ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်မှာ မှန်ကန်သွား၏။
တာအိုဘုန်းတော်ကြီးယိုရန်မှာ ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်ရာ သူ၏အတွေးအမြင်များမှာ အရေးမပါပေ။ ကျိယွဲ့၏ အတွေးအမြင်များကသာ အရေးပါပေသည်။ သူမသည် သူမ၏လက်ချောင်းအား ဆုံးရှုံးခဲ့ရသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထက်ပို၍ အရေးကြီးသည်ဟု သေချာပေါက် သတ်မှတ်ထားမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ သူမသည် ပြည်ထောင်စုကြီး ပျက်စီးသွားသည်ဖြစ်စေ ဆက်လက် တည်မြဲနေသည်ဖြစ်စေ ဂရုစိုက်နေမည်မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာမူ သူမ၏ ဖြစ်တည်မှုအား အန္တရာယ်ပြုနိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။
ထို့အပြင် လက်ရှိအခြေအနေများမှာ သူမ ထိန်းချုပ်၍ မရနိုင်လောက်အောင် ရှုပ်ထွေးနေပြီ ဖြစ်သည်။ သူမသည် သူမ၏ ကြယ်သန္ဓေတာအိုနှင့် သူမ၏ ကျင့်ကြံခြင်းစွမ်းအားများကို စမ်းသပ်ကြည့်ချင်သောကြောင့် မန္တန်တစ်ခု အသုံးပြုကာ တာအိုဘုန်းတော်ကြီးယိုရန်အား ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ သူမသည် တာအိုဘုန်းတော်ကြီးယိုရန် ပြည်ထောင်စုကြီးအား တိုက်ခိုက်သိမ်းပိုက်သည့် လုပ်ငန်းစဉ်အား အစမှအဆုံးအထိ အကဲခတ်ပြီးသွားပါက သူမ၏ ကြယ်သန္ဓေတာအိုမှာ ပို၍အဆင့်မြင့်လာမည် ဖြစ်သည်။
ထို့ကြောင့် သူမသည် လက်လျှော့လိုက်၍ မဖြစ်ပေ။ နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ သူမသည် တွက်ချက်မှုများ ပြုလုပ်ထားပြီးသား ဖြစ်သောကြောင့်ပင်။ သူမသည် ဤ နည်းလမ်းတစ်ခုတည်းဖြင့်သာ ချန်မော့ဖုန်း သူမဆီမှ ကွယ်ဝှက်ထားခဲ့သည့် ပစ္စည်းအား ရှာတွေ့နိုင်မည် ဖြစ်သည်။ ၎င်းမှာ ကြယ်သန္ဓေတာအိုအား လေ့ကျင့်ရာ၌ မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခု ဖြစ်၏။
ထို့အပြင်… သူမ၏ နဂိုမူလအစီအစဉ်မှာ ပြည်ထောင်စုကြီး၏ လူမှုအဖွဲ့အစည်းကို ဖျက်ဆီးကာ နေအဖွဲ့အစည်းတစ်ခုလုံးအား စတေးပစ်ပြီး စွမ်းအင်များစုဆောင်းရန် ဖြစ်သည်။ ထိုသို့သာဆိုပါက သူမသည် ရှေးဟောင်းဓားကြီးအား ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်ဖြစ်ပြီး ထိုဓားကြီးပေါ်တွင် အိပ်မောကျနေသော အကြီးအကဲကြီးများကို ကြယ်သန္ဓေတာအိုဖြင့် တံဆိပ်ခတ်ကာ ချုပ်နှောင်လိုက်ရုံပင်။ ထို့နောက် သူမသည် နေအဖွဲ့အစည်းကို အသုံးချကာ ထာဝရကြယ်အဆင့်သို့ အချိန်တိုလေးအတွင်း တက်လှမ်းသွားနိုင်မည် ဖြစ်သည်။
သူမ၏ အစီအစဉ်မှာ အဆင်ပြေချောမွေ့နေခဲ့ပါသော်လည်း…. ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာပြီးနောက် အရာအားလုံးမှာ ကမောက်ကမ ဖြစ်သွားခဲ့ရ၏။
သူမသည် အများကြီး ပေးဆပ်ထားခဲ့ရသည်ဖြစ်ပြီး သူမ၏ ကြိုးစားအားထုတ်မှုများအတွက် အကျိုးကျေးဇူးများ ခံစားရလုနီးပါး ဖြစ်နေခဲ့သည် မဟုတ်ပါလော။ အကယ်၍ အထက်ပါ အကြောင်းအရင်းများကြောင့်သာ မဟုတ်ပါက ကျိယွဲ့မှာ ပထမအဆင့် နတ်ဘုရင်ကြီးနှင့် ခပ်ကင်းကင်း နေလိုသောကြောင့် ဤ ပဋိပက္ခကြီးထဲမှ ရှောင်ထွက်သွားမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ…. သူမသည် အံကြိတ်ကာ ရှေ့ဆက်လျှောက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
သူမသည် ဝမ်ပေါင်လဲ့အား သတ်ဖြတ်ရန် စိတ်မဝင်စားပါသော်လည်း လက်ရှိ အခြေအနေများကြောင့် သူ၏ အသက်ဝိညာဉ်အား ဖမ်းချုပ်ကာ သူ့အား သံသရာစက်ဝန်းထဲမှ ဖယ်ရှားပစ်မှ ရတော့မည်ဖြစ်သည်။ ၎င်းမှာ သူမ ကြယ်သန္ဓေတာအိုအား အသုံးပြုကာ ဖြစ်နိုင်ခြေ အမျိုးမျိုးကို မှန်းဆကြည့်ခဲ့ပြီးနောက် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် ဖြစ်၏။ သူမသည်လည်း ထိုနည်းလမ်း တစ်ခုတည်းဖြင့်သာ သံသရာစက်ဝန်းမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
ထိုသို့ဖြင့် သူမ၏ စိတ်ဆန္ဒများ၏ ထိန်းချုပ်မှုအောက်တွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် အင်္ဂါဂြိုဟ်ပေါ်မှ တိုက်ပွဲကြီးအား လျစ်လျူရှုလိုက်ပြီး ဝမ်ပေါင်လဲ့၏နောက်သို့ ပြေးလိုက်သွားတော့သည်။ သူတို့နှစ်ယောက်စလုံးမှာ အင်္ဂါဂြိုဟ်အနီးမှ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားကြပြီး အာကာသကြီးထဲရှိ တလက်လက်တောက်ပနေသော ကြယ်တာရာများဆီသို့ ဦးတည်ပျံသန်းသွားကြ၏။
သူတို့ နှစ်ယောက်စလုံးမှာ ယုံကြည်နိုင်ဖွယ်ရာ မရှိလောက်အောင် မြန်ဆန်လွန်းနေသောကြောင့် မည်သူကမှ သူတို့အား လိုက်မကြည့်နိုင်ကြတော့ပေ။ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးမှာလည်း တိုက်ပွဲအစပိုင်းတွင် ပေါက်ကွဲမှုလှိုင်းများ ထုတ်လွှတ်ခဲ့ရသောကြောင့် အားနည်းနေပြီဖြစ်ရာ အဝေးကြီးတွင် ရှိနေသည့်အရာများကို အကဲခတ်စောင့်ကြည့်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် အင်္ဂါဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်ပေါ်မှ မိဘပြည်သူများမှာ သူတို့နှစ်ယောက် အဝေးသို့ ပျံသန်းပျောက်ကွယ်သွားကြသည်ကို ရင်တထိတ်ထိတ်နှင့်သာ လှမ်းကြည့်နေရတော့သည်။
ကံကောင်းစွာဖြင့် တာအိုဘုန်းတော်ကြီးယိုရန် ထွက်ခွာသွားပြီးနောက် အင်္ဂါဂြိုဟ်ပေါ်ရှိ တိုက်ပွဲကြီးမှာ ပိုနေမြဲ ကျားနေမြဲ အနေအထားသို့ ရောက်ရှိသွား၏။ အင်္ဂါဂြိုဟ်ပေါ်မှ တိုက်ပွဲကြီးမှာ ဤစစ်ပွဲကြီးအား အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီး မဟုတ်တော့ကြောင်း လူတိုင်းက သိရှိထားကြသည်။ သူတို့အားလုံး၏ ဝေးရာသို့ ပြေးထွက်သွားနေကြသည့် ကျင့်ကြံသူနှစ်ယောက်၏ တိုက်ပွဲကြီးကသာလျှင် အရာအားလုံးကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
ပြည်ထောင်စုကြီး၏ ကံကြမ္မာမှာ ဝမ်ပေါင်လဲ့အပေါ် မူတည်နေ၏။ အကယ်၍ သူသာ တာအိုဘုန်းတော်ကြီးယိုရန်အား အနိုင်ရရှိသွားမည်ဆိုပါက သူတို့၏ လူမှုအဖွဲ့အစည်းမှာ ဆက်လက်တည်မြဲနေမည် ဖြစ်သည်။ သို့သော် အကယ်၍ သူ ရှုံးနိမ့်သွားခဲ့လျှင်မူ အရာအားလုံးမှာ ဖျက်ဆီးချေမှုန်းခံလိုက်ရပြီး ပြာပုံဘဝသို့ ပျောက်သွားရမည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ လူမှုအဖွဲ့အစည်းတစ်ခုလုံး၏ ကံကြမ္မာကို တာဝန်ယူထားရပါသော်လည်း လက်ရှိတွင် ဘေးကျပ်နံကျပ် အခြေအနေသို့ ရောက်နေရ၏။ သူသည် ပါးစပ်ထဲမှ သွေးများအဆက်မပြတ် စီးကျနေပြီး အမြန်ဆုံးနည်းဖြင့် ရှေ့သို့ ပျံသန်းနေ၏။ သူ၏နောက်တွင်မူ တာအိုဘုန်းတော်ကြီးယိုရန်မှာလည်း လျင်မြန်စွာ လိုက်လာသည်။ သို့ဖြစ်ရာ သူသည် တာအိုဘုန်းတော်ကြီးယိုရန်အား မျက်ခြည်မဖြတ်နိုင်ဘဲ ဖြစ်နေရ၏။
သူသည် အာကာသကြီးထဲ၌ ပြေးလွှားပျံသန်းနေရင်း မကြာသေးမီတုန်းက ထွက်ပေါ်လာခဲ့သည့် ဆင့်ခေါ်သံကြီးအား ပြန်၍တုံ့ပြန်နိုင်ရန် ပလူတိုဂြိုဟ်အား သွေးရူးသွေးတန်း လှမ်း၍ ဆက်သွယ်နေခဲ့၏။ သို့သော် သူတို့၏ကြားမှ အကွာအဝေးမှာ ကြီးမားလွန်းနေသည်။ ထို့အပြင် သူသည် ထို ဆင့်ခေါ်သံကို ကြားခဲ့ရပါသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေသေးသောကြောင့် အခြားတစ်ဖက်နှင့် လှမ်း၍ မချိတ်ဆက်နိုင်ဘဲ ဖြစ်နေရ၏။
” အကွာအဝေးပြဿနာကို အလွယ်တကူဖြေရှင်းလို့ရပေမယ့် ကျင့်ကြံခြင်းအဆင့် နိမ့်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမှာလဲ ” ဝမ်ပေါင်လဲ့မှာ စိုးရိမ်သောကရောက်နေရပြီဖြစ်သည်။ ထိုအချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခု ထုတ်သုံးလိုက်သည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ တာအိုဘုန်းတော်ကြီးယိုရန် ရုတ်တရက်ဆိုသလို ပို၍မြန်ဆန်သည်လာကို အာရုံခံမိလိုက်သောကြောင့် သူ၏ စိုးရိမ်စိတ်များမှာ ပို၍ပင်ကြီးထွားလာရတော့သည်။
အကယ်၍ လက်ရှိအနေအထားတိုင်းသာ ဆိုပါက ခဏအကြာတွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ့အား လိုက်မီသွားတော့မည်ဖြစ်ကြောင်း သူက သိထား၏။ ထိုအခါ သူသည် တာအိုဘုန်းတော်ကြီးယိုရန်၏ တိုက်ကွက်များကို တွန်းလှန်ခုခံနိုင်စွမ်း ရှိမည်မဟုတ်သောကြောင့် ဧကန်မုချ သေဆုံးသွားရမည်သာဖြစ်သည်။
” အဲတာဆိုလည်း ကြာသာပတေးဂြိုဟ်ဆီကိုပဲ သွားကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး ကြာသာပတေးဂြိုဟ်သို့ သွားရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သူသည် ထိုသို့သွားနေရင်း သူနှင့် ပလူတိုဂြိုဟ်၏ ကြားရှိ အကွာအဝေးကိုလည်း လျှော့ချနိုင်ဦးမည်ဖြစ်သလို သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်မှာလည်း သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို မြှင့်တင်ပေးနိုင်ဦးမည်ဖြစ်သည်။
သူ၏ ခြေထောက်အောက်တွင် ရှိနေသော အမှောင်သမ္ဗန်ကြီးမှာ ၎င်း၏ အသက်စွမ်းအားများကို စတင်စတေးပစ်နေပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ တည်နေရာပြောင်းရွှေ့မှုနီးပါး မြန်ဆန်သည့် အမြန်နှုန်းမျိုးဖြင့် အာကာသကြီးထဲ၌ ကျော်ဖြတ်သွားနိုင်ရန် နှမြောတွန့်တိုနေခြင်းမရှိဘဲ လိုအပ်သမျှ အရာအားလုံးကို ပေးဆပ်လိုက်၏။ ထို့နောက် သူ ပြန်လည်ပေါ်ပေါက်လာသည့် အချိန်တွင် သူသည် ကြာသာပတေးဂြိုဟ်နှင့် မလှမ်းမကမ်းသို့ ရောက်နေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အကွာအဝေး မြောက်မြားစွာကို ကျော်ဖြတ်နိုင်ရန် အများကြီးပေးဆပ်ခဲ့ရ၏။ ထို အမြန်နှုန်းမှာ သူ၏ ခန္ဓာကိုယ် တောင့်ခံနိုင်သော ပမာဏထက် ကျော်လွန်နေသောကြောင့် သူသည် ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာရပြီး သတိလစ်သွားတော့မည့်အလား ခံစားလိုက်ရသည်။ အမှောင်သမ္ဗန်ကြီးမှာလည်း စွမ်းအင်အမြောက်အမြား ထုတ်သုံးခဲ့ရသောကြောင့် မှုန်ဝါးဝါးဖြစ်လာပြီး မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားတော့မည့်ပုံပင်။
၎င်းအား အကောင်းပတိအတိုင်းဖြစ်အောင် ပြန်မပြင်ရသေးသည့်အပြင် ယခုတွင် ၎င်းမှာ ထိခိုက်ပျက်စီးမှု မြောက်မြားစွာနှင့် ထပ်၍ ကြုံတွေ့လိုက်ရပြီ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုအချက်များကို ထည့်သွင်းစဉ်းစားနေရန် အချိန်မရှိပေ။ သူသည် အမှောင်ဂိုဏ်း၏ စွမ်းအားများကို နောက်ထပ်တစ်ကြိမ်ထပ်၍ ထိန်းချုပ်လိုက်ပြီးနောက် သူနှင့် အနည်းငယ်ခန့် ကွာဝေးနေဆဲဖြစ်သော ကြာသာပတေးဂြိုဟ်ဆီသို့ ဆက်လက်ဦးတည်သွားလိုက်ပြန်သည်။ သို့သော်လည်း သူ၏ ယွမ်ယင်ဝိညာဉ်မှာမူ သူ၏ခန္ဓာကိုယ်ထဲ၌ နိုးကြားတက်ကြွလာပြီဖြစ်သည်။
ထို့အပြင် သူနှင့် ပလူတိုဂြိုဟ်၏ကြားရှိ ချိတ်ဆက်မှုမှာလည်း ယခင်တုန်းကထက်ပို၍ အားကောင်းလာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အောင်မြင်နိုင်လိမ့်မည်ဟု ပို၍ ယုံကြည်လာတော့သည်။
” ကြာသာပတေးဂြိုဟ် တစ်ခုတည်းနဲ့ဆိုရင် မလောက်လောက်ဘူး ထင်တယ်…. ” ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် သူ၏ ကြယ်တာရာယွမ်ယင်ဝိညာဉ်အား ကြောက်မက်ဖွယ်ရာကောင်းသည့် အဆင့်အထိရောက်အောင် အစွမ်းမြှင့်တင်ပေးနိုင်မည့် နေရာတစ်ခုအား တွေးမိလိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် သူသည် သူနှင့် တာအိုဘုန်းတော်ကြီးယိုရန်၏ ကြားရှိ အကွာအဝေးအား သိရှိထားခြင်းမရှိပေ။ သို့သော် သူ၏ တွက်ချက်မှုများအရဆိုလျှင် သူသည် ကြာသာပတေးဂြိုဟ်သို့ ရောက်သွားရန်သာ လိုအပ်ပေသည်။ ထိုသို့သာ ရောက်သွားမည်ဆိုပါက သူသည် တာအိုဘုန်းတော်ကြီးယိုရန်အား အနိုင်ယူနိုင်ဦးမည် မဟုတ်သည့်တိုင်အောင် ပလူတိုဂြိုဟ်ဆီသို့ ဆက်သွားနိုင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်နေ၏။
သူ၏ အမှောင်သမ္ဗန်မှာ ၎င်း၏ သက်စောင့်စွမ်းအားများကို ထပ်၍ စတေးပစ်လိုက်ပြီးနောက် ပို၍ပင် မြန်ဆန်သော အမြန်နှုန်းမျိုးဖြင့် ဝမ်ပေါင်လဲ့အား ကြာသာပတေးဂြိုဟ်ဆီသို့ ခေါ်ဆောင်သွားလိုက်၏။ ထိုအချိန်တွင် သူ၏နောက်ရှိ အာကာသကြီးထဲ၌ အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ့နည်းတူ ဟင်းလင်းပြင်ကြီးအား ဖြတ်ကျော်လာပြီးနောက် မကျေမချမ်းဖြစ်နေသည့် မျက်နှာအမူအရာဖြင့် သူ၏နောက်တွင် ပေါ်ပေါက်လာခြင်းဖြစ်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို လှုပ်ရှားလိုက်သဖြင့် သူ၏နောက်ကျောထဲမှ နွယ်ပင်ပေါင်းမြောက်မြားစွာ ထိုးထွက်လာကြပြီး တစ်ချောင်းနှင့်တစ်ချောင်း လိမ်ယှက်ကာ ဧရာမ တောင်ပံကြီးတစ်စုံအဖြစ် ပြောင်းလဲသွားကြသည်။ ထိုတောင်ပံများအား တစ်ချက် ခတ်လိုက်ရုံနှင့် အာကာသကြီးထဲ၌ ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး တာအိုဘုန်းတော်ကြီးယိုရန်မှာလည်း ပို၍ မြန်ဆန်လာတော့သည်။ သူသည် ရှေ့သို့ ပျံထွက်လာရင်း မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကမ္ဗည်းစာလုံးပေါင်း မြောက်မြားစွာ လင်းလက်တောက်ပလာကြ၏။
” ဝမ်ပေါင်လဲ့။ နေအဖွဲ့အစည်းက သေးသေးလေးပါ။ မင်း ငါ့ရဲ့လက်ကနေ လွတ်နိုင်မယ်လို့ ထင်နေတာလား ” တာအိုဘုန်းတော်ကြီးယိုရန်၏ စကားသံကြီးမှာ စကြဝဠာကြီးထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုကမ္ဗည်းစာလုံးများမှာမူ သူ၏ ခန္ဓာကိုယ်ပေါ်မှ ခွဲထွက်လာကြပြီး အာကာသထဲသို့ မျောလွင့်သွားကြသည်။ ထို့နောက် ၎င်းတို့မှာ တာအိုဘုန်းတော်ကြီးယိုရန်ထက်ပင် ပို၍မြန်ဆန်သည့် အမြန်နှုန်းဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာကြတော့သည်။ ထို့ကြောင့် သူတို့၏ကြားမှ အကွာဝေးမှာ လျော့နည်းလာ၏။ ထို ကမ္ဗည်းစာလုံးများမှာ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့အား လိုက်မီသွားကြပြီးနောက် သူနှင့်မထိခင် ရုတ်တရက်ဆိုသလို ပေါက်ကွဲသွားကြတော့သည်။
ထို ပေါက်ကွဲမှုများမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများမှာ စကြဝဠာကြီးကိုပင် ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်း ရှိပေသည်။ ၎င်းတို့မှာ အာကာသကြီးအား ဖြတ်ကျော်လာကြပြီးနောက် လေမုန်တိုင်းကြီးတစ်ခုအဖြစ် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်တိုက်ခတ်လာ၏။
ဝမ်ပေါင်လဲ့မှာမူ ထိုတိုက်ကွက်ကြီးအား တစ်ချက်ပင် မကြည့်ဘဲ သူ၏လက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ အမှောင်ဝတ်ရုံမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပူဖောင်းတစ်လုံးကဲ့သို့ ဖောင်းကားသွားပြီး ထိုတိုက်ကွက်အား ခုခံတွန်းလှန်လိုက်ပြန်သည်။ သူသည် ပါးစပ်ထဲမှ သွေးများစီးကျလာရသည့်တိုင်အောင် အမှောင်သမ္ဗန်ကြီး၏ သက်စောင့်စွမ်းအားများကို ဆက်လက်အသုံးပြုရင်း အရှိန်လျော့မသွားအောင် ထိမ်းသိန်းထား၏။ သူသည် ကြာသာပတေးဂြိုဟ်၏ အနီးသို့ ရောက်ရှိလာပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်ထဲမှ ကြယ်တာရာယွမ်ယင်ဝိညာဉ်မှာလည်း ပို၍အစွမ်းထက်လာနေပြီဖြစ်သည်။
သူနှင့် ပလူတိုဂြိုဟ်၏ကြားရှိ အချိတ်အဆက်မှာလည်း ပို၍အားကောင်းလာသောကြောင့် သူသည် ဆင့်ခေါ်သံကြီးအား အာရုံခံနိုင်စွမ်းရှိနေပြီဖြစ်သည်။ ထို ဆင့်ခေါ်သံကြီးအား ထုတ်လွှတ်နေသည့် အရာကိုမူ သူသည် ရှင်းလင်းပြတ်သားစွာ မြင်နိုင်ခြင်းမရှိသေးပေ။
” ဒီလောက်နဲ့ မရသေးဘူး ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး အံကြိတ်ကာ ရှေ့သို့ ဆက်လက် ပြေးလွှားနေ၏။ တာအိုဘုန်းတော်ကြီးယိုရန်၏ ကမ္ဗည်းစာလုံးများမှာမူ သူ၏နောက်တွင် အဆက်မပြတ် ပေါက်ကွဲနေကြောင့် သူ၏ ဒဏ်ရာများမှာလည်း ပို၍ ပြင်းထန်လာရတော့သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာမူ အရှိန်လျော့ကျသွားခြင်းမရှိဘဲ ကြာသာပတေးဂြိုဟ်ဆီသို့ ထွက်ပြေးသွားနိုင်ရန် ကြိုးစားနေဆဲပင်။ သူ၏ ကြယ်တာရာယွမ်ယင်ဝိညာဉ်မှာ စွမ်းအားများတိုးတက်လာပြီး ၎င်း၏ သက်စောင့်စွမ်းအားများမှာလည်း သူ၏ခန္ဓာကိုယ်ထဲ၌ စတင်စီးဆင်းလာသောကြောင့် သူ၏ ဒဏ်ရာများမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကင်းသက်သာသွားကြတော့သည်။
နောက်ဆုံးတွင် သူသည် ကြာသာပတေးဂြိုဟ်အား လှမ်းမြင်လိုက်ရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ကြယ်တာရာယွမ်ယင်ဝိညာဉ်မှာ မျက်လုံးများပွင့်လာပြီး ၎င်း၏မျက်ဝန်းများထဲတွင် ကြောက်မက်ဖွယ်ရာစွမ်းအားများဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် ကြာသာပတေးဂြိုဟ်ဆီမှ ထူးဆန်းသောစွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းဝင်ရောက်သွားကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော စွမ်းအားမျိုးကို လုံးဝ မခံစားဖူးသောကြောင့် ချက်ချင်းဆိုသလိုပင် မျက်ဝန်းများ အရောင်တောက်ပသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားမှုကို ဖုံးကွယ်ထားနိုင်ရန် အကောင်းဆုံး ကြိုးစားလိုက်ပါသော်လည်း တာအိုဘုန်းတော်ကြီးယိုရန်မှာမူ တစ်ခုခုမှာ လွဲနေကြောင်း ရိပ်မိသွားဆဲပင်။ သူသည် မသိစိတ်မှနေ၍ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရသဖြင့် မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သို့သော် သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် သူ၏ ညာဘက်လက်ကိုမြှောက်ကာ သူ၏ ဘယ်ဘက်လက်အား ဆွဲဖြုတ်လိုက်ပြီး အသံကုန်အော်ဟစ်လိုက်တော့သည် ” နတ်ဘုရားကြယ် အသွင်ပြောင်းလဲခြင်း ”
ထိုအခါ သူ၏ ဘယ်ဘက်လက်ပြတ်ကြီးမှာ တွန့်လိမ်လူးလွန့်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ ပေတစ်ထောင်ကျော် ရှည်လျားသည့် အနက်ရောင် အင်းဆက်ပိုးကောင်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ထို ပိုးကောင်ကြီးမှာ အော်ဟစ်မြည်တမ်းကာ အာကာသထဲသို့ ခုန်တက်သွားပြီး ပါးစပ်ဖြဲ၍ ဝမ်ပေါင်လဲ့အား ဝါးမျိုရန် ပြင်လိုက်တော့သည်။ ဝမ်ပေါင်လဲ့၏ အမှောင်ဝတ်ရုံမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပူဖောင်းတစ်လုံးကဲ့သို့ ဖောင်းကားသွားပါသော်လည်း အချည်းနှီးပင်။ ထို ပိုးကောင်ကြီးမှာ ထိုဝတ်ရုံအား ထုတ်ချင်းပေါက် ထိုးဖောက်သွား၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပသွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါး ဖြစ်သွားပြီး သူသည် ကိုယ်ပွားတစ်ဒါဇင်တိတိကို ချက်ချင်းထုတ်လွှတ်လိုက်သည်။ ၎င်းတို့မှာ ထိုပိုးကောင်ကြီးအား တိုက်ခိုက်ခြင်းမရှိဘဲ ပေါက်ကွဲသွားကြ၏။ ထိုပေါက်ကွဲမှု၏ ပြင်းအားမှာ ဝမ်ပေါင်လဲ့အား ရှေ့သို့တွန်းထုတ်ပေးလိုက်သဖြင့် အာကာသထဲတွင် ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး ဝမ်ပေါင်လဲ့မှာ ကြာသာပတေးဂြိုဟ်နှင့် ပို၍ပင် နီးကပ်သွားတော့သည်။ နောက်ဆုံးတွင် သူသည် အင်္ဂါဂြိုဟ်နှင့် ကြာသာပတေးဂြိုဟ်ကြားရှိ ဂြိုဟ်ပဲ့ခါးပတ်ကွင်းထဲသို့ ရောက်ရှိသွား၏။
၎င်းမှာ ဝမ်ပေါင်လဲ့၏ ခရီးပန်းတိုင်ဖြစ်ပေသည်။ သူသည် ဤနေရာမှာ သူ၏ ကျင့်ကြံခြင်စွမ်းအားများကို ကြောက်မက်ဖွယ်ရာကောင်းသည့် အဆင့်သို့ မြှင့်တင်ပေးနိုင်လိမ်မည့်ဟု တွေးမိခဲ့ခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော ဤ ဂြိုဟ်ပဲ့ခါးပတ်ကွင်းထဲတွင် အရွယ်အစား သေးငယ်သည့် ဂြိုဟ်ပေါင်းမြောက်မြားစွာ စုဝေးနေကြသောကြောင့်ပင်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ရှေ့တည့်တည့်တွင်ရှိနေ၏။ ထို့အပြင် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ခန့်က ပြည်ထောင်စုကြီး ရှာဖွေတွေ့ရှိခဲ့ည့် ဆီးရီးစ်ဂြိုဟ် (Ceres)မှာလည်း ဤနေရာတွင် ရှိနေသေးသည်။ ၎င်းမှာ ဤ ဂြိုဟ်ပဲ့ခါးပတ်ကွင်းထဲရှိ တစ်လုံးတည်းသော ဂြိုဟ်ပုလေး ဖြစ်ပေသည်။
ဤနေရာတွင် ကြယ်တာရာယွမ်ယင်ဝိညာဉ်မှာ ယခင်တုန်းကနှင့် လုံးဝမတူသည့် စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိနေမည် ဖြစ်သည်။
😄
😃