Switch Mode

အခန်း (၁၁၇)

အဖေ့ကြောင့်ဖြစ်တဲ့ပြဿနာ

အခန်း (၁၁၇) အဖေ့ကြောင့်ဖြစ်တဲ့ပြဿနာ

ရန်ကျောက်ကဲ နှုတ်ခမ်းများ မဲ့သွားပြီး…

“ဆရာဒေါ်လေး’ဖူ’က တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီလား”

ဖန်ကျွမ်းက ခေါင်းညိတ်လိုက်ရင်း…

“အင်း… မကြာသေးခင်ကပဲ သူ တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ”

သူက ဆက်ပြောသည်။

“လောလောဆယ်တော့ သူက ‌မြောက်ကောင်းကင်ဒေသက တိမ်တိုက်ရေကန်မှာ ရှိနေတယ် ၊ မင်းတို့သွားမယ့်ခရီးနဲ့လည်း လမ်းသင့်တယ်လေ ၊ ပြီးတော့ သူက တောင်တန်းနယ်မြေကို သွားမယ့်ခရီးစဉ်ကို ဦးဆောင်လိမ့်မယ်”

ရန်ကျောက်ကဲ ပါးစပ်အ‌ဟောင်းသားဖြစ်သွားပြီး ခဏမျှ စကားမပြောနိုင် ဖြစ်သွားသည်။

ပြီးမှ…

“ဟုတ်… တကယ့်ကို လမ်းသင့်တာပါပဲ”

ပွင့်ပွင့်လင်းလင်းဆိုရသော် သူတို့အဖွဲ့ကို ဖန်ကျွင်းကိုယ်တိုင်ဦးဆောင်လျှင်ပင် ဒီထက်ပိုကောင်းမည်ဟု ရန်ကျောက်ကဲ တွေးမိသည်။

ဖန်ကျွင်းပြောသည့် ဂိုဏ်းတူညီမလေး’ဖူ’ ဆိုသည်မှာ ဝါဒတောင်၏ စွမ်းအားအမြင့်မားဆုံးသော သိုင်းဆရာသခင်အဆင့် မိန်းကလေးကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သော မိုးတိမ်သခင်မ ‘ဖူအန်းစု’ ဖြစ်သည်။

သူမက ရှီတိ ၊ ဖန်ကျွင်း ၊ ရန်တိတို့နှင့်အတူ ဂိုဏ်းချုပ်ဖြစ်သူ၏ တပည့်ရင်းများထဲမှတစ်ယောက် ဖြစ်သည်။

လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ အမျိုးသမီးပညာရှင်များတွင် သူမ၏ အဆင့်အတန်းက အတော်လေးမြင့်မားသည်။

ထို့ပြင် သူမသည် ယခင်က ဝါဒတောင်တွင် ပြိုင်ဘက်ကင်းအလှဧကရီဘွဲ့ကိုလည်း ပိုင်ဆိုင်ခဲ့ဖူးသူ ဖြစ်၏။

ယခုဆိုလျှင် သူမ၏ လက်ရှိကျင့်ကြံခြင်းအဆင့်သည် အထွတ်ထိပ်အဆင့် ‌ရောက်ရှိနေပြီဟု ဆိုနိုင်သည်။

သူမ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ နောက်ကွယ်မှ အတင်းအဖျင်းဆိုကြသူများလည်း အလိုလို ရပ်တန့်သွားကြသည်။

သို့သော် ရန်ကျောက်ကဲကတော့ ဆရာဒေါ်လေး’ဖူ’နှင့် မပတ်သက်ချင်ပေ။

အဘယ်ကြောင့်ဆိုသော ယခင်အချိန်များတုန်းက ဆရာ‌ဒေါ်လေး’ဖူ’သည် သူမ၏ ဂိုဏ်းတူမောင်လေးဖြစ်သည့် ရန်တိကို အလွန်ပင် သဘောကျကာ ချစ်ခင်မြတ်နိုးခဲ့သည်။

