Switch Mode

အခန်း (၁၂၀)

တစ်ညီတစ်ညွတ်တည်းအတူတူ

အခန်း (၁၂၀) တစ်ညီတစ်ညွတ်တည်းအတူတူ

သူ့ကိုကြည့်နေသည့် ဖူအန်းစုကို ရန်ကျောက်ကဲ ပြုံးပြလိုက်ရင်း…

“ကျွန်တော့်မှာ အစီအစဉ် (၂)ခုရှိတယ် ၊ အဲဒီအစီအစဉ် (၂)ခုကို တစ်ညီတစ်ညွတ်တည်း အတူတူလုပ်မှရမှာ”

ခဏနားပြီး ရန်ကျောက်ကဲက ဆက်ပြောသည်။

“အရင်တုန်းက ပြင်ပလောကကိုထွက်ရင်း မဟာကပ်ဘေးမတိုင်ခင်က ထူးကဲယင်မိန်းမပျိုတွေနဲ့ပတ်သက်တဲ့ ကျင့်စဉ်ကျမ်းတစ်ခု အမှတ်မထင် ရရှိခဲ့တယ်”

ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည့် ဖူအန်းစု၏ အကြည့်များ တုန်လှုပ်သွားသည်။

ဘေးနားတွင် ရှိနေသော ဖန်းယွင်ရှန်းကလည်း အနည်းငယ် အံ့အားသင့်သွားပြီး…

“ထိုက်ယင်းကျင့်စဉ်ကျမ်းလား”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…

“အမှန်ပဲ ၊ မင်း အရင်က ကြားဖူးထားတာလား”

ဖန်းယွင်ရှန်းက…

“အင်း… အရင်က အကြီးအကဲအချို့ပြောတာကို ကြားဖူးတယ်”

သူမက ဆက်ပြောသည်။

“ကျွန်မတို့လို ထူးကဲယင်မိန်းမပျိုတွေအနေနဲ့ တခြားသိုင်းပညာကို လေ့ကျင့်မယ်ဆိုရင် ဘာမှမထူးခြားဘူး ၊ သာမန်လူတွေလိုပဲ ဖြစ်မှာပဲ ၊ အဲဒါက ပင်ကိုယ်သိုင်းပါရမီအပေါ်မှာ မူတည်တယ် ၊ ဒါပေမဲ့ မဟာကပ်လေးမတိုင်ခင်က ထိုက်ယင်းကျင့်စဉ်ကျမ်းလို့ လူတွေသိကြတဲ့ အဖိုးတန်ကျင့်စဉ်တစ်ခု ရှိတယ်တဲ့ ၊ အဲဒီကျင့်စဉ်က ထူးကဲယင်မိန်းမပျိုတွေ ကျင့်ကြံဖို့ အသင့်တော်ဆုံးပဲလို့ ကြားဖူးတယ်လေ”

“အဲဒီကျင့်စဉ်ကို ကျင့်ကြံမယ်ဆိုရင် ထူးကဲယင်မိန်းမပျိုတွေအနေနဲ့ အားထုတ်မှုအနည်းငယ်နဲ့ အောင်မြင်မှုအများကြီး ရရှိနိုင်တယ် ၊ သိုင်းတာအိုမှာလည်း ကျင့်ကြံခြင်းအရှိန်အဟုန် အရမ်းမြင့်တက်လာမှာြဖစ်တဲ့အပြင် ထူးကဲယင်ခန္ဓာကိုလည်း ပျိုးထောင်ပေးရာရောက်ပြီး ထူးကဲယင်စွမ်းအားကိုလည်း အားကောင်းစေတယ်တဲ့”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို ကြည့်လိုက်ရင်း…

“ဒါပေမဲ့ မဟာကပ်ဘေးကြီးပြီးသွားတဲ့နောက် အဲဒီကျင့်စဉ်ကျမ်းလည်း  ကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားခဲ့တယ် ၊ အစိတ်အပိုင်းလေးတစ်ခုတောင် မကျန်ရစ်ခဲ့တော့ဘဲ ဒဏ္ဍာရီပမာ ဖြစ်သွားခဲ့တယ်”

