ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး လှမ်းပစ်ပေးလိုက်သော ဘူးသီးခြောက်ကို ယူလိုက်ပြီးနောက် အထဲတွင် ပါသည့် အရည်များကို စစ်ဆေးကြည့်ရှုနေခြင်းမရှိဘဲ တစ်ကျိုက်တည်း မော့သောက်လိုက်၏။
ထိုထဲတွင် အရက်ပြင်းများ ထည့်ထားခြင်းဖြစ်ပြီး ၎င်းတို့အား တစ်ငုံခန့် သောက်လိုက်ရုံမျှနှင့် အနည်းငယ်ခန့် ရီဝေဝေ ဖြစ်သွားနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထို ဘူသီးခြောက်၏ တစ်ဝက်တိတိအား ကုန်အောင်မော့သောက်လိုက်ပြီးနောက် ၎င်းအား သူ၏ ဂိုဏ်းတူအစ်ကိုကြီးဆီသို့ ပြန်ပေးလိုက်၏။ ထို့နောက် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား စိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည်။
” ဂိုဏ်းတူအစ်ကိုကြီးကို ကျွန်တော် မေးချင်နေခဲ့တာ ကြာပြီ။ ကျွန်တော် အမှောင်အိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့ ဖြစ်ရပ်ကြီးနဲ့ အစ်ကို တကယ်ကြုံခဲ့ရတာလား ”
လမင်းကြီးမှာ ထိန်ထိန်သာနေပြီး အေးစက်စက် အလင်းရောင်များကို ထုတ်လွှတ်နေ၏။ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် ဆောင်းဦး လေပြည်လေညင်းလေးများ၏ တိုက်ခတ်သံများကိုသာ ကြားနေရသည်။ ၎င်းတို့၏ အအေးဓာတ်ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် ရီဝေဝေ ဖြစ်လာရတော့သည်။ သူ၏ မေးခွန်းမှာ သူစိမ်းများ အလွယ်တကူ နားမလည်နိုင်မည့် အဓိပ္ပါယ်တစ်ခု ရှိနေသည့်ပုံပင်။
ရေကန်ထဲတွင်မူ ကြာရွက်လေးများမှာ လေပြည်လေညင်းများကြောင့် အသာအယာ လှုပ်ယမ်းသွား၏။ ဝမ်ပေါင်လဲ့မှာမူ စိတ်ထဲ၌ အတွေးမျိုးစုံဖြင့် ယောက်ယတ်ခတ်နေရသောကြောင့် ကန်ရေမျက်နှာပြင်အား လှမ်းကြည့်မိနေတော့သည်။
ထိုအတွေးများမှာ တာအိုဘုန်းတော်ကြီးယိုရန်နှင့် နောက်ဆုံးတိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြီးပြီးနောက် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့တစ်ယောက် ကောင်းကင်မြို့တော်သို့ ပြန်ရောက်လာခဲ့ပြီး သူ၏မိဘများနှင့်အတူ ဘဝကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့် အချိန်များတွင်တောင် ထိုအတွေးများမှာ သူ၏ အသိစိတ်ထဲ၌ နေရာယူထားဆဲဖြစ်ပြီး ပျောက်ကွယ်သွားခဲ့ခြင်းမရှိပေ။ သူသည်လည်း ထို အတွေးများကို အပြီးတိုင် မေ့ပျောက်ပစ်နိုင်စွမ်း မရှိသောကြောင့် ထိုအကြောင်းများကို မတွေးမိအောင်သာ ကြိုးစား၍ နေထိုင်ခဲ့၏။ အကယ်၍ ချန်ရှင်းသာ ယခုကဲ့သို့ အစပြန်မဖော်ပါက ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းများကို တစ်သက်လုံး ထုတ်ပြောဖြစ်မည် မဟုတ်ပေ။
