Switch Mode

အခန်း ( ၆၃ )

လှည့်ကွက်နည်းနည်း၊ ရိုးသားမှုများများ

‘ ဘာလို့ အခုတလော ငါ့ရဲ့ ဘယ်ဘက်လက်‌မောင်းက ယားယားနေရတာလဲ ’
လီချန်ရှို့သည် ဆေးဖော်နေရင်း လက်ဝဲဘက် လက်မောင်းကို ကုတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ယခုတွင် နတ်ခန္ဓာကိုယ်ရှိပြီ ဖြစ်၍ သူ၏ ခန္ဓာကိုယ် အတွင်းအပြင်နှစ်ခုလုံးသည် ကျောက်စိမ်းကဲ့သို့ သန့်စင်နေပြီဖြစ်သည်။

ထိုကဲ့သို့ သန့်စင်သော ခန္ဓာကိုယ်သည် အဘယ်ကြောင့် ရုတ်တရက်ကြီး ယားယံလာရသနည်း။

ထိုအရာသည် အသေးအမွှားကိစ္စလေးသာဖြစ်သော်လည်း လီချန်ရှို့သည် လဝက်လုံးလုံး သူ့ကိုယ်သူ စစ်ဆေးကြည့်သော်လည်း ယားယံရခြင်းအကြောင်းကို ရှာမတွေ့ပေ။

‘ အဲဒါက ကောင်းကင်ဘုံအပြစ်ပေးမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးလား။ မဟုတ်လောက်ပါဘူး… ’
သူသည် တွေးတောပြီး‌နောက် သူ၏ နတ်ခန္ဓာကိုယ်ကိုသာ ပြီးပြည့်စုံသည်အထိ သန့်စင်အောင် ဆက်၍ လုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖြည်းဖြည်းချင်း မြှင့်တင်ရပေမည်။

နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းပြီးနောက် လီချန်ရှို့သည် သူ၏ စိတ်အခြေအနေသည် အနည်းငယ် ပြောင်းလဲလာသည်ဟု ခံစားနေရသည်။ ထိုအရာသည် သိပ်၍ မသိသာသော်လည်း သူ၏ စိတ်သည် ပို၍ရဲတင်းလာပေသည်။

ယခုတွင် သူသည် ဆေးဖော်ဆောင်အတွင်းမှာပင် ဉာဏ်အလင်းပွင့်ရဲနေပြီ ဖြစ်သည်။
‘ ဟူး… ငါပိုပြီး သတိထားသင့်တယ် ’

‘ အရင်က စည်းကမ်းအတိုင်းပဲ နောက်တစ်ဆင့် မတက်ခင် လက်ရှိအဆင့်ကို ကျေညက်အောင်လုပ်ခဲ့ရမယ် ’
သူ၏သက်တမ်းသည် ယခုတွင် တော်တော်‌လေးရှည်သွားပြီဖြစ်ပြီး မဟာနတ်ဘုရားဘွဲ့စစ်ပွဲကြီး ဖြစ်ရန်မှာ အတော် လိုသေးပေသည်။ ထို့ကြောင့် စိတ်လောနေရန် မလိုပေ။

သူ၏ နတ်ဝိဇ္ဇာအခြေခံကို ခိုင်မာအောင်လုပ်၍ အမတလမ်းစဉ်ကို တစ်လှမ်းချင်းလျှောက်လှမ်းနိုင်ပေသည်။ ထိုမှသာ နောင်အနာဂတ်တွင် မိမိကိုယ်ကို ကာကွယ်နိုင်မည်ဖြစ်၏။

သူ၏ နတ်အာရုံသည် လင်းအယ်တစ်ယောက် တဲအိမ်မှနေ၍ ဆေးဖော်ဆောင်သို့ ပျံသန်းလာနေကြောင်း အာရုံခံမိလိုက်သည်။ သူသည် ပတ်ဝန်းကျင်ရှိ မန္တန်အစီအရင်တချို့ကို ပိတ်လိုက်ပြီး သူမကို ဆေးဖော်ဆောင်သို့ အနှောင့်အယှက်မရှိ လာခွင့်ပေးလိုက်၏။

မကြာခင် သူမသည် တိမ်ဖြူပေါ်မှနေ၍ ဆေးဖော်ဆောင်ရှေ့သို့ ခုန်ချလိုက်သည်။
“ အစ်ကိုကြီး… အစ်ကိုကြီးလက်ကို မီးကင်နေတာလား… ”

“ လက်ကို မီးကင်တယ်ဟုတ်လား… ဒါက နတ်ဆေးအတတ်ပါ ”
လီချန်ရှို့သည် ဆေးဖော်ဆောင်အတွင်းမှနေ၍ နောက်သို့လှည့်၍ လျှောက်လာလိုက်ရာ လင်းအယ်သည် သူမအစ်ကိုကြီး၏နောက်ရှိ သုံးပေခန့်သာမြင့်သော ဆေးပေါင်းဖိုအသေးလေးကို တွေ့လိုက်ရ၏။

