း…။ ထို့နောက် လျှပ်စီးအက်ကွဲမှုနှင့်အတူ စည်တော်က စိတ်အသိနှင့် တစ်သားတည်း ဖြစ်သွားသည်။ ကောင်းကင်တွင် နဂါးဟန်းသံနှင့်အတူ လျှပ်စီးများ ကခုန်ကြသည်။ ထိုအရာက ကောင်းကင်တစ်ခုလုံးကို ရိုက်ခတ်သွားစေနိုင်သော ကြောက်မက်ဖွယ် လျှပ်စီးမုန်တိုင်းတစ်ခု ဖြစ်သွားသည်။
ကောင်းကင်က လျှပ်စီးကမ္ဘာတစ်ခုအလား ပြောင်းလဲသွားပြီး လျှပ်စီးနဂါးများ ကခုန်နေကြသည်။ ထိုကြောက်မက်ဖွယ် ကောင်းသော ထူးဆန်းဖြစ်စဉ် အောက်တွင် ထိုထိတ်လန့်ဖွယ် လျှပ်စီးများက ရီဖူရှင်း၏ ခန္ဓာကိုယ်ထံသို့ အဆက်မပြတ် စီးဆင်းလာကြသည်။ ထိုအရာက သူ့အား ရစ်ပတ်လွှမ်းခြုံသွားကာ သူ့အား လျှပ်စီးနတ်ဘုရားသဖွယ် ပြောင်းလဲသွားစေသည်။ စည်တော်ထံမှ ဆယ်ချက်မြောက် အသံထွက်ပေါ်လာသည်။ စည်တော်က ဆယ်ကြိမ် မြည်ဟည်းသည်။ လျှပ်စီးနှင့် မိုးကြိုးများ ဖြစ်ပေါ်လာသည်။
လှေကားပေါ်တွင် တောင်ခြေကို ဆင်းသက်နေသော လူများ ရပ်တန့်သွားသည်။ သူတို့က ကောင်းကင်ကို မော့ကြည့်လိုက်လျှင် ကောင်းကင်တစ်ခွင် လျှပ်စီးများ ပြည့်နှက်နေသည်ကို မြင်သည်။
တန့်ယွီလည်း ရပ်တန့်လိုက်သည်။ ထိုထူးခြား ဖြစ်စဉ်ကို မြင်လျှင် သူ၏ တည်ငြိမ်မှု ပျက်ပြားသွားသည်။ စည်တော်ကို ဆယ်ကြိမ်မြောက် မည်သူက တီးခတ်နိုင်သနည်း။ တန့်ယွီအပြင် တခြားလူများကလည်း စိတ်နှလုံးများ တုန်ခါလျက် ရပ်တန့်လိုက်ကြသည်။ ရှောင်ဝူကျိပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်သွားသည်။ ဆယ်ချက်မြောက် အသံကား ကိုးချက်မြောက် အသံထက် ကျယ်လောင်သည်။
လျှပ်စီးများက တဖြည်းဖြည်း ပျယ်ပြယ် သွားသော်လည်း စည်တော်သံက လေထုထဲတွင် တုန်ခါနေဆဲဖြစ်သည်။ တောင်ထိပ်ပေါ်တွင် လူတိုင်း၏ အမူအရာများ လေးနက်သွားသည်။ သူတို့အားလုံးက စည်တော်များ အရှေ့တွင် ရပ်နေသော အဖြူရောင် ဝတ်စုံဝတ် လူငယ်တစ်ယောက်ကို မှင်တက်စွာ ကြည့်နေကြသည်။ လျှပ်စီးများ သူ့ကို ဖုံးလွှမ်းနေကာ ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို သူက ခံစားနေရသည်။ သူ၏ ခန္ဓာကိုယ်ကား ပေါက်ကွဲလုနီးပါး ဖြစ်နေသည့်တိုင် သူ၏ အသိစိတ်က တည်ရှိနေဆဲ ဖြစ်သည်။
သူက မည်သည့်အခါမှ လဲကျမသွားတော့မည့်ဟန်ဖြင့် မားမားမတ်မတ် ရပ်နေသည်။
စည်တော်သံက တိတ်ဆိတ်သွားသည်။ သို့သော် အသံက ပျောက်ကွယ်သွားလျှင် ထိုအရာက တဖန် ပြန်လည် စတင်နိုင်သည်။
လူတိုင်း၏ မျက်လုံးအောက်တွင်ပင် ရီဖူရှင်း၏ လက်က တစ်ဖန် မြောက်တက် သွားပြန်သည်။ ဤတစ်ကြိမ်ကား ဆယ့်တစ်ကြိမ်မြောက် ဖြစ်သည်။
