Switch Mode

အပိုင်း (၁၉၈)

ရွေးချယ်ရန် ကလန်များ

အရှေ့မြေရိုင်း ကျောင်းတော်ကား အရှေ့မြေရိုင်း ဒေသတွင် သမိုင်း အရှည်ကြာဆုံးသော ကျောင်းတော်ဖြစ်သည်။ ကျောင်းတော်ကား အရှေ့မြေရိုင်းဒေသမှ ကျောင်းတော် အားလုံး၏ ကိုယ်စားပြုဟုလည်း သတ်မှတ်နိုင်သည်။ ကျောင်းတော်က ဂုဏ်မောက်သော ပါရမီရှင်များ၊ နှိမ့်ချတတ်သော ပါရမီရှင်များနှင့် ထိပ်သီးပါရမီရှင်များ အားလုံးကို သင်ပေးသည်။ သို့သော် ထိပ်သီးပါရမီရှင်အဖြစ် သတ်မှတ်ရန် သူ့တွင် လုံလောက်သော စွမ်းဆောင်ရည် လိုအပ်ပေသည်။ ကျောင်းတော်တွင်ရှိသော ပါရမီရှင် အချို့သာလျှင် ထိပ်သီးပါရမီရှင်များ အဖြစ် ခေါ်ဆိုနိုင်သည်။

တန့်ယွီကား ကျောင်းတော်၏ လူငယ်မျိုးဆက်ထဲတွင် အလွန် ကျော်ကြားသည်။ သူက မည်သည့်အရာကိုမှ စိတ်ပူပင်ခြင်း မရှိဘဲ လုပ်လေ့ ရှိသည်။ သူက ရီဖူရှင်းကို မသိသော်လည်း လမ်းတွင် သူ၏ ပုံပြင်များကို ကြားလာခဲ့ရသည်။ သူက ရီဖူရှင်း ပြောသည်များကို ဂရုမစိုက်သလို တချို့ ရိုင်းစိုင်းသော စကားများကိုပင် ပြောခဲ့သည်။ ဂူဘိုင်ယွီအား အနိုင်ယူနိုင်ခြင်းက ရီဖူရှင်း၏ စွမ်းရည်ဖြစ်သည့်တိုင် သူမအား အစေခံအဖြစ် သဘောထားခြင်းက မိုက်မဲရာ ရောက်သည်ဟု သူသတ်မှတ်သည်။ ထိုအရာက ရီဖူရှင်း တတ်နိုင်သော အရာမဟုတ်ဟု သူယူဆသည်။

အရှေ့မြေရိုင်းဒေသမှ ပါရမီရှင်များတွင် သူလေးစား အထင်ကြီးသောသူများ သိပ်မရှိပေ။ သို့သော် မှော်ကလန်မှ ဂူဘိုင်ယွီအား တစ်ယောက် အပါအဝင်ဖြစ်သည်။ တန့်ယွီကား အလွန် ရုန့်ရင်းကြမ်းတမ်းကာ လူအနည်းငယ်မျှသာ သူနှင့် နှိုင်းယှဉ်နိုင်သည်။ ကံအကြောင်း ပါလာခဲ့ပါက တန့်ယွီက ဂူဘိုင်ယွီအား သူ၏ ညီမအဖြစ်ပင် သဘောထားလိုသည်။

အကယ်၍ ရီဖူရှင်းက ဂူဘိုင်ယွီကို အစေခံအဖြစ် လုပ်စေသော အချိန်တွင် တန့်ယွီသာလျှင် ရှေးဟောင်းမြေရိုင်း ဒေသတွင် ရှိပါက သူက ရီဖူရှင်းကို သတ်မည်ဖြစ်သည်။ သူ့စိတ်ထဲတွင် ရီဖူရှင်းကား ခါးမသန်ဘဲ တောင်ကို ထမ်းနေသော ခါချဉ်ကောင်မျှသာ ဖြစ်သည်။

အရှေ့မြေရိုင်းဒေသတွင် ပါရမီရှင်များ မည်သည့်အချိန်ကမှ မရှားပါးခဲ့ပေ။ သူက ယနေ့ လာရောက်ခြင်းမှာ တကယ့်ပါရမီရှင် တစ်ယောက်ကြောင့် ဖြစ်သည်။ သူသာလျှင် မဟုတ်ပေ ဒွန်ဟွာကလန်နှင့် ချင်းရွှီဘုရား ကျောင်းတို့ကလည်း ထိုလူငယ်အတွက် လာကြခြင်း ဖြစ်သည်။ ရီဖူရှင်းကိုမူကား တန့်ယွီကလမ်းတွင် နားစွန်နားဖျား ကြားခဲ့ရရုံမျှသာ ဖြစ်သည်။

လူအများက တန့်ယွီကို ကြည့်လိုက်ကြသည်။ သူပြောခဲ့သည်ကား တည့်တိုးဆန်လှပြီး ထိုပုံစံကား သူ၏ ပုံစံအစစ်အမှန် ဖြစ်သည်။ ယူချင်းက လက်ဆစ်များချိုးလျက် တန့်ယွီကို အေးစက်စွာ ကြည့်လိုက်သည်။ တန့်ယွီကို ကြည့်ကာ လျိုချန်းယွီ အံ့အားသင့်သွားသည်။ ပဋိပက္ခက အဘယ်ကြောင့် ဤမျှ တင်းမာလာရသနည်း။

ကျောင်းတော်က ဤကဲ့သို့သော ကိစ္စရပ်များတွင် ဝင်ပါလေ့မရှိပေ။ သူ၏ အမူအရာအရ တန့်ယွီက ရီဖူရှင်းကြောင့် ရောက်လာခြင်း မဟုတ်ဟု သတ်မှတ်နိုင်သည်။ ရီဖူရှင်းကို  အရှက်ခွဲလိုရုံမျှဖြင့် ဤနေရာကို ရောက်လာခြင်း မဟုတ်တန်ရာ။ ထိုအရာက တန့်ယွီ၏ပုံစံ မဟုတ်ပေ။

ယူချင်းနှင့် ရီဝူချင်းတို့၏ မျက်လုံးများမှ အေးစက်မှုများကို မြင်လျှင် လျိုချန်းယွီက သူတို့ထံ လျှောက်သွားကာ တိုးတိုးလေး ပြောသည်… “သူက အရှေ့မြေရိုင်း ကျောင်းတော်က တန့်ယွီပဲ… ရှင်တို့က သူနဲ့ ရင်မဆိုင်နိုင်ဘူး…”

“သူက အရှေ့မြေရိုင်း ကျောင်းတော်ကလား…” ရီဖူရှင်းက ရေရွတ်လိုက်သည်။ “သူမှန်တယ်… ရူးသွပ်ခြင်းနဲ့ မိုက်မဲခြင်းက အရမ်းနီးစပ်တယ်… လူအများကြီးက သူတို့က ထိပ်သီးပါရမီရှင်တွေလို့ ထင်ကြတယ်… ဒါပေမဲ့ သူတို့က ကိုယ့်ကိုယ်ကိုယ် မှန်တယ် ထင်နေတဲ့ အရူးတွေပဲ….”

“အာ…” သူ့ဘေးမှ ဂူဘိုင်ယွီက ပြုံးလိုက်သည်။ အရှေ့မြေရိုင်းဒေသမှ တန့်ယွီက ထိပ်သီးပါရမီရှင်လား ရီဖူရှင်းက ထိပ်သီးပါရမီရှင်လား။

လျိုချန်းယွီ၏ မျက်လုံး ပြူးကျယ်သွားသည်။ ထိုအရာက ရီဖူရှင်းအတွက် မိန်းမတစ်ယောက်၏ ထောင်ချောက်ဖြစ်သည်။ ရီဖူရှင်းက ပြဿနာနှင့် ရင်ဆိုင်ရခြင်းမှာ သူ၏ အမှားသာ ဖြစ်သည်။ သူကား အလွန်ရဲတင်းသည်။

ထိုအချိန်တွင် လှေကားထစ်မှ လူတချို့ ရောက်လာသည်။ သူတို့ကလည်း ထိပ်သီး အင်အားစုများမှ ဖြစ်ပြီး အလွန်ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများ ရှိကြသည်။ ထို့အပြင် ခေါင်းဆောင် ဖြစ်ဟန်တူသူ လူငယ်နှစ်ယောက်ထံမှ နိုဘယ်ကံစွမ်းအားများ ထွက်ပေါ်နေသည်။

“အစ်ကို…” လျိုချန်းယွီက ဘယ်ဘက်မှ တစ်ယောက်ကို မြင်လျှင် အံ့အားသင့် သွားသည်။ ထိုလူငယ်ကား သူမ၏အစ်ကိုဖြစ်သူ လျိုဖေးယွန်ဖြစ်သည်။ သူမ၏ အစ်ကိုက ပြင်ပလောကတွင် ရှိရမည် ဖြစ်သော်လည်း ယခု ဤနေရာသို့ အဘယ်ကြောင့် ရောက်လာရသနည်း။ သူမအစ်ကို၏ ညာဘက်မှ လူငယ်ကိုလည်း သူမသိသည်။ ထိုလူငယ်ကား ချင်ပြည်ထောင်မှ ဖြစ်သည်။ သူတို့ ရောက်ရှိလာသည်ကို မြင်လျှင် တောင်ထိပ်မှ လူများက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သိလိုက်ကြသည်။

ရီဖူရှင်းက ဂူဘိုင်ယွီကို အစေခံအဖြစ်စေသည်မှာ များစွာ လှုပ်ခတ်မှု ဖြစ်သွားသည့်တိုင် ဤမျှ အခြေအနေ မဖြစ်သင့်ပေ။ ထိပ်သီးအင်အားစ ုအားလုံးက ရောက်လာသည်လား။ ရီဖူရှင်းက ဤမျှ လွှမ်းမိုးနိုင်စွမ်း မရှိပေ။ တစ်စုံတစ်ခု ဖြစ်ပျက်နေလေပြီ။

လျိုဖေးယွန်ကလည်း လျိုချန်းယွီကိုမြင်သည်။ သူက သူ့ညီမထံ လျှောက်လာသည်။

“ဘာဖြစ်နေတာလဲ…” လျိုချန်းယွီက မေးသည်။ ဤမျှစွမ်းအား မြင့်သောသူ အများအပြား ရောက်လာခြင်းကာ အရေးကြီးသော တစ်စုံတစ်ရာ ဖြစ်ပျက်နေသည်ဟု သူမ ရိပ်မိလိုက်သည်။

“သူက ကလန်တစ်ခုကို ရွေးတော့မယ်…” လျိုဖေးယွန်က ပြန်ပြောသည်။ သူက ကျောင်းတော် သို့မဟုတ် ဒွန်ဟွာကလန် မည်သူ့ကို ရွေးမည်ကို လျိုဖေးယွန်က အလွန် စိတ်ဝင်စားနေသည်။ သူသာလျှင်မဟုတ် အရှေ့မြေရိုင်းဒေသ တစ်ခုလုံးက စိတ်ဝင်စားနေကြသည်။

“သူ…” လျိုဖေးယွန် မျက်လုံးပြူးသွားကာ တစ်စုံတစ်ယောက်အား အမှတ်ရသွားသည်။ ထိုခန့်မှန်းမှုက သူမအား အံ့အားသင့် သွားစေသည်။

လျိုဖေးယွန်က ထိုလူငယ်က ကလန်တစ်ခုကို ရွေးတော့မည်ဟု ပြောသည်။ ကလန်က သူ့ကို ရွေးခြင်း မဟုတ်ပေ။ ဆိုလိုသည်က ထိုလူငယ်၏ ပါရမီက ထိပ်သီး အင်အားစုများကို ခေါင်းခေါက် ရွေးလို့ရအောင် မြင့်မားသည် ဟူ၍ပင်။

သူမ၏ အစ်ကို ပြောသောသူက မည်သူဖြစ်သည်ကို လျိုချန်းယွီ ချက်ချင်းသိသည်။ အရှေ့မြေရိုင်းဒေသ၏ လူငယ်မျိုးဆက်တွင် ဒဏ္ဍာရီသဖွယ် နာမည်ကျော်ကြားသော လူငယ်တစ်ယောက်ရှိကာ မည်သည့်ကလန်ကိုမှ မဝင်ရောက်ရသေးပေ။ ရှေးဟောင်းမြေရိုင်း ဒေသတွင် သူက ထိပ်သီးအင်အားစုများမှ ပါရမီရှင်ပေါင်းများစွာကို ကျော်ဖြတ်လျက် မည်သူမှ မစွမ်းဆောင်နိုင်သော အရာများစွာကို စွမ်းဆောင်ပြနိုင်ခဲ့သည်။ သူ၏ စံချိန်များက နေရာပေါင်းများစွာတွင် ယနေ့ထက်ထိအောင် ချိုးဖျက်နိုင်စွမ်းမရှိဘဲ ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် ထိုလူငယ်က မှန်တောင်ကုန်းကို ရောက်လာကာ သူ၏ပါရမီများအား ပြသခဲ့ခြင်း မရှိသည့်တိုင် ဤမျှ ကျော်ကြားနေခြင်း ဖြစ်သည်။ အကြီးအကဲများက သူ့အား မမြင်ဖူးသည့်တိုင် သူကား အရှေ့မြေရိုင်း ဒေသတစ်ခုလုံး ကျော်ကြားနေပြီးဖြစ်သည်။ ထိပ်သီးအင်အားစုများ အားလုံးက သူ့အား ဖိတ်ခေါ်ထားပြီး ဖြစ်သော်လည်း သူက မည်သည့်အင်အားစုကို ပူးပေါင်းမည်ဟု မကြေညာသေးပေ။ ယခု သူက ဆုံးဖြတ်တော့မည် ဖြစ်သည်။

“မင်းတို့က ဘယ်သူ့ကို ပြောနေတာလဲ….” ရီဝူချင်းက မေးသည်။

“ငါတို့က ရှောင်ဝူကျိ အကြောင်းကို ပြောနေကြတာ… သူမရောက်ဖူးသေးတဲ့ နေရာက မှန်တောင်ကုန်းတစ်ခုပဲ ရှိတယ်… အခုသူက ကလန်တစ်ခုကိုရွေးမလို့ ဒီကို လာတော့မယ်…. ” လျိုချန်းယွီက ရီဝူချင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လျက် ပြောသည်။ ရီဝူချင်းက ရီဖူရှင်းနှင့် ယူချင်းကို ပါရမီတွင် ယှဉ်နိုင်သူမရှိဟု ပြောသည်ကို သူမ မယုံပေ။ အရှေ့မြေရိုင်း ဒေသတွင်ကား ထိပ်သီးကလန်များတွင် များစွာသော ထိပ်သီးပါရမီရှင်များ ရှိနေကြသည်။ ရှောင်ဝူကျိကား များစွာထဲမှ တစ်ယောက်သာ ဖြစ်သည်။ ဤနေရာတွင် ကိုယ့်စိတ်ကြိုက် ကလန်ကို ရွေးချယ်ရန် လူအနည်းငယ်မျှသာ အရည်အချင်း ရှိပေသည်။

ထို့အပြင် သူက ရှေးဟောင်းမြေရိုင်း ဒေသတွင် များစွာသော အင်အားစုများနှင့် ယှဉ်ပြိုင်ခဲ့ရကာ အနည်းနှင့်အများ ပဋိပက္ခများ ဖြစ်ပွားခဲ့ပေသည်။ သို့တိုင်အောင် ထိုအင်အားစုများက သူ့ကို ခေါ်ယူရန် ရောက်လာကြသည်သာ။

လျိုဖေးယွန်က ရီဖူရှင်းတို့အုပ်စုကို ကြည့်လိုက်သည်။ သူသည်လည်း သတင်းတချို့ကို ကြားပြီးဖြစ်သည်။ လျိုချန်းယွီက သူမ၏အစ်ကိုအား ရီဖူရှင်းတို့နှင့် မိတ်ဆက်ပေးသောအခါ လျိုဖေးယွန်က ခေါင်းညိတ်လျက် ပြောသည်… “စိတ်ဝင်စားရင် ကျုပ်တို့နဲ့ ပူးပေါင်းလို့ရတယ်…”

လျိုဖေးယွန်က သူ့အား စိတ်မဝင်စားကြောင်း ရီဖူရှင်းက ပြောနိုင်သည်။ သူပြောခဲ့သည်က သာမန် ဖိတ်ခေါ်မှု တစ်ခုမျှသာ။ ရီဖူရှင်းတို့အုပ်စုက အင်အား ကောင်းသော်လည်း ရှောင်ဝူကျိနှင့် ယှဉ်လျှင် သိပ်စိတ်ဝင်စားစရာ မကောင်းလှပေ။

“လစန္ဒာကလန်တောင်မှ ဒီနေရာကို ရောက်လာတယ်…. သူတို့က ယောက်ျားတပည့်ကို ခေါ်မလို့လား….” လျိုဖေးယွန်က တောင်ထိပ်ပေါ်တွင် နောက်ထပ် မိန်းကလေးအုပ်စု တစ်ခု ရောက်ရှိလာသည်ကို မြင်သည်။ ထိုမိန်းကလေးများ အားလုံးမှာ နတ်သမီးလေးများလို လှပချောမွေ့ကြသည်။ သူတို့အားလုံးမှာ အရှေ့မြေရိုင်းဒေသမှ ထိပ်သီးကလန် တစ်ခုဖြစ်သော လစန္ဒာကလန်မှ ဖြစ်သည်။ လစန္ဒာကလန်က မိန်းကလေးများကိုသာ လက်ခံပြီး သူတို့နှင့် မသက်ဆိုင်သည့်တိုင် ရှောင်ဝူကျိ၏ ကလန်ရွေးချယ်ပွဲကို လာရောက်ကြသည်။

ထိုအင်အားကြီး အဖွဲ့အစည်းများ ရောက်ရှိလာကြလျှင် ထိုလူများက ရီဖူရှင်းတို့ အုပ်စုကြောင့် ရောက်လာသည် မဟုတ်ကြောင်း ရိပ်မိလိုက်ကြသည်။ အကြောင်းပြချက်က ရှောင်ဝူကျိဖြစ်သည်။ ရှောင်ဝူကျိက မည်သည့်ကလန်ကို ရွေးမည်ကို လူအများအပြားက ခန့်မှန်းနေကြသည်။ ထိုအခိုက်တွင် လူအားလုံးက ရီဖူရှင်းနှင့် ဂူဘိုင်ယွီတို့၏ အကြောင်းကို မေ့သွားကြပြီ ဖြစ်သည်။

“အင်အားစု အားလုံးက ဒီကို ရောက်နေကြပြီ…” ဒွန်ဟွာကလန်မှ ဟွာချိန်ချဲက ရီဖူရှင်းကို ပြုံးလျက် ပြောသည်… “ငါ့ရဲ့ အကြံပေးချက်ကို မင်း ဘယ်လိုထင်လဲ… မင်းက အင်အားစုအားလုံးကို စိန်မခေါ်ဘူးလား…. မင်းက ဒွန်ဟွာကလန်ကို ဝင်ဖို့ အခွင့်အရေး ရလိမ့်မယ်…”

ရှောင်ဝူကျိမရောက်မီ ပါရမီရှင်အနည်းငယ်ကို ခေါ်ယူခြင်းက သိပ်မဆိုးသော အကြံဟု ဟွာချိန်ချဲ ယူဆသည်။ ရှောင်ဝူကျိ ရောက်လာသောအခါတွင် သူက အလွန်အားကောင်းစွာ ယှဉ်ပြိုင်လျက် သူ့အား ဆွဲဆောင်နိုင်မည် ဖြစ်သည်။

“မလိုဘူး…” ရီဖူရှင်းက ပြုံးလိုက်သည်။ သူ့အား တခြားလူများအား စိန်ခေါ်ခြင်းဖြင့် ဒွန်ဟွာကလန်ကို ဝင်ခွင့်ရမည်ဖြစ်ကာ ရှောင်ဝူကျိက သူ့စိတ်ကြိုက်ကလန်ကို ဝင်ခွင့်ရသည်။ ဤမျှ ကွာခြားလွန်းလှသည်။ အကယ်၍ သူက ဟွာချိန်ချဲ၏ အဆိုပြုချက်ကို လက်ခံလိုက်ပါက သူ့အတွက် မည်သည့် သိက္ခာမှ ကျန်မည် မဟုတ်ပေ။ မြေရိုင်းမြို့ကို ရောက်ပြီးနောက် သူက မှန်တောင်ကုန်းကို ရောက်လာခြင်းက ထိပ်သီးကလန်များကို ရွေးချယ်ရန်ဖြစ်သည်။

“တကယ်လို့ ဒီအခွင့်အရေးကို လွဲသွားရင် နောက်ထပ် ရမှာ မဟုတ်တော့ဘူးနော်…” ဟွာချိန်ချဲက ပြုံးလိုက်သည်။ ရီဖူရှင်း၏ ငြင်းပယ်မှုက သူ့အတွက် ရှက်စရာ မဟုတ်ပေ။ ဒွန်ဟွာကလန်ကား မကြာမီ အရှေ့မြေရိုင်း ဒေသတွင် နံပါတ်တစ်ကလန် ဖြစ်လာတော့မည် ဖြစ်သည်။ တခြားလူများက သူတို့ကလန်ကို ဝင်ချင်လျှင်ပင် သူတို့က လက်မခံပေ။

“ဒါ အဆင်ပြေတယ်…” ရီဖူရှင်းက အသာအယာ ပြောသည်။ အကယ်၍ သူက အခွင့်အရေးနှင့် လွဲချော်သွားခဲ့လျှင် နောက်ထပ် အခွင့်အရေးရမည် မဟုတ်တဲ့လား။ ရီဖူရှင်းက သဘောတူသည်။

ထိုသတင်းအား ကြားကာ မရေမတွက်နိုင်သော လူများက ရောက်ရှိလာကြသည်။ ဤတစ်ကြိမ်တွင်ကား ဖူယွန်ဓားကလန်မှ လူများလည်း ရောက်ရှိလာကြသည်။ ထိုအုပ်စုမှ တစ်ယောက်က ရီဝူချင်းနှင့် ရီဖူရှင်းတို့ကို ဒေါသတကြီး ကြည့်နေသည်။ သူက ခြေလှမ်း တစ်လှမ်းချင်း လှမ်းလျက် ရီဖူရှင်းတို့ အုပ်စုထံကို ရောက်လာသည်။ သူ၏ မျက်လုံးများက ထက်ရှသော ဓားနှင့် ဆင်တူသည်။

သူကား ဖူယွန်ဓားကလန်မှ လီတောင်ယွန် ဖြစ်သည်။ သူက ရီဝူချင်း၏ ပြတ်နေသော လက်ကို ကြည့်ကာ အေးစက်စွာ ပြောသည်… “ကြည့်ရတာ လက်တစ်ဖက် ပြတ်တာလောက်နဲ့ မလုံလောက်သေးဘူး ထင်တယ်….”

လို့လန်နိုင်ငံ နန်းတော်အတွင်းသို့ ဝင်ရောက် တိုက်ခိုက်စဉ်က လီတောင်ယွန်ကား အလွန်ဂုဏ်မောက်ကာ ရန်လိုလှပေသည်။ ရီဝူချင်းတို့အုပ်စုက ဤနေရာသို့ လျင်မြန်စွာ ရောက်လာမည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။

“ဖူယွန်ဓားကလန်က လီတောင်ယွန်…” ရီဖူရှင်းက ပြောသည်။ သူက လို့လန်တွင် ရီဖူရှင်းက ပြန်မေးစဉ် သူပြန်ဖြေသော စကားဖြစ်သည်။

သူ၏ စကားကို ကြားလျှင် လီတောင်ယွန်က သူ့အား ဓားမြှောင်ဖြင့် ပစ်လွှတ်သည့်အလား ကြည့်လိုက်သည်။

“နောက်ဆုံးတော့ မင်း ရောက်လာပြီ…” ရီဖူရှင်းက လီတောင်ယွန် ရောက်လာသည်ကို စောင့်နေသည့်အလား တောက်ပစွာ ပြုံးလျက် ပြောသည်။

လီတောင်ယွန်က ရပ်လိုက်ကာ ပြုံးလျက် အေးစက်စွာ ပြောသည်… “အင်း… ကျုပ်ရောက်လာပြီ… မင်း အဆင်သင့်လား…”

သူက လျိုချန်းယွီနှင့် လျိုဖေးယွန်တို့ကို ကြည့်လိုက်ကာ ဖူယွန်ဓားကလန်မှ လူများထံသို့ ပြန်သွားသည်။ သူက အလျင်မလိုပေ။

လူအများအပြားက ဤနေရာသို့ စုစည်းလာနေကြသည်မှာ လီတောင်ယွန်နှင့် ရီဖူရှင်းတို့ မည်သို့ ရင်ဆိုင်ဖြေရှင်း ကြမည်ကို စိတ်ဝင်စား၍ မဟုတ်ဘဲ တစ်စုံတစ်ယောက်အား စောင့်ရန်ဖြစ်သည်။ ထိုအရာများ ပြီးဆုံးသွားမှ သူက ရီဖူရှင်းတို့ကို သတ်မည် ဖြစ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset