ချန်ရှင်း၏ တိုက်ပွဲကြီးမှာ အချိန်မည်မျှအထိ ကြာမြင့်နေမည်ကို မည်သူကမှ မသိပေ။ ၎င်းမှာ ချက်ချင်း ပြီးဆုံးသွားနိုင်သလို အချိန်အကြာကြီးလည်း ဖြစ်နေနိုင်ပေသည်။ ထိုကဲ့သို့သော အဆင်မြင့် ကျင့်ကြံသူများအတွက် အချိန်ဆိုသည့်အရာမှာ…. လက်နက်တစ်ခုကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာ ဖြစ်ကြောင်းကုန်စင်ကို သေချာ သိမထားပါသော်လည်း သူ့နည်းသူ့ဟန်ဖြင့် ခန့်မှန်းကြည့်ခဲ့၏။ သူသည် မြေပြင်အထက်သို့ ရောက်ရှိလာပြီး သူ၏အပတ်ပတ်လည်ရှိ ကမ္ဘာကြီးအား မြင်လိုက်ရသောအခါ သူကြုံတွေ့နေရသည့် အခြေအနေကြီးကို နားလည်သွားတော့သည်။ သူသည် ဤ တိုင်းတစ်ပါး လူမှုအဖွဲ့အစည်းထဲတွင် အချိန်အတော်အတန်ကြာအောင် ဆက်လက်နေထိုင်ရဦးမည် ဖြစ်သည်။
ထို့ကြောင့် သူသည် သူရောက်နေသည့် လူမှုအဖွဲ့စည်း၏ အကြောင်းကို တတ််နိုင်သမျှ လေ့လာစုံစမ်းထားရန် လိုအပ်ပေသည်။ သူသည် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် အမှောင်ပညာရပ်ကို အသုံးပြုကာ မကြာသေးမီကမှ သေဆုံးသွားခဲ့သော ရုပ်အလောင်းလေးခု၏ ဝိညာဉ်များကို ဆင့်ခေါ်လိုက်၏။ ထိုအခါ အမျှင်အတန်းများမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ စုဝေးလာကြပြီးနောက် ဝိညာဉ်လေးခုအဖြစ် ပြောင်းလဲသွားကြသည်။ အခြားသူများမှာ ထိုဝိညာဉ်များကို မမြင်နိုင်ကြပေ။
ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ညာဘက်လက်ကို မြှောက်ကာ လေထဲ၌ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ထို ဝိညာဉ်လေးခုမှာ သူ့ဆီသို့ ဦးတည်ပျံသန်းလာကြပြီး သူ၏ လက်ဖဝါးထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့ ပျောက်ကွယ်သွားကြသည်နှင့် သူတို့၏ မှတ်ဉာဏ်များမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ သူတို့ မှတ်ဉာဏ်များကို သေသေချာချာ အကဲခတ်ကြည့်လိုက်ပြီးနောက် သူတို့ မသေဆုံးခင် ဖြစ်ပျက်ခဲ့သည့် အရာများကို ပုံဖော်နိုင်စွမ်းရှိသွား၏။ သူတို့လေးယောက်နှင့် မကြာသေးမီတုန်းက အဝေးသို့ထွက်ပြေးသွားခဲ့သည့် တစ်ယောက်မှာ ဥက္ကာပျံကြီးတစ်လုံး ကျဆင်းလာသည်ကို အာရုံခံမိခဲ့ခြင်းဖြစ်သည်။ သူတို့မှာ ထိုနေရာတစ်ဝိုက်တွင် ရှိနေခဲ့သောကြောင့် ၎င်းအား ကြည့်ရှုစစ်ဆေးရန် အပြေးရောက်လာခဲ့ကြခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့မှာ တွက်ချက်မှုအချို့ ပြုလုပ်လိုက်ပြီးနောက် သူတို့ မြင်ခဲ့ရသည့် ဥက္ကာပျံကြီးမှာ ခေါင်းတလားကြီး ကျဆင်းလာသောကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ရမည်ဖြစ်ကြောင်း