ထိုအခိုက်တွင် လူအများအပြား၏ နှလုံးများ တုန်ယင်သွားသည်။
ရီဖူရှင်း၏ လက်များတွင် လျှပ်စီးများ မရှိတော့ပေ။ ထိုအစား ရွှေရောင်များ ဝင်းလက်စွာ တောက်ပလာသည်။ သူက နတ်ငှက်တစ်ကောင်အလား ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ် ကောင်းသော စိတ်အသိက တိုးဝင်လာကာ သူ၏လက်က စည်တော်ထံသို့ ရောက်ရှိသွားသည်။
ဘုန်း…
စည်တော်၏ မျက်နှာပြင်ကိုးခုက တစ်ပြိုင်နက်တည်း မြည်ဟည်းသွားသည်။ ထိုအရာက လှိုင်းလုံးများ ဆင့်ကဲရိုက်ခတ် သွားသလိုပင်။ ရွှေရောင်အလင်းတန်းက တိမ်တိုက်များထံသို့ ထိုးတက်သွားသည်။ နောက်ထပ် ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာပြန်သည်။ ကောင်းကင်ယံ တိမ်တိုက်များထဲတွင် ရွှေရောင်အလင်းများ ဝင်းလက် တောက်ပလျက် နတ်ငှက်တစ်ကောင် ပျံဝဲတက်သွားသည်။
ထိုအသံက သူတို့၏ နှလုံးသားများကို တစ်ခါတည်း ရိုက်ခတ်သွားသည်။
ဆယ့်တစ်ကြိမ်မြောက်။
မင်းသမီး လျိုချန်းယွီနှင့် ဂူဘိုင်ယွီတို့က ထိုနေရာတွင် ဝင့်ကြွားစွာ ရပ်နေသော ပုံသဏ္ဌာန်ကို ကြည့်နေကြသည်။ ထိုအခိုက်တွင် သူကား နောက်တစ်ယောက် ဖြစ်သွားသည်။ သူက ကု့ချင်းကို တီးခတ်နေသည့် အချိန်ကဲ့သို့ သူကား စွမ်းအားမြင့် ဧကရာဇ်တစ်ပါး ဖြစ်သွားသည်။
သူ၏ အစစ်အမှန် ရုပ်သွင်က မည်သူနည်း။ ယခု ရီဖူရှင်းလား သို့မဟုတ် ပျော်ရွှင်စွာ နေတတ်သော ပေါ့ပြက်ပြက် လူငယ်တစ်ယောက်လား။
လျိုချန်းယွီက ရီဝူချင်းပြောခဲ့သော စကားကို ပြန်တွေးမိကာ ထူးဆန်းသော ခံစားချက်ကို ရနေသည်။ ဖြစ်ကောင်း ဖြစ်နိုင်သည်…။ သို့တိုင်အောင် စည်တော်သံများက သူမ၏ မျက်လုံးအောက်တွင် အမှန်တကယ် တီးခတ်ခဲ့သည်ကို ယုံကြည်ရန် ခက်ခဲနေဆဲပင်။
လင်းယွီယိုက ရီဖူရှင်းကို ကြည့်လိုက်သည်။ ဤကောင်က နောက်ဆုံးမှာ စတင်ပြီလား။ မျှော်လင့်ထားသလိုပင် သူ့အား အထင်သေးသော သူများကား နောက်ဆုံးတွင် သူ၏ တကယ့်ရုပ်သွင်ကို မြင်ကြရတော့မည် ဖြစ်သည်။
ဖူယွန်ဓားကလန်မှ လူအုပ်စုထဲတွင် လီတောင်ယွန်၏ မျက်လုံးက အလွန်အမင်း အေးစက်နေသည်။ ရီဖူရှင်း ဘာလုပ်နေသနည်း။ သူက ရှောင်ဝူကျိကဲ့သို့ ထိပ်သီးအင်အားစုကို ပူးပေါင်းရန် ကြံစည်နေသည်လား။
လှေကားထစ်တွင် တန့်ယွီက ရှောင်ဝူကျိကို ကြည့်လိုက်သည်။
“ပြန်သွားကြည့်မလား…” တန့်ယွီက မေးလိုက်သည်။
ရှောင်ဝူကျိက ခေါင်းညိတ်လိုက်သည်။ သူတို့က နောက်လှည့်ကာ တောင်ထိပ်ကို လျင်မြန်စွာ တက်လာကြသည်။ သူတို့သာ မဟုတ်ဘဲ တခြားလူများကလည်း တောင်ထိပ်ပေါ်သို့ ပြန်လည် တက်လာကြသည်။ သူတို့က တောင်ထိပ်ပေါ်သို့ ရောက်လျှင်ရောက်ချင်း စည်တော်ရှေ့တွင် ရပ်နေသောသူကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူကား မဆုံးနိုင်သော ရွှေရောင်အလင်းများ လွှမ်းခြုံထားပြီး လေပွေမုန်တိုင်း အလယ်တွင် ထီးထီးတည်း ရပ်နေသည်။ သို့တိုင်အောင် သူတို့က ရီဖူရှင်းကို ရှင်းလင်းစွာ မြင်ရသည်။
သူကား ဟွာချိန်ချဲ၏ အခွင့်အရေးကို အလေးမထားသော ရီဖူရှင်းဖြစ်သည်။ တန့်ယွီက အရူးဟု ပြောခဲ့သောသူ ဖြစ်သည်။
ဟွာချိန်ချဲနှင့် တန့်ယွီတို့ နှစ်ယောက်လုံး ထိတ်လန့်သွားသည်။ ဘယ်လိုလုပ် သူဖြစ်နေရသနည်း။
ချင်ပြည်ထောင်နှင့် တောင်ဝင်ချန်ကျောင်းတော်မှ လူများကလည်း ထိတ်လန့်သွားကြသည်။ သူတို့က ဤလူငယ်အကြောင်းနှင့် ပတ်သက်၍ အနည်းငယ်မျှသာ ကြားဖူးသည်။ သူက ဖူယွန်ဓားကလန်မှ လူများ၏ ကံစွမ်းအားများကို လုယက်ခဲ့သလို ဂူဘိုင်ယွီအားလည်း အစေခံ လုပ်စေခဲ့သည်။ သူ၏ ပါရမီက မထင်မှတ်ဘဲ အလွန် ကောင်းမွန်နေသည်။
ထိုအချိန်တွင် ရီဖူရှင်းက သူ၏လက်ကို တစ်ဖန် မြှောက်လိုက်သည်ကို မြင်ကြရပြန်သည်။ သူက စည်တော်ကို နောက်တစ်ကြိမ် ထုရိုက်တော့မည် ဖြစ်သည်။ ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခံစားနေရင်းကပင် သူကား လက်မလျှော့ပေ။
ထိုအချိန်တွင် ရီဖူရှင်းက သူ၏ စိတ်အသိကို လာရောက် ဖိအားပေးသော ကြောက်မက်ဖွယ် အားလှိုင်းကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် ထိုစိတ်အသိ အားလှိုင်းများက သူ့အား ရစ်ပတ်လွှမ်းခြုံခြင်းက ထိုအရာက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သိလိုက်သည်။
စည်တော်သံက ကိုးကြိမ်မြည်ဟည်းပြီး နောက်ပိုင်းတွင်မှသာလျှင် တကယ့်အနှစ်သာရကို ခံစားရမည် ဖြစ်သည်။
တောင်ထိပ်တွင်ကား လူအနည်းငယ်မျှသာ စည်တော်ကို ကိုးကြိမ် တီးခတ်နိုင်သည်။ သူတို့က ရှားပါးသော ပါရမီရှင်များ ဖြစ်ကြသည်။ ကိုးချက်တိတိ တီးခတ်နိုင်သောသူက ခန့်မှန်းမရနိုင်သော ဖိအားကို ခံစားရမည်ဖြစ်သည်။ ကိုးချက်က အကန့်အသတ် ဖြစ်သည်ဟု လူတိုင်းက ယုံကြည်ကြသည်။ ကိုးချက်ထက် တီးခတ်ဖူးသောသူကား သူတို့တစ်သက်တွင် မကြားဖူးကြပေ။ ကိုးချက်ထက် ပို၍ တီးခတ်နိုင်မည်ဟုလည်း မထင်ခဲ့ကြပေ။
ထိုကဲ့သို့သော နားလည်မှုလွဲမှားမှုဖြင့် မည်သူက ဆယ်ချက်မြောက်ကို တီးခတ်ကြမည်နည်း။ မည်သူက ဆယ်ချက်မြောက်ကို ပြည့်စုံအောင် တီးခတ်မည်နည်း။
