Switch Mode

အခန်း (၁၁၉)

အကြီးအကဲတွေနောက်ဘယ်လိုလိုက်မလဲ

အခန်း (၁၁၉) အကြီးအကဲတွေနောက်ဘယ်လိုလိုက်မလဲ

ရန်ကျောက်ကဲကို ရှင်းရှင်းလင်းလင်း ဝင်ခွင့်ပြုခြင်းမဟုတ်သော်လည်း ရေတံတိုင်းမျက်နှာပြင်ထက်မှ စာလုံးများ ပျောက်ကွယ်သွားသည်။

အတားအဆီးပွင့်သွားပြီး ပေါ်လာသည့် လမ်းကြောင်းကိုကြည့်ရင်း အားဟူ တုန်လှုပ်ချောက်ချားသွားသည်။

ရန်ကျောက်ကဲက တည်ကြည်လေးနက်သောမျက်နှာထားဖြင့် အဝေးဆီမှ ကန်ရေပြင်ဆီသို့ ဦးညွှတ်လိုက်ရင်း…

“ဆရာ‌ဒေါ်လေး’ဖူ’ကို ကျေးဇူးတင်ပါတယ်”

ထို့နောက် ရေတံတိုင်းမှ ဖွင့်ပေးထားသည့် လမ်းကြောင်းအတိုင်း လမ်းလျှောက်ဝင်ရောက်သွားသည်။

အားဟူ အနည်းငယ်ထိတ်လန့်သွားသည့်တိုင် ရန်ကျောက်ကဲနောက်သို့ ချက်ချင်းလိုက်ပါသွားပြီး အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။

“သခင်လေး…. ဘယ်လိုလုပ်လိုက်တာလဲ”

ရန်ကျောက်ကဲက လက်ဖျောက်တစ်ချက်တီးလိုက်ရင်း…

“ဂိုဏ်းတူညီမလေး’ဖန်း’ကို တွေ့တာနဲ့ ဆရာ‌ဒေါ်လေး’ဖူ’က သူ့ရဲ့ ထူးကဲယင်ခန္ဓာနောက်ကွယ်က နက်နဲတဲ့အကြောင်းအရာတွေကို နားလည်နိုင်မှာ မဟုတ်တော့ဘူး ၊ ဒီတော့ အရမ်းသိချင်တာကို သည်းမခံနိုင်တော့ဘဲ ငါ့ကို မေးမြန်းဖို့ ဝင်ခွင့်ပြုလိုက်တာပဲ”

အားဟူက…

“အဲဒီလောက်တောင် ရိုးရှင်းလား”

ရန်ကျောက်ကဲက ပခုံးတွန့်လိုက်ပြီး…

“အဲဒါက ဆရာဒေါ်လေး’ဖူ’ရဲ့ အကျင့်စရိုက်ပဲလေ ၊ သူက သူ မသိတဲ့ကိစ္စမျိုးဆိုရင် လုံးဝမစောင့်နိုင်ဘူး ၊ ချက်ချင်းသိချင်တာ ၊ ပြီးတော့ သူက ငါ့ကို တိုက်ရိုက်စိတ်ဆိုးနေရအောင် ငါက ငါ့အဖေလည်း မဟုတ်…”

ရန်ကျောက်ကဲက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ပုံမှန်ပင် လမ်းလျှောက်သွားသည်။

“ဒါပဲလေ… ဆရာ‌ဒေါ်လေး’ဖူ’က သူ လုပ်ချင်ပြီဆိုရင် စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာကို လှန်လိုက်တာထက်တောင် အပြောင်းအလဲ မြန်သေးတယ် ၊ လျှို့ဝှက်ချက်ကို သိသွားတဲ့အခါကျရင်တော့ ငါ့ကို ကန်ထုတ်မလား မပြောတတ်ဘူး”

အားဟူက ခေါင်းညိတ်လိုက်ရင်း…

“သခင်လေး… ဒါဆို ပညာလျှိုထားနော် ၊ သခင်လေး ကန်ထုတ်ခံရရင် ကျွန်တော်လည်း ကန်ထုတ်ခံရသလိုပဲ”

