အမှောင်သမ္ဗန်ကြီးမှာ ၎င်း၏ သက်စောင့်စွမ်းအားများကို စတေးပစ်ကာ ဝမ်ပေါင်လဲ့အား အရှိန်မြှင့်တင်ပေးနေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပြန်လည်ပေါ်ပေါက်လာသည့် အချိန်တွင် ဆီးရီးစ်ဂြိုဟ်ပေါ်သို့ ရောက်နေပြီဖြစ်သည်။
ထိုမီးခိုးရောင် ဂြိုဟ်ကြီးမှာ ဝမ်ပေါင်လဲ့၏ ခြေထောက်အောက်တွင်ရှိနေ၏။ သူသည် ၎င်းမှာ သူ၏ အမှောင်သမ္ဗန်ကြီးနှင့် ပေါင်းစည်းရန်ကြိုးစားနေသည်ကို အာရုံခံမိနေသည်။ ဝမ်ပေါင်လဲ့မှာ ထိုဂြိုဟ်ပေါ်တွင် မလှုပ်မယှက်ရပ်ကာ အရောင်တောက်ပနေသည့် မျက်ဝန်းများဖြင့် နောက်သို့လှည့်လာ၏။ ထို့နောက် သူသည် သူ၏ခန္ဓာကိုယ်ထဲ၌ ချုပ်တည်းထားသော ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ သူ၏ ယွမ်ယင်ဝိညာဉ်၏ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကြ၏။
ထိုပေါက်ကွဲမှုအား ဆီးရီးစ်ဂြိုဟ်၊ ကြာသာပတေးဂြိုဟ်နှင့် ထိုနေရာတစ်ဝိုက်တွင် ရှိနေကြသည် သိန်းပေါင်းများစွာသော ဂြိုဟ်ငယ်လေးများက အားဖြည့်ပေးထားကြသည်။
၎င်းမှာ ဂြိုဟ်များကိုပင် ရွေ့လျားပစ်နိုင်စွမ်းရှိသော စွမ်းအားတစ်မျိုးဖြစ်ပေသည်။
ကြယ်တာရာ ယွမ်ယင်ဝိညာဉ်၏ တမူထူးခြားသော ဂုဏ်သတ္တိများကြောင့် ၎င်း၏ ပိုင်ရှင်မှာ ဂြိုဟ်တစ်လုံးနှင့် ပို၍နီးကပ်လာလေလေ ပို၍ အစွမ်းထက်လာလေလေ ဖြစ်နေမည် ဖြစ်သည်။ ထိုကဲ့သို့ ရရှိနိုင်မည့် စွမ်းအား ပမာဏမှာ ဂြိုဟ်များ၏ အရွယ်အစားပေါ် မူတည်နေ၏။
ထို့အပြင်… ၎င်းမှာ ထို ကြယ်တာရာ ယွမ်ယင်ဝိညာဉ် ပိုင်ရှင်၏ ဘေးနားတစ်ဝိုက်တွင် ရှိနေသော ဂြိုဟ်အရေအတွက်ပေါ်တွင်လည်း မူတည်နေသေးသည်။ ဂြိုဟ်ငယ်လေး တစ်လုံးသာ ရှိနေမည်ဆိုပါက ထိုကျင့်ကြံသူအား သိသိသာသာ အစွမ်းမြှင့်တင်ပေးနိုင်မည် မဟုတ်ပါသော်လည်း ၎င်းတို့၏ အရေအတွက်မှာ သိန်းဂဏန်းအထိရှိနေလျှင် ၎င်းတို့ကြောင့် ရရှိနိုင်မည့် စုစုပေါင်း စွမ်းအားမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေမည်ဖြစ်သည်။
ယခုတွင် ဆီးရီးစ်ဂြိုဟ်မှာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းများကို မြှင့်တင်ပေးနေ၏။ ထို့အပြင် နေအဖွဲ့အစည်းထဲတွင် အကြီးမားဆုံးဖြစ်သည့် ကြာသာပတေးဂြိုဟ်မှာလည်း သူ့အား အားဖြည့်ပေးနေသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရုတ်ခြည်းဆိုသလို စွမ်းအင်အမြောက်အမြား လက်ခံရရှိလိုက်၏။
ဤနေရာမှာ… ပလူတိုဂြိုဟ်ပြီးလျှင် သူ့အတွက် အကောင်းမွန်ဆုံးနေရာ ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ နေအဖွဲ့အစည်းတစ်ခုလုံးထဲတွင် သူ့အတွက် ဒုတိယအကောင်းဆုံးဖြစ်သည့် စစ်မြေပြင်ကြီးအား ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အပြင်ဘက်သို့ ထိုးထွက်လာပြီး အားကောင်းသော လေမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။ ထို့နောက် အဖြူရောင်ချီ အမျှင်အတန်းပေါင်း မြောက်မြားစွာမှာ ဆီးရီးစ်ဂြိုဟ်၊ ကြာသာပတေးဂြိုဟ်နှင့် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ အခြားသော ဂြိုဟ်ငယ်ပေါင်းမြောက်မြားစွာဆီမှ မျောလွင့်လာကြ၏။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့ဆီသို့ ဆွဲငင်စုပ်ယူခံနေရသည့်ပုံပင်။ ၎င်းတို့မှာ သူ့အား ဝန်းရံသွားကြသဖြင့် လေမုန်တိုင်းကြီးမှာ ဖြူဆွတ်သွား၏။ ဝမ်ပေါင်လဲ့မှာမူ ထိုလေမုန်တိုင်းကြီး၏ အလယ်တွင် ရှိနေသောကြောင့် သက်ရှိလောကထဲသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေတော့သည်။
သူ ထုတ်လွှတ်နေသည့် စွမ်းအားများမှာ ဝိညာဉ်ကြားခံနယ်အဆင့်ထက်ပင် သာလွန်သွားပြီဖြစ်ပြီး ထာဝရဝိညာဉ်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ အမှန်အတိုင်း ဆိုရင်လျှင် သူသည် ထိုအဆင့်ထက်ပင် ပို၍ အစွမ်းထက်နေလောက်ပေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ယုံကြည်နိုင်ဖွယ်ရာမရှိသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအခိုက်တန့်တွင် သူသည် သူနှင့် ပလူတိုဂြိုဟ်ကြားရှိ အချိတ်အဆက်အား အာရုံခံမိလိုက်၏။
သူသည်… ပလူတိုဂြိုဟ်၏ အေးခဲနေသော မြေပြင်ကြီးနှင့် သက်ရှိများ အသက်ရှင်နေထိုင်နိုင်စွမ်း မရှိလောက်အောင် အေးခဲလွန်းနေသည့် အပူချိန်အား အာရုံခံမိလိုက်ခြင်းဖြစ်၏။ ထို့နောက် သူသည် မြေကြီးအောက်တွင် မြှုပ်ထားသည့်… ခေါင်းတလားကြီးတစ်လုံးကိုလည်း အာရုံခံမိလိုက်သေးသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားရ၏။ သူသည် သူနှင့် ပလူတိုဂြိုဟ်ကြားရှိ အချိတ်အဆက်ကို အသုံးပြု၍ ထို ခေါင်းတလားကြီးအား တို့ထိနိုင်ရန် ကြိုးစားကြည့်လိုက်ပါသော်လည်း စွမ်းအားများ ထပ်၍ လိုအပ်နေသေးသောကြောင့် မအောင်မြင်ခဲ့ပေ။ သူသည် တစ်ကြိမ်တည်းနှင့် အောင်မြင်နိုင်မည်မဟုတ်ဘဲ စွမ်းအားများ ထပ်၍ စုဆောင်းပြီးမှ နောက်ထပ်တစ်ကြိမ် ထပ်၍ ကြိုးစားကြည့်ရမည်ဖြစ်သည်။
” အချိန်နည်းနည်းပေးဖို့ လိုသေးတယ် ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွား၏။ သူသည် ထိုခေါင်းတလားကြီးအား နှိုးထနိုင်ရန် ကြိုးစားနေခြင်းကို ရပ်တန့်လိုက်ခြင်းမရှိဘဲ သူ၏ ညာဘက်လက်ကို မြှောက်ကာ သူ့ဆီသို့ ဦးတည်လာနေသည့် တာအိုဘုန်းတော်ကြီးယိုရန်အား လက်ညှိုးထိုးလိုက်တော့သည်။ ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ အထိတ်တလန့်ဖြစ်သွားရ၏။
” ယိုရန်၊ တိုက်ခိုက်ကြစို့ ”
ဝမ်ပေါင်လဲ့၏ အော်ဟစ်သံကြီးထဲတွင် တိုက်ခိုက်လိုစိတ်များ ကိန်းအောင်နေ၏။ သူ၏ အသံကြီးမှာ ဆီးရီးစ်ဂြိုဟ်၊ ကြာသာပတေးဂြိုဟ်နှင့် သူ၏ ပတ်ပတ်လည်ရှိ ဂြိုဟ်ငယ်လေးပေါင်း မြောက်မြားစွာပေါ်တွင် ပဲ့တင်ထပ်သွားသည်။ ထို့ကြောင့် စကြဝဠာကြီးတစ်ခုလုံးမှာ သူနှင့်အတူ လိုက်၍ အော်ဟစ်နေသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာ သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သောအခါ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး သူ့အား ခေါင်းအစ ခြေအဆုံး လွှမ်းခြုံသွား၏။ ထို ချပ်ဝတ်တန်ဆာကြီးမှာ ယခင်တုန်းကနှင့် မတူတော့ဘဲ အဖြူရောင်ဖြစ်နေသောကြောင့် လေမုန်တိုင်းကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။
တစ်စစီ စုတ်ပြဲနေပြီဖြစ်သော အမှောင်ဝတ်ရုံကြီးမှာမူ ထို ချပ်ဝတ်တန်ဆာကြီး၏ ဝတ်ရုံရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် တလူလူ လွင့်နေဆဲပင်။ ထို့အပြင် နတ်ဆိုးမျက်လုံးမှာလည်း ဝမ်ပေါင်လဲ့၏ နောက်တွင် ပေါ်ပေါက်လာပြီဖြစ်သည်။
ဂြိုဟ်များ၏ အစွမ်းမြှင့်တင်ပေးမှုကြောင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးသာမက နတ်ဆိုးမျက်လုံးကြီးပါ အသွင်ပြောင်းလဲသွားရပြီ ဖြစ်သည်။ ၎င်းမှာ မှိတ်နေဆဲဖြစ်ပါသော်လည်း မျက်လုံးအစစ်တစ်လုံးနှင့် တူနေသောကြောင့် ဂြိုဟ်ကြီးတစ်လုံး၏ အိပ်မောကျနေသော မျက်လုံးကြီးတစ်လုံးကဲ့သို့ ဖြစ်နေတော့သည်။
ထိုမြင်ကွင်းကြောင့် တာအိုဘုန်းတော်ကြီးယိုရန်ကဲ့သို့သော အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပင်လျှင် တုန်လှုပ်ချောက်ချားသွားရ၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် ခြေလှမ်းများ ရပ်တန့်သွားရပြီး ဝမ်ပေါင်လဲ့အား ကြောက်လန့်တကြားနှင့် စိုက်ကြည့်နေမိတော့သည်။ သူသည် အသက်အန္တရာယ်ကြီးတစ်ခုနှင့် ကြုံနေရသည့်အလား ခံစားနေရ၏။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသောအခါ ဝမ်ပေါင်လဲ့၏ နတ်ဆိုးမျက်လုံးကြီးမှာ ရုတ်ခြည်းဆိုသလို ပွင့်သွား၏။ ထို့နောက် မျက်လုံးဖြင့်မမြင်နိုင်သော အငွေ့အသက်ကြီးတစ်မျိုးမှာ စကြဝဠာကြီးထဲ၌ ပေါ်ပေါက်လာပြီး ဘေးပတ်ပတ်လည်ရှိ ဂြိုဟ်များ၏ စွမ်းအားများကို ဆွဲငင်စုပ်ယူပစ်လိုက်သည်။ ထိုစွမ်းအားများမှာ အရာအားလုံးကို အေးခဲပစ်နိုင်စွမ်းရှိသော အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး တာအိုဘုန်းတော်ကြီးယိုရန်အား လွှမ်းခြုံသွားတော့သည်။
ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ တစ်ကိုယ်လုံးတုန်ရီသွားရ၏။ သူ အဝေးသို့ထွက်ပြေးသွားရန် မကြိုးစားနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ မြားတစ်စင်းကဲ့သို့ ရှေ့သို့ပြေးထွက်လာ၏။ သူသည် ကြယ်များ၏ စွမ်းအားများကို သူ၏ညာဘက်လက်သီးထဲတွင် စုစည်းလိုက်ပြီးနောက် သူ၏ ကြယ်တာရာယွမ်ယင်ဝိညာဉ်အား အသုံးပြုလိုက်သည်။ ထိုအခါ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ ညာဘက်လက်ပေါ်တွင်ရှိသော သူ၏ နတ်ဘုရားလက်နက်ကြီးမှာ အရောင်တလက်လက် တောက်ပလာပြီး သူသည် တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ ဦးတည်သွားတော့သည်။
သူတို့နှစ်ယောက် အချင်းချင်း ဝင်တိုက်မိသွားကြသောအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး အာကာသကြီးထဲ၌ ပဲ့တင်ထပ်သွား၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာ ဤတိုက်ပွဲကြီးထဲ၌ ပထမဆုံးကြိမ်အဖြစ် သွေးတစ်ပွက် အန်ထွက်လာရတော့သည်။ ထိုအခြင်းအရာကိုကြည့်လျှင် သူသည် သေမင်းတာအို စစ်သင်္ဘောကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားခဲ့ပြီးနောက် အလွန်အင်မတန်မှ အစွမ်းထက်လာသည်ဖြစ်ကြောင်း သိနိုင်ပေသည်။ သူသည် ဂြိုဟ်များနှင့် နတ်ဆိုးမျက်လုံးကြီးကြောင့် ပုံမှန်ထက် အဆပေါင်းများစွာပို၍ အစွမ်းထက်နေသည့် ဝမ်ပေါင်လဲ့ဆီမှ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာသော တိုက်ကွက် တစ်ကွက်ကို ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလော။ သို့သော်ငြားလည်း သူသည် ဒဏ်ရာအပြင်းအထန် ရသွားခြင်း မရှိသည့်အပြင် ချက်ချင်းပင် ပြန်လည်သက်သာလာ၏။ သို့ဖြစ်ရာ သူ့အား အားဖြည့်ပေးနေသည့် အမြုတေမှာ သက်စောင့်စွမ်းအား အမြောက်အမြား ပိုင်ဆိုင်ထားသောကြောင့် သူ၏ ခန္ဓာကိုယ်မှာ လုံးဝနီးပါး ဒဏ်ရာမရနိုင်သည့်ပုံ ပေါက်နေတော့သည်။