သူက တီးခတ်လိုက်သည်နှင့် သူ့အား တိုက်စားလာနေသော ခံစားချက်ကို ရသည်။ သူက မယုံကြည်နိုင်ဖွယ် ကောင်းသော ဖိအားကို ခံစားရသည်။ ဆယ့်တစ်ချက်မြောက်က သူ၏ စိတ်အသိအား ဖျက်ဆီးလုနီးပါးပင်။ သို့သော်လည်း သူက လက်မလျှော့ပေ။ သူက လက်လျှော့၍ မရပေ။ သူက အလွန်ကြီးမားသော အကျိုးကျေးဇူးများကိုလည်း ရရှိနေပြီး ထိုအရာများက သူ၏ စိတ်အသိအား ပြောင်းလဲပေးနေသည်။
ကိုးချက်မြောက်နောက်ပိုင်း နောက်ထပ် ရိုက်ချက်တစ်ခုစီက မုန်တိုင်းအလား သဘာဝစွမ်းအားများကို ပေးသည်။ ထို့ကြောင့် သူက ဆယ့်နှစ်ကြိမ်မြောက်ကို တီးသည်။ နောက်ထပ် လျှပ်စီးမိုးကြိုးအလား အသံတစ်သံ ထွက်လာသည်။ ကောင်းကင်နှင့် မြေကြီး တုန်ခါသွားကာ လူတိုင်း၏ နှလုံးသားများကလည်း စည်တော်နှင့်အတူ လှုပ်ခတ်သွားည်။ ဤတစ်ကြိမ်တွင်ကား မီးအသိဖြစ်သည်။
လျှပ်စီး၊ သတ္တုနှင့် မီးဓာတ်များပင်။ ရီဖူရှင်းက များစွာသော ဓာတ်စွမ်းအင်များကို ထုတ်လွှတ်လျှင် လူတိုင်းက အံ့အားသင့် သွားကြသည်။ စည်တော် တစ်ချက်စီတိုင်းတွင် သူက ကွဲပြားခြားနားသော ဓာတ်စွမ်းအင်ကို ထုတ်လွှတ်သည်။
ရှောင်ဝူကျိကား ဓာတ်စွမ်းအင်မျိုးစုံသုံး မှော်ထိန်းချုပ်သူ ဖြစ်သည်။ ရီဖူရှင်းကလည်း ထို့နည်းလည်းကောင်းလား။
ပြင်းထန်စွာ တောက်လောင်နေသော မီးအသိက ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲကို တိုးဝင်လာကာ သူ့အား လောင်ကျွမ်းစေသည်။ သူက မိမိကိုယ်ကို ဧကရာဇ်စိတ်အသိဖြင့် ကာကွယ်ထားသည့်တိုင် အလွန်အမင်း နာကျင်မှုကို ခံစားနေရသည်။ သို့သော်လည်း သူက သန်မာစွာ ရပ်နေမြဲဖြစ်သည်။
ထိုအရာက တန်ခိုးကျင့်ကြံရန် သက်သက်ကြောင့် မဟုတ်ပေ။ သူက ရှေးဟောင်းမြေရိုင်း ဒေသကို အဘယ်ကြောင့် ရောက်လာရသနည်း။ အဘယ်ကြောင့်ဆိုသော် သူ၏ တန်ခိုးအဆင့်က နိမ့်လွန်းပြီး သူက အလွန် အားနည်းသောကြောင့် ဖြစ်သည်။ ဧကရာဇ်လျိုက သူ့အား အမိန့်တော်တစ်ခုမျှဖြင့် ထိတ်လန့် ကြောက်ရွံ့စေခဲ့သည်။
သူက ကန်ယီနိုင်ငံကို သွားရောက်ကာ ဖန်းဟွာပွဲတော်တွင် အဆင့်တစ်ကို ရယူခဲ့သည်။ ထို့နောက် သူက တန်ဖန်းပွဲတော်တွင် အလွန်ကောင်းမွန်စွာ စွမ်းဆောင်သောအခါ ဧကရာဇ်လျိုက သူ့အား သတ်ရန် ကြိုးပမ်း အားထုတ်သည်။ လျိုဂျန်လန်က တော်ဝင်ချန်ကျောင်းတော်ကို ဝင်ရောက်သွားပြီး ရီဖူရှင်းအတွက် အလွန်အားကောင်းသော အန္တရာယ်ကို ဖန်တီးခဲ့သည်။ တိုက်ဆိုင်စွာပင် ရှေးဟောင်းမြေရိုင်းဒေသက ဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် ဤနေရာကို သူရောက်လာသည်။
