Switch Mode

အခန်း (၇၂၅)

သုတ်သင်ရှင်းလင်းခြင်း

ပလူတိုဂြိုဟ်ထဲမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး နေအဖွဲ့အစည်း တစ်ခုလုံးထဲ၌ ပျံ့နှံ့သွားသောကြောင့် စကြဝဠာကြီးတစ်ခုလုံးမှာ တုန်ရီသွားရ၏။

ထို အခိုက်အတန့်တွင် ပလူတိုဂြိုဟ်မှာ နေအဖွဲ့အစည်းတစ်ခုလုံး၏ ဗဟိုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။ နေမင်းကြီး၏ အလင်းရောင်များပင်လျှင် သိသိသာသာ မှေးမှိန်သွားရ၏။ ပလူတိုဂြိုဟ်၏ မြေပြင်ကြီးမှာမူ တစ်စစီ ကြေမွပျက်စီးသွားတော့မယ့်အလား တုန်ရီနေပြီဖြစ်သည်။ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ အဆက်မပြတ် ပေါ်ပေါက်လာကြပြီးနောက် မျက်စိတစ်မှိတ် အတွင်းတွင် ပလူတိုဂြိုဟ်၏ မျက်နှာပြင် တစ်ခုလုံးအား ဖုံးလွှမ်းသွားတော့သည်။

ထို အက်ကွဲကြောင်းများထဲမှ အနက်ရောင်မီးခိုးငွေ့များ ထိုးထွက်လာကြပြီးနောက် ဂြိုဟ်ကြီးတစ်ခုလုံးအား လွှမ်းခြုံသွား၏။ ထို့ကြောင့် သာမန်မျက်စိဖြင့်ကြည့်လျှင် ပလူတိုဂြိုဟ်အား မမြင်နိုင်တော့ဘဲ ဧရာမ မီးခိုးလုံးကြီးတစ်လုံးကိုသာ မြင်နိုင်တော့သည်။

ထို မီးခိုးငွေ့များမှာ တလိပ်လိပ်ထလာကြပြီးနောက် စက်လုံးပုံစံအဖြစ်မှ ရှည်မျောမျော ပုံစံအဖြစ်သို့ ပြောင်းလဲသွားကြ၏။ ထို ပြောင်းလဲမှုများ ပြီးဆုံးသွားသောအခါ အာကာသကြီးထဲတွင်… ဧရာမ ခေါင်းတ‌လားကြီးတစ်လုံး ပေါ်ပေါက်လာတော့သည်။

၎င်းမှာ ဟောင်းနွမ်းနေသည့်ပုံ ပေါက်နေပြီး ရှေးဆန်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ စွမ်းအင်လှိုင်းများမှာလည်း ဘေးပတ်ပတ်လည်ရှိ စကြဝဠာကြီးထဲသို့ အဆက်မပြတ် ပျံ့နှံ့နေကြသည်။ ထိုအချိန်တွင် ထို ခေါင်းတလားကြီးထဲမှ‌ အမှောင်ဂိုဏ်း၏ တေးသီချင်းသံ ပေါ်ပေါက်လာသည်ကို ကြားနိုင်ပေသည်။

” မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကွဲကွာသွားတဲ့အချိန် ကံကြမ္မာစက်ဝန်း ရပ်လိမ့်မယ်…. ”

” ပစ္စုပ္ပန်မှာ နာကျင်နေရတဲ့လူက အတိတ်ကအကြောင်းကို သိလိမ့်မယ်…. ”

” ပစ္စုပ္ပန်မှာ ကြိုးစားနေတဲ့လူက အနာဂတ်အကြောင်းကို သိလိမ့်မယ်… ”