မှတ်ယူလိုက်၏။ ထိုသို့ ဖြစ်နေရခြင်းမှာ ထို ခေါင်းတလားကြီး၏ တမူထူးခြားသော ဂုဏ်သတ္တိ သို့မဟုတ် သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ လုပ်ရပ်တစ်ခုခုကြောင့် ဖြစ်ရပေမည်။ ထို ခေါင်းတလားကြီးမှာ အာကာသထဲ၌ ဖြတ်သန်းသွားလာနေခဲ့စဉ်တုန်းက အဖိုးတန်သည့် ပစ္စည်းများကို ၎င်းနှင့် ကပ်ပါလာအောင် ဆွဲငင်ခဲ့၏။ ထို ပစ္စည်းများကြောင့်လည်း ထို ကျင့်ကြံသူ ငါးယောက်မှာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ရပေမည်။
သူတို့ထဲမှ လေးယောက်မှာ တိုက်ပွဲထဲ၌ သေဆုံးသွားခဲ့ပြီးနောက် နောက်ဆုံးတစ်ယောက်မှာမူ ဒဏ်ရာများသာ ရသွားပြီး အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်သွားခဲ့၏။ ထို ကျင့်ကြံသူမှာ ပစ္စည်းများအားလုံးကို သိမ်းယူပြီးနောက် ထိုနေရာမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
” ဒီလိုပဲ ဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ သူ လေ့လာစုဆောင်းမိခဲ့သော သတင်းအချက်အလက်များကို ဆက်လက် အကဲဖြတ်သုံးသပ်နေလိုက်၏။ ထိုသို့ဖြင့် သူသည် သူရောက်ရှိနေသည့် ကမ္ဘာကြီးနှင့် ပတ်သတ်သည့် အကြောင်းအရာများကို လေ့လာသိရှိလိုက်ရသဖြင့် မျက်လုံးများ အရောင်လက်လာတော့သည်။
နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှာ နေအဖွဲ့အစည်းထက် နှစ်ဆတိတိပိုမိုကြီးမားပြီး စုစုပေါင်း ဂြိုဟ် နှစ်ဆယ့်သုံးလုံးတိတိ ပိုင်ဆိုင်ထား၏။ ထို လူမှုအဖွဲ့အစည်း၏ ကျင့်ကြံခြင်းအဆင့် သတ်မှတ်ချက်များမှာ ဝမ်ပေါင်လဲ့၏ ပြည်ထောင်စုကြီးထဲမှ အဆင့်သတ်မှတ်ချက်နှင့် ဆင်တူပေသည်။
သို့သော် ၎င်း၏ လူ့ဘောင် အဖွဲ့စည်းမှာမူ ပြည်ထောင်စုကြီးနှင့် လုံးဝမတူပေ။ ယခင်တုန်းက ဤ လူမှုအဖွဲ့အစည်းအား သက်ဦးဆံပိုင် တော်ဝင်ဘုရင်တစ်ပါးက အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တော်ဝင်မိသားစုမှာ တဖြည်းဖြည်းနှင့် အင်အားဆုတ်ယုတ်လာခဲ့ပြီး ပြည်သူလူထုမှာ အင်အားကြီးထွားလာခဲ့၏။ နောက်ဆုံးတွင် သူတို့မှာ အတူတကွစုပေါင်းကာ ဂိုဏ်းပေါင်းမြောက်မြားစွာကို တည်ထောင်ခဲ့ကြသည်။
ထို့နောက် ရင်းမြစ်ပစ္စည်းများ ပိုမိုရှားပါးလာသဖြင့် ထို လူမှုအဖွဲ့စည်းမှာလည်း ပို၍ ရက်စက်ကြမ်းကြုတ်လာခဲ့၏။ နောက်ဆုံးတွင် တော်ဝင်မိသားစုမှာ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ ထိုသို့ဖြင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှာ သူခိုးဓားပြများ လုယက်သောင်းကျန်းရာ လူမှုအဖွဲ့အစည်း တစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။
