Switch Mode

အပိုင်း (၂၀ဝ)

ဘယ်သူမှ မကျော်ဖြတ်နိုင်ဘူးလား

အရှေ့မြေရိုင်းဒေသမှ နိုဘယ်တန်ခိုးရှင်များ အားလုံးက ရှောင်ဝူကျိ၏ နာမည်ကို ကြားဖူးကြသည်။ သူတို့၏ တပည့်များက စံချိန်ပေါင်းများစွာကို ဖန်တီးထားသော ရှေးဟောင်းမြေရိုင်း ဒေသမှ ပါရမီရှင်တစ်ယောက် အကြောင်းကို ပြောပြထားပြီး ဖြစ်သည်။

သို့သော် သူတို့က ရှောင်ဝူကျိကို မှန်တောင်ကုန်းတွင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် လူငယ်မျိုးဆက်ထဲတွင် အတော်ဆုံးဟု သတ်မှတ်ထားသော တစ်စုံတစ်ယောက်အား လူတိုင်းက စိတ်ဝင်စားကြသည်။ သူက မည်သည့် အင်အားစုကို ရွေးမည်ကို မည်သူမှ မသိပေ။

ယခုကား လူတိုင်း၏ မျက်လုံးက မှန်တောင်ထိပ်မှ ရှောင်ဝူကျိကို ကြည့်နေကြသည်။ ကြောက်မက်ဖွယ် ကံစွမ်းအားက သူ့ထံမှ လင်းလက် တောက်ပစွာ ဖြာထွက်လာကာ ကျောက်နံရံထဲကို တိုးဝင်သွားသည်။ ထို့နောက် ကျောက်နံရံက လင်းလက်လာကာ ထူးဆန်းသော အရှိန်အဝါက ရှောင်ဝူကျိထံ ဆင်းသက်လာသည်။

“ကျောက်နံရံထဲမှာ ဘာရှိတာလဲ…” ရီဖူရှင်းက ရီဝူချင်းကို စိတ်ဝင်တစား မေးလိုက်သည်။ သူတို့အုပ်စုထဲတွင် ရီဝူချင်း တစ်ယောက်တည်းသာ မှန်တောင်ကုန်းပေါ်တွင် စမ်းသပ်ဖူးသည်။

“အထဲမှာ နိုဘယ်အသိက ဖန်ဆင်းထားတဲ့ လူရှိတယ်… မင်းရဲ့ ကိုယ်ပိုင်အသိနဲ့ သူနဲ့ ရင်ဆိုင် တိုက်ခိုက်ရတယ်….” ရီဝူချင်းက ပြောသည်…. “ပြီးတော့ သူက ပိုပြီး အင်အား ကောင်းလာတယ်… နိုဘယ်တစ်ယောက်ကို အနိုင်ယူတိုင်းက နံရံပေါ်မှာ နိုဘယ်ပုံရိပ်တစ်ခု ပေါ်လာတယ်….”

ရီဖူရှင်း၏ မျက်လုံးက လင်းလက်သွားသည်။ ရီဝူချင်းက နိုဘယ်နှစ်ဦးကို အနိုင်ယူခဲ့ကာ တတိယ တစ်ယောက်တွင် ကျရှုံးခဲ့သည်။ ရှောင်ဝူကျိက နိုဘယ် ဘယ်နှယောက် ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်မည်နည်း။

မကြာမီပင် မှန်မျက်နှာပြင်အလား ကျောက်နံရံတွင် နိုဘယ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

မြန်လွန်းလှသည်။ လူတိုင်းက တွေးလိုက်ကြ၏။ သိသာထင်ရှားစွာပင် ရှောင်ဝူကျိက သူ၏ ပြိုင်ဘက်အား အလွန်လျင်မြန်စွာ အနိုင်ယူခဲ့သည်။

