Switch Mode

အခန်း (၇၂၆)

အမှောင်ပျံလွှား စစ်ဆင်ရေး

ရှေးဦးဝိညာဥ်ခေတ်၏ လေးဆယ့်ရှစ်နှစ်မြောက်ခုနှစ်တွင် ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့ကြား စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာခဲ့၏။

ငါးလအကြာတွင်မူ ထိုစစ်ပွဲကြီးမှာ ပြီးဆုံးသွားခဲ့သည်။ မြဲ့လျဲ့ကျိဦးဆောင်သော တာအိုနန်းတော် ကျင့်ကြံသူများမှာ အရှုံးပေးရန် ဆုံးဖြတ်ခဲ့ကြ၏။

ထိုစစ်ပွဲကြီးမှာ တိုတောင်းပါသော်လည်း အလွန်အင်မတန်မှပြင်းထန်ပြီး သေကျေပျက်စီးမှုနှုန်းလည်း မြင့်မားခဲ့၏။ ထို့အပြင် ထိုစစ်ပွဲကြီးမှာ လူအများ၏ အမြင်တွင် ပဟေဠိဆန်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မည်သူကမှ နောက်ဆုံးတိုက်ပွဲကြီးအား မမြင်ခဲ့ရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထို စစ်ပွဲကြီး ပြီးဆုံးသွားသည့် အကြောင်းအရင်းနှင့် ပတ်သတ်၍ ကောလာဟလပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာကြတော့သည်။

ထို ကောလာဟလများ ပျံ့နှံ့နေကြစဉ် စစ်ပြီးခေတ် ရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုလည်း အဆက်မပြတ် ဆောင်ရွက်နေကြ၏။ ပထမဆုံး ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာမှာ လက်နက်ချ အရှုံးပေးခဲ့သည့် တာအိုနန်းတော် ကျင့်ကြံသူများအား မည်ကဲ့သို့ ပြစ်ဒဏ်ချမှတ်ရမည်နည်းဟူသည့် မေးခွန်းပင် ဖြစ်သည်။ အသက်ရှင်ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူစုစုပေါင်း၏ သုံးဆယ်ရာခိုင်နှုန်းခန့်မှာ ကြီးလေးသော ပြစ်မှုများကို ကျူးလွန်ခဲ့ကြကြောင်း စီရင်ချက်ချခံခဲ့ရပြီး သွမ့်မုချွယ်မှာ သူတို့ ခံစားရမည့် အပြစ်ဒဏ်အား ပြည်ထောင်စုတစ်ခုလုံးသိသွားအောင် ထုတ်ပြန်ကြေညာခဲ့သည်။ သူတို့မှာ ကွပ်မျက်ခံကြရမည် ဖြစ်သည်။

ထို ပြစ်ဒဏ်ချမှတ်ချက်မှာ ပြင်းထန်ပါသော်လည်း ပြည်ထောင်စုကြီးအတွက် လိုအပ်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ သူတို့မှာ ပြည်ထောင်စုကြီးဆီသို့ ကျူးကျော်လာသည့် လူများအား ဒဏ်မခတ်ဘဲ ခွင့်လွှတ်ပေးနိုင်ကြမည် မဟုတ်ပေ။

ထို့အပြင် တာအိုနန်းတော်မှ အဆင့်မြင့်အရာရှိ အများစု၏ ခန္ဓာကိုယ်များထဲသို့လည်း ကျောက်ပင်ဖန် တီထွင်ထားသည့် ပစ္စည်းတစ်ခုဖြစ်သော ဝိညာဉ်သိပ္ပံ အချုပ်အနှောင်များ ထည့်သွင်းခဲ့သေးသည်။ သို့ဖြစ်ရာ သူတို့မှာ ပြည်ထောင်စုကြီးအား အန္တရာယ်ပြုနိုင်စွမ်း ရှိကြတော့မည်မဟုတ်ပေ။ ထို့အပြင် သူတို့အား နှစ်ပေါင်းငါးရာတိတိ အကျဉ်းချထားရန် စီရင်ချက်ချလိုက်၏။

