Switch Mode

အခန်း (၇၃၁)

အရှက်ဆိုတာ ချိုနဲ့လား

ဝမ်ပေါင်လဲ့မှာ ချန်ရှင်းနှင့် ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသော လူကြီးတို့၏ တိုက်ပွဲကြီးအကြောင်းကို သိရှိထားခြင်းမရှိပေ။ ထို့ကြောင့် သူတို့မှာ သူ၏ ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးနိုင်စွမ်း မရှိကြချေ။ တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး စိတ်ပိုင်းဖြတ်လိုက်တော့သည်။

” အတွေးလွန်နေရင် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေရုံပဲရှိမှာ။ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေကို ထည့်စဉ်းစားဖို့လိုတာ မှန်ပေမဲ့ ဒီလောက်ကြီး အကြောက်လွန်နေတာက ယောက်ျားအစစ်တွေရဲ့ လုပ်ရပ်မဟုတ်ဘူးကွ။ ဂိုဏ်းတူအစ်ကိုကြီးက ငါ့ကို အများကြီး ကူညီပေးထားတာလေ။ သူ့ကို သံသယဝင်နေလို့ ဘယ်ဖြစ်ပါ့မလဲ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထို့နောက် သူသည် ချန်ရှင်း သူ့ဆီသို့ ပေးပို့ခဲ့သော လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား ချက်ချင်းပင် စတင်လေ့ကျင့်လိုက်တော့သည်။

ထို လျှို့ဝှက်ဆန်းကြယ် ပညာရပ်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးခြင်းမဟုတ်ဘဲ ကိုယ်ပွားတစ်ခု ဖန်တီးနိုင်စွမ်းရှိအောင် ကူညီပေးခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုပညာရပ်အား ပိုမိုလျင်မြန်စွာ ‌လေ့ကျင့်နိုင်ရန် အမှောင်ပညာရပ်ကိုပင် အသုံးပြုလိုက်သေးသည်။ နာရီအနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် သူသည် မျက်လုံးများ ပွင့်လာ၏။ သူ၏ မျက်ဝန်းများထဲတွင်မူ နက်မှောင်သော အလင်းရောင်များ တောက်ပနေပြီ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါး ဖြစ်သွားပြီးနောက် သူနှင့်ပုံစံတူ ကိုယ်ပွားများမှာ တစ်ခုပေါ်တစ်ခု ထပ်သွားကြ၏။ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ကိုယ်ပွား ကိုးခုတိတိ ရှိနေသည်ကို မြင်နိုင်ပေသည်။

” ကိုယ်ပွား၊ ပေါ်ပေါက်လာစေ ” ဝမ်ပေါင်လဲ့ ထိုသို့ အော်ဟစ်အမိန့်ပေးလိုက်သောအခါ ကိုယ်ပွားတစ်ခုမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ခွဲထွက်သွား၏။ ထို့နောက် နောက်ထပ် ကိုယ်ပွားများအားလုံးမှာလည်း ထိုနည်းတူပင်။ နောက်ဆုံးတွင် ၎င်းတို့အားလုံးမှာ အတူတကွ ပေါင်းစည်းသွားကြပြီးနောက် ဝမ်ပေါင်လဲ့၏ ရှေ့တွင် ကိုယ်ပွားတစ်ခုတည်းအဖြစ် ပြန်လည်ပေါ်ပေါက်လာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်နှင့် တထေရာတည်း တူနေသည်။

သူတို့နှစ်ယောက်၏ အသွေးအသားများသာမက ဝိညာဉ်များကပါ ဆင်တူနေခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်မှာလည်း ထက်ခြမ်းကွဲသွားပြီး တစ်ဝက်မှာ ထို ကိုယ်ပွား၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွား၏။ သို့ဖြစ်ရာ သူ့အား ကိုယ်ပွားတစ်ခုဟုပင် သတ်မှတ်၍မရတော့ပေ။ သူသည် ဝမ်ပေါင်လဲ့၏ ဝိညာဉ်တု ဖြစ်နေပြီ ဖြစ်သည်။

လူတစ်ယောက်၏ ဝိညာဉ်တုမှာ သူ၏ ခန္ဓာကိုယ်အစစ်တွင် ရှိသော အရာအားလုံးကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့်လည်း သူသည် ၎င်းအား အဆင်အခြင်မဲ့စွာ ဖောက်ခွဲပစ်၍ မရပေ။ ဝိညာဉ်တု၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ရည်ခိုက်ရည်များမှာ ခန္ဓာကိုယ်အစစ်ထက် အနည်းငယ်မျှသာ ပို၍ နိမ့်ကျ၏။ ဝမ်ပေါင်လဲ့၏ ဝိညာဉ်တုမှာဆိုလျှင် အစောပိုင်း ယွမ်ယင်အဆင့်တွင် ရှိနေပြီဖြစ်သည်။

ထို လျှို့ဝှက်ဆန်းကြယ် ပညာရပ်မှာ အလွန်အင်မတန်မှ အံ့ဩစရာကောင်းသောကြောင့် ထို ကိုယ်ပွားမှာ ဝမ်ပေါင်လဲ့ ယခင်တုန်းက ထုတ်လွှတ်ခဲ့ဖူးသည့် ကိုယ်ပွားများနှင့် မတူပေ။ ဤ ယွမ်ယင်အဆင့် ဝိညာဉ်တုမှာ သီးသန့် လေ့ကျင့်နိုင်စွမ်းရှိပေသည်။ ထို့နောက် ထို ဝိညာဉ်တု သူ့ဆီသို့ ပြန်ရောက်လာပြီး သူ၏ ခန္ဓာကိုယ်အစစ်နှင့် ပေါင်းစည်းသွားသည့် အချိန်တွင်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်လာဦးမည် ဖြစ်သည်။ ထို ဝိညာဉ်တုမှာ လက်‌တွေ့လောကနှင့် ပုံရိပ်‌ယောင်ကမ္ဘာ၏ ကြားတွင် ရှိနေသကဲ့သို့ ဖြစ်နေပြီး ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အစစ်အား ထိုဝိညာဉ်တုနှင့် အချိန်မရွေး နေရာချင်းလဲနိုင်စွမ်းလည်း ရှိပေသည်။

ထို အချက်များကြောင့် ချန်ရှင်းမှာ ထို ပညာရပ်အား ဝမ်ပေါင်လဲ့ဆီသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ကိုယ်ပွား၏ တမူထူးခြားသော ဂုဏ်သတ္တိများကို အကဲခတ်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ မျက်လုံးများမှိတ်လိုက်၏။ သူ မျက်လုံးမှိတ်သွားသည်နှင့် တစ်ပြိုင်နက်… သူ၏ ဝိညာဉ်တုမှာ မျက်လုံးများပွင့်လာတော့သည်။

” ငါ့ရဲ့ အရင်တုန်းက ကိုယ်ပွားတွေကို ထိန်းချုပ်ရတာနဲ့ တချို့နေရာတွေမှာ တူပေမဲ့ တချို့နေရာတွေမှာတော့ မတူဘူးပဲ… ” ဝမ်ပေါင်လဲ့အတုမှာ သူ၏လက်ကို မြှောက်ကာ သူ၏မျက်နှာအား တို့ထိကြည့်လိုက်၏။ ထို့နောက် သူသည် သူ၏ဘေးတွင် ရှိနေသော ဝမ်ပေါင်လဲ့အစစ်အား စိုက်ကြည့်နေလိုက်သည်။ ထိုအခါ ဝမ်ပေါင်လဲ့အစစ်မှာ မျက်လုံးများ ပြန်ပွင့်လာသဖြင့် သူတို့နှစ်ယောက်မှာ အကြည့်ချင်း ဆုံသွားကြတော့သည်။