အပြာရောင်ဝတ်စုံလေး ဝတ်ဆင်ထားသော လန်လင်းအယ်သည် ထမင်းချိုင့်တစ်လုံးကို ကိုင်ထား၏။ သူမသည် ပို၍နေရာလွတ်များ များလာသော ဆေးဖော်ဆောင်နှင့် မြေပေါ်ရှိ သုံးပေသာသာ ဆေးပေါင်းဖိုလေးကို ကြည့်နေလေသည်။ ထို့နောက်သူမသည် ဆေးပေါင်းဖို အကြီးပုံစံ လက်ဟန်လုပ်ပြလိုက်ပြီး မေးလိုက်သည်။
“ ဆေးပေါင်းဖို အကြီးက ဘယ်ရောက်သွားတာလဲ ”

“ လွန်ခဲ့တဲ့ လဝက်လောက်က ပေါက်ကွဲသွားပြီ ”
လီချန်ရှို့သည် ခေါင်းငုံ့၍ သက်ပြင်းချလိုက်သည်။ သူသည် ဆေးပေါင်းဖို အသေးလေးထဲရှိ မီးတောက်ကို ဂရုတစိုက် ထိန်းချုပ်လိုက်သည်။

ထိုဆေးပေါင်းဖိုလေးတွင် မည်သည့်မန္တန်အစီအရင်၊ မည်သည့်တံဆိပ်တော်နှင့် မည်သည့် မီးတောက်ထိန်းချုပ်စနစ်များ မပါပေ။ ထိုဆေးပေါင်းဖိုလေးသည် လွန်ခဲ့သော နှစ်များစွာမှ သုံးခဲ့သော အဆင့်နိမ့် ဆေးပေါင်းဖိုလေးဖြစ်၍ လီချန်ရှို့သည် အမြဲဂရုတစိုက်ဖြင့် မီးကို ထိန်းညှိပေးနေရသည်။ တချို့ဆေးလုံးများကိုလည်း ၎င်းဖြင့် ဖော်၍မရနိုင်ပေ။

“ အစ်ကိုကြီး… ဆေးဖော်ရင် ဂရုစိုက်နော်… အဲဒါက အဲ့လောက်တောင် အန္တရာယ်များတာလား ”
လန်လင်းအယ်သည် အတန်ငယ် စိုးရိမ်ပူပန်နေ၍ သတိပေးလိုက်သည်။ သူမသည် ခရမ်းရင့်ရောင် ထမင်းချိုင့်လေးကို ဖြုတ်လိုက်ပြီး ဘေးရှိ စားပွဲပုလေးပေါ်တွင် တင်လိုက်သည်။

သူမသည် မော့ကြည့်လိုက်ရာ ခေါင်မိုးသည်လည်း အသစ်ပြန်ပြင်ထားသော ခေါင်မိုးဖြစ်ကြောင်း သိလိုက်ရ၏။

သူမသည် ဘေးရှိ စားပွဲပုတစ်လုံးကိုလည်းယူ၍ စားပွဲနှစ်လုံးပူးကာ ပြင်ဆင်လိုက်သည်။ ထို့နောက် သူမသည် စားသောက်ဖွယ်ရာများကို ထုတ်၍ စားပွဲပေါ်တွင် ဖြည်းဖြည်းချင်း ခင်းကျင်းလိုက်၏။

လီချန်ရှို့ တောင်၌မရှိစဉ် လန်လင်းအယ်သည် ခပ်ပွပွ တာအိုဝတ်စုံများကိုသာ ဝတ်ဆင်လေ့ရှိသည်။ လီချန်ရှို့ ရှိလျှင်မူ သူမသည် လှပသော နတ်သမီးဝတ်စုံလေးများကို ဝတ်ဆင်လေ့ရှိ၏။ အစ်ကိုကြီးကို တစ်ရက်၊ နှစ်ရက်မျှ မတွေ့ရလျှင်လည်း တောင်ပေါ်မှာရှိသည်ဆိုသည့် အချက်နှင့်ပင် သူမသည် လှတပတဝတ်ဆင်လေသည်။ သူမသည် မျက်ခုံးမွေးဆွဲ၍ နှုတ်ခမ်းနီများပင် ဆိုးထားတတ်၏။
“ အစ်ကိုကြီး… ဒီတစ်ခါလည်း ဆရာဦးလေးကျိုးဝူကို ဖိတ်ဦးမှာလား ”

“ အင်း… မနေ့က ဆရာဦးလေးကျိုးဝူက အစ်ကို့ဆီ စက္ကူကြိုးကြာလေး စေလွှတ်လိုက်တယ်။ စာထဲမှာ သူပြောစရာလေးရှိလို့ ဒီနေ့လာခဲ့မယ်တဲ့… ”
လီချန်ရှို့ အသက်ပြင်းပြင်းရှူလိုက်သည်။ ဆေးပေါင်းဖိုအတွင်းမှ မီးများ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး ဆေးလုံးများမှ ဆေးရနံ့များ ထွက်လာလေသည်။

လီချန်ရှို့သည် လွန်ခဲ့သောနှစ်အနည်းငယ်က ဆရာဦးလေးကျိုးဝူကို လှည့်စား၍ ကျမ်းသစ္စာဆိုခိုင်းခဲ့ပုံကို ပြန်တွေးမိသွား၍ ပြုံးလိုက်သည်။

သူတွေးလိုက်၏။
‘ ဒီစားသောက်ပွဲကို ဆရာဦးလေးကျိုးဝူကို တောင်းပန်တဲ့အနေနဲ့ ကျွေးမွေးတယ်လို့ သဘောထားရမယ် ’

