” အမှောင်ပျံလွှား စစ်ဆင်ရေး… ” ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ တည်ကြည်သွား၏။ သူသည် ထို စစ်ဆင်ရေး၏ အကြောင်းအား အသေးစိတ်ဖတ်ရှုလိုက်ပြီးနောက် မျက်နှာအမူအရာ သုန်မှုန်သွားတော့သည်။
အမှောင်ပျံလွှား စစ်ဆင်ရေးမှာ ထောက်လှမ်းရေး စစ်ဆင်ရေးတစ်ခု ဖြစ်နေသည် မဟုတ်ပါလော။
သို့သော် သူတို့မှာ ထိုတာဝန်အား ပြည်ထောင်စုကြီးထဲတွင် ဆောင်ရွက်ရမည်မဟုတ်သလို တာအိုနန်းတော်ထဲတွင် ဆောင်ရွက်ရမည်လည်း မဟုတ်ပေ။ သူတို့မှာ ထူးဆန်းထွေလာ စကြဝဠာကြီးထဲသို့ သွားရောက်ရမည် ဖြစ်သည်။
လွန်ခဲ့သည်နှစ်ပေါင်းများစွာတုန်းက ပြည်ထောင်စုကြီးမှာ နေအဖွဲ့အစည်း ပတ်ပတ်လည်တွင် အခြား လူမှုအဖွဲ့အစည်းပေါင်း မြောက်မြားစွာရှိနေကြောင်း ကံကောင်းထောက်မစွာဖြင့် သိရှိခဲ့၏။
သူတို့မှာ လီရှင်းဝမ် ဝမ်ပေါင်လဲ့အား ပြောပြခဲ့သည့် လက်ဖွဲ့အဆောင်၏ အကူအညီဖြင့် ထိုသို့ သိရှိခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် သူတို့မှာ ကမ္ဘာဂြိုဟ်ပေါ်ရှိ ရှေးဟောင်းနယ်မြေ အပျက်အစီးများထဲတွင်လည်း သဲလွန်စများ ရှာတွေ့ခဲ့ကြ၏။ ဝမ်ပေါင်လဲ့မှာ အမှောင်ပျံလွှား စစ်ဆင်ရေးအကြောင်း ဖတ်ရှုနေရင်း လင်းတျန်ဟောက်၏ ဖခင်ဖြစ်သူ လင်းယုံအကြောင်း ရေးသားထားသည့် မှတ်တမ်းများကို ရှာတွေ့သွားသည်။
ထိုမှတ်တမ်းများထဲတွင် လင်းယုံမှာ ငယ်စဉ်ဘဝတုန်းက ထို နယ်မြေအပျက်အစီးတစ်ခုထဲ၌ ပျောက်ကွယ်သွားခဲ့သည်ဟု ရေးသားထား၏။ ထို့နောက် တစ်နှစ်အကြာတွင် သူသည် သူ ပျောက်ကွယ်သွားခဲ့သည့် နေရာ၌ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ သူ၏ အစီရင်ခံစာများထဲတွင် သူသည် အခြား လူမှုအဖွဲ့အစည်းတစ်ခုဆီသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ပြီး စကြဝဠာကြီးထဲရှိ အခြား လူမှုအဖွဲ့အစည်းများနှင့် ပတ်သက်သော အခြေခံ သတင်းအချက်အလက်များကို ရယူခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် ဝမ်ပေါင်လဲ့မှာ နောက်ထပ် နာမည်တစ်ခုအား ဖတ်ရှုမိလိုက်သောကြောင့် တုန်လှုပ်ချောက်ချားသွားရ၏။ ၎င်းမှာ ရှဲ့ဟေးရန်၏ အမည် ဖြစ်ပေသည်။