ရန်ကျောက်ကဲက သူမ စကားဆုံးသည်အထိ နားထောင်ပြီးနောက် ပြုံးလိုက်သည်။

“အတိအကျပဲ…”

“မင်းရဲ့ ထူးကဲယင်ခန္ဓာကိုယ် ပြန်ရဖို့ ကူညီပေးတဲ့နည်းလမ်းက ငါကိုယ်တိုင်တီထွင်ခဲ့တာပါ ၊ ဒါပေမဲ့ ထိုက်ယင်းကျင့်စဉ်ကျမ်းရဲ့ အယူအဆတွေလည်း ထည့်သါင်းထားတယ်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ဖူအန်းစုကို ကြည့်လိုက်သည်။

“ဂိုဏ်းထဲမှာ ဒီအကြောင်းကိုသိတာ အဖေနဲ့ ဆရာဘိုးဘိုးပဲ ရှိပါတယ် ၊ ဆရာ‌ဒေါ်လေးကတော့ အကြီးအကဲတွေထဲမှာ တတိယမြောက် သိတဲ့သူပါပဲ ၊ ကျွန်တော် ဒီကျင့်စဉ်ကျမ်းကို ရှာတွေ့ပြီးတဲ့နောက် ဆရာ‌ဒေါ်လေးကလည်း တံခါးပိတ်ကျင့်ကြံနေတာဆိုတော့ ဒီနေ့မှာပဲ ဒီအကြောင်းပြောဖြစ်တာပါ”

ဖူအန်းစုက ခေါင်းညိတ်လိုက်ရင်း ပေါ့ပေါ့ပါးပါးလေသံဖြင့်…

“ဒီကိစ္စမှာ မင်းက အတော့်ကို ပံ့ပိုးပေးခဲ့တာပဲ ၊ ဒါပေမဲ့ မင်းမှာ ထိုက်ယင်းကျင့်စဉ်ကျမ်းရှိတယ်ဆိုရင် ငါ့ကို ပေးလိုက်ပါ ၊ ငါက အဲဒါကို ယွင်ရှန်းလက်ထဲအပ်လိုက်ပြီး ယွင်ရှန်းကို သင်ပြပေးမယ်”

ထိုစကားကြောင့် ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့မှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

အားဟူကတော့ ခေါင်းကိုတွင်တွင်ငုံ့ကာ မြေပြင်ကိုသာ စိုက်ကြည့်နေ၏။ ဖူအန်းစုပြောသည့်စကားများက သဘာဝကျသည်အမှန်ပင်။

ဖူအန်းစုက သိမ်မွေ့စွာဖြင့်…

“မင်းရမယ့်ဆုလာဘ်ကို ငါက လုယူဖို့ ရည်ရွယ်ချက် မရှိပါဘူး ၊ ဂိုဏ်းကလည်း မင်း ရသင့်ရထိုက်တာကို မပေးဘဲ မနေပါဘူး ၊ ငါက ယွင်ရှန်းကို သိုင်းပညာသင်ပေးရုံသာမက ကျန်တဲ့ကိစ္စတွေကိုလည်း ကောင်ကောင်းညှိနှိုင်းပေးနိုင်ပါတယ် ၊ ဆိုတော့… ဒီကိစ္စတစ်ခုတည်းမှာ ဘာလို့ မင်းရောငါရော လူနှစ်ယောက် ဒုက္ခရောက်ခံမလဲ၊ ပြီးတော့… ကျောက်ကဲ… မင်းကိုယ်တိုင်လည်း ကျင့်ကြံခြင်း နှောင့်နှေးသွားလို့ မဖြစ်ဘူးလေ”

ဖူအန်းစုက ရန်ကျောက်ကဲကို ကြည့်လိုက်ရင်း…

“မဟုတ်မှလွဲရော… မင်း ယွင်ရှန်းကို သဘောကျနေလို့ သူ့အနားနေ့တိုင်းရှိနိုင်အောင် ဂွင်ဆင်နေတာတော့ မဟုတ်ပါဘူးနော်”

“အဟွတ် အဟွတ်…”

ထိုစကားကြောင့် အားဟူမှာ တံတွေးပင်သီးသွားရသည်။

ပုံမှန်အားဖြင့် အေးစက်စွာနေတတ်သော စစ်ခုန်ချင်းသည်ပင် ရန်ကျောက်ကဲကို စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်၏။

ဖန်းယွင်ရှန်းက မျက်တောင်လေးများတဖျတ်ဖျတ်ခတ်လိုက်သည့်တိုင် ရှက်သွေးဖြာသွားသည့် မိန်းကလေးတစ်ယောက်အသွင် လုံးဝမရှိပေ။ ရန်ကျောက်ကဲကိုကြည့်နေသည့် သူမ၏မျက်ဝန်းများက ရယ်ချင်စိတ်ကို မျိုသိပ်ထားဟန်ဖြင့် တောက်ပ၍ပင်နေသေးသည်။

လူတိုင်း၏အကြည့်များ သူ့အပေါ် ကျရောက်လာကြသော်လည်း ရန်ကျောက်ကဲကတော့ ဖိအားခံစားရဟန်မရှိဘဲ ပုံမှန်အတိုင်းပင် ရှိသည်။

ဖူအန်းစုက နူးညံ့သိမ်မွေ့စွာဖြင့်…

“ပြီးတော့ မင်းသာ ယွင်ရှန်းရဲ့ ထူးကဲယင်ကျင့်ကြံခြင်းကို တာဝန်ယူမယ်ဆိုရင် ငါ့ကို မကြာခဏရင်ဆိုင်ရလိမ့်မယ် ၊ အရင်မျိုးဆက်ရဲ့ ပြဿနာတွေကြောင့် မင်းလည်း ငါ့ကိုတွေ့တဲ့အခါ အနေရခက်မှာပဲ မဟုတ်လား ၊ ဘာလို့ဒုက္ခခံချင်ရတာလဲ”

သူမ၏ စကားများက အရင်ကထက် ပိုမိုပြတ်သားလာလေရာ ရန်ကျောက်ကဲသည်ပင် မချိပြုံးပြုံးမိတော့မတတ် ဖြစ်သွားရသည်။

ဆရာ‌ဒေါ်လေး’ဖူ’က သူ့စိတ်ကျေနပ်မှုကိုသာ အာရုံစိုက်ပြီး အခြားသူများ၏ခံစားချက်ကို အရေးစိုက်သူ မဟုတ်ပေ။

သို့ပေသိ ရန်ကျောက်ကဲကတော့ ထိုကိစ္စနှင့်ပတ်သက်ပြီး အမှန်တကယ်ပင် မကျေမနပ် မဖြစ်ခဲ့ပါပေ။ အကြောင်းမှာ ဖူအန်းစု၏စကားများက မယဉ်ကျေးသော်လည်း သူ့အတွေးများက ကျိုးကြောင်းဆီလျော်မှု ရှိနေသည် မဟုတ်ပါလား။

ဖြစ်နိုင်မည်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် အရာအားလုံးကို ဖူအန်းစုလက်ထဲ ပျော်ပျော်ရွှင်ရွှင် အပ်နှံခဲ့ပြီး အလုပ်သမားများကို အမိန့်ပေးစေခိုင်းရသည့် သူဌေးလေးတစ်ယောက်ပမာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေထိုင်နိုင်သည်ပင်။

ဖူအန်းစုပြောသလိုပင် ဂိုဏ်းမှပေးသည့် ဆုလာဘ်များကိုလည်း သူကပင်သေချာပေါက်ရရှိမည်ဖြစ်ပြီး မည်သူမှ သူရရှိမည့်အရာကို လုမယူနိုင်ပေ။

သို့သော် ရန်ကျောက်ကဲကတော့ ဤကိစ္စကို သူ့လက်ထဲမှာပင် ဆုပ်ကိုင်ထားရန် ဆုံးဖြတ်ထားဆဲ ဖြစ်သည်။

ထိုသို့ပြုလုပ်ရန်အတွက် သူ့တွင် အကြောင်းပြချက်များစွာရှိပြီး ကိစ္စအတော်များများက အခြားသူများကို ထုတ်မပြောနိုင်သည့် အကြောင်းအရာများဖြစ်၏။

ကိုယ်ရေးကိုယ်တာပင်ဖြစ်စေ ၊ အခြားအကြောင်းပင်ဖြစ်စေ ယခုတစ်ကြိမ်တော့ ဤကိစ္စတွင် ရန်ကျောက်ကဲကိုယ်တိုင် မဖြစ်မနေ ပါဝင်ရမည် ဖြစ်သည်။

ရန်ကျောက်ကဲက ဖူအန်းစု၏မေးခွန်းကို ရင်ဆိုင်ရသည့်အခါ တည်ငြိမ်စွာပင် အဖြေစကားဆိုသည်။

“ကျွန်တော် ဂိုဏ်းတူညီမလေး’ဖန်း’ကို သဘောကျတယ်ဆိုတာ မငြင်းပါဘူး ၊ ဒါပေမဲ့ ဒီကိစ္စမှာပါဝင်ချင်ရတဲ့အကြောင်းရင်းကတော့ မိန်းကလေးနဲ့ယောကျ်ားလေးကြားက ဆက်ဆံရေးတွေနဲ့ လုံးဝမဆိုင်ပါဘူး”

“ကျွန်တော်က ဂိုဏ်းတူညီမလေး’ဖန်း’ရဲ့ ထူးကဲယင်ကျင့်ကြံခြင်းမှာ အကြံဉာဏ်တွေပေးဖို့ တာဝန်ယူတယ်ဆိုတာက သူနဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေကို အချိန်နဲ့တစ်ပြေးညီစောင့်ကြည့်ချင်တာရယ် ၊ ပြီးတော့ တခြားစိတ်ကူးအချို့လည်း ရှိနေလို့ပါ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…

“ထိုင်ယင်းကျင့်စဉ်ကျမ်းတစ်ခုတည်းနဲ့ ဂိုဏ်းတူညီမလေး’ဖန်း’က တခြားထူးကဲယင်မိန်းမပျိုတွေကို အမီလိုက်နိုင်မယ်လို့ အာမခံလို့ မရပါဘူး ၊ ဒါပေမဲ့ သူသာ တခြားလူတွေကို လိုက်မီသွားခဲ့ပြီး ထူးကဲယင်သရဖူကို ရယူနိုင်တဲ့သူဖြစ်လာခဲ့ရင် အဲဒီသရဖူရဲ့အကူအညီနဲ့ သူ့ရဲ့ကျင့်ကြံခြင်းလည်း အရမ်းလျှင်မြန်လာလိမ့်မယ်”

ဖူအန်းစု၏ မျက်နှာအမူအရာက လေးနက်သွားသည်။

“ဒါဆို စောစောက မင်းပြောတဲ့ အစီအစဉ် (၂)ခုကို တစ်ညီတစ်ညွတ်တည်းလုပ်မှ ဖြစ်မယ်လို့ ဆိုချင်တာလား”

ရန်ကျောက်ကဲက…

“မှန်ပါတယ် ၊ ပထမတစ်ခုက ထိုက်ယင်းကျင့်စဉ်ကျမ်းဖြစ်ပြီး ဒုတိယတစ်ခုကတော့ ကျွန်တော့်ရဲ့ အယူအဆပဲ ဖြစ်ပါတယ်”

ပြောရင်းဖြင့် ရန်ကျောက်ကဲက လက်နှစ်ဖက်ကို ရှေ့တွင်ဖြန့်လိုက်ရင်း…

“အားလုံးဆိုကြတာတော့ ယင်နဲ့ယန်က အတူတကွတည်ရှိနေတဲ့ အဓိကတာအိုတစ်ခုပဲ ၊ ဒါပေမဲ့ ထူးကဲယင်တာအိုက ဘာလို့ နောက်ထပ် အဓိကတာအိုပုံစံတစ်ခု မဖြစ်ရမှာလဲ ၊ ထူးကဲယင်သရဖူက မိုးကောင်းကင်အောက်က ထူးကဲယင်စွမ်းအားတွေ အကုန်လုံးကို ပေါင်းစုပြီး အလွန်ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုကို ဖြစ်ပေါ်စေတယ် ၊ ဒီအချက်ကို ဘယ်သူမှ အလေးမထားဘဲ မနေနိုင်ကြဘူး”

“ဘာလို့လဲဆိုတော့ အဲဒါက အလွန်ထူးခြားတဲ့ တာအိုလမ်းကြောင်းတစ်ခု ဖြစ်နေလို့ပါပဲ ၊ ခရီးကရှည်လျားသလို တောင်ကလည်း မြင့်မားလိမ့်မယ် ၊ ကိုယ်တိုင်လျှောက်လှမ်းမယ်ဆိုရင် လျှောက်လှမ်းလေ ခက်ခဲလေ ဖြစ်မှာပါပဲ ၊ လမ်းအဆုံးကို တွေ့မြင်နေရပေမယ့် တာအိုလမ်းကြောင်းက ကျဉ်း‌မြောင်းသထက် ကျဉ်းမြောင်းလာမှာ ဖြစ်တယ်”

“ဒါပေမဲ့ ထူကဲယင်အခြေခံအုတ်မြစ် သေချာစေမယ်ဆိုရင် သတ်မှတ်ချက်တွေအောက်မှာ တိုးတက်မှုတွေကလည်း ပိုမိုမြန်ဆန်လာလိမ့်မယ် ၊ ဒါဆို ပိုပြီးကျယ်ပြန့်တဲ့ တာအိုလမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်တယ် ၊ အဲဒီလမ်းနဲ့သွားမယ်ဆိုရင် ပိုမြန်နိုင်တယ်”

ယခုတစ်ကြိမ်တွင်တော့ ဖူအန်းစုသည် ရန်ကျောက်ကဲ၏ စကားများကို အလျင်စလို မေးခွန်းမထုတ်တော့ဘဲ လေးလေးနက်နက် စဉ်းစားနေသည်။

အတန်ကြာမှ…

“မင်းက ယန်စွမ်းအားသီးသန့်ပါဝင်တဲ့ ယင်စွမ်းအားသီးသန့်နေရာတစ်ခုကို ရှာဖွေချင်တယ်ဆိုတာ ယွင်ရှန်းရဲ့ ထူးကဲယင်စွမ်းအားတွေ ပြန်ကောင်းလာစေဖို့ ဒီလမ်းကြောင်းအတိုင်းသွားမယ်လို့ စဉ်းစားထားလို့ မဟုတ်လား ၊ ဒီတော့ မင်းအနေနဲ့ မင်းရဲ့အစီအစဉ် (၂)ခုလုံးနဲ့ ထူကဲယင်စွမ်းအားကို သုတေသနပြုထားတာမှာ ရလဒ်ဘယ်လိုရှိမလဲ အတည်ပြုပေးဖို့တော့လိုတယ် ၊ အောင်မြင်နိုင်ခြေ ဘယ်လောက်ရှိနိုင်မလဲ မင်း အတည်ပြုနိုင်သလား”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…

“မှန်ပါတယ် ၊ မတူကွဲပြားတဲ့လမ်းကြောင်းတွေကို အခြေခံပြီး မတူညီတဲ့အစီအစဉ် (၂)ခုကို သုတေသနပြုခဲ့ပါတယ် ၊ ပြီးမှ တူညီတဲ့ကောက်ချက်တစ်ခုကို ချခဲ့တာပါ ၊ အတည်မပြုရသေးပေမယ့် ဒီအစီအစဉ်က အောင်မြင်မယ်လို့ ယုံကြည်ပါတယ်”

