Switch Mode

အခန်း (၇၃၀)

မတော်တဆမှုတစ်ခု

နတ်မျက်လုံး အဖွဲ့အစည်းမှာ နေအဖွဲ့အစည်းထက် နှစ်ဆပိုကြီးသော ကြယ်အဖွဲ့စည်းတစ်ခုဖြစ်သည်။ ထို ကြယ်အဖွဲ့အစည်းထဲတွင် ၎င်း၏ ပင်မကြယ်ကြီး၏အား လည်ပတ်နေသည့် ဂြိုဟ် စုစုပေါင်း နှစ်ဆယ့်သုံးလုံးတိတိ ရှိနေ၏။

နေအဖွဲ့အစည်းကဲ့သို့ပင် နတ်မျက်လုံး အဖွဲ့အစည်းမှာလည်း ၎င်း၏ကိုယ်ပိုင် လူမှုအဖွဲ့အစည်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို လူမှုအဖွဲ့အစည်း၏ ပတ်ဝန်းကျင် အနေအထားမှာ ပြည်ထောင်စုကြီး၏ ပတ်ဝန်းကျင် အနေအထားနှင့် ဆင်တူသည့်တိုင်အောင် ၎င်းမှာ ပြည်ထောင်စုကြီးထက် သိသိသာသာ ပို၍ ဖွံ့ဖြိုးတိုးတက်ပေသည်။ ထိုသို့ ပတ်ဝန်းကျင် အနေအထား တူသောကြောင့်လည်း နတ်မျက်လုံး အဖွဲ့အစည်း၏ လူမှုအဖွဲ့အစည်းထဲရှိ သက်ရှိများ၏ ပုံပန်းသွင်ပြင်မှာ ပြည်ထောင်စုကြီးထဲရှိ လူသားများနှင့် ဆင်တူနေခြင်း ဖြစ်နိုင်ပေသည်။

သို့သော် ထိုမျိုးစိတ်နှစ်ခုကြားတွင် ဇီဝကမ္မခြားနားချက် အနည်းငယ်ခန့် ရှိနေ၏။

ယနေ့တွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းအား အခြေပြုတည်ထောင်ထားသည့် ပင်မဂြိုဟ်ပေါ်သို့ ဥက္ကာပျံကြီးတစ်လုံး ကျဆင်းလာခဲ့၏။ နတ်မျက်လုံးဂြိုဟ်၏ တမူထူးခြားသော ဂုဏ်သတ္တိများကြောင့် ဥက္ကာပျံများအား မကြာခဏဆိုသလို မြင်တွေ့ရတတ်ပေသည်။ ထို့ကြောင့်လည်း လူအချို့မှာ ထို ဥက္ကာပျံကြီး ရောက်ရှိလာသည်ကို သတိထားမိခဲ့ကြပါသော်လည်း မည်သူကမှ အထူးတလည် ဂရုမစိုက်ခဲ့ကြပေ။

ထို ဥက္ကာပျံကြီး ကျဆင်းသွားမည့် နေရာအနီးတွင် ရှိနေသော ကျင့်ကြံသူ အချို့ကသာလျှင် အဖိုးတန်း ပစ္စည်းများ ရှာတွေ့လို ရှာတွေ့ငြား သွားရောက်စစ်ဆေးကြည့်ရှုကြမည်သာ ဖြစ်သည်။ ထို့ကြောင့်လည်း ဥက္ကာပျံများ ကျဆင်းလာတိုင်း လုယက်မှုများနှင့် တိုက်ပွဲများ မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်ပေသည်။

ယခုအကြိမ်တွင်မူ ထို ဥက္ကာပျံကြီးမှာ ဂြိုဟ်ကြီးပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ကျဆင်းလာသဖြင့် မြေပြင်ပေါ်၌ ချိုင့်ခွက်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်း၏နောက်တွင်မူ ခေါင်းတလားကြီးတစ်လုံး ပါလာသည်။ ၎င်းမှာ မြေပြင်ကြီးနှင့် ရိုက်ခတ်မိသွားသောအခါ မြေကြီးထဲသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်သွား၏။ ထို့နောက် ၎င်းမှာ ရပ်တန့်သွားပြီး မြေကြီးအောက်၌ မြှုပ်ခံထားလိုက်ရသည့်အလား ဖြစ်သွားတော့သည်။

ထို ခေါင်းတလားကြီးမှာ အနက်ရောင်ဖြစ်ပြီး အနက်ရောင် သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသည့်ပုံပင်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ကမ္ဗည်းစာလုံး မြောက်မြားစွာ ရှိနေ၏။ သို့သော်… ထို ကမ္ဗည်းစာလုံး အများစုမှာ ထိခိုက်ပျက်စီးနေသည့်ပုံ ပေါက်နေသည်။ ထို ခေါင်းတလားကြီးမှာလည်း အပေါက်များဖြင့် ပြည့်နှက်နေသလို ၎င်း၏ မျက်နှာပြင်ပေါ်တွင်လည်း ပွန်းရာပဲ့ရာများ ဗရပွ ဖြစ်နေ၏။ ထို ပွန်းရာပဲ့ရာများမှာ ချွန်ထက်သော လက်နက်တစ်ခုကြောင့် ပေါ်ပေါက်လာခဲ့သည့်ပုံပင်။ ၎င်းတို့ထဲမှ အချို့မှာဆိုလျှင် ခေါင်းတလားကြီးအား ထက်ခြမ်းပိုင်းပစ်နိုင်လောက်အောင် နက်ရှိုင်းနေ၏။ သို့ဖြစ်ရာ တစ်စုံတစ်ယောက်မှာ ထို တိုက်ကွက်ကြီး ခေါင်းတလားကြီးအား ဖောက်ထွင်းသွားလုဆဲဆဲ အခိုက်အတန့်တွင် ၎င်းအား ခုခံတားဆီးခဲ့သည့်ပုံပင်။ အကယ်၍ သူသာ ထိုသို့ မတားဆီးနိုင်ခဲ့ပါက ထို ခေါင်းတလားကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားလောက်ပြီဖြစ်သည်။

ထို ခေါင်းတလားကြီးမှာ စိတ်ကူးများနှင့် မမှန်းဆနိုင်လောက်အောင် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုအား ကျော်ဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထိုသို့သာ မဟုတ်ပါက ၎င်းကဲ့သို့သော အစွမ်းထက် အဆောင်ပစ္စည်းတစ်ခုမှာ ယခုလောက်အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်နေမည်မဟုတ်ပေ။

အကယ်၍ ထို ခေါင်းတလားကြီးအား သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်မည်ဆိုပါက ၎င်းပေါ်တွင် ခြောက်သွေ့နေသည့် သွေးကွက်များ ရှိနေသည်ကို မြင်နိုင်ပေမည်။ သို့သော် ၎င်းတို့မှာ အနီရောင် မဟုတ်ပေ။ သို့ဖြစ်ရာ ထိုတိုက်ပွဲကြီးထဲတွင် လူများစွာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိနိုင်ပေသည်။

ထို ခေါင်းတလားကြီးမှာ နေအဖွဲ့အစည်းထဲမှ ရောက်လာသည့် ခေါင်းတလားကြီး ဖြစ်၏။ ၎င်းမှာ ချန်ရှင်းသယ်ဆောင်လာခဲ့သည့် ဝမ်ပေါင်လဲ့တစ်ယောက် ဝင်အိပ်နေခဲ့သော အမှောင်ဂိုဏ်း၏ ခေါင်းတလားကြီး ဖြစ်ပေသည်။

ထို ဥက္ကာပျံကြီး မြေကြီးပေါ်သို့ ကျဆင်းလာပြီး ခေါင်းတလားကြီး မြေကြီးအောက်သို့ ထိုးဖောက်ဝင်ရောက်သွားသောအခါ မြေပြင်ကြီးမှာ တုန်ရီသွားရ၏။ ခေါင်းတလားကြီးပေါ်တွင် ရှိနေသည့် အက်ကွဲကြောင်းကြီးများမှာလည်း ထိုပြင်းအားကြောင့် ကွဲထွက်သွားတော့မည့်အလား ဖြစ်သွားရသည်။ ထို တုန်ခါမှုများကြောင့် ခေါင်းတလားကြီးမှာ အပြင်းအထန် တုန်ရီသွားရသဖြင့် အထဲ၌ အိပ်မောကျနေသည့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပွင့်လာရတော့သည်။

” ရောက်ပြီလားဗျ။ အိပ်ရတာ ကောင်းချက်ဗျာ…. ” ဝမ်ပေါင်လဲ့မှာ သူ၏ မျက်လုံးများကို ပွတ်ကာ သန်းဝေလိုက်ပြီးနောက် ခေါင်းတလားကြီး၏ အဖုံးအား တွန်းဖွင့်လိုက်၏။ သို့သော် သူသည် ၎င်းအား မတွန်းနိုင်ဘဲ ဖြစ်နေရသောကြောင့် အံ့အားသင့်သွားရပြီး အော်ခေါ်လိုက်တော့သည်။

” ဂိုဏ်းတူအစ်ကိုကြီးရေ။ ရောက်ပြီလားဗျ ”

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ထပ်၍ စောင့်နေလိုက်ပါသော်လည်း မည်သည့်စကားမှ ပြန်မကြားရသောကြောင့် အထူးတဆန်း ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် ခေါင်းတလားကြီးအား အကြိမ်အနည်းငယ်ခန့် ထုနှက်လိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို စုစည်းကာ ထပ်၍ အော်ခေါ်လိုက်ပြန်သည်။

” ဂိုဏ်တူအစ်ကိုကြီးရေ။ ရှိလား ”

” ဘာတွေဖြစ်နေတာလဲဗျ။ ဂိုဏ်းတူအစ်ကိုကြီး။ ကျွန်တော််မေးတာကို ပြန်ဖြေပါဦး ” ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းနှင့် မျက်နှာအမူအရာ တည်ကြည်သွား၏။ သူသည် အဆက်မပြတ် အော်ခေါ်နေခဲ့ပါသော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့သောကြောင့် စိုးရိမ်စိတ်များကြီးထွားလာရတော့သည်။

” မမလေးရေ။ ရှိလား ” ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် ခေါင်းတလားကြီး၏ အဖုံးအား သူ၏အမှောင်မီးတောက်ဖြင့် တွန်းဖွင့်ရန် တွေးမိလိုက်ပါသော်လည်း အဆင်အခြင်မဲ့စွာ မပြုမူလိုသောကြောင့် သူ၏ ဆန္ဒများကို ချုပ်တည်းလိုက်၏။ ထို့နောက် သူသည် မမလေးအား လှမ်းခေါ်ကြည့်လိုက်သည်။

၎င်းမှာ သူ၏ အရံ အစီအစဉ် ဖြစ်ပေသည်။

သို့သော် မမလေးမှာလည်း ပြန်မထူးခဲ့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရပြီး အတွေးများထဲတွင် နစ်မျောသွားရတော့သည်။ သို့သော် သူ မည်မျှပင် စဉ်းစားတွေးတောနေစေကာမူ မည်သည့်အရာကိုမှ နားမလည်နိုင်ဘဲ ဖြစ်နေရ၏။ သူသည် ခေါင်းတလားကြီးထဲသို့ ရောက်ရှိသွားပြီးနောက် ချက်ချင်းဆိုသလိုပင် အိပ်မောကျသွားခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ခရီးပန်းတိုင်သို့ ရောက်သွားခြင်း ရှိမရှိကိုပင် မသိနိုင်သေးပေ။

သူသည် အခြေအနေတစ်ခုလုံးအား ခြုံငုံသုံးသပ်ကြည့်လိုက်ပြီးနောက် စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေရင်း အချိန်များကို ရေတွက်နေခဲ့သည်။ ထိုသို့ဖြင့် သုံးရက်မြောက်နေ့တွင် သူသည် မျက်ဝန်းများ အရောင်လက်သွားတော့သည်။