သူ၏ တန်ပြန်တိုက်ကွက်မှာလည်း မြန်ဆန်ပြင်းထန်လွန်းလှ၏။ သူသည် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်သဖြင့် အနက်ရောင် နွယ်ပင်ပေါင်း မြောက်မြားစွာမှာ လေထဲတွင် ယိမ်းထိုးသွားကြသည်။ ထို့နောက် သူသည် သူ၏ အပြင်ခန္ဓာကိုယ်အား လက်နက်တစ်ခုအဖြစ် အသုံးပြု၍ နွယ်ပင်များနှင့်အတူ ပေါင်းစည်းကာ တိုက်ခိုက်လိုက်တော့သည်။ ထိုသို့ဖြင့် သူနှင့် ဝမ်ပေါင်လဲ့တို့ ဂြိုဟ်ပဲ့ခါးပတ်ကွင်းထဲ၌ ထိပ်တိုင်ရင်ဆိုင်တွေ့သွားကြသောကြောင့် အာကာသကြီးထဲတွင် ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာတော့သည်။
တာအိုဘုန်းတော်ကြီးယိုရန်၏ ဒဏ်ရာများမှာ လျင်မြန်စွာ ပျောက်ကင်းသက်သာသွားနေပါသော်လည်း ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူ၏ ဒဏ်ရာပျောက်ကင်းနှုန်းမှာ သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင် ရှိနေသည့် သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာပို၍ မြန်ဆန်နေပြီဖြစ်သည်။
သူတို့မှာ တွန့်ဆုတ်နေခြင်းမရှိဘဲ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်တိုက်ခိုက်နေကြ၏။ သို့သော်လည်း မည်သူကမှ မိမိ၏ ပြိုင်ဘက်အား အလဲမထိုးနိုင်ဘဲ ဖြစ်နေရသည်။
ဝမ်ပေါင်လဲ့မှာ တိုက်ပွဲအစပိုင်းတွင် တာအိုဘုန်းတော်ကြီးယိုရန်အား မယှဉ်နိုင်ခဲ့သောကြောင့် အနည်းငယ်ခန့် အရေးနိမ့်သွားခဲ့ရပြီး လက်ရှိတွင် သူ့ကိုယ်သူ ခုခံကာကွယ်နေရသည့်ပုံ ပေါ်နေ၏။ သို့သော် တာအိုဘုန်းတော်ကြီးယိုရန်မှာလည်း ဝမ်ပေါင်လဲ့အား အလဲမထိုးနိုင်သောကြောင့် ကျဉ်းထဲကျပ်ထဲသို့ ရောက်နေရပြီဖြစ်သည်။
ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ဤတိုက်ပွဲကြီးအား ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ပေ။ သူသည် သူ၏ ဘေးပတ်ပတ်လည်တွင် ရှိနေသော ဂြိုဟ်ငယ်လေးများကို ဖျက်ဆီးပစ်ရန် ကြိုးစားနေပါသော်လည်း ဝမ်ပေါင်လဲ့၏ စွမ်းအားရင်းမြစ်များ အားလုံးကို အချိန်တိုလေးအတွင်း ဖျက်ဆီးနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသောကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ စိုးရိမ်စိတ်များ ကြီးထွက်လာရတော့သည်။ သူသည် အဘယ်ကြောင့် ထိုကဲ့သို့ ခံစားနေရမှန်း အတိအကျ မသိပါသော်လည်း ဤတိုက်ပွဲကြီးသာ အဓွန့်ရှည်နေမည်ဆိုပါက သူသည် ရှုံးနိမ့်သွားပြီး သတ်ဖြတ်ခံရလိုက်မည်ဖြစ်ကြောင်း ယုံကြည်နေသည်။