သို့သော် သူမ၏အချစ်က စိတ်မကောင်းစရာ တစ်ဖက်သတ်အချစ်မျှသာ ဖြစ်ခဲ့သည်။

ပန်းက ရည်ရွယ်ချက်ရှိရှိ ကြွေကျခဲ့သော်လည်း စီးဆင်းနေသည့်ရေကတော့ အကြင်နာတရားလုံးဝ မရှိခဲ့ပေ။

ဖူအန်းစုသည် ခိုင်မာသည့် ကိုယ်ရည်ကိုယ်သွေးရှိသည့်တိုင် အနည်းငယ် အမြင်ကျဉ်းမြောင်းသူ ဖြစ်သည်။ ရန်တိက သူမကို အရေးမစိုက်သည့်အခါ သူမ၏ ချစ်ခြင်းမေတ္တာက အမုန်းတရားအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်မှစပြီး သူတို့ (၂)ဦးကြားမှ ဆက်ဆံရေးက အလွန်ပင် အဆင်မပြေဖြစ်ခဲ့ပြီး မျိုးဆက်သစ်လူငယ်ဖြစ်သော ရန်ကျောက်ကဲသည်ပင် ဆရာဒေါ်လေး’ဖူ’နှင့် တတ်နိုင်သမျှ ဝေးဝေးရှောင်ခဲ့သည်။

“တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီတဲ့လား… အင်း…”

ရန်ကျောက်ကဲက သူ့ခေါင်းကို လက်ဖြင့်ပွတ်သပ်လိုက်ရင်း ဖန်းယွင်ရှန်းကို လှည့်ကြည့်လိုက်သည်။

သူမကိုကြည့်ရသည်မှာ အနည်းငယ် ထိတ်လန့်နေသည်ကို တွေ့လိုက်ရ၏။ မိုးတိမ်သခင်မ’ဖူအန်းစု’ အကြောင်းကို သူမ ကြားဖူးသော်လည်း သေသေချာချာ ဂဃနဏတော့ မသိရှိပေ။

ရန်‌‌ကျောက်ကဲက ဖန်ကျွင်းကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း…

“ဒါဖြင့် ဂိုဏ်းတူညီမလေး’ဖန်း’ကို ဆရာဒေါ်လေး’ဖူ’ဆီမှာ ပညာသင်ခွင့်ပေးမယ်လို့ ဆိုလိုတာလား ဒုတိယဆရာဦးလေး”

ဖန်ကျွင်းက ခေါင်းညိတ်လိုက်ရင်း…

“သေချာတာပေါ့”

ဝါဒတောင်၏ ထိပ်တန်းတပည့်များအနေဖြင့် ရန်ကျောက်ကဲ ၊ လုဝမ် ၊ ရွှီဖေးတို့ကဲ့သို့ ပင်မတပည့်ရင်းမျးအဖြစ် သတ်မှတ်ခံရပါက သူတို့ကို သင်ပြပေးရန် ဆရာတစ်ယောက် ရှိလာမည် ဖြစ်သည်။

ရန်ကျောက်ကဲကို ဖခင်ဖြစ်သူ ရန်တိက တိုက်ရိုက်ပညာသင်ပေးခဲ့သည်။ လုဝမ်ကတော့ ဖန်ကျွင်း၏ တပည့်ရင်းဖြစ်ပြီး အသက်အနည်းငယ်ကြီးပြီဖြစ်သော ရွှီဖေးကတော့ ရှီတိ၏ တပည့်ရင်း ဖြစ်သည်။

ဝါဒတောင်တွင် အမျိုးသားဆရာများအနေဖြင့် မိန်းကလေးတပည့်များ လက်ခံမရှိသလို အမျိုးသမီးဆရာများအနေဖြင့်လည်း ယောကျ်ားလေးတပည့်များ လက်ခံလေ့ မရှိကြပေ။ မိန်းကလေး ထိပ်တန်းတပည့်တစ်ယောက် ပင်မတပည့်တစ်ယောက်အဖြစ် အဆင့်မြှင့်တင်ခံရလျှင် အကြီးတန်းမျိုးဆက်မှ အမျိုးသမီးဆရာများက သူတို့ကို တပည့်အဖြစ် လက်ခံကြရသည်။

ထူးကဲယင်မိန်းမပျိုတစ်ယောက်ဖြစ်သော ဖန်းယွင်ရှန်းက ထူးခြားသူတစ်ယောက်ဖြစ်လေရာ ဆရာတစ်ယောက်က သင်ပြပေးမှသာ သူမ၏ ထူးကဲယင်စွမ်းအားများ ထွက်ပေါ်လာမည်ဖြစ်ပြီး သိုင်းကျင့်ကြံမှုလည်း တိုးတက်လာမည် ဖြစ်သည်။

ဖူအန်းစုက အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံနေလေရာ မည်သည့်အချိန်မှ အပြင်ထွက်လာမည်ကို မသိရှိသည့်အတွက် ရန်ကျောက်ကဲ၏ တွက်ချက်မှုများထဲတွင် သူမကို ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့‌ပေ။

အခွင့်အရေးတစ်ခုခုကြောင့် တံခါးပိတ်ကျင့်ကြံရမှ ထွက်လာသည်ဆိုလျှင် မည်သူသိနိုင်ပါမည်နည်း။

ဝါဒတောင်၏ အကြီးတန်းမျိုးဆက် အမျိုးသမီးအကြီးအကဲတစ်ယောက်အနေဖြင့် ဖန်းယင်ရှန်းအား လေ့ကျင့်သင်ကြားပေးခြင်းက သင့်တော်သည့်ကိစ္စတစ်ခုသာ ဖြစ်သည်။

ရန်‌ကျောက်ကဲ နှုတ်ခမ်းကို လျှာဖြင့်တစ်ချက်သပ်လိုက်သည်။

သူက ဖန်းယွင်ရှန်းအား ထူးကဲယင်ခန္ဓာ ပြန်လည်ရရှိအောင် ကူညီပေးနေသူဖြစ်လေရာ ဖူအန်းစုနှင့် မလွဲမသွေ ပတ်သက်ရတော့မည် ဖြစ်သည်။

တောင်တန်းနယ်မြေသို့ သွားရောက်သည့် ခရီးစဥ်က အစမျှသာ ရှိသေးသည်။

ဖန်ကျွင်းက…

“အရင်ကတည်းက ငါတို့ဂိုဏ်းမှာ ထူးကဲယင်ခန္ဓာနဲ့ပတ်သက်ပြီး သုတေသနလုပ်နေတဲ့သူက ဂိုဏ်းတူညီမလေး’ဖူ’ ပဲလေ ၊ ဒီတော့ ‌ကျောက်ကဲ… မင်းမှာ အဲဒါနဲ့ပတ်သက်ပြီး အကြံအစည်တွေရှိရင်လည်း သူနဲ့စကားပြောဆိုဆွေးနွေးဖို့ အားနာမနေနဲ့”

ရန်ကျောက်ကဲ ဖန်းယွင်ရှန်းကို ခေါ်မလာခင်က ဝါဒတောင်တွင် ထူးကဲယင်မိန်းမပျို မရှိခဲ့ပေ။ သို့သော် ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို ရှာဖွေရင်း သက်ဆိုင်သည့်ပြင်ဆင်မှုများကိုလည်း အမြဲတမ်း ပြုလုပ်ထားခဲ့သည်။

ထို့ကြောင့် ဝါဒတောင်ဘက်မှ ကြည့်မည်ဆိုလျှင် ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို သင်ကြားပြသပေးရန် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ အဓိကအရေးကြီးသည့်အချက်မှာ ရန်ကျောက်ကဲအနေဖြင့် ဖန်းယွင်ရှန်း အပြည့်အဝ ပြန်လည်ကော်းမွန်လာစေရန် ကူညီပေးရေးသာ ဖြစ်၏။

ဖန်ကျွင်း၏စကားကိုကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ထူးကဲယင်မိန်းမပျိုကိစ္စနှင့်ပတ်သက်ပြီး ပြောဆိုဆွေး‌နွေးရာတွင် ဖန်ကျွင်းသည် ရန်ကျောက်ကဲအပေါ် ယဉ်ကျေးစွာဆက်ဆံခဲ့သည်။ မျိုးဆက်သစ်တပည့်ငယ်တစ်ယောက်အဖြစ် လုံးဝမဆက်ဆံဘဲ အဆင့်သတ်မှတ်ချက်များကို ဖယ်ရှားကာ စကားပြောခဲ့သည်။

သို့သော် သူ့ဖခင်ကို အမြင်မကြည်ဖြစ်နေသော ဖူအန်းစုနှင့် စကားပြောရသည်မှာ ထိုသို့ လွယ်ကူပါမည်လား။

ဖန်ကျွင်းကို နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ တာဝန်ခန်းမမှ ပြန်လာခဲ့သည်။ ရန်ကျောက်ကဲ သူ့ဗိုက်ကို တစ်ချက်ပွတ်သပ်လိုက်ရင်း ခေါင်းများလည်းကိုက်လျှက် ရှိ၏။

မူလခန္ဓာကိုယ်ပိုင်ရှင်ထံမှ မှတ်ဉာဏ်များအရ ဆရာ‌ဒေါ်လေး’ဖူ’၏ ကောင်းသည့်အချက်မှာ ခံစားချက်အတိုင်း ရိုးရိုးရှင်းရှင်းပြုမူတတ်ပြီး အခြားသူများစိတ်ထဲ မည်သို့ရှိမည်ကို အရေးမစိုက်ခြင်း ဖြစ်သည်။

မကောင်းသည့်အချက်များကို ပြောရလျှင်တော့ သူမက ခံစားချက်များဖြင့် ရင်ဆိုင်ရမည်ကို သတ္တိမရှိသလို ပင်ကိုယ်စရိုက်အတိုင်း သူကြိုက်တာမှန်သမျှ မရရအောင် လုပ်တတ်ခြင်း ဖြစ်သည်။

“အရေးကြီးတဲ့ကိစ္စတွေကိုပဲ ဦးစားပေးလုပ်ရမယ်” ​​

ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်ရင်း တွေးလိုက်သည်။

“တရားဝင်ကိစ္စတွေ မဖြစ်ခင်မှာ ဘာပြဿနာမှ မဖြစ်တာကောင်းတယ်…”

ထိုအချိန် ရန်ကျောက်ကဲနောက်တွင်ရှိနေသည့် အားဟူက ရုတ်တရက် ခေါ်လိုက်သည်။

“သခင်လေး…”

ခေါ်သံကြားတော့ ရန်ကျောက်ကဲ ခေါင်းမော့ကြည့်လိုက်၏။

သူတို့ရှေ့ရှိ တောင်ပေါ်လမ်းလေးတွင် အပြာရောင်နှင့်အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက် လမ်းလျှောက်လာသည်ကို တွေ့ရသည်။ သူမပုံစံက အေးစက်သော်လည်း အလွန်တရာချောမောလှပလေသည်။

အခြားသူမဟုတ် ၊ အချိန်အတော်ကြာအောင် မတွေ့ဆုံဖြစ်ကြသည့် စစ်ခုန်ချင်းသာ ဖြစ်လေ၏။

ရန်ကျောက်ကဲကို တွေ့သည်နှင့် စစ်ခုန်ချင်းက လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…

“မတွေ့တာကြာပြီနော်”

နှုတ်ဆက်စကားဆိုပြီးသည်နှင့် ရန်ကျောက်ကဲက တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီး…

“အင်း… မင်းရဲ့ ဝင်သက်ထွက်သက်တွေမှာ မသန့်စင်မှုတွေ မရှိတော့ဘူး ၊ ဒီတော့… မင်း အတွင်းပိုင်းကြယ်တာရာချီ အလယ်ဆင့်ကို ရောက်သွားပြီလား”

သိုင်းကျင့်ကြံသူတစ်ယောက်၏ အသက်ရှူသံနှင့် သွေးလည်ပတ်စီးဆင်းမှုများက သာမန်လူများနှင့် လုံးဝနှိုင်းယှဉ်၍ မရပေ။

သို့သော် သိုင်းကျင့်ကြံသူတစ်ယောက်၏ အသက်ရှူရှိုက်ခြင်းတွင် မသန့်စင်မှု တစ်စံတုစ်ရာ မပါဝင်တော့ပါက ကြယ်တာရာချီစွမ်းအားက အဆုတ်နှင့် ကိုယ်တွင်းကလီစာများကို သန့်စင်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိနိုင်သည်။

ကြယ်တာရာချီစွမ်းအားဖြင့် ကိုယ်တွင်းအင်္ဂါများကို သန့်စင်နိုင်ခြင်းသည် အတွင်းပိုင်းကြယ်တာရာချီ အလယ်ဆင့်ရှိသော သိုင်းပညာရှင်များသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်ပြီး ထူးခြားသည့် ထိုအဆင့်၏ ထူးခြားသော ဝိသေသလက္ခဏာများထဲမှ တစ်ခုဖြစ်သည်။

စစ်ခုန်ချင်းက ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်… ကျွန်မ အဆင့်တက်သွားပြီ ၊ အခု ကိုယ်တွင်းအင်္ဂါတွေ သန့်စင်ဖို့အတွက် နှလုံးနဲ့ အူ (၃)ခုပဲ ကျန်တော့တယ်”

ဝါဒတောင်သို့ ရောက်ရှိနေသည့် နှစ်ဝက်အချိန်အတွင်း ဖန်းယွင်ရှန်းသည် စစ်ခုန်ချင်းကို မျက်မှန်းတန်းမိသော်လည်း ရင်းနှီးခြင်း မရှိပေ။ ထို့ကြောင့် သူမ၏ စကားများကိုကြားသည့်အခါ မည်သည့်ခံစားချက်မှ ရှိမနေခဲ့ပေ။

သို့ပေသိ အားဟူကတော့ စစ်ခုန်ချင်း၏ အခြေအနေအရပ်ရပ်ကို အကဲဖြတ်ရင်း မျက်လုံးများ ပြူးကျယ်လျှက် ရှိ၏။

လွန်ခဲ့သောနှစ်ဝက်ခန့်က အရှေ့ထန်နိုင်ငံတွင်ရှိစဉ် စစ်ခုန်ချင်းက အတွင်းပိုင်းကြယ်တာရာချီ ကနဦးအဆင့်သို့ တက်ရောက်ခဲ့သည်။ ယခု နှစ်ဝက်အချိန်အတွင်းမှာပင် သူမသည် အတွင်းပိုင်းကြယ်တာရာချီ အလယ်ဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ထိုမျှမက သူမ၏ ကိုယ်တွင်းအင်္ဂါများတွင် နှလုံးနှင့် အူ (၃)ခုမှလွဲပြီး ကျန်အရာများအလုံးကို ကို ကြယ်တာရာချီစွမ်းအားဖြင့် သန့်စင်ပြီးသွားပြီ ဖြစ်၏။

ကိုယ်တွင်းအင်္ဂါများအားလုံး သန့်စင်ပြီးသွားလျှင်တော့ သူမ၏ အခြေခံအုတ်မြစ်တည်ငြိမ်သွားပြီး အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်သို့ စတင်ဝင်ရောက်မည် ဖြစ်သည်။

ထိုသို့သောအရှိန်အဟုန်ဖြင့် ကျင့်ကြံခြင်းအဆင့်တက်ခြင်းက တုန်လှုပ်ချောက်ချားစရာ ကောင်းလွန်းလှသည်။

သိုင်းတာအိုတွင် အလွန်အရည်အချင်းရှိသူဖြစ်သော အားဟူသည်ပင် သိုင်းပညာရှင်အဆင့်တွင် အရှိန်အဟုန်လျှင်မြန်စွာ အဆင့်တက်နိုင်ခဲ့ခြင်း မရှိပေ။

အားဟူသာ မဟုတ်ပေ။ သတိပြုမိသလောက် သူ၏သခင်လေး ရန်ကျောက်ကဲသည်ပင် အတွင်းပိုင်းကြယ်တာရာချီ အလယ်ဆင့်မှ နှောင်းပိုင်းအဆင့်သို့ အဆင့်တက်ခြင်းနှင့် အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်မှ အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့် တက်ရောက်ခြင်းများတွင် လျှင်မြန်ခြင်း မရှိခဲ့ပေ။

လုဝမ်နှင့်အခြားသူများသည်လည်း ထိုသို့ပင်ဖြစ်ပြီး စစ်ခုန်ချင်းကို မယှဉ်နိုင်ကြပေ။

ယခုတော့ စစ်ခုန်ချင်း၏ လျှင်မြန်မှုမှာ သူ၏သခင်လေး ရန်ကျောက်ကဲ အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်တက်သွားသည့်အလား ရူးသွပ်ဖွယ်ရာ ဖြစ်နေခဲ့သည်။

“နေ့ခင်းကြောင်တောင် သရဲခြောက်ခံရသလားပဲ”

အားဟူမှာ အနည်းငယ်ပင် ရူးကြောင်ကြောင် ဖြစ်ချင်စိတ်ပေါက်သွားသည်။

“ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ ဒီကောင်မလေးက ရှားပါးပါရမီရှင်တစ်ယောက်ဆိုတာ သိသာပေမယ့် အခုလည်း ဘယ်လိုဖြစ်လို့ ရူးချင်လောက်အောင် အဆင့်တက်မြန်နေရတာလဲဟ”

ရန်‌ကျောက်ကဲ မျက်ဝန်းများသည်လည်း ခဏမျှ တုန်လှုပ်သွားသည်။ အနည်းငယ် တွေးတောလိုက်ပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ယခင်အတိုင်း တည်ငြိမ်မှု ပြန်ရသွားသည်။

“မင်း စိတ်စွမ်းအားစမ်းသပ်ခံပြီးသွားပြီလား ၊ အဲဒီစစ်ဆေးခံရတာကို အောင်မြင်ရင် မင်းလည်း ပင်မတပည့်ရင်းတစ်ယောက် ဖြစ်လာတော့မှာ မဟုတ်လား”

စစ်ခုန်ချင်းက ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်ပါတယ်… ဂိုဏ်းတူအစ်ကိုကြီး”

ရန်ကျောက်ကဲက မသိမသာ နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။

“ဆိုတော့… မိုးတိမ်သခင်မ’ဖူအန်းစု’ ဆီမှာ မင်း ပညာသင်ရမှာပေါ့”

စစ်ခုန်ချင်းက ထပ်မံခေါင်းညိတ်လိုက်ရင်း…

“ဟုတ်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး ၊ ဂိုဏ်းတူအစ်ကိုကြီး’ရန်’နဲ့အတူ မြောက်ကောင်းကင်ဒေသက တိမ်တိုက်ရေကန်ကို လိုက်ပါသွားပြီး အကြီးအကဲ’ဖူ’ကို တွေ့ဆုံဖို့ ကျွန်မတို့ အကြီးအကဲက ညွှန်ကြားထားပါတယ်”

သူမက ဆက်ပြောသည်။

“ဒီတစ်ခါလည်း ဂိုဏ်းတူအစ်ကိုကြီ’ရန်’ နဲ့အတူ ခရီးထွက်ရဦးမယ်ဆိုတော့… အစစအရာရာ ကူညီပေးဖို့ ဂိုဏ်းတူအစ်ကိုကြီးကိုပဲ ဒုက္ခပေးရပါဦးမယ်”

Comment

Leave a Reply

Options

not work with dark mode
Reset