သူ နောက်ထပ် မစောင့်နိုင်တော့ပေ။
သူက ရှေးဟောင်းမြေရိုင်း ဒေသကို ဝင်ရောက်လာကာ မြေရိုင်းမြို့ကို ရောက်သည်အထိ ခရီးဆက်လာခဲ့သည်။ သူက ဤနေရာတွင် သူ၏ စွမ်းရည်များကို သက်သေပြကာ အင်အားကြီး အဖွဲ့အစည်းတစ်ခုကို ဝင်ရောက်လိုသည်။
ဤနည်းတစ်ခုတည်းက ဧကရာဇ်လျိုက မောက်မာရန် အခွင့်အရေးများ အားလုံးကို ဆုံးရှုံးသွားမည် ဖြစ်သည်။ လျိုဂျန်လန်ကလည်း သူ့ရှေ့တွင် ဂုဏ်မောက်နိုင်တော့မည် မဟုတ်တော့ပေ။
တောင်ထိပ်တွင် သူကား မိမိကိုယ်ကို လုံးဝဥဿုံ ယုံကြည်မှုရှိသည်။ သူကား သင့်တော်သော အချိန်ကို စောင့်ဆိုင်းနေရုံမျှသာ ဖြစ်သည်။ ယခု အင်အားကြီး အဖွဲ့အစည်းများအားလုံး ရောက်ရှိနေကာ သင့်တော်သော အချိန်ဟု ပြော၍ ရသည်။ သို့သော် ဟွာချိန်ချဲက သူ့အား နောက်ထပ် အခွင့်အရေး ရမည် မဟုတ်တော့ဟု ပြောသည်။ ကျောင်းတော်မှ တန့်ယွီက သူ့အား ကိုယ့်နေရာကိုယ် မသိသော အရူးဟု ခေါ်ဆိုခဲ့သည်။
နှိုင်းယှဉ်ရလျှင် ရှောင်ဝူကျိက အလွန်ကောင်းမွန်စွာ စွမ်းဆောင်ပြကာ ထိပ်သီး အင်အားစုများက သူ၏ ရွေးချယ်မှုကို စောင့်ဆိုင်းကြသည်။ သူကား အရှေ့မြေရိုင်းဒေသမှ မည်သည့် အင်အားစုကိုမဆို ရွေးချယ်မည်ဖြစ်သည်။
ဤသို့ဆိုလျှင် ရီဖူရှင်းက သူ မည်သူဖြစ်သည်ကို ထိုလူများအားလုံးကို ပြောပြမည်ဖြစ်သည်။ သူတို့အား သူ၏ ကြီးကျယ်ခမ်းနားမှုကို မြင်စေလိုသည်။ ရှောင်ဝူကျိ၏ စံချိန်များကို မည်သူက ကျော်ဖြတ်နိုင်သနည်း။ သူလုပ်နိုင်သည်။
ဤအချိန်တွင် လူတိုင်းက သူ့အား စောင့်ကြည့်နေသည်ကို သူသိသည်။ ယခုတွင်ကား သူ၏ အဖြူရောင် အဝတ်စများက လေထဲတွင် တဖျတ်ဖျတ်လွင့်ကာ သူ့အား ချီးမြှောက်ပေးနေကြသည်။
သူက လက်ကို တစ်ဖန်မြှောက်လိုက်ကာ ကြိမ်းဝါးလိုက်သည်… “ကျုပ်ကို သိနားလည်တဲ့လူက ကျုပ်ရဲ့ မောက်မာမှုကို နားလည်တယ်…” ထိုစကားသံက လေထုကို ပျံ့နှံ့သွားသည်နှင့် စည်တော်သံက ထွက်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီး တုန်ခါသွားကာ အသံလှိုင်းက ကောင်းကင်ယံကို ပျံ့နှံ့သွားသည်။
ကျုပ်ကို သိနားလည်တဲ့လူက ကျုပ်ရဲ့ မောက်မာမှုကို နားလည်တယ်။
သူ၏အသံက စည်တော်သံနှင့်အတူ သူတို့၏ နားစည်များကို ရိုက်ခတ်လျက် စိတ်ထဲကို စွဲမှတ်သွားစေသည်။ သို့သော် ဤအရာက အဆုံးသတ် မဟုတ်ပေ။
ရီဖူရှင်းက သူ၏ လက်ကို မြှောက်လိုက်ပြန်သည်… “နားမလည်တဲ့လူကို ပစ်ပယ်တာက ဖြုန်းတီးမှုတစ်ခု မဟုတ်ဘူး….”