ထိုတိုက်ပွဲကြီးထဲတွင် ကျိယွဲ့မှာ ရုတ်ခြည်းဆိုသလို စိတ်ပြောင်းသွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားခဲ့ရပြီး သူ၏ စွမ်းအားများအားလုံးကို ထုတ်သုံးကာ သတိလစ်သွားရသည့် အခြေအနေအထိ ရောက်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ပလူတိုဂြိုဟ်ပေါ်ရှိ ခေါင်းတလားကြီးနှင့် ချိတ်ဆက်သွားနိုင်ခဲ့ခြင်း ဖြစ်၏။ အရာအားလုံးမှာ ယုံချင်စရာမကောင်းလောက်အောင် တိုက်ဆိုင်လွန်းသောနေသည် မဟုတ်ပါလော။
အကယ်၍ ထိုစဉ်တုန်းက သူသာ အမှားတစ်ခုခု လုပ်မိခဲ့မည်ဆိုလျှင် ပြည်ထောင်စု လူမှုအဖွဲ့အစည်း တစ်ခုလုံး ချေမှုန်းခံလိုက်ရပြီး သူ၏ မိသားစုဝင်များနှင့် မိတ်ဆွေများအားလုံးမှာလည်း သေဆုံးသွားရမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ ကံကောင်းထောက်မကာ တိုက်ဆိုင်သွားခဲ့ခြင်းဖြစ်နိုင်သလို… လူတစ်ယောက်ယောက်က နောက်ကွယ်မှနေ၍ တိတ်တဆိတ် ထိန်းချုပ်နေသောကြောင့်လည်း ဖြစ်နိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော ဖြစ်ရပ်များကို ထိန်းချုပ်နိုင်မည့် နည်းလမ်းအား သိထားခြင်းမရှိပေ။ သို့သော် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း ထိုကိစ္စအကြောင်း ထုတ်ပြောလာသည်ကို အံ့အားသင့်နေခြင်းတော့ မရှ်ိပေ။ ထို့အပြင် သူသည် ထိုအချက်အား သက်သေအထောက်အထားအဖြစ် အသုံးပြုကာ ချန်ရှင်းအား ဤကိစ္စကြီးတစ်ခုလုံး၏ နောက်ကွယ်မှ ကြိုးကိုင်ရှင်ဟုလည်း စွပ်စွဲနေမည် မဟုတ်ပေ။
သူသည် ချန်ရှင်း သိထားလိမ့်မည်ဟု သူ ယုံကြည်ထားသည့် မေးခွန်းတစ်ခုကိုသာ မေးမြန်းလိုက်ခြင်းဖြစ်သည်။
ချန်ရှင်းမှာလည်း သူ၏မေးခွန်းကို သဘောပေါက်ပေသည်။ သူ၏ တာအိုလက်တွဲဖော် ဖြစ်လာရမည့် မိန်းမငယ်လေး၏ ကံကြမ္မာမှာ အခြားတစ်စုံတစ်ယောက်၏ နှောင့်ယှက်မှုကြောင့် ပြောင်းလဲသွားခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူမသည် ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုစလုံး ပျက်စီးသွားကာ ဇီဝိန်ချုပ်သွားခဲ့ရ၏။ သို့ဖြစ်ရာ မည်သူက သူ့အား နစ်နာသူတစ်ယောက်အဖြစ် မသတ်မှတ်ဘဲ နေနိုင်ပါ့မည်နည်း။ သူသည် အပေါ်ယံတွင် စိုးရိမ်သောကများ လုံးဝမရှိသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ သူ၏ ဆုံးရှုံးမှုအား မေ့ပျောက်နိုင်ရန် ကြိုးစားနေရဆဲပင်။