” ဒါ … ဒဏ္ဍာရီလာ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်လား။ လုံဝ အဓိပ္ပါယ်မရှိဘူး။ ဘာလို့ ငါက အခုလို နေမထိထိုင်မသာ ဖြစ်နေရတာလဲ။ ငါ သတိမထားမိတဲ့ အကြောင်းအရင်း တစ်ခုခုရှိရမယ် ”
ကျိယွဲ့မှာလည်း သူ့နည်းတူပင် စိုးရိမ်စိတ်များ ကြီးထွားနေရပြီဖြစ်သည်။ အမှန်တွင် တာအိုဘုန်းတော်ကြီးယိုရန် ခံစားနေရသည့် စိုးရိမ်စိတ်များမှာ ကျိယွဲ့ဆီမှ ပေါ်ပေါက်လာခြင်းဖြစ်၏။ သူမသည် ကြယ်သန္ဓေတာအိုအား လေ့ကျင့်ထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် သံသရာစက်ဝန်းအား ထိန်းချုပ်နိုင်စွမ်းရှိနေ၏။ ထို့ကြောင့် သူမ ခံစားနေရသည့် စိုးရိမ်စိတ်များမှာ တာအိုဘုန်းတော်ကြီးယိုရန်ထက်ပင် ပို၍ ကြီးထွားနေသည်ဟု ဆိုနိုင်ပေသည်။ သူမသည် သေမင်းကြီး၏ ကောက်ရိတ်ဓားမှာ သူမ၏ လည်ပင်းပေါ်၌ ရစ်ဝဲနေပြီး အချိန်မရွေး အောက်သို့ပြုတ်ကျလာနိုင်သည့်အလား ခံစားနေရ၏။
သို့သော်လည်း သူမသည် သူမကိုယ်တိုင် တိုက်ပွဲထဲသို့ ဝင်ရောက်ကာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်၍မရပေ။ ထို့ကြောင့် သူမသည် အံကြိတ်ကာ သူမ၏ အစီအစဉ်များကို ပြောင်းလဲပစ်ရမည်လောဟု တွေးနေမိတော့သည်။ ခဏအကြာတွင် သူမသည် ချက်ချင်းဆိုသလိုပင် ဆုံးဖြတ်ချက်ချလိုက်၏။ သူမသည် သူမ၏ ကြယ်သန္ဓေတာအိုအား အမြန်ဆုံးနည်းဖြင့် အဆင့်မြှင့်တင်ရန် လိုအပ်သည့် နောက်ဆုံးအဆင့်များကို ပြီးမြောက်အောင် ဆောင်ရွက်ကာ သူမ၏ ကျင့်ကြံခြင်းအဆင့်အား မြှင့်တင်လိုက်တော့မည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ပြီးမှ သူမသည် ဤနေရာတွင် ဆက်ရှိနေရန် သင့်မသင့် ဆုံးဖြတ်မည် ဖြစ်သည်။
သူမသည် ထို ဆုံးဖြတ်ချက်အား အလွယ်တကူ ချမှတ်နိုင်ခဲ့သည်တော့ မဟုတ်ပေ။ ထိုသို့ ဆောင်ရွက်နိုင်ရန် သူမဘက်မှ အများကြီး စတေးပစ်ရမည် မဟုတ်ပါလော။ ထို့အပြင် သူမ၏ အနာဂတ်အစီအစဉ်များမှာလည်း ပျက်ပြားသွားရမည်ဖြစ်သည်။ သို့သော် လက်ရှိတွင် သူမရင်ဆိုင်နေရသည့် အန္တရာယ်ကြီးကြောင့် သူမသည် ထိုကဲ့သို့ မဖြစ်မနေ ဆုံးဖြတ်လိုက်ရခြင်းဖြစ်၏။ ထို့ကြောင့် နောက်ဆုံးတွင် ကျိယွဲ့မှာ တာအိုဘုန်းတော်ကြီးယိုရန်အား အမိန့်ပေးလိုက်တော့သည်။
” ဝမ်ပေါင်လဲ့ကို မတိုက်ခိုက်နဲ့တော့။ နင့်ရဲ့ အမြုတေကို အသုံးပြုပြီး စွမ်းအားတွေအဖြစ် ပြောင်းလဲပစ်လိုက်။ နင် ပြည်ထောင်စုကြီး တစ်ခုလုံးကို ချေမှုန်းပြီးတာနဲ့ သံသရာစက်ဝန်းကို ဖွင့်ပြီး နင့်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝသွားနိုင်အောင် ငါ နင့်ကို အားဖြည့်ပေးမယ်။ ယိုရန်။ နင် ငါနဲ့ စတွေ့ခဲ့တဲ့ အချိန်ကတည်းက နင့်ရဲ့ ကံကြမ္မာက ဒီ လူမှုအဖွဲ့အစည်းကို ဖျက်ဆီးပစ်ဖို့ ဖြစ်သွားတာပဲ။ ဒါ… ကျိယွဲ့ဆိုတဲ့ ငါက နင့်ကို ပေးအပ်ထားတဲ့ ကံကြမ္မာပဲ ”
သူမ ထိုသို့ဆိုလိုက်သည်နှင့် စကြဝဠာကြီးထဲရှိ နေရာကြီးတစ်ခုမှာ တွန့်လိမ်ပုံပျက်လာ၏။ ကျိယွဲ့တစ်ယောက် မည်သို့မည်ဖုံ လုပ်လိုက်မှန်း မည်သူကမှ မသိပါသော်လည်း စကြဝဠာကြီးထဲတွင် အာသက တွင်းနက်ကြီးတစ်ခုနှင့် တူသည့် ဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီဖြစ်သည်။
ထို ဝဲကြီးထဲတွင် ကောင်းကင်ယံကြီးတစ်ခုနှင့် အပြာရောင်ဂြိုဟ်ကြီးတစ်ခု ရှိနေ၏။ ၎င်းမှာ… ကမ္ဘာဂြိုဟ် ဖြစ်ပေသည်။
ထို အာကာသတွင်းနက်ကြီးမှာ ဤ စကြဝဠာထဲရှိ အခြားဂြိုဟ်တစ်ခုဆီသို့ ပို့ဆောင်ပေးနိုင်သော တံခါးပေါက်ကြီး တစ်ပေါက်ကဲ့သို့ပင်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားရ၏။
တာအိုဘုန်းတော်ကြီးယိုရန်မှာမူ မျက်ဝန်းများ အရောင်တောက်ပလာပြီး တတွတ်တွတ် ရေရွတ်နေလိုက်တော့သည်။
” ငါ ငါ့ရဲ့ ကံကြမ္မာအတိုင်း ဒီ လူမှုအဖွဲ့အစည်းကို ဖျက်ဆီးချေမှုန်းပစ်မယ်။ ဒါ… ငါ့ရဲ့ ကံကြမ္မာပဲကွ ” သူ၏ ရေရွတ်သံများမှာ အာကာသကြီးထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ အပြင်ခန္ဓာကိုယ် အမြုတေ၊ ဝိညာဉ်နှင့် ကျင့်ကြံခြင်းစွမ်းအများကို လောင်ကျွမ်းသွားစေလိုက်တော့သည်။ ဝမ်ပေါင်လဲ့တစ်ယောက် တာအိုဘုန်းတော်ကြီးယိုရန်၏ စကားများကို နားမလည်နိုင်လောက်အောင် ဖြစ်နေရစဉ်မှာပင် တာအိုဘုန်းတော်ကြီးယိုရန်၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ မီးပင်လယ်ကြီးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွား၏။
ထို့နောက် တာအိုဘုန်းတော်ကြီးယိုရန်မှာ ခေါင်းမော့ကာ အသိစိတ်မရှိတော့သည့် အမူအရာဖြင့် အော်ဟစ် မြည်တမ်းလိုက်၏။ သူသည် မီးပင်လယ်ကြီးထဲတွင် လောင်ကျွမ်းနေပြီ ဖြစ်သည်။ ထိုအချိန်တွင် ထို မီးလျှံများထဲမှ ဧရာမ ပုံရိပ်ယောင် လက်ကြီးတစ်ဖက် ဆန့်ထွက်လာ၏။ ၎င်းမှာ ပေသန်းပေါင်းများစွာအထိ ရှည်လျားသွားကာ ဂြိုဟ်တစ်လုံး၏ အရွယ်အစားနီးပါး ကြီးမားလာပြီးနောက် ထို ဝဲကြီးထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားပြီး ကမ္ဘာဂြိုဟ်ကြီးအား လှမ်း၍ ဖမ်းဆုပ်ရန် ကြိုးစားလိုက်တော့သည်။
