ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ရီသွားရသည်။
သူသည် ထို ခေါင်းတလားကြီးမှာ သူ၏ဆရာ့ဆီမှ လက်ဆောင်တစ်ခုဖြစ်ကြောင်း သိထားပါသော်လည်း ၎င်း၏ ရည်ရွယ်ချက်ကို မသိထားသေးပေ။ သူသည် ထို ခေါင်းတလားကြီးထဲတွင် ဝင်ပုန်းကာ မကြာမီ ပေါ်ပေါက်လာတော့မည့် ကပ်ဘေးအန္တရာယ်ကြီးအား ရှောင်လွှားနိုင်ပေသည်။
သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ စကားများကြောင့် မိုးကောင်းကင်တာအိုနှင့် ပတ်သတ်၍ သူ ခန့်မှန်းခဲ့သည့် အရာများမှာ မှန်ကန်နေကြောင်း ဝမ်ပေါင်လဲ့က သိလိုက်ရ၏။ မိုးကောင်းကင်တာအိုအား… ထိပ်သီးအဆင့် လက်နက်ကြီးတစ်ခုအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရပေသည်။
ထို့အပြင် သူသည် အဆုံးမဲ့မျိုးနွယ်စု၏ မိုးကောင်းကင်တာအိုကိုလည်း နားလည်သွား၏။ ထိုသို့ဖြင့် သူသည် အမှောင်ဂိုဏ်း၏ သမိုင်းကြောင်းနှင့် ပတ်သတ်၍ သူသိရှိထားသမျှ အချက်အလက်များကိုပါ ထည့်သွင်းစဉ်းစားကြည့်လိုက်သောအခါ အတိတ်တုန်းက ဖြစ်ပျက်ခဲ့သည့် အရာများကို အရိပ်အမြွက် နားလည်သဘောပေါက်သွားတော့သည်။
အမှောင်ဂိုဏ်းမှာ မိုးကောင်းကင်တာအိုအား ပြောင်းလဲခဲ့ပြီး စကြဝဠာကြီးအတွက် စည်းမျဉ်းဥပဒများ ရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။ အဆုံးမဲ့မျိုးနွယ်စုမှာ မျိုးနွယ်စုပေါင်း မြောက်မြားစွာကို စည်းရုံးသိမ်းသွင်းကာ သူတို့အား ပုန်ကန်ခဲ့ပြီးနောက် မိုးကောင်းကင်တာအိုအား ဖျက်ဆီးခဲ့ကြ၏။ သူတို့မှာ အမှောင်ဂိုဏ်းအား ဖျက်ဆီးချေမှုန်းခဲ့ပြီးနောက် သူတို့၏ကိုယ်ပိုင် မိုးကောင်းကင်တာအိုအား အသစ်ပြန်လည် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် အဆုံးမဲ့မျိုးနွယ်စုမှာ အမှောင်ဂိုဏ်း၏ နေရာ၌ အစားထိုးဝင်ရောက်လာခဲ့ပြီး အမှောင်ဂိုဏ်းထဲမှ အသက်ရှင်ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူများကို လိုက်လံသတ်ဖြတ်နှိမ်နင်းနေခဲ့၏။
သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာမူ အများနှင့်မတူဘဲ တမူထူးခြားသော လူတစ်ယောက်ဖြစ်သည်။
ချန်ရှင်းမှာ ဝမ်ပေါင်လဲ့၏ ခံစားချက်မျိုးစုံ ရောယှက်နေသည့် မျက်နှာကိုကြည့်ရင်း လေသံတိုးတိုးဖြင့် သက်ပြင်းချကာ ဆိုလိုက်သည်။
” ပေါင်လဲ့။ မင်း မင်းရဲ့ ဇာတိမြေထဲကနေ မထွက်ခွာချင်တာကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ မင်း မဖြစ်မနေ ထွက်သွားမှာဖြစ်မှာ။ မင်း အဲဒီလို ထွက်သွားမှလည်း ပြည်ထောင်စု လူမှုအဖွဲ့စည်းက မျှော်လင့်ချက်ရှိမှာ ”