သူတို့မှာ သူတို့၏ လူမှုအဖွဲ့စည်းထဲတွင်သာမက အခြားသော လူမှုအဖွဲ့အစည်းများထဲတွင်ပါ လုယက်သောင်းကျန်းခဲ့ကြ၏။ သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးဆိုသည့် စည်းကမ်းသတ်မှတ်ချက် တစ်ခုတည်းသာ ရှိခဲ့သည်ဖြစ်ရာ ရှိသမျှ ဂိုဏ်းများနှင့် အဖွဲ့အစည်းများအားလုံးမှာ ရက်စက်ကြမ်းကြုတ်လာကြတော့သည်။
နတ်မျက်လုံး လူမှုအဖွဲ့စည်းမှာ ကံကြမ္မာ၏ ဖေးမခြင်းကို ခံခဲ့ရသည့်ပုံပင်။ ၎င်း၏ ပတ်ပတ်လည်တွင် ရှိနေသည့် ဂြိုဟ်များနှင့် ကြယ်အဖွဲ့အစည်းများထဲရှိ အခြားလူမှုအဖွဲ့အစည်းများမှာ သူတို့လောက် ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်း မရှိပေ။ ထို့အပြင် နတ်မျက်လုံး လူမှုအဖွဲ့စည်းမှာ သူတို့ထက်ပို၍ အစွမ်းထက်သည့် လူမှုအဖွဲ့အစည်းများကိုလည်း မတိုက်ခိုက်မိစေရန် အထူး ဂရုပြုခဲ့၏။ ထို့ကြောင့် သူတို့မှာ အချိန်ကြာလာသည်နှင့်အမျှ ပို၍ အစွမ်းထက်လာခဲ့ပြီး နောက်ဆုံးတွင် ဂြိုဟ်အဆင့် ကျင့်ကြံသူသုံးယောက်တိတိ ပေါ်ထွန်းလာခဲ့တော့သည်။
ထို ကျင့်ကြံသူသုံးယောက်မှာ အစောပိုင်းဂြိုဟ်အဆင့်တွင်သာ ရှိနေကြသေးပါသော်လည်း နတ်မျက်လုံး လူမှုအဖွဲ့စည်းထဲရှိ လူတိုင်းအား စိတ်တိုင်းကျ အုပ်စိုးခြယ်လှယ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သူတို့မှာ ဂိုဏ်းကြီးသုံးဂိုဏ်း တည်ထောင်ကာ တော်ဝင်မိသားစုနေရာသို့ အစားထိုးဝင်ရောက်လာခဲ့ကြပြီး ဂြိုဟ်ခြောက်လုံး၊ ခုနစ်လုံးခန့် သိမ်းပိုက်ခဲ့ကြ၏။ သူတို့မှာ သူတို့ကိုယ်သူတို့ ဂိုဏ်းများဟု ခေါ်ဆိုကြပါသော်လည်း လက်တွေ့တွင်မူ သူခိုးဓားပြ အဖွဲ့အစည်းများသာ ဖြစ်ကြပေသည်။
သူတို့မှာ အမြဲလိုလို တိုင်းတစ်ပါးမှ လူမှုအဖွဲ့အစည်းများကို သွားရောက်ကျူးကျော်ကာ လုယက်သတ်ဖြတ်ခဲ့ကြ၏။ အကယ်၍ သူတို့မှာ သူတို့၏ ရန်သူများကို မယှဉ်နိုင်ပါက ပစ္စည်းများ တတ်နိုင်သလောက် ခိုးယူခဲ့ပြီးလျှင် ထွက်ပြေးလာကြသည်သာဖြစ်သည်။ ထိုကဲ့သို့သော လူမှုအဖွဲ့အစည်းမျိုးနှင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ရာထူးအဆင့်အတန်းတို့ကြောင့် အသေးစား ဂိုဏ်းလေးများမှာ သူတို့၏ လက်အောက်တွင် ခိုလုံနိုင်ရန် ခွင့်တောင်းလာကြတော့သည်။
အသေးစား ဂိုဏ်းငယ်လေးပေါင်း မြောက်မြားစွာမှာ ဆက်လင်ရှင်သန်ခွင့်ရရန် ထိုဂိုဏ်းကြီးသုံးဂိုဏ်းအား လက်ဆောင်ပဏ္ဏာများ ဆက်သကြရ၏။ သို့သော် သူတို့မှာ ထိုကဲ့သို့ ဆက်သရန်လိုအပ်သည့် လက်ဆောင်ပဏ္ဏာများကို တစ်နည်းနည်းဖြင့် ရှာဖွေရန် လိုအပ်နေသေးသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ထို ဂိုဏ်းငယ်လေးများမှာလည်း ကိုယ်ပိုင် ဓားပြအဖွဲ့အစည်းများကို ပိုင်ဆိုင်ထားကြသည်။