ထိုအဖြစ်ပျက်များမှာ မြန်ဆန်လွန်းနေ၏။ ထိုဝဲကြီးထဲရှိ ကမ္ဘာဂြိုဟ်မှာမူ အရောင်များ မွဲခြောက်စပြုလာပြီ ဖြစ်သည်။ သူ အသက်နှင့်တမျှ တန်ဖိုးထားရသည့်လူများ ရှိနေသည့် ကမ္ဘာဂြိုဟ်မှာ စွမ်းအင်များ စုပ်ယူခံနေရခြင်းဖြစ်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ နီမြန်းသွားရပြီး သူ၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ အမှောင်မီးတောက် အမှတ်အသားမှာ သူ၏နဖူးပေါ်တွင် ပေါ်ပေါက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တဆစ်ဆစ် နာကျင်ကိုက်ခဲလာရသောကြောင့် မျက်နှာရှုံ့မဲ့ကာ အသံကုန်အော်ဟစ်မိလိုက်တော့သည်။ ထိုအချိန်တွင် သူနှင့် ပလူတိုဂြိုဟ်ကြားရှိ အချိတ်အဆက်မှာ အပြည့်အဝ ပေါ်ပေါက်လာတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ပလူတိုဂြိုဟ်ပေါ်ရှိ ခေါင်းတလားကြီးနှင့် ၎င်းထဲတွင် ရှိနေသည့် အရာကြီးအား အာရုံခံနိုင်စွမ်းရှိသွား၏။ ၎င်းမှာ အမှောင်ဂိုဏ်း၏ စွမ်းအားဖြစ်ပြီး စိတ်ကူးဖြင့်မှန်းဆ၍ မရနိုင်လောက်အောင် အစွမ်းထက်နေသည်။ သူသည် ထိုစွမ်းအားများကို အချိန်မရွေး ဆင့်ခေါ်နိုင်စွမ်းရှိနေသလို ၎င်းတို့မှာ သူနှင့် ရင်းနှီးနေသည်ဟုလည်း ခံစားနေရ၏။
ထိုခံစားချက်မှာ သူ၏ စိတ်ဝိညာဉ်အား အားဖြည့်ပေးနိုင်သော အနွေးဓာတ်တစ်မျိုးကဲ့သို့ပင်။ ၎င်းမှာ သူခံစားနေရသည့် နာကျင်မှုများနှင့် သူ၏ စွမ်းအားများကို အလွန်အကျွံ ထုတ်သုံးခဲ့ရာမှ ကြုံတွေ့ရနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ဖယ်ရှားပေးလိုက်သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား စွမ်းအင်များ ဖြည့်တင်းပေးလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကိုမြှောက်ကာ ကမ္ဘာဂြိုဟ်ဆီသို့ ဦးတည်သွားနေသော တာအိုဘုန်းတော်ကြီးယိုရန်၏ လက်ကြီးအား လှမ်း၍ လက်ညှိုးထိုးလိုက်တော့သည်။
” ဝိညာဉ်၊ လာစမ်း ”
ထိုအခါ ပလူတိုဂြိုဟ်မှာ ရုတ်တရက်ဆိုသလို စတင်တုန်ရီလာ၏။ ၎င်း၏ အေးခဲနေသော မြေပြင်ကြီးမှာ ကွဲအက်သွားသဖြင့် မြေပြင်ပေါ်တွင် အက်ကွဲကြောင်းကြီးများဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက် ထို အက်ကွဲကြောင်းများထဲမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများ ထိုးထွက်လာကြ၏။ ၎င်းတို့မှာ မြေကြီးအောက်တွင် နှစ်ထောင်ပေါင်းများစွာ ကိန်းအောင်းနေခဲ့ကြသည် ဖြစ်ပြီး ယခုတွင်မူ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြပြီဖြစ်သည်။