” မျှော်လင့်ချက် ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး သူ၏ဂိုဏ်းတူအစ်ကိုကြီးအား နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
” ပြည်ထောင်စု လူမှုအဖွဲ့အစည်းက အခုလောလောဆယ်မှာ အရမ်း အားနည်းနေတုန်းပဲ။ စကြဝဠာကြီး တစ်ခုလုံးနဲ့ ယှဉ်လိုက်မယ်ဆိုရင် မွေးကင်းစကလေးသာသာ အဆင့်ပဲရှိသေးတာမလို့ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း မရှိသေးဘူး။ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် မပြောနဲ့ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်လောက် ပြည်ထောင်စုကြီးထဲကိုရောက်လာရင်တောင် သူက ဆန္ဒရှိရင် ပြည်ထောင်စုကြီး တစ်ခုလုံးကို အလွယ်တကူ သန့်စင်ပစ်နိုင်စွမ်း ရှိတယ် ” ချန်ရှင်းမှာ သွယ်ဝိုက်မနေဘဲ တည့်တိုးပြောလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ငြိမ်ကျသွားရတော့သည်။ သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း သူက သိထား၏။ ပြည်ထောင်စုကြီးမှာ လူမှုအဖွဲ့အစည်းတစ်ခု အနေနှင့် အလွန်အင်မတန်မှ အားနည်းနေဆဲပင်။ ဝိညာဉ်ချီများမှာ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်ခန့်ကမှ ပြည်ထောင်စုကြီးထဲ၌ ပေါ်ပေါက်လာခဲ့သည် မဟုတ်ပါလော။
” ရှေးဟောင်းဓားကြီးပေါ်မှာ ကျယ်ပြန့်တာအိုနန်းတော် ရှိနေတာမှန်ပေမဲ့ ငါ သိသလောက်ဆိုရင် အိပ်မောကျနေကြတဲ့ အကြီးအကဲတွေ အများစုက အပြင်းအထန် ဒဏ်ရာရထားကြတာ။ သူတို့က သူတို့ရဲ့ဂိုဏ်းပါ အန္တရာယ်နဲ့ ကြုံရမယ်ဆိုရင် ကူညီကောင်း ကူညီနိုင်ပေမဲ့ အဲဒီအန္တရာယ်က ပြည်ထောင်စုကြီးတစ်ခုတည်းပေါ်ကိုပဲ ကျရောက်လာမယ်ဆိုရင်ရော သူတို့က ကူညီပေးလိမ့်မယ်လို့ မင်းထင်လား။ အဲတာတွေ ထားပါဦး။ သူတို့ ပြန်ပြီး သတိရလာတဲ့အချိန်အထိ ပြည်ထောင်စုကြီး ဆက်လက်တည်မြဲနေဖို့ကိုပဲ ဆုတောင်းရဦးမှာ ” ချန်ရှင်းမှာ ထိုသို့ ဆက်ရှင်းပြကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။
သူ၏ စကားများကြောင့် ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဆွံ့အသွားရပြန်သည်။ သူ၏ဘေးတွင် မမလေး ရှိနေသောကြောင့် ကျယ်ပြန့်တာအိုနန်းတော်မှ အကြီးအကဲကြီးများမှာ သတိပြန်ရလာသည့်အချိန်တွင် သူ၏ မဟာမိတ်များအဖြစ် သူ့ဘက်မှ ရပ်တည်ပေးကြမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်နေ၏။ သို့သော်… ထိုသို့သာဆိုပါက သူသည် သူ၏ အသက်အား အခြားလူများ၏ လက်ထဲ၌ အပ်ထားသကဲ့သို့ ဖြစ်နေမည် မဟုတ်ပါလော။ သို့ဖြစ်ရာ အရာအားလုံးမှာ သူတို့၏ စိတ်အခြေအနေများပေါ်တွင်သာ မူတည်နေမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အခြားသူများ၏ အကူအညီပေါ် မှီခိုနေရမည်ကို မလိုလားပေ။