” အရင်တုန်းက ငါ့ရဲ့ ကိုယ်ပွားကို ထိန်းချုပ်ရတာက ငါ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို ထိန်းချုပ်ရသလိုမျိုးပဲ။ ဥပမာ ငါ့ရဲ့လက်ကို လှုပ်သလိုမျိုးပေါ့။ ငါ တစ်ချက်လောက်တွေး လိုက်ရုံနဲ့ အဲဒီကိုယ်ပွားတွေကို ငါ့စိတ်ကြိုက် စေခိုင်းလို့ရတယ်။ ဒါပေမဲ့… ဒီကိုယ်ပွားက ငါ့ရဲ့ လက်နဲ့ မတူတော့ဘူး။ နောက်ထပ် ခန္ဓာကိုယ် အသစ်တစ်ခု ထပ်ရလိုက်တဲ့အတိုင်းပဲ ” ဝမ်ပေါင်လဲ့အတုမှာ ထိုသို့ရေရွတ်ကာ ဝမ်ပေါင်လဲ့အစစ်အား ကြည့်လိုက်ပြီးနောက် ချောင်းဟန့်လိုက်၏။

” မင်းရော ဘယ်လိုထင်လဲ ”

” အဲလိုပဲထင်တယ်။ စိတ်ဝင်စားစရာပဲ ” ဝမ်ပေါင်လဲ့ အစစ်မှာလည်း သူ၏‌ မေးစေ့ကိုပွတ်ရင်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

” အဲ့ဒါဆိုရင် မင်း ဒီမှာနေခဲ့ပြီးတော့ အိပ်နေလိုက်ဦး။ ငါ အပြင်ထွက်ပြီးတော့ အခြေအနေတွေကို အကဲခတ်ခဲ့မယ်။ ဂိုဏ်းတူအစ်ကိုကြီးကိုလည်း ရှာခဲ့လိုက်မယ် ” ဝမ်ပေါင်လဲ့အတုမှာ တည်ကြည်မှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။

” အေး။ အပြင်ရောက်ရင် သတိထားဦး။ ဖြစ်နိုင်မယ်ဆိုရင် ငါတို့တွေ နေအဖွဲ့အစည်းနဲ့ ဘယ်လောက်အထိ ဝေးနေပြီလဲဆိုတာကိုပါ သိအောင်လုပ်ခဲ့ ” ဝမ်ပေါင်လဲ့အစစ်မှာ အတွေးများထဲတွင် နစ်မျောနေသည့် မျက်နှာမူအရာဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အတုအား စိုက်ကြည့်နေလိုက်တော့သည်။

” ငါတို့နှစ်ယောက် အခုလိုစကားပြောနေတာ အဓိပ္ပါယ်မရှိဘူးလို့ မင်း မထင်ဘူးလား။ ငါတို့က လူတစ်ယောက်ထဲ ဖြစ်နေတာကို လူနှစ်ယောက်လို စကားပြောနေရတယ်လို့။ ဂိုဏ်းတူအစ်ကိုကြီးက ဒီ ပညာရပ်ကို ဘာစိတ်ကူးနဲ့များ ဖန်တီးခဲ့တာလဲဟ။ သူ့ဆီမှာလည်း ဝိညာဉ်တုတစ်ခု ရှိရင်ရှိနေလောက်တယ်။ သူ့ရဲ့ အကျင့်စရိုက်နဲ့သာဆိုရင်… သူက သူ့ရဲ့ဝိညာဉ်တုကို မိန်းမတစ်ယောက်ပုံစံဖြစ်အောင် လုပ်ရင်လုပ်ထားမှာ… ” ဝမ်ပေါင်လဲ့အတုမှာ မျက်စိပေကလပ်ပေကလပ်နှင့် ဆိုလိုက်၏။

” ငါလည်း အဲလိုပဲ ထင်တယ်။ ဒါပေမဲ့ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါတို့က ရိုးသားဖြောင့်မတ်တဲ့ လူတွေပါကွ။ အဲလို တဏှာရူးအလုပ်တွေကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အခုလို တစ်ယောက်နဲ့တစ်ယောက် စကားပြောရတာကို ကျင့်သားရအောင်လုပ်ဖို့တော့ လိုသေးတယ် ” ဝမ်ပေါင်လဲ့အစစ်မှာလည်း အသက်ပြင်းပြင်းရှူကာ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြန်ပြောလိုက်သည်။

” ‌ဟုတ်ပြီ‌လေ… အဲတာဆိုရင် ငါ သွားပြီနော်။ ဒါနဲ့… ပြောဖို့မေ့နေလို့။ ဝမ်ပေါင်လဲ့… မင်းက ခံ့ချောကြီးပဲကွ ”

” ဝမ်ပေါင်လဲ့။ မင်းရဲ့ ရုပ်ရည်ကလည်း တော်တော်လေးကို ကြည့်ကောင်းပါတယ် ”

ဝမ်ပေါင်လဲ့အစစ်နှင့် အတုတို့မှာ ထိုကဲ့သို့သော ချီးကျူးစကားများကို ကြားလိုက်ရသောအခါ စိတ်ဓာတ်များ တက်ကြွသွားကြ၏။ ထို့နောက် ဝမ်ပေါင်လဲ့အစစ်မှာ သူ၏ သိုလှောင်အိတ်အား ဝမ်ပေါင်လဲ့အတုဆီသို့ လှမ်းပေးလိုက်သည်။ ထိုအခါ ဝမ်ပေါင်လဲ့အတုမှာ သူ၏ အမှောင်မီးတောက်အား ထုတ်လွှတ်ကာ ခေါင်းတလားကြီး၏ အဖုံးဆီသို့ စေလွှတ်လိုက်တော့သည်။ ထို အမှောင်မီးတောက် ခေါင်းတလားကြီးနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့အတုမှာ မှုန်ဝါးဝါး မီးလုံးတစ်လုံးအသွင် ပြောင်းလဲသွားပြီး ထိုခေါင်းတလားကြီးအား ဖြတ်ကျော်သွားတော့သည်။

သူ ပြန်လည်ပေါ်ပေါက်လာသည့်အချိန်တွင် သူသည် ခေါင်းတလားကြီး၏ အပြင်ဘက်သို့ ရောက်နေပြီ ဖြစ်သည်။

ထို ခေါင်းတလားကြီး၏ ပတ်ပတ်လည်တွင် အညိုရင့်ရောင် ရေခဲများက ဝန်းရံထားသည်။ ဝိညာဉ်များကိုပင် အေးခဲသွားစေနိုင်သော အအေးဓာတ်တစ်မျိုးမှာ ဝမ်ပေါင်လဲ့အတု၏ ခန္ဓာကိုယ်အား ချက်ချင်းဆိုသလိုပင် ဖုံးလွှမ်းသွား၏။ ထိုအချိန်တွင် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး သူ၏ နတ်ဘုရားအာရုံခံနိုင်စွမ်းများကို အစွမ်းကုန် ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ သူသည် ထို အာရုံခံနိုင်စွမ်းများမှာ ပေတစ်ရာပတ်လည် အကွာအဝေးအထိသာ ရောက်နိုင်ကြောင်း သိလိုက်ရ၏။ ကံကောင်းသည်မှာ သူသည် သူ၏ ဘေးပတ်ပတ်လည်အား ရှင်းလင်းပြတ်သားစွာ မြင်နေရခြင်းပင်။ သူသည် သက်တမ်းမည်မျှခန့် ရှိနေမှန်း မသိသော ရေခဲလွှာကြီးထဲတွင် ရှိနေခြင်း ဖြစ်ပြီး ခေါင်းတလားကြီးမှာမူ ထိုရေခဲလွှာကြီး၏ အောက်တွင် နစ်မြုပ်နေခြင်း ဖြစ်၏။ သို့သော် သူသည် ထိုအရာများမှလွဲ၍ အခြား မည်သည့်အရာကိုမှ အာရုံခံနိုင်စွမ်းမရှိပေ။

