Switch Mode

အခန်း (၁၁၆)

ကျရှုံးရာမှ ပြန်ထလာနိုင်ခဲ့ပြီ

အခန်း (၁၁၆) ကျရှုံးရာမှ ပြန်ထလာနိုင်ခဲ့ပြီ

နက်ရှိုင်းတိတ်ဆိတ်သွားသည့် လုဝမ်ကိုကြည့်ရင်း ရန်ကျောက်ကဲ ပခုံးတစ်ချက်တွန့်လိုက်သည်။

သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်က ငယ်ရွယ်ပြီး စိတ်အားထက်သန်သူတစ်ယောက် ဖြစ်သည့်တိုင် လုဝမ်ကြောင့် ခုနစ်စဉ်ကြယ်ဓားသိုင်းကို စွန့်လွှတ်သွားသည်အထိ ဖြစ်ခဲ့ရသည်။

သူတော်ကြောင်း သက်သေပြနိုင်ရန်အတွက် အစွန်းရောက်ရှစ်ပါးသိုင်းပညာရပ်များအနက်မှ အခြားသောဓားသိုင်းများကိုပင် မလေ့ကျင့်တော့ဘဲ ကိုယ်ပိုင်ဓားသိုင်းတစ်ခုကို တီထွင်ဖန်တီးခဲ့သည်။

အမှန်တော့ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဓားတာအိုက အားနည်းခြင်းမရှိပေ။ ခုနစ်စဉ်ကြယ်ဓားသိုင်းမှာပင် အလွန်မြင့်မားသည့် အေင်မြင်မှုမျိုး ရရှိခဲ့သည်။

သို့ပေသိ အချို့သူများကတော့ ခက်ခဲသည့်သိုင်းပညာများကို လွယ်လွယ်နှင့် တတ်မြောက်နိုင်စွမ်းရှိကြသည်။

ကောင်းကင်နေအပ်ပညာကို ကျင့်ကြံခဲ့သည့် ချောင်ယွမ်လုန်နှင့် ခုနစ်စဉ်ကြယ်ဓားသိုင်းကို လေ့ကျင့်ခဲ့သည့် လုဝမ်တို့ပင် ဖြစ်သည်။

သူတို့အနေဖြင့် အနာဂတ်တွင် ရှီတိကဲ့သို့ အောင်မြင်မှုနှင့် လိုက်လျောညီထွေ ရှိလာနိုင်မည်လား မသိရသေးပေ။

အကယ်၍ ရှီတိအနေဖြင့် အစွန်းရောက်ရှစ်ပါးသိုင်းပညာရပ်များမှ ရွှေခန္ဓာသိုင်းပညာကို မလေ့ကျင့်ဘဲ ခုနစ်စဉ်ကြယ်ဓားသိုင်းကို လေ့ကျင့်မည်ဆိုလျှင်လည်း သူသည် ထူးချွန်ထက်မြက်သည့် သံမဏိခြင်္သေ့ဘုရင်အဖြစ် ဆက်လက်တည်ရှိနေမည်သာ ဖြစ်သည်။

လုဝမ်သည်လည်း ခုနစ်စဉ်ကြယ်ဓားသိုင်းကို မလေ့ကျင့်ဘဲ အခြားသိုင်းပညာတစ်ခုခုကို လေ့ကျင့်ခဲ့လျှင်လည်း ထိုနယ်ပင်တွင် ဒဏ္ဍာရီလာ သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်လာမည်မှာ အမှန်ပင်။

မည်သို့ပင်ဖြစ်စေ အသက် (၂၅)နှစ် ၊ (၂၆)နှစ်အရွယ်တွင် ဝါဒတောင်တစ်ခုလုံး၌ ခုနစ်စဉ်ကြယ်ဓားသိုင်း ပြိုင်ဘက်ကင်း နံပါတ် (၁) ဆိုသည်မှာ ကံတရားဟု မဆိုနိုင်ဘဲ အစစ်အမှန်စွမ်းရည်ရှိသူဟု အတိအကျ သတ်မှတ်နိုင်၏။

ရန်‌ကျောက်ကဲကတော့ မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် နှိုင်းယှဉ်လျှင် ခုနစ်စဉ်ကြယ်ဓားသိုင်းနှင့်ပတ်သက်ပြီး မတူညီသည့် နားလည်မှုတစ်ခု ရှိသည်။