” မင်း ပြည်ထောင်စုကြီးထဲမှာပဲ ဆက်ရှိနေတော့ရော ဘာထူးမှာလဲ။ မင်း မင်းရဲ့ လူမှုအဖွဲ့အစည်းကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီပေးချင်တယ်ဆိုရင် အကောင်ဆုံနည်းလမ်းက ပြည်ထောင်စု လူမှုအဖွဲ့အစည်းကို ပိုပြီးတော့ အစွမ်းထက်လာအောင် လုပ်ပေးဖို့ပဲ ”
” မင်းဆီမှာ ရွေးချယ်စရာ လမ်းနှစ်လမ်းရှိတယ်။ တစ်ခုက အချိန်ကုန်တာကို ထိုင်စောင့်နေဖို့ပဲ။ အချိန်တွေ ကုန်လာတာနဲ့အမျှ မျိုးဆက်သစ်တွေကလည်း တစ်ခုပြီးတစ်ခု တိုးတက်ပြောင်းလဲလာကြမှာ။ ဒါပေမဲ့ နေအဖွဲ့အစည်းရဲ့ လက်ရှိ အနေအထားနဲ့ဆိုရင်တော့ အဲဒီနည်းလမ်းက အချိန်အများကြီးပေးရမှာ။ အဲဒီ အချိန်အတောအတွင်းမှာ ပြည်ထောင်စုကြီးဘက်က ဘာအန္တရာယ်နဲ့မှ မကြုံရဘူးဆိုရင်တောင် အဲဒီလို ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့အတွက် အနည်းဆုံး နှစ်ပေါင်း သောင်းဂဏန်းအထိ လိုတယ် ”
” အဲတာကြောင့်မလို့ ဒုတိယနည်းလမ်းက ပြည်ထောင်စုကြီးနဲ့ ပိုပြီးတော့ သင့်တော်နေတာပဲ ” ဝမ်ပေါင်လဲ့မှာ ချန်ရှင်း၏ စကားကိုကြားလိုက်ရသောအခါ ခေါင်းမော့လာပြီး မျက်ဝန်းများ အရောင်တောက်ပသွား၏။
” ဂိုဏ်းတူအစ်ကိုကြီး။ ဒုတိယနည်းလမ်းက ဘာလဲဗျ ”
” ဖြတ်လမ်းတစ်ခုပဲ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်လာအောင်လုပ်ရင်း မင်းရဲ့ လူမှုအဖွဲ့အစည်းကို တခြား လူမှုအဖွဲ့အစည်းတွေကို ဝါးမျိုနိုင်အောင် ကူညီပေးရမှာ ” ချန်ရှင်းမှာ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ပြန်ဖြေလိုက်၏။ သူ၏ အဖြေထဲတွင် စကြဝဠာကြီးထဲရှိ လျှို့ဝှက် စည်းမျဉ်းဥပဒေသများ ကိန်းအောင်းနေသည်။
” လူမှုအဖွဲ့အစည်း တစ်ခုချင်းစီတိုင်းရဲ့ အခြေခံအုတ်မြစ်က ထာဝရကြယ်တစ်လုံးပဲ။ ထာဝရကြယ်ရှိတဲ့ ကြယ်အဖွဲ့အစည်းတွေကပဲ ကျင့်ကြံခြင်း လူမှုအဖွဲ့အစည်းတွေ ပေါ်ပေါက်လာအောင် စွမ်းဆောင်နိုင်စွမ်းရှိတာ ”
” လူမှုအဖွဲ့အစည်းတစ်ခုရဲ့ ထာဝရကြယ်လို့ သတ်မှတ်လို့ရတဲ့ နေမင်းကြီးက အဲဒီ လူမှုအဖွဲ့အစည်းအတွက် အရေးအကြီးဆုံးပဲ။ အဲတာကြောင့်မလို့လည်း နေမင်းကြီးက သက်ရှိတွေအားလုံး မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်နေတာ ”
” မင်းရဲ့ နေအဖွဲ့အစည်းထဲမှာ နေမင်းကြီးက သက်ရှိတွေအားလုံးရဲ့ မူလအစပဲ။ တကယ်လို့ မင်းတို့ရဲ့ လူမှုအဖွဲ့အစည်းထဲက နေမင်းကြီးကို ထိန်းချုပ်ပြီးတော့ တခြား လူမှုအဖွဲ့အစည်းတွေထဲက ထာဝရကြယ်တွေကို ဝါးမျိုနိုင်မယ်ဆိုရင် မင်းတို့ရဲ့ နေမင်းကြီးက ပိုပြီးတော့ အစွမ်းထက်လာမှာပဲ။ သူ့ရဲ့ ဆွဲငင်အားတွေနဲ့အတူ သူ့ရဲ့ စွမ်းအင်သိုလှောင်နိုင်စွမ်းကလည်း တိုးတက်လာမှာ။ အဲဒီအချိန်ကျရင် အဲဒီနေမင်းကြီးက စကြဝဠာထဲမှာ အဆင့်မြင့်လာမှာလေ ”
” သူ ဝါးမျိုခဲ့တဲ့ ထာဝရကြယ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကတော့ သူ့ရဲ့ အစေခံတွေ ဖြစ်လာကြမှာ။ ပြည်ထောင်စုကြီးရဲ့ ထာဝရကြယ်ကြီး ပိုပြီးတော့ အစွမ်းထက်လာတာနဲ့ ပြည်ထောင်စုကြီးထဲက လူတွေရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းကလည်း ပိုပြီးတော့ မြန်ဆန်လာမှာ ”
” ဒါ ဒီစကြဝဠာကြီးရဲ့ လျှို့ဝှက်စည်းမျဉ်းဥပဒေပဲ။ အဲတာကြောင့်မလို့လည်း လူမှုအဖွဲ့အစည်းတွေ အချင်းချင်းကြားမှာ စစ်ပွဲတွေ ဖြစ်ပွားနေကြတာ။ အဆုံးမဲ့မျိုးနွယ်စုက ဒီလို စစ်ပွဲတွေကို ဝင်မနှောင့်ယှက်ဘူးလေ။ စကြဝဠာကြီး တစ်ခုလုံးထဲမှာ သူတို့ကိုယ်သူတို့ အစွမ်းထက်လာအောင် လုပ်ဖို့အတွက် စစ်ခင်းပြီးတော့ လုယက်ဖျက်ဆီးနေကြတဲ့ လူမှုအဖွဲ့အစည်းတွေမှ အများကြီးပဲ ”
” အဲဒီတော့ မင်း ဘယ်နည်းလမ်းကို ရွေးမလဲ ” ချန်ရှင်းမှာ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်လေးနက်သည့် အကြည့်ဖြင့်ကြည့်ကာ မေးလိုက်သည်။
ဝမ်ပေါင်လဲ့မှာမူ နှုတ်ဆိတ်သွားပါသော်လည်း အသက်ရှူသံများ အနည်းငယ်ခန့် မြန်ဆန်လာရပြီဖြစ်သည်။ သူသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်၏။ ထို့နောက် သူသည် ချန်ရှင်းဘက်သို့လှည့်၍ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ် အရိုအသေပေးလိုက်သည်။
” ကျွန်တော် ဂိုဏ်းတူအစ်ကိုကြီး ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ပါ့မယ်။ ဒါပေမဲ့ ကျွန်တော့်ကို အချိန်တစ်ရက် ထပ်ပေးပါ။ ပြီးရင် ပြည်ထောင်စုကြီးကို ကာကွယ်ပေးနိုင်ဖို့အတွက် အကာအကွယ်မန္တန်တစ်ခုကို သုံးပေးဖို့ တောင်းဆိုချင်ပါတယ် ”
” ဟုတ်ပြီ ” ချန်ရှင်းမှာ ခေါင်းညိတ်လိုက်ပြီး အချိန်ဖြုန်းမနေတော့ဘဲ သူ၏ညာဘက်လက်အား မြှောက်လိုက်၏။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ ကောင်းကင်ယံထဲဥ ဓားချီများ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာကြသည်။ ၎င်းတို့မှာ မြေကြီးပေါ်သို့ ဆင်းသက်လာကြပြီးနောက် မြေကြီးအောက်သို့ တိုးဝှေ့ဝင်ရောက်သွားကြပြီး အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားကြတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့အား ချုပ်နှောင်ထားသည့် အရာများမှာလည်း ပျောက်ကွယ်သွားကြ၏။
” ငါ မင်းကို ကမ္ဘာဂြိုဟ်ရဲ့ အပြင်ဘက်မှာ စောင့်နေမယ် ” ချန်ရှင်းမှာ ထိုသို့ဆိုလိုက်ပြီးနောက် သိုလှောင်အိတ်တစ်လုံးအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ကောင်းကင်ယံထဲသို့ ပျံသန်းဝင်ရောက်သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ လေထဲတွင်ရပ်ရင်း သူ၏ ဂိုဏ်းတူအစ်ကိုကြီး ပျောက်ကွယ်သွားသည့် အရပ်မျက်နှာဘက်သို့ လှမ်း၍ကြည့်နေလိုက်၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် စိတ်ပိုင်းဖြတ်လိုက်တော့သည်။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ကောင်းကင်မြို့တော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။ သူသည် သူ၏နေအိမ်သို့ ရောက်အောင်သွားလိုက်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလိုက်၏။ အရုဏ်တက်ချိန်သို့ ရောက်လာသောအခါ ဝမ်ပေါင်လဲ့မှာ မတ်တတ်ပြန်ထလာပြီး သူ၏မိဘနှစ်ပါးအတွက် မနက်စာ ပြင်ပေးနေလိုက်တော့သည်။ သူ၏မိဘနှစ်ပါး အိပ်ရာမှ နိုးလာသောအခါ သူသည် သူတို့၏ရှေ့၌ ဒူးထောက်လိုက်၏။
သူသည် သူ၏ မိဘနှစ်ပါးအား အကျိုးသင့်အကြောင်းသင့် ရှင်းပြကာ သူ့အတွက် စိုးရိမ်နေမည် စိုးသောကြောင့် အမှန်အတိုင်းမပြောဘဲ အခြားအကြောင်းပြချက်တစ်ခုသာ ပေးလိုက်၏။ သူတို့ မနက်စာ စားပြီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ သူ၏ မိဘများအတွက် အကာအကွယ် မန္တန်အချို့ အသုံးပြုပေးခဲ့ပြီး သူတို့နှစ်ယောက်အား သူ၏ ဂိုဏ်းတူအစ်ကိုကြီး ပေးခဲ့သည့် ဆေးလုံးများကိုလည်း သောက်သုံးစေလိုက်၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သူ၏ မိဘနှစ်ပါးကို တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် ထွက်ခွာလာတော့သည်။
သူသည် ဘန်နီလေးနှင့် လီဝမ်အာတို့ကိုလည်း သွားတွေ့လိုက်၏။ လီရှင်းဝမ်နှင့် သွမ့်မုချွယ်ကိုမူ သူသည် အသံလွှင့် အကြောင်းကြားစာများမှတစ်ဆင့်သာ အသိပေးလိုက်သည်။ အင်္ဂါဂြိုဟ်ဘုရင်ခံနှင့် အခြားသူအနည်းငယ်ခန့်မှာ ဝမ်ပေါင်လဲ့ ထွက်ခွာသွားတော့မည်ဖြစ်ကြောင်း သိလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရ၏။ လီရှင်းဝမ်မှာမူ စိုးရိမ်သောက ရောက်သွားရပြီး သွမ့်မုချွယ်မှာမူ ဆွံ့အမှင်တက်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရသည်။
သို့သော် ဝမ်ပေါင်လဲ့မှာ အခြားရွေးချယ်စရာမရှိပေ။ သူသည် ပြည်ထောင်စုကြီးထဲတွင်သာ နေချင်ပါသော်လည်း သူ၏ ဂိုဏ်တူအစ်ကိုကြီး ပြောခဲ့သည့် စကားများမှာ မှန်ကန်နေသည်မဟုတ်ပါလော။ သူနှင့် ပြည်ထောင်စုကြီး၏ အနာဂတ်အတွက် သူသည် ထွက်ခွာသွားမှ ရမည်ဖြစ်သည်။ သူတို့အတွက် မျှော်လင့်ချက်မှာ နေအဖွဲ့အစည်း၏ ပြင်ပတွင် ရှိနေ၏။
သူသည် ပြည်ထောင်စုဥက္ကဋ္ဌကြီးအဖြစ်သို့ ရောက်မသွားခဲ့သည့်အတွက် နောင်တရနေဆဲပင်။ နောက်ဆုံးတွင် အင်္ဂါဂြိုဟ်ဘုရင်ခံအား ပြည်ထောင်စုဥက္ကဋ္ဌအသစ်အဖြစ် ကြေညာလိုက်၏။ ဝမ်ပေါင်လဲ့ ပြည်ထောင်စုကြီးထဲမှ ထွက်ခွာသွားသည့် အချက်ကိုမူ လျှို့ဝှက်ထားသောကြောင့် ပြည်သူလူထုမှာ သူသည် တံခါးပိတ်ကျင့်စဉ်ထဲတွင် ရှိနေသည်ဟုသာ မှတ်ယူထားကြသည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့ တောင်းဆိုထားသည့် အချိန်တစ်ရက်မှာ ကုန်ဆုံးသွား၏။ သူသည် ကမ္ဘာဂြိုဟ်ပေါ်၌ နောက်ဆုံး နေဝင်ဆည်းဆာအား ကြည့်ရှုလိုက်ပြီးနောက် မတ်တတ်ထလာပြီး ကြယ်တာရာများဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
သူ အာကာသထဲသို့ ရောက်လာသည်နှင့် ချန်ရှင်းမှာ သူ၏ဘေးတွင် ပေါ်ပေါက်လာသည်။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ စကြဝဠာကြီးမှာ ချက်ချင်းဆိုသလိုပင် အသွင်ပြောင်းလဲသွား၏။ ထို့နောက် သူတို့နှစ်ယောက်စလုံးမှာ ကမ္ဘာဂြိုဟ်၏ ဝေးရာသို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရပြီး ခဏအကြာတွင် ပလူတိုဂြိုဟ်ပေါ်၌ ပေါ်ပေါက်လာတော့သည်။
” လျှို့ဝှက်အမှောင်ဂိုဏ်းက အဝေးကြီးမှာ။ ငါတို့တွေ တားမြစ်နယ်မြေခုနစ်ခုကို ဖြတ်ပြီးရင် အဆုံးမဲ့မျိုးနွယ်စုရဲ့ အဓိကပိုင်နက်ကိုလည်း ကျော်ဖြတ်ဖို့ လိုသေးတယ်။ အဆုံးမဲ့မျိုးနွယ်စုရဲ့ မိုးကောင်းကင်တာအိုက ရောက်လာတော့မှာ။ မင်း ဘေးကင်းလုံခြုံနိုင်ဖို့အတွက် ဒီ ခေါင်းတလားကြီးထဲမှာ ဆယ်နှစ်တိတိ အိပ်စက်နေဖို့လိုတယ်။ ဒီ ခေါင်းတလားကြီက ငါတို့ဆရာ ပေးထားတဲ့ လက်ဆောင်တစ်ခုပဲ။ ဒါက တမူထူးခြားတဲ့ အဆောင်ပစ္စည်းတစ်ခု ဖြစ်တာမလို့ ငါက ငါ့ရဲ့ သိုလှောင်အိတ်ထဲမှာ ထည့်သွားလို့ ရမှာမဟုတ်ဘူး။ အဲတာမလို့ လက်နဲ့ကိုင်ပြီး သယ်သွားရမှာ။ ငါတို့ရဲ့ ခရီးစဉ်က အချိန်ဆယ်နှစ်လောက် ကြာမှာဆိုတော့ ငါတို့တွေ ခရီးပန်းတိုင်ဆီကို ရောက်တဲ့အချိန်ကျရင် မင်းလည်း ပြန်နိုးလာလောက်ပါပြီ ”
ဝမ်ပေါင်လဲ့မှာ ချန်ရှင်း၏ စကားများကိုနားထောင်ရင်း ဆွံ့အသွားရ၏။ သူသည် ဆယ်နှစ်တိတိ အိပ်စက်နေရမည်ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ ကြံရာမရဖြစ်သွားရသညိ။ သို့သော်လည်း သူ့ဆီတွင် အခြားရွေးချယ်စရာ မရှိသဖြင့် သူသည် ခေါင်းသာ ညိတ်ပြလိုက်ရသည်။ ချန်ရှင်းတစ်ယောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ပလူတိုဂြိုဟ်မှာ တုန်ရီသွားပြီး မြေပြင်ပေါ်၌ ဧရာမအက်ကွဲကြောင်းကြီးများ ပေါ်ပေါက်လာသည်။ ထို့နောကိ အနက်ရောင် မီးခိုးတန်းများ ထိုးထွက်လာကြပြီး ဝမ်ပေါင်လဲ့ရှေ့၌ ဧရာမခေါင်းတလားကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားတော့သည်။
ထို့နောက် ချန်ရှင်းမှာ မန္တန်လက်ကွက်များ ဖော်လိုက်သဖြင့် ထို ခေါင်းတလားကြီးမှာ တုန်ရီသွားပြီး အရွယ်အစား သေးငယ်သွား၏။ နောက်ဆုံးတွင် ၎င်းမှာ သာမန် အရွယ်အစားသာရှိသော ခေါင်းတလားတစ်လုံးအဖြစ်သို့ ရောက်ရှိသွားတော့သည်။ ထို့အပြင် ၎င်းမှာ မီးခိုးငွေ့များ မဟုတ်တော့ဘဲ ထိတွေ့၍ရသော အနက်ရောင်သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသည့် ခေါင်းတလားတစ်လုံး ဖြစ်နေပြီ ဖြစ်သည်။
ထို ခေါင်းတလားဆီမှ ထွက်ပေါ်နေသည့် ရှေးဆန်သော အငွေအသက်များမှာ ယခင်တုန်းကထက် ပို၍ပင် အားကောင်းနေ၏။ ၎င်း၏ အဖုံးပေါ်တွင် တလက်လက်တောက်ပနေသည့် ကမ္ဗည်းစာလုံးများမှာ စိတ်ကူးများနှင့် မမှန်းဆနိုင်လောက်အောင် အားကောင်းသော ဖိနှိပ်စွမ်းအားများကို ထုတ်လွှတ်နေသည်။
” ကျွန်တော် ဒီ ခေါင်းတလားကြီးထဲမှာ အိပ်နေဖို့ တကယ်ကြီး လိုလို့လားဗျာ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ မေးလိုက်၏။
” ဘာမှစိတ်မပူပါနဲ့ ပေါင်လဲ့ရာ။ တစ်ရေးလောက် အိပ်လိုက်ရုံပဲ။ ငါတို့တွေ ခရီးပန်းတိုင်ဆီကို တန်းရောက်သွားမှာပါ ” ချန်ရှင်းမှာ ဝမ်ပေါင်လဲ့အား ပြုံးပြကာ ပြန်ပြောလိုက်ပြီးနောက် သူ၏ညာဘက်လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ခေါင်းတလားကြီး၏ အဖုံးမှာ ဖြည်းညင်းစွာ ပွင့်သွားသဖြင့် မီးခိုးငွေ့များ ထိုးထွက်လာကြတော့သည်။ ဝမ်ပေါင်လဲ့မှာမူ နဖူးပွတ်လိုက်ပြီးနောက် ရှေ့သို့လှမ်းကာ အထဲသို့ ဝင်သွားလိုက်၏။
သူသည် ခေါင်းတလားကြီးထဲတွင် လဲလျောင်းလိုက်သောအခါ သူထင်ထားသလောက် အခြေအနေ မဆိုးကြောင်း သိလိုက်ရ၏။ ခဏအကြာတွင် သူ၏ခန္ဓာကိုယ်မှာ နွေးလာသောကြောင့် ဝမ်ပေါင်လဲ့မှာလည်း အိပ်ငိုက်လာရတော့သည်။ ထို့ကြောင့် သူသည် သန်းဝေကာ ရေရွတ်လိုက်၏ ” ဆယ်နှစ်လောက် အိပ်ဖို့ဆိုတာ ထင်ထားသလောက်လည်း အဆိုးကြီး မဟုတ်ပါဘူးလေ။ ငါ ပြန်နိုးလာတဲ့အချိန်ကျ ခရီးပန်းတိုင်ဆီ ရောက်နေမှာပဲကို။ ခရီးလမ်းမှာ ဘာမှမဖြစ်ဖို့ဘဲ မျှော်လင့်ပါတယ်… ”
” စိတ်မပူပါနဲ့ကွာ။ ဘာမှ မဖြစ်ပါဘူး ” ချန်ရှင်းမှာ ခေါင်းတလားကြီး၏ အပြင်ဘက်တွင်ရပ်ရင်း ရယ်မောကာ ဆိုလိုက်၏။ သူသည် အဖုံးအား ပြန်ပိတ်လိုက်ပြီး ခေါင်းတလားကြီးအား မ,လိုက်တော့သည်။ ထို့နောက် သူသည် ကြယ်တာရာများဆီသို့ အလျင်အမြန် ဦးတည်သွားလိုက်၏။ သူသည် ခြေလှမ်းသုံးလှမ်း လှမ်းလိုက်ပြီးနောက် နေအဖွဲ့အစည်း၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။
သို့သော် သူသည် ရပ်တန့်သွားခြင်းမရှိဘဲ နောက်ထပ်ခြေလှမ်းတစ်လှမ်း ထပ်လှမ်းလိုက်ပြီး အဝေးရှိ ကြယ်တာရာများဆီသို့ ဦးတည်သွားလိုက်တော့သည်။