ခေါင်းတလားကြီး၏ တမူထူးခြားသော ဂုဏ်သတ္တိများကြောင့်လားတော့ မသိပေ။ ၎င်းမှာ မြေကြီးထဲသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာခဲ့သည့်တိုင်အောင် ရေခဲများမှာ ကြေမွပျက်စီးသွားခဲ့ခြင်း မရှိပေ။ ၎င်းမှာ ထိုရေခဲလွှာကြီးအား ကျော်ဖြတ်ကာ ၎င်း၏အောက်၌ ပေါ်ပေါက်လာခဲ့သည့်ပုံပင်။ သူ၏ ဘေးပတ်ပတ်လည်ရှိ အေးစက်စက် လေထုထဲတွင်မူ အားကောင်းသော ဖိနှိပ်စွမ်းအားများ ကိန်းအောင်နေ၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင် အနေအထားတွင် ရှိနေဆဲဖြစ်ပါသော်လည်း အအေးဓာတ်များကို တောင့်ခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူ၏ ဝိညာဉ်တု၏ ခန္ဓာကိုယ်သာ ပေါ်ပေါက်လာခဲ့မည်ဆိုပါက သူသည် ချက်ချင်းပင် အေးခဲကာ အသက်သေဆုံးသွားရမည်ဖြစ်ကြောင်း သူက သိလိုက်ရသည်။

ဝမ်ပေါင်လဲ့မှာ ပတ်ဝန်းကျင်အခြေအနေအား ‌အကဲခတ် လေ့လာလိုက်ပြီးနောက် ထိုနေရာတွင် ဆက်ရှိမနေရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် သူ၏ ပုံရိပ်ယောင် ခန္ဓာကိုယ်မှာ မှုန်ဝါးဝါး ဖြစ်သွားပြီး အပေါ်ဘက်ရှိ မြေမျက်နှာပြင် ရှိရာဆီသို့ ပြေးတက်သွားလိုက်၏။ သူ အပေါ်သို့ တက်သွားလေလေ သူ၏ ခန္ဓာကိုယ်ထဲ၌ အအေးဓာတ်များ ပို၍ စုဝေးလာလေလေ ဖြစ်နေသောကြောင့် သူသည် ဝေဒနာပြင်းပြစွာ ခံစားနေရတော့သည်။ ထို့ကြောင့် သူသည် အသိစိတ်ပျောက်လုနီးပါး ဖြစ်လာ၏။

ကံကောင်းစွာဖြင့် သူ၏ ကြယ်တာရာယွမ်ယင်ဝိညာဉ်နှင့် အမှောင်မီးတောက်တို့မှာ ထိုအအေးဓာတ်များအား တွန်းလှန်တိုက်ထုတ်ပေးနေ၏။ နာရီပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ကြီးမှာ ရေခဲများထဲမှ ထိုးထွက်လာပြီး ဂူတစ်လုံးထဲ၌ ပေါ်ပေါက်လာတော့သည်။

ထို ဂူထဲတွင် ရေခဲများ မရှိတော့သည့်တိုင်အောင် အေးစက်စက်ဖြစ်နေဆဲပင်။ ဝမ်ပေါင်လဲ့မှာ ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီးနောက် ခေါင်းမော့ကာ အေးခဲနေသည့် မြေပြင်ကြီးအား ကြည့်လိုက်၏။ ထိုအခါ သူ၏ ပုံရိပ်ယောင် ခန္ဓာကိုယ်၏ မျက်ဝန်းများထဲတွင် အနက်ရောင်အလင်းရောင် အစက်အပျောက်နှစ်ခု လင်းလက်တောက်ပလာတော့သည်။

” ဒါက ဂြိုဟ်တစ်လုံးလားဟ ” ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ မေးခွန်းထုတ်မိလိုက်၏။ သူ ရေခဲလွှာကြီးထဲမှ ထွက်လာပြီးနောက် သူ၏ အာရုံခံနိုင်စွမ်းများမှာ ယခင်တုန်းကလောက် ချုပ်တည်းခံထားရခြင်း မရှိတော့သဖြင့် အဝေးကြီးအထိ ပျံ့လွင့်သွားတော့သည်။

သို့သော်ငြားလည်း ဝမ်ပေါင်လဲ့မှာ ဤကမ္ဘာကြီးထဲ၌ ချုပ်တည်းမှုစွမ်းအင်များ အတိုင်းအတာတစ်ခုအထိ ရှိနေသေးသည်ကို အာရုံခံမိနေဆဲပင်။ ၎င်း၏ ဝိညာဉ်ချီများမှာ ပြည်ထောင်စုကြီးထဲရှိ ဝိညာဉ်ချီများထက် အနည်းငယ်ခန့်ပို၍ သိပ်သည်းနေ၏။ သို့သော် သူသည် ၎င်းတို့အား စုပ်ယူနိုင်ရန် အနည်းငယ်ခန့် အခက်တွေ့နေရသည်။ သို့ဖြစ်ရာ တစ်စုံတစ်ခုမှာ သူ့အား ထိုသို့ မစုပ်ယူနိုင်အောင် တားဆီးနေသည့်ပုံပင်။

” စည်းမျဉ်းဥပ‌ဒေသတွေ မတူတာဘဲ ဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအရောင်လက်သွား၏။ ထို့နောက် သူသည် အပေါ်သို့ ပြေးတက်သွားလိုက်ပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုကာ သူ၏ နတ်ဘုရားအာရုံခံနိုင်စွမ်းများကို အဝေးဆုံးအထိ ရောက်အောင် ဆန့်ထုတ်လိုက်သည်။ ခဏအကြာတွင် သူ၏ နတ်ဘုရားအာရုံခံနိုင်စွမ်းများမှာ ထိုရေခဲနယ်မြေကြီး၏ အပြင်ဘက်သို့ ရောက်ရှိသွားတော့သည်။

မိုးကောင်းကင်ကြီးမှာ အပြာနုရောင် မဟုတ်ဘဲ အပြာရင့်ရောင် ဖြစ်နေ၏။ ၎င်းမှာ ကမ္ဘာဂြိုဟ်၏ ကောင်းကင်ယံကြီးနှင့် ဆင်တူပေသည်။ နေမင်းကြီးမှာ ကောင်းကင်ယံထဲ၌ ရှိနေပြီး အလင်းရောင်နှင့် အနွေးဓာတ်များကို ထုတ်လွှတ်ပေးနေ၏။ သို့သော် ထိုအလင်းရောင်များမှာ အေးစက်နေပြီး အနွေးဓာတ်များမှာမူ မြေပြင်ပေါ်ရှိ ရေခဲများအား အရည်ပျော်ကျသွားစေနိုင်လောက်သည့်အထိ အပူချိန် မမြင့်ပေ။

မြေပြင်ပေါ်တွင်မူ လှိုင်းတွန့်များကဲ့သို့ နိမ့်ချည်မြင့်ချည်ဖြစ်နေသော တောင်တန်းများကို မြင်နိုင်ပေသည်။ ထိုနေရာကြီးတစ်ခုလုံးမှာ တောနက်ကြီးတစ်ခုနှင့် တူပြီး ပေါက်ရောက်နေကြသည့် သစ်ပင်ပန်းမန်များမှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ မြေပြင်ကြီးတစ်ခုလုံးအား ရေခဲနှင့် ဆီးနှင်းများကသာ ဖုံးလွှမ်းထားသည်တော့ မဟုတ်ပေ။ သို့သော် မြေပြင်ကြီးမှာ မာကျောနေဆဲဖြစ်ပြီး လေထုထဲတွင်လည်း ရေငွေ့များမှာ ရှိနေသောကြောင့် အေးစက်စက် ဖြစ်နေဆဲပင်။ တိုက်ခတ်နေသည့် လေများမှာလည်း အရိုးထဲအထိ စိမ့်အောင် အေးစက်လွန်းနေ၏။

ခပ်လှမ်းလှမ်းတွင်မူ ပျက်စီးကြေမွနေသော တောင်တစ်လုံး ရှိနေသည်။ ထိုနေရာတွင် ကျောက်စကျောက်နများ နေရာအနှံ့ ပြန့်ကျဲနေပြီး ၎င်းတို့၏အောက်တွင် ချိုင့်ခွက်ကြီးတစ်ခုကို မြင်နိုင်ပေသည်။ ထိုချိုင့်ခွက်ကြီးထဲတွင် လူသေအလောင်း လေးခု ရှိနေပြီး ၎င်း၏ အလွန်တွင်မူ ဒဏ်ရာရထားသည့်ပုံ ပေါ်သော လူတစ်ယောက်ရှိနေ၏။ ထိုသူမှာ ချိုင့်ခွက်ကြီး၏ အဝေးသို့ ပြေးထွက်သွားနေခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး သူနှင့်ဝေးရာသို့ ပြေးထွက်သွားနေသည့် လူအား လှမ်းကြည့်လိုက်၏။ ထိုပုဂ္ဂိုလ်မှာ သူ့အား သတိမထားမိသေးသည့်ပုံပင်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို လှုပ်ရှားလိုက်ပြီး ချိုင့်ခွက်ကြီး၏ ဘေးတွင် ပေါ်ပေါက်လာ၏။ သူသည် ‌လူသေအလောင်း လေးခုအား ကြည့်ရှုစစ်ဆေးလိုက်သောအခါ ၎င်းတို့မှာ မကြာသေးမီကမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထို့အပြင် တစ်စုံတစ်ယောက်မှာ ထို အလောင်းများအား လှန်လှောရှာဖွေခဲ့သည့်ပုံပင်။

” လူသတ်ပြီးတော့ လုယက်ခဲ့တာများလား ” ဝမ်ပေါင်လဲ့မှာ သူ၏ မေးစေ့အား ပွတ်လိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် ထိုရုပ်အလောင်းများကို လက်ညှိုးထိုးလိုက်တော့သည်။

” ဝိညာဉ်၊ လာစမ်း ”

ထိုအချိန်တွင် နတ်မျက်လုံးအဖွဲ့အစည်း၏ အလွန်ရှိ ထာဝရကြယ် ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော မန္တန်အစီအရင်ကြီးထဲ၌ တိုက်ပွဲတစ်ခု ဖြစ်ပွားနေ၏။ ချန်ရှင်းမှာ ပုံမှန်ထက် ပို၍ ပြင်းထန်သည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်မျိုးကို ထုတ်လွှတ်ထားသည်။ ဝမ်ပေါင်လဲ့၏ ဆုံးဖြတ်ချက်ကြောင့် သူသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရပြီး အနည်းငယ်ခန့် စိတ်အေးသွားခဲ့ရသည့်ပုံပင်။

ချပ်ဝတ်တန်ဆာနှင့် လူကြီးမှာမူ မျက်နှာအမူအရာ ပျက်နေ၏။ သူသည် ချန်ရှင်း၏ အားနည်းချက်အား ရှာတွေ့ခဲ့ပြီဟု မှတ်ယူခဲ့ပြီး ထိုအားနည်းချက်အား အခွင့်ကောင်းယူကာ ချန်ရှင်းအား အာရုံထွေပြားသွားအောင်လုပ်ရန် ကြံရွယ်ထားခဲ့၏။ ထိုသို့သာ လုပ်နိုင်မည်ဆိုပါက သူ့အတွက် အခွင့်အရေးတစ်ခု ရရှိသွားမည်ဖြစ်သည်။ သို့သော် သူသည် ယခုလို ဖြစ်သွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူ၏ မျက်ဝန်းထဲတွင် ပါမွှားတစ်ကောင်အဖြစ်သာ ရှုမြင်ထားခဲ့သည့် ကောင်ကလေးမှာ သူဆင်ထားခဲ့သည့် ထောင်ချောက်ထဲသို့ ဝင်ရောက်လာခဲ့ခြင်းမရှိပေ။

” ငါ လောသွားခဲ့တာ။ တကယ်လို့ စိတ်ရှည်ရှည်နဲ့သာ စောင့်နေမယ်ဆိုရင် ငါ့ရဲ့ အစီအစဉ်က သေချာပေါက် အောင်မြင်သွားမှာကွ “

Comment

Leave a Reply

Options

not work with dark mode
Reset