နှစ်ယောက်သား စကားစမြည်ပြောကာ လမ်းလျှောက်လာရင်း ရေကန်အလယ်သို့ ရောက်ရှိလာသည်။

တိမ်ဖြူများဖြင့် ဖွဲ့စည်းထားသည့် ကြီးမားသော ခန်းဆောင်ကြီးအောက်တွင် ကျွန်းငယ်တစ်ခု ရှိနေသည်။

ကျွန်းပေါ်ရှိ တောင်ကုန်းတစ်ခုထက်တွင် ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့ မတ်တတ်ရပ်နေကြပြီး သူတို့ရှေ့တွင်တော့ အစိမ်းရောင်ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်က တိတ်ဆိတ်စွာဖြင့် အောက်သို့ ငုံ့ကြည့်နေသည်။

မိန်းမပျို၏အသက် မည်မျှရှိသည်ကို ဆုံးဖြတ်ရခက်သည်။ ရုတ်တရက်ကြည့်လျှင် အသက် (၂၀)ကျော်အရွယ်ဟု ထင်မှတ်ရပြီး သေသေချာချာကြည့်ပြန်တော့ အသက် (၃၀)ဝန်းကျင်ဟု ထင်ရပြန်သည်။

သူမ၏ရုပ်သွင်သည် စစ်ခုန်ချင်း ၊ ဖန်းယွင်ရှန်းတို့ကဲ့သို့ပင် ချောမောလှပလေ၏။ သို့သော် အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့သည့်အတွက် သူမပုံစံက မိန်းကလေး (၂)ယောက်ထက်ပင် ပိုမိုတည်ငြိမ်ကာ ကျက်သရေရှိလှသည်။

ရန်ကျောက်ကဲ တောင်ကုန်းထက်သို့တက်သွားပြီး ထိုမိန်းမပျိုကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ဆရာ‌ဒေါ်လေး’ဖူ’”

ထိုမိန်းမပျိုက ‘ဖူအန်းစု’ ပင် ဖြစ်သည်။ သူမမျက်နှာက ခပ်တည်တည်ပင်ရှိပြီး စောစောက ရန်ကျောက်ကဲကို ဝင်ခွင့်မပြုခဲ့သူမှာ သူမ မဟုတ်သလို မသိချင်ယောင်ဆောင်နေလေသည်။

“ငါ သူတို့ (၂)ယောက်လုံးကို အရမ်းသဘောကျတယ် ၊ နှစ်ယောက်လုံးကို တပည့်အဖြစ်ခေါ်မယ် ၊ ဂိုဏ်းမှတ်တမ်းစာရင်းထဲမှာ သူတို့ (၂)ယောက်လုံးကို ငါ့ရဲ့ တပည့်ရင်းတွေအဖြစ် မှတ်တမ်းတင်နိုင်တယ်”

ထိုစကားက ရန်ကျောက်ကဲကို တွေ့တွေ့ချင်း ဖူအန်းစု ပြောလိုက်သည့် စကားဖြစ်သည်။ သူမစကားကိုကြည့်ခြင်းအားဖြင့် ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းကို အတော်လေး ကျေကျေနပ်နပ်ဖြင့် သဘောကျသည်မှာ ထင်ရှားသည်။

ဖန်ယွင်ရှန်းကိုကြည့်လိုက်တော့ သူမရင်ထဲ ခံစားချက်များဖြင့် ပြည့်နေကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်သည်။ ထိုခံစားချက်များထဲတွင် သူမ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်ကိုလည်း တွေ့မြင်ရသည်။

ယခင်က အခက်အခဲဒုက္ခများစွာကို ခံစားခဲ့ရသော သူမအနေဖြင့် မျှော်လင့်ချက်ရောင်ခြည်ကို နောက်တစ်ကြိမ် တွေ့မြင်ခဲ့ရပြီး သူမ ရှေ့တွင်ရှိနေသည့် အရေးအကြီးသော အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ရန် လိုအပ်လေသည်။