လန်လင်းအယ်သည် စားကောင်းသောက်ဖွယ်များနှင့် ပူနွေးသော အရက်များကို တည်ခင်းပြီးသောအခါ သူမ၏ လက်ကောက်ဝတ်တွင် ချိတ်ဆွဲထားသော အိတ်ကလေးကို ကြည့်၍ တခစ်ခစ်ရယ်လိုက်၏။

“ ဘာဖြစ်လို့လဲ… ”
လီချန်ရှို့သည် ဆေးလုံးများကို ထုတ်၍ရမည့်အချိန်ကိုစောင့်နေရင်း ပုံမှန်အတိုင်းမေးလိုက်သည်။
“ မမှတ်သေးဘူးထင်တယ်။ ကြည့်ရတာ အရင်က အပြစ်ပေးခံရတာကို မေ့သွားပြီထင်တယ် ”

“ မမေ့ပါဘူး… ညီမလေး မမေ့ပါဘူး ”
လန်လင်းအယ်သည် ရုတ်ခြည်းမျက်မှောင်ကြုတ်၍ မျက်နှာငယ်‌လေး လုပ်လိုက်ပြီး ညီးတွားလိုက်၏။
“ အရင်က အစ်ကိုကြီး ဒေါသထွက်အောင်လုပ်ခဲ့မိတာ ညီမလေးရဲ့ အမှားပါ… ”

“ ကောင်းပြီ… ”
လီချန်ရှို့သည် ပြုံး၍ ပြောလိုက်သည်။
“ အစ်ကို့အတွက် ဘာလုပ်လာတာလဲ… ထုတ်လိုက်ပါ… ”

လင်းအယ်၏ မျက်လုံးလေးများ အရောက်လက်သွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။
“ ဟီးဟီး… အစ်ကိုကြီးက ညီမကို ချောင်းကြည့်ထားတာလား…. ”

လီချန်ရှို့ အသည်းအသန်ပြောလိုက်ရ၏။
“ ချောင်းကြည့်စရာမလိုပါဘူး။ ညီမဘာတွေးနေတယ်ဆိုတာ အစ်ကို အလွယ်လေးမှန်းနိုင်ပါတယ် ”

“ ဟင်… ”
လန်လင်းအယ် အနည်းငယ် စိတ်ပျက်သွားသည်။ သူမသည် အဝတ်ထုပ်လေးတစ်ထုပ်ကို အစ်ကိုကြီးထံပစ်ပေးလိုက်ပြီး နှုတ်ခမ်းစေ့၍ တံခါးအပြင်သို့ လျှောက်သွာလိုက်သည်။
“ အစ်ကို အကျင့်ယုတ်ကြီး… အဲဒါ အစ်ကိုကြီးအတွက် ညီမချုပ်လာပေးတဲ့ ဝတ်ရုံ ”

“ ညီမ ကျင့်ကြံဖို့ ပြန်တော့မယ်။ ပြီးကျမှ ပန်ကန်တွေသိမ်းဖို့ ပြန်လာခဲ့မယ် ”
လီချန်ရှို့သည် အဝတ်ထုပ်ကို ဖမ်း၍ အထဲသို့ ကြည့်လိုက်သည်။ အထဲမှ သာမန် အစိမ်းရင့်ရောင် ဝတ်ရုံကို တွေ့သောအခါ သူသည် ကျေကျေနပ်နပ် ပြုံးလိုက်၏။

သူ၏ ဆရာတူညီမလေးကို ပြုစုပျိုးထောင်ခဲ့ရသည်မှာ အချည်းနှီးတော့ မဖြစ်ခဲ့ပေ။

သူသည် ထိုဝတ်ရုံကို အလွန်သဘောကျနေ၏။

ထို့နောက် လီချန်ရှို့သည် ဆေးဖော်ဆောင်အပြင်ရှိ လှုပ်ကုလားထိုင်လေးပေါ်တွင် ထိုင်ကာ ဆရာဦးလေးကျိုးဝူရောက်လာမည့် အချိန်ကို စောင့်နေလိုက်သည်။ သူသည် မျက်လုံးများမှတ်၍ နတ်တန်ခိုးများနှင့် မှော်အစွမ်းများအကြောင်းကို တွေးတောနေလိုက်၏။

မကြာခင် တာအိုရသေ့ဂျပုသည် ချုံတောင်‌လေး၏ အပြင်သို့ ရောက်ရှိလာလေသည်။

လီချန်ရှို့သည် မတ်တတ်ရပ်၍ သူ့ကို ကြိုဆိုလိုက်သည်။ သူသည် အနီးရှိ မန္တန်အစီအရင်များကို ပိတ်လိုက်ပြီး ဆရာဦးလေးကို အရိုအသေပြုလိုက်၏။ အရာအားလုံးသည် အရင်က အတိုင်းပင်။

သို့သော် ဤအခေါက်တွင် ဆေးဖော်ဆောင်ကို နှစ်ပတ်၊ သုံးပတ်လောက်ပတ်ပြီးမှ လီချန်ရှို့နှင့် ခပ်လှမ်းလှမ်းတွင် ဆင်းသက်လိုက်လေသည်။ သူသည် လက်နောက်ပစ်၍ အတန်ကြာ လှည့်ပတ်ကြည့်လိုက်၏။