အတန်ကြာလျှင် ဒုတိယ နိုဘယ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ လူတိုင်းက ပိုမို စိတ်ဝင်စားလာကြသည်။ နံရံပေါ်မှ နိုဘယ်ပုံရိပ်များ များပြားလာလေ ပိုမို ခက်ခဲလာလေ ဖြစ်သည်။ ပုံရိပ်နှစ်ခု ဖြစ်ပေါ်ရန်ကား အလွန်ခက်ခဲသည်။ ထိပ်သီးပါရမီရှင်များသာလျှင် ပုံရိပ်သုံးခု ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်သည်။ ပုံရိပ်လေးခုမူကား အရှေ့မြေရိုင်းဒေသတွင် အတော်ဆုံးဟု သတ်မှတ်နိုင်သော သူသာလျှင် ပြုလုပ်နိုင်သည်။

ရှောင်ဝူကျိက ပုံရိပ် ဘယ်နှခု ဖန်တီးနိုင်မည်နည်း။

တဖြည်းဖြည်းဖြင့် တတိယ နိုဘယ်ပုံရိပ်တစ်ခု နံရံပေါ်တွင် ဖြစ်ပေါ်လာသည်။ ထိုအရာက တဖြည်းဖြည်း ထင်ရှားလာသော်လည်း လုံးဝ ပြည့်စုံခြင်း မရှိသေးပေ။ အတန်ကြာလျှင် ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ ရှောင်ဝူကျိထံမှ ထွက်ပေါ်လာကာ နံရံပေါ်မှ ပုံရိပ်ကလည်း ထင်ရှားစွာ ဖြစ်ပေါ်လာသည်။

ကောလာဟလများအရ တတိယနိုဘယ်ပုံရိပ် ဖြစ်ပေါ်လာသောအခါ စိန်ခေါ်သူက အလွန်ကြီးစွာသော အကျိုးကျေးဇူးများ ရရှိသည်ဟူ၍ပင်။ ထိုအရာက မှန်တောင်ကုန်း၏ ဆုလာဘ်ဖြစ်သည်။ ရှောင်ဝူကျိက ထိုအရာကို လက်ခံရရှိသည် ဖြစ်ရမည်။

ထို့နောက် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသော အလင်းရောင်များ ရှောင်ဝူကျိကို လွှမ်းခြုံလာသည်။ သူက ထပ်မံ၍ စိန်ခေါ်နေပုံရသည်။ လေးယောက်မြောက် နိုဘယ်ပုံရိပ်က နံရံပေါ်တွင် ရေးရေးပေါ်လာသည်။ ထိုအခိုက်တွင် ရှောင်ဝူကျိက အလွန် အားကောင်းသော ဖိအားဒဏ်ကို ခံစားနေရဟန် တူသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်လာနေသည်။ ကျောက်နံရံက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို လူတိုင်းက ခန့်မှန်းနိုင်သည်။

ဤနေရာတွင် လူအများအပြား ရှိသော်လည်း လူအနည်းငယ်မျှသာ နိုဘယ်ပုံရိပ်သုံးခု ဖန်တီးနိုင်သည်။ သူတို့က ထိုမြင်ကွင်းနှင့် ရင်းနှီးနေပြီးသားဖြစ်ကာ ရှောင်ဝူကျိက မည်သို့အခြေအနေကို ရင်ဆိုင်နေရသည်ကို နားလည်ကြသည်။

နောက်ဆုံးတွင် အားလုံး၏ မျက်လုံးအောက်တွင်ပင် နိုဘယ်ပုံရိပ် လေးခု ဖြစ်ပေါ်လာသည်။ ထိုအရာက မှန်တောင်ကုန်းပေါ်တွင် ထာဝရ ထွင်းထုထားပြီးသား ဖြစ်သွားသည်။ ပိုမို၍ လင်းလက်သော အားလှိုင်းတစ်ခုက ရှောင်ဝူကျိထံကို ဆင်းသက်လာသည်။