ဘုန်း… တောင်တစ်တောင်လုံး တုန်ခါသွားကာ ကြောက်မက်ဖွယ် လေပွေလှိုင်းများက လူတိုင်းအား လာရောက် ရိုက်ခတ်သည်။ ထိုအရာကား ပြင်းထန်လွန်းလှသည်။ သူတို့၏ အဝတ်စများ တဖျတ်ဖျတ် လွင့်သွားစေသလို သူတို့၏ နှလုံးသားများက ကြွေကျလုနီးပါးပင်။
ထိုအသံကား အလွန် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။
ကျုပ်ကို သိနားလည်တဲ့လူက ကျုပ်ရဲ့မောက်မာမှုကို နားလည်တယ်။ နားမလည်တဲ့လူကို ပစ်ပယ်တာက ဖြုန်းတီးမှုတစ်ခု မဟုတ်ဘူး။
သူကား မောက်မာကာ အားကောင်းသည်။ သူကား ရီဖူရှင်းဖြစ်သည်။
ဒါက အဆုံးသတ်ပြီလား။ မဟုတ်ပေ။ ရီဖူရှင်းက သူ၏ လက်ကို ထပ်မံမြှောက်လိုက်လျှင် စည်တော်သံများက ကောင်းကင်ကို ဖုံလွှမ်းသွားပြန်သည်။ လောကတစ်ခုလုံး တုန်ခါသွားကာ သူ၏ ပုံရိပ်က ထာဝရတည်ရှိပုံ ရနေသည်။
နောက်ဆုံးတွင် ဆယ့်ခြောက်ချက်မြောက် စည်တော်သံ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် စိတ်အသိမုန်တိုင်းက ရီဖူရှင်းထံ ရိုက်ခတ်လာသည်။ စည်တော်ကိုးခုက တစ်ပြိုင်နက်တည်းမှာ တုန်ခါသွားပြီး ကြောက်မက်ဖွယ် စိတ်အသိများအား ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲကို လောင်းထည့်ကြသည်။
ဘုန်း… ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်နှင့်အတူ ပထမဆုံး စည်တော်က အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသည်။
ဘုန်း… ဘုန်း… ဘုန်း…
မရေမတွက်နိုင်သော ပေါက်ကွဲသံများ ဖြစ်ပေါ်လာသည်။ သူတို့က ထိတ်လန့်နေသော အကြည့်များ အောက်တွင်ပင် စည်တော်ကိုးခုက တစ်ခုပြီးတစ်ခု ပျက်စီးသွားသည်။ ပေါက်ကွဲမှု တစ်ခုစီတိုင်းက သူတို့၏ နှလုံးများကို ရပ်တန့်စေသည်။ နောက်ဆုံးတွင် စည်တော်များ အားလုံး အမှုန့်များ ဖြစ်သွားကာ ပျောက်ကွယ် သွားသည်။
ထိုနေရာတွင်ကား လူတစ်ယောက်သာ ထီးထီးတည်း ရပ်နေသည်။ အလင်းများက သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။ ထိုအခိုက်တွင် ရီဖူရှင်း၏ နောက်ကျောပင်လျှင် အလွန် ကြီးမြတ်မှုကို ပေးသည်။
***