သူ၏ အကြည့်များတွင် လက်စားချေလိုသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။

လီချန်ရှို့သည် စကားတစ်ခွန်းမှ မပြောဘဲ ပြုံး၍သာနေလေသည်။ သူသည် တံခါးဝတွင် တိတ်တဆိတ်ရပ်၍ စောင့်ဆိုင်းနေ၏။ သူ၏ ဆရာဦးလေး သူ့ထံသို့ လျှောက်လာသည်ကို မြင်လိုက်သော်လည်း ဘာမှမပြောသေးပေ။

သူတို့နှစ်ဦးသည် (၃)ကျန့်အကွာမှ နေ၍ တစ်ဦးကို တစ်ဦးကြည့်လိုက်ပြီး ပြုံးလိုက်ကြသည်။

“ အဟမ်း… ”
ကျိုးဝူသည် ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ ဘာလို့လဲ… ဒီတစ်ခါ ငါ့ကို မန္တန်အစီအရင်ဆင်တဲ့နေရာမှာ လမ်းညွှန်ချက်တွေ မတောင်းတော့ဘူးလား ”

လီချန်ရှို့သည် ပြုံး၍ ပြန်ပြောလိုက်သည်။
“ ကျွန်တော် အဲဒီအတွက် ကြိုတင်ပြင်ဆင်ချိန်မရလိုက်ဘူး ဖြစ်သွားတယ်။ ဆရာဦးလေးလာမယ်ဆိုပြီး ကျွန်တော့်ကို လှမ်းအကြောင်းကြားတော့ ဆရာတူညီမလေးကို ဟင်းပွဲတချို့ ပြင်ခိုင်းထားတာ။ တကယ်လို့ ဆရာဦးလေးက ကျွန်တော့်ကို မန္တန်အစီအရင်တွေအကြောင်း လမ်းညွှန်ချက်ပေးချင်တယ်ဆိုရင်တော့လည်း ကျွန်တော် မရှင်းတာလေးတွေတော့ ရှိပါတယ် ”

“ မပေးချင်ပါဘူး… မပေးချင်ပါဘူး… ”
ကျိုးဝူသည် ချက်ချင်းပင် ခေါင်းခါ၍ ငြင်းလိုက်သည်။
“ ငါက အသက်ကြီးပြီဆိုတော့ မင်းကို လမ်းမညွှန်နိုင်တော့ဘူး… မညွှန်နိုင်တော့ပါဘူးကွာ… ”

“ ဆရာဦးလေး… မန္တန်အစီအရင်တွေကို ဆရာဦးလေးက ကျွန်တော့်ထက် အများကြီး ပိုနားလည်ပါတယ် ”
လီချန်ရှို့သည် မျက်နှာထားတည်တည်နှင့် ဆက်၍ ပြောလိုက်၏။
“ ကျွန်တော်က ပါချီပါချက် အတွေးလေးတွေပဲရှိတာပါ။ တကယ် စွမ်းအားကြီးတဲ့ မန္တန်အစီအရင်ကို ဆင်ချင်ရင် ဆရာဦးလေးလို မန္တန်အစီအရင်တွေကို အမှန်တကယ်နားလည်ပြီး ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ နတ်ဝိဇ္ဇာကို လိုအပ်ပါသေးတယ်။ အဲ…ပြီးတော့ ပစ္စည်းလုံလုံလောက်လောက်လည်း လိုသေးတယ်လေ ”

ကျိုးဝူသည် သူ၏ မျက်ခုံးမွေးထူထူများကို ပင့်၍ ပြုံးလိုက်သည်။
“ ဒီတစ်ခေါက် အသံဖမ်းပုလဲလုံး မသုံးတော့ဘူးလားကွ ”

လီချန်ရှို့သည် ခေါင်းခါ၍ ပြုံးပြလိုက်သည်။ သူသည် နောက်လှည့်၍ ဆရာဦးလေးကျိုးဝူကို အထဲသို့ ဖိတ်ခေါ်ရန် ပြင်လိုက်စဉ်တွင် ကျိုးဝူသည် ခပ်ရွဲ့ရွဲ့ပြုံး၍ သူ၏ တာအိုဝတ်ရုံအတွင်းမှနေ၍ လက်သီးစုပ်အရွယ်ရှိသည့် ဖန်လုံးနှစ်လုံးကို ထုတ်လိုက်သည်။
“ ဟဲ…ဟဲ… ငါတော့ ယူလာတယ် ”

လီချန်ရှို့ ဆွံ့အသွားသည်။
“ ဆရာဦးလေး ပျော်ရင်ပြီးတာပါပဲ ”

လီချန်ရှို့သည် လက်ပြ၍ ဖိတ်ခေါ်လိုက်ပြီး ပြောလိုက်သည်။
“ ဒီတစ်ခါ ဆရာဦးလေးကို ဘာမှတောင်းဆိုစရာ မရှိပါဘူး။ ဆရာဦးလေး သင်ပေးမှာတွေကိုပဲ နားထောင်မှာပါ။ အထဲကို ကြွပါ ”