” မတော်တဆမှုတစ်ခုခု ဖြစ်ပွားခဲ့တာပဲ ဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ အမှောင်မီးတောက်များ တောက်လောင်လာတော့သည်။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကို မြှောက်ကာ ခေါင်းတလားကြီးပေါ်သို့ တင်လိုက်၏။ ထိုအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါလာပြီး သူသည် ခေါင်းတလားကြီးနှင့် ချက်ချင်းပင် ချိတ်ဆက်နိုင်စွမ်းရှိသွား၏။ သူသည် အဖုံးအား တွန်းဖွင့်ရန် ပြင်လိုက်စဉ်မှာပင် ခေါင်းတလားကြီးထဲသို့ အသံတစ်သံ ဝင်ရောက်လာ‌၏။ ၎င်းမှာ အခြားတစ်နေရာမှနေ၍ ရောက်ရှိလာသည့်ပုံပင်။ ထိုစကားသံမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။

” ပေါင်လဲ့ရေ ”

” ဂိုဏ်းတူအစ်ကိုကြီး ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ချက်ချင်းဆိုသလိုပင် စူးရှတောက်ပသွား၏။ ထို့နောက် သူသည် ခေါင်းတလားကြီး ၏ အဖုံးအား တွန်းဖွင့်နိုင်ရန် ကြိုးစားနေခြင်း မရှိတော့ဘဲ အလောတကြီး မေးမြန်းလိုက်သည် ” ဂိုဏ်းတူအစ်ကိုကြီး။ ဘာဖြစ်သွားတာလဲ‌ဗျ။ အစ်ကို အပြင်ဘက်မှာ ရှိလား ”

” ပေါင်လဲ့… လမ်းမှာ မတော်တဆမှု တစ်ခုနဲ့ ကြုံခဲ့ရ… အခု လောလောဆယ်တော့…. ငါ မင်းကို အသေးစား လူမှုအဖွဲ့အစည်းတစ်ခုဆီ ပို့ထား…. မင်းရဲ့ ခန္ဓာကိုယ်အစစ်နဲ့ … အပြင်ကို မထွက်မိစေနဲ့… မိုးကောင်ကင်တာအိုက လာနေ… သေချာပေါက် သေသွားလိမ့်မယ်…. ကိုယ်ပွားတွေ ဖန်တီးလို့ရတဲ့ လျှို့ဝှက်ဆန်းကြယ် ပညာရပ်…. ကောင်းကင်တာအို ရှာမတွေ့နိုင်အောင် ယာယီရှောင်တိမ်းနိုင်…. အဲတာဆိုရင် အပြင်ထွက်လို့ရ…. ”

ထို စကားသံမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသောကြောင့် အားကောင်းသော အနှောင့်အယှက်စွမ်းအင်တစ်မျိုးမှာ ထို အသံလွှင့် အကြောင်းကြားစာအား တားဆီးနေသည့်ပုံပင်။ ထို့ကြောင့် ချန်ရှင်း၏ အကြောင်းကြားစာကို အပြည့်အဝ မကြားနိုင်ဘဲ ဖြစ်နေရ၏။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ သူ ကြားရသည့် စကားများကို ဆက်စပ်တွေးတောလိုက်ပြီးနောက် ချန်ရှင်း ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွားသည်။

” မတော်တဆမှုနဲ့ ကြုံခဲ့ရတာဆိုပါလား။ ငါက အသေးစား လူမှုအဖွဲ့အစည်းတစ်ခုဆီ ယာယီပို့ခံထားရတာတဲ့။ မိုးကောင်းကင်တာအို လာနေပြီမလို့ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ အပြင်ထွက်မိရင် သေသွားမှာတဲ့လား။ ဒါပေမဲ့ ကိုယ်ပွားတွေ ဖန်တီးနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကို လေ့ကျင့်လိုက်မယ်ဆိုရင် ခေါင်းတလားကြီးထဲနေ ခဏလောက် ထွက်လို့ရတယ် ဆိုပါလား ” ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ သူသည် ချန်ရှင်းတစ်ယောက် မည်သည့် ဖြစ်ရပ်ကြီးနှင့် ကြုံတွေ့ခဲ့ရမှန်း မသိပေ။ သို့သော် ချန်ရှင်းကဲ့သို့သော အစွမ်းထက် လူတစ်ယောက်အား ဝမ်‌ပေါင်လဲ့ကို အခြားနေရာတစ်ခုခု၌ ချန်ရစ်ထားခဲ့ရအောင် ဖိအားပေးနိုင်ခဲ့သည့် လူမှာ အလွန်အင်မတန်မှ တမူထူးခြားရမည်ဖြစ်ကြောင်း သူက နားလည်ထား၏။

ချန်ရှင်းမှာမူ ပြတ်တောင်းပြတ်တောင်း စကားသံဖြင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုအား ဝမ်ပေါင်လဲ့ဆီသို့ ပေးပို့ပေးလိုက်၏။ သူသည် ထို ပညာရပ်တစ်ခုလုံးကို အစအဆုံး ပေးပို့နိုင်ရန် သူ့ဘက်မှ အစွမ်းကုန်ကြိုးစားခဲ့သည့်ပုံပင်။

ထို ပညာရပ်၏ အမည်မှာ ပုံရိပ်ယောင်ရင်းမြစ်ပညာရပ် ဖြစ်သည်။ ထို ပညာရပ်အား တတ်မြောက်ပြီးသွားသည်နှင့် မိမိ၏ အငွေ့အသက်များကိုသာမက ခန္ဓာကိုယ်တည်ဆောက်ပုံများကိုပါ ပြောင်းလဲပစ်နိုင်စွမ်းရှိပေသည်။ သို့ဖြစ်ရာ မိမိဆန္ဒရှိသည့်အတိုင်း ပြောင်းလဲပစ်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား သေသေချာချာ အကဲခတ်ကြည့်လိုက်ပြီးနောက် အတွေးများထဲ၌ နစ်မျောသွားတော့သည်။ ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်ထဲတွင် ပါဝင်သည့် အချို့သောအဆင့်များမှာ ကျင့်ကြံသူ၏ ဝိညာဉ်များကို အသုံးပြုရန်လိုအပ်ပေသည်။ ဝမ်ပေါင်လဲ့မှာ အမှောင်ကလေးငယ်တစ်ယောက် ဖြစ်ပြီး အမှောင်ဂိုဏ်းထဲတွင် ရှိနေခဲ့စဉ်တုန်းက မှတ်တမ်းအမြောက်အမြားကို လေ့လာဖတ်ရှုထားခဲ့၏။ သို့ဖြစ်ရာ သူသည် ရက်စက်ကြမ်းကြုတ်ပြီး ကျင့်ကြံသူများအား ထိန်းချုပ်နိုင်သော မန္တန်များရှိ‌သည်ကို သိထားပြီးသားဖြစ်သည်။ သို့သော် ထိုမန္တန်များကို အခြားသူများပေါ်၌ အတင်းအဓမ္မ အသုံးပြုခွင့်မရှိပေ။ ထို မန္တန်များအား လေ့ကျင့်ရန် သဘောတူထားသည့် လူများအပေါ်တွင်သာ ၎င်းတို့မှာ အကျိုးသက်ရောက်မှုရှိပေသည်။

” ဒါ တကယ်အစစ်လား။ ဒါမှမဟုတ် လှည့်ကွက်တစ်ခုလား။ ဂိုဏ်းတူအစ်ကိုကြီးကရော တကယ်ပဲ မတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ရတာလား… ” ထိုအချက်မှာ အရေးကြီးလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ သိထားသမျှ အရာအားလုံးကို အသေးစိတ် အကဲဖြတ် သုံးသပ်နေရ၏။ သူသည် ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား သေသေချာချာ လေ့လာဆန်းစစ်ရင်း ၎င်းအား လေ့ကျင့်သင့် မကျင့်သင့် ဝေခွဲရခက်နေတော့သည်။ ထို့နောက် သူသည် ခေါင်းမော့ကာ ခေါင်းတလားကြီး၏ အဖုံးအား ကြည့်လိုက်၏။ အကယ်၍ သူသည် ၎င်းအား ဖွင့်လိုပါက အမှောင်မီးတောက်အား ထုတ်သုံးလိုက်ရုံပင်။