နှစ်ပေါင်းငါးရာတိတိ ကုန်ဆုံးသွားပြီးမှ သူတို့မှာ အချုပ်အနှောင်များဆီမှ ပြန်လည်လွတ်မြောက်လာကြမည်ဖြစ်သည်။ မြဲ့လျဲ့ကျိ၏ ရာထူးအဆင့်အတန်းမှာမူ တမူထူးခြားသောကြောင့် သူ့အား သစ္စာကျိန်ဆိုခိုင်းပြီး တာအိုနန်းတော်ဆီသို့ ပြန်သွားခွင့် ပေးလိုက်၏။ သူသည် တစ်သက်လုံး တာအိုနန်းတော်အား စောင့်ရှောက်ရမည်ဖြစ်သည်။ ပြည်ထောင်စုကြီးဘက်မှ သူ့အား မဆင့်ခေါ်သရွေ့ သူသည် တာအိုနန်းတော် အပြင်ဘက်သို့ ခြေတစ်လှမ်းပင် ထွက်လာခွင့် ရှိမည်မဟုတ်ပေ။

ထို့အပြင် နစ်နာကြေးအနေဖြင့် တာအိုနန်းတော်မှာ သူတို့၏ ရင်းမြစ်ပစ္စည်းများအားလုံးကို ပြည်ထောင်စုကြီးစိတ်ကြိုက် အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။ ထို ပစ္စည်းများထဲတွင် သူတို့၏ မှတ်တမ်းများနှင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်များအားလုံး ပါဝင်ပေသည်။ ထို့အပြင် ပြည်ထောင်စုကြီးမှာ တာအိုနန်းတော်အား စိတ်ကြိုက် ဝင်ထွက်သွားလာခွင့်လည်း ရရှိသွားမည်ဖြစ်သည်။ သို့သော် ဖုန့်ချိုးရန်၏ တောင်းဆိုချက်ကြောင့် ရှေးဟောင်းဓားကြီး၏ အတွင်းအကျဆုံး နေရာများကိုမူ တားမြစ်ဒေသများဖြင့် သတ်မှတ်ပေးခဲ့၏။ ပြည်ထောင်စုကျင့်ကြံသူများမှာ ထိုနေရာများသို့ ဝင်ရောက်ကာ အိပ်မောကျနေကြသည့် တာအိုနန်းတော် အကြီးအကဲကြီးများကို နှောင့်ယှက်ခွင့်မရှိပေ။

ထို့နောက်… စစ်ပွဲကြီး မစခင်တုန်းက ဝမ်ပေါင်လဲ့ အဆိုပြုတင်သွင်းခဲ့သည့် မဟာမိတ်ဖွဲ့မည့် ကိစ္စအကြောင်းအား ဆွေးနွေးလိုက်ကြ၏။ သွမ့်မုချွယ်မှာ ထိုကိစ္စအား အလေးထားဆောင်ရွက်ကာ ပြည်ထောင်စုကြီးထဲမှ အဆင့်မြင့်အရာရှိကြီးများနှင့် ဖုန့်ချိုးရန်တို့ကို ဆင့်ခေါ်ကာ စတင်ဆွေးနွေးလိုက်တော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ မူရင်း အဆိုပြုချက်အား အသေးစား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက် မဟာမိတ်ဖွဲ့ရန် သဘောတူလိုက်ကြသည်။

ထိုသို့ဖြင့် ရှေးဦးဝိညာဉ်ခေတ်၏ လေးဆယ့်ကိုးနှစ်‌မြောက်ခုနှစ်တွင် နေအဖွဲ့အစည်း မဟာမိတ်အဖွဲ့အား တည်ထောင်လိုက်ကြတော့သည်။ ထိုသို့ဖြင့် သူရိယခေတ်ဟု အမည်ရသည့် ခေတ်သစ်တစ်ခုသို့ ရောက်ရှိသွား၏။

လက်ရှိတွင် နေအဖွဲ့အစည်း မဟာမိတ်အဖွဲ့ထဲ၌ အဖွဲ့ဝင်နှစ်ဖွဲ့ ရှိပေသည်။ ၎င်းတို့မှာ ပြည်ထောင်စုကြီးနှင့် ကျယ်ပြန့်တာအိုနန်းတော်တို့ ဖြစ်ကြ၏။ ထိုမဟာမိတ်အဖွဲ့၏ စည်းမျဉ်းများအရ ပြည်ထောင်စုကြီးကသာလျှင် ပထမအဆင့်အဖွဲ့ဝင် ရာထူးအဆင့်အတန်းကို ပိုင်ဆိုင်ထားနိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပေသည်။ သူတို့မှာ ဗီတိုအာဏာကို ပိုင်ဆိုင်ထားကြ၏။ ကျယ်ပြန့်တာအိုနန်းတော်မှာမူ ဒုတိယအဆင့်အဖွဲ့ဝင် ရာထူးအဆင့်အတန်းကိုသာ ပိုင်ဆိုင်ထားသည်။

ထိုစည်းမျဉ်းများကြောင့် ပြည်ထောင်စုကြီးမှာ တာအိုနန်းတော်ထက် အမြဲတမ်း အသာစီးရနေမည်သာဖြစ်သည်။ ယခင်တုန်းကသာဆိုလျှင် ကျယ်ပြန့်တာအိုနန်းတော်မှာ ထိုကဲ့သို့သော သတ်မှတ်ချက်များကို သဘောတူခဲ့မည် မဟုတ်ပေ။ ဖုန့်ချိုးရန်မှာ ပြည်ထောင်စုကြီးနှင့် မဟာမိတ်ဖွဲ့ရန် ဆန္ဒရှိနေခဲ့သည့်တိုင်အောင် တာအိုနန်းတော်ကိုသာ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ရန် ဖိအားပေးခဲ့မည် ဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ငါးလခန့်တုန်းက ပေါ်ပေါက်လာခဲ့သည် စစ်ပွဲကြီးနှင့် ထိုစစ်ပွဲကြီးထဲတွင် ပြည်ထောင်စုကြီးဘက်မှ ထုတ်ပြခဲ့သည့် စွမ်းရည်များကြောင့် သူမ၏ အတွေးအမြင်များမှာ ပြောင်းလဲသွားခဲ့ရ၏။ ယခုတွင် ဖုန့်ချိုးရန်နှင့် တာအိုနန်းတော်တို့မှာ ပြည်ထောင်စုကြီးအား ယခင်တုန်းကထက်ပို၍ တလေးတစား ဆက်ဆံနေရပြီဖြစ်ပြီး သူတို့၏ စွမ်းအားကိုလည်း အသိအမှတ် ပြုလာရပြီဖြစ်သည်။ သူတို့ ထိုကဲ့သို့ ပြောင်းလဲသွားရခြင်း၏ အဓိကသော့ချက်မှာမူ… ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။

သူ၏ စွမ်းအားများနှင့် တာအိုဘုန်းတော်ကြီးယိုရန်နှင့် သူ၏ကြားရှိ ပဟေဠိဆန်သော နောက်ဆုံးတိုက်ပွဲကြီးကြောင့် ဖုန့်ချိုးရန်မှာ မဟာမိတ်အဖွဲ့၏ စည်းကမ်းသတ်မှတ်ချက်များကို သဘောတူလိုက်ခြင်းဖြစ်သည်။

ထိုသို့ဖြင့် ထို မဟာမိတ်အဖွဲ့အား စတင်တည်ထောင်လိုက်ပြီးနောက် တာအိုနန်းတော်နှင့် ပြည်ထောင်စုကြီးတို့၏ ကြားရှိ အပြန်အလှန် ဆက်သွယ်မှုများမှာ ယခင်တုန်းကထက် အဆပေါင်းများစွာ ပို၍ များပြားလာကြတော့သည်။ တာအိုနန်းတော် ပိုင်ဆိုင်ထားသည့် ဗဟုသုတများနှင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်များမှာ ပြည်ထောင်စုကြီးအတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားပေသည်။ ထို့ကြောင့် ပြည်ထောင်စုကြီးထဲရှိ ဝိညာဉ်သိပ္ပံပညာရပ်မှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့၏။

တာအိုနန်းတော်မှာလည်း အကျိုးကျေးဇူးများ ရရှိခဲ့သည်သာ ဖြစ်သည်။ ပြည်ထောင်စုကြီးထဲတွင် ယခင်ကတည်းက ရှိနေခဲ့သည့် လုပ်ထုံးလုပ်စဉ်များကို တာအိုနန်းတော်ထဲတွင် လက်ခံကျင့်သုံးလာကြသဖြင့် တာအိုနန်းတော် ကျင့်ကြံသူများ၏ နေ့စဉ်ဘဝများမှာလည်း ပို၍ အဆင်ပြေချောမွေ့လာကြတော့သည်။ ထို့နောက် ထိုအဖွဲ့အစည်း နှစ်ခုကြားရှိ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းဥပဒေများမှာ ပြေလျော့သွားကြသဖြင့် တစ်‌နေရာမှ အခြားတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြသည့် ကျင့်ကြံသူ အရေအတွက်မှာလည်း များပြားလာတော့သည်။

မဟာမိတ်အဖွဲ့ထဲ၌ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နေကြပြီ ဖြစ်သည်။ တာအိုနန်းတော်၏ အကူအညီဖြင့် အင်္ဂါဂြိုဟ်၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများမှာ အဆင်ပြေချောမွေ့စွာ လည်ပတ်နေ၏။ ထို့နောက် ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့၏ ပူပေါင်းဆောင်ရွက်မှုများကြောင့် စနေဂြိုဟ်၊ ယူရေးနတ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်များပေါ်တွင်လည်း တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။ ၎င်းတို့မှာ မဟာမိတ်အဖွဲ့၏ ပထမဆုံးစခန်းများ ဖြစ်လာကြ၏။ သို့ဖြစ်ရာ ၎င်းတို့အား နေအဖွဲ့အစည်း မဟာမိတ်အဖွဲ့၏ ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့တော်များဟုပင် ခေါ်ဆိုနိုင်ပေသည်။

ထို့အပြင် ကြာသာပတေးဂြိုဟ်လည်း ရှိနေသေးသည်။ တာအိုနန်းတော်မှာ ချင့်ချိန်သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုဂြိုဟ်အကြောင်းကို ထုတ်မပြောရန် ဆုံးဖြတ်ခဲ့၏။ ပြည်ထောင်စုကြီးမှာမူ ၎င်းတို့၏ ပထမအဆင့်အဖွဲ့ဝင် ရာထူးအဆင့်အတန်းကို အသုံးပြုကာ ကြာသာပတေးဂြိုဟ်နှင့် ၎င်း၏ ပတ်ပတ်လည်တွင် ရှိနေသော ဂြိုဟ်ပဲ့ခါးပတ်ကွင်းအား တာမြစ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်လိုက်သည်။

လူအများစုမှာ ‌ထိုနေရာ၏ အရေးပါမှုကို နားမလည်ထားပါသော်လည်း လီရှင်းဝမ်၊ သွမ့်မုချွယ်နှင့် ပြည်ထောင်စုကြီးထဲမှ အဆင်မြင့်အရာရှိကြီးများမှာမူ ဝမ်ပေါင်လဲ့နှင့် ဆွေးနွေးထားပြီးသားဖြစ်သောကြောင့် ဖြစ်ကြောင်းကုန်စင်အား နားလည်ထားသည် ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ထိုနေရာတွင် နယ်မြေအသစ်တစ်ခု ဖန်တီးကာ ဝမ်ပေါင်လဲ့အား အပိုင်စားပေးရန် စီစဉ်ထားကြ၏။

ထိုသို့ဖြင့် နေအဖွဲ့အစည်း မဟာမိတ်အဖွဲ့ကြီးတစ်ခုလုံးမှာ အလုပ်ရှုပ်နေကြတော့သည်။ တာအိုနန်းတော်နှင့် ပြည်ထောင်စုကြီးတို့မှာ တစ်သားတည်း ပေါင်းစည်းသွားကြပြီဖြစ်ရာ ထိုလူမှုအဖွဲ့အစည်းမှာလည်း တိုးတက်လာတော့သည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာလည်း ပြည်ထောင်စုကြီး၏ အသိအမှတ်ပြုခြင်းကို ရရှိလိုက်၏။ သူသည် သူတို့အားလုံး၏ သူရဲကောင်းအဖြစ်သို့ ရောက်ရှိသွားရုံသာမက တာအိုနန်းတော်အပါအဝင် ပြည်ထောင်စုကြီးထဲရှိ လူတိုင်းမှာ သူသည် ပြည်ထောင်စုဥက္ကဋ္ဌအသစ် ဖြစ်လာတော့မည် ဖြစ်ကြောင်း သိရှိထားကြပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် နေအဖွဲ့အစည်း မဟာမိတ်အဖွဲ့ထဲတွင် အဆင့်အမြင့်ဆုံး ရာထူးအဆင့်အတန်းကို ပိုင်ဆိုင်သွားတော့မည်လည်း ဖြစ်သည်။

သို့သော် ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့မှာ မကြာသေးမီကမှ မဟာမိတ်ဖွဲ့ပြီးကြသည်ဖြစ်ရာ အခြား လုပ်စရာကိစ္စပေါင်း မြောက်မြားစွာ ကျန်ရှိနေသေးသည် မဟုတ်ပါလော။ သူတို့မှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက ဥပဒေအသစ်များနှင့် စည်းကမ်းချက်အသစ်များကိုလည်း ရေးဆွဲထုတ်ပြန်ရဦးမည်ဖြစ်သည်။ ထို့အပြင် အကျိုးအမြတ်များ ခွဲဝေယူမည့် ကိစ္စနှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။ သို့ဖြစ်ရာ သွမ့်မုချွယ်မှာ ထိုကဲ့သို့သော ခေါင်းရှုပ်စရာ တာဝန်ဝတ္တရားများကို ဝမ်ပေါင်လဲ့ဆီသို့ မလွှဲပေးလိုပေ။ ထို့ကြောင့် သူသည် ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေး ပြဿနာများအားလုံးကို ဖြေရှင်းကာ တကွဲတပြားစီ ဖြစ်နေသည့် နိုင်ငံရေးအင်အားစုအသီးသီးအား စည်းရုံးသိမ်းသွင်းပြီး ရှိသမျှ လုပ်ပိုင်ခွင့်အာဏာ အားလုံးကို ပြည်ထောင်စုဥက္ကဋ္ဌရာထူး၏ လက်ထဲသို့ ပြန်ရောက်လာအောင် စုစည်းရန် ကြံရွယ်ထားသည်။ ထိုသို့ ဆောင်ရွက်ပြီးမှသာ သူသည် အတွင်းရေးပြဿနာများ မရှိတော့သည့် အသစ်စက်စက် ပြည်ထောင်စုကြီးအား ဝမ်ပေါင်လဲ့၏ လက်ထဲသို့ အပ်လိုက်မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ဥက္ကဋ္ဌကြီးဖြစ်လာရန် ထပ်၍ မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်နေပါသော်လည်း သွမ့်မုချွယ်၏ စေတနာအား နားလည်ထား၏။ သူသည် နောက်ဆုံးတိုက်ပွဲကြီးထဲမှ သတိပြန်ရလာခဲ့ပြီးနောက် ကမ္ဘာဂြိုဟ်ဆီသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် သူသည် သူ၏မိဘများနှင့် အတူနေကာ သာမန်လူတစ်ယောက်ကဲ့သို့ သူ၏ဘဝအား နေထိုင်ဖြတ်သန်းနေခဲ့၏။ သူသည် နောက်ဆုံးတိုက်ပွဲကြီးပြီးနောက် သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာခဲ့သည့် ဇဝေဇဝါ ဖြစ်နေသော ခံစားချက်များကိုမူ မေ့ပျောက်ထားလိုက်ပြီး ထိုကိစ္စများကို တွေးတောမနေတော့ပေ။