သူမ ဝါဒတောင်သို့ ဝင်‌ရောက်ခဲ့သော်လည်း အများစုက သူမ၏ဇာစ်မြစ်ကို မသိရှိကြပေ။ အမှတ်မထင်ရောက်လာသည့် တပည့်တစ်ယောက်က တပည့်ရင်းအဖြစ် သတ်မှတ်ခံရသည့်သတင်း ပျံ့နှံ့သွားပါက အတော်လေး အငြင်းပွားစရာ ဖြစ်လာနိုင်သည်။

အနည်းဆုံးတော့ သူမက ဂိုဏ်းထဲသို့ရောက်သည်မှာ နှစ်ဝက်ခန့်ကြာပြီးနောက် ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ တက်ခဲ့သည် မဟုတ်လား။

သူမ ဘေးနားမှ စစ်ခုန်ချင်းကတော့ ဂိုဏ်းထဲရောက်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သလို တပည့်ရင်းတစ်ယောက်ဖြစ်လာရန်အတွက် စမ်းသပ်စစ်ဆေးမှုများစွာကိုလည်း ဖြတ်သန်းခဲ့ရသည်။

စစ်ခုန်ချင်းကို ကြည့်လိုက်တော့ သူမ၏ ကြည်လင်သောမျက်ဝန်းများထဲတွင် ပျော်ရွှင်မှုများအပြင် မျှော်လင့်ချက်များကိုပါ တွေ့မြင်ရသည်။ သူမက ဖန်းယွင်ရှန်းအပေါ်လည်း မကျေမနပ်ဖြစ်ဟန် မရှိပေ။

ဖန်းယွင်ရှန်းသည် ထူးကဲယင်မိန်းမပျိုတစ်ယောက်ဖြစ်ကြောင်း သိရှိသူအနည်းငယ်ထဲတွင် စစ်ခုန်ချင်းလည်း အပါအဝင်ဖြစ်သည်။ သို့သော် သူမက ထူးကဲယင်ခန္ဓာကိစ္စကို အမှန်တကယ်ပင် အရေးမစိုက်ပေ။

စစ်ခုန်ချင်းအတွက် ပိုမိုအရေးကြီးသည်မှာ သိုင်းတာအိုနယ်ပယ်တွင် ထူးချွန်ထက်မြက်သည့်စွမ်းရည်များ ရရှိရန်သာ ဖြစ်၏။

ဖူအန်းစုက ဖန်းယွင်ရှန်းကို လှည့်ကြည့်လိုက်ရင်း…

“သူ့ ပြောစကားအရတော့ အရင်က မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပြီး သူမခန္ဓာကိုယ်တွင်းက ထူးကဲယင်စွမ်းအားတွေအကုန်လုံး ခမ်း‌ခြောက်သွားခဲ့တယ်တဲ့ ၊ ဒါပေမဲ့ အခုတော့ အတော်လေး ပြန်ကောင်းလာနေပြီ”

ဖူအန်းစု၏စကားသံက သေနတ်ထဲမှ ကျည်ဆံလွှတ်လိုက်သလို မြန်ဆန်သွက်လက်လွန်းသည်။

“အဲဒါ မင်း ဘယ်လိုလုပ်လိုက်တာလဲ ၊ ယွင်ရှန်းပြောတာတော့ မင်းက ရွှေအပ်တစ်ချောင်းအသုံးပြုပြီး အပ်စိုက်ပညာနဲ့ သူ့ရဲ့ ခြောက်သွေ့သွားတဲ့ ထူးကဲယင်သွေးပြန်ကြော ၊ သွေးလွှတ်ကြောတွေကို အပ်စိုက်ကုသပေးခဲ့တယ်လို့ ဆိုတယ်”

“မင်း အပ်စိုက်ပညာအသုံးပြုတဲ့အခါ ရွှေအပ်ပေါ်မှာ အမြင်ဖုံးကွယ်မြက်ရဲ့အစေ့ကထွက်တဲ့အဆီကို သုတ်လိမ်းထားမယ်ဆိုတာ ငါသိတယ် ၊ ဒါပေမဲ့ မင်း အသုံးပြုတဲ့ အပ်စိုက်ပညာက သာမန်မဟုတ်ဘဲ တစ်ခုခုတော့ ထူးခြားတာ အမှန်ပဲ”