သူ နားလည်သည်မှာ ဤဓားသိုင်းတွင် သင်ယူနိုင်သည့်အပိုင်း ပါဝင်သလို မသင်ယူနိုင်ဘဲ ထိုးထွင်းသိမြင်ရမည့် ဓားသိုင်းဖြစ်နိုင်ခြေများလည်း ပါဝင်သည်။

မူလခန္ဓာကိုယ်ပိုင်ရှင်အနေဖြင့် ခုနစ်စဉ်ကြယ်ဓားသိုင်းကို စွန့်လွှတ်လိုက်ခြင်းက မဆန်းပေ။ ခပ်လန်းလန်း သခင်လေးတစ်ပါးအတွက် ရှုံးနိမ့်မှုက အမာရွတ်ဟောင်းတစ်ခု ဖြစ်နေလေရာ သူ့အတွက် စိတ်မချမ်းမသာ ဖြစ်ရသည် အမှန်ပင်။

ရန်ကျောက်ကဲကတော့ မူလခန္ဓာကိုယ်ပိုင်ရှင် လေ့ကျင့်ထားသည့် သိုင်းပညာများအားလုံးကို စေ့စေ့စပ်စပ် လေ့လာခဲ့သည်။ ထိုသိုင်းပညာများထဲမှ သူ အားစိုက်လေ့လာမိသည်မှာ သူကိုယ်တိုင်တီထွင်ထားခဲ့သော အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်း မဟုတ်သလို တုရှိတလက်ဝါးသိုင်းလည်း မဟုတ်ခဲ့ပေ။

အခြားသူများအမြင်တွင် သူစွန့်လွှတ်ခဲ့ပြီဟု ထင်မှတ်နေကြသည့် ခုနစ်စဉ်ကြယ်ဓားသိုင်းကို သူက လေ့လာခဲ့ခြင်း ဖြစ်၏။

မူလခန္ဓာကိုယ်ပိုင်ရှင် ချန်ထားခဲ့သော ဓားသိုင်းအခြေခံအုတ်မြစ်နှင့် သူ၏ အားကောင်းသောနားလည်နိုင်စွမ်းကို ပေါင်းစည်းကာ ခုနစ်စဉ်ကြယ်ဓားသိုင်းကို လျှင်မြန်စွာပင် နားလည်သဘောပေါက်ခဲ့သည်။

အခြားသူများအမြင်တွင် တစ်ချိန်က ရှုံးနိမ့်ခဲ့သည့်ပုံရိပ်ကို ချေဖျက်လိုပါက လုဝမ်ကို ပြိုင်ဘက်အဖြစ် စိန်ခေါ်ခြင်းက သက်ရောက်မှုများစွာရှိမည်ဖြစ်သည့်တိုင် တကယ်တမ်းတွင် ထိုသို့ ပြုလုပ်စရာ မလိုပေ။

သို့သော် လုဝမ်ကိုယ်တိုင်က သူ့အိမ်တံခါးဝကိုလာခေါက်သည့်အခါ ရန်ကျောက်ကဲက သဘာအတိုင်း ယှဉ်ပြိုင်ရန် လက်ခံခဲ့သည်။

သိုင်းကျမ်းစာကြည့်တိုက် စတုတ္ထထပ်မှ ရန်ကျောက်ကဲကို စိုက်ကြည့်နေသော အဘိုးအို၏ အကြည့်များက စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ရှိမနေပေ။

သူက အ‌ဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်ရင်း…

“ဘယ်လောက်တောင် မြင့်မားလိုက်တဲ့ နားလည်နိုင်စွမ်းလဲ”

ဟု ရေရွတ်လိုက်သည်။

ရန်ကျောက်ကဲက လုဝမ်ကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း ပြုံးလိုက်သည်။

“ညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို”

ပြောပြီသည်နှင့် သူက လုဝမ်ကိုဖြတ်ကျော်ကာ အောက်ထပ်သို့ ဆင်းသွားသည်။

ယခုမှ သတိပြန်ဝင်လာသည့် ကျောက်မင်မှာ လုဝမ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ့အကြည့်များတွင် လှောင်ပြောင်ခြင်း ၊ ကဲ့ရဲ့ ရှုံချခြင်းများ ရှိမနေဘဲ ကြည်ညိုလေးစားမှုအနည်ငယ် ယှက်သန်းနေ၏။

လုဝမ်သည် သိုင်းစွမ်းအား မြင့်မားသူတစ်ယောက်ဖြစ်သည် အမှန်ပင်။

နယ်မြေအသီးသီးမှ ပါရမီရှင်များစွာြဖင့် ပြည့်နက်နေသည့် ထိပ်သီးသိုင်းဂိုဏ်းတစ်ခုဖြစ်သော ဝါဒတောင်ဂိုဏ်းလိုနေရာမျိုးတွင် ထင်ရှားစွာရပ်တည်နိုင်ပြီး လူငယ်မျိုးဆက်ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် လုဝမ်သည်ကား ပါရမီရှင်များကြားမှ ပါရမီရှင်တစ်ယောက်ဖြစ်သည်မှာ ငြင်းနိုင်ဖွယ် မရှိပေ။

သို့သော် သူ့ထက်တော်သည့် ရန်‌ကျောက်ကဲနှင့်တွေ့သွားသည်ကတော့ စိတ်မကောင်းစရာပင်။

ဝါဒတောင်တစ်ခုလုံးတွင် လုဝမ်နှင့် သက်တူရွယ်တူ သိုင်းကျင့်ကြံသူများနှင့် ကျင့်ကြံခြင်းအဆင့်တူညီသူများကြားတွင် သူ့ကို အနိုင်ယူရန် မည်သူမှ အကြွင်းမဲ့ ယုံကြည်ချက် မရှိကြပေ။

ထို့ပြင် လုဝမ်သည် သူကျွမ်းကျင့်သည့် နယ်ပယ်တွင်လည်း အတော်ဆုံးတစ်ယောက် ဖြစ်၏။

ယနေ့မတိုင်ခင်အချိန်ထိ ဝါဒတောင်တစ်ခုလုံးမှ သိုင်းဆရာသခင်အဆင့်အောက် သိုင်းကျင့်ကြံသူများကြားတွင် လုဝမ်က ခုနစ်စဉ်ကြယ်ဓားသိုင်း ပြိုင်ဘက်ကင်း နံပါတ် (၁) ဖြစ်၏။

ယနေ့ပြီးဆုံးသွားပြီးနောက် လုဝမ်၏ ခုနစ်စဉ်ကြယ်ဓားသိုင်းသည် ဝါဒတောင်၏ သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများကြား ဂုဏ်ဝင့်ထည်စွာ ရပ်တည်နေဦးမည် ဖြစ်သော်လည်း သူ့ထက်ပိုတော်သူတစ်ယောက် ထွက်ပေါ်လာခဲ့လေပြီ။

တစ်ချိန်က လုဝမ်၏ ဖိအားပေးခြင်း ခံခဲ့ရသောကြောင့် ခုနစ်စဉ်ကြယ်ဓားသိုင်းကို စွန့်ပယ်သွားခဲ့သော ထိုလူငယ်သည် ယခုတော့ ခုနစ်စဉ်ကြယ်ဓားသိုင်းဖြင့်ပင် လုဝမ်ကို အနိုင်ယူသွားခဲ့သည်။

ကျောက်မင်က လုဝမ်ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး ရန်ကျောက်ကဲနောက်သို့လိုက်ကာ အောက်သို့ဆင်းသွားသည်။

“ပါရမီရှင်တွေကြားက ပါရမီရှင်ဆိုတာ အတော်ဆုံးပါရမီရှင်ကို ပြောတာပဲ”

“ပါရမီရှင်တွေကြားက အတော်ဆုံးပါရမီရှင်ကို ဘယ်လိုခေါ်သင့်သလဲ”

ရန်ကျောက်ကဲ နောက်သို့လှည့်ကြည့်လိုက်တော့ အတွေးထဲနစ်မြုပ်နေသည့် မျက်နှာထားဖြင့် သူ့နောက်မှလိုက်လာသော ကျောက်မင်ကို တွေ့လိုက်ရသည်။

သူက မနေနိုင်ဘဲ ပြုံးလိုက်ရင်း…

“ခုနစ်စဉ်ကြယ်ဓားသိုင်းလိုမျိုး သိုင်းပညာတစ်ရပ်က မြန်မြန်ဆန်ဆန် အောင်မြင်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး ၊ မင်းအလှည့်ကျရင်တော့ ဖြည်းဖြည်းပဲ လေ့ကျင့်စေချင်တယ်”