နိုဘယ်ပုံရိပ် လေးခု။ လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားသည်။ ထိုအရာက မှန်တောင်ကုန်း၏ စံချိန်တစ်ခု ဖြစ်သည်။ အကောင်းဆုံးထဲမှ အကောင်းဆုံးများသာ နိုဘယ်ပုံရိပ်လေးခုကို ဖန်တီးနိုင်သည်။

အလွန် အားကောင်းလွန်းလှသည်။ လူတိုင်းက တုန်လှုပ်သွားကြသော်လည်း ရှောင်ဝူကျိက ဆက်လက်၍ စိန်ခေါ်ပြန်သည်။ မှန်တောင်ကုန်းတွင်ကား ထူးဆန်းဖြစ်စဉ်များ အများအပြား ဖြစ်ပေါ်လာနေသည်။ ကောင်းကင်တွင် ရောင်စုံအလင်းများ တောက်ပနေသလို လေထုများကလည်း တုန်ခါနေသည်။ ထို့အတူ ရှောင်ဝူကျိ၏ စိတ်ကလည်း အလွန်အမင်း ပြင်းထန်သော ဖိအားများကို ခံစားနေရသည်။ နောက်ဆုံးတွင် လေထုပေါက်ကွဲသံ တစ်ခုကြားရပြီး သူ နောက်ဆုတ် လိုက်သည်။ သူဆက်လက်၍ စိန်ခေါ်နိုင်စွမ်း မရှိတော့။

အလွန်အမင်း တောက်ပနေသော မှန်တောင်ကုန်းလည်း နောက်ဆုံးတွင် တစ်ဖန် သာမန်ကျောက်တုံး တစ်ခုလို မှေးမှိန်သွားသည်။ နိုဘယ်ပုံရိပ်များလည်း တဖြည်းဖြည်း ပျောက်ပျက်သွားသည်။ သူက ကျရှုံးသွားသည့်တိုင် မည်သူမှ သူ့အား အထင်မသေးကြပေ။ ထိုအစား လေးစား အထင်ကြီးကြသည်။

သူက စည်တော်ကို ကိုးကြိမ်တီးခတ်ခဲ့ကာ နံရံတွင် ရှစ်လက်မထူသော ပုံရိပ်ကို ချန်ထားခဲ့ပြီး မှန်တောင်ကုန်းတွင်လည်း နိုဘယ်ပုံရိပ် လေးခု ဖြစ်ပေါ်စေခဲ့သည်။ သူ၏ စံချိန်ကား သူမတူအောင် ကောင်းမွန်သည်။ သူကား မည်သည့် ထိပ်သီးအင်အားစုမှ ပါရမီရှင်များနှင့်မဆို ယှဉ်နိုင်သည်။ အမှန်က သူကပင် အနည်းငယ် သာသည်ဟု ပြော၍ ရသည်။

“ဝါး…” ရီဖူရှင်းကလည်း ချီးကျူးလိုက်သည်။ သူက တခြားလူများကို မသိသော်လည်း ရီဝူချင်းက မှန်တောင်ကုန်းတွင် နိုဘယ်ပုံရိပ်နှစ်ခုသာ ဖန်တီးနိုင်သည်။ ရှောင်ဝူကျိက လေးခု လုပ်နိုင်သည်။ သူမည်မျှ စွမ်းအားမြင့်သည်ကို သိသာ ထင်ရှားစေသည်။ ထိုအရာက တန်ခိုးအဆင့်နှင့်လည်း သက်ဆိုင်နိုင်ပေသေးသည်။ ရီဝူချင်းက ဓားပညာ တစ်ခုတည်းကိုသာ လေ့လာသော အချိန်တွင် ရှောင်ဝူကျိက စွမ်းအားမျိုးစုံသုံး တန်ခိုးရှင်ဖြစ်သည်။ သူ့တွင် များစွာသော နိုဘယ်အသိများရှိပြီး တခြားလူများထက် အသာစီးရသော အခြေအနေတွင် ရှိသည်။ သို့သော်လည်း သူပြသခဲ့သော ပါရမီများက တကယ်ပင် ကောင်းမွန်လှသည်။ ထိပ်သီး အင်အားစုများ အားလုံးက သူ့အတွက် လာရောက်ကြသည်မှာ မထူးဆန်းတော့ပေ။

ဂူဘိုင်ယွီက ရီဖူရှင်းအား ကြည့်လိုက်သည်။ သူမ၏ စီနီယာအစ်ကိုသည်လည်း ရှောင်ဝူကျိထက်တော့ မနိမ့်ကျပေ။ သူကား ကောင်းကင်နှင့် မြေကြီးကို အမိန့်ပေးနိုင်သော ပါရမီရှင်မျိုး ဖြစ်သည်။

“ငါးယောက်မြောက် နိုဘယ်က ကျောက်နံရံမှာ ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ဘူး…” ရှောင်ဝူကျိက သက်ပြင်းချလိုက်သည်။ သူက နောက်လှည့်ကာ လူတိုင်းအား ကြည့်လိုက်သည်။ ဤတစ်ကြိမ်ကား မှန်တောင်ကုန်းကို လာရောက်ခြင်းက သူ့အတွက် ပထမဆုံးနှင့် နောက်ဆုံးဖြစ်သည်။ ပြီးနောက် သူက ကလန်တစ်ခုကို ရွေးကာ အကာနာအဆင့်ကို တက်ရောက်တော့မည် ဖြစ်သည်။

ယခု သူက ကလန်တစ်ခုကို ရွေးတော့မည်လော။ လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

“ရှောင်ဝူကျိ… မင်းက တောင်ဝင်ချန်ကျောင်းတော်ကို ပူးပေါင်းချင်လား…. ငါတို့က အကောင်းဆုံး အရာတွေကိုပဲ ပေးမှာ သေချာတယ်…” တော်ဝင်ချန်ကျောင်းတော်မှ တန်ခိုးရှင် တစ်ယောက်က ပြောသည်။ သူတို့က အင်အား အကောင်းဆုံး မဟုတ်သည့်တိုင် အကယ်၍ သူသာလျှင် ပူးပေါင်းပါက သူတို့အတွက် ကောင်းမွန်သောအရာ ဖြစ်ပေမည်။

တခြား အုပ်စုများကလည်း စတင်၍ ဖိတ်ခေါ်ကြသည်။ သို့သော် ဖူယွန်ဓားကလန်၊ ဓားသခင် တောင်ကုန်းနှင့် ချင်းရွှီဘုရားကျောင်းတို့က မဖိတ်ခေါ်ပေ။ ဓားပညာကို အထူးပြုသော ကလန်များက ဓားသမားများကိုသာ လက်ခံသလို ဘုရားကျောင်းကလည်း ဘုန်းတော်ကြီးများကိုသာ လက်ခံသည်။ လစန္ဓာကလန်ကလည်း မိန်းကလေးများကိုသာ လက်ခံသည်။ သူတို့က ပွဲကြည့်ရန် လာကြခြင်းသာ။ ရှောင်ဝူကျိက ဒွန်ဟွာကလန်နှင့် ကျောင်းတော်တစ်ခုကို ရွေးမည်ဟု ထင်မြင်ယူဆကြသည်။ သို့သော် ထိုအင်အားနှစ်ခုက ဖိတ်ခေါ်ရန် အလျင်မလိုပေ။