သူသည် ပျော်ပျော်နေရန်သာ ဆုံးဖြတ်လိုက်ပြီးနောက် ထို ကိစ္စကြီးအကြောင်းကို ‌တဖြည်းဖြည်းနှင့် မေ့ပျောက်သွားတော့သည်။ ထိုသို့ဖြင့် သူသည် သူ ပြည်ထောင်စုဥက္ကဋ္ဌကြီးအဖြစ်သို့ ရောက်ရှိသွားမည့် နေ့ရက်ကိုသာ စောင့်မျှော်နေတော့သည်။

ထိုအတောအတွင်းတွင် သူသည် သူ၏မြည်းလေးကိုလည်း အပြင်သို့ ခေါ်ထုတ်ကာ ဆော့ကစားခွင့် ပြုခဲ့၏။ သူ၏ မိခင်ဖြစ်သူမှာမူ သူ့အတွက် အောင်သွယ်ပေးရန် လိုအပ်သည့် စီစဥ်မှုများ ပြုလုပ်နေပြီဖြစ်သည်။

ထိုအချိန်တွင် ဘန်နီလေး ရောက်ရှိလာသဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏မိခင်အား ထိုအောင်သွယ်မှုလုပ်ငန်းများကို ရပ်တန့်ခိုင်းလိုက်ရ၏။ သူသည် ဘန်နီလေးနှင့်အတူ အချိန်များကုန်ဆုံးစေခဲ့ပြီး သူ၏ ဘဝကြီးအား ပျော်ရွှင်စွာ ဖြတ်သန်းနေတော့သည်။

သို့သော် သိပ်မကြာခင်တွင် လီဝမ်အာပါ ရောက်ရှိလာသောကြောင့် ထို ပျော်စရာအချိန်များမှာ ကြာကြာမခံလိုက်ပေ။ ဝမ်ပေါင်လဲ့မှာမူ ခေါင်းခဲစ ပြုလာရပြီ ဖြစ်သည်။ ထိုသို့ဖြင့် သုံးလတိတိ ကုန်ဆုံးသွား၏။ နေအဖွဲ့အစည်း မဟာမိတ်အဖွဲ့၏ လုပ်ငန်းစဉ်များမှာ အဆင်ပြေချောမွေ့နေဆဲဖြစ်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှာလည်း ပြီးဆုံးသွားတော့မည် ဖြစ်သည်။ သွမ့်မုချွယ်မှာလည်း အပြင်အထန် ကြိုးစားအားထုတ်ခဲ့ပြီးနောက် ပြည်ထောင်စုကြီးထဲမှ အတွင်းရေးပြဿနာများကို ဖြေရှင်းနိုင်သွား၏။ ထို့ကြောင့် အရာအားလုံးမှာ အနာဂတ်အသစ်ဆီသို့ ဦးတည်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် စိတ်လှုပ်တရှားနှင့် စောင့်ဆိုင်းနေစဉ်မှာပင်…