ယခုမှ ကျောက်မင် သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်သည်။

“ဒီစည်းမျဉ်းကို ငါ နားလည်ပါတယ် ၊ ဒါပေမဲ့ တံခါးပိတ်ကျင့်ကြံဖို့ကလည်း လောလောဆယ် မဖြစ်နိုင်သေးဘူး ၊ မကြခင် မြောက်ကောင်းကင်ဒေသက သွေးနီသက်တံ့ဂိုဏ်းကို ခရီးထွက်ဖို့ စီစဉ်ထားတယ်”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း…

“ဘာလဲ… သားမက်တော်လေးရဲ့ အလည်အပတ်ခရီးလား”

သွေးနီသက်တံ့ဂိုဏ်းဆိုသည်က အရှေ့ထန်နိုင်ငံကဲ့သို့ပင် ဝါဒတောင်ဂိုဏ်းကို အရှင်သခင်အဖြစ် သတ်မှတ်ထားသော ဂိုဏ်းတစ်ခု ဖြစ်သည်။ ‌အဆိုပါဂိုဏ်းက မြောက်ကောင်းကင်ဒေသတွင် တည်ထောင်ထားပြီး အင်အားကြီးမားသော သိုင်းဂိုဏ်းတစ်ခုပင်။

အရှေ့ထန်နိုင်ငံက အရှေ့ကောင်းကင်ဒေသတွင်တည်ရှိပြီး သွေးနီသက်တံ့ဂိုဏ်းက မြောက်ကောင်းကင်ဒေသ အခြေစိုက်ဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် ပတ်သက်ဆက်နွယ်မှုများ ရှိကြသည်။

သွေးနီသက်တံ့ဂိုဏ်းမှ ချုပ်ကိုင်ထားသည့် နယ်မြေများတွင် ဝိညာဉ်ပန်းပင်များနှင့် ဝိညာဉ်ဆေးပင်များ အမြောက်အမြားစိုက်ပျိုးကြပြီး အရှေ့ထန်နိုင်ငံတွင် ဆေးများဖော်ဆပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများကို တင်သွင်းသည်။

သိုင်းဂိုဏ်းတစ်ခုအနေဖြင့် သွေးနီသက်တံ့ဂိုဏ်းသည် ၎င်းတို့ဒေသတွင်း ပါရမီရှင်များကို လိုချင်ကြသည်မှာ အမှန်ပင်။ သို့သော် ကောင်းကင်နယ်မြေ၏ အင်အားစုတစ်ခု ဖြစ်သည့်အတွက် ဝါဒတောင်ဂိုဏ်း၏ အရှိန်အဝါကို သေချာပေါက် ခံစားကြရသည်။

ထူးချွန်ထက်မြက်သော လူငယ်အများစုသည် ဝါဒတောင်ဂိုဏ်းတွင် ပညာသင်ယူချင်သည်မှာ သဘာဝပင် ဖြစ်သည်။ ဤသည်ကလည်း သွေးနီသက်တံ့ဂိုဏ်း ကာလရှည်ကြာ ကျင့်သုံးခဲ့သည့်နည်းလမ်း ဖြစ်သည်။

ဝါဒတောင်နှင့် ဆက်ဆံရေးခိုင်မြဲစေရန်အတွက် သက်တံ့တိမ်တိုက်ဂိုဏ်းမှ အရည်အချင်းရှိသူအချို့ကို ဝါဒတောင်သို့ ဝင်ရောက်စေခဲ့သည်။

လက်ရှိ သွေးနီသက်တံ့ဂိုဏ်းချုပ်၏ သမီးဖြစ်သူသည်လည်း ဝါဒတောင်သို့ ဝင်ရောက်ပညာသင်ခဲ့သည်။

သူမနှင့် ကျောက်မင်က အချိန်အတန်ကြာအောင် ရင်းနှီးကျွမ်းဝင်ခဲ့ကြပြီး တစ်ဘဝလုံးလက်တွဲရန်ရည်ရွယ်ကာ လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ရန်‌ကျောက်ကဲက စ နောက် လိုက်သော်လည်း ကျောက်မင်က အေးဆေးတည်ငြိမ်စွာဖြင့် ပြန်လည်စကားဆိုသည်။

“ငါလည်း သွေးနီသက်တံ့ဂိုဏ်းချုပ်နဲ့ မတွေ့ရသေးဘူးလေ ၊ ဒါကြောင့် ဒီတစ်ခေါက် ခရီးထွက်မလားလို့ပါကွာ”