ထိုတေးသီချင်းသံကြီး အာကာသထဲ၌ ပဲ့တင်ထပ်သွားပြီးနောက် နေအဖွဲ့အစည်းထဲရှိ ဂြိုဟ်တိုင်းမှာ ရပ်တန့်သွားကြ၏။ ၎င်းတို့မှာ ဆက်လက် လည်ပတ်နေခြင်း မရှိတော့ပေ။ ဥက္ကာပျံများနှင့် ဖုန်မှုန့်များမှာလည်း ထိုနည်းတူပင်။ ဤ စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများ အားလုံးမှာ ဤ တေးသီချင်သံ၏ ထိန်းချုပ်မှုအောက်သို့ကျရောက်သွားပြီး အစွမ်းများအားလုံး ကုန်ခန်းသွားရသည့်အလားပင်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းဆိုသည့် သံသရာထဲတွင် ပိတ်မိနေကြသော သက်ရှိများ အားလုံးမှာ ထိုခေါင်းတလားကြီးထဲမှ ထွက်ပေါ်နေသော တေးသီချင်းသံ၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။ ထိုအခိုက်အတန့်တွင် နေအဖွဲ့အစည်း တစ်ခုလုံးမှာ ပန်ချီကားတစ်ချပ်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

ထို ပန်းချီကားထဲတွင် သက်ရှိများအားလုံးနှင့် ဂြိုဟ်များအားလုံး ရှိနေ၏။ ထို့အပြင် တာအိုဘုန်းတော်ကြီးယိုရန်နှင့် ကျိယွဲ့တို့ နှစ်ယောက်စလုံးမှာလည်း ထို ပန်းချီကားထဲတွင် ရှိနေကြသေးသည်။

သို့သော် ဝမ်ပေါင်လဲ့တစ်ယောက်တော့ ရှိမနေပေ။

သူသည် အမှောင်ကလေးငယ်တစ်ယောက်ဖြစ်ရာ ထိုအဆင့်အား ကျော်လွန်သွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် ထိုပန်းချီကားထဲတွင် ရှိမနေတော့ဘဲ ၎င်း၏ အပြင်ဘက်မှနေ၍ ၎င်းအား ကြည့်ရှုသည့် အဆင့်သို့ ရောက်နေ၏။

သူသည် ဆီးရီးစ်ဂြိုဟ်ပေါ်တွင် ရပ်နေရင်း သူ၏ ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို ကြည့်ရှုနေ၏။ တေးသီချင်းသံ၏ စွမ်းအားများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားနေစဉ် သူ၏ အာရုံခံနိုင်စွမ်းများမှာလည်း နေရာအနှံ့သို့ ရောက်ရှိသွားကြ၏။ ထို့ကြောင့် သူသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် နေအဖွဲ့အစည်းတစ်ခုလုံးအား မြင်နိုင်စွမ်း ရှိနေသကဲ့သို့ပင်။

သူသည် ဂြိုဟ်များ၊ ဖုန်မှုန့်များနှင့် သက်ရှိသက်မဲ့ပေါင်း မြောက်မြားစွာကို မြင်နေရသည်။ သက်ရှိတစ်ခုချင်းစီ၏ ပတ်ပတ်လည်တွင် ၎င်းတို့အား ဝန်းရံထားသည့် မှုန်ဝါးဝါး အရိပ်တစ်ခု ရှိနေ၏။ အမှောင်ဂိုဏ်း၏ အခေါ်အဝေါ်အရဆိုလျှင် ထို အရိပ်မှာ… သက်ရှိများ၏ ဝိညာဉ်ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ သူသာ ဆန္ဒရှိပါက တစ်ချက် တွေးလိုက်ရုံမျှဖြင့် နေအဖွဲ့အစည်းထဲရှိ ဝိညာဉ် ထောင်သောင်းများစွာကို ရယူသိမ်းပိုက်နိုင်စွမ်း ရှိနေလိမ့်မည်ဟု ခံစားနေရ၏။ ဤ စကြဝဠာကြီးထဲရှိ မည်သည့် စည်းမျဉ်းဥပဒေသကမှ သူ့အား တားဆီးနိုင်စွမ်းရှိမည်မဟုတ်ပေ။ မိုးကောင်းကင်တာအိုပင်လျှင် ဘာမှမတတ်နိုင်ဘဲ နှုတ်ဆိတ်ကာ လက်ပိုက်ကြည့်နေရမည်ဖြစ်သည်။