သူသည် ထိုနာကျင်မှုများကို အလိုမရှိသလို အခြားသူတစ်ယောက်ယောက်အား ထိုကဲ့သို့ နာကျင်အောင် လုပ်ရမည်ကိုလည်း မလိုလားပေ။
ချန်ရှင်းမှာ စကားတစ်ခွန်းမှ မပြောဘဲ ထိုဘူးသီးခြောက်အား ယူလိုက်ပြီးနောက် ကျန်နေသေးသည့် အရက်များအားလုံးကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများ မှိတ်ထားလိုက်တော့သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် မျက်လုံးများ ပြန်ပွင့်လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည် ” ဂိုဏ်းတူညီလေး။ အဲတာ အစ်ကို့လက်ချက် မဟုတ်ပါဘူး။ ဒါပေမဲ့… အစ်ကို ကျိယွဲ့ကို အသုံးချပြီးတော့ မင်းကို အာဟာရဓာတ်ဖြည့်ပေးဖို့ ကြံရွယ်ခဲ့တာကြောင့် အခုလို ဖြစ်သွားရတာဆိုတဲ့ အချက်ကိုတော့ အစ်ကို ဝန်ခံပါတယ်။ အစ်ကို့ကို အချိန်ပေးပါ။ ဘယ်သူက အစ်ကိုတို့နှစ်ယောက်ကို ရန်တိုက်ပေးဖို့ ကြိုးစားနေတာလဲဆိုတာ သိရအောင် အစ်ကို ဖော်ထုတ်ပေးပါ့မယ် ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ ချန်ရှင်းအား အကဲခတ်လိုက်ပြီးနောက် ရယ်မောလိုက်၏။ သူသည် နှလုံးသားထဲ၌ လေးလံနေဆဲ ဖြစ်ပါသော်လည်း ယခုတွင်မူ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ တိုက်ဆိုင်မှုတစ်ခု သို့မဟုတ် သူနားမလည်နိုင်သည့် ထူးဆန်းထွေလာ စွမ်းအားတစ်မျိုးမျိုးက လမ်းကြောင်းတည့်ပေးခဲ့သောကြောင့် ပေါ်ပေါက်လာရသည့် ဖြစ်ရပ်တစ်ခုသာဖြစ်ကြောင်း ယုံကြည်သွားပြီဖြစ်သည်။
” ဂိုဏ်းတူအစ်ကိုကြီး။ အရက် ကျန်သေးလား ” ဝမ်ပေါင်လဲ့မှာ စိုးရိမ်သောကများ ပျောက်ကွယ်သွားသဖြင့် ပြုံးကာ မေးလိုက်၏။
ချန်ရှင်းမှာ ဝမ်ပေါင်လဲ့တစ်ယောက် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်ကို မြင်လိုက်ရသောအခါ ရယ်မောလိုက်၏။ ထို့နောက် သူသည် ဘူးသီးခြောက်နှစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ လရောင်အောက်ရှိ အရောင်တလက်လက် တောက်ပနေသည့် ရေကန်လေး၏ ဘေးတွင် ထိုင်ရင်း အရက်သောက်နေကြတော့သည်။
ဆောင်းဦးရာသီ၏ လေပြည်လေညင်းများမှာ အေးစက်ပါသော်လည်း သူတို့၏ ခန္ဓာကိုယ်များမှာ ဗိုက်ထဲရှိ အရက်များကြောင့် နွေးနေ၏။ ထို့နောက် ချန်ရှင်းမှာ ဝမ်ပေါင်လဲ့အား သူ ပြည်ထောင်စုကြီးဆီသို့ ရောက်လာရသည့် အကြောင်းအရင်းအား ရှင်းပြလိုက်သည်။ သူသည် ဝမ်ပေါင်လဲ့အား အဝေးသို့ခေါ်သွားရန် ရောက်ရှိလာခြင်းဖြစ်သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရ၏။ ထို့နောက် သူသည် မုန့်ထုပ်အချို့ ထုတ်ယူကာ အသံမြည်အောင် စားနေလိုက်တော့သည်။ ချန်ရှင်းတစ်ယောက် သူ့အား နားမလည်နိုင်သည့်အကြည့်ဖြင့် ကြည့်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူ့အား မုန့်ထုပ်အချို့ လှမ်းပေးလိုက်ပြီး သူ၏သိုလှောင်အိတ်ထဲမှ ပဲငံပြာရည်စိမ် ကြက်ဥတစ်လုံးအား ထုတ်ယူလိုက်၏။
ချန်ရှင်းမှာ ဝမ်ပေါင်လဲ့ဆီမှ ထို ကြက်ဥအား လှမ်းယူလိုက်ပြီးနောက် တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ ထို့နောက် သူ စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ ဘူးသီးခြောက်အား လေထဲသို့ မြှောက်လိုက်ပြီး ချန်ရှင်း၏ ဘူးသီးခြောက်နှင့် တိုက်လိုက်၏။
” လာပါ ဂိုဏ်းတူအစ်ကိုကြီးရာ။ သောက်ကြစို့ ”
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့မှာ ကြက်တောင်ပံများကိုလည်း ထုတ်ယူခဲ့သေးသည်။ သူသည် အရက်သောက်ရင်း မန္တန်တစ်ခုသုံး၍ ထို ကြက်တောင်ပံများကို ကင်လိုက်၏။ ထိုသို့ဖြင့် ချန်ရှင်းမှာ ဝမ်ပေါင်လဲ့တစ်ယောက် တုတ်တံများထုတ်ယူကာ သားငါးများ ကင်နေသည်ကိုကြည့်ရင်း ကြက်သေသေနေရတော့သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ အိုးတစ်လုံးကိုထုတ်ယူကာ ဘဲငန်းတစ်ကောင်အား ပြုတ်လိုက်သေးသည်။
” လာပါ။ အားရပါးရစား။ ကျွန်တော်ရှေ့မှာမလို့ဆိုပြီး အားနာနေစရာမလိုပါဘူး ဂိုဏ်းတူအစ်ကိုကြီးကလည်း ”
ချန်ရှင်းမှာမူ အနည်းငယ်ခန့် ဆွံ့အမှင်တက်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် စားသောက်နေသည်ကို ကြည့်နေမိတော့သည်။ ခဏအကြာတွင် သူသည် နဖူးပွတ်ကာ စကားဆက်ပြောနိုင်ရန် ကြိုးစားလိုက်၏။
” ပေါင်လဲ့ရေ။ ငါက မင်းကို… ”
သို့သော် ချန်ရှင်းတစ်ယောက် စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ဘူးသီးခြောက်ထဲမှ အရက်များအားလုံးကို ကုန်အောင် သောက်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် မျက်လုံးများ ရီဝေဝေဖြစ်လာပြီး သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား ပြုံးဖြဲဖြဲလုပ်ပြလိုက်၏။ ထို့နောက် သူသည် ခေါင်းငိုက်စိုက် ကျသွားကာ ဘေးသို့လဲကျသွားပြီး