ကျိုးဝူသည် တန်းမဝင်ရဲရေးသေးဘဲ သေချာအကဲခတ်နေ၏။

ကျိုးဝူသည် ပြောင်းလဲနေသော ဆေးပေါင်းဖိုကို သတိထားမိလိုက်သည်။ သူသည် ထိုကဲ့သို့ သေးငယ်သော ဆေးပေါင်းဖိုလေးနှင့် မည်ကဲ့သို့ဆေးမျိုးဖော်နိုင်လောက်မည်ကို စိတ်ထဲတွင် တွေးတောတွက်ချက်လိုက်သည်။

အတန်ကြာ‌စူးစမ်းပြီးနောက် နောက်ဆုံးတွင် ကျိုးဝူနှင့် လီချန်ရှို့တို့သည် စားပွဲပုလေးတွင် ဝင်ထိုင်လိုက်ကြလေ၏။

သူ့အ‌ရှေ့ရှိ စားကောင်းသောက်ဖွယ်များကိုကြည့်ကာ ကျိုးဝူသည် မျက်စိမှေးလိုက်ပြီး သူ၏ အင်္ကျီလက်အတွင်းမှနေ၍ ဝိညာဉ်သားရဲ ယုန်တစ်ကောင်ကို ထုတ်လိုက်သည်။ ထို့နောက် သူသည် ထိုယုန်ကို အစာစတင်၍ ကျွေးလိုက်သည်။

လီချန်ရှို့သည်လည်း ကျိုးဝူလုပ်ပြီးသွားသည်အထိ ဘေးမှ ပြုံး၍ ကြည့်ကာ တိတ်တဆိတ်စောင့်နေ၏။

နောက်ဆုံးတွင် ကျိုးဝူသည် လီချန်ရှို့တစ်ယောက် ယနေ့ အစာများထဲတွင် ‌ဆေးမခပ်ထားကြောင်း သေချာသွားမှ ကျောက်စိမ်းတူတစ်စုံကို ကောက်ကာ လည်ချောင်းရှင်းလိုက်သည်။ ထို့နောက် စိတ်မချမ်းသာသည့် မျက်နှာထားဖြင့်ပြောလိုက်သည်။
“ မင်းရဲ့ ဆရာဒေါ်လေး ကျိုးရှစ်ကလည်း ဉာဏ်အလင်းပွင့်ဖို့ အခန်းအောင်းကျင့်နေတယ်။ ဂိုဏ်းတူ တူလေး … အရင်တစ်ခေါက်ကလိုတော့ ဆေးမခပ်နဲ့တော့နော်… ”

လီချန်ရှို့ က ပြန်ဖြေလိုက်သည်။
“ ဒီတစ်ခေါက် ဆရာဦးလေးနဲ့ ဒီအတိုင်း အရက်သောက်ရင်း စကားစမြည်ပြောချင်ရုံပဲဆိုတာ ကျွန်တော် ကျမ်းသစ္စာဆိုရဲပါတယ် ”

“ ကောင်းပြီလေ ကျမ်းသစ္စာဆိုပြ… ”
ကျိုးဝူခေါင်းညိတ်၍ ဆက်ပြောလိုက်၏။
“ လုပ်လေ.. မြန်မြန်…ကျမ်းသစ္စာဆိုလိုက်… ”

“ ဟား…ဟား.. ငါက ဒီအတိုင်းပြောလိုက်တာပါ။ မင်းကတကယ် ကျမ်းသစ္စာဆိုပြမယ်ပြောတော့ မင်းဘက်က မရိုးသားလို့ပဲ ”

လီချန်ရှို့က ပြုံးကာ ပြောလိုက်သည်။
“ ကျွန်တော်က ဆရာဦးလေးနဲ့ အရက်အတူသောက်ချင်ရုံပါ ”

ကျိုးဝူလည်း ရယ်လိုက်၏။ သူသည် ခွက်ကို‌မြောက်၍ လီချန်ရှို့ကို စောင်းပြလိုက်သည်။ သို့သော် အာစွတ်ရုံသာ သောက်လိုက်၏။

“ ငါတို့ မသောက်ခင် အလုပ်ကိစ္စကို အရင်ပြောရအောင် ”
ကျိုးဝူက ပြောလိုက်သည်။
“ အရင်က ကျမ်းသစ္စာဆိုခဲ့သလိုပဲ မင်းနဲ့ အရင်တိုင်ပင်တာ။ မင်းသာ သဘောတူမယ်ဆိုရင် ဂိုဏ်းက မင်းကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မှာပါ ”

“ မင်း သဘောမတူဘူးဆိုရင်တော့ ငါမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့မယ် ”

“ အိုး… ”
လီချန်ရှို့သည် ခေတ္တမျှ တွေးတောပြီးနောက် မည်သည့်အကြောင်း ဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။

“ ဆရာဦးလေးက… ဂိုဏ်းထဲမှာ ဆက်စပ်မန္တန်အစီအရင်ကို သုံးချင်တာဆိုရင်တော့ ကျွန်တော့်ကို မေးနေဖို့မလိုပါဘူး ”

ကျိုးဝူမျက်မှောင်ကြုတ်သွား၏။
“ မင်းက ဘယ်လိုလုပ်သိတာလဲ။ ငါ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရသေးပါဘူး ”