ဝမ်ပေါင်လဲ့၏ မိတ်ဆွေများဖြစ်ကြသော ကျောက်ယမုန့်၊ လျှိုတောက်ပင်း၊ လီဝူချန်း၊ ကျင့်သိုမင်၊ လင်းတျန်ဟောက်နှင့် ခုန်းတောက်တို့မှာ သူ့ဆီသို့ ရောက်ရှိလာကြပြီး နှုတ်ဆက်စကားဆိုလိုက်ကြ၏။

သူတို့မှာ သူတို့ထွက်ခွာသွားရသည့် အကြောင်းအရင်းကို အသေးစိတ်ရှင်းပြနေခြင်း မရှိဘဲ လျှို့ဝှက်စစ်ဆင်ရေးတစ်ခု ထမ်းဆောင်ရန် ထွက်ခွာသွားခြင်းသာဖြစ်သည်ဟု အသိပေးခဲ့၏။ ထို စစ်‌ဆင်ရေး၏ ကြာချိန်ကို အတိအကျမသိနိုင်ပေ။

အစတွင် ကျောက်ယမုန့်မှာ ထို စစ်ဆင်ရေးထဲ၌ မပါဝင်ပေ။ သူမသည် အင်္ဂါဂြိုဟ်ဘုရင်ခံနှင့် ကျောက်ပင်ဖန်တို့၏ သမီးဖြစ်ရာ ပြည်ထောင်စုကြီးထဲတွင် တောက်ပသည့် အနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားပြီးသား မဟုတ်ပါလော။ သို့သော် မည်သည့် အကြောင်းကြောင့်မှန်းမသိ သူမသည် ထို စစ်‌ဆင်ရေးထဲ၌ ပါဝင်ရန် ဆုံးဖြတ်ခဲ့၏။ သူမ ဝမ်ပေါင်လဲ့အား လာရောက်နှုတ်ဆက်ခဲ့စဉ်တုန်းက သူမ၏ လေသံမှာ အေးစက်နေခဲ့သည်။ ထို့အပြင် သူမသည် ထွက်ခွာမသွားခင် ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ခဲ့သေးသည်။

သူမ၏ မျက်ဝန်းထဲမှ ရန်လိုစိတ်များကြောင့် ဝမ်ပေါင်လဲ့မှာ အပြစ်ရှိသလို ခံစားလိုက်ရ၏။ သူသည် သူ၏ လုပ်ပိုင်ခွင့်အာဏာများကို အသုံးပြုကာ ထို စစ်‌ဆင်ရေးအကြောင်းကို စုံစမ်းကြည့်လိုက်တော့သည်။ ပြည်ထောင်စုကြီးတစ်ခုလုံးထဲတွင် သူ သိခွင့်မရှိသော အကြောင်းအရာဟူ၍ မရှိပေ။

သူသည် ထိုကဲ့သို့ စုံစမ်းစစ်ဆေးကြည့်လိုက်ပြီးနောက် အမူအရာ တည်ကြည်သွား၏။ သူတို့၏ စစ်ဆင်ရေးမှာ အလွန်အင်မတန်မှ လျှို့ဝှက်သောကြောင့် လူလေးယောက်သာလျှင် ၎င်း၏ အသေးစိတ် အချက်အလက်များကို သိရှိထားပေသည်။

ထိုလေးယောက်မှာ လီရှင်းဝမ်၊ သွမ့်မုချွယ်၊ ကျောက်ပင်ဖန်နှင့် ဝမ်ပေါင်လဲ့တို့ ဖြစ်၏။

သူတို့၏ စစ်ဆင်ရေးမှာ ပြည်ထောင်စုပျိုးပင်တစ်ရာ အစီအစဉ်၏ အဆက်ဖြစ်သည်။ ၎င်းအား လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ရေးဆွဲထားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အမည်မှာ… အမှောင်ပျံလွှားစစ်ဆင်ရေး ဖြစ်ပေသည်။

Comment

  1. pinkytwetty15392 says:

    အမှောင်ပျံလွှားစစ်ဆင်ရေး 🙂🙃

Leave a Reply

Options

not work with dark mode
Reset