ပုံမှန်အခြေအနေများတွင် သူတို့မှာ တစ်ဂိုဏ်းချင်းစီသာ သီးသန့်ခွဲ၍ လုယက်လေ့ရှိကြ၏။ သို့သော် ဂိုဏ်းကြီးသုံးဂိုဏ်းက အမိန့်ပေးသည့်အချိန်တွင်မူ သူတို့မှာ ထိုအမိန့်များအတိုင်း ပူးပေါင်းဆောင်ရွက်ကြရသည်သာ ဖြစ်သည်။ ထိုသို့ဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အာဏာစက်ကွင်းမှာ တဖြည်းဖြည်းနှင့်ပို၍ ကြီးမားကျယ်ပြန့်လာခဲ့၏။
ထို့ကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများနှင့် ယွမ်ယင်အဆင့်ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာလည်း အဆက်မပြတ် ပေါ်ထွက်လာကြပေသည်။ သို့သော် ထို ဂိုဏ်းကြီးသုံးဂိုဏ်း၏ ကြားမှ တင်းမာမှုများမှာမူ လျော့ကျသွားခြင်းမရှိပေ။ သူတို့မှာ ပိုမိုအစွမ်းထက်လာလိုသောကြောင့် အခြား ဂိုဏ်းကြီးများကို သိမ်းယူနိုင်ရန် ဆန္ဒပြင်းပြနေကြဆဲပင်။ သို့သော် သူတို့အားလုံးမှာ သာတူညီမျှ အစွမ်းထက်နေကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့၏ သုံးပွင့်ဆိုင် နိုင်ငံရေး အခြေအနေကြီးမှာ လက်ရှိတွင် မတည်မငြိမ်ဖြစ်နေသောကြောင့် ပဋိပက္ခများ ရှိနေဆဲဖြစ်ပါသော်လည်း ဂိုဏ်းကြီးသုံးဂိုဏ်းမှာ အာဏာချိန်ခွင်အား ထိန်းညှိထားနိုင်ရန်နှင့် ပြဿနာများအား လိုအပ်သည်ထက်ပို၍ ကြီးမားလာအောင် မလုပ်ရန် အကောင်းဆုံး ကြိုးစားနေကြဆဲပင်။
ဝမ်ပေါင်လဲ့မှာ ထိုဝိညာဉ်များ၏ မှတ်ဉာဏ်များထဲရှိ နတ်မျက်လုံး လူမှုအဖွဲ့စည်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အကဲခတ်လေ့လာနေရင်း လုယက်မှုများထဲ၌ သူတို့ အသုံးပြုကြသည့် ယာဉ်များကို ရှာတွေ့သွား၏။ ထိုယာဉ်များတွင် အရွယ်အစား သေးငယ်ပါသော်လည်း အဖိုးတန်သည့်ပုံ ပေါ်သော သက်ရှိတစ်မျိုး ပါဝင်ပေသည်။ သူသည် ၎င်းအား အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် မျက်တောင် တဖျတ်ဖျတ် ခပ်မိသွား၏။
သူသည် ၎င်းအား မြင်ဖူးနေသည်ဟု ခံစားနေရခြင်းဖြစ်သည်…
၎င်းမှာ အနက်ရောင် ရေခူကြီးတစ်ကောင် ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့ဆီတွင် ထိုကဲ့သို့သော ရေခူကြီးတစ်ကောင်ရှိခဲ့ပြီး သူ ၎င်းအား ဇူဇကာပုဏ္ဏားဟု အမည်ပေးခဲ့သည် မဟုတ်ပါလော။ သူသည် ၎င်းအား သူ၏ အမှောင်ဝိညာဉ်များထဲမှ တစ်ခုဆီသို့ လွှဲပြောင်းပေးခဲ့၏။ သူသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အချုပ်အနှောင်အား ဖျက်ဆီး၍ ၎င်းအား အာကာသထဲ၌ သွားလာရာတွင် အသုံးပြုရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် တာအိုဘုန်းတော်ယိုရန်နှင့် တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲကြီးထဲတွင် သူသည် ၎င်းအား သူ၏ အမှောင်သမ္ဗန်ကို ပြုပြင်ရာ၌ အသုံးပြုခဲ့ရပေသည်။
သူသည် ထို ဇူဇကာပုဏ္ဏား၏ မူရင်းပိုင်ရှင်များကိုလည်း မှတ်မိနေ၏။ သူတို့မှာ ပြည်ထောင်စုကြီးထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ကြသည့် တိုင်းတစ်ပါးမှ ယွမ်ယင်အဆင့် ကျင့်ကြံသူသုံးယောက် ဖြစ်ကြပေသည်။ သူသည် ထိုစဉ်တုန်းက သူတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ပြန်လည် တွေးတောမိလိုက်သောအခါ မျက်နှာအမူအရာ အထူးတဆန်း ဖြစ်သွားရ၏။ ထို့နောက် သူသည် အတွေးများထဲတွင် နစ်မျောသွားပြီး ငြိမ်ကျသွားတော့သည်။ နောက်ဆုံးတွင် သူသည် မျက်လုံးများမှေးကာ စိတ်ထဲ၌ ရေရွတ်လိုက်၏။
” သူတို့ကရော ဒီလူမှုအဖွဲ့အစည်းထဲကနေ ရောက်လာကြတာများလား ”
” အဲတာဆိုရင်… ငါ နေအဖွဲ့အစည်းနဲ့ အဝေးကြီးကို မရောက်လောက်သေးဘူးထင်တယ်… ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးသွားရတော့သည်။ သူသည် သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေလိမ့်မည်ဟု ယုံကြည်နေ၏။ သို့သော် ထို လူသေအလောင်းလေးခု၏ ဝိညာဉ်များမှာ ပြီးပြည့်စုံမှုမရှိသောကြောင့် သူသည် ၎င်းတို့ဆီမှ သူ ရောက်ရှိနေသည့် နေရာနှင့် ပတ်သက်၍ များများစားစား မသိခဲ့ရပေ။
ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် အတွေးများထဲတွင် နစ်မျောသွားပြီးနောက် သူ့ကိုယ်သူ ထို လူသေအလောင်းများထဲမှ တစ်ယောက်အဖြစ် အသွင်ပြောင်းလဲရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် နတ်မျက်လုံး လူမှုအဖွဲ့စည်းထဲသို့ စိမ့်ဝင်ကာ ဤနယ်မြေကြီး၏ မြေပုံတစ်ခုအား ရှာဖွေပြီးလျှင် အခြားသော အဖိုးတန် သတင်းအချက်အလက်များကို စုဆောင်းနိုင်ရန် ကြိုးစားကြည့်မည်ဖြစ်သည်။
” သူက အသက်ကြီးနေပြီ။ ငါနဲ့ မကိုက်ဘူး ”
” ဒီတစ်ယောက်က မိန်းကလေးပါလား။ သူ့ရဲ့ ရုပ်ရည်ကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ငါနဲ့ အဆင်မပြေပါဘူးလေ ”
” ဒီတစ်ယောက်ကျ ပိန်လွန်းနေတယ် ”
” ကြည့်ရတာ ဒီတစ်ယောက်ကလွဲရင် တခြား ရွေးစရာမရှိတော့ဘူးနဲ့ တူတယ်။ ထားပါတော့လေ။ သူ့ကိုပဲ ရွေးလိုက်တာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုလူသေအလောင်း လေးခုအား အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် နောက်ဆုံးတွင် ရုပ်ရည် အတော်အသင့် ချောမောခံ့ညားသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်အား ရွေးချယ်လိုက်တော့သည်။