“ရှောင်ဝူကျိ… တကယ်လို့ မင်းက ချန်ပြည်ထောင်ကို ပူးပေါင်းမယ်ဆိုရင် ကျုပ်တို့က မင်းကို မင်းသမီးတစ်ပါးနဲ့ လက်ဆက်ပေးမယ်…” ချင်ပြည်ထောင်မှ မင်းသားတစ်ပါးက ပြောသည်။ လူအများ၏ နှလုံးများ တုန်ခါသွားသည်။ ချင်ပြည်ထောင်ကား အလွန်ရက်ရောလှသည်။ ရှောင်ဝူကျိအား ဆွဲဆောင်နိုင်ရန် သူတို့၏ မင်းသမီးတစ်ပါးကိုပင်လျှင် သူမထက် အဆင့်နိမ့်သော သူအား လက်ဆက်စေသည်။

ဤနည်းဖြင့် ရှောင်ဝူကျိက ချင်ပြည်ထောင်တွင် သူ၏ အဆင့်အတန်းကို စိတ်ပူစရာ မလိုတော့ပေ။ ထိုအရာက သူ၏ စိတ်ပူပန်မှုများကို ဖယ်ထုတ်ရန်ဖြစ်သည်။

“ဒွန်ဟွာကလန်က တန်ခိုးကျင့်ရာမှာ မင်းအတွက် အသင့်တော်ဆုံးပဲ…” ဟွာချိန်ချဲပြောသည်။

“ငါက ကျောင်းတော်ကပဲ…” တန့်ယွီက ပြောသည်။ သူက ဖြည်းညင်းစွာ ပြောသည်… “ကျောင်းတော်က မင်းကို ဖိတ်ခေါ်တယ်…”

လူတိုင်းက အံ့အားသင့် သွားကြသည်။ ကျောင်းတော်က ထိုမျှ ယုံကြည်မှု ရှိပါသလော။

ငါက ကျောင်းတော်ကပဲဟု သူပြောသည်။ သူ၏ ယုံကြည်မှုကို သူ၏ စကားထဲတွင် ထင်ရှားစွာ တွေ့ရသည်။

မျက်လုံးပေါင်းများစွာက ရှောင်ဝူကျိထံကို ရောက်လာသည်။ သူ မည်သည့်အဖွဲ့ကို ရွေးမည်နည်း။

ရှောင်ဝူကျိက လူတိုင်းကို ကြည့်လိုက်ကာ ဖြည်းညင်းစွာ ပြောသည်… “ကျုပ်က ကျောင်းတော်ကို ရွေးတယ်…” သူ၏ အသံတွင် တွန့်ဆုတ်မှုများ လုံးဝ မရှိပေ။ သိသာစွာပင် သူကား  ယခင်ကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ထို့ကြောင့် တန့်ယွီက ယုံကြည်မှု ရှိခြင်းဖြစ်သည်။ သူတို့က စကားများစွာ ပြောရန် မလိုပေ။ တန့်ယွီက သူက ကျောင်းတော်မှ ဖြစ်သည်ဟု ပြောကာ ရှောင်ဝူကျိအား ဖိတ်ခေါ်သည်။

ယခု ရှောင်ဝူကျိက သဘောတူသည်။ နောက်ထပ် ထိပ်သီးပါရမီရှင်တစ်ဦးက ကျောင်းတော်ကို ရောက်ရှိသွားပြီ ဖြစ်သည်။

တန့်ယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ ပြောသည်… “ကြိုဆိုပါတယ်…”။ ယနေ့တွင် သူက ရှောင်ဝူကျိအတွက် ရောက်လာကာ သူ၏ ခရီးက အလကား မဖြစ်ခဲ့ပေ။ ရှောင်ဝူကျိကို ကိုယ်တိုင် ခေါ်ဆောင်ရခြင်းက သူ့အတွက် ပျော်ရွှင်ဖွယ်ရာ တစ်ခုဖြစ်သည်။

တခြား အင်အားစုများ အားလုံးက စိတ်ပျက်သွားကြသည်။ မှန်သည်… ဒွန်ဟွာကလန်ကား စိတ်အပျက်ဆုံး ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့က ကျောင်းတော်နှင့် ယှဉ်ပြိုင်ရန် လာရောက်ခြင်း မဟုတ်ပါလား။ သို့သော် ရှောင်ဝူကျိ၏ ဆုံးဖြတ်ချက်က ပိုမို အရေးပါသည်။ မည်သူမှ သူ့အား အတိုင်းမတိုက်တွန်းရာ သူတို့က နားလည် လက်ခံရန်သာ ရှိသည်။