“ ကျွန်တော် မှန်းကြည့်တာပါ ”
လီချန်ရှို့သည် သူ၏ ဆရာတူညီမလေးချက်ပေးထားသော ဝိညာဉ်ငါး တစ်လုပ်စာ ယူ၍စားလိုက်သည်။ ဖြူဖွေး၍ နူးညံ့သော ငါးအသားသည် သူ၏ ပါးစပ်ထဲ အရည်ပျော်သွားပြီး ချို၍ မွှေးသော အရသာကို ရလိုက်၏။ အရသာလေးသည် သူ၏ နှုတ်ခမ်းနှင့် သွားတွင် စွဲ၍ ကျန်ခဲ့လေသည်။

“ ဒီတော့ မင်းသ‌ဘောတူတယ်ပေါ့ ” ကျိုးဝူပြုံးလိုက်သည်။
“ ကဲ… ပြောပါဦး.. မင်းဘယ်လိုများ ဆက်စပ်မန္တန်အစီအရင်တွေကို ဆင်လဲ ”

‘ အဲ … ဦးလေး သဘောမပေါက်သေးဘူးပေါ့… ’
လီချန်ရှို့ ပြန်ဖြေလိုက်၏။
“ တကယ်တော့ အဲဒီအကြောင်းကို ရှေးဟောင်းကျမ်းစာတစ်ခုထဲမှာ ဖတ်ရလို့ နည်းနည်းလောက် စမ်းလုပ်ကြည့်တာပါ ”

လီချန်ရှို့သည် သိုးသားရေလိပ်တစ်ခုကို ဆတ်ခနဲ ထုတ်ယူလိုက်သည်။

သူသည် သူ၏ ဝှက်ဖဲကို လွယ်လွယ်ကူကူ ထုတ်ပြမည်မဟုတ်ပေ။

ယခု သူ ထုတ်၍ ပြသည့်အရာမှာ ဆက်စပ်မန္တန်အစီအရင်ဆင်ရာတွင် အဓိကအခက်အခဲကို ဖြေရှင်းရန် ‘မတူညီသော မန္တန်အစီအရင်များကို ပေါင်းစည်းခြင်း’ အယူအဆသဘောတရားမျှသာ ဖြစ်သည်။

ထိုနည်းလမ်းသည် အခြေခံနည်းသာ ဖြစ်၏။

ထို့အပြင် ကိုးကားကျမ်းစာများမှာလည်း တာအိုကျမ်းစာတိုက် အပြင်ခန်းမရှိ မည်သူမှ အလေးမထားဘဲ ဖုန်တက်နေသော ရှေးဟောင်းကျမ်းစာများသာ ဖြစ်သည်။

ထိုနည်းများသည် သူ လက်ရှိအသုံးပြုနေသော မန္တန်အစီအရင်အခြေခံနည်းဖြင့် ကွာခြားလေသည်။ ထိုနည်း၏ အားနည်းချက်မှာ ပစ္စည်းများ အပိုကုန်ခြင်းသာဖြစ်၍ အသုံးဝင်သော ဆက်စပ်မန္တန်အစီအရင်များကိုမူ ဆင်နိုင်ပေသည်။

ဆေးဖော်ဆောင် ပတ်လည်တွင် မန္တန်အစီအရင်များ စဆင်သည့်နေ့ကတည်းက သူသည် ထိုသိုးသားရေလိပ်ကို ဖော်ပြလိုခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် သူ အလိုရှိသည်ကို ရရှိပေပြီ။

ကျိုးဝူသည် ထိုသားရေလိပ်ကို ယူ၍ အသေအချာ ဖတ်ရှုလိုက်၏။

ခေတ္တမျှကြာသောအခါ တာအိုရသေ့ဂျပုသည် သူ့ပေါင်သူရိုက်ကာ လီချန်ရှို့ကို ချီးမွမ်းလိုက်သည်။
“ ငါက မင်းသဘောတူ‌အောင် တော်တော်လေး နားချရမယ်လို့ ထင်နေတာ။ မင်း ဒီလို အလွယ်တကူထုတ်ပေးမယ်လို့ မထင်ခဲ့ဘူး။ ငါမင်းကို အထင်ကြီးခဲ့တာ မမှားဘူးပဲ… တကယ်မမှားဘူး ”

“ မင်းတကယ်ပဲ ဒါကို ဂိုဏ်းကိုပေးလိုက်လို့ ဖြစ်ရဲ့လား ”

လီချန်ရှို့က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
“ သိပ်ဖြစ်တာပေါ့ ”

“ အာ.. ငါ တကယ် မင်းသဘောတူလိမ့်မယ်လို့ကို မထင်ခဲ့တာ။ ကြည့်ရတာ ငါမင်းကို ငါနဲ့နှိုင်းပြီး အထင်လွဲမိခဲ့တာပဲ။ မင်းက ကောင်းတဲ့ဟာဆို ကိုယ့်ဘာသာကြိတ်သုံးမယ့်သူလို့ ငါကထင်နေတာ ”
ကျိုးဝူသည် ဝမ်းနည်းဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် အရက်ခွက်ကို ကောက်၍ တစ်ဂွတ်တည်း မော့ချလိုက်၏။
“ ငါအပြစ်ပေးခံထိုက်ပါတယ်… အပြစ်ပေးခံထိုက်ပါတယ် ”