သူသည် အသက်မသေခင်တုန်းက နှောင်းပိုင်း အမြုတေအဆင့်တွင် ရှိနေခဲ့၏။ ဝမ်ပေါင်လဲ့မှာ ထိုဝိညာဉ်၏ မှတ်ဉာဏ်များမှတစ်ဆင့် သူ၏အမည်မှာ လုံနန်ကျစ်ဖြစ်ကြောင်း သိခဲ့ရသည်။ လုံနန်ကျစ်မှာ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၏ လက်အောက်ရှိ အသေးစား ဂိုဏ်းငယ်လေးများထဲမှ တစ်ခုဖြစ်သည့် မဟာတောင်ထိပ်ဂိုဏ်းဟု အမည်ရသော ဂိုဏ်းတစ်ဂိုဏ်းမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပေသည်။
မဟာတောင်ထိပ်ဂိုဏ်းမှာ ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်ပါသော်လည်း အဆောင်ပစ္စည်းများ သန့်စင်ရာ၌ နာမည်ကျော်ကြား၏။ ထို့ကြောင့် ၎င်းမှာ ဤလူမှုအဖွဲ့အစည်းထဲတွင် လုပ်ပိုင်ခွင့်အာဏာ အနည်းငယ်ခန့် ပိုင်ဆိုင်ထားပေသည်။ ထို့အပြင် ထိုဂိုဏ်းထဲ၌ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် အကြီးအကဲကြီးတစ်ယောက်လည်း ရှိနေသေးသည်။ ထို့ကြောင့် သူတို့မှာ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၏ ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခွင့်ရပေသည်။ ထိုဂိုဏ်းမှာ ကိုယ်ပိုင် ဓားပြအဖွဲ့တစ်ဖွဲ့ကို ပိုင်ဆိုင်ထားပြီး မကြာခဏဆိုသလို ဂိုဏ်းကြီးနှင့်အတူ လုယက်မှုများထဲ၌ ပူးပေါင်းပါဝင်ခွင့် ရတတ်ပေသည်။
လက်ရှိတွင် မဟာတောင်ထိပ်ဂိုဏ်းမှာ ပြဿနာတစ်ခုနှင့် ကြုံနေရသည့်ပုံပင်။ ၎င်း၏ အဖွဲ့ဝင် အများစုမှာ ဂိုဏ်းပြင်ပသို့ ရောက်နေကြပြီး သူတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ရင်းမြစ်ပစ္စည်းများ ရှာဖွေစုဆောင်းကာ အဆောင်ပစ္စည်းများကို သန့်စင်ပြီး ကျင့်ကြံခြင်း လေ့ကျင့်နေကြခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အခြေအနေတစ်ခုလုံးကို ရိပ်စားမိသွားပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ထိုအလောင်းပေါ်သို့ တင်လိုက်၏။ ထိုအခါ သူ၏ ပုံရိပ်ယောင် ခန္ဓာကိုယ်မှာ စတင် ရုပ်လုံးပေါ်လာသည်။ ထို့နောက် အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်းတွင် သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် အသက်မရှိတော့သော ကျင့်ကြံသူအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူ၏ အငွေ့အသက်မှာ ထိုကျင့်ကြံသူ၏ အငွေ့အသက်နှင့် တထေရာတည်း တူနေသောကြောင့် လုံနန်ကျစ်၏ အရင်းနှီးဆုံးသော မိတ်ဆွေများပင်လျှင် အတုနှင့်အစစ် ခွဲနိုင်ကြမည်မဟုတ်ပေ။
သူ၏ ကိုယ်ဟန်အမူအရာများ၊ အပြုအမူများနှင့် အမူအကျင့်များကို လုံနန်ကျစ်အစစ်နှင့် တထေရာတည်းတူအောင် ပြောင်းလဲနိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် သူ၏ မှတ်ဉာဏ်များမှတစ်ဆင့် နတ်မျက်လုံး အဖွဲ့အစည်းထဲမှ လူများမှာ မည်သူ့ကိုမှ အပြည့်အဝ ယုံကြည်ကြခြင်းမရှိကြောင်း ဝမ်ပေါင်လဲ့က သိခဲ့ရ၏။ သို့ဖြစ်ရာ လူတိုင်းမှာ အမြဲတမ်း သတိဝီရိယအပြည့် ရှိနေမည်ကြဖြစ်၍ မည်သူကမှ အခြားသူများ၏ အကြောင်းကို ခေါင်းအစ ခြေအဆုံး သိရှိထားကြမည်မဟုတ်ပေ။
” သူက ငါ့လောက် မချောပေမဲ့ ကြေးများနေလို့ မဖြစ်ပါဘူးလေ။ ဒီလောက်နဲ့ပဲ ကျေနပ်ရမှာပေါ့ ” ဝမ်ပေါင်လဲ့မှာ သူ၏မျက်နှာကို တို့ထိကာ သက်ပြင်းချလိုက်ပြီးနောက် သူ၏ ဘယ်ဘက်လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်၏။ ထိုအခါ လုံနန်ကျစ်၏ ရုပ်အလောင်းမှာ ချက်ချင်းဆိုသလိုပင် ပြာကျသွားပြီး လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အား အကဲခတ်ကြည့်လိုက်သောအခါ သူ့အား ဖိနှိပ်ထားနေသည့် ဘေးပတ်ပတ်လည်ရှိ လေထုထဲမှ စွမ်းအားများကို အာရုံခံမိလိုက်၏။ ထို့နောက် သူ၏ အငွေ့အသက်များမှာ စတင် ပြောင်းလဲလာတော့သည်။ လေထုထဲရှိ ဖိနှိပ်စွမ်းအားများ ပျောက်ကွယ်သွားသောအခါ သူသည် ဝိညာဉ်ချီများအား အတားအဆီးမရှိ စုပ်ယူနိုင်စွမ်း ရှိသွား၏။ ထို့ကြောင့် ဝိညာဉ်ချီများမှာ သူ၏ခန္ဓာကိုယ်ထဲသို့ ချောမွေ့စွာ စီးဆင်းဝင်ရောက်လာကြတော့သည်။
” ကဲ နတ်မျက်လုံး လူမှုအဖွဲ့အစည်းက ဘာတွေများ ထူးခြားနေသလဲဆိုတာ ကြည့်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ လေထဲသို့ ပျံတက်သွားလိုက်၏။ သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်အား နှောင်းပိုင်း အမြုတေအဆင့်တွင်သာ ထားလိုက်ပြီးနောက် လုံနန်ကျစ်၏ မှတ်ဉာဏ်ထဲရှိ ဂိုဏ်း၏ တည်နေရာသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ လမ်းတစ်လျှောက်တွင် သူ၏အောက်ရှိ မြေပြင်ကြီးနှင့် သူ၏အထက်ရှိ ကောင်းကင်ယံကြီးအား အကဲခတ်လေ့လာနေခဲ့၏။ ထို့နောက် သူသည် တဖြည်းဖြည်းနှင့် စိတ်လှုပ်ရှားလာရတော့သည်။ သူသည် အခြား လူမှုအဖွဲ့အစည်းတစ်ခုထဲသို့ ရောက်နေသည့် အပြင်လူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူ့ဆီတွင် ဆုံးရှုံးစရာမရှိပေ။ သူသည် မည်သည့်အရာကိုမှ တွေးပူနေစရာမလိုဘဲတ သူ ဆန္ဒရှိသည့်အတိုင်း ပြုမူဆောင်ရွက်နိုင်ပေသည်။
အင်း မင်းကြိုက်တာသာ လုပ်ပါကွာ😂