ရန်‌ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…

“ကံကောင်းပါစေကွာ ၊ ဒါနဲ့… ငါ ခရီးထွက်မယ့်အချိန်နဲ့ ကိုက်တယ်ဆိုရင် တို့တွေ အတူတူတောင် သွားလို့ရတယ်”

ရန်ကျောက်ကဲ အဘယ့်ကြောင့် မြောက်ကောင်းကင်ဒေသကိုသွားမည်ကို သိချင်သည့်တိုင် ကျောက်မင်က ထုတ်ဖော်မေးမြန်းခြင်း မပြုခဲ့ပေ။

သူက ခေါင်းညိတ်လိုက်ရင်း…

“ဒါဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ကွာ ၊ ခုနစ်စဉ်ကြယ်ဓားသိုင်းနဲ့ပတ်သက်ပြီး နားမလည်တာတွေရှိရင်လည်း မင်းကို လမ်းမှာမေးလို့ရတယ်လေ”

ပြောပြီးသည်နှင့် ကျောက်မင် စိတ်ထဲမှ သက်ပြင်းချမိသည်။ လွန်ခဲ့သည့် နှစ်ဝက်ခန့်က သူတို့ (၂)ယောက် အသက်အရွယ်လည်းကွာခြားသလို သူ၏ကျင့်ကြံခြင်းအဆင့်က ရန်‌ကျောက်ကဲထက် မြင့်မားသည်။ သို့သော် ယခုတော့ ရန်ကျောက်ကဲက သူ့ကိုကျော်တက်သွားပြီ ဖြစ်သည်။

သူ့အနေဖြင့် ရန်ကျောက်ကဲနှင့် မယှဉ်နိုင်တော့ပေ။ မယှဉ်သင့်တော့ဟုဆိုလျှင် ပိုမှန်ပေမည်။

ကျောက်မင်နှင့် လမ်းခွဲပြီးသည်နှင့် ရန်ကျောက်ကဲ သူနေထိုင်ရာနေရာသို့ ပြန်လာခဲ့၏။

တောင်တန်းနယ်မြေသို့ ခရီးထွက်ရန် လိုအပ်သည့်ပစ္စည်းများကို အကြမ်းဖျင်းပြင်ဆင်ပြီးနောက် ဖန်းယွင်ရှန်းကို လှမ်းခေါ်လိုက်သည်။

ယခုတစ်ကြိ် ခရီးထွက်ခြင်းက တောင်တန်းနယ်မြေမှ တိမ်လွှာတောင်ကိစ္စသာမက ဖန်းယွင်ရှန်း၏ ထူးကဲယင်ခန္ဓာပြဿနာကို ဖြေရှင်းရန်လည်း ပါဝင်သည်။

အချိန်ကာလတစ်ခုဖြတ်သန်းပြီးနောက် အားဟူသည်လည်း ကျင့်ကြံခြင်းပိတ်ဆို့မှုကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး သိုင်းပညာရှင်အဆင့်၏ နောက်ဆုံးအဆင့်ဖြစ်သော ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ခပ်တုံးတုံးခပ်အအ ပုံစံရှိသော အားဟူသည် သိုင်းတာအိုနားလည်နိုင်စွမ်းတွင်တော့ ချွင်းချက်မရှိ မြင့်မားသည်။

ရန်ကျောက်ကဲ၏ သတိပေးချက်လေးတစ်ခုဖြင့် ခြေတစ်လှမ်းမျှသာလိုတော့သည့် ဉာဏ်အလင်းပွင့်ခြင်းကို ရရှိသွားပြီး အဆုံးသတ်တွင် အောင်မြင်သွားခဲ့သည်။

“ကောင်းလိုက်တာ ၊ ကျွန်တော် အချိန်မီအဆင့်တက်သွားတာ အရမ်းကောင်းတယ် ၊ အရမ်းကောင်းတယ်”

အားဟူက နှုတ်ခမ်းထောင့်များကော့ညွှတ်သွားသည်အထိ ရူးသွပ်သူတစ်ယောက်ပမာ တဟားဟား အော်ဟစ်ရယ်မောရင်း ပြောသည်။

ရန်‌ကျောက်ကဲက သူ့ပခုံးကို ပုတ်လိုက်ရင်း…

“လာကွာ… ငါနဲ့အတူ တာဝန်ခန်းမကို လိုက်ခဲ့ဦး”

ထို့နောက် ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် အားဟူတို့ တာဝန်ခန်းမသို့ ထွက်လာခဲ့ကြသည်။

တာဝန်ခန်းမသို့ ရောက်သည်နှင့် တာဝန်ခန်းမ၏ ထိပ်တန်းအကြီးအကဲဖြစ်သူ ဒုတိယဆရာဦးလေးဖန်ကျွင်းနှင့် တွေ့ဆုံရသည်။

ဖန်ကျွင်းက အရင်ဆုံး စကားဆိုလာသည်။

“ရေခဲနဂါးသူတော်စင်ရဲ့ အမွေအနှစ်ပစ္စည်းက နည်းနည်း အရေးကြီးတယ် ၊ ဘာလို့လဲဆိုတော့ ဒီကိစ္စက ငရဲက မူမမှန်မှုတွေနဲ့ ပတ်သက်နေတယ် ၊ ဆိုတော့… အဲဒီကိစ္စကို ဂိုဏ်းက အရင်စုံစမ်းရမယ် ၊ ဒါပေမဲ့ ငရဲနဲ့ မသက်ဆိုင်တဲ့အရာအားလုံးကိုတော့ မင်းပိုင်ဆိုင်ပါတယ်”

ရန်‌ကျောက်ကဲက ပြုံးလိုက်ရင်း…

“ဂိုဏ်းအတွက် လိုအပ်တယ်ဆိုရင် အဲဒီအမွေအနှစ်ကို ကျွန်တော်မရလည်း အဆင်ပြေပါတယ်”

ဖန်ကျွင်းက…

“မင်းပိုင်ဆိုင်သင့်တဲ့ပစ္စည်းဆိုရင် မင်းဆီကနေ ဂိုဏ်းက အတင်းသိမ်းပိုက်မှာ မဟုတ်ပါဘူး ၊ အသေးစိတ်ကိုတော့ ဂိုဏ်းတူအစ်ကိုကြီးရှီတိ ပြန်လာရင် ပြောပြလိမ့်မယ်”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

ဤကိစ္စ၏ အရေးပါမှုကို သိရှိပြီးနောက် ရှီတိက သတ္တုပြားလေးကိုယူဆောင်ကာ မြောက်ပင်လယ်သို့ ကိုယ်တိုင်ပင် ခရီးထွက်သွားခဲ့သည်။

ဖန်ကျွင်းက ဆက်ပြော၏။

“ငါတို့ စုံစမ်းမှုအရ… ရီကျင်းရဲ့လက်စွပ်ကတော့ မဟာကပ်ဘေးမတိုင်ခင်က မီးတောက်မိစ္ဆာဧကရာဇ်နဲ့ ပတ်သက်တဲ့ပစ္စည်းလို့ အတည်ပြုနိုင်တယ် ၊ သို့ပေသိ… သူ့ရဲ့ အကြွင်းအကျန်က နည်းနည်းပါးပါးပဲ ကျန်ရှိတော့တယ် ၊ လက်ရှိ မီးတောက်မိစ္ဆာကမ္ဘာနဲ့ သက်ဆိုင်တဲ့ ရှေးဟောင်းပစ်စည်းတစ်ခု ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲ မျက်နှာ တည်ကြည်လေးနက်သွားပြီး…

“ဒါက သတင်းကောင်းတစ်ခုပဲ”

“မှန်တယ် ၊ အဲဒါက သတင်းကောင်းတစ်ခုပဲ”

ထို့နောက် ဖန်ကျွင်းက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို တစ်ချက်‌ဝေ့ကြည့်လိုက်သည်။

“ဒါနဲ့… နောက်ထပ်နှစ်ဝက်လောက်ဆိုရင် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ နောက်တစ်ကြိမ် ကျင်းပတော့မယ် ၊ ကျောက်ကဲ… မင်း ပါဝင်ချင်တယ်ဆိုရင်တော့ ပြင်ဆင်မှုတွေ အကောင်းဆုံး ပြုလုပ်ထားသင့်တယ်”

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲဆိုသည်က ကေင်းကင်ချိတ်ဆက်ခြင်းအဆင့် သိုင်းပညာရှင်များ တွေ့ဆုံကြသည့်ပွဲ မဟုတ်ပေ။ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ထိပ်တန်းသိုင်းကျင့်ကြံသူ လူငယ်မျိုးဆက်သစ်များ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် တွေ့ဆုံဖလှယ်ကြသည့်ပွဲ ဖြစ်၏။