လီချန်ရှို့သည် လေးလေးနက်နက်ပြောလိုက်သည်။
“ ဂိုဏ်းက ကျွန်တော့်ရဲ့ အိမ်ပါပဲ။ ဂိုဏ်းတိုးတက်လာဖို့ဆိုတာ ဂိုဏ်းသားတိုင်းအပေါ် မူတည်တာပဲ။ ဆရာဦးလေး…အဲ.. ဂိုဏ်းက ကျွန်တော့်ကို ဘာဆုတွေပေးနိုင်လောက်လဲ ”

ကျိုးဝူသည် ပြုံး၍ ပြောလိုက်သည်။
“ မင်းရဲ့ ဆုကို မမေ့ပါဘူး။ မင်း ဘာလိုချင်လဲ ”

“ ဖြစ်နိုင်မယ်ဆိုရင်… ”
လီချန်ရှို့သည် သူ့ဘေးရှိ ဆေးပေါင်းဖိုကို လက်ညှိုးထိုးပြလိုက်သည်။

ကျိုးဝူသည် အစတွင်ကြောင်သွားသော်လည်း မကြာခင် ခေါင်းညိတ်၍ သဘောတူလိုက်၏။

သူထပ်၍ပင်ပြောလိုက်သေးသည်။
“ တကယ်လို့ ဂိုဏ်းထဲမှာ မင်းကြိုက်တဲ့ ဆေးပေါင်းဖိုမတွေ့ဘူးဆိုရင် မင်းရဲ့ ဆရာဒေါ်လေးကျိုးရှစ် အခန်းအောင်းကျင့်ကြံတာက ထွက်လာရင် မင်းစိတ်ကြိုက် သီးသန့်တစ်ခု လုပ်ခိုင်းလိုက်မယ် ”

“ သူ့ရဲ့ ပစ္စည်းလုပ်တဲ့ နည်းလမ်းတွေက ဂိုဏ်းက ကောင်းကင်နတ်မင်းအဆင့်ရှိတဲ့ အကြီးအကဲတွေလောက် မတော်ပေမယ့် သူ့ဟာနဲ့သူတော့ တော်တော်လေး တော်တယ်လို့ ပြောလို့ရပါတယ် ”

လီချန်ရှို့သည် ချက်ချင်း မျက်နှာဖြီးသွားပြီး ကျိုးဝူနှင့် ခွက်ချင်းတိုက်လိုက်လေတော့သည်။

ရုတ်တရက်ကြီး အရက်ခွက်တိုက်သံများ ညံသွားပြီး သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အတော် တည့်ကာ ချစ်ချစ်ခင်ခင်ရှိနေကြလေသည်။

သူတို့ အနည်းငယ်ရေချိန်ကိုက်လာသောအခါ လီချန်ရှို့သည် ကျိုးဝူ အဆိပ်စမ်းရန်ယူလာသော ယုန်ကို ကင်၍စားရန် အကြံပေးလိုက်သည်။ ကျိုးဝူကလည်း သဘောတူလိုက်ပြီး အရက်ကို ယုန်သားကင်လေးဖြင့် မြည်းကာ ဆက်ရက်မင်းစည်းစိမ်ခံကြလေတော့သည်။

အလွန်အရသာရှိလှပေစွ။

အရက်သောက်ပြီးနောက် ကျိုးဝူသည် ပြန်သွားပြီး နောက်သုံးရက်နေမှ လီချန်ရှို့ကို လာရှာလေသည်။ ထို့နောက်သူသည် လီချန်ရှို့ကို ဆေးပေါင်းဖိုအသစ်‌ရွေးရန် သုံးချောင်းထောက်ဆေးတောင် သို့ ခေါ်သွားလေတော့သည်။

သုံးချောင်းထောက်ဆေးတောင်သည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တောင်ဖြစ်ပြီး နတ်ဆေးပညာနှင့် ပန်းပဲပညာရပ်များကို အထူးလေ့လာသည့်တောင် ဖြစ်သည်။ ထိုတောင်သည် ဆေးလုံးများနှင့် ဓမ္မရတနာများကို အမြောက်အမြားမထုတ်သော်လည်း ပုဗ္ဗဝိေဒဟအရှေ့ကျွန်းတွင် နာမည်ကောင်းနှင့် ကျော်ကြားလေသည်။ ထိုတောင်သည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ရှားရှားပါးပါး ဂုဏ်ယူစရာတစ်ခုဖြစ်သည်။

လီချန်ရှို့နှင့် ကျိုးဝူတို့ ချုံတောင်လေးမှ ထွက်ခါစတွင် ကောင်းကင်ခွင်းတောင်မှနေ၍ လှပသောပုံရိပ်လေးတစ်ခု ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။

လီချန်ရှို့သည် နတ်အာရုံဖြင့် ထိုပုံရိပ်လေးကို အာရုံခံလိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

သူမ၏ မျက်နှာကိုပင် သေချာကြည့်စရာမလိုပေ။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးနှင့် မြင်နေကျ အနီရဲရဲဝတ်စုံလေးကို မြင်ရုံဖြင့်ပင် မည်သူမည်ဝါ ဖြစ်ကြောင်း သူပြောနိုင်၏။