အိပ်ပျော်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူနှင့်အတူ မလိုက်လိုသောကြောင့်သာ ယခုလို လုပ်နေရခြင်းဖြစ်သည်ဟု ချန်ရှင်းက သိထား၏။ ထို့ကြောင့် သူသည် ရယ်ရမလို ငိုရမလို ဖြစ်နေတော့သည်။ ခဏအကြာတွင် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်၍ အသာအယာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ မျက်လုံးဖြင့် မမြင်နိုင်သော စွမ်းအားတစ်မျိုးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး အရက်များကို ရှင်းလင်းဖယ်ရှားပစ်လိုက်တော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်မပါလက်မပါနှင့် မျက်လုံးများ ပြန်ပွင့်လာ၏။ သို့သော် ချန်ရှင်းတစ်ယောက် ပါးစပ်မနိုင်ခင်မှာပင် သူသည် သူ၏နဖူးကိုရိုက်ကာ ဆိုလိုက်ပြန်သည်။
” အော်။ မေ့လို့ဗျာ။ ကျွန်တော် သွားရတော့မယ် ဂိုဏ်းတူအစ်ကိုကြီးရ။ ကျွန်တော့်အမေက မိုးမလင်းခင် အိမ်အရောက်ပြန်လာဖို့ မှာထားတာ။ နောက်နေ့မှ ထပ်ပြီးတော့ စကားပြောကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ အလောတကြီး မတ်တတ်ထလာပြီးနောက် ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် ချန်ရှင်းမှာ သူ့အား လက်ညှိုးထိုးလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများ ရပ်တန့်သွားရတော့သည်။ သူ မည်မျှပင် ကြိုးစားရုန်းကန်နေစေကာမူ လှုပ်ရှားနိုင်စွမ်းမရှိတော့ဘဲ သူ၏ ခြေထောက်များမှာလည်း မြေကြီးနှင့် ကပ်နေတော့သည်။
” ဂိုဏ်းတူအစ်ကိုကြီးရာ။ ကျွန်တော်မှ မသွားချင်တာကို… ” ဝမ်ပေါင်လဲ့မှာ ရှုံ့မဲ့နေသည့် မျက်နှာအမူအရာဖြင့် ချန်ရှင်းအား ကြည့်ကာ ဆိုလိုက်၏။
ထိုအခါ ချန်ရှင်းမှာ ခေါင်းခဲလာရသောကြောင့် သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ဆိုလိုက်တော့သည်။
” ပေါင်လဲ့။ အမှောင်ဂိုဏ်းက ပျက်စီးသွားပြီဆိုပေမယ့် ဇာတ်မြှုပ်ပြီး နေနေကြတဲ့အဖွဲ့ဝင်တွေ ရှိနေသေးတုန်းပဲ။ သူတို့က လျှို့ဝှက််ဂိုဏ်းတစ်ဂိုဏ်းကို ဖွဲ့ထားပြီးပြီ။ မင်းက အမှောင်ကလေးငယ်တစ်ယောက်လေ။ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက် အနေနဲ့ ငါက ငါတို့ရဲ့ ဆရာ့ကိုယ်စား မင်းကို ဂိုဏ်းဆီကို ပြန်ပို့ပေးဖို့ တာဝန်ရှိတယ်။ အဲတာမှ မင်း ဆက်ပြီးတော့ လေ့ကျင့်နိုင်မှာ ”
” ဂိုဏ်းတူအစ်ကိုကြီးရာ။ ကျွန်တော့်ရဲ့ မိဘနှစ်ပါးက အိုနေပြီလေဗျာ။ ကျွန်တော် သူတို့ကို မခွဲနိုင်ဘူးဗျ။ ကျွန်တော် ပြန်ရောက်လာတဲ့အချိန်ကျ သူတို့တွေ မရှိတော့မှာကို ကျွန်တော် စိုးရိမ်လို့ပါ… ”
” ဘာမှ မပူနဲ့။ အဲဒီပြဿနာက ငါဖြေရှင်းပေးမယ်။ မင်းရဲ့ မိဘတွေက ငါ့အတွက်လည်း အကြီးအကဲတွေလိုပါပဲ။ ငါ သူတို့ရဲ့ သက်တမ်းကို နောက်ထပ်အနှစ်နှစ်ရာ တိုးပေးနိုင်မယ့် ဆေးလုံးတွေ ပေးခဲ့မယ်။ အဲတာဆို ရပါပြီ။ မင်း သူတို့နဲ့ နှစ်ပေါင်းနှစ်ရာလောက်အထိ ခွဲနေနေရမှာ မဟုတ်ပါဘူး။ မင်း ပြန်ရောက်လာတဲ့ အချိန်ကျရင် ငါ အဲဒီဆေးလုံးတွေ ထပ်ပြီးတော့ ရှာပေးလို့ရသေးတယ် ”
” တကယ်လား။ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီးရယ်။ ဒါပေမဲ့လေ… ကျွန်တော့်ရဲ့ ချစ်သူရည်းစားတွေက ပြည်ထောင်စုကြီးထဲက နေရာတိုင်းမှာ ရှိနေတာဗျ။ ကျွန်တော် ထွက်သွားမယ်ဆိုရင် သူတို့တွေ ဘာဖြစ်ကုန်မလဲ အစ်ကိုသိပါတယ်။ ကျွန်တော် ပြန်ရောက်လာတဲ့ အချိန်ကျ သူတို့တွေ တခြားသူတွေနဲ့ အိမ်ထောင်ကျပြီးသား ဖြစ်နေမှာကို ကျွန်တော် ကြောက်တယ်ဗျ… ” ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား နားချလိုသောကြောင့် အလောတကြီး ဆက်ပြောလိုက်ပြန်သည်။
” ဘာမှ စိတ်ပူမနေနဲ့။ မင်းရဲ့ လက်ရှိရာထူးအဆင့်အတန်းကို မင်း ပြန်ကြည့်ဦး။ ဘယ်ကောင်က မင်းရဲ့ ချစ်သူရည်စားတွေကို လုယူရဲမှာလဲ ” ချန်ရှင်းမှာ တည်ကြည်စွာဆိုလိုက်ပြီးနောက် သူ၏ညာဘက်လက်ကို ဝှေ့ယမ်းကာ ဝမ်ပေါင်လဲ့အား သူနှင့်အတူ လေထဲသို့ ဆွဲခေါ်သွားလိုက်တော့သည်။ သူတို့မှာ ကမ္ဘာဂြိုဟ်ပေါ်မှ ထွက်ခွာရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရ၏။
” ကျွန်တော် မသွားချင်ဘူးလို့။ ကျွန်တော် ပြည်ထောင်စုဥက္ကဋ္ဌကြီး မဖြစ်သေးဘူးလေဗျာ။ အရင်ဆုံး ဆွေးနွေးရအောင်ပါ။ ကျွန်တော် ဥက္ကဋ္ဌကြီးဖြစ်ပြီးတဲ့ အချိန်အထိ စောင့်ပေးပါလား။ အဲတာပြီးရင် ကျွန်တော် အစ်ကို့နောက်ကို ချက်ချင်းလိုက်ခဲ့ဖို့ ကတိပေးပါတယ်။ ဘယ်လိုလဲ ”
” ပေါင်လဲ့ ” ချန်ရှင်းမှာ စိတ်မရှည်တော့သဖြင့် လေထဲတွင် ရပ်တန့်သွား၏။ ထို့နောက် သူသည် ခေါင်းငုံ့၍ တည်ကြည်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ဆိုလိုက်တော့သည်။
” ငါလည်း အခုလို လုပ်ချင်လွန်းလို့ လုပ်နေရတာ မဟုတ်ဘူးကွ။ အဆုံးမဲ့မျိုးနွယ်စုရဲ့ မိုးကောင်းကင်တာအိုက ပေါ်လာတော့မှာ။ အဲဒီ တာအိုက ပေါ်လာတဲ့ အချိန်တိုင်း စကြဝဠာကြီးတစ်ခုလုံးကို စစ်ဆေးပြီးတော့ သူ ရှာတွေ့သမျှ အမှောင်ဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ အရာအားလုံးကို ဖျက်စီးပစ်တာ။ မင်းက အားနည်းနေသေးတာမလို့ ပြန်ပြီးတော့ တုံ့ပြန်တိုက်ခိုက်နိုင်ဦးမှာ မဟုတ်ဘူး။ တကယ်လို့ သူတို့သာ မင်းကို ရှာတွေ့သွားမယ်ဆိုရင် မင်း ချက်ချင်းသတ်ခံလိုက်ရမှာ ”
” အဲတာကြောင့်မလို့လည်း ငါက မင်းကို ငါနဲ့အတူ ခေါ်သွားချင်လို့ မင်းကို အဆင်သင့်ပြင်ထားဆိုပြီးတော့ အကြိမ်ကြိမ် ပြောခဲ့တာ။ မင်း အဆုံးမဲ့မျိုးနွယ်စုရဲ့ မိုးကောင်းကင်တာအိုဆီကနေ လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ငါနဲ့အတူ လျှို့ဝှက်အမှောင်ဂိုဏ်းထဲကို လိုက်ခဲ့ပြီးတော့ အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအို အကြွင်းအကျန်ဆီကနေ ကောင်းချီးပေးမှုကို ရယူဖို့ပဲ ”
” မင်း သတိထားမိပြီးသားဖြစ်မှာပါ။ မိုးကောင်းကင်တာအိုက အရမ်းအစွမ်းထက်တဲ့ အဆောင်ပစ္စည်းတစ်ခုပဲ။ မိုးကောင်းကင်တာအိုကပဲ တခြားမိုးကောင်းကင်တာအိုတစ်ခုကို ပြန်ပြီးတော့ တိုက်ခိုက်နိုင်တာ။ အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုက ပျက်စီးလုနီးပါး ဖြစ်နေပြီဆိုပေမဲ့ လုံးဝ သုံးမရတော့တဲ့ အနေအထားထိ ရောက်နေတာတော့ မဟုတ်ဘူး။ သူ့ရဲ့ လက်ကျန်စွမ်းအားတွေနဲ့ မင်းကို ကာကွယ်ပေးလို့ ရသေးတယ် ”
” မင်း ပလူတိုဂြိုဟ်ပေါ်မှာ ရှာတွေ့ခဲ့တဲ့ ခေါင်းတလားကြီးနဲ့ ပတ်သတ်လို့က…. ငါတို့ဆရာက သူ့ရဲ့ စွမ်းအားတွေကိုအသုံးပြုပြီး အဲဒီခေါင်းတလားကြီးကို ဒီနေရာဆီ ပို့ခဲ့တာ။ အဆုံးမဲ့မျိုးနွယ်စုရဲ့ မိုးကောင်းကင်တာအိုရဲ့ စစ်ဆေးမှုတွေကို ရှောင်တိမ်းနိုင်ဖို့အတွက် သူက အချိန်ကို ကျော်ဖြတ်ပြီးတော့မှ ပို့ခဲ့ရတာ။ သူ အဲဒီ ခေါင်းတလားကြီးကို မင်းဆီအရောက် ပို့နိုင်ဖို့အတွက် အစွမ်းထက်မန္တန်ကြီးတစ်ခုကို အသုံးပြုခဲ့ရတာကွ။ သူ အဲလိုပို့ခဲ့ရတဲ့ အကြောင်းရင်းက မင်း အဲဒီ ခေါင်းတလားကြီးထဲမှာ ဝင်အိပ်နေပြီး အဆုံးမဲ့မျိုးနွယ်စုရဲ့ မိုးကောင်းကင်တာအို ဆောင်ကျဉ်းလာမယ့် ဘေးအန္တရာယ်ကြီးကို ရှောင်တိမ်းနိုင်ဖို့ပဲ ”
” အဲတော့ မင်း အဲဒီ အခေါင်းကြီးထဲကို ဆယ်နှစ်တစ်ကြိမ် ဝင်ပြီး နောက်ထပ် အနှစ်တစ်ရာတိတိ အိပ်ရင်အိပ်။ မဟုတ်ရင်တော့ ငါနဲ့အတူ လိုက်ခဲ့ပြီး ဒီပြဿနာကြီးကို ဖြေရှင်းဖို့ပဲ ရှိတယ် ”
” ကဲ။ မင်း ဘယ်လမ်းကို ရွေးမှာလဲ “
အိပ်မလား လိုက်မလား 🤔🤔
အိပ်မယ်
ငါတော့အိပ်နေလိုက်မှာ