” ကြည့်ရတာ လောလောဆယ်မှာတော့ အဲလောက်အထိ လုပ်နိုင်ဦးမယ့်ပုံ မပေါ်ဘူး။ ဒါပေမဲ့ ငါ ရွေးချယ်ထားတဲ့ လမ်းစဉ်က ငါ့ကို အဲဒီစွမ်းအားတွေ ပေးစွမ်းနိုင်မှာ သေချာတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် နေအဖွဲ့အစည်း ပန်းချီကားအား လှမ်း၍ ငေးကြည့်နေလိုက်၏။ အကယ်၍ သူသည် ကျင့်ကြံခြင်းအဆင့်သာ မြင့်မားနေမည်ဆိုပါက ဤ စကြဝဠာကြီးထဲရှိ စည်းမျဉ်းဥပဒေသများကို ယခုချက်ချင်း ပြောင်းလဲပစ်နိုင်စွမ်း ရှိနေမည်ဖြစ်ကြောင်း သူက ယုံကြည်နေသည်။

သူသည် ဂြိုဟ်တစ်လုံးချင်းစီ၏ တည်နေရာများကိုပြောင်းလဲကာ ၎င်းတို့၏ ဂြိုဟ်ပတ်လမ်းကြောင်းများကိုလည်း ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။ ထို့အပြင် သူသည် နေမင်းကြီးအား အလင်းရောင်နှင့် အပူစွမ်းအားများ ထုတ်လွှတ်ပေးနိုင်စွမ်း မရှိတော့အောင် ရပ်တန့်ပစ်ပြီး ၎င်းအား တစ်စစီ ခြေမွှဖျက်ဆီးကာ အရာအားလုံးကို ပြောင်းလဲပစ်နိုင်စွမ်းလည်း ရှိနေမည်လည်း ဖြစ်သည်။ သူသည် ဤ နေအဖွဲ့အစည်း ပန်းချီကားချပ်ထဲရှိ အရာအားလုံးကို သူ၏စိတ်တိုင်းကျ ပြောင်းလဲနိုင်သွားမည် ဖြစ်သည်။

” ဒီအချက်ကြောင့် အမှောင်ဂိုဏ်းက လူတိုင်းကြောက်ရတဲ့ အဖွဲ့စည်းတစ်ခု ဖြစ်ခဲ့တာလား ” ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ရေရွတ်မိလိုက်၏။ သူသည် အရာအားလုံးကို နားလည်သွားပြီဖြစ်သည်။

အမှောင်ဂိုဏ်းမှာ လက်တွေ့ဘဝထဲမှ အရာများကို ပြောင်းလဲပစ်နိုင်စွမ်းရှိသော ဖောင်တိန်တစ်ချောင်းကဲ့သို့ပင်။

သူတို့မှာ မိုးကောင်ကင်တာအို၏ ကိုယ်စား ပြုမူဆောင်ရွက်ခွင့် ရှိနေခဲ့ရုံသာမက ထို မိုးကောင်ကင်တာအိုကိုပင် ပြောင်းလဲကာ ကိုယ်ပိုင် စည်းမျဉ်းဥပဒေများကို ဖန်တီးနိုင်စွမ်း ရှိနေသည်ဖြစ်သည်။ အပေါ်ယံတွင် သူတို့မှာ မိုးကောင်ကင်တာအို၏ အစေခံများသာ ဖြစ်သည့်ပုံ ပေါ်ပါသော်လည်း လက်‌တွေ့တွင်မူ မိုးကောင်ကင်တာအိုမှာ သူတို့၏ အသုံးတော်ခံ ဓမ္မအဆောင်တစ်ခုသာ ဖြစ်ပေသည်။ သူတို့မှာ ထို ဓမ္မအဆောင်အား အသုံးပြု၍ စကြဝဠာကြီး တစ်ခုလုံး၏ စည်းမျဉ်းဥပဒေသများကို ရေးသားဖန်တီးနိုင်စွမ်း ရှိနေ၏။