ယုံချင်ရွှမ်းယာပင်။

ချုံတောင်လေးတွင် လန်လင်းအယ်သည် သစ်ပင်အောက်တွင် ကျင့်ကြံနေ၏။

လီချန်ရှို့သည် ခေတ္တမျှ တွေးတောပြီးနောက် ဝင်၍ မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်၏။ သူသည် ဆရာဦးလေး ကျိုးဝူနှင့်သာ စကားဆက်ပြောနေလိုက်သည်။

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အကောက်ကြံမနေလျှင် ဝါသနာတူ၊ စိတ်ထားတူသူ နှစ်ဦးဖြစ်ကြ၏။

******

မိုးမခပင်ကြီး၏ အောက်တွင် ယုံချင်ရွှမ်းယာသည် တည်တည်ငြိမ်ငြိမ်ရပ်၍ သူမ လာရသည့်အကြောင်းကို ပြောပြနေသည်။

သူမသည် ချုံတောင်လေးသို့လာ၍ ဂိုဏ်းတူအစ်ကို လီချန်ရှို့နှင့် တွေ့ချင်သော်လည်း အကြောင်းပြချက်မရှိဘဲ လာ၍မကောင်းပေ။ ဤအခေါက် အခန်းအောင်းကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် သူမသည် မည်သို့အကြောင်းပြရမည်ဖြစ်ကြောင်း နေ့ညမပြတ် ရက်အနည်းငယ်ခန့်စဉ်းစားပြီးသောအခါ အဖြေကို တွေ့သွားလေသည်။

သူမသည် မြေကိုယ်ယောက်ဖျောက်အတတ်နှင့် ပတ်သက်သည့် လမ်းညွှန်ချက်အချို့ကို တောင်းမည်ဟု ဆုံးဖြတ်လိုက်၏။

ယုံချင်ရွှမ်းယာသည် သူမ လာရသည့်အကြောင်းကို ပြောပြပြီးနောက် ‌ခေါင်းငုံ့၍ တိတ်တဆိတ် စောင့်နေလေသည်။ ရင်ထဲတွင်မူ သူမ၏ အကြောင်းပြချက်သည် သိပ်၍ ယုံချင်စရာမကောင်းကြောင်း ခံစားလိုက်ရသည်။ သူမ သူ့ကို လှည့်စားနိုင်ပေမည်လော။

သူမသည် သစ်ရွက်လေတိုးသံများကို ကြားရသော်လည်း လင်းအယ်၏ ပြန်ဖြေသည့်အသံကို မူ မကြားရသေးပေ။

ယုံချင်ရွှမ်းယာ မော့၍ကြည့်လိုက်ရာ အောက်ပါစာများရေးထားသော ပေလိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။
“ အစ်ကိုကြီး ထွက်သွားပါတယ် ”

“ လင်းအယ်က အစ်ကိုကြီးရဲ့ အပြစ်ပေးတာကို ခံနေရလို့ စကားပြောလို့မရလို့ပါ ”

“ ဂိုဏ်းတူအစ်မ … တဲထဲသွားပြီး ခဏလောက် စောင့်နေပေးပါ ”
လန်လင်းအယ်သည် စိတ်ထဲမှ ကြိတ်၍ ရယ်လိုက်သည်။ သူမသည် သူစိမ်းများနှင့် စကားမပြောဟု အစ်ကိုကြီးကို ကတိပေးထား၏။ ဂိုဏ်းတူအစ်မ ယုံချင်ရွှမ်းယာနှင့် အတူတူပင် အိပ်ခဲ့ဖူးသော်လည်း သူစိမ်းဟုပင် ယူဆရမည်ဟု သူမ ခံစားခဲ့ရသည်။

သူမသည် ထိုသို့ပြောလိုက်လျှင် ဂိုဏ်းတူအစ်မယုံချင်သည် ချက်ချင်းပြန်သွားလိမ့်မည်ဟု ထင်ခဲ့၏။

“ ထွက်သွားပါတယ် ” ဟူသော စာသားသည် အဓိပ္ပာယ်နှစ်ခု ထွက်နိုင်လေသည်။ သူမ၏ အစ်ကိုကြီးသည် ဂိုဏ်းမှ ထွက်သွားသည်ဟု အခြားသူများ အလွယ်တကူ ထင်သွားနိုင်၏။
‘ အဲ့လိုဆိုလည်း ကောင်းတာပဲ ’

“ ဂိုဏ်းတူညီမလေးကို အနှောင့်အယှက်ပေးရတာ အားနာပါတယ် ”
ယုံချင်ရွှမ်းယာသည် လက်နှစ်ဖက်ဆုပ်၍ လန်လင်းအယ်ကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ဘေးရှိ တဲအိမ်လေးဆီ လျှောက်သွားလေသည်။

လန်လင်းအယ် ခေါင်းလေးစောင်းြကည့်လိုက်ပြီး စကားလှမ်းပြောရန် ဟန်ပြင်လိုက်သော်လည်း အပြစ်ပေးခံနေရသည်ဟု ပြောမိထားသဖြင့် ကိုယ့်နဖူးကိုယ်သာရိုက်လိုက်ရလေတော့သည်။
‘ ဒီဂိုဏ်းတူအစ်မက… အဆိပ်ပြင်းတာပဲ … ဟုတ်တယ်မလား ’

‘ လောကဝတ်ဆိုတာကို နားမလည်ဘူးလား ’

Comment

Leave a Reply

Options

not work with dark mode
Reset