ရန်ကျောက်ကဲသည်လည်း ‌စောစောက မည်သည့်ကိစ္စမှ မဖြစ်ခဲ့သလို ဟန်ဆောင်ရင်း အနည်းငယ်ပြုံးလိုက်သည်။

“ဒါက အမှန်ပါပဲ ၊ ကျွန်တော် သရုပ်ပြပေးပါ့မယ် ၊ ဆရာ‌ဒေါ်လေးက လိုအပ်တာတွေ လမ်းပြပေးပါ”

ထို့နောက် ဖန်းယွင်ရှန်းက သူ့ရှေ့ရောက်လာပြီး အပ်စိုက်ပညာကို သရုပ်ပြခြင်းကို စတင်လိုက်သည်။

ရန်ကျောက်ကဲ ပထမဆုံးအပ်စိုက်သည်ကို ကြည့်ပြီး ဖူအန်းစုက ဖြည်းညင်းစွာ ခေါင်းညိတ်သည်။

“ဒီအပ်စိုက်ပညာက ဒီလိုကိုး”

ရန်ကျောက်ကဲက ရွှေအပ်ကိုကိုင်ထားရင်း ပြုံးလိုက်ပြီး ဖန်းယွင်ရှန်းထံသို့ အသံပို့လွှတ်စနစ်ဖြင့် တိတ်တဆိတ် စကားပြောလိုက်သည်။

“ဘယ်လိုလဲ ၊ နောက်ဆုံးတော့ မင်းထက်တောင် စကားပြောပိုမြန်တဲ့သူတစ်ယောက်ကိုတွေ့လိုက်ရတဲ့ ခံစားချက်က ဘယ်လိုနေလဲ”

သူမက ဖူအန်းစုလောက် စကားပြောမမြန်လေရာ ဖန်းယွင်ရှန်း မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်လိုက်သည်။

“ဆရာက စကားဆယ်ကြောင်းပြောမယ်ဆိုရင် ကျွန်မက ရှစ်ကြောင်းလောက် ပြောနိုင်ပါတယ် ၊ ခြားနားချက်ရှိပေမယ့် သိပ်မကွာပါဘူး”

ရန်ကျောက်ကဲက သူ့နှုတ်ခမ်းထောင့်များတွန့်ကွေးသွားပြီး…

“ကောင်းတာပေါ့၊ လေးစားစရာပါပဲ”

ထိုစဉ် ဖူအန်းစုက ရန်ကျောက်ကဲကို လှည့်ကြည့်လာပြီး…

“ယွင်ရှန်းရဲ့ ထူးကဲယင်ခန္ဓာကို ပြန်လည်ပျိုးထောင်ပေးဖို့အတွက် မင်းက တာဝန်ယူချင်တယ်ဆိုတဲ့အကြောင်း သတင်းကြားထားတယ်”

ရန်ကျောက်ကဲက ဖူအန်းစု အကြည့်ကို ရင်ဆိုင်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် စကားဆိုသည်။

“ဆရာ‌‌ဒေါ်လေးကပဲ သူ့ကို ကြီးကြပ်ပြီး ပညာသင်ပေးရမှာပါ ၊ ဒါပေမဲ့ ထူးကဲယင်မိန်းမပျိုတစ်ယောက်ရဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ ရည်မှန်းချက်က ထူးကဲယင်သရဖူကို ဆွတ်ခူးနိုင်ဖို့ပဲ မဟုတ်လား”

ဖူအန်းစုက…

“မင်းရဲ့ အပ်စိုက်ကုထုံးအရ ဒီနယ်ပယ်မှာ အတော်လေးကျွမ်းကျင်တယ်လို့ ငါ ပြောနိုင်တယ် ၊ ဆိုတော့… မင်း ဘာတွေတွေးထားသလဲဆိုတာ ငါ့ကိုပြောပြပါ”