” ငါ လေ့ကျင့်သင့်လား။ ‌ခေါင်းတလားကြီး‌ကိုပဲ ဖွင့်သင့်လား ”

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ဝေခွဲမရ ဖြစ်ကာ နှုတ်ဆိတ်သွားရတော့သည်။ ထိုအချိန်တွင် နတ်မျက်လုံးအဖွဲ့အစည်း၏ အလွန်တွင် ၎င်းထက်ပင် ပို၍ ကြီးမားကျယ်ပြန့်သော ကြယ်အဖွဲ့အစည်းတစ်ခု ရှိနေ၏။ ထို ကြယ်အဖွဲ့အစည်းထဲတွင် ထောင်ပေါင်းများစွာသော အသေးစား ကြယ်အဖွဲ့အစည်းများမှာ အာကာသမန္တန်အစီအရင်ကြီးတစ်ခုအဖြစ် စုဝေးနေကြသည်။

၎င်းမှာ အလွန်အမတန်မှ အရွယ်စားကြီးမားသော မန္တန်အစီအရင်ကြီးတစ်ခု ဖြစ်ပေသည်။ ထို မန္တန်အစီအရင်ကြီးမှာ အရွယ်အစားမျိုးစုံရှိသော ထာဝရကြယ် ထောင်ပေါင်းများစွာ၏ စွမ်းအင်များကို အားဖြည့်လောင်စာများအဖြစ် အသုံးပြုကာ ၎င်း၏ လမ်းတစ်လျှောက်တွင် ရှိနေသည့် အရာအားလုံးကို ဖိနှိပ်ချုပ်တည်းနေ၏။ ထို့အပြင် ထို မန္တန်အစီအရင်ကြီး၏ ထောင့်ရှစ်ထောင့်တွင် ဒယ်အိုးကြီးရှစ်လုံး ရှိနေပြီး ၎င်းတို့မှာ အာကာသထဲ၌ မျောလွင့်နေကြသဖြင့် ၎င်းမှာ ပို၍ပင် အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေတော့သည်။ ထို ဒယ်အိုးရှစ်လုံးမှာ တစ်လုံးနှင့်တစ်လုံး အလွန်မတန်မှ ဝေးကွာလွန်းနေ၏။

ထို ဒယ်အိုးတစ်လုံးချင်းစီတိုင်းမှာ အလွန်အင်မတန်မှ ရှေးဆန်ပြီး ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားတစ်မျိုးချင်းစီကို ထုတ်လွှတ်နေကြ၏။ ထို ဒယ်အိုးများထဲတွင် မှုန်ဝါးဝါး လူရိပ်တစ်ခု ရှိနေသည်ကို မြင်နိုင်ပေသည်။ ၎င်းမှာ ပိတ်မိနေပြီး မရပ်မနား သန့်စင်ခံနေရသည့်ပုံပင်။

ထာဝရကြယ် ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် မန္တန်အစီအရင်ကြီးနှင့် ၎င်း၏ ဒယ်အိုးကြီး ရှစ်လုံးမှာ လှောင်အိမ်ကြီးတစ်လုံး ဖြစ်ပေသည်။ ထို လှောင်အိမ်ကြီးထဲတွင် ပိတ်မိနေသည့်လူမှာ… ချန်ရှင်းဖြစ်၏။

ချန်ရှင်းမှာ အမျက်ချောင်းချောင်း ထွက်နေသည့် မျက်နှာအမူအရာဖြင့် ထို မန္တန်အစီအရင်ကြီး၏ အလယ်တွင် ရပ်နေ၏။ သူ၏ ပတ်ပတ်လည်တွင်မူ အနက်ရောင် လျှပ်စီးတန်းများ တဖျတ်ဖျတ် လက်နေသည်။ ၎င်းတို့မှာ သံကြိုးများကဲ့သို့ ‌ကြယ်အဖွဲ့အစည်း တစ်ခုလုံးထဲ၌ လိမ်ယှက်နေကြ၏။

ချန်ရှင်း၏ ရှေ့တွင်မူ လူကြီးတစ်ယောက်ရှိနေ၏။ သူသည် ရွှေရောင်ချပ်ဝတ်တန်ဆာများ ဆင်မြန်ထားကာ အရပ်ထောင်ထောင်မောင်းမောင်း ရှိပြီး ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပိုင်ဆိုင်ထားသည်။ သူသည် စစ်နတ်ဘုရားတစ်ပါးနှင့် တူနေပြီး အာကာသ မန္တန်အစီအရင်ကြီးတစ်ခုလုံး၏ စွမ်းအင်များကိုပင် ယှဥ်နိုင်စွမ်းရှိသော အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေ၏။

သူ၏ နောက်တွင်မူ မှုန်ဝါးဝါး လူရိပ်ပေါင်း မြောက်မြားစွာ ရှိနေကြသည်။ သူတို့မှာလည်း နတ်ဘုရားများနှင့် ဆင်တူနေကြပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေကြသည်။ ချပ်ဝတ်တန်ဆာနှင့် လူကြီးမှာမူ သူတို့အားလုံးကို အုပ်ချုပ်သည့် ဘုရားသခင် တစ်ပါးကဲ့သို့ပင်။

” ချန်ရှင်း။ အဲဒီကောင်လေးက မင်းအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို ငါ သိပါတယ်။ အဲတာကြောင့်မလို့လည်း ငါက မင်းကို အသံလွှင့်အကြောင်းကြားစာ ပေးပို့ခွင့် ပြုခဲ့ပြီးတော့ အဲဒီ အသံလွှင့်အကြောင်းကြားစာရဲ့ တချို့တစ်ဝက်ကိုပဲ ဝါးတားတား ဖြစ်သွားအောင် လုပ်ခဲ့တာ။ မင်း အရမ်းကိုမှ တန်ဖိုးထားရတဲ့ မင်းရဲ့ ချစ်ညီလေး မင်းကို ယုံလိမ့်မယ်လို့ မင်း ထင်လား။ သူ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာ ငါ အရမ်းသိချင်နေပြီ ” ထို အရပ် ထောင်ထောင်မောင်းမောင်းနှင့် လူကြီးမှာ ပြုံးကာဆိုလိုက်၏။ သူ၏ စကားသံ အာကာသကြီးထဲ၌ ပဲ့တင်ထပ်သွားသောအခါ အနက်ရောင် လျှပ်စီးတန်းပေါင်း ထောင်သောင်းများစွာမှာ တစ်ခုနှင့်တစ်ခု လိမ်ယှက်ကာ တဖျတ်ဖျတ် လက်သွားကြပြီးနောက် အနက်ရောင် ဖန်သားပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထို ပြန်သားပြင်ကြီးပေါ်တွင် ဝမ်ပေါင်လဲ့၏ ခေါင်းတလားကြီး ပေါ်လာ၏။

သို့သော် ၎င်းမှာ ခေါင်းတလားကြီး၏ အတွင်းပိုင်းမဟုတ်ဘဲ အပြင်ပိုင်းကိုသာ ပြနေသည်။

” ဘယ်သူ အပြင်ကို ထွက်လာလိမ့်မယ်လို့ မင်းထင်လဲ။ မင်းရဲ့ ချစ်ညီလေးလား။ ဒါမှမဟုတ် သူ့ရဲ့ ကိုယ်ပွားလား “

Comment

  1. pinkytwetty15392 says:

    အားလုံးပဲ ကြော်ငြာပြီးရင် ပြန်တွေ့ပါမယ် ခင်ဗျ (presenter လေသံဖြင့် ဖတ်ရန်) 🤣🤣

Leave a Reply

Options

not work with dark mode
Reset