ထိုပွဲကို  (၃)နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ကျင့်ကြံခြင်းတွင် အမြင့်ဆုံး အလားအလရှိသူများ တက်ရောက်ကြသည်။ ဤသည်က မိုးကောင်းကင်ချိတ်ဆက်ခြင်းဆိုသည့် အဓိပ္ပါယ် ဖြစ်သည်။

ယနေ့ခေတ် မင်းသား (၄)ပါးက နောက်ဆုံးအကြိမ် မိုးကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ ပြီးဆုံးတော့မှ ဂုဏ်သတင်း စတင်ပျံ့နှံ့လာကြသူများ ဖြစ်သည်။ ထို့ပြင် မိုးကေင်းကင်မျက်နှာပေးခံရသော နာမည်ကျော်ကြားသည့် အခြားသော သခင်လေးအချို့လည်း ရှိသေးသည်။

အချို့က သိုသိုသိပ်သိပ်နေထိုင်သည့် သိုင်းဂိုဏ်းများမှ ဖြစ်ကြပြီး လျှို့ဝှက်စွာ နေထိုင်ကြသူအချို့လည်း ရှိသည်။

သို့သော် ပါရမီရှင်အဆင့်ပုဂ္ဂိုလ်များအကြား ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်သည့်အခါ ထိတ်လန့်ဖွယ်ရာ မီးပွားများ လွင့်စင်သည်မှာ ဓမ္မတာပင်။ ၎င်းဖြစ်စဉ်များကြောင့် ထိုတွေ့ဆုံပွဲတွင် ပါဝင်သူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိကြသည်။ တစ်ခါတစ်ရံ မျှော်လင့်ထားသည်ထက်ပင် ဆုလာဘ်များက ပိုမိုရရှိနိုင်သည်။

သိုင်းကျင့်ကြံခြင်းဆိုသည်က တစ်ချိန်လုံး တရားထိုင်သလို ကျင့်ကြံနေပြီး အဆက်မပြတ် ကာလရှည်ကြာ တံခါးပိတ်ကျင့်ကြံခြင်းသာလျှင် မဟုတ်ပေ။

ထို့ကြောင့် တွေ့ဆုံပွဲတွင် ပါဝင်မည် ၊ မပါဝင်မည်က ကာယကံရှင်ကိုယ်တိုင် မေးခွန်းထုတ်ရမည့် အချက်ဖြစ်သည်။

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ရင်း…

“နားလည်ပါပြီ”

ဖန်ကျွင်းက ဆက်ပြောသည်။

“ဒီတစ်ခေါက် မင်းရဲ့ တောင်တန်းနယ်မြေကိုသွားဖို့ ခရီးစဉ်အတွက် မင်းနဲ့အတူခရီးထွက်ဖို့ ဂိုဏ်းက အကြီးအကဲတစ်ယောက်ကို တာဝန်ပေးထားတယ်”

ရန်ကျောက်ကဲက စွမ်းရည်မြင့်မားသူတစ်ယောက်ဖြစ်သော်လည်း တောင်တန်းနယ်မြေသို့ ခရီးသွားခြင်းဆိုသည်က အဆုံးမဲ့တောင်တန်းနှင့် တရားဝင်ဆက်ဆံရမည့် အရေးဖြစ်သည်။ ထို့ကြောင့် အဖွဲ့ကို ဦးဆောင်ရန် လုံလောက်သော အဆင့်အတန်းရှိသည့် အကြီးအကဲတစ်ယောက် လိုအပ်သည်။

ရန်ကျောက်ကဲက…

“ဒုတိယဆရာဦးလေး ၊ ကျွန်တော်တို့ကို ဦးဆောင်မယ့် အကြီးအကဲက ဘယ်သူများလဲ သိခွင့်ရှိမလား”

ဖန်ကျွင်းက…

“အဲဒီအကြီးအကဲက ဂိုဏ်းတူညီမလေး’ဖူ’ ဖြစ်လိမ့်မယ်”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲမျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားပြီး ချက်ချင်းပင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကာ…

“ဆရာဒေါ်လေး’ဖူ’… ဟုတ်လား”


Comment

Leave a Reply

Options

not work with dark mode
Reset