ဝါဒတောင်၏ ထိပ်တန်းအကြီးအကဲများတွင် ဖူအန်းစုသည် ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို ပျိုးထောင်ပေးရန် အမြဲတမ်း ပြင်ဆင်ထားသူ ဖြစ်သည်။ ထို့ကြောင့် ထိုကိစ္စများနှင့်ပတ်သက်လျှင် သူမက အမြင့်ဆုံး အခွင့်အာဏာရှိသူ ဖြစ်၏။

ဖူအန်းစု တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာလျှင် အဆင်ပြေသော်လည်း ယခု သူမ ထွက်လာပြီဖြစ်ရာ ထိုနယ်ပယ်တွင် ရန်ကျောက်ကဲ၏ အသိပညာ မည်မျှမြင့်မားသည်ကို သူမအနေဖြင့် အကဲဖြတ်ရန် လိုအပ်သည်။

ထူးကဲယင် မိန်းမပျိုတစ်ယောက်၏ကိစ္စက အမှားအယင်းတစ်စုံတစ်ရာ မဖြစ်စေရန် အလွန်တရာအရေးကြီးသည်။

ရန်ကျောက်ကဲက မနှေးမမြန် ပုံမှန်လေသံဖြင့်…

“ပထမအချက်ကတော့ ဂိုဏ်းတူညီမလေး’ဖန်း’ … သူ့ရဲ့ ထူးကဲယင်ခန္ဓာပြန်ရအောင် ကူညီပေးချင်တာပါ ၊ ပြီးတော့ ရွှေအပ်နဲ့အပ်စိုက်ကုသတာအပြင် သူ့အတွက် အထောက်အကူပြုဖို့ ယန်စွမ်းအားသီးသန့်ပါဝင်တဲ့ ယင်စွမ်းအားသီးသန့်နေရာတစ်ခုကိုလည်း ရှာဖွေနေခဲ့တယ်”

“ကျွန်တော်က အဆုံးမဲ့တောင်တန်းနဲ့ ဆက်ဆံရေးကို စီမံခန့်ခွဲရင်းနဲ့ ဂိုဏ်းတူညီမလေး’ဖန်း’ ပြန်လည်ကောင်းမွန်လာဖို့အတွက် တောင်တန်းနယ်မြေက တိမ်လွှာတောင်ကို မျက်စိကျခဲ့တယ် ၊ ပြီးတော့ ဂိုဏ်းတူညီမလေး’ဖန်း’ အတွက် အထောက်အကူပြုတဲ့ ဆေးဖက်ဝင်ရေချိုးနည်းတစ်မျိုးကိုလည်း သုတေသနပြုခဲ့ပါတယ်”

ရန်ကျောက်ကဲက ခဏနားပြီးမှ ဆက်ပြောသည်။

“ဂိုဏ်းတူညီမလေး’ဖန်း’ ပြန်လည်ကောင်းမွန်လာပြီဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းကို ပုံမှန်အတိုင်း ပြန်သွားနိုင်ဖို့လည်း စဉ်းစားထားပါတယ် ၊ အဲဒါကိုတော့ ဆရာဒေါ်လေး’ဖူ’ လုပ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ် ၊ ဒါပေမဲ့ ကျွန်တော်တို့ရင်ဆိုင်ရမယ့် ပြဿနာတစ်ခုက ဂိုဏ်းတူညီမလေး’ဖန်း’ဟာ သူ့အချိန်တွေကို နှစ်အနည်းငယ် ဆုံးရှုံးခဲ့ရပြီး မန်ဝမ်နဲ့ အခြားသူတွေကို လိုက်မီဖို့ အခုမှ လမ်းကြောင်းပေါ်ပြန်တက်နိုင်ရုံသာ ရှိသေးတာပါ”

“သူ့ရဲ့ ပြိုင်ဘက်တွေက ကျွန်တော်တို့ကို စောင့်နေမှာမဟုတ်ဘူး ၊ ထူးကဲယင်သရဖူ ရသွားတဲ့သူဆိုရင် ပိုပြီးတော့တောင် အရှိန်အဟုန်နဲ့ တိုးတက်လာဦးမှာ ၊ ဒီလိုအခြေအနေမျိုးမှာ… ဂိုဏ်းတူညီမလေး’ဖန်း’ အနေနဲ့ သူတို့ကို လိုက်မီဖို့ ဘာလုပ်သင့်သလဲ”