ဖူအန်းစုက အလျှင်အမြန်ပင် ဆက်ပြောသည်။

“ထူးကဲယင်စွမ်းအားကို အခြေခံအုတ်မြစ်အဖြ်စ သေချာစေမယ့် အခြေအနေတစ်ခုအောက်မှာပဲ ဖြစ်နိုင်မယ်လို့ မင်း ပြောခဲ့တယ်နော် ၊ မဟုတ်လို့ကတော့ ယင်နဲ့ယန် ကျပန်းပေါင်းစပ်သွားရင် ယွင်ရှန်းရဲ့ ထူးကဲယင်စွမ်းအားကို ထိခိုက်သွားနိုင်တယ် ၊ အကောင်းထက် အဆိုးဖြစ်လာနိုင်တယ်”

“ဆိုတော့… တကယ်အလုပ်ဖြစ်ဖို့အတွက် အစီအစဉ်ဆွဲဖို့လိုတယ် ၊ မဟုတ်ရင် လေထဲတိုက်အိမ်ဆောက်သလို အပြောနဲ့တင် လမ်းဆုံးသွားလိမ့်မယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…

“ဆရာ‌ဒေါ်လေး’ဖူ’ ပြောတာ အဓိပ္ပါယ်ရှိတယ် ၊ ကျွန်တော် သဘောတူပါတယ် ၊ လုပ်ရပ်တွေက စကားလုံးတွေထက်ပိုပြီး ကျယ်လောင်တယ်ဆိုတာ ကျွန်တော် အမြဲတမ်း ယုံကြည်ပါတယ်”

ထိုသို့ပြောပြီးသည်နှင့် ရန်‌ကျောက်ကဲက လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး လေဲတွင် တစ်စုံတစ်ခုကို ရေးသားလိုက်သည်။ ကြယ်တာရာချီစွမ်းအားကို အသုံးပြုထားသည့်အတွက် သူရေးသားလိုက်သည့်အရာက အချိန်ကြာမြင့်စွာ ပျောက်ကွယ်မသွားဘဲ လေထုထဲတွင် တည်ရှိနေသည်။

ထိုအရာကိုကြည့်ပြီး ဖူအန်းစုမျက်ဝန်းများထဲတွင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားသည်။

“ဒါက သန္ဓေတည်တဲ့အဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် သိုင်းပညာရှင်အဆင့်အတွက်တော့ လုံလောက်မယ်ထင်ပါတယ်”

ဖူအန်းစု ရန်ကျောက်ကဲကို ကြည့်လိုက်ပြီး လေသံလျှော့သွားသည်။

“ဒီထူးကဲယင်စွမ်းအားကိစ္စတစ်ခုလုံး မင်းကိုယ်တိုင်လုပ်မယ်လို့ တွေးထားတာ မအံ့သြတော့ပါဘူး ၊ ဒီနယ်ပယ်မှာ မင်းလုပ်ထားတဲ့သုတေသန အောင်မြင်မှုက ငါ့ထက်တေင် နက်ရှိုင်းသေးတယ် ၊ ငါသာ ဒါကို ခွင့်မပြုဘူးဆိုရင် ယွင်ရှန်းကိုလည်း တပည့်အဖြစ် လက်ခံနိုင်တော့မှာမဟုတ်သလို ဂိုဏ်းအပေါ်လည်း တာဝန်မကျေရာရောက်မယ်”

ဖူအန်းစု ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက်ချကာ စိတ်ထဲမှ တွေးလိုက်သည်။

“ရန်တိရေ… မင်းရဲ့သားကတော့ တစ်နေ့ မင်းကိုကျော်တက်သွားလိမ့်မယ်”

Comment

Leave a Reply

Options

not work with dark mode
Reset