ထိုမှတ်တမ်းများထဲတွင် ရှဲ့ဟေးရန်၏ ထူးဆန်းသော အပြုအမူများကို ဖော်ပြထားပြီး အထူးသဖြင့် သူ ကောင်းကင်တာအိုကျောင်းထဲမှ ပျောက်ကွယ်သွားခဲ့ပြီးနောက် တာအိုနန်းတော်ထဲ၌ ပြန်ပေါ်လာသည့် အချက်အား အကျယ်တဝင့် ရေးသားဖော်ပြထား၏။ ထိုကိစ္စမှာ တာအိုနန်းတော်နှင့် ဆက်နွယ်နေရမည်ဟု ပြည်ထောင်စုကြီးက မှတ်ယူထားခဲ့သည်။ သို့သော် ယခင်တုန်းက တာအိုနန်းတော်နှင့် သူတို့၏ကြားရှိ ဆက်ဆံရေးမှာ ယခုကဲ့သို့ အဆင်ပြေချောမွေ့မနေခဲ့သောကြောင့် သူတို့မှာ ထိုကိစ္စအား ဆက်၍ မစုံစမ်းနိုင်ခဲ့ပေ။
စစ်ပွဲကြီးပြီးဆုံးသွားပြီးနောက် ပြည်ထောင်စုကြီးမှာ ထိုကိစ္စအား ပြန်၍ စုံစမ်းခဲ့၏။ ပြည်ထောင်စုကြီးမှာ ရှဲ့ဟေးရန်၏ နောက်ကြောင်းရာဇဝင် အစစ်အမှန်အား စိတ်ဝင်စားနေသည်။ ထို့အပြင် သူတို့မှာ ရှဲ့ဟေးရန်တစ်ယောက် ဝမ်ပေါင်လဲ့နှင့် လက်တွဲကာ ဖြန့်ဝေခဲ့သည့် ကစားပွဲအကြောင်းကိုလည်း စစ်ဆေးခဲ့သေးသည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ ပြည်ထောင်စုကြီးထဲ၌ ယခုလို တမူထူးခြားသော ရာထူးအဆင့်အတန်းကို ပိုင်ဆိုင်ထားခြင်းမရှိပါက သူသည်လည်း ထိုကိစ္စကြီးကြောင့် ပစ်မှတ်ထား စစ်ဆေးခံနေရမည်သာ ဖြစ်သည်။
ပြည်ထောင်စုကြီးမှာ မည်သည့် သဲလွန်စမှ ရှာမတွေ့ခဲ့ပါသော်လည်း ကောက်ချက်တစ်ခု ချလိုက်၏။ ရှဲ့ဟေးရန်မှာ အဆင့်မြင့်သော လူမှုအဖွဲ့စည်းတစ်ခုထဲမှနေ၍ ပြည်ထောင်စုကြီးထဲသို့ အစမ်းရောက်လာသည့် လူတစ်ယောက် ဖြစ်ရမည်ဟု သူတို့က ယုံကြည်နေသည်။
သူတို့မှာ အခြားသူများကိုလည်း ပစ်မှတ်ထား စုံစမ်းစစ်ဆေးနေသေးသည်။ ဝမ်ပေါင်လဲ့မှာ မှတ်တမ်းများထဲတွင် အမည် တစ်ရာကျော်အထိ ရှိနေသည်ကို သိခဲ့ရ၏။ သူတို့မှာ နောက်ကြောင်းရာဇဝင် အမျိုးမျိုး ပိုင်ဆိုင်ထားကြသည့် လူများဖြစ်ပေသည်။ သို့သော် သူတို့အားလုံးဆီတွင် တူညီသော အချက်နှစ်ချက် ရှိနေ၏။ သူတို့မှာ လင်းယုံကဲ့သို့ ပျောက်ကွယ်သွားပြီးနောက် ပြန်ပေါ်လာသည့်လူများ သို့မဟုတ် ပြည်ထောင်စုကြီးထဲရှိ လူမှုအဖွဲ့အစည်းမှ မဟုတ်ကြောင်း သက်သေအထောက်အထား အမျိုးမျိုးက ဖော်ပြနေကြသည့် လူများ ဖြစ်ကြပေသည်။
ကျိုးရိဖန်းနှင့် ကျိုးရိရှန်တို့မှာလည်း ထိုမှတ်တမ်းများထဲတွင် ပါ၏။ စုံစမ်းစစ်ဆေးမှုများအရဆိုလျှင် သူတို့မှာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်မျိုးကြောင့် နေအဖွဲ့အစည်း အပြင်ဘက်သို့ တည်နေရာ ပြောင်းရွှေ့ခံခဲ့ရသည့်ပုံပင်။
ထိုကဲ့သို့သော ထူးဆန်းထွေလာဖြစ်ရပ်များမှာ တဖြည်းဖြည်းနှင့် ပို၍များလာသောကြောင့် ပြည်ထောင်စုကြီးမှာလည်း ထိုကိစ္စအပေါ် အာရုံစိုက်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ပျိုးပင်တစ်ရာ အစီအစဉ်အား အမှောင်ပျံလွှား စစ်ဆင်ရေးဆိုသည့် အမည်ဖြင့် ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်၏။ ထို စစ်ဆင်ရေး၏ အဓိကရည်ရွယ်ချက်မှာ ပြည်ထောင်စုကြီးဘက်မှ ယုံကြည်ရသည့် ထူးခြားစွမ်းရည်များ ပိုင်ဆိုင်ထားသော ကျင့်ကြံသူများကို ရှာဖွေစုစည်းကာ သူတို့အား နေအဖွဲ့အစည်းပြင်ပသို့ ပို့ဆောင်ပေးရန်ဖြစ်သည်။ သူတို့၏တာဝန်မှာမူ နေအဖွဲ့အစည်း အပြင်ဘက်တွင်ရှိနေသော အခြား လူမှုအဖွဲ့အစည်းများကို ရှာဖွေရန်ဖြစ်သည်။
သို့ဖြစ်ရာ သူတို့မှာ လင်းယုံကဲ့သို့ ကမ္ဘာဂြိုဟ်ပေါ်မှ ထွက်ခွာသွားရမည် ဖြစ်သည်။ မှတ်တမ်းများထဲတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့များမှာ တည်နေရာပြောင်းရွှေ့ခြင်း တံခါးပေါက်များဟု ထင်ရသော နေရာ လေးဆယ့်သုံးခုအား ရှာတွေ့ထားပြီဖြစ်ကြောင်း ဖော်ပြထား၏။
သို့သော် သူတို့မှာ အန္တရာယ်များနှင့် ရင်ဆိုင်ရမည် စိုးသောကြောင့် ၎င်းတို့ကို အသုံးမပြုရဲခဲ့ပေ။ သို့ဖြစ်ရာ ပြည်ထောင်စုကြီးမှာ ထို တံခါးပေါက်များ၏ တည်နေရာပြောင်းရွှေ့နိုင်စွမ်းကို အတိအကျမသိဘဲ ဖြစ်နေရ၏။ အမှောင်ပျံလွှား စစ်ဆင်ရေးထဲတွင် ပါဝင်ကြသည့် လူများမှာ သတင်းအချက်အလက်များ စုဆောင်းရမည့် ကင်းထောက်များအဖြစ် ဆောင်ရွက်ရမည်ဖြစ်သည်။ အကယ်၍ သူတို့၏ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များသာ အောင်မြင်သွားမည်ဆိုပါက သူတို့မှာ ကြိုတင်သတ်မှတ်ထားသည့်အတိုင်း အခြား လူမှုအဖွဲ့အစည်းများထဲသို့ စိမ့်ဝင်နိုင်ရန် ကြိုးစားကြရမည်ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက သူတို့မှာ ဘေးအန္တရာယ် ကင်းရှင်းအောင် နေကာ သတင်းအချက်အလက်များကို တတ်နိုင်သလောက် စုဆောင်းပေးရမည်ဖြစ်သည်။ သို့မှသာ ပြည်ထောင်စုကြီးမှာ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသည့် လူမှုအဖွဲ့အစည်းများ၏အကြောင်းကို ပို၍ နားလည်လာနိုင်မည် မဟုတ်ပါလော။
ပြည်ထောင်စုကြီးမှာ သူတို့၏ လက်ဝယ်တွင် ပိုင်ဆိုင်ထားသော သတင်းအချက်အလက်များအပေါ် မူတည်၍ ထိုအစီအစဉ်အား ရေးဆွဲထားခြင်းဖြစ်၏။ ထို တည်နေရာပြောင်းရွှေ့ခြင်း တံခါးပေါက်များထဲမှတစ်ဆင့် ပျောက်ကွယ်သွားခဲ့ကြသည့် လူအများစုမှာ ပြန်လည်ရောက်ရှိလာခဲ့ခြင်း မရှိပေ။ လူ အနည်းငယ်မျှသာလျှင် လအနည်းငယ် သို့မဟုတ် တစ်ခါတစ်ရံတွင် နှစ်အနည်းငယ်ခန့် ကြာမြင့်သွားပြီးမှ ပြန်ရောက်လာခဲ့ကြခြင်း ဖြစ်၏။
အကယ်၍ ပြည်ထောင်စုကြီးတစ်ခုတည်းသာ ဆိုပါက ထိုအစီအစဉ်အား အကောင်အထည်ဖော်နိုင်ရန်မှာ ခက်ခဲနေမည်ဖြစ်သည်။ ထို စစ်ဆင်ရေးထဲတွင် ပါဝင်ကြမည့် လူများ၏ ဘေးကင််းလုံခြုံမှုမှာ သူတို့ပိုင်ဆိုင်ထားသည့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်များနှင့် အဆောင်ပစ္စည်းများအပေါ်တွင် မူတည်နေ၏။ ထို့အပြင် သူတို့မှာ တိုင်းတစ်ပါးမှ လူများနှင့် ပြောဆိုဆက်ဆံနိုင်ရန် လိုအပ်သေးသလို ကျင့်ကြံခြင်းအဆင့် အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားရန်လည်း လိုအပ်သေးသည်။
ယခုတွင်မူ ထို စစ်ဆင်ရေးထဲ၌ တာအိုနန်းတော်လည်း ပါလာပြီဖြစ်ရာ ထိုပြဿနာများအားလုံးမှာ ပြေလည်သွားကြ၏။ သူတို့ မရှိခဲ့စဉ်တုန်းကဆိုလျှင် ပြည်ထောင်စုကြီးမှာ လူတစ်ယောက်၏ ပုံပန်းသွင်ပြင်များကို ပြောင်းလဲပစ်နိုင်စွမ်း ရှိသော အဆောင်ပစ္စည်းများကို တီထွင်ဖန်တီးနိုင်ရန် အခက်တွေ့နေခဲ့ရ၏။ သို့သော် တာအိုနန်းတော်နှင့် မဟာမိတ်ဖွဲ့လိုက်ပြီးနောက် ကျောက်ပင်ဖန်မှာ ထို အဆောင်ပစ္စည်းများအား အောင်မြင်စွာ တီထွင်ဖန်တီးနိုင်သွားတော့သည်။ ထို့အပြင် တာအိုနန်းတော်မှာ တိုင်းတစ်ပါးမှ လူများနှင့် ပြောဆိုဆက်ဆံရာ၌ ကြုံတွေ့ရနိုင်သည့် အခက်အခဲကိုလည်း ဖြေရှင်းပေးခဲ့သေးသည်။
ထို့ကြောင့် ထိုစစ်ဆင်ရေးမှာ ပြန်လည်စတင်သွားခဲ့ခြင်းဖြစ်သည်။ အပေါ်ယံတွင် ပြည်ထောင်စုကြီးမှာ အလောတကြီး ပြုမူနေသည်ဟု ထင်ရပါသော်လည်း သူတို့မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ကြခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့မှာ ထိုမှတ်တမ်းများကို ဖတ်ရှုပြီးနောက် ငြိမ်ကျသွား၏။ သူသည် ကျောက်ယမုန့်နှင့် သူ၏မိတ်ဆွေများအား ထိုစစ်စစ်ရေးထဲ၌ လိုက်မသွားအောင် တားဆီးလိုပါသော်လည်း သူတို့အား မည်သို့မည်ဖုံ နားချရမည်မှန်း မသိဘဲ ဖြစ်နေရသည်။ ပြည်ထောင်စုကြီး၏ ဆုံးဖြတ်ချက်မှာ မှန်ကန်နေသည်မဟုတ်ပါလော။ သူတို့မှာ သူတို့ပိုင်နက်၏ အလွန်တွင်ရှိနေသော စကြဝဠာကြီးအကြောင်းကို သိရှိထားရန် လိုအပ်ပေသည်။ နေအဖွဲ့အစည်း၏ ပတ်ပတ်လည်တွင် ရှိနေသော အခြားကြယ်အဖွဲ့အစည်းများထဲ၌ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို နားလည်ထားပါမှ သူတို့မှာ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်မည် ဖြစ်သည်။ သို့မှသာ သူတို့မှာ တာအိုနန်းတော်နှင့် စစ်မက်ဖြစ်ပွားခဲ့စဉ်တုန်းကအတိုင်း ထပ်ဖြစ်မလာအောင် ကြိုတင်ကာကွယ်နိုင်မည် ဖြစ်သည်။
သူတို့မှာ ဖွံ့ဖြိုးတိုးတက်ဆဲ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့် သူတစ်ယောက်တည်းအားဖြင့် အရာအားလုံးကို ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ အခြားလူပေါင်းများစွာ၏ အကူအညီများကိုလည်း လိုအပ်ပေသည်။
ထိုစစ်ဆင်ရေးမှာ အလွန်အင်မတန်မှ အန္တရာယ်များသည့်ပုံ ပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးသည် ထို စစ်ဆင်ရေးထဲ၌ ပါဝင်မည့်လူတိုင်းကို အထောက်အပံ့ လုံလုံလောက်လောက် ပေးထားမည်ဖြစ်ကြောင်း မှတ်တမ်းများထဲ၌ ဖတ်ရှုခဲ့ရ၏။ လူတစ်ယောက်ချင်းစီတိုင်းကို ဒုတိယအဆင့် ဝိညာဉ်ဆန့်ကျင်ဗုံး ဆယ်လုံးကျော် ပေးအပ်ထားသည်။ ထို ဗုံးတစ်လုံးချင်းစီတိုင်းမှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် အတော်အသင့် အန္တရာယ်ပြုနိုင်စွမ်းရှိပေးသည်။
ထို့အပြင် ပြည်ထောင်စုကြီးမှာ လူတိုင်း၏ မျိုးရိုးဗီဇ အချက်အလက်များကိုလည်း ပုံတူကူးယူကာ သိမ်းဆည်းထားသေးသည်။ သူတို့မှာ တာအိုနန်းတော်၏ နည်းပညာများကိုအသုံးပြု၍ ထိုကျင့်ကြံသူများ၏ ဝိညာဉ်များ၏ တစ်စိတ်တစ်ပိုင်းကို သိမ်းဆည်းထားခြင်းဖြစ်၏။ အကယ်၍ သူတို့မှာ ထိုစစ်ဆင်ရေး ထမ်းဆောင်နေစဉ် သေဆုံးသွားခဲ့မည်ဆိုပါက ပြည်ထောင်စုကြီးထဲ၌ ဝိညာဉ်ပညာရပ် ဖွံ့ဖြိုးတိုးတက်လာမည့် နောင်တစ်ချိန်ချိန်သို့ ရောက်လျှင် ပြန်လည် အသက်ရှင်မွေးဖွားလာခွင့် ရှိနိုင်ပေသည်။
ထို့ကြောင့် လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်နှင့် အခြားသူများအား သူ ဖန်တီးထားသည့် ဓမ္မလက်နက်များ လက်ဆောင် ပေးလိုက်ရုံမှလွဲ၍ အခြား ဘာမှ မတတ်နိုင်ခဲ့ပေ။ ထို့အပြင် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြု၍ သူနှင့်ပုံစံတူ ကိုယ်ပွားများကို ဖန်တီးခဲ့ပြီး ၎င်းတို့အား သူ၏မိတ်ဆွေများ၏ လက်ထဲသို့ အပ်ခဲ့၏။ ၎င်းတို့မှာ တိုက်ပွဲများထဲ၌ အသုံးဝင်လာနိုင်ပေသည်။
သူသည် သူ၏ မိတ်ဆွေများ မလိုလားအပ်သည့် ပြဿနာများနှင့် မကြုံတွေ့ရနိုင်စေရန် သူ၏ ကိုယ်ပွားများအား ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နိုင်စွမ်းမရှိအောင် ပြုလုပ်ထားခဲ့၏။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များကို ချုပ်တည်းနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သဖြင့် သူနှင့် ၎င်းတို့၏ ကြားရှိချိတ်ဆက်မှုမှာ အားပျော့နေပြီ ဖြစ်သည်။ သို့ဖြစ်ရာ ထို ကိုယ်ပွားများမှာ ဝိညာဉ်စွမ်းအင်များ လုံးဝနီးပါးထုတ်လွှတ်နိုင်စွမ်း မရှိတော့သလို ဝိညာဉ်အငွေ့အသက်များ ပိုင်ဆိုင်ထားခြင်း မရှိတော့ပါသော်လည်း ၎င်းတို့၏ စွမ်းရည်မှာမူ လျော့ကျသွားခြင်း မရှိပေ။
နောက်နေ့များတွင် ဝမ်ပေါင်လဲ့မှာ သူ မိတ်ဆွေများဆီသို့ ပေးအပ်ခဲ့သည့် သူ၏ကိုယ်ပွားများ တစ်ခုပြီးတစ်ခု သူ၏ အာရုံထဲမှ ပျောက်ကွယ်သွားကြသည်ကို ခံစားမိလိုက်၏။ သူသည် ၎င်းတို့ ထိုသို့ပျောက်ကွယ်သွားရခြင်း၏ အကြောင်းရင်းကို နားလည်ထားသည်။ သူ၏ မိတ်ဆွေများမှာ နေအဖွဲ့အစည်းထဲမှ ထွက်ခွာသွားကြခြင်းပင်ဖြစ်သည်။
ထို့ကြောင့် သူသည် စိတ်ဓာတ်များကျဆင်းကာ သူ၏နေအိမ်မှ ထွက်ခွာလာပြီး ကောင်ကင်မြို့တော်ထဲ၌ တစ်ယောက်တည်း လမ်းပတ်လျှောက်နေတော့သည်။ သူသည် လမ်းသွားလမ်းလာများနှင့် မရပ်မနား သွားလာခုတ်မောင်းနေကြသည့် ယာဉ်များကို ကြည့်ပြီး မြို့တော်ကြီးထဲရှိ ဆူညံသံများကို နားထောင်ရင်း ဦးတည်ရာမဲ့စွာ လှည့်လည်သွားနေ၏။ နောက်ဆုံးတွင် သူသည် ရေကန်တစ်ကန်၏ ဘေးသို့ ရောက်ရှိသွားပြီး အောက်သို့ထိုင်ချလိုက်တော့သည်။ ထို့နောက် သူသည် ထိုရေကန် မျက်နှာပြင်ပေါ်တွင် မျောလွင့်နေသည့် ကြာရွက်များကို စိုက်ကြည့်ရင်း အတွေးများထဲ၌ နစ်မျောသွား၏။
သူသည် သူ၏ ငယ်ဘဝ၊ ကျောင်းသားဘဝနှင့် တာအိုနန်းတော်ထဲတွင် ရှိခဲ့စဉ်တုန်းက အချိန်ကာလများကို ပြန်တွေးမိနေခြင်း ဖြစ်၏။ နောက်ဆုံးတွင် သူသည် သူနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ တိုက်ပွဲကြီးအကြောင်းနှင့် ကျိယွဲ့၏ ဝိညာဉ်သစ်စေ့အကြောင်းကို တွေးမိလိုက်ပြီးနောက် စကြဝဠာကြီးထဲသို့ ဆက်လက် ဆန့်တန်းသွားနေခဲ့သည့် အမျှင်အတန်းလေးအား ပြန်၍သတိရသွား၏။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားကာ နေဝင်သွားပြီး လမင်းကြီးမှာ ထိန်ထိန်သာနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ သိပ်မကြာသေးခင်တုန်းက သူ၏နောက်တွင် လူတယောက်ပေါ်လာခဲ့သည်ကို သတိမထားမိခဲ့ပေ။ ထိုသူမှာ လူငယ်လေးတစ်ယောက်ဖြစ်ပြီး ကျောပေါ်တွင် သစ်သားဓားတစ်လက်ကို လွယ်ထားပြီး လက်ထဲတွင် ဘူးသီးခြောက်တစ်လုံးကိုကိုင်ကာ သစ်ပင်ကြီးတစ်ပင်အား မှီထား၏။ သူသည် ထိုဘူးသီးခြောက်အား မော့သောက်ရင်း ဝမ်ပေါင်လဲ့အား စောင့်ကြည့်နေသည်။ သူ၏မျက်ဝန်းများထဲတွင်မူ အဓိပ္ပါယ်လေးနက်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ သူသည် ဝမ်ပေါင်လဲ့အား မည်ကဲ့သို့ နှစ်သိမ့်ပေးရမည်နည်းဟု စဉ်းစားတွေးတောနေသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာမူ သူ့အား သတိမထားမိသေးသည့် ပုံပင်။ ခဏအကြာတွင် သူသည် မျက်ဝန်များ အရောင်တောက်ပလာပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
” သူတို့်လည်း သူတို့ရဲ့ တာဝန်နဲ့၊ ငါလည်း ငါ့ရဲ့ တာဝန်နဲ့ပါပဲလေ။ အစွမ်းပိုထက်လေလေ ယူရတဲ့တာဝန်က ပိုကြီးလေလေပဲ။ ငါက ရွှေငွေနဲ့ ဂုဏ်သိမ်ဒြပ်တွေကို မလိုချင်တဲ့အပြင် ငှက်တစ်ကောင်လို ဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းချင်ပေမယ့် ပြည်ထောင်စုကြီးအတွက် ဆိုရင်တော့ ပြည်ထောင်စုဥက္ကဋ္ဌကြီးဆိုတဲ့ ကြီးမားလေးလံတဲ့ တာဝန်ကြီးကို လက်လွှဲယူပေးဖို့ အဆင်သင့်ပါ ”
” ဝေ့လည်ကြောင်ပတ် လုပ်နေလို့ ဘာမှ မထူးဘူး။ ငါက အခုလို ဘုရားပေးတဲ့ ကျင့်ကြံခြင်းအဆင့်၊ ရိုးသားဖြူစင်ပြီး ဖြောင့်မတ်မှန်ကန်တဲ့ နှလုံသားနဲ့ ပြိုင်စံရှားတဲ့ ရုပ်ရည်တွေကို ပိုင်ဆိုင်ရအောင် ဘယ်သူ့ဆီမှာမှ ဆုမတောင်းခဲ့ဘူးဆိုပေမဲ့ ပြည်သူလူထုက ငါ့ကို လိုအပ်နေပြီလေ။ ပြည်ထောင်စုကြီးကလည်း ငါ့ကို လိုအပ်နေပြီ။ နေအဖွဲ့အစည်း မဟာမိတ်အဖွဲ့တစ်ခုလုံးကလည်း ငါ သူတို့ရဲ့ ဥက္ကဋ္ဌကြီး ဖြစ်လာမှာကို စောင့်မျှော်နေကြတာ ”