ရန်ကျောက်ကဲက လက်ဖဝါးများကို အသာဖြန့်လိုက်ရင်း…

“တကယ်တော့ ကျွန်တော်တို့ဂိုဏ်းကို ထူးကဲယင်မိန်းမပျိုတစ်ယောက် ရောက်လာတာနဲ့ အားလုံးအဆင်ပြေသွားမှာ မဟုတ်ပါဘူး ၊ ထူးကဲယင်မိန်းမပျိုတစ်ယောက် ရှိလာတဲ့အတွက် ထူးကဲယင်ပြိုင်ပွဲမှာ ခါတိုင်းလို ဘေးထွက်နေစရာမလိုတော့ဘဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေးကို ရရှိမှာ ဖြစ်တယ် ၊ ဒါပေမဲ့ အနာဂတ်မှာ ‘အိမ်ရှေ့မင်းသားစာဖတ်တာကို အ‌ဖော်ပြုပေးနေသလို’ အေးအေးဆေးဆေး နေလို့တော့မရဘူးလေ ၊ မဟုတ်ရင် ထူးကဲယင်မိန်းမပျိုရှိတာနဲ့ မရှိတာ ဘာမှကွာမှာ မဟုတ်ဘူး”

“ကျွန်တော်တို့ဂိုဏ်းက ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို ပျိုးထောင်ပေးတယ်ဆိုတာ ထူးကဲယင်သရဖူကို အနိုင်ရဖို့ပဲ မဟုတ်လား”

ဘေးနားတွင်ရှိနေသည့် ဖန်းယွင်ရှန်းက ခေါင်းညိတ်လိုက်သည်။ တကယ်တော့ ဤကိစ္စသည်သာ အဓိက ဖြစ်သည်။

သူမ၏ ထူးကဲယင်ခန္ဓာ ပြန်လည်ရရှိခြင်းသည် အရာအားလုံး၏ အစမျှသာ ဖြစ်ပေလိမ့်မည်။

ဖူအန်းစု ရန်ကျောက်ကဲကို ကြည့်လိုက်သည်။ ဖန်းယွင်ရှန်း၏ ထူးကဲယင်ခန္ဓာအပြည့်အဝ ပြန်လည်ရရှိရန်မှာ သူမကို ခေါင်းကိုက်စေသော အဓိကပြဿနာ ဖြစ်၏။

ဖန်းယွင်ရှန်းမဟုတ်ဘဲ ဝါဒတောင်က ကံကောင်းပြီး ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို ကိုယ်တိုင်ရှာတွေ့ခဲ့သည်ဆိုလျှင် သူတို့အနေဖြင့် ထိုမိန်းမပျိုကို အစမအဆုံးတိုင် ပျိုးထောင်ပေးနိုင်သည်။

သို့သော် အခြားသောထိပ်သီးဂိုဏ်းများထက် နှစ်အနည်းငယ် နောက်ကျခဲ့ပြီးနောက် ဤကွာဟချက်ကို လိုက်မီစေရန် မည်သို့ဖြေရှင်းရပါမည်နည်း။

ထူးကဲယင်စွမ်းအား ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သုတေသနပြုခဲ့ပြီးနောက် လွန်ခဲ့သော နှစ်အနည်းငယ်ကသာ သူမကိုယ်တိုင် ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို ပျိုးထောင်ပေးမည်ဆိုလျှင် သူမ၏တပည့်သည် အခြားသော ထိပ်သီးသိုင်းဂိုဏ်းများမှ ထူးကဲယင်မိန်းမပျိုများထက် ညံ့ဖျင်းမည်မဟုတ်ဟု ဖူအန်းစု အပြည့်အဝ ယုံကြည်သည်။

ဖူအန်းစုက မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…

“ဆိုတော့… မင်းမှာ ဘာအစီအစဉ်များ ရှိလို့လဲ”


Comment

Leave a Reply

Options

not work with dark mode
Reset