” ဒီလောက် အစွမ်းထက်တဲ့ အမှောင်ဂိုဏ်းတောင်မှ နောက်ဆုံးမှာ ပျက်သုဉ်းသွားရသေးတာပဲ။ ဘာပဲဖြစ်ဖြစ်ပါ။ ဒီဂိုဏ်းက အတိတ်မှာ ကျန်ရစ်ခဲ့ပြီဆိုပေမယ့် ဒီကမ္ဘာကြီးထဲမှာ ကျန်ရှိနေသေးတဲ့ သူတို့ရဲ့ စွမ်းအားတွေက ကမ္ဘာကြီးကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲပစ်နိုင်းစွမ်း ရှိနေသေးတယ် … ပလူတိုဂြိုဟ်ထဲ ရောက်နေတာ ဘယ်လောက်ကြာနေမှန်းမသိတဲ့ ဒီ ခေါင်းတ‌လားကြီးက အမှောင်ဂိုဏ်းရဲ့ လက်ကျန်စွမ်းအားရင်းမြစ်တွေထဲက တစ်ခုပဲ ”

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွားရ၏။ သူသည် ထို ခေါင်းတလားကြီးထဲမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကို မမှတ်မိနိုင်စရာအကြောင်း လုံးဝမရှိပေ။ ၎င်းမှာ သူ့ဆရာ၏ အငွေ့အသက်များ ဖြစ်ပေသည်။

သူသည် အမှောင်ပညာရပ်အကြောင်း ပြန်လည်စဉ်းစားတွေးတော ကြည့်လိုက်ပြီးနောက် ကောက်ချက်တစ်ခု ချနိုင်သွား၏။ ဤ‌ ခေါင်းတလားကြီးမှာ သူ့ဆရာ၏ အစီအစဉ်များထဲတွင် ပါဝင်နေလောက်ပေသည်။ သူသည် ဝမ်ပေါင်လဲ့အတွက် ဤ ခေါင်းတလားကြီးအား ချန်ရစ်ခဲ့ခြင်းဖြစ်၏။ သူ၏ ဆရာဖြစ်သူမှာ ဝမ်ပေါင်လဲ့ မသိသော နည်းလမ်းတစ်ခုဖြင့် တာအိုအား ထိန်းချုပ်ကာ ထို ခေါင်းတလားကြီးအား အချိန်နှင့် အာကာသအား ကျော်ဖြတ်စေခဲ့ပြီးနောက် ပလူတိုဂြိုဟ်ထဲ၌ ပေါ်ပေါက်လာအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ နှလုံးသားထဲ၌ ‌ခံစားချက်မျိုးစုံ ရောယှက်သွားရသဖြင့် သက်ပြင်းများချကာ နေအဖွဲ့အစည်း ပန်းချီကားထဲရှိ လူများကို စတင် အကဲခတ်ကြည့်ရှုလိုက်တော့သည်။ သူသည် တစ်ယောက်ပြီးတစ်ယောက် လိုက်လံကြည့်ရှုနေရင်း နောက်ဆုံးတွင် တာအိုဘုန်းတော်ကြီးယိုရန်အား ရှာတွေ့သွား၏။

သူသည် တာအိုဘုန်းတော်ကြီးယိုရန်၏ ဝိညာဉ်ကိုသာမက သူ၏ဝိညာဉ်ထဲတွင် ခိုအောင်းနေသည့်အရာကိုပါ မြင်လိုက်ရသည်။ ၎င်းမှာ ကျိယွဲ့ဖြစ်ပေသည်။

ကျိယွဲ့၏ ပုံပန်းသွင်ပြင်မှာ အခြားသူများနှင့် မတူဘဲ ထူးခြားနေ၏။ သူမသည် အပြင်ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားခြင်းမရှိဘဲ မှုန်ဝါးဝါးဖြစ်နေသည့် ဝိညာဉ်သစ်စေ့တစ်ခုအဖြစ် တာအိုဘုန်းတော်ကြီးယိုရန်၏ ဝိညာဉ်ထဲ၌ ခိုအောင်းနေခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ နေအဖွဲ့အစည်းတစ်ခုလုံးအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် သေမင်းတာအို စစ်သင်္ဘောကြီးနှင့် ရှေးဟောင်းဓားကြီးအား အကဲခတ်လိုက်၏။ ကျိယွဲ့၏ ခန္ဓာကိုယ်အစစ်အား မည်သည့်နေရာတွင်မှ ရှာမတွေ့ပေ။ သို့သော် သူသည် ကျိယွဲ့၏ ဝိညာဉ်သစ်စေ့နှင့် ချိတ်ဆက်ထားသည့် အမျှင်အတန်းလေးတစ်ခုကို ရှာတွေ့သွား၏။ ၎င်းမှာ မျက်လုံးဖြင့် လုံးဝနီးပါး မမြင်နိုင်လောက်အောင် အရွယ်အစားသေးငယ်နေပြီး နေအဖွဲ့အစည်း၏ အလွန်တွင်ရှိသော စကြဝဠာကြီးထဲသို့ ဆန့်တန်းသွားနေ၏။

” ငါ နားလည်ပြီ။ ကျိယွဲ့အစစ်က ဒီနေရာမှာ လုံးဝ မရှိဘူးပဲကွ။ ငါတို့က သူ့ရဲ့ ဝိညာဉ်သစ့်စေ့တစ်စေ့ကိုပဲ တိုက်ခိုက်နေရတာ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် ထိုအမျှင်အတန်းလေးအတိုင်း လိုက်ကာ နေအဖွဲ့အစည်း၏ အလွန်တွင်ရှိနေသော စကြဝဠာကြီးထဲသို့ လှမ်းကြည့်နိုင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မည်သည့် သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။ ထိုအချိန်တွင် သူသည် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး သူ၏ညာဘက်လက်ကို မြှောက်ကာ တာအိုဘုန်းတော်ကြီးယိုရန်အား လှမ်း၍ လက်ညှိုးထိုးလိုက်တော့သည်။

ထိုအခါ ပလူတိုဂြိုဟ်ပေါ်မှ ခေါင်းတလားကြီးမှာ တုန်ရီသွားပြီး ၎င်း၏ အဖုံးမှာ အနည်းငယ်ခန့်ပွင့်လာ၏။ ထိုအခါ တေးသီချင်းသံများမှာ ချက်ချင်းဆိုသလိုပင် ပို၍ကျယ်လောင်လာပြီး အနက်ရောင် လက်ကြီးတစ်ဖက်မှာလည်း ထို ခေါင်းတလားထဲမှ ဖြည်းညင်းစွာ ဆန့်ထွက်လာ၏။ ထို့နောက် ထိုလက်ကြီးမှာ အရွယ်အစားကြီးမားလာပြီး နေအဖွဲ့အစည်း ပန်းချီကားနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။

၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် အာကာသကြီးအား မျက်စိတစ်မှိတ်အတွင်း ကျော်ဖြတ်လာပြီး တာအိုဘုန်းတော်ကြီးယိုရန်၏ ရှေ့၌ ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ‌ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ တာအိုဘုန်းတော်ကြီးယိုရန်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏ ဝိညာဉ်နှင့် သူ၏ ဝိညာဉ်ထဲ၌ ကိန်းအောင်းနေသည့် ကျိယွဲ့၏ ဝိညာဉ်သစ်စေ့တို့ကိုပါ လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

တာအိုဘုန်းတော်ကြီးယိုရန်၏ ဝိညာဉ်နှင့် ကျိယွဲ့၏ ဝိညာဉ်သစ်စေ့ နှစ်ခုစလုံးမှာ ထိုလက်ကြီးအား ယှဉ်နိုင်စွမ်းမရှိပေ။ သူတို့မှာ တိုက်ခိုက်နိုင်စွမ်းများအားလုံး ပျောက်ကွယ်သွားကြသည့် ပုံပင်။ ထိုအခါ ထိုလက်ကြီးမှာ ၎င်းတို့အား တာအိုဘုန်းတော်ကြီးယိုရန်၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်လိုက်ပြီးနောက် ခေါင်းတလားထဲသို့ ဆွဲခေါ်သွားတော့သည်။

ထို အခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ ထိုလက်ကြီး ခေါင်းတလားထဲသို့ ပြန်လည်ရောက်ရှိသွားပြီးနောက် ၎င်း၏ အဖုံးမှာ အသံအကျယ်ကြီးမြည်အောင် ပြန်ပိတ်သွားပြီး မီးခိုးငွေ့များမှာလည်း လွင့်ပါးပျောက်ကွယ်သွားကြတော့သည်။ ထို့နောက် ထို ခေါင်းတလားကြီးမှာ အနက်ရောင် မြူခိုးများအသွင် ပြောင်းလဲသွားပြီး ပလူတိုဂြိုဟ်ထဲသို့ ပြန်၍ လူးလွန့်ဝင်ရောက်သွား၏။ နောက်ဆုံးတွင် ဂြိုဟ်ကြီးပေါ်ရှိ အက်ကွဲကြောင်းများအားလုံးမှာ ပျောက်ကွယ်သွားပြီး အကောင်းပတိ အတိုင်းပြန်ဖြစ်သွားတော့သည်။

သို့ဖြစ်ရာ မည်သည့်အခြင်းမရာမှ မဖြစ်ပျက်ခဲ့သည့် အလားပင်။

ပလူတိုဂြိုဟ် ပုံမှန်အတိုင်းပြန်ဖြစ်သွားသောအခါ ‌နေအဖွဲ့အစည်းမှာလည်း ထိုနည်းတူပင်။ ဂြိုဟ်များမှာ ပြန်လည် လည်ပတ်လာကြပြီးနောက် ဖုန်မှုန့်များမှာလည်း အာကာသကြီးထဲတွင် ဦးတည်ရာမဲ့စွာ မျောလွင့်နေကြပြီ ဖြစ်သည်။ နေမင်းကြီးမှာလည်း စကြာဝဠာကြီး တစ်ခုလုံးအား အလင်းပေးနေဆဲဖြစ်ပြီး သက်ရှိများအားလုံးမှာလည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြတော့သည်။

ကြောက်စရာအကောင်းဆုံးအချက်မှာ မည်သူကမှ ထိုကဲ့သို့ အချိန်တစ်ခဏမျှ ရပ်တန့်သွားသည်ကို သတိမထားမိသည့် အချက်ပင်။ တာအိုဘုန်းတော်ကြီးယိုရန်၏ ပျက်စီးသွားပြီဖြစ်သော ခန္ဓာကိုယ်ကြီး တစ်ခုသာလျှင် ထိုအခိုက်အတန့်လေးအား သတိထားမိလိုက်ပြီး နေအဖွဲ့အစည်းထဲတွင် ကိန်းအောင်းနေသည့် လျှို့ဝှက်ချက်အား မြင်လိုက်ရသည့်ပုံပင်။

တာအိုဘုန်းတော်ကြီးယိုရန်၏ ခန္ဓာကိုယ်ကြီးမှာ ခြောက်သွေ့ရှုံ့တွကာ တစ်စစီ ကြေမွပျက်စီးသွားပြီးနောက် ပြာပုံဘဝသို့ ရောက်သွားပြီး အာကာသကြီးထဲ၌ မျောလွင့်သွားတော့သည်။

သူသည် ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုစလုံး ဖျက်ဆီးချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။

သူ၏ သေဆုံးမှုမှာ အင်္ဂါဂြိုဟ်ပေါ်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူတိုင်းအပေါ် သက်ရောက်မှုရှိသောကြောင့် သူတို့အားလုံး၏ မျက်ဝန်းများမှာ အသက်မဲ့သွားကြ၏။ ထို့နောက် သူတို့မှာလည်း တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ်သို့ လဲကျသွားကာ ပြာပုံဘဝသို့ ရောက်သွားရတော့သည်။

မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီးယိုရန်၏ ထိန်းချုပ်ခြင်းကို ခံခဲ့ရသည့် အခြားသူများမှာမူ အသိစိတ်များ ပြန်ဝင်လာကြ၏။

နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးမှာ အားနည်းနေသောကြောင့် မည်သူကမှ ဝမ်ပေါင်လဲ့နှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ နောက်ဆုံးတိုက်ပွဲအား မကြည့်ရှုနိုင်ခဲ့ပေ။ သို့သော် အင်္ဂါဂြိုဟ်ပေါ်ရှိ ပြည်ထောင်စု ကျင့်ကြံသူများအားလုံးမှာ အဆုံးမဲ့မျိုးနွယ်စု ကျင့်ကြံသူများ ပြာပုံဘဝသို့ရောက်သွားပြီး မြဲ့လျဲ့ကျိနှင့် အခြားသူများ အသိစိတ်ပြန်ဝင်လာကြသည်ကို မြင်လိုက်ကြရသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့အားလုံးမှာ စိတ်လှုပ်ရှားသွားကြပြီး ဝမ်းမြောက်ဝမ်သာ ဖြစ်သွားကြတော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သွေးတစ်ပွက် အန်ထွက်လာပြီး မြေကြီးပေါ်သို့ လဲကျသွား၏။ သူ စွမ်းအားများ အလွန်အကျွံ ထုတ်သုံးခဲ့ရာမှ ရရှိခဲ့သော ဒဏ်ရာများကို သူ၏ဆရာက ကုသပေးခဲ့ပါသော်လည်း ဤတိုက်ပွဲကြီးကြောင့် သူသည် ဒဏ်ရာအမြောက်အမြား ရရှိသွားခဲ့ရဆဲပင်။ ယခုတွင် အရာအားလုံးမှာ ပြီးဆုံးသွားပြီဖြစ်ရာ သူသည်လည်း သူ၏ စိတ်ကိုဖြေလျော့လိုက်တော့သည်။ ထို့နောက် သူသည် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် သတိလစ်သွားရ၏…

ထိုအချိန်တွင်… နေအဖွဲ့အစည်း၏ အဝေးတစ်နေရာတွင်ရှိနေသည့် အခြား ကြယ်အဖွဲ့အစည်း တစ်ခုထဲတွင် တမူထူးခြားသော ဂြိုဟ်တစ်လုံး ရှိနေ၏။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် နွယ်ပင်များ၊ သွေးများနှင့် အသားစများ ဖုံးလွှမ်းနေသောကြောင့် ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ အကယ်၍ သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်မည်ဆိုပါက ထိုနွယ်ပင်များနှင့် သွေးသားအသားစများ၏ ကြားတွင် မျက်လုံးများမှိတ်ထားသော မျက်နှာတစ်ခု ရှိနေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။

ထိုမျက်နှာကြီးမှာ မှုန်ဝါးဝါးဖြစ်နေပါသော်လည်း ၎င်းမှာ ကျိယွဲ့၏ မျက်နှာဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။

ထို အချိန်တွင် သူမသည် မျက်လုံးများပွင့်လာ၏။ ၎င်းတို့ထဲတွင် နောက်ထပ် မျက်လုံးပေါင်း ထောင်သောင်းများစွာ ရှိနေသည့်ပုံပင်။ ထိုမျက်လုံးတစ်လုံးချင်းစီတိုင်းထဲတွင် လူရိပ်တစ်ခုစီ ထိုင်နေကြ၏။ ထိုအချိန်တွင် ၎င်းတို့ထဲမှ လူရိပ်တစ်ခုမှာ တစ်စစီ ကြေမွပျက်စီးသွားတော့သည်။

” ဝမ်ပေါင်လဲ့လား… “

Comment

Leave a Reply

Options

not work with dark mode
Reset