သစ်ပင်ကြီးအား မှီနေသည့် လူငယ်လေးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ အထူးတဆန်း ဖြစ်သွားရ၏။ ထို့နောက် သူသည် သူ၏နဖူးကို လက်ဝါးဖြင့်ရိုက်ကာ ဝမ်ပေါင်လဲ့အား နှစ်သိမ့်ပေးရန် ပြင်နေသည့် သူ၏ ပါးစပ်အား ပြန်ပိတ်ထားလိုက်ရတော့သည်။
” ငါ့ရဲ့ မိတ်ဆွေတွေ ထွက်ခွာသွားတာကို တွေးပြီးတော့ ဝမ်းနည်းနေလို့ မဖြစ်ဘူး။ ငါ တက်တက်ကြွကြွ ရှိနေမှဖြစ်မယ်။ ငါက ပြည်ထောင်စုကြီးထဲမှာ ရုပ်အချောဆုံးလေ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် မတ်တတ်ထလာ၏။ ထို့နောက် သူသည် ခေါင်းမော့ကာ အော်ဟစ်ကြွေးကြော်ရန် ပြင်လိုက်စဉ်မှာပင် သူ၏နောက်မှ ချောင်းဟန့်သံတစ်သံကို ကြားလိုက်ရတော့သည်။
” ချစ်ရတဲ့ ဂိုဏ်တူညီလေး… မင်းရဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့နည်းလမ်းက တော်တော်ကို ထူးဆန်းတာပဲကွ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားသံကို ကြားလိုက်ရသောအခါ ကြက်သေသေသွားရ၏။ ထို့နောက် သူသည် နောက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သောအခါ သစ်ပင်ကြီးတစ်ပင်အား မှီထားသည့် လူငယ်လေးအား မြင်လိုက်ရတော့သည်။ ထိုလူငယ်လေးမှာ သူ၏ဂိုဏ်းတူအစ်ကိုဖြစ်သူ… ချန်ရှင်း ဖြစ်ပေသည်။
သူသည် ချန်ရှင်းအား စိုက်ကြည့်နေလိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ ငြိမ်ကျသွား၏။
ချန်ရှင်းမှာလည်း သူ့နည်းတူပင် နှုတ်ဆိတ်နေသည်။ သူတို့မှာ ရေကန်လေး၏ ဘေးတွင် ရပ်နေကြ၏။ ထိုအချိန်တွင် လေပြည်လေညင်းလေးတစ်ခုမှာ သူတို့၏ ဆံပင်များအား တိုးဝှေ့ တိုက်ခတ်သွားသဖြင့် ကန်ရေပြင်ပေါ်၌ ရေလှိုင်းကလေးများ ထလာတော့သည်။
အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ချန်ရှင်းမှာ သူ၏နဖူးအား ပွတ်လိုက်၏။ ထို့နောက် သူသည် သက်ပြင်းချကာ သူ၏ ဘူးသီးခြောက်အား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်သည်။ နောက်ဆုံးတွင် သူသည် ရိုးသားမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ဆိုလိုက်တော့သည်။
” ပေါင်လဲ့။ ဉာဏ်ထက်တဲ့ လူတွေက အများအားဖြင့် စိတ်ထိခိုက်လွယ်တဲ့ လူတွေပဲကွ။ ငါလည်း အခု ဒီနေရာကို ရောက်လာမှသာ အဲဒီအချက်ကို သိခဲ့ရတာ။ ငါ့ကို အထင်မလွဲပါနဲ့။ မင်းရဲ့ နှလုံးသားထဲမှာ မပြေလည်ဘဲ ရှိနေတဲ့ အဖုအထစ်ကြီးက ငါ့ကြောင့် မဟုတ်ဘူး “