“ငါတို့က ကျောင်းတော်ကို တိုက်ရိုက်သွားမလား…” တန့်ယွီက မေးသည်။

“ကောင်းပြီ…” ရှောင်ဝူကျိက ခေါင်းညိတ်သည်။ သူက ဤနေရာကို လာရောက်ကတည်းက အားလုံးကို ပြင်ဆင်ပြီး ဖြစ်သည်။

“ဒါဆို သွားမယ်…” တောက်ပစွာ ပြုံးလျက် တန့်ယွီက ပြောသည်။

ရှောင်ဝူကျိက ရှေ့မှထွက်သွားသည်။ လူတိုင်းက အလိုအလျောက် ဘေးကို ဖယ်ဘေးကြသည်။ သူတို့က တန့်ယွီနှင့် ရှောင်ဝူကျိ အတူတူ ထွက်ခွာသွားသည်ကို ကြည့်နေကြသည်။ တန့်ယွီက ရှောင်ဝူကျိအတွက် ရောက်လာခြင်း ဖြစ်သည်။ ယခု သူက စိတ်ကျေနပ်စွာ ထွက်ခွာသွားကာ တခြား ပြဿနာများလည်း မရှိပေ။

ဒွန်ဟွာကလန်မှ ဟွာချိန်ချဲက စိတ်ပျက်သွားပုံ ရသည်။ သူက ရီဖူရှင်းတို့အုပ်စုကို ကြည့်ကာ ထွက်ခွာသွားသည်။ သူက ဤမတိုင်မီက ရီဖူရှင်းကို အခွင့်အရေးပေးပြီး ဖြစ်သည်။ ရီဖူရှင်းက ငြင်းဆန်မှတော့ သူကလည်း အရေးလုပ်မည် မဟုတ်ပေ။

ဓားသခင်တောင်ကုန်း၊ ချင်းရွှီဘုရားကျောင်းနှင့် တခြား ကလန်များအားလုံး ထွက်ခွာသွားကြသည်။

သူတို့အတွက် စိတ်ဝင်စားစရာ မကျန်ရှိတော့ပေ။ သူတို့က ရှောင်ဝူကျိအတွက် ရောက်လာခြင်း ဖြစ်သည်။

သို့သော်လည်း ဖူယွန်ဓားကလန်က မထွက်ခွာ သွားသေးပေ။ လီတောင်ယွန်၏ အမူအရာက ဓားတစ်လက်လို ထက်ရှသွားကာ ရီဖူရှင်းတို့အုပ်စုကို ကြည့်လိုက်သည်။ သူက လူတိုင်း ထွက်ခွာသွားရန် စောင့်နေသည်။ သူ၏ မျက်လုံးထဲတွင် ရီဖူရှင်းကား လူသေဖြစ်နေလေပြီ။

“ဒါက အရမ်းမိုက်တာပဲ…” ဂူဘိုင်ယွီက တက်ကြွစွာ ပြောသည်။

“အမှန်ပဲ…” ရီဖူရှင်းက ပြုံးလိုက်သည်။ ထို့နောက် သူက တစ်နေရာသို့ လျှောက်သွားလိုက်သည်။ ဂူဘိုင်ယွီက သူ့ကို နားမလည်စွာ ကြည့်သည်။ သူဘယ်ကို သွားနေသနည်း။

ရီဖူရှင်းက မည်သည့်စကားမှ မပြောဘဲ စည်တော်ကိုးခု ရှေ့တွင် ရပ်လိုက်သည်။

ဘုန်း…။ ပထမဆုံး စည်တော်သံကား ညင်သာသည်။ လူတိုင်း၏ မျက်လုံးက အရောင်လက်သွားကာ အသံလာရာသို့ ကြည့်လိုက်ကြသည်။ ရှောင်ဝူကျိ၏ စွမ်းဆောင်ရည်ကို မြင်ပြီးနောက် တခြားတစ်ယောက်က ထပ်မံ စည်တော်ကို တီးခတ်သည်လား။

ဘုန်း… နောက်ထပ် စည်တော်သံတစ်ချက် ထွက်ပေါ်လာသည်။ လူတိုင်းက ကြားသော်လည်း သိပ်စိတ်ဝင်စားပုံ မရကြပေ။

ဘုန်း… ဘုန်း… ဘုန်း… စည်တော်သံ နောက်ထပ် သုံးချက် အဆက်မပြတ် ထွက်ပေါ်လာသည်။ အသံက ပိုမိုကျယ်လောင်လာသလို လေထုကလည်း စတင်တုန်ခါလာသည်။

ထိပ်သီးအင်အားစုများက လှေကားထစ်မှ တောင်အောက်ကို ဆင်းသက်နေကြပြီ ဖြစ်သည်။ တောင်ထိပ်မှ စည်တော်သံကို ကြားလျှင် သူတို့အားလုံး အံ့အားသင့် သွားကြသည်။ တစ်စုံတစ်ယောက်က စည်တော်ကို တီးခတ်နေသည်လား။

သူတို့က သိပ်ဂရုမထားဘဲ ဆက်လက်၍ ဆင်းသက်ကြသည်။

ဘုန်း… ဘုန်း… ခြောက်ချက်မြောက်နှင့် ခုနစ်ချက်မြောက်အသံ ထွက်ပေါ်လာသည်။

လှေကားထစ်ပေါ်တွင် တန့်ယွီက ပြုံးလျက် ပြောသည်… “ဘယ်သူက မင်းနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေလဲ ငါသိချင်တယ်…”

ဘုန်း… ရှစ်ချက်မြောက် ထုရိုက်သံက ထွက်ပေါ်လာလျှင် မိုးကြိုးပစ်သည့်အလား လေထုက ရုန့်ရင်းစွာ တုန်ခါသွားသည်။

တောင်ထိပ်တွင် လူအများအပြားက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ရပ်တန့်ခြင်း မရှိဘဲ သူက နဂါးတစ်ကောင်အလား စည်တော်ကို ထုရိုက်လိုက်သည်။ သူ၏ လက်ဝါးက စည်တော်ကို ထိမိလျှင် စည်တော်က နဂါးအော်သံအလား ထွက်ပေါ်လာသည်။

ဘုန်း… ကိုးကြိမ်မြောက် စည်တော်သံတွင် ကောင်းကင်နှင့် မြေပြင်က တစ်ပြိုင်နက်တည်း တုန်ခါသွားသည်။ မြင်ကွင်းက ပြောင်းသွားသည်။ တောင်ထိပ်ပေါ်မှ လူတိုင်းက ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ သူကား အမှန်ပင် ပါရမီကောင်းသည်။

တန့်ယွီနှင့် တခြားလူများကလည်း ထိုအသံကို ကြားကြသည်။ သူတို့ ရပ်တန့်လိုက်ပြီးမှ တောင်အောက်ကို ဆက်ဆင်းသွားကြသည်။

စည်တော်သံကိုးချက်က ကောင်းမွန်သော်လည်း အလွန်အမင်း ထူးချွန်သည်တော့ မဟုတ်ပေ။

စည်တော်များရှေ့တွင် ရပ်နေသော ရီဖူရှင်း၏ အဝတ်စများနှင့် ဆံပင်များက လေလှိုင်းများကြောင့် တဖျတ်ဖျတ် လွင့်နေသည်။ သူ၏ လက်ကို တစ်ဖန် မြောက်လိုက်ပြန်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset